Thursday, February 16, 2012

ဆရာမ နိုင်းနိုင်းစနေ နှင့် အချစ်ကိုးကွယ်သူလေးတို့ အင်တာဗျူး အစီစဉ်

မင်္ဂလာပါရှင် .......ရွှေမြန်မာဥယျာဉ်မိသားစုဝင် အတွက် ဒီတစ်ခါ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်ပေးမှာတော့
ခိုင်လေး အချစ်ကို ကိုးကွယ်သူလေးဘဲ ဖြစ်ပါတယ်။ ခိုင်လေး ဗျူးမယ့် သူလေးကတော့ ဘာသာပြန်စာမူတွေကို
လက်ရာ ပြောင်မြောက်စွာ ရေးတတ်သူလေး ဆရာမ နိုင်းနိုင်းစနေ ဘဲ ဖြစ်ပါတယ်။ဆရာမ ကိုယ်ပိုင် ဆိုဒ်လေးကတော့
http://www.99sanay.com  ဖြစ်ပါတယ်။ဆရာမ facebook စာမှာလေးကတော့
http://www.facebook.com/99sanay  ဖြစ်ပါသည်။ ကဲ အင်တာဗျူး အစီစဉ်လေးကို စလိုက်ရအောင်နော်...........

မမရေ မင်္ဂလာပါရှင်။ ပထမဆုံး သိချင်တာလေးကတော့ နိုင်းနိုင်းစနေဆိုတဲ့ နာမည်လေးကို မမဘယ်လို ရွေးချယ်ခဲ့တယ်ဆိုတာလေး ပြောပြပေးနော်။




နိုင်းနိုင်းဆိုတဲ့ အဓိပ္ပာယ်ကို (တရုတ်လို)အမြဲတမ်း၊ ထာဝရလို့ယူပြီး စနေဆိုတဲ့ ကိုယ့်မွေးရက်နဲ့ပေါင်းလိုက်တာပေါ့။
နိုင်းနိုင်းစနေဆိုတော့ အမြဲတမ်းစနေပေါ့။ ဒါက အင်တာနက်စသုံးစမှာ ပေးခဲ့တဲ့နစ်နိမ်းပါ။ စာတွေရေးတဲ့အခါမှာလည်း ဒီနာမည်ကိုပဲ သုံးခဲ့ပါတယ်။


အခုချိန်မှာ မမ ဖွင့်ဆိုချင်တဲ့ မိသားစု ဘ၀အဓိပ္ပာယ်လေးက ဘယ်လိုလေးဖြစ်မလဲမမ
လုံခြုံမယ်၊ နွေးထွေးမယ်၊ ပျော်ရွှင်မယ်၊ စည်းလုံးမယ်၊ မျှဝေမယ်ပေါ့။

ခိုလှုံစရာမိသားစုအိမ်လေးရှိရင် ကိုယ်ဘယ်ရောက်ရောက် လုံခြုံတယ်လို့ ခံစားရတယ်လေ။
မိသားစုရင်ခွင်၊ မိသားစုမေတ္တာတွေက နွေးထွေးတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းစည်းလုံးလုံးရှိရင် မိသားစုဘဝက ပိုချမ်းမြေ့တယ်။
ကောင်းတာဆိုးတာ အတူမျှဝေခံစားတာကလဲ မိသားစုပါပဲ။

မမရဲ့ စာပေအနုပညာခရီးအစ လေးကို နည်းနည်းလောက် သိချင်တယ်
မန်မာဘလော့တွေ သိပ်မခေတ်စားခင်မှာတော့ ဖတ်မိလို့ကြိုက်မိတဲ့စာတွေကို ဘာသာပြန်ပြီး အီးမေးလ်ကနေတဆင့် သူငယ်ချင်းတွေကို မျှဝေခဲ့တယ်။
နောက်ပိုင်း အင်တာနက်စာကြည့်တိုက်တွေ ပေါ်လာတော့ အဲဒီလို စာကြည့်တိုက်ဝက်ဆိုက်တွေမှာ ဝင်ရေးဖြစ်ခဲ့တယ်။ နောက်တော့ ဘလော့ခေတ်စားလာတော့ ရေးထားတာတွေ တစုတစည်းထဲဖြစ်အောင်ဆိုပြီး ဘလော့လုပ်ပြီး (၂ဝဝ၆- ဧပြီ) မှာ စာတွေရေးသားခဲ့ပါတယ်။ ဘလော့ပေါ်မှာ အားတိုင်းစာတွေရေးရင်းနဲ့ ၂ဝဝ၉ခုနှစ်မှာ မြန်မာပြည်က ထုတ်ဝေသူတစ်ဦးက ဘလော့ပေါ်ကစာတွေကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေဖို့
ကမ်းလှမ်းလာလို့ ၂ဝ၁ဝခုနှစ်မှာ ပထမဆုံးပုံနှိပ်စာအုပ်ဖြစ်တဲ့ "အမေ့လက်ရေးစာစုများ"ဆိုတဲ့ စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ အခုဆိုရင် ထုတ်ဝေထားတဲ့ စာအုပ်စုစုပေါင်း (၁၁)အုပ်ရှိခဲ့ပါပြီ။

မမရဲ့ စာပေနဲ့ ပတ်သတ်တဲ့ မျှော်လင့်ချက် အိမ်မက်တွေကို သိခွင့်ရှိမလားမမ
ထူးထူးခြားခြားတော့ မရှိပါဘူး။ စာဖတ်မယ်၊ စာရေးမယ်၊ တခြားသူကို မျှဝေမယ်ဆိုတာလောက်ပါပဲ။  တခြားကြီးကြီးမားမား မျှော်လင့်ချက်တွေမရှိပါဘူး။


မမရဲ့ လတ်တလော စာပေ လှုပ်ရှားမှုလေးကိုလဲ သိချင်တယ်
အားလပ်ချိန်တွေမှာ ဘလော့မှာစာရေးတယ်၊ facebookမှာ မျှဝေတယ်။ မြန်မာပြည်က မဂ္ဂဇင်းတချို့ကို စာမူပို့တယ်... ဒီလောက်ပါပဲ။ မြန်မာပြည်နဲ့ဝေးနေတော့ ဘာထူးထူးလှုပ်ရှားမှုမျိုး မရှိပါဘူး။
မမရဲ့ ငယ်ဘ၀ စိတ်ကူး အိမ်မက်နဲ့ လက်ရှိ မမပိုင်ဆိုင်ထားတဲ့ အခြေနေက ထပ်တူကျမှု ရှိလားမမ
ငယ်ဘဝအိပ်မက်က တော်တော်များပါတယ်။ ဆရာဝန်ဖြစ်ချင်တာတို့၊ အင်ဂျင်နီယာဖြစ်ချင်တာတို့၊ အဆိုတော်ဖြစ်ချင်တာတို့ပေါ့.. ဟား..ဟား..
နောက်တာပါ။ ငယ်ဘဝမှာ ထားခဲ့တဲ့စိတ်ကူးအိပ်မက်တွေက မရေရာပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့် မရှိခဲ့တဲ့တာကြောင်းလည်းဖြစ်မယ်။ ဟိုဟာလည်း ဖြစ်ချင်၊ ဒါလည်းဖြစ်ချင်ပေါ့။ နောက်တော့ ဘာမှဖြစ်မလာခဲ့ဘူး။ ဒီတွေအတွက် ပြန်ပြောင်းအောင်းမေ့ပြီး ဝမ်းမနည်းခဲ့ပါဘူး။ အခုလက်ရှိ ပိုင်ဆိုင်ထားတဲ့အခြေအနေကိုပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။
စာရေးတယ်ဆိုတာလဲ အနုပညာဖန်တီမှု တစ်ခုပါဘဲနော်။ မမ ဖန်တီးလိုက်တဲ့ အနုပညာတစ်ခုကို မမပရိတ်သတ်တွေကို
ပို့ပေးလိုက်တဲ့အခါမှာ ပရိတ်သတ်ဆီက အားပေးမှုဘဲ ရရမယ်ဆိုတဲ့ ခံယူချက်များ ၇ှိပါသလားမမ။
ကျွန်မက ဘာသာပြန်စာတွေရေးတာများတယ်၊ ကိုယ်တိုင်ဖန်တီးတာမျိုး မရှိဘူး။ လူများရေးပြီးသားစာကို ကိုယ်သိတဲ့ စကားလုံးနည်းနည်းနဲ့
အကောင်းဆုံးဖြစ်အောင် ဘာသာပြန်ခဲ့တယ်။ နားလည်ရလွယ်ပြီး ဖတ်ရတာရှင်းတဲ့ အသုံးအနှုန်းမျိုးနဲ့ပေါ့။ (ကျွန်မကလည်း ဒီလိုပဲကြိုက်ပြီး ဒီလောက်ပဲတတ်တာလေ)။ ဖတ်ပြီးရင် အသိတစ်ခုခု၊ ဗဟုသုတ၊ ရသတစ်ခုခု ကျန်စေခဲ့မယ့် စာမျိုးတွေပေါ့။ စာဖတ်တဲ့ ပရိသတ်တွေကစုံတယ်။
 ဒီတော့လည်း အားပေးသူလဲရှိမယ်၊ အားမပေးသူလဲ ရှိမယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်လို ဘလော့မှာ စာလာဖတ်တယ်ဆိုရင်ပဲ ကျေးဇူးတင်ပါပြီ။
ခုချိန်ထိ မမရဲ့ စာပေခရီးလမ်းမှာ မမနဲ့ မမရဲ့ ပရိတ်သတ်ကြား အပေးယူအမျှခဲ့ဆုံး ဘလော့ စာမူလေး 5ခုလောက် ပြောပြ ပေးပါလားမမ။
ဘလော့ထဲ ရေးထားတဲ့စာတွေကများတော့ ဘယ်ဟာ အပေးအယူအမျှဆုံးလဲတောင် မသိပါဘူး။ ကိုယ်ပိုင်ရေးထဲမှာ အားအပေးခံရဆုံးက
"လေလွှင့်သူတစ်ယောက်ရဲ့ အိမ်ပြန်ချိန်"ပေါ့။ နောက် ငယ်ဘဝအကြောင်းလေးတွေဖြစ်တဲ့ "ကျွန်မနဲ့ ရွာ"၊ "ဟိုးတုန်းက သူငယ်ချင်း"၊ ဒါတွေက ဟိုးအရင်က ရေးခဲ့တာပေါ့။ ဘာသာပြန်ထဲမှာတော့ မိဘနဲ့ပတ်သက်တဲ့ စာတွေပေါ့၊ လူတိုင်းမှာလည်း မိဘရှိတယ်လေ။ ဒီလောက်ပါပဲ.. ကျွန်မလည်း သိပ်မသိဘူး။
 
စာရေးတာကို ဘယ်အရွယ်လောက်ထဲက ၀ါသနာပါနေပြီလဲမမ။
ငယ်ငယ်လေးထဲကလို့တော့ မဖြေချင်ဘူး။ ငယ်ငယ်တုန်းက ကျောင်းစာကလွဲရင် ပြင်ပစာတွေကို ဖတ်ခွင့်မရှိခဲ့ဘူးလေ။ စာဖတ်ခွင့်မရှိခဲ့တော့ စာရေးမယ်ဆိုတဲ့ အတွေးမျိုးလည်း မရှိခဲ့ဘူး။ ဒါပေမယ့် ၈တန်း ၉တန်းလောက်မှတော့ မဂ္ဂဇင်းမှာပါတဲ့၊ ကိုယ်ကြိုက်တဲ့ကဗျာတွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးစုတာမျိုးတော့ ရှိခဲ့တယ်။ နောက် မဂ္ဂဇင်းထဲကရတဲ့လိပ်စာတွေနဲ့၊ ကိုယ်နဲ့မြို့ရွာခြားသူတွေနဲ့ pen friend လုပ်တယ်။
အဲဒီမှာ စာတွေရေးဖြစ်ပြီလေ။ ကဗျာတွေ၊ ဝတ္ထုတွေ မဟုတ်ပေမယ့် pen friendတွေကို ကိုယ်မြို့ရွာအကြောင်း၊ ရာသီဥတုအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေ ရေးပြီး မိတ်ဆက်ပေးတတ်ပြီပေါ့။ အဲဒီလိုပဲ စာရေးတာကိုဝါသနာပါလာအောင် တဖြေးဖြေး အစပျိုးခဲ့တာပါပဲ...
မမဘ၀မှာ မမအရမ်းကို အားကျရတဲ့ ပုဂ္ဂိုလ်တစ်ဦးနာမည်ကို ပြောပြပါလားမမ။
ကိုယ့်ထက်တော်တဲ့လူတိုင်းကို အားကျတာပဲ။ တစ်ဦးထက်တော့ မကပါဘူး။ မထင်မရှားနဲ့ ဘဝစတေးခံသွားသူတွေကိုလည်း အားကျတာပဲ။
ကိုယ်မှ သူတို့လောက်မလုပ်နိုင်တာလေ။ ဘဝမှာ အားကျရဆုံးလူတစ်ဦး ပြောကိုပြောရမယ်ဆိုရင် ကျွန်မရဲ့အမေကို ကျွန်မအားအကျဆုံးပဲ။
မောင်နှမငါးယောက်ကို မရှိတဲ့ဘဝကနေ ရှိတဲ့ဘဝဖြစ်အောင် လုပ်ပေးခဲ့တယ်၊ သွန်သင်ပေးခဲ့တယ်။ အေးအေးဆေးဆေးနဲ့ မာနမရှိ၊ လောဘမရှိ
ဘဝကို ဖြတ်သန်းခဲ့တယ်။ သားသမီးတွေကို ပေးဆပ်ခဲ့တယ်။ ကိုယ့်အမေမို့ ကိုယ်ချီးကျူးတာတော့ မဟုတ်ဘူး။ အမေတိုင်းလိုလိုက အဲဒီလိုပဲလေ။
အခုချိန်ထိတော့ အမေလိုစိတ်မျိုး၊ အမေလိုကြံ့ခိုင်မှုမျိုး ကျွန်မမှာ မရှိသေးဘူး။ ဒါကြောင့် အမေကို အားကျတယ်၊ အမေလိုဖြစ်ချင်တယ်။

 
အဲဒီလူနဲ့ မမ ညစာတူတူစားဖြစ်ခဲ့မယ်ဆို သူကို ပထမဆုံး မမဘာမေးမိမလဲ ဟင်။
အမေဆုံးသွားတာ ၁၂နှစ်ပြည့်တော့မယ်။ ညစာအတူစားခွင့် ရှိခဲ့မယ်ဆိုရင်...... "အမေ စားကောင်းလား"လို့ပဲ မေးမိမှာပေါ့။

လူငယ်တွေ တော်တော်များများမှာ သူတို့ အားကိုးရ သူရဲကောင်းတွေ ရှိတတ်ကြပါတယ်မမ။
တချို့ကလည်း ကိုယ်ကိုသာလျှင် ကိုယ်အတွက် သူရဲကောင်းလို့ တွေးတတ်ကြတယ်။ ဒီနှစ်ခုအပေါ်
မမ အမြင်လေး ပြောပြပေးပါလားဟင်။
သူတို့အားကိုးအားကျတဲ့ သူရဲကောင်းရဲ့စိတ်ဓာတ်၊ သူရဲကောင်းရဲ့ ကြံ့ခိုင်မှု၊ ကြိုးစားမှု၊ ဇွဲလုံ့လ၊ အောင်မြင်မှုတွေကို
ကိုယ်သာလျှင် ကိုယ့်အတွက်သူရဲကောင်းဆိုတဲ့ အတွေးထဲထည့်ပြီး ကြိုးစားလုပ်ဆောင်နိုင်ခဲ့ရင် အကောင်းဆုံးပေါ့။

မမ အားကျတဲ့ ပြည်တွင့်း heroes နဲ့ ပြည်ပ heroes တွေက..........
ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့ဘဲ၊ စွန့်လွှတ်အနစ်နာခံရဲသူတွေ၊ ပေးဆပ်နိုင်သူတွေ၊ မျှဝေနိုင်သူတွေ အားလုံးပါပဲ။

ခုခေတ်ကလေးတွေက ချက်တင်မှာ အချိန်ကုန်တာများလာကျတယ်။။။။။။။။သူတို့လေးတွေကို အကျိုးရှိတဲ့
စာတွေ များများဖတ်စေချင်တယ်.............ဘယ်နည်းလမ်းတွေနဲ့ သူတို့လေးတွေကို ဆွဲဆောင်ရင် အကောင်းဆုံး
ဖြစ်နိုင်မလဲမမ..........မမအမြင်လေးပေါ့နော်................

ညီမတို့အခုလုပ်နေတဲ့ ဆိုဒ်မှာ အရုပ်နည်းနည်း စာများများတင်ပေးတာတို့ပေါ့။ လူငယ်ဆိုတော့ အချစ်အကြောင်းတွေ ပိုဦးစားပေးဖတ်တတ်ကြတော့
အချစ်အကြောင်းကနေ စာဖတ်ဝါသနာတဖြေးဖြေး ထည့်ပေးတာမျိုးပေါ့။ ဒါမှမဟုတ် စာဖတ်သူနဲ့စာမဖတ်သူ အုပ်စုလေးဖွဲ့ပြီး စာအုပ်တစ်အုပ်ဖတ်၊ ပြန်ဆွေးနွေးတာမျိုးပေါ့။




မမ လူတိုင်းမှာ စိတ်ဖိဆီးမှုတွေ အရမ်းများလာရင် ထွက်ပေါက်တစ်ခုခု ရှာတတ်ကြတယ်။
မမမှာ စိတ်ဖိစီးမှုတွေ တအားများလာတဲ့ အချိန်တွေမှာ မမ လုပ်ဖြစ်တဲ့ အလေ့ထလေးတစ်ခုကို
သိခွင့်ရှိမလားမမ။
ကျွန်မမှာ စိတ်ဖိစီးမှုသိပ်မရှိသလိုပဲ။ ပျော်ပျော်နေ၊ ပျော်ပျော်စားတယ်။ စိတ်ညစ်စရာရှိရင်လဲ ခဏလေးနဲ့ပျောက်တယ်။
စိတ်တအားရှုပ်လာတာမျိုး ရှိရင်တော့ ရေချိုးတယ်။ အာရုံပြောင်းပြီး ရုပ်ရှင်ကားတွေကြည့်တယ်၊ စာဖတ်တယ်။ အဲလိုလေးပဲ..


 


မမ အကြိုက်ဆုံး အသုံးဆောင် ပစ္စည်းလေးက ဘာလေးများ ဖြစ်မလဲဟင်။
အခုချိန်မှာတော့ မရှိမဖြစ်တဲ့ ဖုန်းနဲ့ ကွန်ပြူတာပေါ့။ ထွေထွေထူးထူး ကြိုက်တာမျိုးတော့ မရှိပါဘူး။





ခိုင်လေးတို့ ဆိုဒ်လေးအပေါ် မမအမြင်လေးကို လဲ ပြောပြ။ အကြံပေးပါအုံးမမ။
ကောင်းပါတယ်။ အားလပ်ချိန်မှာ ကိုယ်တတ်စွမ်းသလောက် တခြားသူကို ဗဟုသုတ၊ အသိတွေ မျှဝေပေးတာ၊ အချင်းချင်း ခင်မင်ရင်းနှီးအောင်မိတ်ဆွေဖွဲ့တာတို့ပေါ့။ ကောင်းတယ်... တစ်ခုအကြံပေးချင်တာက  ဝက်ဆိုက်ကို ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင်လေးလုပ်ရင် ပိုကောင်းတာပေါ့။ ဒါမှ မျက်စိမရှုပ်ဘဲ စာတွေကို စိတ်ဝင်တစားဖတ်ချင်မှာလေ။ တခြားသူတွေတော့ မပြောတတ်ဘူး
ကျွန်မတော့ အဲဒီလို ဝက်ဆိုက်ထဲဝင်ကြည့်ဖို့ register လုပ်ခိုင်းတဲ့ ဝက်ဆိုက်ဆိုသွားခဲတယ်။ ပတ်စဝက်တွေ မေ့မေ့တတ်လို့လေ..း)



.ရေးခဲ့တဲ့  စာတွေတိုင်းမှာ မမထားရှိခဲ့တဲ့ ယုံကြည်စိတ်က............
မျှဝေခံစားသည်ပေါ့ ...




မမရဲ့ စာဖတ်ပရိတ်သတ်တွေ အမှတ်တရ စကားလေး ပြောရင်း ခိုင်လေးတို့ အင်တာဗျူးလေးကို အဆုံးသတ်ပါရစေနော်။
အခုလို တကူးတကအင်တာဗျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေနဲ့ ပိုခင်မင်ရင်းနှီးခွင့်ရတာပေါ့။ ဘလော့မှာ FBမှာ စာလာဖတ်သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ခိုင်လေးကိုလည်း ကျေးဇူးတင်ပါတယ်။ ခိုင်လေးမေးထားတာက ကြာနေပြီ။ အခုမှ ဖြေဖြစ်တဲ့အတွက် ကျွန်မအရမ်းအားနာမိပါတယ်။၊ နားလည်ပေးပါလို့... ကျေးဇူးတင်ပါတယ်.. ရွှေမြန်မာဥယျာဉ်....

ရွှေမြန်မာ မိသားစုဝင်များ ကျေနပ်အားရမယ်လို့ မျှော်လင့်မိပါတယ်ရှင်။
အလုပ်တွေ မအားမလပ်ကြားကနေ ခိုင်လေးတို့ ဆိုဒ်လေးကို အချိန်တစ်ခုပေး ဖြေကြားပေးတဲ့
ဆရာမ နိုင်းနိုင်းစနေကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ် မမ။
နောက်ထပ် ဘယ်သူတွေကို ဆင်လက် အင်တာဗျူးမယ်ဆိုတာကို စောင့်မျှော်အားပေးကြပါအုံးနော်။
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး(ရွှေတောင်)

No comments:

Post a Comment