Sunday, November 18, 2012

ကျွန်မရဲ့ တစ်ပိုင်းတစ်စ အတွေးစာစုလေးများ

ကျွန်မရဲ့ တစ်ပိုင်းတစ်စ အတွေးစာစုလေးများ စိတ်ဆိုတာ အရာရာကို ထိန်းချုပ်နိုင်မယ်ဆို ဆင်ခြင်ထိန်းသိမ်းနိုင်စွမ်းရှိသူတွေ အမြှောက်အမြား ပေါ်ပေါက်လာကြမှာဘဲနော် ။ စိတ်တစ်ခုရဲ့ စေရာကို လိုက်နေကြသူတိုင်း အမှားမကင်းတတ်ကြဘူး။ ဖြစ်ချင်တဲ့ဆန္ဒတွေ အရမ်းကိုပြင်းပြနေချိန်မှာ ဆင်ခြင်နိုင်မှုဆိုတဲ့ အသိတရားတွေ ဘေးကိုရောက်ကုန်တတ်ကြပါတယ် ။ တစ်ကယ်တော့ ဘ၀ဆိုတာ သိပ်ကိုတိုတောင်းလွန်းပါတယ်။ တိုတောင်းလှတဲ့ လူဘ၀ခဏတာလေးမှာ သူများအကြောင်းတွေနဲ့ အချိန်ကုန်အပင်ပမ်းခံနေမယ့်အစား ဖြစ်သင့်တာ ၊ လုပ်သင့်တာလေးတွေနဲ့ ဦးကျော်သူပြောသလို ကိုယ်သမိုင်းကိုရေး ၊ ကိုယ်အလုပ်ကို ကိုယ်လုပ်တာ အကောင်းဆုံး ကြိုးပမ်း အားထုတ်မှု ပါဘဲ။ မပေးနိုင်ရင် ဘာမှ မပေးနဲ့ ။ ပေးမယ်ဆိုရင် တစ်ဖက်လူကို စိတ်ချမ်းသာခွင့် အပြည့်ဝ ပေးသင့်ပါတယ်။ ပစ္စည်းတစ်ခုကို ပေးတော့ ပေးပါရက် အင်္ဂါမစုံတော့ ပိုင်ဆိုင်ရတဲ့သူမှာ ပြည့်စုံမှု ရှိမနေပြန်ဘူးပေါ့ ။ အချိန်ဆိုတာ သိပ်ကိုတန်ဖိုးရှိကြောင်း အချိန်ကို တန်ဖိုးရှိစွာ သုံးတတ်ဖို့ဆိုတဲ့ အကြောင်းကို ၊ စာအုပ်ပေါင်းများစွာ မှာ ဖတ်ခဲ့ မှတ်ခဲ့ဘူးပါတယ် ။ သေသေချာချာတော့ သုံးသပ်တွေးတောခြင်းမရှိခဲ့မိပါဘူး ။ အချိန် နဲ့ ပတ်သတ်တဲ့ တွေးတောဆင်ခြင်မိခြင်းတွေ ခေါင်းထဲကို တန်းစီဝင်ရောက်လာခဲ့မိပါတယ် ။ အမိဝမ်းက ကျွတ်ချိန်က အစပြုကာ အချိန်ဆိုတဲ့ စကားလုံးနဲ့ ကျွန်မတို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ် ။ ကလေးဘ၀မှာ ကျွန်မတို့အတွက် အချိန်တိုင်း လွတ်လပ်ပေါ့ပါးနေခဲ့စေပါတယ်။ အိပ်မယ် ၊ စားမယ် ၊ အိပ်ယာက နိုးထလာရင် မိခင်နို့ရည်ကို သောက်သုံးမယ်။ နို့ဝရင်ပြန်အိပ်မယ် ။ ဒီအရွယ်က လွန်မြှောက်လာတဲ့အခါ သိတတ် ဆော့ကစားကစားတတ်တဲ့ အရွယ်ကို ရောက်လို့လာပြန်တယ်။ ဒီအရွယ်မှာတော့ အချိန်တွေကို နည်းတယ်လို့ တွေးတတ်လာပါတယ် ။ ဒီထက်ပို လူလားမြှောက်လို့လာပြန်တော့ အချိန်ဆိုတာ ကျွန်မတို့ အတွက် မလောက်ငှနိုင်လောက်အောင်ကို နည်းတယ်လို့ အားမလိုအားမရတွေ ဖြစ်တတ်လာခဲ့ပြန်တာပေါ့ ။ တန်ဖိုးရှိလှတဲ့ အချိန်တွေကို တန်ဖိုးရှိတာလေးတွေနဲ့ အချိန်ကုန်တတ်မယ်ဆို လောကတခွင် သာယာလှပနေစေမယ်ဆိုတာ တွေးကြည့်ရင် ပြေးကြည့်တာထက်တောင် သေချာပါသေးတယ်ရှင် ။ ************************************************** အချစ် နဲ့ ပတ်သတ်သော ကျွန်မကိုယ်ပိုင် စကားစုလေးများ အချစ်ဆိုတဲ့ ခံစားမှု ကိုပိုလို့ အသက်ဝင်တန်ဖိုးရှိစေဖို့ အလွမ်းဆိုတာလေးက မရှိမဖြစ်လိုအပ်ပါသည်။ လူသားနှစ်ဦး နှလုံးသားချင်းပေါင်းစပ်ဖို့အတွက်ဆို နှလုံးသားတစ်ခုကိုဘဲ ငုံ့ကြည့်သင့်ပေမယ့် ဘ၀ချင်းတွေပါ ပေါင်းစပ်ကြတော့မယ်ဆိုရင်တော့ ဦးနှောက်ကိုပါ မော့ကြည့်တတ်ဖို့ လိုအပ်ပါသည်။ ငါနှလုံးသားမြေဆီလွှာမှာ အမြစ်တွယ်နေတဲ့ မင်းကိုချစ်တဲ့ အချစ်တွေကို ဘယ်လိုအင်အားနဲ့ ဆွဲနုတ်ပစ်ရမလဲ ချစ်သူရယ် ။ 528 နဲ့ 1500 ကြားမှာ ကွာဟနေတဲ့ 972 ဆိုတဲ့ ချစ်ခြင်းမျိုးနဲ့ ငါကိုမချစ်ပါနဲ့နော် ။ ဟိုမရောက် ဒီမရောက် ချစ်ခြင်းတွေကို ငါအလိုမရှိဘူး ။ အချစ်တစ်ခု ဖြစ်တည်မွေးဖွားဖို့ အတွက် အချိန် ၊ နာရီတွေ မလိုအပ်ပါ ။ နေ့ရက် တွေလည်းမလိုအပ်ပါ ။ စံချိန် စံညွှန်းတွေလည်းမလိုပါ ။ စစ်မှန်တဲ့ ရင်ခုန်ခြင်းကအစတည်တဲ့ ချစ်ခြင်းတရားတစ်ခုတာ လိုအပ်ပါသည်။

No comments:

Post a Comment