Thursday, October 30, 2014

၇၅ ။ အထင်နဲ့ အမြင်လွဲစေခဲ့သူ




၇၅ ။ အထင်နဲ့ အမြင်လွဲစေခဲ့သူ

ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
10628237_1521882441390975_3311865154282664642_n.jpg
သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသောအကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ၀ိပ္ပတိတရား(၄)ပါး၊ ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

 အိပ်ယာထဲမှ ကြားလိုက်ရသည့် ဘုရားရှိခိုးသံသည် ကျွန်မ၏ မနက်ခင်းလေးအား ကျက်သရေ ဝေဖြာစေခဲ့သည်  ။ မနေ့ကမှ ဒီအလုပ်အသစ်သို့ ကျွန်မ စတင်ပြောင်းရွေ့လာခဲ့သည် ။ ဒီစက်ရုံ၌ အရင်ရောက်နှင့်သူ မြန်မာအမျိုးသမီး လေးဦးရှိနေပါသည် ။ ကျွန်မအရင်စက်ရုံ၌ အလုပ်မကောင်းခြင်းကြောင့် ယခုစက်ရုံသို့ ပြောင်းရွေ့လာခဲ့ခြင်းပါ ။ဘယ်လိုလူမျိုးများဖြင့် တူတူနေရမလဲဟု စိုးရိမ်နေခဲ့မိသေးသည် ။ ယခုတော့ နံနက်ခင်းလေးတစ်ခုကို ဘုရားရှိခိုးသံဝေေ၀ဆာဆာဖြင့် အစပြုခွင့်ရခဲ့လေပြီမို့ အခြေနေကောင်းပြီဟု ကျေနပ်စွာတစ်ယောက်တည်းပြုံးလိုက်မိပါ၏ ။

အိပ်ယာထဲမှထကာ မျက်နှာသစ်ရန်ထွက်လာခဲ့လိုက်သည်။ ရေချိုးခန်းထဲသို့ ၀င်သည့်အချိန်ထိ ဘုရားရှိခိုးသံအား ကြားနေရပါသေးသည် ။ ပရိတ်ကြီး(၁၁)သုတ် ကို ပူဇော်နေပုံကလည်း အသံနေအသံထားဖြင့် ကြည်ညှိဖွယ်ကောင်းလှ၏ ။ စိတ်ထဲ အတော်လေး လေးစားကြည်ညိုမိသွား၏ ။ ကြည်နူးခြင်း အတွေးများဖြင့် အလုပ်သွားရန်ပြင်ဆင်လိုက်ပါသည် ။ ကျန်သော သူများလည်း သူဟာနှင့် သူအလုပ်ရှုပ်နေကြပါ၏ ။

လူသဘော သဘာဝ အရ မကောင်းသည့်အရာအားမြင်လျှင်ပြောတတ်ကြသလို ၊ကောင်းတာလည်းချီမွှမ်းတတ် ရမည် မပာုတ်ပေလော ။ ထိုကြောင့် ကျွန်မယခုရောက်နေသော နေရာသည် မဆိုးပေးဘူးဟု တိတ်တခိုးမှတ် ချက်ချနေမိသည် ။ ထမင်းဘူးထည့်ရန် မီးဖိုခန်းဘက်သို့ အကူး စောနက ဘုရားရှိခိုးနေသည့် အမနှင့် ဆုံခိုက် နှစ်လိုဖွယ် ပြုံးပြလိုက်မိ၏ ။ သူမကလည်း အသိမှတ်ပြုပြုံးပြပြီး အခန်းတွင်းသို့ ၀င်ရောက်သွားပါသည် ။ ကျွန်မလည်း လုပ်စရာရှိသည်များကို ဖယ်ရီကားအမှီပြင်ဆင်ရသည် ။ အားလုံးအဆင်သင့်ဖြစ်ချိန်၌ ဖယ်ရီကားစောင့်ရန် အဆောင်အောက်သို့ ဆင်းလာခဲ့လိုက်လေသည် ။
မှတ်တိုင်တွင် တစ်စက်ရုံတည်း တူတူအလုပ်ဖော် အမျိုးသမီးများစွာကိုလည်း တွေ့လိုက်ရသည် ။ တစ်ဆောင်တည်းအတူနေ အမတွေလည်း ရောက်လာကြပါသည် ။ ဘုရားရှိခိုးနေသည့် အမတစ်ယောက်တော့ ဆင်းမလာသေးပါ ။ ကျွန်မတို့အဆောင်က လေးထပ်တိုက်အမြင့်ကြီးပါ ။ တိုက်ခန်းပေါင်းများစွာ ပါဝင်သည် ။ လူမျိုးတုရာတွေကို ငါးယောက်တစ်ခန်းနှုန်းပေးထားသည် ။ အင်ဒိုနီးရှား ၊ မလေးရှား ၊ မြန်မာ အားလုံးပါဝင်သည် ။ ကျွန်မတို့မြန်မာလူမျိုးငါးယောက်က တစ်ခန်းနေရသည် ။ ကျွန်မတို့ အခန်းထဲတွင် အိပ်ခန်းသုံးခန်းပါဝင်သည် ။  အရင်ရောက်နှင့်သူတွေဖြင့် မနေ့ကတည်းက အေးဂျင့်မှ မိတ်ဆက်ပေးသွားခဲ့ပါသည် ။ အေးအေးဆေးဆေးတော့ စကားမပြောဖြစ်သေးပါဘူး ။ ညက ရောက်ချိန်ကနောက်ကျနေတာမို့ စောစောပင်အိပ်ယာဝင်ခဲ့ကြသည် ။ သူများနိုင်ငံ၌ အလုပ်လာလုပ်ကြသည့် ကိုယ်လူမျိုးချင်းခင်မင် ရင်းနှီးချင်သည့်စိတ်အခြေခံရှိပြီးသူမို့ ကားပေါ်ရောက်လျှင် အားလုံးနှင့် ခင်မင်အောင်နေမည်ဟု စိတ်ထဲ၌ တေးမှတ်ထားလိုက်မိသည် ။
ဟိုတွေးဒီတွေး စဉ်းစားနေတုန်းပင် ဖယ်ရီကားရောက်လာပါ၏ ။ ဖယ်ရီကားလာတော့ ဘုရားရှိခိုးနေသည့်အမ ရောက်မရောက် မျက်လုံးဝှေ့ရှာဖွေလိုက်မိသည် ။  သူက ကိုယ်ထက်ပင်ဦးစွာ ကားပေါ်သို့တက်သွားလေပြီ ။ အထင်ကြီးလေးစားသော စိတ်ကလေးက ခင်မင်လိုစိတ်တွေ ဖြစ်ပေါ်လာမိသည် ။ ကားပေါ်ရောက်တော့ ထိုအမနားထိုင်ချင်စိတ်ဖြင့် တိုးကပ်သွားမိပေမဲ့ နောက်ကျသွား၏ ။ ထိုအမနား၌ ထိုင်နှင့်ပြီးသူရှိနေ၏ ။ မြန်မာတွေ တစ်စုတည်းထိုင်ကြသည်မို့  ကားပေါ်တွင် အချင်းချင်းစကားပြောသံတွေဖြင့် ဝေဆာနေသည် ။ ဒီနေ့မှ အသစ်ရောက်သူ ကျွန်မတစ်ယောက်သာ ယောင်ချာချာဖြစ်နေ၏ ။ ကားစထွက်တယ်ဆိုရင်ပဲ ဘုရားရှိခိုးသော အမထံမှ စကားသံတစ်ချို့ စတင်ထွက်ပေါ်လာလေသည် ။ သူမဘေးနားက အမကို ဦးတည်ကာ ဆိုနေသော်လည်း တခြားသူတွေကိုပါရည်ညွှန်းသက်ရောက်စေသည့် စကားတို့အား တရစပ်ပြောပါတော့သည် ။ ကျွန်မ လွန်စွာအံ့သြသွားမိသည် ။ လွန်ခဲ့သော နာရီပိုင်းလေးကမှ လွန်စွာအထင်ကြီးခဲ့မိသူ အမျိုးသမီးထံမှ ကြားရသည့် စကားတို့သည် မနက်ခင်းလေးအား အရုပ်ဆိုးစေခဲ့ပြီ ။
ထိုအမဆိုနေသော စကားတို့သည် စကားဆိုခြင်းထက် အတင်းဟု ခေါင်းစဉ်တပ်လျှင် ပို၍လျော်ကန်ညီညွှတ်မည်ထင်ပါသည် ။ မနက်အာရုံတက်ချိန်ကာလ၌ ရွတ်ဖတ်ပွားများခဲ့သော ဘုရားတရားတော်တွေကိုမှ အားမနာ နှုတ်ခမ်းတစ်လန်ပန်းတစ်လန်ဖြင့် ပြောဆိုနေသော  အတင်းစကားတို့သည် ခရားရေ သွန်ချလိုက်သကဲ့သို့ ဆိုနေပါတော့သည် ။လူတစ်ယောက်အား အလွယ်တကူကောက်ချက်ချမိသည့် ကျွန်မကိုယ့်ကိုယ် ကြိတ်ကာဒေါသဖြစ်လိုက်မိသည် ။ ဒီလောက်တောင် လူကဲခတ်ညံ့ရသလား ဟုအခါခါ အပြစ်ဆိုနေမိသည် ။ ကျွန်မဖတ်ဖူးတဲ့  စာစုလေးကို ပြန်ပြောင်း၍ အမှတ်ရလိုက်မိပြန်သည် ။
* “နှုတ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ နှုတ်အပြောအဆိုတွေကတော့ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ချစ်ခင်နေသူအချင်းချင်း စိတ်ဝမ်းကွဲပြားသွားအောင် ကုန်းတိုက်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊ ရိုင်းစိုင်းယုတ်မာတဲ့စကားများ ပြောဆိုခြင်း၊ အနှစ်သာရမရှိတဲ့စကား၊ အဓိပ္ပါယ်မရှိတဲ့စကား၊ အကျိုးမရှိတဲ့ စကားများ ပြောဆိုခြင်းတို့ပါပဲ။ စာလိုပြောတော့ ၀စီဒုစရိုက်လေးပါးပေါ့။ အနှစ်ချုပ်ကတော့ မုသာဝါဒပါပဲ။
ကိုယ်ပြောလိုက်တဲ့ မုသာဝါဒရဲ့ အနေအထားနဲ့ အကျိုးဆက်ပေါ် မူတည်ပြီး ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပတို့ ဆင့်ပွားပေါ်ပေါက်လာရတာပါ။ သူ့စကားကို ကိုယ့်စကားလုပ် ပြောတာ၊ ကိုယ့်စကားကို သူ့စကားလုပ်ပြောတာ၊ ဟိုစကား ဒီပို့တာ၊ ဒီစကား ဟိုပို့တာ၊ ပါးစပ်ထဲတွေ့ရာ ဇာတ်လမ်းဆင်ပြီး ပလီစေ့ခြောက်ချက်လုပ်တာ၊ ဆရာကြီးလေသံနဲ့ အာချောင်တာ၊ ကိုယ့်စိတ်နဲ့နှိုင်း ကိုယ်လိုရာ ဆွဲတွေးပြီး တစ်ဖက်သားကို စွပ်စွဲကဲ့ရဲ့တာ၊ အတင်းပြောတာ၊ အပုပ်ချတာ၊ နာမည်ဖျက်တာ၊ သိက္ခာချတာ၊ ငယ်ကျိုး ငယ်နာ ဖော်တာ။ ဒါတွေအားလုံးဟာ ၀စီဒုစရိုက်လေးပါးထဲမှာ အကျုံးဝင်ပါတယ်။ * သတဲ့လေ ။
ဘုရားရှိခိုးသော အမပြောသွားသော စကားများအားလုံးသည် ၀စီဒုစရိုက်လေးပါးထဲ အကျုံးဝင်သော စကားများပင် ဖြစ်နေတော့သည် ။ ဘုရားရှိခိုးနေစဉ်က ဖြစ်တည်ခဲ့သော ကြည်ညှိလေးစားစိတ်အားလုံးသည် အဘယ်နေရာသို့ ပြေးရှောင်ပုန်းကုန်ပြီလဲ မသိတော့ပေ ။ လူတွေအား အမြင်နဲ့ကြည့်ဆုံးဖြတ်၍ မရနိုင်ဘူးဆိုတာ မှန်ပါကောလား။ အတွင်းစိတ်သဘောထားနဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်မှု့တို့ ထပ်တူမကျသော လူသားအမြောက်မြားရှိပါလားဆိုတဲ့ အသိတစ်ခုသည် ကျွန်မရင်ဘတ်ထဲ တင်းကျပ်ကျပ်ကြီး ခံစားလိုက်ရသည် ။ စိတ်အတွင်းသို့ တစုံတခုဝင်ရောက်သွားပါလျှင် အလိုမကျခြင်းဖြစ်တည်မှု့တွေ အလိုလျောက် ၀င်ရောက်လာကြသည် ။ သူမစကားသံတွေသည် တခါခါ ကိုယ်ဆီသို့ ဦးတည်ပျံ့လွင့်လာတတ်ပါသေးသည် ။ စက်ရုံသို့အမြန်ရောက်ပါတော့ဟု အခါခါ ဆုတောင်းရသည်ပင် မောလာမိသည် ။ ဖယ်ရီကားကြီး စက်ရုံရှေ့စိုက်ရောက်သွားချိန်၌ ကျွန်မစိတ်တို့သည်လည်း အကျဉ်းကျပ်ထဲမှ လွတ်မြောက်သွားသည့်နှယ် ပေါ့ပါးသွားမိ၏ ။ ပေါ့ပါးသော ခြေလှမ်းများဖြင့် အလုပ်ရှိရာသို့ ဦးတည်လျှောက်လှမ်းလာမိသည် ။
အလုပ်ဝင်ရမည့် အခန်းသို့ ရောက်ပြီးသကာလ မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် လှမ်းလက်စ ခြေလှမ်းတို့သည် ရုတ်ချည်းတုံ့ဆိုင်းသွားကြလေသည် ။ သေပြီ ။ ထိုအမျိုးသမီးနှင့် တစ်နေရာတည်း အလုပ်လုပ်ရပေတော့မည်ဆိုတာ သူမကိုမြင်လိုက်ရယုံဖြင့် သေချာစေခဲ့လေပြီ ။ ဆိုးလိုက်တဲ့ ကံရယ် ။ ဟန်ဆောင်ခြင်း အတတ်ပညာအားနည်းသူမို့ ပျက်ယွင်းသွားသည့် မျက်နှအမူယာတို့အား ကြိုးစားဖာထေးထားရလေသည် ။ တရက်တည်း ဖြစ်တည်နေသော ခံစားချက်တို့၏ ခြားနားခြင်းသည် အစွန်းတစ်ဖက်ဆီရောက်နေကြပါလား ။ မလုပ်ချင်လည်း လုပ်ရမည် ။ ထိုအတွက် စိတ်ကိုဖြေကာ အလုပ်ထဲ စိတ်နှစ်ကာ ကြိုစားကာနေအားတင်းလိုက်သည် ။ သူမက ကိုယ်ထက်အရင်ရောက်နှင့်သူမို့ လုပ်စရာရှိသည်တို့ကို သင်ပြပေးသည် ။ အလုပ်နဲ့ ပတ်သတ်သည်ကို သင်ပြပေးသည်က စကားလုံး သုံးလုံးပြောလျှင် အတင်းစကားက ဆယ်လုံးခန့်ပါဝင်သည် ။ အလုပ်တူတူလုပ်မှ သူမနာမည်ကို သိရသည် ။ ဘုရားရှိခိုးသောအမဟု ခေါ်မိသူမှာ မအေးစံဟု သိရသည် ။ သူမကိုယ်သူမ မမအေးကလေ မမအေးကဟု ထည့်ထည့်ပြောတတ်သူပင် ။
တဖြည်းဖြည်းကျွန်မသိလာရသည်က နေ့စဉ်ဖြတ်သန်းမှု့၏ တစ်ချို့အစိတ်ပိုင်းလေးတွေသည် မမအေး၏ အတင်းစကားသံတို့ဖြင့် လွှမ်းမိုးလာပါသည် ။ မမအေဒ အပြောအများဆုံးကတော့ သူမယောက်ျားမကောင်းကြောင်း ၊ တူတူနေအမျိုးသမီးတို့ အကြောင်းတွေပါပဲ ။ သူများကို လက်ညှိးများစွာထိုးနေသလို သူကိုလက်ညှိးပေါင်းများစွာပြန်ထိုးနေတယ်ဆိုတာ မမအေးတစ်ယောက် မသိတာများလား ။ သူများမကောင်းကြောင်းတွေ တန်းစီပြောတတ်သူသူမသည်ကော ကောင်းလားလို့မေးစရာရှိပါသည် ။ သူမသည်လည်း ချက်တင်မှာ ကောင်လေးတွေနဲ့ ဖုန်းပြောသည် ။ စက်ရုံမှာ တူတူအလုပ်လုပ်နေတဲ့ အမျိုးသားတွေနဲ့ မလိုအပ်ဘဲ ရောနှော်လွန်းပါသည် ။ * အော် ကျွန်မနဲ့လည်း မမအေးအနားနေရတာများတာနဲ့ ဓာတ်ကူးပြီထင်ပါ့ ။ ကျွန်မစိတ်ထဲ မမအေး အကြောင်းတွေ ပြောနေမိပါလား ။ အို ကျွန်မလည်း အတင်းပြောတတ်သွားပြီလား ။ မဖြစ်ချေပါဘူး ။ ထွက်ထွက် သူများအကြောင်းတွေ ခေါင်းထဲက ထွက် ။ ထွက်သွားပါ * ။
နောက်ဆုံးမမအေးရဲ့ နားပဒိန်းကျင့်ခြင်းက ကင်းဝေးအောင် နားထဲနားကျပ်တပ်ကာ အချိန်ပြည့်သီချင်းနားထောင်ခြင်းဖြင့် ကာကွယ်ရပါတော့သည် ။ အထင်နဲ့ အမြင်လွဲစေခဲ့သူ မမအေးကြောင့် လူတွေကို တဒင်္ဂ အထင် အမြင်တွေ နဲ့ ဆုံးဖြတ်လို့မရနိုင်ဘူးဆိုတဲ့ သင်ခန်းစာကို ကောင်းကောင်း သိလိုက်ရပါတော့၏ ။


No comments:

Post a Comment