Sunday, April 29, 2012

အချစ်ကိုးကွယ်သူလေး မေးသမျှ ဦးကျော်သူဖြေသည်

ရွှေမြန်မာဥယျာဉ်ဆိုဒ်မှ မန်ဘာများအားလုံးကို ကျွန်တော်ပထမဦးစွာ
တောင်းပန်စကားဆိုပါရစေ။ ကျွန်တော်သည် ပရဟိတလုပ်ငန်းများနှင့်
နေ့စဉ်အချိန်ပြည့်နီးပါး လုံးပန်းနေရပါသဖြင့် ယခု အမေးအဖြေကဏ္ဍ အား
ချက်ချင်းပြန်လည်မဖြေဆိုနိုင်ခြင်းအပေါ် နားလည်ခွင့်လွှတ်ပါရန်
ဦးစွာကျွန်တော် ပြောဆိုပါရစေ။ ယခု မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်
ပြီးစီးသွားသောအချိန်မှစပြီး မိမိ၏ အနည်းငယ်မျှ အားလပ်သော အချိန်လေး
အတွင်း ကျွန်တော် ရွှေမြန်မာဥယျာဉ်အဖွဲ့နှင့် စာဖတ်ပရိသတ်များအား
မေးမြန်းထားသော မေးခွန်းများအား ကျွန်တော် ပြန်လည်ဖြေကြားလိုက်ပါသည်။

SMG -
ပထမဦးဆုံး ဦးကျော်သူ အမည်အရင်းလေးနှင့် ဦးကျော်သူ မိသားစုလေးကို
မိတ်ဆက်ပေးပါဦးရှင်။

ဖြေ - ငယ်နာမည် ဖိုးချို () မောင်မောင်၊ ကျောင်းနာမည် ကျော်ဝင်း၊
ရုပ်ရှင်သရုပ်ဆောင်နာမည် ကျော်သူ။ ဖခင် ဦးစိန်တင်နှင့် မိခင်
ဒေါ်မြသန်းမှ မွေးဖွားခဲ့ပြီး အမဖြစ်သူ ဒေါ်ချိုချိုအေး၊ ညီဖြစ်သူ
ဦးအောင်မင်း၊ မောင်နှမ () ယောက်ရှိခဲ့သည်။ ဇနီးဖြစ်သူ
ဒေါ်မြင့်မြင့်ခင်ဖေ () ရွှေဇီးကွက်၊ သားဖြစ်သူ ပြည်သိမ်းကျော်၊
သမီးဖြစ်သူ မြင့်မိုရ်ဦး၊ သားမက်ဖြစ်သူ ကျော်ကိုကိုဇင်၊ မြေးဖြစ်သူ
ဝဏ္ဏကျော်ဇင်နှင့် သီဟကျော်ဇင်တို့ဖြစ်ကြသည်။ သားဖြစ်သူသည်
အမေရိကန်နိုင်ငံ စီရတန်မြို့တွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။
သမီးဖြစ်သူသည် သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့တွင် နောက်ဆုံးနှစ်
ဆေးကျောင်းတက်ရင်းဖြင့် သားမက်နှင့်အတူ မြေးနှစ်ဦးတို့ဖြင့်
နေထိုင်လျှက် ရှိသည်။



SMG -
အခုလောလောဆယ် ရှင်သန်နေတဲ့ အကြောင်းအရာလေးကို သိပါရစေ။

ဖြေ - ၂၀၀၁ ခုနှစ် ဇန်နဝါရီလမှစပြီး လုပ်ကိုင်ခဲ့သော
နာရေးကူညီမှုအသင်း(ရန်ကုန်) အများပြည်သူတို့အပေါ် ပေးဆပ်မှုများအား ယခု
၂၀၁၂ ခုနှစ်တွင် ထပ်မံ၍ ကိုယ်စိတ်နှလုံး အင်အားတိုးပွားစွာဖြင့်
ပရဟိတလုပ်ငန်းများ ကို အရှိန်အဟုန်ပြင်းစွာ
ပေးဆပ်ရှင်သန်မှုများဖြစ်ပေါ်နေသည်။



SMG -
ဘဝမှာ ဦးကျော်သူအပေါ်ကျေးဇူးရှိခဲ့တဲ့
နည်းလမ်းပြဆရာကြီးတွေအကြောင်း နည်းနည်းလောက် ပြောပြပါ။

ဖြေ - ဘဝမှာ ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့တဲ့ ဆရာများဟုဆိုရာတွင်
ရုပ်ရှင်အနုပညာလောကထဲသို့ ဝင်ရောက် ရာတွင်
နည်းပေးလမ်းပြပြုလုပ်အားပေးခဲ့သော ကျေးဇူးရှင်ကွယ်လွန်သူ အဖွားဖြစ်သူ
ဒေါ်သန်းမြင့်၊ ဖေဖေ ဦးစိန်တင် + မေမေ ဒေါ်မြသန်းနှင့် ဇနီးဖြစ်သူ
ဒေါ်ရွှေဇီးကွက်တို့ဖြစ်ကြသည်။ ရုပ်ရှင်အနုပညာနှင့်ပတ်သက်၍ ပထမဦးဆုံး
သင်ဆရာဖြစ်သူ ကွယ်လွန်သူများဖြစ်ကြသော ဒါရိုက်တာ
ဦးမျိုးမြင့်အောင်နှင့်ဇနီး ဒေါ်ချိုချိုနှင့် ဒါရိုက်တာ
ဦးအောင်မြင့်မြတ်တို့အပြင်ကျော်ဝင်းဘဝမှကျော်သူအဖြစ်သို့
ပြောင်းလဲပေးလိုက်သော အဘ ဆရာကြီး မင်းသိင်္ခတို့ဖြစ်ကြသည်။ လူမှုရေးလောကတွင်
ပရဟိတစိတ်ဓါတ်များကို စတင်မွေးဖွားမှုပြုလုပ်ပေးခဲ့ သော
ဆရာတော်အရှင်ဇနကဘိဝံသ၊ ယောဆရာတော်ကြီး၊ ဆရာတော်ဦးဇောတိကတို့ဖြစ်ကြကာ
နာရေးကူညီမှု အသင်း(ရန်ကုန်) ဟူ၍စတင်ဖွဲ့စည်းတည်ထောင် မျိုးစေ့ချပေးခဲ့သော
ဘဘ ဦးသုခနှင့် နာရေးနှင့် ပတ်သက်သော အယူသီးမှု တိုက်ဖျက်ရေးအတွက်
သွန်သင်ဆုံးမလမ်းပြပေးခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းအား စတင်
ထူထောင်ခဲ့သော ဆရာတော် ဘဒ္ဒန္တဦးတိက္ခနှင့် ဆရာတော်
ဘဒ္ဒန္တဦးနေမိဒ္တတို့ဖြစ်ကြသည်။



SMG -
ဦးကျော်သူ ဦးဆောင်ဖွဲ့စည်းထားတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို
ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ စတင်တည်ထောင်ခဲ့တယ်ဆိုတာလေး
ပြောပြပေးပါဦးနော်။

ဖြေ - ၂၀၀၀ ခုနှစ်၊ မေလမှတွင် ဘဘ ဦးသုခနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
ဖြစ်မြောက်ရန်အတွက် တွေ့ဆုံကြရာတွင် ဘဘ ဦးသုခမှမောင်ကျော်သူ မင်း
အီတလီဝန်ကြီးချုပ်ကိုသိလား။ ပြင်သစ်သမ္မတကို သိလား။ဟု မေးခဲ့ရာ
ကျွန်တော်မှမသိပါဟု ထိုစဉ်ကဖြေကြားခဲ့သည်။ ထို့နောက် ဘဘမှမင်း
ချာလီချတ် ပလန်ရော သိလား။ဟု မေးရာ ကျွန်တော်မှသိတာပေါ့ဟု
ဖြေကြားခဲ့သည်။ ထိုအခါ ဘဘမှအေး အဲဒါပဲ ချာလီချတ်ပလန်က အနုပညာသမား ..
အနုပညာသမားဆိုတာ လူတိုင်းသိတယ်။ တကမ္ဘာလုံးသိတယ်။ ဒါကြောင့်
အနုပညာသမားဖြစ်တဲ့ မင်းက ဒီလူမှုရေးကောင်းမှုကို လုပ်ရင် အဲဒီလုပ်ငန်းက
အောင်မြင်မယ်။ ပြည်သူ/သားတွေ အတွက် အကျိုးရှိမယ်။ဟု ပြောကြားခဲ့သလို
ဆရာတော်ကြီးတစ်ပါးမှလည်းဘုန်းကြီးတွေမှာ ဘွဲ့ထူး ဂုဏ်ထူးတွေရှိရင်
သာသနာပြုရလွယ်တယ်။ ဒါကြောင့် ဒကာကျော်သူက အကယ်ဒမီဆုတွေလည်း ရဖူးတယ်။
တစ်တိုင်းပြည်လုံးကလည်းသိတယ်။ ဒါကြောင့် ဒီနာရေးကူညီမှုလုပ်ငန်းကို
လုပ်ရင် ပြည်သူ/သားအားလုံး အကျိုးရှိမယ်ဟု ပြောကြားခဲ့သော စကားများ၊
သြဝါဒများ၊ ဆုံးမစာများကြောင့် ဒီနာရေးကူညီမှုအသင်း(ရန်ကုန်) ကို
စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရုပ်ရှင်လောကတွင် ရပ်တည်ခဲ့စဉ်က
ပြည်သူ/သားတွေရဲ့ ချီးမြှင့်ထားသော ငွေကြေးများနှင့် သားနဲ့သမီး
ပညာရေးကို ဆုံးခန်းတိုင် သင်ကြားပေးနိုင်ခဲ့တယ်။ ဘဝရပ်တည်မှု အတွက်လည်း
လိုလေသေးမရှိ တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အများပြည်သူကို
ပြန်လည်ကျေးဇူးဆပ်နိုင်ရန် အတွက် ယခုလို အနိမ့်ကျဆုံးသော
ကုသိုလ်အလုပ်မျိုးဖြစ်တဲ့ နာရေးကူညီမှုလုပ်ငန်းနဲ့ ပြန်လည်ကျေးဇူးဆပ်ခြင်း
ဖြစ်တယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုးဘာသာ
ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးဖြစ်ပေါ်လာပါက (အခမဲ့) ကူညီဖေးမ
သင်္ဂြိုလ်ပေးမှုဖြင့် စတင်ခဲ့ကာ ကျန်းမာရေးချို့တဲ့သော လူနာများအား ဆေးဝါး
(
အခမဲ့) ကုသ ပေးသော သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)ဟူ၍
အခမဲ့ဆေးဝါးကုသပေးခဲ့သည်။ ထပ်မံ၍ သုခအလင်း စာကြည့် တိုက်ဟူ၍ ထူထောင်ခဲ့ကာ
မျိုးဆက်သစ် လူငယ်/ရွယ်များအတွက် ပညာဒါနအဖြစ် အင်္ဂလိပ်စာသင်တန်းများ၊
ကွန်ပြူတာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ၊
စာရင်းကိုင်သင်တန်းများ၊ ဒီဇိုင်နာသင်တန်းများ၊ လူမှုရေးသင်တန်းများအား
(
အခမဲ့) ဖွင့်လှစ်ကာ တတ်သိပညာရှင်များ၏ အကူအညီဖြင့် သင်ကြားပို့ချလျှက်
ရှိသည်။



SMG -
သုခ အခမဲ့ဆေးခန်းလေးကို ထပ်မံဖွင့်လှစ်ပေးခဲ့ပုံလေးကိုလဲ သိပါရစေ။

ဖြေ - ၂၀၀၁ ခုနှစ်တွင် နာရေးကူညီမှုလုပ်ငန်းများစတင်လုပ်ကိုင်ရာတွင်
တစ်နေ့လျှင် နာရေးကူညီမှု (၁၀) ဦးခန့်မှ ယနေ့ ၂၀၁၂ ခုနှစ်တွင်
နာရေးကူညီမှုပေါင်း တစ်နေ့လျှင် (၄၀ မှ ၄၅) ဦးခန့်တိုးမြှင့်လာမှုကို
တွေ့ခဲ့ရသည်။ အကြောင်းအရာအား ပြန်လည်စမ်းစစ်ကြည့်ရာ ဆေးဝါးမကုသနိုင်၍
သေဆုံးမှုများ,များပြားလာခြင်းကိ တွေ့ရှိရ သည်။ ထို့ကြောင့်
ဆေးဝါးကုသမှုစရိတ် မတတ်နိုင်သော အများပြည်သူတို့အား သုခကုသိုလ်ဖြစ်ဆေးခန်း
(
ရန်ကုန်)ဟူ၍ ဆေးဝါးများ ကုသပေးခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းတွင်
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မျက်စိဝေဒနာရှင်များ၊ ကလေး၊ အရိုးအကြော၊
အရေပြား၊ သွား၊ ဓါတ်မှန်၊ အာထရာဆောင်း၊ နား နှာခေါင်း လည်ချောင်း၊
အထွေထွေ စသည့် ရောဂါဝေဒနာရှင်ပေါင်း (၂၀၀) ဦးတို့အား နေ့စဉ် (အခမဲ့)
ကုသပေးလျှက် ရှိပါသည်။ ဒါ့အပြင် မြန်မာပြည်အလယ်ပိုင်း ပြည်မြို့တွင်လည်း
သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ (အခမဲ့) ဆေးဝါးကုသပေးနိုင်ခဲ့သလို၊
ပဲခူးမြို့တွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)ဟူ တိုးချဲ့ဖွင့်လှစ်ကာ
အများ ပြည်သူတို့၏ ကျန်းမာရေးအတွက် ဆေးဝါးကုသပေးလျှက်ရှိပါသည်။



SMG -
ဦးကျော်သူကို ဧမာနွေလ ခရစ်ယာန်အသင်းတော်က
လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများ ပါရဂူဘွဲ့ ချီးမြှင့်ခံ ရတဲ့အတွက် ခံစားရ
ရင်တွင်းခံစားချက်ပီတိလေးကို ပြောပြပေးပါအုံးရှင်။

ဖြေ - ဧမာနွေလ ခရစ်ယာန်အသင်းတော်မှ လူမှုရေးစွမ်းဆောင်မှု ဒေါက်တာဘွဲ့အား
ချီးမြှင့်မှုကို ခံရသည့်အတွက် ကျွန်တော်အဖို့ လူမှုရေးအားဆေးတစ်ခွက်
သောက်သုံးလိုက်ရသလို ခံစားမိသည်။ အထူးအားဖြင့် ဘာသာခြား ဖြစ်သော
ခရစ်ယာန်အသင်းတော်မှ ချီးမြှင့်မှုသည် လူမျိုးဘာသာ၊
တိုင်းရင်းသားပေါင်းစုံတို့၏ ငြိမ်းချမ်းမှုပြယုဒ်ကို
ဖော်ကျူးပေးလိုက်ခြင်းပင် ဖြစ်သည်။



SMG -
ရုပ်ရှင်တွေ ပြန်ရိုက်ရမယ်ဆို ဦးကျော်သူရဲ့ သရုပ်ဆောင်မှု
အနုပညာတွေကို အားပေးခွင့်ရအုံးမှာလား ဆိုတာလေးသိချင်ပါတယ်။

ဖြေ - ၂၀၀၇ ခုနှစ် စက်တင်ဘာလမှစ၍ ယခုချိန်တိုင် ရုပ်ရှင်အနုပညာလောကထဲသို့
ဝင်ရောက်ခွင့်မရသေးပါ။ ရခဲ့သည်ရှိသော်လည်း ကျွန်တော့်အဖို့
အများပြည်သူကို ပေးဆပ်ရသော ပရဟိတလုပ်ငန်းကိုသာ လုပ်ကိုင်ပေး ဆပ်ဖို့
အားသန်နေပြီဖြစ်သည်။ ရုပ်ရှင်အနုပညာရှင်တို့သည် အများပြည်သူတို့အား
ဖျော်ဖြေရသော လုပ်ငန်းတစ် ရပ်သာဖြစ်သည်။ ထို့ကြောင့် ပေးဆပ်မှုနှင့်
ဖျော်ဖြေမှုဟူသော စကားရပ်သည် လေးနက်မှုခြင်း များစွာကွာခြားလှ သည်။



SMG -
ဦးကျော်သူခံယူထားတဲ့ ဘဝနေထိုင်မှုနဲ့ အနာဂတ်ရည်မှန်းချက်လေး
ပြောပြပေးပါဦးနော်။

ဖြေ - ဟိတ်! … ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့်အလုပ်ကိုယ်လုပ်၊
ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်သီလကိုယ်လုံ၊ ကိုယ့်သမိုင်း
ကိုယ်ရေး။

အနာဂတ်အတွက် မြန်မာပြည်သူ/သားအားလုံး လူ့အခွင့်အရေးအပြည့်အဝဖြင့်
သောကကင်းဝေး ငြိမ်းချမ်း သာယာရေးသို့ ဦးတည်ပါသည်။



SMG -
ဦးကျော်သူ ဘဝမှာ စံနမူထားရတဲ့ ပုဂ္ဂိုလ်ကို သိပါရစေ။

ဖြေ - ကျွန်တော့်ဘဝအတွက် ရှေ့ဆောင်လမ်းပြဖြစ်သော ပုဂ္ဂိုလ်ဟုဆိုရလျှင်
မြတ်ဗုဒ္ဓမှလွဲ၍ အခြားမရှိ။



SMG -
ယနေ့မျက်မှောက်ခေတ် လူငယ်တွေကို လက်ဆင့်ကမ်းစကားလေးနဲ့
မျိုးဆက်သစ်တွေအတွက် ဘာများ အကြံပြုပြောကြားချင်ပါသေးသလဲ။

ဖြေ - ယနေ့ခေတ် မျိုးဆက်သစ်လူမှုရေးသမား လူငယ်များအား အကြံပြုလိုသော
စကားရပ်များမှာ - မည်သည့် လုပ်ငန်းကိုပဲ လုပ်လုပ်၊ သီလလုံခြုံဖို့
အရေးကြီးပြီး ကိုယ်လုပ်သည့် အလုပ်၏ ရည်ရွယ်ချက်၊ ဦးတည်ချက် မှန်ကန်
မှုရှိရန်နှင့် မိမိလိပ်ပြာ မိမိသန့်စွာဖြင့် မလျော့သော ဇွဲ၊ လုံ့လ၊
ဝီရိယတို့ဖြင့် အများအကျိုးအတွက် စွန့်လွှတ်ပေးဆပ် မှုများလုပ်ရန်
အရေးကြီးပါကြောင်း အကြံပြုလိုပါသည်။



SMG -
နောက်ဆုံးအနေနဲ့ ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ်ဆိုဒ်လေးအပေါ်
ဦးကျော်သူရဲ့ အမြင်လေးနဲ့ ဝေဖန် အကြံပြုချက်လေးကို လိုချင်ပါတယ်ရှင်။

ဖြေ - ရွှေမြန်မာဥယျာဉ်ဆိုဒ်အပေါ် အကြံလိုသည်မှာ ဘာသာရေး၊ နိုင်ငံရေး၊
လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ နှင့် ပတ်သက်၍
ထိရောက်သေချာမှုရှိစွာဖြင့် ကြည့်ရှုသူအပေါင်းအတွက် အကျိုးရှိမည့်ကဏ္ဍများကို
စိတ်ဝင်စား မှုရှိအောင် ထပ်မံတိုးချဲ့ ဖော်ပြသင့်သည်။ အရေအတွက်ထက်
အရည်အချင်းကို ဦးစားပေးသင့်ပါသည်။ ဥပမာအားဖြင့် - မြန်မာနိုင်ငံတွင်
တိုင်း၊ မြို့နယ်အားလုံး စာကြည့်တိုက်များ
ဖွင့်လှစ်ထားပြီဟုဆိုငြားလည်း ဖတ်ရှုမည့်သူများ မရှိ၍ ပိတ်ထားရသော
စာကြည့်တိုက်များစွာရှိနေသည်။ ထို့ကြောင့် အများပြည်သူဖတ်ရှုချင် သည့်
စိတ်ဝင်စားမည့်ကဏ္ဍများဖြင့်ဆွဲဆောင်ကာ အများပြည်သူအတွက်
အကျိုးရှိစေမည့်ကဏ္ဍများဖြင့် ဖော်ဆောင်သင့်သည်။



SMG -
ရွှေမြန်မာဥယျာဉ်တွင်လည်း ပရဟိတအသင်းလေးရှိပါတယ်ရှင်။
လှူဒါန်းလိုပါက မည်သို့ဆက်သွယ်၍ လှူဒါန်းနိုင်ပြီး လုပ်အားပေးလိုလျှင်
မည်သို့ဆက်သွယ်၍ လုပ်အားပေးရမည်ဆိုတာလေးကိုလည်း သိချင်ပါတယ်။

ဖြေ - ရွှေမြန်မာဥယျာဉ်တွင် ပရဟိတအသင်းရှိကြောင်း ယခင်ကတည်းမှ
သိရှိထားသည့်အတွက် သာဓုခေါ်ဆို လိုက်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့
လုပ်အားပေးလိုလျှင် လူကိုယ်တိုင်လာရောက်၍ ဓါတ်ပုံ () ပုံနှင့်အတူ
လုပ်အားပေးလျှောက်လွှာဖြည့်စွတ်ပြီး လူမှုရေးသင်တန်းအား တစ်ပါတ်လျှင် ()
ရက်၊ စုစုပေါင်း () ရက်၊ () ပါတ် တက်ရောက်ပြီးမှသာ လုပ်အားပေးခွင့်
ရရှိမည်ဖြစ်ပါသည်။ သို့သော် နယ်လူမှုရေးအသင်းများမှ အသင်းသားများအတွက်လည်း
လူမှုရေးစွမ်းရည်မြှင့်သင်တန်းအားလည်း အပါတ်စဉ်တစ်ခုအား (၁၀) ရက် ညအိပ်
စီစဉ်ဆောင်ရွက်ပေးကာ သင်ကြားပို့ချလျှက်ရှိသည်။ အလှူငွေများသို့
လှူဒါန်းလိုသူများနှင့် နာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊
ပညာရေးသင်တန်းများကိစ္စအတွက် ရုံးဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ဆေးခန်း -
၅၈၃၅၁၄၊ ဈာပန - ၅၈၁၉၂၄၊ ၇၀၉၂၇၇၊ ၇၀၄၇၈၄၊ ၀၉ ၇၃ ၂၄၅၃၇၂။ အီးမေးလ် -
ffss.ygn@gmail.com
ဆက်သွယ်စုံစမ်း နိုင်ပါသည်။



SMG -
ခုလိုအချိန်ပေး ဖြေကြားပေးတဲ့ ဦးကျော်သူကို
ရွှေမြန်မာဥယျာဉ်မိသားစုကိုယ်စား ခိုင်လေးက အထူးကျေး ဇူးတင်ရှိပါတယ်ရှင်။

ဖြေ - ကျွန်တော့်အနေနဲ့လည်း ကျွန်တော်တို့၏ ပရဟိတလုပ်ငန်းဖြစ်သော
နာရေးကူညီမှုအသင်း(ရန်ကုန်) ပေးဆပ်မှုများကို အများပြည်သူ
စာဖတ်ပရိသတ်အပေါင်း သိရှိနားလည် သာဓု ခေါ်ဆိုနိုင်ရန်အတွက် အင်တာနက်
စာမျက်နှာမှ တင်ပြပေးသော ရွှေမြန်မာဥယျာဉ်မိသားစုများအား
ကျေးဇူးအထူးတင်ရှိပါကြောင်းနှင် ယခုနှစ်သစ် အချိန်ကာလမှစ၍
အများပြည်သူစာဖတ်ပရိသတ်အပေါင်းတို့အတွက် အရှိန်အဟုန်မြင့်စွာ ထပ်မံ၍
အကျိုးပြု သုတ၊ ရသစာပေများတင်ရှိနိုင်ကာ သောကကင်းဝေး
ငြိမ်းချမ်းသာယာဝပြောကြပါစေဟု မေတ္တာပို့လိုက်ရပါသည်။

No comments:

Post a Comment