သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ
ခိုင်လေး ( ရွှေတောင် )
နေ့လည်ခင်းလေး တစ်ခုရဲ့ အမှတ်မထင် တွေ့ဆုံမှုလေးဟာ ခုချိန်ထိ ကျွန်မအသိထဲမှာ
ဘာကြောင့် စွဲမြဲစွာရှိနေခဲ့ရပါသလဲ ။ လေးစားမှု တစ်ခုကြောင့်ပေါ့ ။ ဘ၀ခရီးတစ်ဆစ်ချိုးမှာ
အကြောင်းကြောင်း တွေကြောင့် မိမိတို့ ကိုယ်လက်အင်္ဂါတစ်ခုခုကို စွန့်လွှတ်လိုက်ရတဲ့
သူတွေမှာ စိတ်ဓာတ်နှစ်မျိုးနဲ့ လူနှစ်မျိုးရှိတတ်ကြပါတယ် ။ ပထမတစ်မျိုးက မိမိတို့လဲကျမှုကို အားငယ်စွာ လာထူပေးမယ့် သူတွေကို စောင့်မျှော်ကာ ၀မ်းပန်းတနည်း ငိုနေကြတဲ့ပထမတစ်မျိုးရယ် ၊ မိမိတို့ လဲကျမှုကို ကုန်းရုန်းထပြီး လိုရာပန်းတိုင်ရောက်အောင်အားတင်းလျှောက်လှမ်းတတ်ကြတဲ့ ဒုတိယ လူမျိုးရယ်ဆိုပြီး
နှစ်စားရှိပါတယ် ။ ကျွန်မ မြင်တွေ့ခဲ့ရတဲ့ လူသားကတော့ ဒုတိယ လူမျိုးထဲပါဝင်တဲ့
သူတစ်ဦးပါပဲ ။ ထိုသူနဲ့ တွေ့ဆုံခဲ့ရတဲ့ အဖြစ်ပျက်လေးသည်ယခုချိန်ထိ ရင်ထဲ အမှတ်တရ
ရှိနေခဲ့ပါတယ် ။ အားအင်မဲ့တော့မလို ဖြစ်တဲ့အချိန်တိုင်း ဒီဆုံတွေ့မှုလေးကို ပြန်မြင်ယောင်
ကာ အန်တီပြောခဲ့တဲ့ စကားတွေကို အားပြန်ယူတတ်ခဲ့ပါတယ် ။
တစ်သက်လုံး ၀ှီးချဲတစ်ခုပေါ်မှာ ဘ၀ကို ကုန်ဆုံးစေရမယ့် လူတစ်ယောက် ဖြစ်လင့်ကစား ဘ၀ပြေးလမ်းပေါ်မှာ ရတဲ့ နည်းနဲ့ လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ကျွန်မ မထင်မှတ်ဘဲ တွေ့ဆုံခွင့်ရခဲ့တယ် ။
အဲဒီနေ့က သိပ်ကို ပူအိုက်တဲ့ နေ့လေးတစ်နေ့ပေါ့ ။ ရုံးထဲမှာ အလုပ်တွေ
လုပ်နေရင်း ပူပြင်းလာလွန်းတာကြောင့် ရင်ထဲကိုအေးစေမယ့် တစ်ခုခုဝယ်စားဖို့ ရုံးရှေ့ကို
ထွက်လာခဲ့မိတယ် ။ အဆင်သင့်တယ်ပြောရမှာပဲ ။ ရုံးရှေ့မှာ ရေခဲမုန့် လှည်းလေးတစ်ခုကို
တွေ့လိုက်ရပါတယ် ။ ရေခဲမုန့်ဝယ်ရန် လှည်းနားကို ချဉ်းကပ်လိုက်ချိန်မှာ ကျွန်မရင်ကိုထိစေ
တဲ့ မြင်ကွင်းလေးတစ်ခုကို မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ရေခဲမုန့် ရောင်းနေတာက ဦးလေးကြီးနဲ့
အန်တီကြီး နှစ်ယောက်ပါ ။ ထူးဆန်းနေတာက ဦးလေးကြီးက ၀ှီးချဲလေးပေါ်မှာ ထိုင်ကာ
ရေခဲမုန့်တွေကို ခပ်ပေးနေပါတယ် ။ အန်တီကြီးကတော့ ဘေးကနေ လိုတာလေးတွေလုပ်
ပေးနေတယ် ။တကယ့်ကို မောင်တထမ်းမယ်တစ်ရွက်ပါပဲ ။ တစ်ယောက်နဲ့ တစ်ယောက်
စာနာတဲ့ အကြည့်တွေနဲ့ ကြင်နာမှု အပြုံးတွေကို တန်ဆာဆင်ထားပါသေးတယ် ။ ယော
ကျာင်္းဖြစ်သူကလည်း ငါဒုက္ခိတ ဆိုပြီး ရေသာခို မနေပါ ။ တကယ့်ကို အားမာန်အပြည့်နဲ့
ဘ၀ကို အရှုံးမပေးသူတစ်ဦးပါပဲ ။ သူတို့ဇနီးမောင်နှံ အသက်ကို ခန့်မှန်းကြည့်ရမယ်ဆို ငါးဆယ်ကျော်
လောက်တော့ ရှိပါလိမ့်မယ် ။ ချစ်ဖို့လွယ်သလောက် တည်မြဲဖို့ မလွယ်သူတဲ့ အနေထားကို
သူတို့ဇနီးမောင်နှံက အံ့တုကာ ချစ်စေမြဲစေ ဆိုတာကို လက်တွေ့ သက်သေတည် နေသလို
ပါပဲ ။ ရဲရင့်တဲ့စိတ် အားမာန်အပြည့်နဲ့ ဘ၀ကို ချီတက်နေသူပါ။ ကိုယ်က ခြေတစ်ဖက်မသန်သူ
ဆိုပြီး အားငယ် အလိုမကျမှု ဆိုတာမျိုးတွေ အဲဒီဦးလေးဆီမှာ ရေးရေးမျှ မတွေ့ရပါ။ လေးစား
မှုတွေနဲ့ ငေးနေမိတဲ့ ကျွန်မကို အန်တီကြီးက * သမီးလေး ဘာယူမလဲ * ဆိုတဲ့ မေးသံကို
ကြားလိုက်မှ သတိပြန်ဝင်လာမိပါတယ် ။ စားချင်တဲ့ ရေခဲမုန့်ကို မှာပြီး လက်ထဲကို ရေခဲမုန့်
လေးရောက်လာပေမယ့် လှည်းလေးနားက မခွာချင်သေးပါ ။ သူတို့ဇနီးမောင်နှံအကြောင်းကို
သိချင်နေမိပါတယ် ။ ကျွန်မရင်ထဲကို မြင်သွားဟန်တူတဲ့ အန်တီကြီးက အလိုက်သိစွာ စကား
ဆိုလာပါတယ် ။
* သမီးလေး ကြည့်ရတာ သမီးဦးလေးကို စိတ်ဝင်စားနေပုံရတယ် *
* ဟုတ် ပါတယ် အန်တီ ။ ဦးလေးက ၀ှီးချဲပေါ်ရောက်နေတာတောင် သူစိတ်တွေက ကြံ့ခိုင်
လိုက်တာနော် *
* ဟုတ်တယ် သမီး ။ ဦးက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကားအက်ဆီးဒင့် တစ်ခုကြောင့် သူ့
ခြေထောက် တစ်ဖက်ကို ဖြတ်ပစ်လိုက်ရတယ် ။ ဟိုးအရင်ထဲက သူက ဒီအလုပ်ကို လုပ်ပြီး အန်တီကို အိမ်မှာဘဲ နေခိုင်းခဲ့တာ။ အန်တီတို့မှာ သားသမီးလည်း မရှိဘူး ။ သူဒီလိုဖြစ်သွား
တော့ အန်တီအတွက် ရွှေတောင်ကြီး ပြိုသွားသလို ခံစားခဲ့ရတယ် ။ ဒါပေမယ့် အန်တီ
ထင်သလို မဟုတ်ဘဲ သူက အန်တီအတွက် ထာဝရ ရွှေတောင်ကြီးအဖြစ် ရပ်တည်ပြခဲ့တယ်။
သူကပြောတယ် ။ ကောင်းကင်က အပ်တစ်ချောင်းနဲ့ လူ့ပြည်က အပ်တစ်ချောင်း လာရောက်
ထိသည်ရှိစေဦး လူ့ဘ၀ကိုရဖို့ကျတော့ ထိုထက်ပင်ခက်ခဲစေတယ် ။ ရခဲတဲ့ လူ့ဘ၀မှာ လူဖြစ်တုန်းမှာ ဒီလောက်အခက်ခဲလေးကို ထိုင်ပြီး စိတ်ညစ်နေဖို့ မလိုဘူးတဲ့လေ။ တက်ကျိုးရင် လက်နဲ့လှော် ဒီနေရာရောက် ဒီ က ကွက်နဲ့က ဟိုနေရာရောက်တော့ ဟို က ကွက်နဲ့ က ပေါ့လို့ ပြောပြတယ် ။ သမီး ဦးက သိပ်ကို စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်လေ*
အန်တီပြောပြသမျှကို ပြုံးပြီးနားထောင်နေတဲ့ ဦးလေးမျက်နှာမှာ ဘ၀အတွက် အားမာန်တွေ
အပြည့်ရှိနေတယ် ။ အန်တီဆီက စကားသံဆုံးတော့ ဦးဆီက စကားသံလေး ထွက်ကျလာပါတယ် ။
*ဦးသိပ်ကြိုက်တဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ် ။ နေ့တိုင်း တစ်နေ့တစ်ခေါက် ဦးရွတ်တယ်
သမီးကို ရွတ်ပြမယ် နော်
ဘ၀အားမာန်
လေထန်တိုင်းတာပွင့်ကြွေပါမူ
ဘယ်မှာပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာကမ်းပြိုပါမူ
ဘယ်မှာမြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်သာငိုရပါမူ
ဘယ်မှာမျက်ရည်ကျန်မည်နည်း။
အမှောင်တဝက်လင်းတဝက်သည်
တရက်တခါကြုံမြဲသာတည့်။
အရှုံးတလှည့်နိုင်တလှည့်မှာ
မျက်လှည့်ပမာတွေ့မြဲသာတည့်။
ဘဝသည်ကားတိုက်ပွဲများပင်
လှုပ်ရှားရသောလူ့ရွာတောဝယ်
လင်းသောမှောင်သောအောင်သောရှုံးသော
မုန်းသောချစ်သောသစ်သောဟောင်းသော
ကောင်းသောဆိုးသောညှိုးသောလန်းသော
ကြမ်းသောနုသောပူသောအေးသော
စောကြောစိတ်ဖြာမနေသာပေ
လဲရာကထကျရာကတက်
ပျက်ရာကဆောက်ရှေ့သို့လျှောက်ရွေ့
ရောက်ရာဘဝအားမာန်ပြရင်း
ရန်းရကန်ရမည်တကား။။။။။။။။။။။။။
ကဗျာရေးသူအမည်ကိုတော့ ဦးမသိဘူး *
ကဗျာလေး ဆုံးတော့ ကျွန်မကို နှုတ်ဆက်ကာ ထွက်ခွာသွားတဲ့သူတို့နောက်ကျောလေးကို
ငေးနေမိပါတယ် ။ အခြေအနေက ပေးတဲ့ အသိကို အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ခဲ့သူတစ်ဦးပါပဲ ။ ကိုယ်ဘ၀ ချော်လဲမှုကို ရပ်နိုင်အောင် အားမွေးနိုင်သူ တစ်ဦးပါ ။ မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက် ကို မိမိရရ ဦးလေးက အသုံးချတတ်ခဲ့သူတစ်ဦးပါ ။ Courage = သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ ဦးကို လေးစား အတုယူမိပါတယ် ။ အန်တီက ရေခဲမုန့်လှည်းလေးကို တွန်းပြီး ဦးလေးကနောက်ကနေ ၀ှီးချဲလေး နဲ့ ကိုယ်အားကိုယ်ကိုး ကာလိုက်ပါသွားတဲ့ ဇနီးမောင်နှံရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ် ခိုင်မာမှုတွေကို အကြိမ်ဖန်များစွာ ဦးညွှတ်မိလျက် ရှိပါတော့တယ် ။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment