နည်းမှန်
လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ် ဂုဏ်ယူတတ်ကြပါစေ ။
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
အာတာနက်ကမ္ဘာလေးထဲ
စာလေးတွေ လိုက်ဖတ်နေစဉ် * တုန် *ဆိုတဲ့အသံတစ်ခု စောင်းဘောက်ဆီကနေ ထွက်ကျလာတယ် ။ *တုန်*ဆိုသောအသံမှာ တစုံတယောက်ဆီမှ စာရိုက်လိုက်ခြင်းကြောင့်
ထွက်ပေါ်လာသော အသံဖြစပါတယ် ။ ဖတ်နေသောစာမျက်နှာကနေ
ဖွင့်ထားပြီးတား ဖေ့ဘုတ်(စ်) စာမျက်နှာကို ကူးပြောင်းလိုက်၏ ။ ကျွန်မက ကွန်ပြူတာကို
အချိန်တိုင်းနီးပါး ဖွင့်ထားတတ်သူပါ ။ အိပ်ယာနိုးချိန်ကနေ အိပ်တဲ့အချိန်ထိ ဖွင့်ထားတယ်ဆို
ပိုမှန်ပါလိမ့်မယ် ။ ကွန်ပြူတာ ဖွင့်ပြီဆိုတာနဲ့ ပထမဆုံး ဖေ့ဘုတ်(စ်)ကို စပြီးဖွင့်ပါတယ်
။ သားလေးက အင်တာနက်ကို သူတက်ချင်တဲ့အချိန်တက်ကာ စာရိုက်တတ်တာမို့လေ ။ ကျွန်မဘ၀အတွက်
အရေးကြီးဆုံးလူသားတွေဖြစ်တဲ့ သား နဲ့ သမီးစာရိုက်လာလျှင် ချက်ချင်း ပြန်ရိုက်နိုင်ရန်အတွက်
ဖေ့ဘုတ်(စ်)ကို အမြဲတစေဖွင့်ထားဖြစ်ပါတယ် ။ အရစ်ရှည်နေတာနဲ့ စကားစပျက်သွားပြီ ။ တုန်
ဆိုတဲ့ အသံလာရာ ဖေ့ဘုတ်(စ်) စာမျက်နှာရောက် တော့ ချက်မေးက စာရောက်နေကြောင်းပြနေပါတယ်
။ ဘယ်သူလဲ ကြည့်လိုက်တော့ ထင်တဲ့အတိုင်း သားလေးဆီက ဖြစ်နေ၏ ။ ချက်ချင်း ချက်ကွက်လေးကို
ဖော်ကြည့်လိုက်တော့
*မေမေ
ရေ သားပြောစရာရှိတယ် ။*
*အေး
သားလေး ပြောလေ*
*ကျောင်းမှာ အက်ဆေး ပြိုင်ပွဲရှိတယ်မေမေ ။ သားဝင်ပြိုင်မလို့
။ ပြည်ကိုသွားပြိုင်ရမှာ မေမေ *
*ဟုတ်လား *
*ဟုတ်တယ် ။ အဲဒါလာပြောတာ သားသွားတော့မယ် ။ ခဏနေ ကားလာခေါ်တော့မှာ
။ ခုအိမ်ရှေ့မှာ ဆရာမတွေနဲ့ ကားစောင့်နေတာ ။ တာတာ့ မေမေ * ဆိုပြီး အင်တာနက်ပိတ်သွားပါတယ်
။
သားက
ပိတ်သွားပေမယ့် ကျွန်မကတော့ အတွေးတွေထဲ မျောကျန်နေရစ်ခဲ့တယ် ။ ဟုတ်တယ် ။ ကျွန်မတွေးပြီ
။ ဘာလို့လဲဆိုတော့ ကျွန်မသားလေးက အက်ဆေး ရေးတာကို ၀ါသနာပါတယ်လို့ တခါမှ မသိခဲ့ဘူး ။
သူပန်းချီဆွဲ ၀ါသနာ ပါတာကိုတော့ သိတယ် ။ အက်ဆေး တွေရေးတာကိုတော့ တစ်ကြိမ်တခါမှ မတွေ့ဘူး
မမြင်ဘူးပါဘူး ။ စိတ်ထဲ စနိုးစနှောင့်ဖြစ်နေမိတယ် ။ တခုခုတော့ လွဲနေတယ် ။ သားပြန်လာမယ့်အချိန်ကိုစောင့်ဖို့ပဲ
ရှိတာမို့ အတွေးတွေကို ရပ်တန့်ကာ ဖတ်လက်စဆောင်းပါးလေးကို ဆက်ပြီး ဖတ်နေလိုက်၏ ။
တစ်နေ့ကုန်လုပ်စရာရှိတာတွေကို
လုပ်နေရပေမဲ့ သားဆီကိုပဲ စိတ်ကရောက်နေပါတယ် ။ ညရောက်တဲ့အထိ သားဆီက ဘာစာမှမလာတော့ ကျွန်မနေလို့မရတော့ဘူး
။ ဖုန်းထဲ ပိုက်ဆံထည်ကာ သားဆီ ဖုန်းခေါ်လိုက်တယ် ။ မလေးရှားကနေ မြန်မာပြည်ကို ဖုန်းခေါ်ရတာလည်း
ပိုက်ဆံက အရမ်းစားတယ် ။ ဖုန်းဝင်သွားတာနဲ့ သားလေးက တန်းကိုင်ပါတယ် ။ *သားရေ အင်တာနက်ဖွင့်ပြီး
ဗိုက်ဘာတက်လာခဲ့ပါအုံး ။ မေမေ့ဖုန်းထဲ ပိုက်ဆံ 10ဖိုးပဲ ထည့်ထားလို့ * လို့ပြောပြီး
ဖုန်းကိုချ ။ အင်တာနက်ကိုဖွင့် ဗိုက်ဘာထဲဝင် ကာ သားကို စောင့်နေလိုက်၏ ။ ခဏနေတော့ သားအကောင့်လေး
online ဖြစ်လာတယ် ။ ဒါနဲ့ ဖုန်းခေါ်လိုက်ပါ တယ် ။
*သားရေ
ဖြေနိုင်လား ။ *
*ဟုတ်ကဲ့ မေမေ ။ *
*
သားကိုမေးစရာရှိတယ် ။*
*ဟုတ်
မေးလေ မေမေ *
*သားက ဘယ်တုန်းက အက်ဆေး ရေးတာ ၀ါသနာပါသွားတာလဲ*
*မပါ
ပါဘူးမေမေရာ ။ အက်ဆေး က ဆရာမ ရေးပေးတာ ။ သားက
ဆုရချင်လို့ ၀င်ပြိုင်တာ ။*
*အယ်
။ သား မှားတယ် ။*
*ဘာလို့လဲ မေမေ။ ဘာကို မှားတာလဲ*
*အေး
သားမှားတာကို မေမေပြောပြမယ် ။ မေမေပြောနေတုန်း သားလေးဖြတ်မပြောရဘူးနော် ။ သေချာ နားထောင်
။ လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်ကြိုးစားအားထုတ်မှု့ရှိမှ ရနိုင်တယ်သား
။ ကိုယ်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှူရတာဟာ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူရတာထက်
ပိုပြီး အသက်ရှူလို့ဝစေတယ် ။ လောကမှာ သင်ယူ ပျိုးထောင်ယုံနဲ့ ဖြစ်မလာနိုင်တဲ့အရာတွေထဲမှာ
စာပေအနုပညာလည်း ပါဝင်တယ် ။ ဆရာဝန်တစ်ယောက်ဖြစ်အောင် မိဘက အတင်းတိုက်တွန်းလို့ ဆရာဆရာမတွေက
ကြီးကြပ် ကြပ်မတ်လို့လို့ရနိုင်တယ် ။ စာပေအနုပညာသည်တစ်ယောက် ဖြစ်လာဖို့ကျတော့ ကိုယ်တိုင်ကိုယ်ကျ အရည်ချင်းရှိမှ ၊ ၀ါသနာလည်းလည်းပါမှ
၊ စန်းလည်းရှိအုံးမှ ဖြစ်ထွန်းနိုင် တာမျိုးပါ သား ။ တိုက်တွန်းတိုင်း ၊ သင်ယူတိုင်း
စာရေးဆရာ ၊ ကဗျာဆရာ ဖြစ်မလာနိုင်ဘူး ။ ခုကိစ္စကို
ဆက်ပြောမယ် ။ ဆရာမရေးတာကို သားဝင်ပြိုင်တယ် ။ တကယ်လို့ ဆုရခဲ့ရင်တောင် မေမေဂုဏ်မယူဘူး
။ ဘာလို့လည်းဆိုတော့ အမေ့သားကိုယ်တိုင်ရေးထားတဲ့ အက်ဆေး မှ မဟုတ်တာ ။ ရှဲဒိုးဆိုတဲ့
စကားလုံးကို မေမေမုန်းတယ်သား ။ မေမေ မုန်းတဲ့ စကားလုံးရဲ့အောက်ကို အမေ့သားနောက်တစ်ကြိမ်မ၀င်မိပါစေနဲ့
။ မေမေ ငယ်ငယ်က ကဗျာဆုတွေ ခဏခဏရခဲ့ဘူးတယ် ။ အဲဒီတုန်းက မေမေပျော်ခဲ့တယ် ။ ခုအသက်ရွယ်မှာ
မေမေ မပျော်တော့ဘူး ။ အဲဒီဆုတံဆိပ်တွေကို မြင်တိုင်းလည်း မေမေရှက်တယ် ။ ဘာလို့လည်းသိလား
။ မေမေမှ ကဗျာမရေးတတ်ခဲ့တာ ။ သားလိုပဲ ဆုရချင်တဲ့ စိတ်နဲ့ ဆရာမရေးပေးတဲ့ကဗျာတွေကို
ကျက်ပြီး ၀င်ပြိုင်ခဲ့တာလေ ။ မေမေ ဘယ်တုန်းကမှ ကဗျာမရေးတတ်ဘူးသား ။ ခုလည်း မရေးတတ်ဘူး
။ သားလည်း မေမေလိုအသက်ရွယ် အသိတွေရှိလာမှ ရှက်တတ်လာမှထက် ခုချိန်ကတည်းက ရှဲဒိုးဆိုတဲ့
ခေါင်းစဉ်အောက်ကို မ၀င်မိဖို့လိုတယ် ။ ဆုဆိုတာ ထိုက်တန်သူတွေကို ပေးတဲ့ ဂုဏ်ပြုအမှတ်သားတစ်ခုပါသား
။ တန်ဖိုးရှိတဲ့ အမှတ်သားတစ်ခုကို အတုယောင်တွေနဲ့ မယူချင်ပါနဲ့သားရယ် ။ သားပန်းချီဝါသနာပါတယ်မလား
။ သားဝါသနာပါတဲ့ အရာကိုဘဲ ကြိုးစားပါ ။ ဂုဏ်တစ်ခုကို ရရှိပိုင်ဆိုင်ဖို့ အတုယောင်နည်းတွေနဲ့
ကိုယ့်ကိုယ်ကို မဖျက်ဆီးပါနဲ့ ။ အချုပ်ပြောချင်တာက သားလိုချင်တာကို သားကိုယ်တိုင် နည်းမှန်လမ်းမှန်နဲ့
ကြိုးစားယူပါ ။ အဲဒီနည်းမှန် လမ်းမှန်နဲ့ ရလာတဲ့ အောင်မြင်ခြင်းအပေါ်မှာပဲ ဂုဏ်ယူတတ်ပါ
။ မေမေလည်း စစ်မှန်တဲ့ သားရဲ့ အောင်မြင်ခြင်းအပေါ်မှာပဲ ဂုဏ်ယူချင်တယ် ။ နောက်ကို ဒါမျိုးဘယ်တော့မှ
မလုပ်တော့ပါဘူးလို့ မေမေကို ကတိပေးပါ *
*ဟုတ်ကဲ့
မေမေ ။ သားနောက်ကို မလုပ်တော့ပါဘူး ။ ဒါပေမယ့်လေ ဆရာမတွေက သားကို ၀င်ပြိုင်ဖို့ပြောလာရင်
သားက မပြိုင်ချင်ဘူးလို့ငြင်းလိုက်ပြန်တော့ သားကိုအမြင်ကတ်မှာပေါ့မေမေ ။ ပန်ချီပြိုင်ပွဲတုန်းကလည်း
သားကဒုတိယရတယ်လေ ။ ကိုယ်ဘာကိုဆွဲတာမေမေ ။ ပထမ ဆုရသွားတဲ့သူကလေပန်ချီဆရာဆီမှာ အပ်ပြီး
ဆွဲလာတာ ။ *
*သူတို့သမိုင်း
သူတို့ရေးတာသား ။ လမ်းနည်းမမှန်တဲ့ နည်းကိုသုံးပြီးရတဲ့ဆုကို သားမမက်မောပါနဲ့ ။ ခုဘဲ
သားသူလမ်းစဉ်ကိုလိုက်မိပြီ ။ ဒါလမ်းမှားကြီးပါ သား ။ ဘယ်တော့မှ မလိုက်မိစေနဲ့နော် ။
သားကမပြိုင်ဘူးပြောလို့ ဆရာမက အမြင်ကတ်မယ်ဆိုလည်း ကတ်ပါစေသားရယ် ။ အရေးမကြီးပါဘူး ။
အဓိကအရေးကြီးတာက အချောင်ခိုပြီး သူများအားကိုးချင်တဲ့စိတ်တွေ အမေ့သားဆီမှာ ရှိမနေဖို့ပဲ
အရေးကြီးတယ် ။ မေမေကို ပေးထားတဲ့ ကတိကိုတည်ပါစေနော်သား ။*
*ဟုတ်ကဲ့
မေမေ ။*
*ကဲ
သားလည်းအိပ်တော့ မေမေ ဖုန်းချတော့မယ် ။ ဘုရားဝတ်ပြုဖို့ မမေ့နဲ့ ။ ဘွားဘွားကြွေကို
ကန်တော့ဖို့လည်း မမေ့နဲ့နော် သား ။ မေမေ ဖုန်းချပြီ *
သားနဲ့
ဖုန်းပြောပြီး ကျွန်မရင်ထဲ မောဟိုက်နေတယ် ။ စိတ်တွေလည်း လေးပင်နေတယ် ။ ငယ်ဘ၀တွေဆီကို
အလည်သွားမိပြန်ပါတယ် ။ ကျွန်မ ခြောက်တန်း ခုနှစ်တန်း ရှစ်တန်း ကိုးတန်းလောက်မှာ ကျောင်းမှာ
ပြုလုပ်တဲ့ ကဗျာပြိုင်ပွဲတွေ တော်တော်များများမှာ ကျွန်မကိုသိပ်ချစ်တဲ့ မြန်မာစာဆရာမတစ်ယောက်
ရေးပေးတဲ့ ကဗျာလေးတွေနဲ့ အမြဲတစေ ၀င်ပြိုင်ဖြစ်ခဲ့တယ် ။ အဲဒီအချိန်တုန်းက ပြိုင်ပွဲဝင်ကျောင်းသား
အားလုံးလိုလို ဆရာ ဆရာမတွေ ရေးပေးတဲ့ ကဗျာတွေနဲ့ ပြိုင်ခဲ့ကြတာချည်းပါပဲ ။ ဒီတုန်းက
ဆုတွေရတော့ သိပ်ပျော်ကြတာပေါ့ ။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း ကျွန်မတွေးတယ် ။ တကယ်တော့
ကဗျာဆိုတာ ကျွန်မလုံးဝ မရေးတတ်သောအရာတစ်ခုပါ။ ကိုယ်မရေးတတ်တဲ့ အရာတစ်ခုကို ကိုယ်ရေးသလို
ဟန်ဆောင်ပြီး ဆုတွေ ယူလာမိတာ ရှက်စရာအတိပါလားဆိုတဲ့
အသိဝင်လာချိန်မှာ ရဖူးထားတဲ့ ဆုတံဆိပ်တွေကို ကျွန်မ မမြင်ချင်တော့ဘူး ။
တကယ်တော့
ငယ်ရွယ်တဲ့ ကျောင်းသားအရွယ်ဆိုတာ ဖယောင်းလေးတွေလိုပါပဲ ။ လိုရာပုံသွင်းလို့ အကောင်းဆုံးအချိန်ခါပေါ့
။ ဒီလိုအသက်ရွယ်မျိုးမှာ ကလေးတွေကို ပုံသွင်းပေးတဲ့ မိဘ ဆရာသမား တွေအနေနဲ့ ပုံသွင်းမမှားဖို့တော့
အထူးလိုအပ်ပါတယ် ။ မိဘတွေအနေနဲ့လည်း ငါ့သားလေး ငါ့သမီးလေး ဆုတွေရရင် ဂုဏ်ရှိပြီဆိုတဲ့
အတွေးတစ်ခုနဲ့ အလွယ်လမ်းစဉ်တွေကို မရွေးမိပါစေနဲ့ ။ ပိုက်ဆံပေးဖန်တီးမှုတွေဟာ မိမိသားသမီးမှာ
ရှိနေပြီးတား အရည်ချင်းတွေကို မှေးမှိန်ပျောက်ကွယ်သွားစေတတ်ပါတယ် ။ ဆရာ ဆရာမတွေအနေနဲ့လည်း
အထက်ဖော်ပြခဲ့တဲ့ ကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်းမှ ရှောင်ယှဉ်သင့်ပါတယ် ။ ပြိုင်ပွဲတစ်ခုရှိလာပြီဆို
စာတော်တဲ့ ကလေးတိုင်းဟာ တခြားဘက်စုံမှာ အကုန်ဆုရနေရမယ်ဆိုတဲ့ အတွေးမျိုးတွေကို ဆရာ
ဆရာမတွေအနေနဲ့ မထားသင့်တော့ပါဘူး ။
အတန်းပညာမှာ
တော်ကြပေမယ့် တခြား နေရာတွေမှာ သူတို့ထက် တော်သူတွေရှိနေနိုင်ပါတယ် ။ စာမတော်ပေမယ့်
ကဗျာရေးတော်သူတွေ ၊ စာရေးတော်သူတွေ ၊ ပန်းချီတော်သူတွေ အများပြားရှိနေနိုင်ပါတယ် ။
ဥပမာဆိုရရင် ငါးတန်းကလေးတွေရဲ့ ကဗျာပြိုင်ပွဲတစ်ခုမှာ ကလေးတွေ အသီးသီးဝင်ပြိုင်ကြမယ်
။ တကယ်ကဗျာရေးဖို့ ၀ါသနာပါသူတွေ ပါနိုင်တယ် ။ သူအသိဟာ ငါးတန်းကလေးတစ်ယောက်ရဲ့ အသိနဲ့
သူဝါသနာပါရာ ကဗျာလေးတွေကို သီကုံးပြီးပြိုင်ပွဲဝင်တယ် ။ ဒီမှာ ဆရာ ဆရာမက ဆရာ ဆရာမတစ်ယောက်ရဲ့
အသိနဲ့ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို စာတော်တဲ့ ကလေး ကဗျာမရေးတတ်တဲ့ ကလေးတစ်ယောက်ကို ပေးပြီးဝင်ပြိုင်ခိုင်းလိုက်မယ်
။ ဆရာ ဆရာမရေးပေးတဲ့ ကဗျာက ဆုရလာတယ် ။ တကယ် စစ်မှန်တဲ့ ပြိုင်ပွဲဖြစ်သွားရဲ့လား ။ ငါးတန်းကလေးတွေအတွက်
ကျင်းပပြုလုပ်တဲ့ ကဗျာပြိုင်ပွဲဟာ ငါးတန်းကလေးတွေရဲ့ နှလုံးသားထဲက အစစ်အမှန်ထွက်ကျလာတဲ့
ကဗျာလေးတွေဘဲ ဖြစ်သင့်ပါတယ် ။ ဒီလိုတွေ ရေးပေးနေတာဟာ နုနယ်တဲ့ကလေးတွေကို လမ်းမှားတစ်ခုပေါ်တွန်းပို့နေတယ်လို့
ထင်မြင်ယူဆမိပါတယ် ။
ဆရာ ဆရာမတွေအနေနဲ့ ကလေးတွေရဲ့ ရင်ထဲက အနုပညာကို နည်းလမ်းပေးဖို့လိုအပ်ပါတယ်
။ ပုံတူကူးချတတ်အောင် လမ်းမညွှန်သင့်ပါဘူး ။ ကဗျာ အက်ဆေး ဆောင်းပါးတွေကို ရေးချင်တဲ့
ကလေး ၊ ၀ါသနာပါတဲ့ ကလေးတွေကို လမ်းကြောင်းပေး လမ်းညွှန်ဖို့ပဲ လိုအပ်ပါတယ် ။ကြီးကြီးကျယ်ကျယ်ပြောတယ်လို့
ထင်ချင်လည်းထင်ပါ ။ အနာဂတ်ကျွန်မတို့ တိုင်းပြည်အတွက် ရင်သွေးငယ်တိုင်းဟာ စစ်မှန်တဲ့ကိုယ်ပိုင်အရည်ချင်းတွေနဲ့
မိမိတို့ဘ၀တွေကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ် ။ ဒီလိုတည်ဆောက်နိုင်ဖို့ဆိုတာ
လက်ဦးဆရာ မိနဲ့ဘ ဆိုတဲ့အတိုင်း မိဘ ဆရာသမားတွေဟာ အဓိကကျလှပါတယ် ။ မိမိတို့ရင်သွေးငယ်တွေကို
နည်းလမ်းမှန်တဲ့ အောင်မြင်ခြင်းတွေဆီကို ခေါ်ဆောင်ပေးကြပါ ။ နည်းမှန် လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ်
ဂုဏ်ယူတတ်အောင် ပြုစုပျိုးထောင်ပေးကြပါလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတော့၏
။
No comments:
Post a Comment