Saturday, May 3, 2014

ပျော်ရာမှာမနေ တော်ရာမှာနေရ



ပျော်ရာမှာမနေ တော်ရာမှာနေရ

ကိုယ်ဆီကိုယ်င ကိုယ် ဠာန
ပျော်သော်ညားလည်း
အဝေးတစ်နေရာ ရောက်နေရသူ လူအပေါင်း၏
စိတ်နှလုံး၌  ညှိုးရော်နွမ်းခြောက်နေစေ၏ ။

ပျော်ရာမှာမနေ တော်ရာမှာနေရ
ထိုထိုစကား နှလုံးသွင်းလျှက်
မိသားစုအရေး တာဝန်ထမ်းလို့
ဖြစ်လာပီတိ ခံစားမှု့အား
ပြောင်းလဲ  ကြည်နူးရပြန်၏ ။

အိမ်လွမ်းသည့်စိတ် ဖြေသိမ့်ရင်းဖြင့်
ပဇာ သဗ    ကိုယ်ဆီကိုယ်င
တော်ရာအရပ်၌ ပျော်စပ်ချင်ယောင်
ဟန်ဆောင်ကာဖြင့် ဘ၀အရေး
တိုက်ပွဲဝင်လို့ နေရကြလေ၏ ။

စိတ်ကူးထဲ ပေါ်လာသည်ကို ချရေးမိသည် ။
ခိုင်လေး ( ရွှေတောင် )
မလေးစံတော်ချိန် နေ့လည် ၂ နာရီ ။ သောကြာနေ့ ( 2.5.2014 )

ခိုင်လေး မွေးနေ့ အမှတ်တရ

ခိုင်လေး မွေးနေ့ အမှတ်တရ စာလေးရေးထားပါတယ် ။ မလေးရှားမှာ ည 12နာရီ 45မိနစ်ရှိပြီဆိုတော့ ခိုင်လေး မွေးနေ့လေးကိုရောက်ပါပြီ ။


ခိုင်လေးရဲ့ ၃၃ နှစ်ပြည့်မွေးနေ့လေးမှာ မှတ်မှတ်ရရ ကျေးဇူးတင်ချင်တဲ့ သူတွေလည်း ရှိပါတယ် ။ ခိုင်လေးကို လူလောကကြီးကို လေ့လာဖို့ အလည်ခေါ်ခဲ့တဲ့ အဖေ နဲ့ အမေကို ဦးစွာပထမ ရှိခိုးကန်တော့ပါတယ် ။ စီးပွားရေးကို ဦးစားပေးနေရချိန်တွေမှာ ခိုင်လေးတို့ကျန်းကျန်းမာမာဖြင့် လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့သော ဘွားဘွားကိုလည်း ရှိခိုးဦးခိုက်ပါတယ် ။ ကျန်းမာရေး အခြေနေကြောင့် ခဏခဏ ဆေးရုံသို့တက်ကာ ကုသမှု့တွေ ခံယူစဉ်က အသက်ဘေးမှ ရအောင်ကယ်ယူပေးခဲ့သော ဆရာဝန်ကြီး ဒေါက်တာ ဦးသောင်းထွဋ်နှင့် တာဝန်ကျ ဆရာ ဆရာမများ အားလုံး၏ ကျေးဇူးတရာကိုလည်း အစဉ်ဦးထိပ်ထားကျေးဇူးတင် အောင့်မေ့လျှက်ပါ။ဘ၀တစ်လျှောက် ရှိကုန်သော သင်စရာ မြင်စရာ ကြားစရာ အားလုံးကိုလည်း ရှိခိုးကန်တော့ပါ၏ ။ စာပေလောကတွင် ခုလိုစာတွေ ရေးသားနိုင်အောင် ပံ့ပိုးကူညီပေးခဲ့သော လေးလေး ဆရာအောင်အေးချမ်းကိုလည်း ဂါရ၀ထား ရှိခိုးပါတယ် ။ စာပေလောကရဲ့ ပထမဆုံးပရင့်စာပေအဖြစ် ဖော်ပြပေးခဲ့သော ဓနသိဒိဂျာနယ် ၊ အင်တာနက်ဂျာနယ် တို့ကိုလည်း ဒီနေရာလေးကနေ မှတ်မှတ်ထင်ထင် ကျေးဇူးတင်မိပါတယ် ။ ခိုင်လေး ( ရွှေတောင် ) ဆိုတဲ့ နာမည်လေးတစ်လုံး ဖြစ်လာစေဖို့ ခိုင်လေးစာမူလေးတွေကို ဖော်ပြပေးခဲ့သော Women's World Journal မှ အယ်ဒီတာ မမိုး နှင့်တကွ ဂျာနယ်တိုက်အဖွဲ့သားအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ။ ခိုင်လေး ၀မ်းနည်းချိန်၊ ၀မ်းသာချိန်များကို ထပ်တူ မျှဝေ ခံစားပေးသော ကိုညီလင်းနိုင် ၊ ကိုကွန်ဆူးမား ၊ ကိုအာကာမိုးနိုင် ၊ မောင်လေး ကောင်းကင် ၊ မောင်လေး ဖြိုးသက်ခိုင် ၊ မောင်လေး နိုင်လင်း ( အလင်းငှက် ) ၊ မောင်လေးမင်းသျှင် ၊ ချစ်မ မမိုးသီတာ ၊ ချစ်မ မလမင်းငယ် ၊ ညီမလေးစိမ်း ၊ ညီမလေး မေသက်ထားဝင်း ၊ မချောချော ၊ ညီမလေး လလေး ၊ ညီမလေး နှင်းနှင်း ၊ သူငယ်ချင်း ခင်ရတနာ တို့ကိုလည်း ကျေးဇူးတင် မိပါတယ် ။ ခိုင်လေးမွေးနေ့လေးမှာ မွေးနေ့ ဆုတောင်းပေးကြသူအားလုံးကိုလည်း လေးလေးစားစားကို ကျေးဇူးတင်မိပါတယ် ။ ထိုဆုတောင်းလေးတွေကို ဖတ်ရတဲ့ အတွက် အရမ်းကို ၀မ်းသာကြည်နူးရပါတယ် ။ထိုထိုသော မိတ်ဆွေချစ်ခင်သူတွေရဲ့ မေတ္တာတွေဖြင့် မွေးနေ့များစွာကို ဖြတ်ကျော်ပါအုံးမယ် ။
ဖေဖေ နဲ့ မေမေ အလည်ခေါ်ခဲ့တဲ့ လောကကြီးထဲ ငါဘာတွေ တွေ့ရှိခဲ့လည်း ။ ငါဘာတွေ မှားခဲ့လည်း။ငါဘာတွေကော ရလိုက်လည်း ။ အပြန်ပြန်တွေးမိလိုက်တယ်ဆိုရင်ဖြင့်……………………….
မွေးနေ့ဆိုတာလေးဖြစ်တည်ဖို့ မိခင်တစ်ယောက်ရဲ့ မိခင်ဝမ်းကြာတိုက်မှ အသက်နဲ့ရင်းကာမွေးဖွားသန့်စင် ပေးရတယ် ။ ပူလောင်အိုက်စပ်တဲ့နေ့တစ်နေ့ရဲ့ နေ့လည်ခင်း စံတော်ချိန် နှစ်နာရီခွဲတိတိမှာ မွေးဖွားခဲ့သန့်စင်ခဲ့တဲ့ ကျွန်မမှာ အမှတ်တရပေါင်းများစွာ ရှိခဲ့ပါတယ် ။ ခိုင်လေးအထက်မှာ အမတစ်ယောက်ရှိပြီနေတာမို့ ယောကျာင်္းလေးလိုချင်နေသည့် ဖေဖေ နဲ့ မေမေ ကိုစချင်တဲ့ သားဖွားဆရာမကြီးက ခိုင်လေးကို မွေးပြီးသည်နှင့် မိန်းကလေးဆိုတာကို သိသိနှင့်ပင် ယောကျာင်္းလေးလို့ ပြေပြခဲ့တယ် ။ သားဖွားဆရာမအမေ၀င်း၏ စကားကို အမှန်မှတ်ကာ ပျော်နေသည့် ဖေဖေသည် ကျွန်မအား ယောကျာင်္းလေးလို့ ထင်မှတ်နေခဲ့တယ် ။ သန့်စင်ရှင်းလင်းပြီး အပြင်သို့ရောက်လာချိန်မှ မိန်းကလေး မှန်းသိသွားချိန် အမေ၀င်း ပြန်ဖြေလိုက်ပုံက * အောင်မလေး မောင်အောင်ကြည်ရယ် မွေးတုန်းက ယောကျာင်္းလေးဟ လေနဲ့ထိမှ ကွဲသွားပါလေရောကွယ် * သားဖွားဆရာမကြီး စကားဆုံးသည်နှင့် အားလုံးဝါးလုံးကွဲအောင် ရယ်မောခဲ့ကြရ၏ ။ ဒီကနေ အစပြုလို့ ယောကျာင်္းလေးတစ်ယောက်လို ကြီးပြင်းလာခဲ့သည်မှာ ခိုင်လေး ခြောက်တန်းရောက်တဲ့ အထိပါပဲ ။ ကားမောင်းတယ် ။ ဆိုက်ကယ်စီးတယ် ။ ဘောလုံးကန်တယ် ။ ပြိုင်ဘီးစီးတယ် ။စကိတ်စီးတယ် ။ ဂီတာတီးသင်တယ် ။ ဂီတာတီးသင်တော့ အဖေ၀ယ်ပေးတဲ့ ဂီတာကြီးကို မေမေကရိုက်ချိုးခဲ့လို့ တတ်မြောက်အောင် မသင်ခဲ့ရဘူး ။ဒီလိုနဲ့ ခုနှစ်တန်းတက်ဖို့စောင့်နေစဉ်နွေကျောင်းပိတ်ရက်မှာ မယ်သီလရှင် ၀တ်ခဲ့တယ် ။ ဒီမှာဘဲ ဆရာလေးဘုရားတို့၏ သွန်သင်ဆုံးမပြုပြင်မှု့ဖြင့် မိန်းကလေးတစ်ယောက် အသွင်နေထိုင်လာတတ်ပါတယ် ။ နောက်တစ်နှစ် နွေရာသီကျောင်းပိတ်ရက်မှာလည်း ဒုတိယအကြိမ် မယ်သီလရှင် ၀တ်ဖြစ်ခဲ့ပါ၏ ။ ဒီလိုနဲ့ အရွယ်ရောက်ကြီးပြင်းခဲ့ရပါတယ် ။ တာဝန်ကျေပြီး ချစ်နိုင်လွန်းသော မိဘနှစ်ပါး ၊ ဂရုတစ်စိုက်ရှိလှသော ခိုင်လေး ဘွားဘွား ၊ ဆုံးမလမ်းညွှန်မှု့ကောင်းတွေပေးကြသော ဆရာ ၊ ဆရာမတို့၏ ပဲ့ပြင်လမ်းညွှန်မှု့တို့ဖြင့် ဘ၀တစ်ခုကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့ပါတယ် ။လမ်းခုလတ်ဆိုတဲ့ နေရာတစ်ချို့မှာ အမှားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရဘူးတယ် ။ ရူးမတတ်ဝေဒနာတွေကိုလည်း ခါးစီးခဲ့ရဘူးတယ်။ ထိုအခြင်းအရာတို့အား ပြန်ပြောင်းသုံးသပ်မိသော် ကိုယ်ပြုသောကံကိုယ်ထံပြန်ဆိုသကဲ့သို့ ပြုခဲ့ဖူးသော အတိတ်ကာလ၏ ပြုလုပ်မိသော မကောင်းမှု့ကံတို့က အကျိုးသက်ရောက်စေသည်ဟု သဘောပိုက် ဆင်ခြင်မိပြန်၏ ။
အမှားမကင်းသောလောကကြီးထဲမှာ လူတိုင်း အမှားဆိုသည့် အရာကို ကြုံတွေ့ရင်ဆိုင်ဖူးတတ်ကြမှာပါ ။ ကိုယ်အမှားပြုမိလျှင်လည်း  သူတပါးအား တောင်းပန်ခြင်းအလို့ငှာ ၀န်မလေးတတ်သူမို့ ကိုယ်အပေါ် အမှားလုပ်မိသူတို့အားလည်း အလွယ်တကူ ခွင့်လွတ်တတ်သူပါ ။ ထိုကြောင့် စိတ်ဆိုးလွယ် စိတ်ပြေလွယ်သူဟု အပေါင်းသင်းများက ခေါ်ဝေါ်ကြလေ၏ ။ တောင်းပန်ပါလျှက် မကျေနိုင်မချမ်းနိုင် ဖြစ်နေသူအချို့ကိုလည်း ကြုံဆုံရဖူးပါတယ် ။ ကိုယ်ကအမှားလုပ်ပြီး ခပ်တည်တည်နှင့် ပြန်လည်ရန်ရှာ အညှိုးဖွဲ့သူတို့ကိုလည်း ကြုံဆုံရဖူးပါ၏ ။ * လောကကြီးကို စိတ်သည် ဆောင်ကြဉ်း၏ ။ လောကကြီးကို စိတ်က ဆွဲငင်အပ်၏ ။ သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်၏ အလိုကို လိုက်နေရသည် * ဟူသော စကားအတိုင်း လူတွေသည် ဖြစ်ပေါ်လာသော စိတ်ရဲ့ စေရာကို လိုက်မိနေကြခြင်းကြောင့် တခါတရံတွင် အမှားများကို ကျူးလွန်မိကြရတယ်လို့ သဘောပိုက်ကာ ခွင့်လွှတ်နိုင်အောင် ကြိုးစားမိပါတယ် ။
ဒီလိုနဲ့ စာလေးတွေ ရေးဖြစ်လာပြန်တော့ ချစ်သူခင်သူ အားလုံးကို ရင်ဆိုင်တွေ့ရှိရပြန်တယ် ။ မလိုချင်တဲ့ အမုန်းဆိုတာတွေကိုလည်း ပိုင်ဆိုင်ရပြန်တယ် ။ အမျိုးသားရှိတဲ့ မလေးရှားကို ရောက်လာတယ် ။ ကိုယ်မျက်စိရှေ့မှာ ဖြစ်ပျက်နေသည့် မလှပသည့် ဖြစ်ရပ်တွေ ၊ နည်းလမ်းမမှန်သော ရပ်တည်ချက်တွေ ၊ ခံယူချက်တွေကို ဆောင်းပါးအသွင် ဖန်တီးကာ အတွေးလေးတွေ မှန်ကန်အောင် ၊ ရပ်တည်မှုတွေ မယိမ်းယိုင်အောင် ၊ အတွေးမှားတွေ ထုတ်ပစ်နိုင်အောင် ရေးသားမိတယ် ။ အမှားတွေ များနေတဲ့ နေရာမှာ အမှန်ဆိုတာ ပြက်ရယ်ပြုစရာတစ်ခု လို့ ထင်မှတ်ကြသော လူတစ်ချို့၏ မုန်းတီခြင်းကို ခံရပြန်တယ် ။ ခဏခဏ ပြောဖြစ်တာလေးကိုဘဲ ထပ်လောင်းပြောချင်ပါတယ် ။ ဆောင်းပါးလေးတွေ ရေးတယ် ။ မှားနေသူတွေကို အမှန်ပြင်စေချင်တယ် ။ စာဖတ်သူက ဖတ်မယ် ။ ကိုယ်နဲ့ တူညီနေရင် အမှန်ကိုပြင်ယူကြည့်မယ် ။ မပြင်ချင်လည်း မဖတ်ဘဲ ကျော်သွားမယ် ။ ကိုယ်နဲ့ မတိုင်ဆိုင်သူတွေအနေနဲ့ ပတ်ဝန်းကျင်က မှားနေသူတွေကို ပြင်ပေးမယ် ။ မပြင်ပေးချင်လည်း ဒီတိုင်းနေလို့ရတယ် ။ ခိုင်လေးရေးသားခဲ့တဲ့ ဆောင်းပါးလေးတွေဟာ မလေးရှားမှာ ရှိတဲ့ သူတိုင်း မကောင်းပါဘူးလို့ တခါဘူးမှ မရေးဘူးပါ ။ ကောင်းတဲ့သူရှိသလို မကောင်းတဲ့ သူရှိတယ် ။ အမှန်ရှိမယ် ။ အမှားရှိမယ် ။ အမှားတွေကို မြင်နေ တွေ့နေပါလျှက် လက်ခုပ်တီးအားပေးမယ့်သူမဟုတ်တဲ့ အတွက် ကျွန်မတတ်သော ဆောင်းပါးလေးတွေကို ရေးသားခြင်းဖြင့် ထောက်ပြ ပြောပြမိတယ် ။ ကိုယ်ဘ၀မှာ ရခဲ့ဖူးတဲ့ သင်ခန်းစာ ၊ မှားခဲ့ဖူးသော အမှားတွေနဲ့ ယှဉ်ထိုးကာ အကောင်းဆုံး အကြံဥာဏ်လေးတွေကို ရေးသားဖော်ပြပေးခဲ့တယ် ။ ဒီအတွက် မလေးရှားရှိ တချို့သော သူများ၏ အမုန်းလက်ဆောင်ကို ရရှိပိုင်ဆိုင်ရတယ် ။ တစ်ကြိမ်တခါမှ မြင်ဖူးတွေ့ဖူး ၊ စကားပြောဖူးခြင်းအလျဉ်းမရှိပါပဲ မုန်းတာတွေကို ခံစားရချိန်က တုန်လှုပ်မိတယ် ။ အားငယ်မိတယ် ။ ဒါပေမယ့် အနည်ထိုင်ချိန်မှာ ပြန်တွေးတယ် ။ ငါလုပ်တာ မှန်လား မှားလား ။ မှန်တယ်လို့ သတ်မှတ်ယူဆလိုက်တဲ့အချိန်မှာ စာတွေကို ပိုပြီးချစ်တတ်လာတယ် ဘ၀ခရီးဆုံးတိုင် လျှောက်လှမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ခိုင်ခိုင်ထားကာ ချစ်မြတ်နိုးသော စာပေတွေကို ပိုပြီးဖတ်ဖြစ်ခဲ့တယ် ။ ပိုပြီးရေးဖြစ်ခဲ့တယ် ။ ဒီအတွက် ထိုင်သင့်သော အသိမှတ်ပြုခြင်းတွေကို ခံခဲ့ရတယ် ။
လူတစ်ယောက် နေရာလေးတစ်ခုမှာ ရှိလာပြီဆို ထိုသူ၏ ငယ်ကျိုးငယ်နာတွေကို ပြန်လည်တူးဆွကာ အပုတ်ချတတ်သော လူတစ်စုကိုလည်း အံ့သြစရာ တွေ့မြင်ခဲ့ရပြန်တယ် ။ မွေးနေ့ ပို့( စ် ) လေးမှာ ကြုံတုန်းတပါးတည်း ပြောလိုက်ချင်ပါတယ် ။ လူတစ်ယောက်ဟာ အချိန်တိုင်း ဆိုးနေမလား  ။ ထိုလူကောင်းသွားချိန်ကြရင်ကော လူကောင်းတစ်ယောက်အဖြစ် အသိမှတ်မပြုချင်ကြတော့ဘူးလား ။ ကျွန်မတို့မြို့လေးမှာ ကိုယ်တိုင် သိမြင်ခင်မင်ခဲ့ရသူ အကိုတစ်ယောက်ရှိပါတယ် ။ သူ့အကြောင်းကို ၀ထ္ထုတိုလေး လည်း ရေးသားထားပါသေးတယ် ။ သူဟာအရင်ကဆို အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေသူတစ်ဦးပါ ။ နှစ်ရှည်လများ အရက်ကိုသောက်လာလိုက်တာ တစ်နေ့တော့ အသိတရားတွေ ရလို့သာသနာ့ဘောင်ကိုအပြီးဝင်လိုက်တာခုဆိုတကယ်ကိုကြည်ညိုစရာကျောင်းထိုင်ဆရာတော်သမားဖြစ်နေပါပြီ ။ တစ်ချို့သော သူများသည် သူတပါးမိသားစုအတွင်းရေးများအား သေသေချာချာ မသိပါပဲ အမှား အမှန်ဆိုသည့်အရာကို စွဲချက်တင်ကာ တဖက်သတ် အပြစ်ပေးတတ်သူများကိုလည်း ကြုံဆုံရဖူးပါတယ် ။ လူတစ်ယောက်၏ အတွင်းသဘောကို သေချာစွာ မလေ့လာဘဲ ဝေဖန်ခြင်းသည် အလွန်ဆိုးရွားသော အပြုမူတစ်ခုပင်ဖြစ်၏ ။ အရာအားလုံးကို ခြုံငုံသုံးသပ်မိသော် ဆရာတောအရှင်ဇနကာဘိဝံသ ရေးသားသော ကိုယ်ကျင့်အဘိဓမ္မာထဲက စာသားလေးကို နှလုံးသွင်းမိလိုက်ပါတော့၏ ။
*လူဟုဆိုလျှင် ၊ လူလိုပင်သာ ၊ လူတွင်တွေ့ရိုး ၊ ကြောင်းအကျိုးနှင့် ကောင်းဆိုး နှစ်တန် လောကဓံကို ၊ အမှန်တွေ့မြဲ ၊ စိတ်ဝယ်စွဲ ၊ ၀မ်းနည်း ၀မ်းသာ မများပါမှ * ဆိုတဲ့စကားလေးကို မှတ်သားကာ လူဘုံထုံးစံ ၏ ကဲ့ရဲ့ခြင်း ၊ ဝေဖန်ခြင်း ၊ချီးမွန်းခြင်း ၊ အကောင်းမြင်ခြင်းအစရှိသော ကောင်းဆိုးနှစ်တန် ကို ရဲရဲရင်ဆိုင်ကာ ၀မ်းနည်းခြင်း ၀မ်းသာခြင်းဟူသော ခံစားချက်တို့အား အချိုးညီညီခံစားရင်း စိတ်ဇွန်သန်သန်ဖြင့်
ဘ၀ခရီးဆုံးတိုင် ဆက်လက်လျှောက်လှမ်းပါ့မယ် ။
ကျွန်မ ၄ . ၅ . ၁၉၈၁ မှာမွေးဖွားသူမို့ ယနေ့ဟာ အသက် ၃၃ နှစ်ပြည့်ပါပြီ ။ ဖေဖေ မေမေ ဘွားဘွားတို့၏ ပြုစုပျိုးထောင်မှု့ဖြင့် ဒီအရွယ်တိုင်အောင် ရောက်ရှိလာခဲ့သည့် ကျွန်မတွင် တန်ဖိုးမဖြတ်နိုင်သော အမှား အမှန် ဘ၀ပုစ္ဆာပေါင်းများစွာကိုလည်း တွက်ချက် အဖြေထုတ်ခဲ့ပြီးပါပြီ ။ မိတ်ဆွေကောင်း မိတ်ဆွေစစ် ဆိုသည့်အရာတွေကိုလည်း ခွဲခြားလို့ သိခဲ့ရပါပြီ ။ ဘ၀မှာ လှိုင်းထန်တဲ့နေ့တွေကို ဖြတ်ကျော်ပြီးလို့ သာယာတဲ့နေ့ရက်တွေကိုလည်း ပိုင်ဆိုင်ခဲ့ပြီ ။ ချစ်နိုင်လွန်းသော ဖေဖေ ၊ မေမေ နှင့် ဘွားဘွား ၊ ကျွန်မဘ၀ရဲ့ လမင်းလေးနှစ်စင်းဖြစ်သော သားနှင့်  သမီး ။ ကျွန်မဘ၀ရဲ့ ကောင်းကင်ကြီးနှင့် အလားသဏ္ဍန်တူသော ချစ်လှစွာသော ခင်ပွန်း ၊ ကျွန်မကို ချစ်ခင်ကြသော သူငယ်ချင်း မိတ်ဆွေအပေါင်း နှင့် facebook မိတ်ဆွေအပေါင်း ၊ ခိုင်လေးစာတွေကို အားပေးကြသော စာဖတ်မိတ်ဆွေများအားလုံး ရှိနေသမျှ ခိုင်လေး ကမ္ဘာလးက လှပနေအုံးမယ်ဆိုတာ သေချာနေမည်သာ……………………………….။

ခိုင်လေး ( ရွှေတောင် )