Saturday, May 26, 2012

အပူဒဏ်ကို အံတုခံမယ့် ငါဟယ့် လူသား


အပူဒဏ်ကို အံတုခံမယ့် ငါဟယ့် လူသား
ပူပြင်းတဲ့ရာသီဥတုကို ဘယ်အရာကမှ အေးချမ်းမှု့ မပေးစွမ်းနိုင်ပါ။ အေးရာ အေးကြောင်းနေရာတွေကို နေရာတွေကို နေနေရတာ
တစ်အိမ်လုံးလည်းနှံ့နေပါပြီ။ နောက်ဆုံးတော့ အိမ်ရှေ့ တံစက်မြိတ်အောက် ထိုင်ကာ အဝေးပြေးလမ်းမကြီးကိုငေးမောနေမိပါသည်။ အို
...လူတွေလူတွေ ဒီလောက် ပူပြင်းတဲ့ နေကို အံ့တုကာ ၀မ်းရေးအတွက် သွားလာလှုပ်ရှားနေလိုက်ကြသာ ကျွန်မမြင်ကွင်းထဲကို ထပ်မံဝင်ရောက်လာတဲ့ အပူဒဏ်ကို အံတုလူသားနောက်တစ်ယောက် ။
*ဟော်ဒီက နေ့လည်မုန့် အစုံ * ၊ *ဟော်ဒီက နေ့လည်မုန့် အစုံ *၊ *ဟော်ဒီက နေ့လည်မုန့် အစုံ *
ဆိုတဲ့ အော်သံက ကျွန်မနားထဲ စူးနေအောင် ၀င်ရောက်လို့လာပါသည်။ အိမ်ထဲက တူတွေ ၊ တူမတွေ ပြေးထွက်လာကာ
*လာပါအုံးဗျို့ * ဆိုတဲ့ ခေါ်သံနောက်မှာ * လာပါပြီရှင်* ဆိုတဲ့ အန်တီကြီးအသံက အေးချမ်းစွာ ကြားလိုက်ရဧ။် ။
ကလေးတွေ ၀ိုင်းနေတဲ့ အလည်မှာ ပြုံးရွင်စွာ ဈေးရောင်းနေတဲ့ အန်တီကို ကျွန်မသေချာ စူးစမ်းကြည့်နေမိပါတယ်။ဒီလောက် ပူပြင်းတဲ့ နေပူထဲ လေးပင်တဲ့ တောင်းကြီးကို ရွက် အာပြဲအောင် အော်နေရတာကိုတောင် သူကို ကြည့်ရတာအေးအေးချမ်းချမ်း ပျောရွင်နေပုံက ကျွန်မအတွက် နည်းနည်းထူးဆန်းနေမိပါတယ် ။ ကျွန်မတို့ဆို ဘာမှမလုပ်ဘဲတောင်အိမ်ထဲနေရင်းကို ပူလွန်းတဲ့ ရာသီဥတုကြောင့် စိတ်တွေကတို ၊ ဒေါသတွေ ဖြစ်နေချိန်မှာ နေပူထဲကို ဈေးလျှောက်ရောင်းနေတဲ့ဒီအန်တီကတော့ အေးချမ်းနေလိုက်သာ။ နောက်ဆုံး အရမ်းသိချင်လာတဲ့ စိတ်ကို ချိုးနှိမ်မရတာကြောင့် ဈေးဗန်းအနီးသို့တိုးကပ်ကာ အသားတု 200 ဖိုးဝယ်စားပြီး သိချင်တာလေးတွေကို စပ်စုကြည့်လိုက်မိပါသည်။
*အန်တီ ဒီလောက်ပူနေတဲ့ နေပူထဲ ဈေးလျှောက်ရောင်းရတာ တော်တော် ပင်ပမ်းမယ်နော် *
 *ဘ၀ဆိုတာ မွေးဖွားလာကတည်းက သေဆုံးတဲ့အထိ ဘ၀ပေးကုသိုလ်ကံတွေက ပါလာပြီးသားပါ ကလေးရယ် ။ ဈေးရောင်းဖို့ပါလာလို့ ဈေးရောင်းရတယ် ။ ဒါကို ထိုင်စိတ်ပျက်နေလဲ ရောင်းရမှာပဲ ။ဒီတော့ နှစ်ခါ အပင်ပမ်းမခံချင်ဘူးလေ ။ လုပ်ရမယ် အလုပ်ကို  စိတ်ပါဝင်စားစွာပဲ လုပ်တတ်အောင် လေ့ကျင့် လိုက်တော့ ပင်ပမ်းတယ်ဆိုတာလည်း သိပ်မရှိတော့ပါဘူး။*
ကျွန်မ အရမ်းကို အံ့သြသွားမိတယ်။ ခေါင်းရွက်ဈေးသည်တစ်ယောက်ဆီက ထွက်ကျလာတဲ့ စကားလုံးတွေက တန်ဖိုးရှိလှချည်လား
။ နောက် သူဆက်ပြောပြတယ် ။ မနက်ဆို သူ မနက် 5နာ၇ီကနေ ထ ဈေးသွား ၊ ပြန်ရောင်းဖို့ အတွက် မုန့်တွေကို
ဝယ်ချမ်းချက်ပြုတ် ကြော်လှော် ရတယ် ။ နောက် မြို့ထဲကို လည်ပြီးရောင်း ။ အိမ်ပြန်ရောက်ချိန်ဟာ ပုံမှန် ညနေ 5နာရီ ၀န်းကျင်ပါပဲ
တဲ့။ကျွန်မက ဆက်မေးကြည့်တယ်။ အန်တီ တနေ့လုံးကို ဘယ်လောက်မြတ်လဲဆိုတော့ 3000 (သုံးထောင်လောက် )
ကျန်တယ်လို့ရှင်းပြတယ်။ အနားကို ရောက်လာတဲ့ မေမေနဲ့ ကျွန်မ တစ်ယောက်မျက်နှာ ကိုတစ်ယောက်
ကြည့်လိုက်မိကြပါသည်။ ဈေးသည် အန်တီပြန်သွားပေမယ့် သူနဲ့ ပတ်သတ်နဲ့ အတွေးတွေက ကျွန်မခေါင်းထဲ
ဆက်ကျန်နေခဲ့ပါတယ်။တစ်လော လေးက ဆိုဒ်တော်တော်များမှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးလေး တစ်ခုအကြောင်းကိုပါ
ဆပ်စပ်တွေးတောလိုက်မိသည်။အနှိပ်ခန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေ နဲ့ ပတ်သတ်ပြီးရေးသားထားတာ လေးကိုပါ ။
အန်တီပြောသလို လူဘ၀ဆိုတာမွေးဖွားလာစဉ်ကတည်းက သူသွားရာလမ်းကြောင်းတွေ ပါလာကြပြီးသားဆိုတာမှန်ပေမယ့်  တချို့
ဘ၀အတွက် ရုန်းကန်ရင်း ငွေကို အလွယ်လမ်းစဉ်လိုက်ရှာနေကြသူတွေက ပိုများနေပါတယ် ။ ပေးလာတဲ့ဘ၀ပေးအခြေနေတစ်ခုထက်
ပိုသုံးချင်တယ် ၊ ပိုလှချင်ကြတယ် ။ မိမိရရှိပိုင်ဆိုင်ထားတဲ့ ဘ၀တစ်ခုနဲ့ လိုက်လျောညီထွေ စွာမနေနိုင်ကြတဲ့အတွက်
လမ်းမှားတွေကို ရောက်ဘ၀တွေ ပျက်ကြရတယ်။ သေချာတွေးကြည့်ပါ ။ လူနဲ့ရင်းလို့ရတဲ့ ငွေဆိုတာကကော အလွယ်ရတာဟုတ်ရဲ့လား
။ ထိခိုက်နစ်နာမှုတွေ က ချွေးထွက်လို့ရတဲ့လမ်းဘေးက ဈေးသည်တွေထက် ပိုသာနေတယ်ဆိုသာကို
ညီမငယ်တွေမတွေးမိကြပါလားနော်။ မိမိပြုလုပ်သော မကောင်းမှုသည် မိမိတစ်ယောက်တည်းတွင်သာ အကျိုးခံစားရသည်ဟု
လွယ်လွယ်ပေါ့ပေါ့မတွေးကြပါနဲ့ ။ မိမိ မျိုးဆက်တွေအထိ အကျိုးသက်ရောက်စေပါတယ် ။ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ်
ထမင်းငတ်နေတော့ဘယ်သူမှ လာပေးကြတာမဟုတ်ဘူးဆိုတဲ့ ဆင်ခြေစကားတွေကိုလည်း မကြာခဏကြားနေရပါသည်။ ဒါဟာလည်း
ဘ၀ပေးအခြေအနေတစ်ခုပါပဲ ။ ယခင်ဘ၀က မကောင်းမှုတွေ များခဲ့လို့ ယခုဘ၀မှာ မကောင်းမှုအကျိုးဖြစ်ထွန်းစေခဲ့တယ် ။
ဒါကိုအဆက်မဖြတ်ဘဲမကောင်းခြင်းတွေကို လက်ဆင်ကမ်း နေမယ်ဆို သံသရာမှာ တ၀ဲဝဲလည်နေဖို့သာ
ရှိပါတော့သည်။ ရောင်ရဲနိုင်ခြင်းက ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိနေတတ်ပါသည်။ မိမိရရှိသော ၀င်ငွေနှင့် မျှတအောင်
သုံးစွဲတတ်မည်ဆိုခဲ့ပါလျှင်  ဘ၀တွေကို အမှောင်ခန်းထဲမှာ  ကုန်ဆုံးစရာ အကြောင်းတရားတွေ ရှိမလာနိုင်ပါဘူး ။
လိုအပ်တာထက်ပိုကာ ရောင်ရဲလွန်းနေပြန်သူတွေကြတော့လဲ တိုးတက်သင့်သလောက်မတိုးတက်ဘဲရှိနေပြန်ပါကော ။ ဒီတော့
အလယ်လတ် လမ်းစဉ်ကို ကျင့်သုံးကာ ရောင့်ရဲတင်းတိမ်နိုင်ကြပါစေ ။ အဲကွန်းတွေ အေးနေတဲ့ အအေးခန်းထဲက ခန္ဓာကိုယ်ကိုရင်းမှ
ရတဲ့ ငွေထက် နေပူပူမှာ ဈေးရောင်းလို့ရလာတဲ့ ငွေက ပိုပြီးစိတ်သန့်ကာ မီးလွတ်စေပါတယ်။ မိမိတို့ရတဲ့ ၀င်ငွေ သည် မီးလွတ်စေဖို့အထူးလိုအပ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်.။ ဆရာဦးဘုန်း ရေးသားနဲ့ အဖေအိမ် စာအုပ်လေးထဲက မီးလွတ်စာ ဆိုတဲ့ဆောင်းပါးလေးထဲမှာ ရေးသားထားပါသည်။
* မီးလွတ်စာ *ဆိုသည်မှာ မိမိတို့ရှာလို့ရတဲ့ ငွေကြေးဥစ္စာတွေဟာ ၀ိသမလောဘမီး ၊ ၀ိသမ ဒေါသမီး ၊ ၀ိသမမောဟမီး နဲ့  ရှာခဲ့တာဆို မီးမလွတ် ဘူး *
လို့ မှတ်သားခဲ့ဘူးပါဧ။်။ ကျွန်မတို့ လူသားတွေ အတွက် မီးလွတ်စာဖြစ်ဖို့ဆိုတာ ခဲယဉ်းပေမယ့် မီးလွတ် တဲ့ ၀င်ငွေမျိုး မဟုတ်တောင်
အတတ်နိုင်ဆုံး မီးနည်းလေ အေးချမ်းလေပါပဲ။ ကျွန်မကတော့ ပူချင်ပူပါစေ ။ မြန်မာမိန်းကလေးတိုင်းကိုအပူဒဏ်ကို အံတုခံပြီး
သိက္ခာရှိစွာရပ်တည်နိုင်မယ့် အသက်မွေးဝမ်းကျောင်းဖြင့် ရရှိလာသော ၀င်ငွေဖြင့်  စိတ်အေးချမ်းစွာ စာသုံး သူတွေ
အဖြစ်ဘဲ မြင်ချင်မိပါသည်။ အမှောင်ထုတွေ ကြားက မလုံတလုံအ၀တ်စားတွေနဲ့ မလျော်ကန်သော အလုပ်တွေကနေအမြန်ဆုံး
ရုန်းထွက်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းရင်း အပူဒဏ်ကို အံတုခံမယ့်  ငါဟယ့် လူသားတွေ
အများအပြားပေါ်ပေါက်ကြပါစေ။
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

Wednesday, May 23, 2012

ရေမရှိဘဲ ရေတိမ်နစ်သူများ မဖြစ်ကြပါစေနဲ့ရှင်


ကျွန်မ တို့ မိန်းမသား ချစ်ခြင်းနဲ့ ယောကျာင်္းတွေရဲ့ ချစ်ခြင်းဆိုတာကို
တွေးမိတာလေးကို အရင်ဆုံး ပြောချင်တယ် ။ ယောကျာင်္းတွေရဲ့ အချစ်ဆိုတာက
သူတို့လိုအပ်ချက်တွေ အတွက်သာ အသုံးချ ချင်တာ များနေကြသလိုပဲ။ ကျွန်မ တို့
မိန်းကလေးတွေ ရဲ့ အချစ်ဆိုတာကြတော့သူတို့ဆီက လိုချင်တာ တစ်ခုတည်းပါ ။
ကျွန်မတို့သိပ်ချစ်တဲ့ ယောကျာင်္းဆီက နှောင်ကြိုးမဲ့တဲ့ ကြင်နာခြင်းမျိုးကိုပါ။
ရမ္မက်တွေ နဲ့ ပြည့်နှက်နေတဲ့ အချိန်မှာ ပေးလာတတ်တဲ့ သူတို့ ကြင်နာချိုသာခြင်းတွေကို ကျွန်မအလွန်တရာ
မုန်းတီပါတယ်။ သူတို့ ဆန္ဒပြည့်ဝလို့ ပျော်နေချိန်မှာ ကျွန်မ ရင်ထဲမှာ အကြိမ်ကြိမ် ငိုကြွေးနေခဲ့တာ
သူမမြင်ခဲ့ပါဘူး။ မြင်အောင် မကြည့်တတ်သူအတွက် မမြင်တာ မဆန်းပြားပါဘူးရှင်။ သူတို့ သတ်မှတ်တဲ့ အချစ်ဆိုတာ
ဘာလဲလို့ အော်မေးလိုက်ချင်တယ်။


********************************


မိန်းမတစ်ယောက် ချစ်ခြင်းဆိုတာ အရမ်းကိုတန်ဖိုးရှိပြီး
အဖိုးတန်သလို နူးညံ့လွန်းပါတယ်။
ကျွန်မ အစားကောင်းလေး စာနေချိန်မှာ ချစ်သူကို လဲ စားစေချင်မိတယ်။ကျွန်မ
အတွက် ကောင်းတာလေးတွေ
ခံစားရချိန်တိုင်း ကျွန်မချစ်သူကိုလည်း ခံစားစေချင်တယ်။

ယောကျာင်္းတွေကျ သူတို့ ပျော်နေရင် ကျွန်မတို့ကို
မေ့နေတတ်ကြပါတယ်။သူတို့ အပေါင်းသင်းတွေ ဆုံကြလို့ အရမ်းကို
ပျော်ရွင်နေချိန်မျိုးတွေမှာ ကျွန်မတို့ကို လုံးဝကို မေ့သွားတတ်ကြပါတယ်။

ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာတောင် စိတ်တွေက
ချစ်သူဆီမှာ တ၀က်လောက်ရောက်နေတတ်ကြသူတွေပါ။ စိတ်ညစ်စရာဆို စဉ်းစားပြီးမှ
ပြောတတ်ကြပေမယ့်သူတို့ စိတ်ညစ် စိတ်ဆင်းရဲနေရပြီဆို အရင်ဆုံးသတိရတတ်တာ
သူတို့ချစ်သူတွေကိုပါပဲ။ မိန်းကလေးတွေမှာ ဒါလေးတွေကိုဘဲ ကြံဖန်ကြည်နူး ပျော်ရွင်ကျေနပ်နေတတ်ကြပါတယ်။


********************************


ကိုယ်ချစ်သူက ကိုယ်ကို အလုံးစုံတိုင်ပင်တယ်ပေါ့။ သူတို့ အရမ်းပျော်နေချိန် သူတို့ဘေးရှိနေတာ သူတို့
အပေါင်းသင်းတွေကိုပါ ။ ကျွန်မတို့အရမ်းပျော်နေချိန်မှာ ဘေးမှာ ရှိနေစေချင်တာ မိမိတို့ချစ်သူတွေကိုပါ။
မိန်းကလေး အချစ်နဲ့ ယောကျာင်္းလေးအချစ်မတူညီတာတွေ ရှိပါသေးတယ်။ မိန်းကလေးတစ်ယောက်က တစ်ကယ်ချစ်ပြီဆို
ဘာကိုမှ မတွေးတတ်ကြပါဘူး။ ကိုယ်ချစ်တဲ့သူက တစ်ခုလပ်ဖြစ်နေပါစေ ၊ မုဆိုးဖို ဖြစ်နေပါစေ
လက်ထပ်ဖို့ သတ္တိတွေ ရှိနေတတ်ကြတယ်။ ယောကျာင်္းတွေကျတော့ အပျိုမဟုတ်တဲ့ တစ်ခုလပ် မုဆိုးမ တွေကို
တကယ်ချစ်မိခဲ့ရင်တောင် လက်ထပ်ဖို့ အတွက်ထိဆိုရင် တော်တော် စဉ်းစားအချိန်ဆွဲတတ်ကြပါတယ်။
ယောကျာင်္းတွေက ပိုတွေးတတ် တယ်ဆိုရင်လဲ မမှားပါဘူး ။ မိန်းကလေးတွေ ချစ်လာရင် သိပ်ကို
သတ္တိရှိတတ်ကြပါတယ်။ အိမ်မှာခိုင်းတဲ့သူကိုလည်း ယူရဲကြတယ်။ ဖြစ်သင့် မသင့်ဆိုတာတွေ မတွေးကြဘူး ။အချစ်က
အရာရာကို ဖုံးလွမ်းသွားတတ်ကြပါတယ်။ ယောကျာင်္းလေးတွေကတော့ မိမိတို့ အလုပ်သမားတစ်ယောက်ကို ပြန်ယူဆိုတာကို
တော်တော်လေးကို မရှိသလောက်ရှားကြပါတယ်။ ခိုင်လေး မေမေ ခဏခဏ ပြောတဲ့ စကားလေးရှိတယ်။
သူဠေးသားတွေက စိတ်ကူမယဉ်ဘူး ၊ မရူးကြဘူးတဲ့ ရူးတဲ့သူရှိတောင် ရှားတယ်တဲ့ ။
သူဠေးသမီးတွေကတော့ကိုယ်အိမ်ကအလုပ်သမား ပြန်ယူဖို့လဲ ၀န်မလေးဘူးတဲ့ စိတ်ကူးတွေ
အယဉ်လွန်နေကြတယ်တဲ့လေ။သတ္တိ အရှိလွန်တယ်ဆိုတာထက် ချစ်တတ်ကြတာပါ။ အမှားမှန်
မခွဲခြားနိုင်လောက်အောက်ကို သိပ်ချစ်တတ်ကြတာ မိန်းကလေးတွေရဲ့ နှလုံးသားက နုနယ်လွန်းတယ်ဆို
ပိုမှန်မယ်ထင်ပါတယ်။


********************************


ခုခေတ်တော်တော် များကို မြင်တွေ့နေရပါတယ် ။ ရေမရှိဘဲ ရေတိမ်နစ်နေကြတဲ့ မိန်းကလေးတော်တော်
များကိုတွေ့နေမိပါတယ်။ အချစ်ဆိုတာကိုအခြေခံကာ ရေတိမ်နစ်နေကြသူတွေ အများပြားဖြစ်နေပါပြီ။ မြန်မာနိုင်ငံလို
ယဉ်ကျေးသိမ်မွေ့ခြင်းတွေကို အစဉ်လာနဲ့ထိန်းသိမ်းစောင့်ရှောက်လာတဲ့ နိုင်ငံမှာ
ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ တိုင်းတပါးက နေကူးစက်ပြန့်နှံ့လာတဲ့ livingtoghter ဆိုတဲ့ အကြောင်းအရာကြီးကလည်း
ကြောက်ခမန်းလိလိ ပြန့်ပွားနေပါပြီ။ တိုးတက်ခြင်းတိုင်းမှာ ဆိုးကျိုးတွေကလည်းကပ်ပါလာတတ်ပါတယ်။
ခေတ်မှီဆေးဝါးတွေ ပေါ်လာခြင်းနဲ့ အတူ ယောကျာင်္းမိန်းမ ဆက်ဆံခြင်းတွေကလည်း အရှိန်ဟုန်မြှင့်တင်ပေးသလို
ဖြစ်နေပါပြီ။ တည်ခိုခန်းတွေ ၀င်ငွေပိုဖြောင့်စေခဲ့တယ်။ ခိုင်လေးတို့ နယ်မြို့လေးမှာတောင်
တက္ကသိုလ်ကျောင်းရှေ့ နေတဲ့ဆေးမှူးဆိုကျောင်းရှေ့ကို ပြောင်းလာတဲ့ တနှစ်အတွင်းမှာ စီးပွားရေးအဟုန်
တိုးတက်သွားလိုက်တာ လက်ဖျားခါရတဲ့ အထိအောင်ပါပဲ။ မိဝေးဖဝေး အဆောင်နေကျောင်းတက်ကြတယ်။
မိဘစေတနာက ငါသမီးလေး ငါသားလေး လူတန်းစေ့ သုံးနိုင်ပါစေ။ မျက်နှာမငယ်အောင် ပံ့ပိုးပေးကြတာတွေက
တည်ခိုခန်း ၊ ဟိုတည်ခတွေ ၊ ဆေးဖိုးတွေဖြစ်ကုန်ကြတာကတော့ ရင်နာဖို့ကောင်းပါတယ်။ တခါဖြစ်လို့ မှားမှန်းမသိ
နောက်ဆင်ခြင်ဖို့မတွေး မထူးဇာတ်ခင်းနေသူတွေ ဒုနဲ့ဒေး ။ နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ (လူတိုင်းကို မဆိုလိုပါ)
သူများနိုင်ငံဘဲ ဘယ်သူမြင်မှာလဲ ဘယ်သူသိမှာဆို နေချင်သလိုတွေ နေကြတယ်။ တစ်ယောက်ကို တစ်ယောက် ထိန်းဖို့
ဆုံးမဖို့ဆိုတာထက် မြှောက်ပေးသူက ပိုများနေ ။ ဒီတော့ ရေမရှိဘဲ ရေတိမ်တွေနစ်ကြရတယ်။ တခါမှားလို့
သင်ခန်းစာ မယူ။ ရှေ့ဆက်လို့တာ မထူးဇာတ်ခင်း ။ နောက်ဆုံး ရလာဒ်က
ဘာဖြစ်လာမလဲ ။ အမှားကိုသိရင် အမှန်ကို ပြင်ရမယ်ဆိုတဲ့ ဆုံးမစားတွေ စာအုပ်တွေထဲမှာ
ကျန်နေခဲ့ပြီထင်ပါတယ်။ ရင်မောစရာ ကောင်းလိုက်ပါဘိ ခေတ်ကာလ သမီးပျိုတွေရယ် ။ ရှေးခေတ်ကာလက ရှိခဲ့ဘူးတဲ့
ယောကျာင်္းလေးတွေလည်း နှမချင်းစာနာစိတ်ဆိုတာတွေ ဘယ်နေရာ
မှာ ဖုန်တပ်ကုန်ပြီလဲရှင်။ သစ္စာတရားဆိုတာတွေ ပျောက်ဆုံး ၊ ဂုဏ်သိက္ခာ
ဆိုတဲ့ စကားကို နောက်ဆို ပြတိုက်တွေမှာ သွားရှာရမလို ဖြစ်ကုန်ပါပြီ။ မိန်းကလေး တစ်ယောက်ရဲ့
တန်ဖိုးဆိုတာကို ပညာတတ်ခြင်း ၊ ရုပ်ချောခြင်း ၊ ပိုက်ဆံရှိခြင်းဆိုတာတွေနဲ့တင် သတ်မှတ်စံထားလို့
မရနိုင်ပါဘူးရှင်။ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နေနိုင်ဖို့ဆိုတာ လည်းအထူးပင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
မိန်းမကောင်းထားသင့် ထားအပ်သော ဂုဏ်သိက္ခာတွေကို တန်ဖိုးထားမြတ်နိုးကြပါ။ အမှားသိလျှင် ချက်ချင်း
အမှန်သို့ပြင်ဆင်ပါ ။ အမှားကို အမှန်ပြင် ခြင်းတွင် နောက်ကျသည်ဟုမရှိပါ။
မိဘ မောင်ဘွားများအနေဖြစ် သမီးမိန်းကလေး ၊ ညီမများကို စောက်ရှောက်
ဆုံးမကြဖို့တော့ လိုအပ်နေပါပြီ။


********************************
တိုင်းပြည်ကြီးနှင့်တကွ အမျိုး ၊ ဘာသာ ၊
သာသနာ ၊ ပညာတရားတွေ ပျက်ပြား ဆုတ်ယုတ်လာခြင်းဟာ ၊ အခြားသောအကြောင်းတို့ အပြင် မိန်းမယုတ်
မိန်းမမိုက်တွေ များလာသည့်အတွက် ပျက်ပြား ဆုတ်ယုတ်လာရတယ်ဆိုတာ စဉ်းစားတိုင်း သိသာထင်ရှားကြမည် ဟု
ကျေးဇူးရှင် သာယာဝတီဆရာတော် ဘုရားကြီးရေးသားတော်မူသော မိမ္မလိမ္မာ စာအုပ်တွင်
ဖတ်မှတ်ဘူးပါတယ်။


********************************

မိန်းမပျိုလေးတွေရေ တန်ဖိုးရှိလှတဲ့ အပျိုစင်ဘ၀လေးတွေကို သူများကဲ့ရဲ့စရာ မေးငေါ့စရာ
မဖြစ်အောင် တန်ဖိုးထား ထိန်းသိမ်းကြပါ ။ မိမိ တစ်ယောက်အတွက် မိမိနိုင်ငံ ၊ မိမိ မိဘ မောင်ဘွား
ဆွေမျိုးများ လူကြားမှာ မျက်နှာမပျက် အရှက်မရ ရလေအောင် အချောဆုံး ၊ အယဉ်ဆုံး ၊ အလှဆုံး ၊တန်ဖိုးအရှိဆုံး
အပျိုစင်ဘ၀လေးတွေကို တန်ဖိုးထား မြတ်နိုးကြပါ။ မိန်းကလေးချင်း ကောင်းမွန်တဲ့ အရည်သွေး အလိမ်မာတွေကို
ပြိုင်ကြပါ ။ အမိုက်တွေ ကိုမပြိုင်ကြစမ်းပါနဲ့ ။ဒီဆောင်းပါးလေးကို ဖတ်ရှုနားလည်ပြီး အမျိုးကောင်းသမီးလေးတွေ
အများပြားပေါ်ပေါက်လာကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါရစေရှင်။


********************************


မည်သူကိုမှ မရည်ရွယ်မထိုက်ခိုက်ပါ ။ဒီဆောင်းပါလေးထဲက ရေးသားချက်များနှင့်
တိုက်ဆိုင်နေသော
သူများဖတ်မိလျှင် အမှားကိုသိပြီး အမှန်ကို ပြုပြင်ပြောင်းလဲစေရန်တာ
ရည်ရွယ်ရေးသားပါသည်။



********************************

အချစ်ကို ကိုးကွယ်သူလေး

ခိုင်လေး(ရွှေတောင်)

ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ အကျမရှိ အတက်သာရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား

ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ အကျမရှိ အတက်သာရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား

ချစ်စရာကောင်းတဲ့ ညချမ်းလေးတွေ ဟိုအဝေးမှာ ကျန်နေခဲ့ပါပြီ။ ဟိုးအတိတ်ဆီက မီးရောင်တွေ
ထိန်ထိန်ညီးခဲ့ တဲ့ညတွေကို ခုချိန်မှာ အမှောင်ထုက ကြီးစိုးဝါးမြိုထားပြီ။
# ကလေးငယ်တွေရဲ့ မီးလာပြီဟေ့ #
ဆိုတဲ့ အော်သံလေးတွေက သာယာတဲ့ ဂီတာသံဇဉ်တစ်ခုလိုပါပဲ။
အတွေးတွေ နယ်ချဲ့နေစဉ် နားထဲ တိုးဝင်လာသော မေမေဧ။် ညဉ်းညူသံကြောင့် အတွေးစတွေ
ကို ခဏအနားပေးလိုက် ရပါသည်။ ကျွန်မတို့ မိသားစု ကို ထမင်းကျွေးနေတဲ့ အင်တာနက်ဆိုင်လေး
တစ်ဆိုင် ဖွင့်ထားပါသည်။ ကျွန်မတို့ အိမ်ရဲ့ ပင်မ စီးပွားရေးဆိုလည်း မမှားပါဘူး ။ အင်တာနက်ဆိုင်
ဆိုသည်မှာ ကွန်နက်ရှင် နဲ့ မီးကို အဓိက အားထားနေရတဲ့ အလုပ်ပါရှင် ။ မီးတွေ မှန်နေတုန်းက ကွန်နက်
ရှင်က ကျတယ်။ မြေအောက်လိုင်းတွေ ပြင်နေလို့ .. ဘယ်က ဘာဖြစ်လို့ စုံနေအောင်ပါပဲ ။လိုင်းကျလို့
ဖုန်းဆက်မေးလိုက်ရင် တစ်ခါမှ သူတို့ဆီက ပျက်တယ်ဆိုတာ မရှိ။ ကျွန်တော်တို့ဆီမှာတော့ အွန်လိုင်း
ဖြစ်ပါတယ်ဆိုတဲ့ စကားက ကြားနေကြ ဓာတ်ပြားဟောင်းတစ်ခုလိုပါပဲ။ လိုင်းကျလို့ ဖုန်းဆက်ရင် ဒီအသံကို
ကြားရမယ်ဆိုတာကို သိနေပေမယ့်လည်း လူစိတ်ဆိုတာလည်း အခက်သားလား ။ သူတို့ဆီဖုန်းဆက်ပြီး
၅မိနစ်လောက်ဆို ပြန်တက်လာတဲ့ ကွန်နက်ရှင်ကြောင့် ကြားနေကြ ဓာတ်ပြားဟောင်းကိုလည်း ကြေညက်
စေဖို့အတွက် လိုင်းကျပြီဆို ဖုန်းခလုတ်တွေကို  လက်ကနှိပ်မိနေပြီးသား ။ သတင်းတွေ ဂျာနယ်တွေထဲက
ဘယ်နေ့ ၊ ဘယ်လ ဆို  ကွန်နက်ရှင်တွေ ကောင်းပါတော့မယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကလည်း ကြားရဖန်များတော့
ဟာသ တစ်ခုလိုဖြစ်နေရပြီ။ TRYA GAIN ဆိုတဲ့ စာတန်းလေးကလည်း ကျွန်မတို့ မြန်မာပြည် ကွန်နက်ရှင်
နဲ့ အတူ အမွှာပူးမွေးဖွားလာသယောင် ။ ဆိုင်ဖွင့်လို့ ဘုရားပန်း ၊ ရေချမ်းတွေ ကပ်ရင် ၃၇ ပါးသောနတ်တွေ
အပြင် အသစ်တိုး ခေတ်မှီနတ်တပါးဖြစ်တဲ့ ကွန်နက်ရှင် နတ်မင်းကို ပူဇော်ဆုတောင်းနေရတာလည်း အလုပ်တစ်ခု
ဖြစ်လာပါသည်။ မနက်တွေဆို ငိုက်မြည်းနေရအောင်ကို လူကပါးပါသည်။ နေ့ခင်းတွေ ဆိုင်ထဲ အဲကွန်းလေး
တွေ က အေးတာမို့ အပြင်မှာ ပူတဲ့အတွက် လူဝင်တတ်ပေမယ့် လိုင်းက မကောင်းတော့ အေးပေမယ့် ထပြန်။
ဂိမ်းဆော့တဲ့ ကလေးတွေကိုပဲ အားကိုးနေရပါတယ်။ ကလေးတွေဆိုတာက  အများစုက ကျောင်းသားတွေမို့
အမြဲတမ်းဆော့ဖို့ကျတော့ အကြွေးကကျ ။ များလာလို့ လိုက်တောင်းတော့ မိဘတွေက ရန်တွေ့ ။ ဒီလိုနဲ့
အကြွေးပေးတဲ့ စနစ်ကို ရပ်ဆိုင်းလက်ငင်းစနစ်ကို ကျင့်သုံးပြန်တော့ လူကပါး ။ ဒီအရှုတ်တော်ပုံတွေနဲ့
ချာလည်ရိုက်နေတဲ့ အချိန်နောက်ထပ် ဒုက္ခတစ်ခုက ထပ်မံတိုးဝင်လာတော့ ကျွန်မအမေဆီက ငြီးငြူသံတွေကို
စိတ်ဆင်းရဲဖွယ် ကြားရပြီပေါ့ ။ ပျက်လိုက်တဲ့ မီးက တစ်နေ့မှ ၆နာရီဘဲ ပေးပါတယ် ။ အင်တာနက်ဆိုင် ဆိုတာ
ညဘက်ကိုသာ လူအ၀င်များကြပါသည်။ အဲဒီညတွေကို မီးကပျက်ပါတယ်။ မီးစက်မောင်းရတယ်။ ညကို
၇နာရီလောက်ကနေ ည ၁၂နာ၇ီ အတွင်းကိုသာ လူဝင်များတတ်ပါသည်။ စက်အပြည့်ဆို ည ၈.၃၀လောက်မှာ
ရှိနေတတ်ပါတယ်။ တနေ့သာကို ပိုက်ဆံရချိန်ဟာ ၃နာရီလောက်တာ ရှိနေချိန်မှာ ကွန်နက်ရှင်က ထပ်ကျနေ
ပြန်တော့ ကျွန်မတို့ ဘယ်အချိန်မှာ အလုပ်လုပ်စားရတော့မလဲရှင်။ ဒီမှာ နောက်ထပ်ပြသနာတစ်ခုက ထပ်ပေါ်
လာပြန်ပါတယ်။ မီးစက်ကို ည ၁၂ နာရီလောက်ထိ မောင်းရတော့ ပတ်ဝန်းကျင်ကို ဆူညံစေတယ်တဲ့လေ။
ကဲ ကျွန်မတို့ ဆိုင်ပိတ်လိုက်ဖို့တာ ရှိပါတော့တယ်။ အချိန်လေးနဲ့ မီးကို ပေးမယ်ဆိုရင်တောင် အမှန်တကယ်
လိုအပ်နေတဲ့ ညဘက်တွေကို ပေးသင့်ပါတယ်။ ညနေ ၆.၃၀ လောက်ကနေ ည ၁၂နာရီလောက်ဆိုတာ အမှန်
တကယ်လိုအပ်ချိန်တွေပါ။  ဓာတ်ငွေ့စက်ရုံဝန်းတွေထဲမှာပေးတဲ့  ည၇နာရီကနေ မနက် ၆ နာရီလောက် ပေးမယ်ဆိုရင်တောင် ပြည်သူတွေ အတွက် အသုံးဝင်ပါသေးတယ်။ တစ်နေ့ကို ၆နာရီဆိုတာကတော့ အင်မ
တန်ကို နည်းလွန်းတယ်လို့ မြင်မိပါဧ။် ။   ကျွန်တို့ အင်တာနက်ဆိုင်တွေလိုဘဲ တခြားလုပ်ငန်းတွေမှာလဲ
အခက်ခဲတွေ အများကြီးကြုံနေကြရတယ်ဆိုတာ ဆန္ဒပြပွဲတွေက သက်သေတည်နေပါတယ် ။ နှစ်စဉ်ကြေးတွေ
လစဉ်ကြေးတွေ ၊ အခွန်ခတွေ မနည်းကို ပေးဆောင်ထားကြတာပါ ။ တနှစ်စာ လိုင်စင်ကြေး ၇သိန်းကျော် ၊
လစဉ်ကြေး ဒေါ်လာ ၁၂၀ ၊ အခွန်ဆိုတာ သက်သက်ဆောင်နေရတဲ့အပြင် ခုမီးစက်မောင်းရတဲ့ အတွက်
ဓာတ်ဆီဖိုး ကဲ ကျွန်မတို့ ဘာလုပ်စားကြရမလဲရှင်။ ဘာအလုပ်မှ မကောင်းနေချိန် ထွက်လိုက်ကြတဲ့ နိုင်ငံ
ခြား ။ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ကုန်နေကြပြီ။ ကျွန်မတို့လည်း ခုဆို တွေးရေပါပြီ။ှ
ဒီဆိုင်လေးနဲ့ ထမင်းစားနေရတဲ့ ကျွန်မတို့ မိသားစုလေး ဘယ်လိုမှ မကိုက်တော့ပါဘူး။ ချမ်းသာလောက်အောင်လဲ
အရင်ထဲက အမြတ်စွန်းမကျန်ပါ ။ ထမင်းစားဖို့ ချောင်လည်ယုံသာကျန်တဲ့ ဒီလုပ်ငန်းလေးက ခုတော့ ထမင်း
အိုးလေးတောင် ခပ်လှုပ်လှုပ် ဖြစ်နေပြီဆို ပိုတယ်လို့ထင်ကြပါလိမ့်မည်။ ဒါတွေက အမှန်ဆိုတာ နယ်မှာ
အင်တာနက်ဆိုင် ဖွင့်သူတိုင်းသိကြမှာပါ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဟင်။ မှောင်မိုက်နေတဲ့
လောကကြီးကိုလား ……..အမြဲလို ကျနေတဲ့ ကွန်နက်ရှင်ကိုလား………..ဒီအင်တာနက်ဆိုင်ဖွင့်ခဲ့တဲ့
မိဘတွေကိုလား………….ပြောကြာပါဦးရှင်………………ဘယ်သူကို အပြစ်တင်ရမလဲ………..
ဘယ်သူကို အပြစ်တင်ရမလဲ……………..ဘယ်သူကို အပြစ်တင်ရမလဲ ………ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆို………ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ
အကျမရှိ အတက်သာ ရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား လို့ ဘုရားမှာ နားညီးအောင်
ဆုတောင်းလိုက်ချင်ပါတော့တယ်ရှင်။
%%%%%%%%%%%%%%%%%%%%%%%%%%%
ဒီဆောင်းပါးလေးကို အားဖြည့်ကူညီရေးသားပေးသော အကို ကွန်ဆူးမား ကဗျာလေးပါရှင်။


သူ့ကိုချစ်တယ်.....

သူရှိနေမှ ဘ၀က အေးချမ်းလှပတယ်လေ....

သူမလာတဲ့ နေ့တွေညတွေမှာ.....

အစာရေစာလဲ ပြတ်လပ်.......

ဘာတစ်ခုမှ လုပ်မရအောင်

သူအားလုံးကို ယူဆောင်သွားခဲ့တယ်.......။

..................................

ပြန်လာခဲ့ပါချစ်သူ.......

မင်းနဲ့အတူ

ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့

ဘ၀ရဲ့ တိုက်ပွဲကို ရဲရဲကြီး နွှဲချင်ပါရဲ့

အောင်မြင်မှုရဲ့ အဓိပ္ပါယ်တွေ

မင်းဆီမှာပဲ ရှိပါတယ်.......ကွယ်

..................................

မင်းရှိနေမှ ဒို့ ဘ၀တွေ အေးချမ်းမယ်.....

မျှော်နေမယ်နော်......

အမြန်ပြန်လာပါ။

သံသရာ ဒီတစ်ကွေ့

နေ့နေ့ ညည မေ့မရတဲ့......

မီးလာမယ့် နေ့..........ပေါ့။

                                                                                    
ဆောင်းပါးရေးသားသူ   .................. အချစ်ကို ကိုးကွယ်သူလေး
ကဗျာ                       .................. ကွန်ဆူးမား

 

Tuesday, May 15, 2012

အလှဆုံးအပြုံးတစ်ပွင့်နဲ့ လောကကြီးကို အလှဆင်ပေးလိုက်ကြရအောင်

ပတ်ဝန်းကျင် ရဲ့ ဝေဖန်မှုဆိုတာ နေရာတိုင်းမှာ ရှိတတ်ကြစမြဲပါ။ တစ်ချို့သောဝေဖန်ပြောဆို မှုတွေက
စေတနာကို အရင်းမခံဘဲ ဘောင်ကျော်လွန်တာတွေ ရှိနေတတ်ကြပါတယ်။ ဆရာတော် ရဝေနွယ်ရေးသား
ဖူးတဲ့ စာသားလေးလိုပေါ့ ။
*ပတ်ဝန်းကျင်နဲ့ နေတိုင်း ပတ်ဝန်းကျင်ကို ဂရုစိုက်နေရလို့ ကိုယ်ဘ၀ ရည်မှန်းချက်
တွေကို ဖျက်ဖျက် ပေးနေရမယ်ဆိုရင် နေရာမကျဘူးကွာ ၊ တစ်ခါ တစ်လေ တော့လဲပတ်ဝန်းကျင်ကို
လျစ်လျူရှုသင့်ရင် လျစ်လျူရှုထားတာ အကောင်းဆုံးပါ *
လူတိုင်းမှာ မိမိခံယူချက်ကို လွတ်လပ်စွာ ခံယူပိုင်ခွင့်ရှိပါတယ်။ မိမိကိုယ်ပိုင်ခံယူချက်ဆိုတာ မှန်သာ ရှိနိုင်သလို
အများနဲ့ ကွဲပြားခြားမှုလည်းရှိနေတတ်ပါတယ်။ ဒီလို ကွဲပြားနေခြင်းကို
ဇွတ်အတင်း ငါခံယူချက် ငါပြောတာ မှ အမှန်ဖြစ်ရမယ်ဆို ဒီလူဟာ အတ္တဆိုတဲ့ အမိုက်မှောင် ဖုံးလွမ်းလာပါပြီ။
မိမိဖြစ်ချင်တာတွေကို အမှန်တရား လို့ ငြင်းမယ်။ ထောက်ခံစေလိုမှုတွေနဲ့ အတင်းပြောဆိုမယ်။ သူမှာရှိနေတဲ့
ကောင်းမွန်တဲ့ အရည်အချင်း ၊ အချက်အလက်တွေကိုတောင် ပျောက်ဆုံးသွားစေနိုင်ပါတယ်။ ပူလောင်ခြင်းတွေ သူရင်တွင်းတောက်လောင်နေမယ်ဆိုတာ အသေချာပါဘဲရှင်။လူလောကကြီးမှာ လူဖြစ်ခွင့်ရဖို့ဆိုတာ မလွယ်ကူပါဘူး ။
လူဖြစ်ရတဲ့ အခိုက်တန့်ကာလလေးမှာ အေးချမ်းစွာဘဲ လူဖြစ်ချင်တယ်။

ခုနှစ်အပိုင်းခြားတွေမှာ သံဝေဂရစရာတွေ ၊ လွမ်းစရာ ၊ ကြည်နူးစရာ အစုံလင်ကြားမှာ
သံဝေဂရစရာတွေ ပိုလို့ တွေ့ခဲ့ကြုံခဲ့ရပါတယ်။ ရသစုံလင်လှတဲ့ လူဘ၀ဆိုတာကြီးကိုလည်း အခန်းကဏ္ဍပေါင်း
စုံကနေ ကခဲ့ဘူးနေပါပြီ။ ခိုင်လေး စာရေးတာကို ၀ါသနာပါတယ် ။ စာရေးတယ်ဆိုတာ သူလိုင်းနဲ့ သူရှိကြပါတယ်။
ဆောင်းပါးလိုင်းရေးတဲ့သူ ၊ ၀ထ္ထုတို သမား ၊ ၀ထ္ထုရှည်သမား ၊ကဗျာ သူလိုင်းနဲ့ သူ အစုံပါပဲ ။ ၀ထ္ထုမှာတောင်
အချစ် ၊ စုံထောက်၊ ဟာသ လိုင်းတွေ ထပ်ခွဲကြပါသေးတယ်။ ဒီထဲမှာ ခိုင်လေးဆို အချစ်ဝထ္ထုတွေကို ဘဲ အရေး
များပါတယ် ။ စာပေ ၊ ဂီတ ၊ ရုပ်ရှင်ဆိုတာ ပြည်သူတွေကို စိတ်အပမ်းပြေစေတဲ့ အရာလေးတွေပါဘဲ ။ ဗဟုသု
တစာတွေမှ တန်ဖိုးရှိတယ်လို့ မှတ်ယူလို့ မရပါဘူး ။ ဗဟုသုတရှိတယ် ၊ အကျိုးဖြစ်ထွန်းစေတယ်ဆိုတာက
လည်း စာဖတ်သူအပေါ်တွင်သာ မူတည်စေပါတယ် ။ လူတစ်ဦးတစ်ယောက်ရဲ့ အမြင်နဲ့ ဒီစာတစ်ပုဒ်ဟာ
အကျိုးမရှိဘူးလို့ သတ်မှတ်ဝေဖန်လို့လဲ မရနိုင်ပါဘူး ။

ဟိုးအရင်ကဆို ခိုင်လေး အရမ်းကို စွာပါတယ်။ ခိုင်လေးရေးလိုက်တဲ့ ဘလော့တစ်ခုမှာ ကော်မန့်တစ်ခုခုက ဆိုးလာပြီဆို
ခိုင်လေး မှန်တယ်လို့ ထင်မိရင် ဆက်ဆက်ထိမခံတတ်ပါဘူး ။ ခုနောက်ပိုင်းတွေးမိပါတယ် ။ တစ်ချို့တွေ
မိမိကိုယ်ကို နိုင်တယ်ထင်ပြီး ရှုံးနေကြတဲ့ သူတွေ လောကကြီးမှာ တစ်ပုံတစ်ပင်ကြီးပါ။ ဒီအထဲ ခိုင်လေး
ကိုယ်ခိုင်လေး အပါမခံနိုင်ပါဘူး ။ ဒီအတွက် မလိုလားအပ်သူတွေကို ဖက်ပြိုင်ရန်ပြုခြင်းအမှုကို
ရှောင်ရှားတတ်လာခဲ့ပါသည်။ ရန်ကိုရှောင်ခြင်းသည် ကြောက်ရွံ့ခြင်းလို့ ခိုင်လေး မမြင်မိပါ ။ လောကတွင်
အခက်ခဲဆုံးလို့ ပြောကြတဲ့ သည်းခံ ခြင်းကို လုပ်နိုင်အောင်ကြိုးစားလာနိုင်တဲ့ အတွက် ဂုဏ်တောင်ယူမိပါသည်။
ခိုင်လေး သမိုင်းလေး ကောင်းဖို့ မပတ်သတ်တဲ့သူများကို အေးချမ်းသော ဥပက္ခာပြုခြင်းဖြင့် ရှောက်ရှားပါမည်။
ခိုင်လေးတို့ လေးလေး ဥယျာဉ်မှူး ဆုံးမတဲ့ စကားလေးလိုပါဘဲ ။ မိမိဘက်ကသာ မှန်ပါစေ  မိမိနောက်တွင်
လူအများရှိနေပါလိမ့်မည်တဲ့ ။


ခိုင်လေး တို့ ဘာပဲပြောပြော ဘ၀ဆိုတဲ့ ခရီးရှည်ကြီးထဲက ခရီးသွားတွေပါပဲ ။ အဲဒီခရီးတစ်ခုကို လျှောက်နေသ
မျှ လူမျိုးစုံ နဲ့ နေ့စဉ်ကြုံတွေ့နေကြရမှာပါ ။ ကိုယ့်ကိုနှစ်သက်သူကိုပဲတွေ့တွေ့ ၊ မနှစ်သက်သူကိုဘဲ တွေ့တွေ့
ကိုယ်ကပြုံးပြနိုင်အောင် ကြိုးစားလိုက်စမ်းပါ ။ ပြုံးခြင်းဆိုသည့် အရာကား ခက်ခဲတဲ့ အလုပ်တစ်ခုမဟုတ်ဟု
ခံယူကာ အလှဆုံးအပြုံးတစ်ပွင့်နဲ့ လောကကြီးကို အလှဆင်ပေးလိုက်ကြရအောင်ရှင်။ မလိုမုန်းတီး ခြင်းတွေ
ကင်းဝေးကြပါစေ ။ ပူလောင်ခြင်းတွေ အေးမြကြပါစေ ။

သဗ္ဗေသတ္တာ အဝေယာ ဟောန္တု…သဗ္ဗေ ခပ်သိမ်း
သော သတ္တာ သတ္တ၀ါအပေါင်းတို့ သုခိတာ ကိုယ်စိတ်နှစ်ပါး
ကျန်းမာချမ်းခြင်းဖြင့် အဝေရာ ရန်မာန်တို့သည်
မရှိကုန်ကြသည်  ဟောန္တုဖြစ်ကြပါစေသတည်း………………..။

အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

မျက်ရည်မိုး


မျက်ရည်မိုး

ထားဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပျော်စရာမိသားစုလေးမှာ သူမတို့ ဦးထပ်ထားရသည့် ကျေးဇူးရှင်တစ်ယောက်ရှိနေခဲ့သည် ။ ထားတို့ တစ်မိသားစုလုံးက ထိုသူကို ဘဘလို့ လေးလေးစားစားခေါ်ကြသည် ။ ဘဘက ထားတို့မြို့လေးရဲ့ အစိုးရ ချည်မျှင်နဲ့အထည်စက်ရုံရဲ့ စက်ရုံမှူးတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးပေါ့ ။ ခရစ်ယာန်ဘာသာဝင်  ဘဘမှာ  ချောဆု လို့ခေါ်သည့် သမီးတစ်ယောက် နှင့် ပုတုလို့ခေါ်သည့် သားလေးတစ်ယောက်လည်းရှိသည်။ ဘဘ အမျိုးသမီး အန်တီဆု ကအင်မတန် စိတ်ထားပြည့်သူတစ်ဦးမို့ လူငယ်တွေကို နားလည်ပေးတတ်သူပါ ။ ထားတို့မှာက ညီမ သုံးယောက်ရှိကြသည်။ ဒီထဲက ထားကိုတော့ အန်တီဆုက အရမ်းချစ်ဆုံးပါ ။ ထားက အဲဒီချိန်က 8တန်းတက်ဆဲပေါ့ ။ ထား နာမည်က ထားနှင်းဆီလို့ခေါ်ပါသည် ။  ထားဆိုတဲ့ နာမည်ကို မကြိုက်ပေမယ့် ကိုယ်ကို စကားပြောရင်တော့ ထားလို့ဘဲ သုံးမိတတ်၏ ။ ဘဘ က ထားတို့မြို့လေးမှာ တစ်ယောက်ထဲလာနေသူပါ ။ မိသားစုက ရန်ကုန်မှာနေကြတာမို့ ထား တို့ အိမ်မှာဘဲ ဘဘက အနေများတတ်၏် ။ ဒီနှစ်တော့ ဘဘ သား ပုတု ဆိုသူ ထားတို့မြို့လေးမှာ ဆယ်တန်းစာမေးပွဲ လာဖြေမတဲ့ ။ ဘဘ သားဆိုသူကို နာမည်ပဲ ရင်းနှီးနေခဲ့တာ ။ လူကိုတော့ ခုမှဘဲ မြင်ဘူးရပေတော့မည်။

``ထားလေးရေ``
``ရှင်.........မေမေ``
``ဒီနေ့ ဘဘသားရောက်မှာလေ........မေမေတို့ အိမ်မှာ ထမင်းလာစားမယ်တဲ့..........ထားလေး ကူလိုက်အုံးနော်``

ထားက အချက်အပြုတ်ကို ၀ါသနာကြီးသူပါ ။ မမက ရန်ကုန်မှာ ကျောင်းတက်နေသည် ။ ညီမလေးက 4တန်းဆိုတော့
ထားသည်ပင်  မေမေ လက်ကိုင်တုတ်လေး ဖြစ်မှန်းမသိဖြစ်နေတော့သည် ။ ထား တစ်မနက်လုံးချက်ပြုတ်ပြီးစီးလို့  ရေချိုးနေစဉ် ဘဘတို့ သားဖရောက်လာကြသည် ။ အိမ်ရှေ့မှာ အသံတွေ ကြားနေရပေမယ့် အ၀တ်စားလဲလို့မပြီးတာနှင့်ထွက်မကြည့်နိုင်သေးပါဘူး ။ ကဗျာကသီ သနပ်ခါးရေကျဲလေး မျက်နှာမှာ ပွတ်လိုက်၏ ။ ဆံပင်လေးကို ဒီတိုင်းချထားလိုက်သည်။ ဂါဝန် အပြာရောင်းလေးလဲပြီး ထမင်းစားခန်းဘက်ကို ထွက်လာခဲ့သည် ။ ထမင်းစားခန်းထဲ ၀င်လိုက်သည်နှင့် ဘဘ အသံကိုစကြားနေရပါပြီ ။

``ဒါထားလေး လက်ယာမှ ဟုတ်ရဲ့လား ဒေါ်မြ``

ထမင်းချက်တဲ့ အန်တီကို လှမ်းမေးသံက နားထဲတန်းဝင်လာ၏ ။

``ဟုတ်တယ် ဆရာ....ကလေးက လူတာ ငယ်တာ လက်ဆိတ်ရှိတယ်``
``ဟုတ်တယ်ဗျို့........သားစားလေ...ဒီလက်ယာရှင်ကို တွေ့ရင် ဒယ်ဒီသား တအားအံ့သြမှာကွ``

ဘဘက သူ့သားကိုလဲ ပြောပြနေသေးသည် ။ ထား ၀င်ရကောင်းနိုးတွေးနေစဉ်မှာ  ဖေဖေက ထားကိုမြင်သွားခဲ့ပါပြီ ။

``သမီးလေး လာလေ .........တခါတည်း ၀င်စား``

ဖေဖေ အသံကြားတာနဲ့ ဘဘက

``ဟော လာပါပြီ ဒီနေ့ ထမင်းဝိုင်းရဲ့ လက်ရာရှင်လေး``

ထား ရှက်လိုက်တာ ။ တခါမှ မသိသေးတဲ့ အကိုတယောက်ရှေ့မှာ ခုလိုဘဘက ချီးမွန်းနေတော့ ဘယ်လိုနေရမှန်းကို မသိပါဘူး ။
အသာမျက်လွှာချပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ဖြင့်

``ထားလေး ဒါက ဘဘ သား စည်သူမောင်တဲ့........ပုတုလို့လဲ ခေါ်တယ်..........သမီးကတော့ ကိုကို လို့ခေါ်ပေါ့``

ဘဘက မိတ်ဆက်ပေးတော့ သူကို မကြည့်လို့မရတော့ဘူး  ။ မော့ကြည့် ပြုံးပြတော့......သူကလဲ ပြန်ပြုံးပြပါသည်။ ဒါပေမယ့် ကိုကို အကြည့်တွေက ထားကို ရီစရာတခုကို တွေ့ရသလို ပြုံးစိစိ ။ ကိုကို ဆိုတဲ့လူကို တွေ့လိုက်ရတဲ့ ခဏလေးမှာဘဲ  ငယ်ရွယ်တဲ့ ထားနှလုံးက ခံစားမှုတစ်ခု ဖြစ်ပေါ်သွားမိတာကိုတော့ ထားကိုယ်တိုင်ကို သေချာသတိမထားမိလိုက်ပါဘူး ။ရုပ်ရည်သနားကမားလေးနဲ့ ကိုကိုက စတိုင်ကျတဲ့ ခေတ်လူငယ်လေးတစ်ဦးပါ ။ ကိုကိုဆံပင်တွေက ယောက်ျားဖြစ်ပြီး ပျော့နေတာက မနာလိုချင်စရာပါပဲ  ။ ဂုတ်ပေါ်ဝဲကျနေသည့်သူဆံပင်တွေ ထားအလွန်နှစ်သက်သွားမိသည်။တီရှပ် အပြာဖျော့လေးကို  ဂျင်းဘောင်းဘီ အပြာရောင်ရင့်ရင့်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည် ။လူကြီးတွေရဲ့ စကားသံတွေဖြင့် စိုပြေနေသော ထမင်းဝိုင်းလေးတွင် ကိုကိုနဲ့ ကျွန်မ နှစ်ယောက်သာ နှုတ်ဆိတ်ငြိမ်သက်နေသူတွေအဖြစ် ရှိနေကြလိမ့်မည်သာ ။

*************************************************


ကိုကို တို့ သားဖကို  နေ့တိုင်း ထမင်းပို့ပေးရသည်က ထားတာဝန် ။ တစ်နေ့တော့ အိမ်က ကားမောင်တဲ့ ဘဘအေး နေမကောင်းတာနဲ့ ထားကိုယ်တိုင် ကားမောင်းပြီး ထမင်းသွားပို့ဖြစ်ခဲ့သည်။ ဘဘတို့ အိမ်ရှေ့ရောက်တော့ မည်သူကိုမျှ မတွေ့ရ ။ ဘဲ( လ် )တီးတော့လည်း မည်သူမျှ ထွက်မလာ ။ .ဘဘ ဂျစ်ကားလည်း မတွေ့ဘူးဆိုတော့ အိမ်မှာ တစ်ယောက်မှ မရှိကြဘူးလို့ ထင်လိုက်မိသည် ။ ဘေးဘက်ကို ပတ်ကြည့်မိတော့မှ ကိုကို တစ်ယောက် စကိတ်စီးနေတာကို တွေ့လိုက်ရသည်။

``ဒီမယ် ဒီမယ်``

ထားခေါ်သံကြောင့် ထားရှိရာဘက်သို့  လှည့်ကြည့်လာသူ ကိုကို ။ ထားကိုတွှေုတော့  ပထမ  အံ့သြသွားသည်။ အားနာသွားပုံလည်းရသည် ။ ထားဆီသို့ အပြေးတစ်ပိုင်းရောက်လာ၏ ။

``အော်! ညီမလေး ထမင်းလာပို့တာလား.။ ကိုကို ကားသံကို မကြားလိုက်ဘူး.......အားနာလိုက်တာ.....လာ လာ ညီမလေး``

ဆိုပြီး ထားလက်ထဲက ၈ျိုင့်ကို လက်ပြောင်းယူပြီး ရှေ့က ဦးဆောင်ကာ အိမ်ထဲ ၀င်ခဲ့ကြသည်။ .အိမ်ထဲရောက်တော့ ဟင်းတွေလှယ်ပေးနေသည့်  ကိုကို မျက်နှာက ထားကို အားနာနေသည့်ပုံက အထင်းသား ။ ကိုကို က စကားနည်းသူပါ ။
ခပ်တည်တည်နေတတ်ပြီး လေခြွေတတ်သူက ဒီနေ့တော့ ထားကို အားနာနာနဲ့ စကားတွေ
တော်တော် ပြောနေရသည် ။ ကိုကို ကိုကြည့်ပြီး ရီချင်နေသည့် ထားကိုထား မနည်းထိန်းထားရသည်။ ထားနဲ့ ကိုကို က နှစ်ဘဲကွာကြသူတွေပါ ။ ကိုကိုက သူကိုယ်သူ ဇွတ်လူကြီးပုံဖမ်းနေသူကြီး ။ ပြန်တော့  ထားကို ကားနားထိပြန်လိုက်ပို့ပေးရင်းဖြေးဖြေး မောင်ဖို့လဲ မှာနေသေးသည် ။ ထားစိတ်ထဲ ပျော်နေသလိုလို ၊ ကျေနပ်သလိုလို ခံစားလိုက်မိ၏ ။

*************************************************

ထား အနေအေးတဲ့ ကိုကို နဲ့ ခပ်သွက်သွက်ထား တော်တော် လေးရင်းနှီးခဲ့ကြသည် ။ တွေ့လိုက်ရင် စကားသိပ်မပြောဖြစ်ကြပေမယ့် ထားလက်ရာ ဟင်းတခုခု မပါသည့် နေ့ဆို ကိုကိုကထမင်းစားမကောင်းဘူးဆိုပဲ ။
စာမေးပွဲနီးတော့ ကိုကို အတွက် နေ့တိုင်း စာချင်တာလေးတွေ ချက်ပေးမိသည်။ စာမေးပွဲပြီးတော့ ကိုကိုက ရန်ကုန်သို့ ပြန်သွားသည်။ ပြန်ခါနီး လာနှုတ်ဆက်စဉ် ထား ရင်ထဲ ငိုချင်လိုက်တာ ။ ဘယ်လိုခံစားမှုကြီးမှန်း မသိဘူး။
ဒီလိုနဲ့ ကိုကို နှင့် ထား တစ်နယ်ဆီဝေးသွားခဲ့သည် ။ ကိုကိုက ရန်ကုန်မှာ သင်တန်းတွေ တက်နေတယ်လို့ ဘဘလာတိုင်း ပြောပြတတ်သည်။  ထားဆီကို ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရသည့် ကိုကို့ ကို စိတ်နာမိသလိုပဲ  ။ ထားလဲ ကိုးတန်းရောက်ပြီမို့ စာတွေကလည်း များလာပြီ ။ ဒီကြားထဲက ကိုကို ကိုတော့ သတိရမိတတ်သည်။ ကိုးတန်းစာမေးပွဲ  ဖြေပြီးတော့ ဆယ်တန်းကို ရန်ကုန်မှာ ကျောင်းပြောင်းတက်ဖို့ မေမေတို့စီစဉ်ကြသည် ။ မမကြီးနဲ့အတူရန်ကုန်မှာ ကျောင်းတက်ခဲ့ရသည် ။ တစ်နေ့ ထားဆီကို  လူတစ်ယောက် ဖုန်းဆက် လာသည် ။ ထားလုံးဝ မမျှော်လင့်ထားသူတစ်ယောက်ပါ ။ သူအသံကိုကြားလိုက်ချိန်မှာ အရမ်း အံ့သြသွားမိသည် ။ ထားဆီ ဖုန်းလာစရာ မေမေတို့ဘဲ ရှိတာလေ ။ မေမေတို့လဲမဟုတ်ဘူး ဆိုတော့

``ဟဲလို...............အမိန့်ရှိပါရှင်``
``ကလေးလေး စာတွေ ရပြီလား``

အိုသူပါလား ။ ဟုတ်ရဲ့လား ။ ထားနားကြားများ မှားလေသလား ။ ဟင်အင်မမှားဘူး  ။ သူမှသူအစစ် ပါ ။ ထားကို ကလေးလေးလို့ ခေါ်တတ်သူ ကိုကို တစ်ယောက်ပဲရှိသည် ။

``ရှင်.........ကိုကို မလားဟင် ``
``ဟုတ်တယ်.......ကိုကိုပါ ကလေးလေး ``
``အံ့သြလိုက်တာ............``
``ကိုကို သတိရလို့.........ကလေးလေး ဘာလိုသေးလဲ.........ကိုကို ဘာလုပ်ပေးရမလဲ``
``ပြည့်စုံသွားပါပြီ ကိုကို.........ခုလို မေးတာနဲ့ တင် ပြည့်စုံနေပါပြီ ကိုကို..........ကျေးဇူးတင်ပါတယ်``
``ကလေးလေး ရယ်..........စကားတွေပို တတ်လာတယ်နော်``
``ကိုကို ထင်လို့ပါ ``
``စာတွေသေချာကျက်နော် ကလေးလေး ..........ကိုကို စာမေးပွဲပြီးရင် လာတွေ့မယ်``
``ဟုတ်ကဲ့ပါ ကိုကို``

တာတာ့ ဆိုပြီး ကိုကို ဖုန်းလေးချသွားပေးမယ့် ထားမှာတော့ ဖုန်းလေးကို အဓိပ္ပာယ်မဲ့ငေးကြည့်နေမိသည် ။ ပေါ်လာပြီး......ထပ်ပျောက်သွားအုံးမယ်ထင်ပါတယ်လေ ။
စာမေးပွဲတွေပြီးလို့ နယ်ပြန်တဲ့အထိ ကိုကို ရောက်မလာခဲ့ပါဘူး ။ ဘဘဆီက ကိုကိုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ကြားရတိုင်းနားစွင့်မိရင်း ရင်ထဲက နာကျင်လာနေမိသည် ။ အချစ်ဆိုတာက ဒါကြီးလားကိုကိုရယ်။မသိနာမလည်တဲ့ အရွယ်ထဲက ကိုကိုက ထားနှလုံးသားနန်းတော်ကို သိမ်းပိုက်ထားခဲ့သူပါ ။ ဒီနေ့ သင်္ကြန်အကြိုနေ့လေးပါ ။  သူများတွေ ရေကစားနေကြဖို့ ပြင်ဆင်နေကြချိန် ထားတစ်ယောက်ကတော့ ကောင်းကောင်း အိပ်နေခဲ့သည် ။ အခန်းဝကနေ မေမေ လာနှိုးမှ နှိုးလာခဲ့ပါသည်

သူငယ်ချင်းနှစ်ယောက် စကားတွေ ဖောင်ဖွဲ့ပြီး သီဟက ရေလောင်းမယ်ဆိုတာနှင့် အိမ်ရှေ့ ကိုထွက်လာခဲ့ကြသည် ။ သီဟရေလောင်းနေစဉ်မှာပဲ  ထားမြင်ကွင်းထဲသို့ ကိုကို့ ကိုတွေ့လိုက်ရသည် ။
ထားဆီသို့ လာနေရာကနေ သီဟရေလောင်းနေတာကိုလည်း မြင်ရော ကားပေါ်သို့ ချက်ချင်းပြန်တက်မောင်းသွားလေတော့သည် ။
ကိုကိုရယ်အတော်နေနိုင်တယ်နော်။ကိုကိုရယ်မျှော်လင့်ခဲ့ရတဲ့အချိန်မှာထားခံစားခဲ့ရတာတွေကိုနည်းနည်းလေးမှ တွေးမပေးခဲ့ဘူး ။
ထားတို့ နယ်မှာ ကိုကိုရှိနေပေမယ့် ထားဆီကိုတစ်ရက်မှ ပေါ်မလာခဲ့ဘူး ။ သိပ်နေနိုင်တဲ့ ကိုကို ကို စိတ်ထဲမှာ နာကျည်းလာမိသည်
။ မှန်းဆရခက်သည့် ကိုကို့စိတ်ကိုလည်း ကြောက်လာမိသည် ။

*************************************************

ထား ရင်ထဲက ခံစားချက်ကိုလဲ ဖေဖေတို့ မေမေတို့ သိနေပါတယ်..........ဒါပေမယ့် ထား ဘ၀ဆိုတာ ရေတိုကို မကြည့်ရဘူးနော် ရေရှည်ကို ကြည့်ပါ ခဏတော့ သာယာပေမယ့် တဘ၀စာအတွက်ဆို ထားလေး စိတ်ဆင်းရဲရလိမ့်မယ်............ဒီတော့ ထားလေး ကိုယ်ကို ထိန်းသိမ်းပါနော်...........ခံစားရမယ်ဆိုတာ ကို မေမေတို့သိပါတယ်...........ခံစားမှုကို အသိတစ်ခုနဲ့ ထိန်းပါလို့ မေမေ မှာချင်တယ်သမီးလေး.......ကျေးဇူးတရားတွေကို တခြားနည်းနဲ့ဘဲ ဖေဖေတို့ မေမေတို့ ဆပ်မယ်ထားရယ် …ဘာသာခြားတစ်ယောက်ကိုတော့ ဘယ်လိုနည်းနဲ့မှ သမက်မတော်ချင်ဘူးကွယ် ။ မေမေတို့  စေတနာကို ထားလေး နားလည်ပေးပါနော် ။ ကဲ.. ခရီးသွားဖို့အတွက် ပြင်ဆင်တော့ ထား ။ မေမေ မှာတာတွေကိုလည်း မမေ့ပါနဲ့နော် ။ .သွားတော့..........ထည့်စရာ၇ှိတာတွေ ထည့်ထားနော်............*

ရေခိုးရေငွေ့က ပေါင်းစည်းမိသည့်အခါ တိမ်တိုက်ဖြစ်လာပြီး မိုးရေတွေအဖြစ် ရွာသွန်းစေသလို ခံစားနာကျင်ခြင်းဆိုသည့် ရင်တွင်းဝေဒနာတွေကို စုပေါင်းလိုက်သည့် အခါ မှာတော့ ခံစားချက်သက်သေဖြစ်သည့် မျက်ရည်တို့ ဖြစ်တည်လာရသည် ။ မျက်ရည် ဆိုတာခံစားမှုတစ်ခုရဲ့သက်သေပါ။တူညီသည့် ဖွဲ့တည်မှုတွေရှိနေသော မျက်ရည် နဲ့ မိုး ကိုပေါင်းစည်းလိုက်ချိန်မှာတော့  မျက်ရည်မိုးတွေ ပါးပြင်ပေါ်သို့ သည်းမည်းစွာဖြင့် ရွာသွန်းချလိုက်မိပါတော့သည် ။


အခန်းထဲကို ရောက်လာပေမယ့်  ထားစိတ်တွေ ဆောက်တည်ရာမရအောင် နာကျင်နေခဲ့ပြီ ။ မေမေ ပြောလိုက်သည့် စကားသံတွေပဲ ထားနားထဲမှာ ပဲ့တင်ထပ်နေခဲ့လေတော့သည်
။နောက်ဆုံးတော့ စွန့်လွတ်ရတော့မည် ကိုကို ။ ဒီချိန်မှာ ထားရင်တွေ တစ်စစီကွဲကြေနေရပါပြီ ။ ချစ်လျှက်နဲ့ ခွဲရသည့်ဝေဒနာလောက် နာကျင်ဖွယ်အဖြစ်ဘယ်မှာ ရှိအံ့ ။ တိုတောင်းတဲ့ ဘ၀မှာ ခွဲခြား ၊ ကွဲပြားခြင်းတွေနဲ့ ဘာလို့တွေ့ဆုံခဲ့ရတာလည်း ကိုကို ။ အတားဆီးမဲ့ ကျဆင်းနေသည့်မျက်ရည်မိုးတွေအား သုတ်ပစ်ဖို့ပင် အင်အားမရှိနိုင်တော့ပါ   


*************************************************


နောက်နေ့ မနက်အစောကြီးငပီလီကို ထွက်ခဲ့ကြသည် ။ ကားပေါ်မှာ ကိုကိုနဲ့ အတူ သူ့သူငယ်ချင်းတစ်ယောက်ပါ ပါလာသည် ။ လမ်းတစ်လျှောက် ကိုကိုကော ထားပါ အကြည့်ချင်း မဆုံမိအောင် ရှောင်မိကြသည် ။ ညနေလောက် ငပလီကို ရောက်ပါသည် ။ ဘန်ဂလိုရောက်သည်နှင့်  အန်တီဆုကို လိုအပ်တာတွေ လုပ်ပေးအပြီး. မမချောကို ဘာလုပ်ပေးရမလဲမေးတော့ အရမ်းအာနာနေသည့် မျက်နှာလေးဖြင့်

*ရပါပြီ ထားလေး၇ယ်..........ခုလို လုပ်ပေးနေတာတောင် အားနာလှပါပြီ*
မမချောကတလမ်းလုံး ကားတောင့်တာ ရောက်တော့ ဒေါင်းချင်နေပြီ*
*ထား လမ်းလျှောက်ချင်လို့ မမ.*
*သွားလေ ထား..........ဟဲ့ ပုတု ကလေးနဲ့ အဖော်လိုက်သွား*

ထား ကိုကိုနဲ့ တူတူ မသွားချင်ဘူး ။ ငြင်းဖို့ကြတော့လည်း မတတ်နိုင်တာမို့ အတူတူ ထွက်လာခဲ့ရပါတော့သည် ။တစ်ယောက်နဲ့တစ်ယောက် စကားလဲ မပြောဖြစ်ကြပါဘူး ။ ကိုအတွေးနဲ့ကို တိတ်ဆိတ်နေမိသည်။ တိတ်ဆိတ်ခြင်းကို စတင် အသက်သွင်းလိုက်သူကတော့ကိုကိုပါဘဲ။


*ကလေးလေး.........ဆံပင်တွေ တော်တော် ရှည်နေပြီနော်*
*ဟုတ်ကဲ့ ကိုကို.................*
*ကလေးလေး စကားလဲနည်းသွား*
*ဟုတ်ကဲ့ ကိုကို*
*ကလေးလေး ကိုကို ကို တခုခု စိတ်ခုနေတာလား*
*မရှိပါဘူး ကိုကို*
*ဟာ............*

ဆိုပြီး ရှေ့ကနေအရင် ထွက်သွားသူက ကိုကိုပါ ။ သေချာတယ် ကိုကို စိတ်ဆိုးသွားပြီ ။ ဆိုးပါ ကိုကို နာကျည်းသွားရင် ပိုကောင်းပါတယ်ရှင်။ရှေ့ကနေ သွားနှင့်နေသော်လည်း နောက်မှာ ကျန်ခဲ့သည့် ကလေးလေးကို ကျွန်တော် သောင်ပြင်မှာ ထိုင်စောင့်နေလိုကသည်။ လေထဲမှာ လွင့်မျောနေသည့် ဆံနွယ်များက တင်ပါးနားထိ ရှည်နေပါပြီ ။ လှလိုက်တဲ့ ဆံနွယ်တွေကွာ ။ ဖြူတယ်ဆိုတာထက် သနပ်ခါးရောင် အသားရည်လေးနဲ့ မြင်သူငေးလောက်တဲ့ ကိုယ်ခန္ဒာမှာ ချပ်ရပ်ရပ်လေးမှာ ပါတိတ်ဝမ်းဆက်
ပိတောက်ခြောက်ရောင်းလေးကို ဆင်မြန်းထားသည့် ကိုကို့ကလေးလေး ။ လှချင်တိုင်းလှနေတဲ့ ကလေးလေးကို လွန်ခဲ့တဲ့ သုံးနှစ်ခန့်် ချာတိတ်မလေးဘ၀ထဲက အရူးမူးချစ်ခဲ့မိသူပါ ။ အသိတရားတွေက ထိန်းချုပ်နေသော်လည်း .အချစ်ဆိုတာ ခက်သားသားလေ ။ ကလေးလေး ရယ် သိပ်ချစ်တယ်ကွာ။


*************************************************



ဒီနေ့တော့ အားလုံးရေထဲဆင်းဆော့ဖြစ်သည် ။ ထားက ရေကြောက်သူလေးပါ ။ ရေလည်းမကူးတတ်ဘူး ။ ကမ်းခြေမှာ ကျွန်တော်တို့ ဆော့တာကို ထိုင်ကြည့်နေသည့်ထားကို မမချော က အတင်းခေါ်နေသည် ။ ထားကလည်း အတင်းငြင်းရှာသည် ။ တစ်ယောက်ထဲ ထိုင်နေသည့်ထားကို ပျော်စေချင်သည့် စေတနာဖြင့် မချောကလည်း အတင်းဆွဲခေါ်နေသည် ။ နောက်ဆုံး မချောကို အားနာလာသောကြော့် ထားတစ်ယောက် ရေထဲကို ပါလာပါတော့သည် ။
ရေထဲကို ရောက်ရင်ဖြင့် မောင်နှမနှစ်ယောက်သား ထားကို ပျော်အောင်စကြပါတော့သည် ။ မမချောကော ကိုကိုပါ ရေကူးကျွမ်းသူတွေပါ ။ ထားကို ဘောကွင်းပေါ်တင်ပေးလိုက် ဆွဲချလိုက် ပြန်ဆယ်လိုက်နဲ့ ထားမှာ မောလည်းမော ကြောက်လည်းကြောက်နေပေမယ့် ကိုကို ပျော်နေတာကိုကြည့်ပြီး တားဖို့ စကားလုံးတွေက ပါးစပ်ဖျားကနေ ပျောက်နေခဲ့သည် ။
ကိုကို ဒီလို ပျော်နေတာမျိုး တခါမှ ထား မမြင်ခဲ့ဘူဒပါ ။ ကိုကို ရယ်နေတာ သိပ်ကို ချစ်ဖို့ကောင်းတာပဲ ။
အပျော်တွေ မဆုံးခင်မှာ ကံကြမ္မာဆိုးနဲ့တူသော လှိုင်းတွေ တင်လာတာကို မသိဘဲ မမချောက ဆွဲချလိုက်ချိန် ထား ရေနစ်ပါတော့သည် ။


ခပ်လှမ်းလှမ်းကို ရောက်နေသည့် ကျွန်တော် သိသိချင်း ကူးလာချိန်မှာ မမှီတော့ပါဘူး ။ ကျွန်တော်အသည်းသန်လိုက်ဆယ်ပေမယ့် လှိုင်းကြမ်းနေတဲ့အချိန်ဖြစ်တာမို့ထားကိုဘယ်လိုမှ မကယ်လိုက်နိုင်ဘူး ။ မောင်နှမနှစ်ယောက် စလုံး  ရဲ့ အစသန်မှုက  ကျွန်တော် သိပ်ချစ်ရတဲ့ ကလေးလေးကို သေမင်းဆီကို တွန်းပို့လိုက်လေပြီ ။ဖြေသိမ့်စရာ စကားလုံးမရှိအောင်ပါပဲ ။ရေကူးကျွမ်းပါတယ်ဆိုတဲ့ ကျွန်တော် မမ သူကိုယ်သူ ယုံကြည်မှု လွန်ကဲခဲ့ခြင်းရဲ့ ရလာဒ်က အားလုံးရင်ကျိုးရလေပြီ ။ ကလေးလေး အလောင်းကို ပြန်ရအောင်တောင်မနည်းရှာရခဲ့ရလေသည်။ ကလေးလေး မိဘတွေ ချက်ချင်း ဒယ်ဒီနဲ့ အတူတူ လိုက်လာကြသည် ။
အန်တီရဲ့ ရင်ကွဲပတ်လတ် ငိုသံနှင့်မျက်ရည်စကများ ။ အန်ကယ်ရဲ့ မချိတင်းခဲ ငိုကြွေးမှုကြောင့် စီးဆင်းလာတဲ့ မျက်ရည်စီးကြောင်းများ မမချောရဲ့ သူကိုယ်သူ ဘယ်တော့ မှ ခွင့်မလွတ်နိုင်တဲ့ မချိတင်ခဲဝမ်းနည်းခြင်း မျက်ရည် စက်များ ၊ ဒယ်ဒီနဲ့ မာမီရဲ့ သမီးလေးလိုချစ်ရသည့် ကလေးတစ်ဦးကို ဆုံးရှုံးလိုက်ရသည့် ၀မ်းနည်းပူဆွေးမှု မျက်ရည်တွေ နဲ့ အတူ သိပ်ချစ်ရတဲ့ ကလေးလေးအတွက် ကျွန်တော်နှလုံးထဲက ကျဆင်းလာသည့် နှလုံးသားမျက်ရည်စက်တို့ ပေါင်စည်းလိုက်သည့်အခါမှာတော့  သိပ်ကို လှပသည့် မိန်းမငယ်လေတစ်ယောက်းရဲ့ ဈာပနအခမ်းနား တစ်ခုမှာ  မျက်ရည်မိုး တွေအတားဆီးမဲ့ ရွာသွန်းဖြိုးခဲ့ကြလေတော့သည် ။

*** ခိုင်လေး ( ရွှေတောင် ) ***

စတိုင်ထုတ်ပြီး ဟဲလို လိုက်ရပါတော့သည်

တိုးတက်ဖွံ့ဖြိုးမှုတိုင်းတွင် ကောင်းကျိုးတွေ ရှိသလို ၊ ဆိုးကျိုးတွေလဲ ရှိတတ်စမြဲပါပဲ။ ယနေ့ တိုးတက်
ပြောင်းလဲလာတဲ့ ခေတ်ကာလကြီးထဲမှာ မြန်မာနိုင်ငံရဲ့ လူတိုင်းဖုန်းကိုင်နိုင် ရေးစီမံချက်နဲ့ ခုဆို ကျပ်နှစ်သိန်း
တန် ဖုန်းတွေကို စတင်ရောင်းချပေးပါပြီ။ဖုန်းဆို ငမ်းငမ်းတက်ကိုင်ချင်နေတဲ့ ကျွန်မ နဲ့ ကျွန်မရင့်နှစ်သည်းချာ
သားတော်မောင်တို့ ဖုန်းကတ်အရောင်းဆိုင်သို့ အပြေလွှားလေး ချီတက်ခဲ့ကြတာပေါ့။ ဖုန်းကတ်ဝယ်ရတဲ့
နေရာမှာတော့ အရမ်းကို အဆင်ပြေခဲ့ပါသည်။ မှတ်ပုံတင်မိတ္တူလေး နှစ်စောင် ရယ် ၊ ပတ်စပို့(စ်)ပုံလေး နှစ်ပုံ
ပေးပြီးတာနဲ့ ဇိမ်လေးနဲ့ ထိုင်နေရုံပါဘဲ။ ဖော်ရွေပျူငှာတဲ့ အရောင်စာရေးမလေးတွေက ဖောင်ကအစဖြည့်ပေးပါ
သည်။ လက်မှတ်ထိုးဖို့နေရာမှာ လက်မှတ်လေးထိုးပြီး ငွေနှစ်သိန်းပေးချေလိုက်တာနဲ့ ကျွန်မတို့ သားအမိ
လက်ထဲကို ဖုန်းကတ်လေးတွေ ရောက်ရှိလာပါသည်။ လက်ဆောင်ဖန်ခွက်လေးတောင် အဆစ်ရခဲ့ပါသေး
သည်။ သားမိနှစ်ယောက်သား အဲဒီဆိုင်မှာဘဲ ဟန်းဆက်လေးတစ်ယောက်တစ်လုံးဝယ်ကာပြီးချိန်မှာတော့
ကျွန်မ ပိုက်ဆံအိတ်လေးက သနားစရာ ပိန်ပိန်ကပ်ကပ်မော်ဒယ်လေးလို ပြားချပ်သွားပါတော့သည်။ ပြားချပ်
နေပေမယ့် ငွေကဒ်က ထပ်ဖြည့်လိုက်ရတဲ့အချိန်မှာတောက ခါလီဘ၀ကို ရောက်သွားလေပြီ။ ပိုက်ဆံအိတ်
ကို ပြောတာပါ။ ဒီလိုနဲ့ မျောက်အုံးသီးရသလို ဖုန်းတစ်ယောက်တစ်လုံးဆီနဲ့ အိမ်တော်မင်္ဂလာသို့ သားမိနှစ်
ယောက်လက်ချင်းချိတ်ပြန်လာခဲ့ကြပါသည်။အရာရာတိုင်းမှာ ဆိုးကျိုးကောင်းကျိုး တစ်ဝက်ဆီရှိနေကြတယ်
ဆိုတာကို ခုထွက်ပေါ်လာတဲ့ နှစ်သိန်းတန်ဖုန်းလေးက သက်သေတည်သွားခဲ့ပါသည်။ ကောင်ကျိုးလေးအရင်
ပြောကြည့်ရအောင်နော်။ ကျွှန်မအိမ်ပြန်ရောက်တာနဲ့ အရင်ဆုံး အမေရှေ့မှာ ဖုန်းလေးတစ်ကိုင်ကိုင်ပေါ့။
စိတ်ထဲကလည်း အမေကြိုးဖုန်းကို မထိဘူးဗျို့ လို့တိတ်တဆိတ်ကြွေးကြော်လိုက်ပါသေးသည်။အိပ်ယာပေါ်
ပက်လက်လေးလန်ပြီး သူငယ်ချင်းတွေဆီကို စတိုင်ထုတ် ဖုန်းပြောရတာလဲ တော်တော်အရသာရှိသကို။
နောက်ဆုံး အခန်းထဲကနေ အိမ်ရှေ့ကိုတောင် ဖုန်းလေးနဲ့ ငါဆီဘာလာပို့ပေးပါဟေ့ဆိုသာလေးကလဲ ဇိမ်ပေါ့။
အပြင်ထွက်လို့ ဖုန်းအိတ်လေး ကိုင်ထားရတာကိုက စတိုင်မိနေသလိုလေး။ အိပ်မပျော်လို့ massage လေး
တွေ လိုက်ပို့ရသာကလည်းတမျိုးလေး ဆန်းနေပြန်ပါကော။ ဆိုးကျိုးတွေ စတင်တာကတော့ သားဖုန်းနဲ့ဘေး
ချင်းကပ်ခေါ်ရင်တောင် မ၀င်တဲ့ အခါမျိုးမှာ လွတ်တောင်ပြစ်ချင်လိုက်မိပါသည်။  တမိနစ် ၆၀နီးပါးမို့
ငွေကဒ်တစ်သောင်း ကုန်သွားချိန်မျိုးမှာတော့ ကြိုးဖုန်းလေးကို မျက်စပြစ်ခါ လွမ်းမိပါသည်။ တစ်မနစ် ၂၅ကျပ်
သာပေးဆောင်ရတဲ့အတွက် သိပ်မကုန်သလိုဘဲ ပြောချင်တိုင်းတွေ ပြောခဲ့မိတာတွေကို လွမ်းမိပါတယ် ကြိုးဖုန်းလေးရေလို့ ညဉ်းတွားလိုက်မိသည် ။ အဘွားရဲ့ ကွမ်းဖိုးလေး
ပျောက်ဆုံးသွားရသာလည်း ဆိုးကျိုးထဲကို ပါဝင်အကျုံးဝင်နေပြန်သည်။ အဘွားက ကြိုးဖုန်းလေးတစ်လုံးကို
အိမ်ရှေ့ မှာ ခုံတစ်လုံးနဲ့ ချထားပါသည်။ ရပ်နီး ရပ်ဝေးဖုန်းပြောနိုင်သည်။ နှစ်သိန်းတန်ဖုန်းတွေ ပေါ်လာချိန်မှာ
တော့ လူတိုင်းခါးကြားမှာ ဖုန်းလေးတွေနဲ့ မို့ အဘွားဖုန်းလေးကို တာတာ့ပြနေကြသည်။ အဘွားကွမ်းအစ်
လေးကွဲရှာလေပြီ။ ကျွန်မတွေးလိုက်မိပါသည်။ အော် လူအလိုကို နတ်တောင်မလိုက်နိုင်ဘူးဆိုတာ တယ်မှန်တဲ့
စကားပါလားလို့ တွေးနေချိန်မှာ ဖုန်းသံလေး မြည်လာပါသည်။ ဖုန်းသံကြောင့် အဘွားမျက်စောင်းက ဒိုင်းခနဲ
ကျွန်မဆီရောက်လာ တယ်ဆိုတာကို သိနေပေမယ့် မသိချင်ယောင်ဆောင်ကာ စတိုင်ထုတ်ကာ ဟဲလို လိုက်ရပါတော့သည်။

ခိုင်လေး(ရွှေတောင်)

Saturday, May 5, 2012

ခိုင်လေး 31 နှစ်သာ ဖြတ်သန်းခဲ့ရသော ဘ၀ မှတ်တမ်းလေးပါရှင်

ခိုင်လေး အသက် ( ၃၁ ) ပြည့်ခဲ့ပါပြီ ။ 31နှစ် သာမှာ အမှတ်ရစရာ ဘ၀ မှတ်တမ်းလေးတွေကို မွေးနေ့လေး အမှတ်တရ ပြောပြချင်တယ်။
ဒီနေ့လိုနေ့မျိုးလေး နေံခင်း 2နာရီမှာ အချိန်မှာ ခိုင်လေး လောကကြီးထဲကို ရောက်လာခဲ့ပြီ ။ လောကကြီးထဲမှာ အပူပင်မရှိ လူဖြစ်လိုက်တာ သိတတ်စ 4 တန်းကျောင်းသူဘ၀ကို ရောက်လာခဲ့ပါသည်။

ခိုင်မာဝင်း နဲ့  ထွန်းလင်းအောင်ကတော့ ခိုင်လေး အချစ်ဆုံး သူငယ်ချင်းတွေပေါ့ ။
ခိုင်မာဝင်းကတော့ ခုဆို သစ္စာနှင်းဆီ ရုပ်ရှင်ထုတ်လုပ်ရေး ကိုလုပ်ကိုင်နေပြီ။
ထွန်းလင်းအောင် ကတော့ သဘောင်္တက်ပြီး ကမ္ဘာပတ်နေပြီလေ။
2 ယောက်စလုံးကို မွေးနေ့လေးမှာ အရမ်းလွမ်းနေမိပါသည်။
ဒီနှစ်လေးမှာတော့ ထူးထူးခြားခြား အမှတ်တရ ဘာမှမရှိဘူး
ထူးခြားတာဆိုလို့ 5တန်းရောက်သွားတာမို့ ထဘီ ကျောင်းစိမ်း
ပြောင်းဝတ်ရတယ်လေ။ ထဘီမ၀တ်တတ်လို့ ပီနံကြိုးနဲ့ ချီဝတ်ရတာလေးဘဲ ရှိပါတယ်။
ဆိုးရွားတဲ့ ရောဂါကြီး တစ်ခု ခိုင်လေးဘ၀လေးထဲကို စတင်ရောက်ရှိလာခဲ့ပါတယ်။
လွတ်လပ်ရေးနေ့ အပြေးပြိုင်ပွဲ ၀င်ပြေးတယ်လေ။ ပထမဆု ရခဲပပေမယ့် ပန်းတိုင် ၀င်တော့ နှလုံးခုန်နှုန်းတွေ
တအားမြန်ပြီး သတိလစ်သွားခဲ့တယ်။ ဆေး၇ုံကို ရောက်သွားတယ်။ ဒီမှာဘဲ မွေးရာပါ နှလုံးခုန်နှုန်းတအားမြန်တဲ့
ရောဂါရှိနေတယ်ဆိုတာကို သိခဲ့ရတယ် ။ အဲဒီနောက်ပိုင်းကစပြီး ဆေး၇ုံဆိုတာကို ခဏခဏ တက်ခဲ့ရပါတယ်။
နောက်အမှတ်တရ လေးတခုက အဲဒီနှစ်လေးမှာဘဲ ခိုင်လေးတို့ အထည်တိုက်က စည်းလုံးချည်လေးတွေကို
တီဗီမှာ ကြေငြာရိုက်ခဲ့တယ် ။ ခိုင်လေး မမကြီးနဲ့ ရှိုက်တာပါ ။ ကြေငြာရိုက်ကွင်းလေးမှာ မမကြီးနဲ့ အမှတ်တရ
ရိုက်ထားတဲ့ ပုံလေးပါ ။ မမကြီးက ခိုင်လေးထက် 3နှစ်ကြီးတယ်။ ခိုင်လေး အမအရင်းပါ။ ညီမ 3ယောက်ရှိတယ်လေ။
ခိုင်လေးက အလတ်ပါ ။

ဒီနှစ်ကလေးကတော့ တော်တော် ထူးခြားတယ်ရှင့် ။ ဘ၀တစ်ခုလုံးကို ပြောင်းလဲစေမယ့် အပြောင်းလဲ တခုကို
ကြုံခဲ့ရတယ်လေ။ ခိုင်လေး တို့ သူငယ်ချင်းအဖွဲ့လေးထဲကို လူတစ်ယောက် ရောက်လာတယ်။
နာမည်က စည်သူအောင်တဲ့ ။ ရင်ခုန်တာကို သေချာ အဓိပ္ပာယ်မဖတ်တတ်သေးတဲ့ အရွယ်မှာ
လေတိုက်ရင်တာင် ရယ်ချင်နေတာလေ။ ဒါကို အချစ်လို့ မှတ်ယူကာ ရူးမိုက်ခဲ့တယ်။
ထူးခြားတာဆိုလို့ အချစ်ဆုံးသူငယ်ချင်းလေး ခိုင်လေးဘေးကနေ ပျောက်သွားတယ်။
ရန်ကုန်ကို ပြောင်းသွားတယ် ရင်ထဲမှာ နစ်နစ်နဲနဲ ခံစားခဲ့ရတဲ့ နှစ်လေးပေါ့ရှင်။
ခိုင်လေး စာတွေ ရေးတတ်ဖို့အတွက် အစပြု သင်ကြားပေးခဲ့သူ
ခိုင်လေး အချစ်ရဆုံး မြန်မာစာ ဆရာမ ဒေါ်မေသန်းနှင်းပါ။
ဆရာမ သင်ကြားပေးမှုနဲ့ စာစီစာကုံးဆုတွေ အများကြီး ရခဲ့ဖူးပါတယ်။
ဒီနှစ်လေးမှာတော့ ထူးခြားတာတွေ ရှိနေပါတယ် ။ စည်သူနဲ့ ချစ်သူတွေ ဖြစ်နေလို့
မေမေတို့က ရန်ကုန်မှာ ကျောင်းပြောင်းထားခဲ့တယ်။မှတ်မိနေသေးတယ်။
10တန်းကို အ.ထ.က (2) စမ်းချောင်း ( စိန်ဖရိုး) ကနေ စဆခ 480 ဆိုတဲ့ ခုံနံပတ်လေးနဲ့ 1998 က
မြန်မာစာ 72 မှတ် ၊ အင်္ဂလိပ်စာ 50 မှတ် ၊ သချာင်္ 69 မှတ် ၊ သိပ္ပံတွဲ 71 မှတ် ၊ ၀ိဇ္ဖာတွဲ 45 မှတ်နဲ့
ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့တယ်။
10တန်းအောင်ပြီး တွေ့ဆုံလေးကိုတော့ ငယ်ငယ်လေးကနေ 9တန်းထိနေခဲ့တဲ့
         ရွှေတောင် ကျောင်းမှာဘဲ ပြန်တက်ဖြစ်ခဲ့တယ်။
ဘွဲ့ ယူတဲ့ တုန်းက အစမ်းနေ့က အမှတ်တရလေးပါ
ဥပဒေ ဘွဲ့ယူတဲ့ နေ့က အမှတ်တရ ဓာတ်ပုံလေးပါ
ဖေဖေ နဲ့ မေမေ
သားလေး
သမီးလေး
ခိုင်လေးဘ၀မှာ တန်ဖိုးအထားရဆုံး နဲ့ နောက်ဆုံးချစ်ခဲ့သူ
အချစ်ရဆုံး လူသားလေးပါ။
နောက်ထပ် ဘယ်သူကိုမှ ထပ်ချစ်စရာ မကျန်တော့အောင်
သူကို ခိုင်လေး အရမ်းချစ်ပါသည်။ အချစ်ကို ကိုးကွယ်မိတာလည်း
သူတစ်ယောက်တည်းအတွက်သာ ဖြစ်ပါသည်။
ခဏခဏ မေးတတ်ကြလို့ ဒီနေရာလေးကနေ
ဖြေလိုက်ပါရစေရှင် ။ အချစ်ကို ကိုးကွယ်သူလေး
ဆိုတဲ့ နာမည်လေးကို မောင် ကို သိပ်ချစ်မိလို့ အမှတ်တရ
ပေးဖြစ်ခဲ့ခြင်းပါရှင်။
Friends18.com Orkut Scraps
ခိုင်လေး အသက် 31 နှစ်သာ အတွင်း မှတ်တိုင်လေးတွေ အဖြစ်
ဆောင်းပါး 45 ပုဒ်ကို ဂျာနယ် များတွင် ပါဝင်ခဲ့ပါသည်။
ဝထ္ထုတို 10 ပုဒ်တိတိ မဂ္ဂဇင်း စာမျက်နှာတွင် ပါခဲပပါသည်။
ရေးသားခဲ့သော ၀ထ္ထုတို စုစုပေါင်း  40ပုဒ် ၊ ကဗျာ 3ပုဒ်
ဆောင်းပါးပေါင်း 65 ပုဒ် ၊ ခံစားမှုစာစု 10 ပုဒ် ၊ ဟာသ၀ထ္ထုတို 5 ပုဒ်
စုစုပေါင်း စာမူပေါင်း 123 ပုဒ် ရေးသားထားခဲ့ပြီးပါပြီ။ ခိုင်လေး ဘလော့လေးတွေကို
အားပေးခဲ့ကြာသော ခိုင်လေး စာဖတ်ပရိတ်သတ် သူငယ်ချင်း မိသားစု အားလုံးကို
ဒီနေရာလေးကနေ လေးလေးစားစား ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။
ခိုင်လေး မွေးနေ့လေးကို သတိတရနဲ့ မွေးနေ့ ဘလော့လေးတွေ တင်ပေးခဲ့ကြသော
ကလေးလေး မေသက်ထားဝင်း ၊ အကို ညီလင်းနိုင် (အနာဂတ်ကောင်းကင်) ၊ မောင်လေး အပြာရောင်ချစ်သူ
ညီမလေး စိမ်းမမစိမ်း ၊ ညီမလေး ခိုင်မာ  နှင့်တစ်ကွ မွေးနေ့ဆုတောင်းလေးတွေနဲ့ ဆုတောင်းပေးကြသော
အကို အမ မောင်လေး ညီမလေး အားလုံးနဲ့ ရွှေမြန်မာ မိသားစုဝင်အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။
မွေးနေ့လေးမှာ အရမ်းကို ကြည်နူးပျော်ရွင်ရအောင် ဖန်တီးပေးကြသူအားလုံးကို  ကျေးဇူး တင်ရှိပါတယ်။
Friends18.com Orkut Scraps

ရွှေစင်သွန်းစို ခိုင်လေးပျို


ရွက်သစ်ဝေစ ကဆုန်လမှာ
ပီသလွမ်းမော ရွှေဥသြလည်း
ချိုတေးကြည်သာ ကျူးရင့်ကာဖြင့်
ဗျာပါလွမ်းမော ရွက်ကြွေတော ။



နေမင်းရောင်ဝါ ထွန်းသစ်လာစဉ်
ဝေဆာတင့်လန်း ရောင်စုံပန်းတို့
ဖူးသစ်ဝေတည် မွှေးမြကြည်သည်
နေခြည်လင်းစို အလှပို ။



နေ့ဟောင်းစွန့်ပစ် ကဆုန်သစ်တွင်
ဖူးသစ်ဝေဆာ ပန်းပမာသို့
မီးရှူးသန့်စင် ထွန်းဖွားမြင်ပြီ
ရွှေစင်သွန်းစို ခိုင်လေးပျို ။



မွေးနေ့မင်္ဂလာ ဤချိန်ခါတွင်
ချမ်းသာသုခ လိုတိုင်းရ၍
ပေးကုန်မခမ်း နတ်ကြာပန်းသို့
ရွှင်လန်းနိုင်ပါ စေတော့ကို ။



မွေးမိသခင် ကျွေးဖခင်အား
ပန်ဆင်ဦးချ ညွှတ်တွားခပြီး
သမီးလိမ္မာ ထီးပမာသို့
သော်တာလဝန်း ပြည့်လျှံထွန်း ။



မွေးနေ့ချိန်မှ လွန်မြောက်ထသော်
စိတ္တကာယ ပြီးပြည့်ဝ၍
လွတ်လပ်ရွှင်ပျော် ကောင်းကင်တော်တွင်
ထင်ပေါ်ပျံဝဲ နိုင်စေသတည်း ။ 




Friends18.com Orkut Scraps

အချစ်ကို ကိုးကွယ်သူလေး