Tuesday, August 26, 2014

၆၆ ။ စိတ်ဓာတ်အကျဉ်းထောင်သား လေးတွေ ဘယ်တော့မှ မဖြစ်စေရဘူး



၆၆ ။ စိတ်ဓာတ်အကျဉ်းထောင်သား  လေးတွေ ဘယ်တော့မှ မဖြစ်စေရဘူး

အေးအေးချမ်းချမ်း နဲ့ ကလေးဆန်စွာ နေတတ်ပေမယ့် ရင်ထဲမှာ အမှန်တစ်ကယ် နာကျည်းလာပြီဆိုရင် အဲဒီလူကို စိတ်ထဲမှာတောင် မထည့်ထားချင်တာက ကျွန်မ ရဲ့ စိတ်ဓာတ်ပါဘဲ။လူတစ်ယောက်ကို ချစ်နေခြင်း ၊ မုန်းနေခြင်း ဆိုသော အရာအားလုံးသည်  ထိုသူကို မိမိစိတ်ထဲတွင် ထည့်ထားခြင်းကြောင့်ပင် ဖြစ်နေပါသည်။ အမှန်တစ်ကယ် မပတ်သတ်ချင်တော့ဘူး ဆိုခဲ့ပါလျှင် ချစ်နေဖို့ မလိုတော့သလို ၊ မုန်းနေဖို့လဲ မလိုအပ်တော့ပါဘူး။ တစ်ကြိမ် တစ်ခါမှ မသိခဲ့ဘူးသော လူတစ်ယောက် အဖြစ် မှတ်ယူကာ အေးချမ်းသော ဥပက္ခာပြုခြင်းကိုသာ ပြုလုပ်သင့်သည်လို့ ကျွန်မ ယူဆမိပါသည်။ အဲဒီလို နည်းလမ်း နဲ့  ကျွန်မ ခင်ပွန်းသည်ကို အေးချမ်းစွာ ဥပက္ခာပြုလိုက်မိပါတော့သည်။ ကျွန်မ ဆုံးဖြတ်ချက် မှန်ရဲ့လားလို့ ကျွန်မကို ကျွန်မအကြိမ်ကြိမ်အခါခါ မေးခွန်းထုတ်ခဲ့သည်။ ကျွန်မ
အတွက် အလွန်ကို မှန်ကုန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ ။ ဒါပေမယ့် ကျွန်မရင်နင့်သည်းချာ သားလေးနဲ့ သမီးလေးအတွက်တော့ တရားချင်
မှ တရားပါလိမ့်မည်။ မိသားစုဆိုတဲ့ အနှစ်သရ တစ်ခု သူတို့လေးတွေ အတွက် လိုအပ်နေတော့မယ်ဆိုတာကလဲ အသေချာပါဘဲရှင်။
ဒီနေရာမှာ ကျွန်မ အကြောင်းအရာ နှစ်ခုကို သေချာ နှိုင်းယှဉ်တွေးတော ဆုံးဖြတ်ခဲ့ရပါသည်။
မိစုံဖစုံ မနေရတော့မှာ တစ်ခုတည်းအတွက် မိုးလင်းကနေ မိုးချုပ်အရက်ကို ရေသောက်သလို သောက်နေတဲ့ လူတစ်ယောက်လက်ထဲမှာ ကျွန်မတို့ သားအမိတွေရဲ့ ဘ၀တစ်ခုကို ရေတိမ်နစ်ခံမလား။ ကျွန်မ သားနဲ့သမီးအနာဂတ်အတွက် အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတွေ ကိုအဆင့်ဆင့် ကျွန်မရွေးချယ်ခဲ့ရပါတယ်။ ပထမ အဆင့် သူကို ပြုပြင်ဖို့ ကျွန်မကြိုးစားမိပါသည်။
လူအပင်ပမ်းခံ ပြုပြင်စောင့်ကြည့် တယ်။နောက်တစ်ဆင့် ငွေအမြောက်မြား အကုန်ခံ အရက်ဖြတ်ပေးကြည့်တယ်။ နောက်ဆုံး မိသားစု ဘ၀တစ်ခုနဲ့ ဒီအရက်ဆိုတာကို အလဲထပ်လုပ်မှာလားလို့ မေးခဲ့သည်။ သူက ရယ်စရာ ပျက်လုံးတစ်ခုကို ကြားရသလိုဘဲ ရယ်မောခြင်းဖြင့်တာ ကျွန်မတောင်းဆိုမှုတွေကို တဆင့်ဆီဖျက်စီး ချေမွခဲ့ပါသည်။ အိမ်ထောင်တစ်ခုကို အဆုံးသတ် ဇာတ်သိမ်းဖို့ဆိုတာ
မိကောင်းဖခင် သားသမီးမိန်းမကောင်း တစ်ယောက်အနေနဲ့ အတော်လေးကို ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ရတဲ့ ကိစ္စတစ်ခုပါဘဲ ။ ဆုံးဖြတ်ချက်ချက်ခံနီးတိုင်း မျက်လုံးထဲ ပေါ်လာတဲ့ ပုံရိပ်လေး နှစ်ခု ။  အရမ်းကို ကြီးကျယ်စွာ အဆင့်မြင့်မြင့်နေတတ်သူ သားကြီး နဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ သမီးငယ်လေးပါဘဲ။ အရက်သမားတစ်ယောက် ရဲ့ခပ်ညံ့ညံ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့ လူလုံးမလှ နေရမယ့်ဘ၀တစ်ခုကို ကျွန်မ နေနိုင်ပေမယ့် ကျွန်မသားလေးနဲ့ သမီးလေးကို ဘယ်လိုမှ မထားရက်နိုင်တာ မိခင်တစ်ယောက်ရဲ့ တစ်ကယ်စေတနာပါ ။
နေ့စဉ်ရက်ဆက် ဖြစ်နေတဲ့ ရန်ပွဲတွေ ကြားထဲမှာ ကျွန်မကလေးတွေကို အတုယူမှားစွာ မကြီးပြင်းစေချင်ပါဘူး။ ဒီအတွက်
ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်တစ်ခုနဲ့ အတူ ကွာရှင်းစာချုပ်တစ်စောင်ပေါ်မှာ လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် မိသားစု ဘ၀လေးတစ်ခုကို ကျွန်မ ဖျက်စီး ဇာတ်သိမ်း ခဲ့လိုက်ရပါသည်။ သိပ်ကို သိတတ်နားလည်ကြတဲ့ သားလေး နဲ့ သမီးလေးက ကျွန်မဆုံးဖြတ်ချက်အပေါ်မှာ
ဝေဖန် အပြစ်တင်မှုတစ်စုံတစ်ရာ မရှိခဲ့သလို ခံစားကြေကွဲမှု တစ်စုံတရာလဲ မရှိခဲ့ကြပါဘူး။ ဒါဟာ ငယ်လွန်းတဲ့ သူတို့ အသက်ရွယ်
ကြောင့်လား   ၊ နေ့စဉ်မြင်တွေ့နေရတဲ့ မိဘ နှစ်ပါးရဲ့ ရန်ပွဲတွေကို စိတ်ကုန်နေသာကြောင့်လားဆိုတာ ကျွန်မသေချာစွာ မပြောနိုင်ပါ
ဘူး။ သူတို့နှစ်ယောက်စလုံး အေးဆေးစွာဘဲ နေပေးကြပါသည်။ သူတို့ လေးတွေ ခံစားချက်ကို ဥပက္ခာပြုတယ်လို့ အထင်မခံနိုင်ပါဘူး။
သားနဲ့ သမီး နှစ်ဦးစလုံးက 10နှစ်ကျော်သက်တွေမို့ အကြောင်းအရာတချို့ကို သိတတ်နားလည်နေကြပါပြီ။ ကျွန်မတို့သားမိတွေ မေမေတို့အရိပ်ကို ပြန်လည်ခိုလှုံခဲ့ကြပါတယ်။ သားလေး နဲ့ သမီးလေးကိုကျွန်မ မေးကြည့်မိပါသည်။ဘာလို့လဲဆိုရင် ယနေ့မျက်မှောက်ခေတ် ကလေးတွေကို ကျွန်မတို့တွေ အထင်သေးလို့ မရပါဘူး။ သူတို့ တွေးခေါ် စဉ်းစားမှုလေးတွေက အဆင့်တန်းမနိမ့်ကြတော့ပါဘူး။
*မေမေ ဆုံးဖြတ်ချက်အပေါ် သားတို့ သမီးတို့ ဘာပြောချင်လဲ*
*သားကတော့ ဘာမှမဖြစ်ပါဘူး မေမေ။ မေမေနဲ့ ဖေဖေ တူတူမနေတော့တာဘဲရှိတာလေ။ ဖေဖေက သားတို့ မျက်စိရှေ့မှာဘဲ
ရှိနေတာလေ.....ဖေဖေနဲ့ တူတူမနေတဲ့ အတွက် ပြောင်းလဲ သွားတဲ့ မေမေ ပုံကိုတော့ သားအရမ်းသဘောကျတယ် မေမေ။
ဖေဖေနဲ့ နေတုန်းက စုတ်ပြတ်နေတဲ့ မေမေနဲ့တခြားဆီဖြစ်သွားပြီ။ သားမေမေကို စမတ်ကျလှပနေတာကိုဘဲ သားကလိုချင်တာ။
ဒီနေ့ ကျောင်းမှာ ဆရာမစာသင်တော့ မိဘတွေ ကွဲနေတဲ့ ကလေးတွေက စိတ်ဓာတ်တွေ ပျက်ဆီးတတ်တယ်လို့ ပြောသွားတယ်မေမေ။
အားငယ်တာတွေ ရှိတတ်တယ်တဲ့ .........သားတော့ တစ်ခါမှ အားမငယ်ဘူးမေမေ။ ဖေဖေ ဘယ်မှာလဲဆိုရင်လဲ ခေါ်ပြလို့ရနေတာဘဲ။
သူငယ်ချင်းတွေက ပြောကြသေးတယ်။ မင်းအမေ နောက်ယောကျာင်္းယူသွားရင် မင်းတို့ သွားပြီတဲ့။ သားက ဘယ်ရမလဲ ပြန်ပြော
လိုက်တယ် ။ ယူချင်ယူပါစေပေါ့ ။ မေမေက ငါတို့ ချစ်တဲ့ အတွက် ငါတို့နဲ့ အဆင်ပြေတာကိုဘဲ ယူမှာပေါ့လို့ ပြောလိုက်တယ်။ ဟုတ်
တယ်မလားမေမေ*
စကားအရှည်ကြီးကို လူကြီးလေးတစ်ယောက်လို ပြောနေတဲ့ သားလေးကို တအံ့တသြ ကြည့်နေမိတယ်။သမီးလေးကတော့
အကို လုပ်သူပြောနောတကို မျက်လုံးအပြူးသားလေးနဲ့ နားထောင်နေရှာတယ်လေ။ သားလေးနဲ့ သမီးလေးကို ကြည်နူးချမ်းမြေ့ခြင်းတို့
ဖြင့်ရင်ခွင်ထဲ ထွေးပိုက်ထားရင်း သူတို့ပါးပြင်လေးတွေကို နမ်းရှိုက်လိုက်မိပါသည်။
*သေချာ နားထောင်နော် မေမေ ပြောပြမယ်....မေမေ ဘ၀မှာ သားနဲ့သမီးက နံပတ်တစ်ဘဲ။ ဖေဖေနဲ့ မေမေ ကွာရှင်းခဲ့တယ်။
ဒီအတွက် ဘာကိုမှ အားငယ်နေဖို့ မလိုဘူး။ သားတို့ သမီးတို့ တာဝန်ကို မေမေ တစ်ယောက်ထဲ တာဝန်ယူနိုင်တယ်။ မေမေ
အသက်ရွယ် ငယ်သေးတာကြောင့် မေမေ နောက်ထပ် အိမ်ထောင်ပြုခဲ့မယ်ဆိုရင်တောင် မေမေ့သားလေးနဲ့ သမီးလေး အလိုတူ
သဘောကျတဲ့ သူကိုဘဲ မေမေ ရွေးချယ်မယ်ဆိုတာ မေမေ ကတိပေးတယ်။  ဘယ်သူတွေမှာမှတော်ယုံ မရှိတဲ့ နားလည်မှုတွေ
အသိတွေ မေမေ့သားနဲ့သမီးမှာ ရှိနေတယ်။ လောကကြီးမှာ ရှိကြတဲ့ မိကောင်းဖခင်သားသမီးတိုင်း အိမ်ထောင်တစ်ခုကို ပြိုကွဲဖို့
ဆိုတာ အတော်လေးကို စဉ်းစားကြပါတယ် သားနဲ့သမီး။ အေးမဖြစ်နိုင်တော့လို့ ကွာခြင်းကြပြီဆိုရင် လဲ သူတို့မှာ သိပ်ကိုသေချာ
ခိုင်မာနဲ့ အခြေခံအကြောင်းအရာတွေ ရှိနေကြလို့ပါဘဲ။ ဒီတော့ သားတို့ သမီးတို့အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ နာကျည်း ကြည်ကွဲခံစား
နေမယ့်အချိန်တွေမှာ သားတို့ ၊ သမီးတို့အတွက် ဘ၀တက်လမ်းရှိမှာတွေကို လေ့လာပါ။ ဒီအကြောင်းအရာ ခေါင်းထဲကို ရောက်လာ
လို့ဘဲဖြစ်ဖြစ် ၊ တစ်စုံတစ်ယောက်က ပြောလာခဲ့ရင်ဘဲဖြစ်ဖြစ် ချက်ချင်း ခေါင်းထဲက ထုတ်ပြစ်ပါ။ ပြင်လို့မရတာတွေကို တမြေ့မြေ့
ခံစားနေတာဟာ အနာဟောင်းတစ်ခုကို အနာအသစ်တစ်ခုဖြစ်အောင် လုပ်နေတာနဲ့ တူတူဘဲ သားနဲ့သမီး။ ပြီးတာတွေကို သင်ခန်းစာယူ
ပြီး သားလေးကြီးလာရင် ဖေဖေထက် အစစတော်တဲ့ ယောကျာင်္းကောင်းဖြစ်အောင်ကြိုးစားရမယ်။ တည်ဆောက်မယ့် အိမ်ထောင်တစ်ခု
ရဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ခိုင်မာမှန်ကန်တဲ့ ရည်မှန်းချက်ထားပါသား။ သမီးလေး လဲဒီအတိုင်းဘဲ မှားယွင်းတဲ့ ရွေးချယ်ခြင်းမျိုး မဖြစ်ရအောင် ကိုယ်ကိုကိုယ် အရည်ချင်းပြည့်ဝအောင် ကြိုးစားကြပါ။ သားတို့ သမီးတို့ ဖေဖေဆီကို သွားလည်ချင်ရင်လဲ မေမေက ခွင့်ပြုတယ်နော်။ ညအိပ်ညနေ တော့ မနေရဘူး။ မနက်သွားရင် ညနေပြန်လာရမယ်။ ပတ်ဆက်နွယ်မှုကို မေမေ မထိန်းချုပ်ဘူး။ ကန့်သန့်မထားဘူး။ နောက်တစ်ခု အဓိက သားကြီးကိုပြောချင်တယ်။ အဖေဆိုတာ ဘာဘဲဖြစ်နေနေ အဖေဘဲဆိုတာကို ခေါင်းထဲမှာ နှစ်ယောက်စလုံးထည့်ထားပေးကြပါ။*
သားနဲ့ သမီး ကျွန်မဘေးက ထွက်သွားကြတော့ အနားမှာ နားထောင်နေတဲ့ အဘွားက ကလေးတွေ ငါ့မြေးပြောတာတွေကို လိုက်မှီ
ပါ့မလားကွယ်လို့ ဆိုလာပါသည်။ ကျွန်မ ရှင်းပြလိုက်တယ်။ ခုခေတ်ကလေးတွေ ရဲ့ တွေးခေါ်မှု အဆင့်တန်းတွေ မနိမ့်တော့ဘူးဆိုတာ
ကိုပေါ့။ ကလေးဆိုတာ အပြစ်ကင်းကြပါတယ်။ လူချင်းတူပေမယ့် တွေးခေါ်မှု အစိတ်ပိုင်းတွေ ၊ ရည်ရွယ်ချက်တွေ ၊ ရည်မှန်းချက်တွေ
ကွာခြားနေတတ်ကြပါတယ်။ ပြိုကွဲခဲ့ကြတဲ့ မိသားစုတွေ ကြားစိတ်အားငယ် နာကျည်းကြေကွဲနေတတ်ကြတဲ့ ကလေးငယ်တွေ အများ
အပြားရှိနေသလို ၊ နားကျည်းခြင်းတွေကို ဘ၀တိုးတက်မှုအတွက် အခြေခံအုတ်မြစ်လို မှန်ကန်စွာ အသုံးချတတ်တဲ့ လူငယ်တွေလဲ
အများကြီးပေါ်ပေါက်နေပါပြီ။ ကျွန်မကတော့ သားနဲ့ သမီးကို နားကျည်းမှု နဲ့ အကျဉ်းချခံထားရတဲ့ စိတ်ဓာတ်အကျဉ်းထောင်သား
လေးတွေ  ဘယ်တော့မှ အဖြစ်မခံနိုင်ပါဘူး။ အကောင်းဆုံးဆိုတာကို လူတိုင်းမျှော်လင့်တတ်ကြပေမယ့် တခါတရံမှာ မထင်မှတ်ဘဲ
ဖြစ်ပေါ်လာတတ်တဲ့ အခြေနေတွေ အတွက် စိတ်ဓာတ်တွေ အကျဉ်းချခံနေရတဲ့ ကလေးတွေ ထဲမှာ ကျွန်မသားနဲ့ သမီးကို ဘယ်တော့
မပါစေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားပါတော့သည်။

No comments:

Post a Comment