Sunday, December 16, 2018

လျော်ကြေး


လျော်ကြေး


ရင်စူးမြား အမှတ် ( ၃ )

ပတ္တမြား FM
 



ဗြုတ်စဗျင်းတောင်း အတွေးစတွေကို ရပ်တန့်လိုက်ချိန်မှာပဲ စောင့်စားနေတဲ့ တယ်လီဖုန်းခေါ်သံက မြည်လာပါတော့တယ် ။ အေးစက်တုန်ယင်နေတဲ့ လက်အစုံက ဖုန်းလေးကို ကိုင်လိုက်ချိန်မှာ တစ်ဖက်က အသံကို ကြားလိုက်ရပါတယ် ။
“ဟယ်လို ”

“မင်းတန်းကိုင်တာကိုး ။ ကောင်းတာပေါ့ ။ ငါမကြားချင်တဲ့ အသံကို မကြားရတော့ဘူး ”


“ ဒီမယ် ရှင်အပိုတွေ မပြောပါနဲ့ ။ ပြောစရာရှိတာကိုပဲ ပြောပါ”


“ စိတ်ချ ။ ငါလည်း လိုရင်းကိုပဲ ပြောမှာပါ ။ ကလေးတွေက အခုဆို ငါဆီကို သိပ်မလာကြတော့ဘူး ။
မင်းဘာတွေ ပြောထားလဲ ။ နောက်ပြီး ကလေးတွေက မင်းယောကျာင်္းကို ကြည်ဖြူနေတာလည်း ငါ မကြိုက်ဘူး ။ ကလေးတွေနဲ့ငါ့ကြား သွေးခွဲဖို့ မကြိုးစားပါနဲ့ ”

“ရှင်တော်တော် တရားကျဖို့ ကောင်းတဲ့သူပဲ ။ ရှင့်စိတ်နဲ့ နှိုင်းပြီး မရိုင်းပါနဲ့ ။ ကလေးတွေကို လိမ်မာယဉ်ကျေးဖို့ပဲ ကျွန်မသင်တယ် ။ မိဘဖြစ်သူကို စော်ကားတတ်အောင် ဘယ်တုန်းကမှ မသင်ခဲ့ဘူး ။ ရှင်ဆီကိုမသွားဖို့ တားမြစ်ဖူးလားလို့ ကလေးတွေကို ရှင်သေချာ ပြန်မေးကြည့်လိုက် ။ ကျွန်မ အမျိုးသားကို ကလေးတွေ ခင်တွယ်နေအောင်လည်း ဘာတစ်ခုမှ ဇွတ်ဖန်တီးမထားဘူး ။ ကလေးတွေစိတ်နဲ့ ကလေးတွေ ။ ကြည်ဖြူတာမကြည်ဖြူတာ ကြိုက်တာမကြိုက်တာလည်း ရှင့်အပိုင်းပဲ ။ ကျွန်မ ဂရုမစိုက်ဘူး ။ သူများကိုပဲ အပြစ်တွေလိုက်ဖို့ နေတယ် ။ ရှင်ကိုယ်တိုင်ကရော ကလေးတွေ ခင်တွယ်စရာ ဖြစ်အောင် နေရဲ့လားလို့ ရှင့်ကိုရှင် ပြန်ဆန်းစစ်ကြည့်ပါဦး ။ တစ်မြို့တည်း အတူတူနေနေလျက်နဲ့ သားသမီးတွေအပေါ် ဖခင်တစ်ယောက်ရဲ့ တာဝန်တွေ ဘာများကျေခဲ့ဘူးလဲ ”

“ ဟ ငါလည်းကျေချင်တာပေါ့ ။ ငါ့သားသမီးတွေ ငါလည်း စောင့်ရှောက်ချင်တာပေါ့ ။ ဒါပေမယ့် ငါဝမ်းစာငါတောင် အနိုင်နိုင်ဖြစ်နေတာလေ။ မင်းတာဝန်ယူထားတယ်ဆိုပြီး အသံကောင်း
လျော်ကြေး                                                                                                              
ဟစ်မနေပါနဲ့ကွာ ။ ငါလည်း အဖေတစ်ယောက်ပါ ။ သားသမီးတွေကို ပေးချင်တယ် ။ တာဝန် ယူချင်တယ် ။ ဘယ်လိုမှ အခြေအနေ မပေးလို့ကွ ”

“ ဘာပြောလိုက်တယ် ။ ငါလည်း စောင့်ရှောက်ချင်တာပေါ့တဲ့ ( ဟုတ်လား ။ ဟားဟ ! ကျွန်မ ဟာသ တစ်ခုကို ကြားနေရသလိုပဲ ။ ဒီမယ် ကလေးတွေအဖေ ၊ မိဘရယ်လို့ ဖြစ်လာရင် ကိုယ်ရင်ကနေ ဖြစ်တည်လာတဲ့ သားသမီးတွေကို တာဝန်ယူနိုင်ရမယ် ။ ကိုယ်ငတ်ချင်ငတ်ပါစေ ။ သူတို့တွေကို အငတ်ခံကျွေးရမယ် ။ စီးပွားရေး အဆင်မပြေလို့ပါဆိုတဲ့ အကြောင်းပြချက်တွေ လာမပေးနဲ့ ။ လက်မခံဘူး ။ တာဝန်မယူနိုင်ရင် အစောကြီးကတည်းက အပြစ်မဲ့ကလေးတွေကို လောကကြီးထဲ ခေါ်ဖို့ မကြိုးစားနဲ့လေ။ ရှင်ကတာဝန်မယူနိုင်တာမဟုတ်ဘူးရှင့် ။ ရှင်ထမ်းဆောင်ရမယ့် တာဝန်တွေအားလုံးကို အရက်သောက်မယ့် နေရာမှာပဲ အသုံးချနေတာ ။ ထားပါလေ ။ ရှင် နဲ့ ကျွန်မရဲ့ အသွေးအသားတွေနဲ့ ဖြစ်တည်လာခဲ့တဲ့ ကလေးတွေကိုရှင်တာဝန်ယူယူမယူယူ ကျွန်မ တာဝန်ယူမယ် ။ ကျွန်မတတ်နိုင် နေလို့ ဒီစကားပြောတယ်လို့ ရှင် မထင်လိုက်နဲ့နော် ။ ကျွန်မ စီးပွားရေး အဆင်ပြေသည်ဖြစ်စေ ။ မပြေသည်ဖြစ်စေ ကျွန်မရင်နဲ့လွယ်မွေးဖွားထားရတဲ့ ကလေးတွေကို သူများအောက်မကျို့ရအောင် ကျွန်မ ကြိုးစားမယ် ။ နောက်တစ်ခု ရှင် အခုနပြောလိုက်တယ် ။ အခြေအနေ မပေးလို့ဟုတ်လား ။ အခြေအနေမပေးတာလား ပေးလာတဲ့အခြေနေအားလုံးကို ရှင်ကိုယ်တိုင် မောင်းထုတ်ခဲ့တာလားဆိုတာ ပြန်တွေးစမ်းပါဦး ။ ရှင်ဖာသာရှင်ထင်ချင်တာတွေ ထင်နေတာ ။ ကလေးတွေက ရှင်အဝေးကို ပြေးနေတာ မဟုတ်ဘူး ။ ကလေးတွေ အဝေးကို ရှင်က ပြေးထွက်နေတာ ။ ကျွန်မအမျိုးသား ကလေးတွေအပေါ် ဘယ်လောက်ကောင်းနေပါစေ ကလေးတွေရင်ထဲကရှင့်နေရာကိုတော့ သူဘယ်တော့မှမရနိုင်ပါဘူး ။ ကလေးတွေရင်ထဲမှာ တိတ်တခိုးမျော်လင့်နေတာကလည်း ရှင့်ဆီက ဖခင်ပီသတဲ့ မေတ္တာတရားတွေကိုပဲ ”

“ ကြီးကြီးကျယ်ကျယ်တွေ မပြောစမ်းပါနဲ့ကွာ ။ ငါနဲ့ကွဲပြီး သုံးလေးနှစ်ကြာတာနဲ့ နောက်အိမ်ထောင် ပြုခဲ့တာကျတော့ရော ။ မိခင်တစ်ယောက်လုပ်နေပြီး ကလေးတွေ မျက်နှာကို ဘာထောက်ခဲ့လို့လဲ ။ ကိုယ်ကလေးတွေ ရှိနေရက်နဲ့ နောက်လင်ယူတာ မင်းကိုယ်မင်း အမှန်တရားရဲ့ဘက်တော်သားလို့ ထင်နေတာလားကွ ။ ဒါတင်မကသေးဘူး ကလေးတွေကိုထားပြီး ဟိုးအဝေးကြီးကို ထွက်သွားနိုင်တဲ့ မင်းရဲ့ မိခင်မေတ္တာကတော့ လေးစားလောက်ပါတယ်ကွာ ။ အခုဆိုပတ်ဝန်းကျင်က မင်းကိုဘာတွေ ပြောနေကြလည်း မင်းသိရဲ့လား ”

လျော်ကြေး                                                                                                             
 “ ဘာပြောတယ် ။ ကျွန်မက ကလေးတွေထားပြီးအဝေးကိုထွက်သွားနိုင်တယ် ဟုတ်လား ။ ပြောတတ်လိုက်တာ ။ ရှင်မှတ်ထားပါ ။ လူတိုင်း ၊ မိသားစုတိုင်းမှာ အတွင်းရေးတွေ ရှိတယ် ။ ကိုယ်မိသားစုအကြောင်း ကိုယ်သာအသိဆုံးပဲ ။ ဘ၀မှာဖြစ်သင့်တယ်ထင်လို့ ရွေးချယ်လိုက်ရတဲ့ ရွေးချယ်မှု့တိုင်းမှာ ပေးဆပ်လိုက်ရတာတွေ အများကြီးရှိတယ် ။ အေး ဘာအကူအညီမှ မပေးဘဲ ဘေးထိုင်ဘုပြော အတင်းတုတ်နေသူတွေရဲ့စကားကို ခေါင်းထဲမထည့်တတ်ခဲ့တာကို ရှင်မေ့နေပြီ ထင်ပါရဲ့ ။ ကျွန်မ ၊ ကျွန်မသား ၊ ကျွန်မသမီး ဒီသုံးဦးအတွက် အကောင်းဆုံးလမ်းကို ကျွန်မ ရွေးချယ်ခဲ့တာ ။ အခုချိန်မှာ သားသမီးတွေရဲ့ လိုအင်ဟူသမျှ ဖြည့်ဆည်းပေးနိုင်ပြီ ။ မေမေ ဒါလေးလိုချင်တယ်လို့ ပြောလာရင် ခေါင်းခါငြင်းဆန်ရတဲ့ အခြေအနေတွေကို ကျော်လွန်နိုင်ခဲ့ပြီ ။ အဲဒီအတွက် အများကြီး ကျေနပ်တယ် ။ ရှင့်ကို အားပေးအားမြှောက်လုပ်နေတဲ့ ရှင့်ပတ်ဝန်းကျင်က သူတွေပြောနေတဲ့ အတင်းအဖျင်းတွေကို ကျွန်မ လုံးဝ စိတ်မ၀င်စားဘူး ။ ကလေးတွေကို ချစ်တယ်ဆိုပြီး ကလေးတွေ ရှိနေသားနဲ့ နောက်ထပ်ဘ၀သစ်တစ်ခုကို ထူထောင်တယ်ဟုတ်လား ။ လူတစ်ယောက်မှာ တစ်ကြိမ်တစ်ခါတော့ အမှားပြင်ဆင်ခွင့် ရှိပါတယ် ။ တစ်ကြိမ်မှားလို့ အမှားပြင်ဆင်မိတာ ကျွန်မလွန်လား ။ ရှင်နဲ့ကွာရှင်းပြီး လေးနှစ်ကျော်မှ ကျွန်မဘ၀အတွက် အကောင်းဆုံးလမ်းကို ရွေးချယ်ခဲ့တာပါ ။ အမှားတွေကို ခဏခဏ ပြင်ဆင်နေမယ့် မိန်းမထဲမှာ ကျွန်မမပါဘူး ။ ကျွန်မရွေးချယ်မှု့မှာ နှလုံးသားဆန္ဒတစ်ခုတည်းမဟုတ်ဘူး ။ ကျွန်မအတွက်ရော ကျွန်မသားသမီးတွေအတွက်ပါ တကယ်အရိပ်ကောင်းတစ်ခု ဟုတ်မဟုတ် အကြိမ်ကြိမ် ဆင်ခြင်စဉ်းစားပြီးမှ ရွေးချယ်ခဲ့တဲ့အတွက် ကျွန်မလိပ်ပြာ ကျွန်မသန့်တယ် ။ ရှင်မေးတာတွေကိုပဲ ကျွန်မက ဆက်တိုက်ဖြေနေရတယ် ။ ကျွန်မကလည်း ရှင့်ကိုမေးပါရစေဦး ။ ရှင်ကရော ကျွန်မတို့ကလေးတွေအတွက် ဘာတွေများ ပေးဆပ်ခဲ့ဘူးလဲ ။ အခုဆိုရင် ကျွန်မသားလေး အရပ်ကြီးအရမ်းရှည်နေပြီ ။ ရှင်မပြုရသေးဘူး ။ အဲဒီအတွက် ကျွန်မခေါင်းထဲမှာနေ့တိုင်း သားလေးကို ရှင်ပြုပေးဖို့ စိုးမိုးနေတယ် ။ ကျွန်မ ပိုက်ဆံဆု နေတယ် ။ ရှင်ဆီမှာရော သားရှင်ပြုရမယ်ဆိုတဲ့ အတွေးလေးတခု ရှိခဲ့ဖူးလား ။ တစ်မြို့တည်း အတူတူနေနေရက်နဲ့ ကလေးတွေအတွက် ဘယ်လိုဖခင်ပီတမှု့တွေကို ပေးခဲ့ဘူးလဲ ။ တစ်လ တခါလောက် ကလေးတွေဆီ သွားတွေ့ချိန်လေးတွေမှာတောင် မသောက်မစား မမူးဘဲ သွားခဲ့ဘူးလား ။ ရှင်နဲ့ ရှင်ပတ်ဝန်းကျင်က ပြောကြလွန်းလို့ ကျွန်မလည်း မေးခွန်းလေးတွေ ပြန်မေးကြည့်တာပါ ။ ဖြေချင်မှ ဖြေပါ ။ ကျွန်မတို့လမ်းခွဲခြင်းအပေါ် တရားမျှတမှု့ရှိတယ်လို့ ကျွန်မဘက်ကတော့ အမြဲမှတ်ယူခဲ့တယ် ။ နှစ်ဦးနှစ်ဖက် မကောင်းခဲ့လို့ ၊ ကံမစပ်ခဲ့လို့ ခွဲခွာခဲ့တယ်လို့လည်း ခံယူထားတယ် ။ နောက်ဆုံး တခုပဲ ပြောချင်တယ် ။ ကျွန်မကလေးတွေကို ဘယ်သူတာဝန်ယူယူ မယူယူ ကျွန်မ တာဝန်ယူနိုင်တယ် ။ ရှင့်ကိုလည်း အပြစ်မဆိုချင်ပါဘူး ။ ကိုယ်ဘ၀နဲ့ကိုယ် နေသားတကျ ရှိနေကြတဲ့ လူနှစ်ဦးဟာ ကိုယ်လမ်းကိုယ်လျှောက်ခြင်းက အကောင်းဆုံး ဖြစ်နိုင်တယ်မလား ။ ဒီနေ့ ကျွန်မတို့ မေးခဲ့ကြတဲ့ မေးခွန်းတွေဟာ ရှင် နဲ့ ကျွန်မကြား နောက်ဆုံး ပတ်သက်ခြင်းဖြစ်ပါစေ ။ ကျွန်မဘ၀သစ်လေးထဲမှာ
လျော်ကြေး                                                                                                              
ကျွန်မမိသားစု ကျွန်မသားသမီး အားလုံးအဆင်ပြေပြေရှိနေကြတယ် ။ အဲဒီအတွက် ကျွန်မ ကျေနပ်တယ် ”
ကျွန်မပြောသမျှကို တချိန်လုံး ငြိမ်နားထောင်နေတဲ့ သူ့ဆီက နောက်ဆုံးစကားသံ ထွက်လာပါတယ် ။
“ အေး ! မင်းလိုပဲ ငါလည်းဒီနေ့ မင်းနဲ့ စကားပြောတာ နောက်ဆုံးပါပဲ ”
သူ့စကားဆုံးတာနဲ့ ဖုန်းကိုတစ်ပါတည်း ချလိုက်ပါတော့တယ် ။ ဟုတ်တယ် ။ ဖုန်းချရမယ် ။ ကျွန်မမှာ သူ့ကိုပြောစရာ စကားမရှိတော့ဘူး ။ ဆက်ပြောဖို့ စကားမကျန်အောင် ကျွန်မ သူ့ကို ပြောခဲ့ပြီးပြီလေ ။ လမ်းခွဲကျောခိုင်းထားတဲ့သူနှစ်ယောက်မှာ သားနဲ့သမီး အကြောင်းကလွဲရင် ဘာများပြောစရာ ရှိဦးမှာလဲ။ဆက်ပြောနေခဲ့ရင်လည်း မလိုလားအပ်တဲ့ အခြေအနေတစ်ခုကို ရောက်ကောင်း ရောက်သွားနိုင်တယ်။လက်ရှိအခြေနေကိုမေ့ပြီး အရင်ကလိုပြောမိဆိုမိခဲ့လျှင် လင်မယားရန်ဖြစ်တာနဲ့ အလားသဏ္ဍန်တူနေမှာပေါ့။လက်ရှိအနေထားက ကျွန်မမှာကာမပိုင် ခင်ပွန်းရှိနေပြီလေ ။ ကျွန်မ ခင်ပွန်းရဲ့  နားလည်ပေးမှု့ကို တဆုံးတိုင်အောင် အခွင့်အရေး မယူသင့်ဘူး မဟုတ်လား ။ ဒီနေ့ ကလေးတွေအဖေက ကျွန်မနဲ့စကားပြောချင်ကြောင်း သူငယ်ချင်းတစ်ယောက်ကနေတဆင့် ဆက်သွယ်လာတော့ ကျွန်မခင်ပွန်းက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုပေးခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူရဲ့ နားလည်မှု့ကို အသိအမှတ်ပြုတဲ့အနေနဲ့ အထိမိဆုံးစကားတွေကို နောက်ပြောစရာမကျန်အောင် ပြောကြားခဲ့ပြီးပါပြီ ။ နောက်တစ်ကြိမ်ဆိုတာ မရှိတော့အောင်ကို ပြောခဲ့ပြီးပြီ ။
ကလေးတွေအဖေနဲ့ကျွန်မ တရားဝင်ကွာရှင်းပြီး လေးနှစ်ကျော်အကြာမှာ ဘ၀သစ်တစ်ခုကို ထူထောင်ခဲ့တယ် ။ လက်ထပ်ပြီးခင်ပွန်းဖြစ်သူနဲ့အတူ သူအလုပ်လုပ်နေတဲ့ မလေးရှားမှာ လိုက်နေခဲ့တယ် ။ ကျွန်မ မလေးရှားကိုထွက်လာချိန်မှာ သားနဲ့သမီးကို အဘိုးအဘွားရင်ခွင်မှာ လုံခြုံစိတ်ချစွာ အပ်နှံထားခဲ့ပါတယ် ။ ကျွန်မ၀မ်းက မွေးဖွားသန့်စင်ပြီးအချိန်ကတည်းက အဘိုးအဘွားတွေနဲ့ အတူတူနေခဲ့ကြသူများမို့ အခုလို ခွဲနေရတာကိုလည်း သားသမီးတွေအတွက် ထွေထွေထူးတူး ကိစ္စမဟုတ်ပါဘူး ။ ဘ၀ဆိုတာ ဖြစ်ချင်တာတွေကိုချည်းလုပ်ခွင့် ပေးထားတာမျိုးမှ မဟုတ်တာ ။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေနဲ့ မခွဲမခွာ အတူတူ နေချင်တာပေါ့ ။ အခြေနေအရ ခွဲနေရတာကို ပတ်ဝန်းကျင်နားလည်အောင် လိုက်ရှင်းပြနေဖို့ ကျွန်မ စိတ်မ၀င်စားဘူး ။ ကိုယ်မှာရှိမှကိုယ်စားရမယ် ။ ဆယ်စုနှစ်တစ်ခုတိုင်အောင် လူတွေရဲ့ စိတ်နေသဘောထားကို လေ့လာသင်ယူခွင့်ရခဲ့ပြီးပြီမို့ ကိုယ်ဖန်တီးတဲ့ဘ၀ကို အကောင်းဆုံး တည်ဆောက်ဖို့ပဲ စိတ်ဝင်စားတော့တယ် ။

လျော်ကြေး                                                                                                              
သာသာယာယာရှိနေတဲ့ ကျွန်မရဲ့လက်ရှိဘ၀လေးကို တခါတရံလူတွေရဲ့ ပါးစပ်မုန်တိုင်းတချို့ တိုက်ခတ် လာကြပြန်တယ် ။ မိသားစုနဲ့ပတ်သတ်တဲ့ စာလေးတွေ ကျွန်မရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တင်တဲ့အခါတိုင်း မထိတထိလာရေးတတ်ကြတဲ့ ကော်မန့်စာသားတွေ ၊ မတ်ဆေ့ကနေ လာပြောတတ်တဲ့စကားလုံးတွေဟာ မုန်တိုင်းတခုလိုပါပဲ ။ ချန်ထားရစ်သူနဲ့ ကျန်နေခဲ့သူ  ကျန်နေရစ်တိုင်း အမှန်ဖြစ်ရောလား ။ ပြသနာရှိရင် အဖြေရှိရမှာပေါ့ ။ မှန်ကန်တဲ့ အဖြေတစ်ခုကို ရှာဖွေဖို့ မကြိုးစားဘဲ ထင်ရာမြင်ရာပြောနေကြတဲ့ ပတ်ဝန်းးကျင်ဆိုတာကြီးကို တခါတခါ မုန်းပစ်ချင်တယ် ။
ကလေးတွေအဖေက ကျွန်မဆီဖုန်းခေါ်ချင်တဲ့အကြောင်း သူငယ်ချင်းတစ်ယောက်ကို ပြောခိုင်းလာတဲ့နေ့က ကျွန်မခင်ပွန်း အလုပ်ပိတ်ရက်ဖြစ်နေခဲ့တယ် ။ တကယ်လို့ ကျွန်မခင်ပွန်းအလုပ်မပိတ်ခဲ့ရင်လည်း ဒီအကြောင်းကို ကျွန်မခင်ပွန်းဆီကို ခွင့်တောင်းမိမှာပါ ။ ကလေးတွေအဖေနဲ့ကွဲပြီး မိဘတွေဆီပြန်နေခဲ့စဉ် ကာလတွေမှာ ကလေးတွေနဲ့ ပတ်သတ်ပြီး အကြောင်းကြီးငယ်ရှိရင် ဖုန်းနဲ့စကားပြော ဖြစ်ခဲ့ကြပေမဲ့ ကျွန်မ လက်ထပ်ပြီးကတည်းက လုံးဝစကားမပြောဖြစ်ခဲ့တာ အခုဆို နှစ်နှစ်တင်းတင်း ပြည့်ရော့မယ် ။ ဒီနေ့ ကျွန်မရဲ့ တောင်းဆိုမှ့ကို အမျိုးသားက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုပေးခဲ့တာပါ ။
သူကိုအနားထားပြီး ဖုန်းပြောရမှာအားနာနေတဲ့ ကျွန်မစိတ်အခြေနေကို ရိပ်စားမိဟန်တူပါရဲ့ ။ ကလေးတွေအဖေဆီက ဖုန်းဝင်လာတာနဲ့ အခန်းထဲကနေ ထွက်သွားလိုက်တာ ဖုန်းချပြီးတဲ့အထိ အခန်းထဲကို ပြန်ဝင်မလာပါဘူး ။ ဘယ်များ ရောက်နေပါလိမ့် ။ အခန်းအပြင်ထွက်ကြည့်တော့လည်း မောင့်ကို မတွေ့ရဘူး ။ အပြင်များ ထွက်သွားလားဆိုပြီး ဖုန်းခေါ်ကြည့်တော့လည်း ဖုန်းက၀င်ပြီး ဖုန်းမကိုင်ပါဘူး ။ တဖြည်းဖြည်းနဲ့ ကျွန်မ စိတ်ပူလာမိတယ် ။ မောင် ဘယ်များ သွားတာပါလိမ့် ။ အလုပ်ထဲစက်သံတွေ ဆူညံနေရင် ဒါမှမဟုတ် ဖုန်းပိတ်နေရင်တာ ဖုန်းမကိုင်ရှိတာ ။ ကျန်တဲ့အချိန်ကတော့ ကျွန်မ ခေါ်တာနဲ့ ဖုန်းတန်းကိုင်တတ်သူလေ ။ ဖုန်းပိတ်ရအောင်လည်း အခုခေါ်တော့ ဖုန်းက၀င်နေတယ် ။ စက်သံတွေဆူရအောင်လည်း ဒီနေ့က အလုပ်ပိတ်ရက် ။ တွေးရင်း တွေးရင်း ကျွန်မနှလုံးသွေးတွေ ဆူပွက်လာတယ် ။ ပိုဆိုးတာက ဆက်တိုက် ဆက်တိုက် ဖုန်းခေါ်နေလည်း မကိုင်တာမို့ စိုးရိမ်စိတ်တွေ ပိုပြီးကြီးထွားလာရတယ် ။
ဘာများဖြစ်နေလည်းဆိုတဲ့အတွေးက ကျွန်မကို ပိုပြီးထိတ်လန့်စေပါတယ် ။ ထိုင်တွေးပူနေမယ့်အစား လိုက်ရှာလိုက်တာပဲကောင်းပါတယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ကျွန်မခင်ပွန်းကို လိုက်ရှာရန် ပြင်ဆင်လိုက်ပါတော့တယ် ။ ဖုန်းနဲ့ပတ်(စ်)ပို့စာအုပ်ကို ပိုက်ဆံအိတ်ထဲ ထိုးထည့်ပြီး ဒရောသောပါး အိမ်ထဲက ထွက်ခဲ့လိုက်တယ် ။ အရင်လိုပါတယ်ဆိုမှ ဓာတ်လှေကားက စောင့်ရပြန်တယ် ။
လျော်ကြေး                                                                                                              
ဓာတ်လှေကားက တော်တော်နဲ့တက်မလာတဲ့အဆုံး လှေကားကပဲ ပြေးဆင်း ခဲ့လိုက်တော့တယ် ။ မောနေတဲ့အရှိန်ကြောင့် အခုန်မြန်နေတဲ့ရင်အစုံကိုဖိရင်း မောင်သွားတတ်တဲ့ တိုက်ဝန်း ပတ်ဝန်းကျင်ကို လိုက်ရှာလိုက်နေမိတယ် ။ ကျွန်မအသိထဲမှာ မောင်ဘယ်မှာလဲဆိုတဲ့ မေးခွန်းတွေ တရစပ်ခုန်ပေါက် နေလေရဲ့ ။ “ မောင် ရေ…….မောင်ရေ ” လို့ စိတ်ထဲက အကြိမ်ကြိမ် ခေါ်နေမိပါတယ် ။ တိုက်အနီးအနားမှာ ရှိလိုရှိငြားရှာကြည့်တော့လည်း မောင့်အရိပ်အယောင်ကတောင် မတွေ့ရဘူး ။
တိုက်ရဲ့နောက်ကျောဘက်ကို ချိုးကွေ့လိုက်မှ တိုက်ဝန်းအတွင်းကို ၀င်တဲ့ဝင်ပေါက်နေရာရှိ အုတ်ဘောင်ပေါ်တွင်ထိုင်ကာ အဝေးပြေးလမ်းမကြီးအား ငေးမောနေတဲ့ မောင့်ကိုတွေ့လိုက် ရပါတော့တယ် ။ မောင့်ကို ရှာမတွေ့ခင် အချိန်လေးအတွင်း ကျွန်မရင်ထဲ ပူလောင်ခဲ့ရတဲ့ ဝေဒနာက ဆိုဖွယ်ရာမရှိပါဘူး ။ တစ်တောင်လောက်အကွာမှာရှိနေသည့် မောင်ကိုငေးကြည့်နေရင်း ကျွန်မရင်တွေ တဒိုင်းဒိုင်း ခုန်လာတယ် ။ “ မောင်…… ” လို့ လှမ်းအော်လိုက်မိတဲ့ အထိပါပဲ ။ မောင်ဆီကို အပြေးကလေး သွားလိုက်မိပါတယ် ။ မောင့်အနား ရောက်ချိန်တွင် ကျွန်မတစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲနစ်နေပါတော့တယ် ။ အသက်ကို ခပ်ပြင်းပြင်းရှူကာ မောင့်မျက်နှာကို မလွတ်တန်း စိုက်ကြည့်လိုက်မိတယ် ။ ကျွန်မရင်တွေလည်း တဒိုင်းဒိုင်း အခုန်မြန်လို့ ။ ကျွန်မလေ မောင်စိတ်ထဲ ဘာတွေများ ရှိနေမလဲလို့ သိပ်သိချင်နေမိတယ် ။
ကျွန်မရဲ့အမောတကောပုံစံကို တွေ့လိုက်ရတဲ့မောင်ကတော့ ထူးဆန်းနေပုံပါပဲ ။ ကျွန်မကို တအံ့တသြကြည့်ရင်း အပြုံးတစ်ပွင့်နဲ့ဆီးကြိုရှာပါတယ် ။ မောင်က ကျွန်မခေါင်းပေါ်ကို အသာလက်တင်ရင်း -
 “ မောင်ကို လိုက်ရှာနေတာလား ကေ ။ မောင်ဘယ်မှ မသွားပါဘူး ။ ဒီနားလေးက အေးတာနဲ့ထိုင်နေတာ။ကြည့်ပါဦး မောကြီးပန်းကြီးနဲ့ ။ မောင်ပြန်လာမှာပေါ့ ။ ကေရော ဖုန်းပြောပြီးပြီ လား ။ အဆင်ပြေတယ်မလား ”
အနူးညံ့ဆုံး လေသံနဲ့မောင်က ကျွန်မကို မေးလာပါတယ် ။ မောင်နှုတ်ခမ်းထောင့်စွန်းကလေးမှာ အပြုံးပန်းလေးပွင့်လို့ ။ အေးဆေးတည်ငြိမ်စွာ မေးလာတဲ့ မောင့်အမေးကို ခေါင်းတစ်ချက် ညိတ်ပြရုံသာ တုံ့ပြန်လိုက်နိုင်တယ် ။ “ ဟင့်အင်း ! အခုချိန်မှာ ကျွန်မသိချင်တာ ဒါတွေ မဟုတ်ဘူးမောင် ။ မောင်ရင်ထဲမှာရှိနေတဲ့ တကယ်ခံစားချက်တွေ ။ မောင်တခုခု ခံစားနေရတယ်ဆိုရင် ဖွင့်ချလိုက်ပါမောင်ရယ် ။ ကျွန်မတို့နှစ်ယောက်တည်ဆောက်ထားတဲ့ အိမ်ထောင်ဆိုတဲ့ ဖွဲ့တည်မှု့လေးကို ပျက်ဆီးစေမယ့် ဘယ်လိုအကြောင်းအရာကိုမှ မောင့်ရင်ထဲမှာ သိမ်းမထားပါနဲ့နော် ။ မောင်နဲ့ကျွန်မရဲ့ အိမ်ထောင်ရေးကို ဘာအတွက်နဲ့မှ အပျက်စီး မခံနိုင်လို့ပါ ။
လျော်ကြေး                                                                                                             
ကျွန်မလေ နောက်တစ်ကြိမ် ထပ်မှားတယ်ဆိုတာမျိုး မလိုချင်တော့ဘူး မောင် ။ ကျေးဇူးပြုပြီး မောင်ရင်ထဲက ခံစားချက်တွေကို ပြောပြပေးပါ ။ ပြောပြပေးပါ မောင်ရယ် ။ ဖြစ်ချင်တာတွေကို ရင်ထဲမှ ပဲ့တင်ထပ်အောင် တောင်းဆိုနေမိတယ်။ ကျွန်မရင်ထဲမှာ ရှိနေတာတွေကို သိနေသလား မပြောတတ်ပါ ။ မောင့်နှုတ်ဖျားမှ စကားတချို့ ပွင့်အန်ကျလာပါတော့တယ် ။
“ ကေကို ပြောချင်တာလေးတွေရှိတယ် ။ ကေ ခေါင်းကြည်ရဲ့လား ။ ကေစိတ်တွေ ကြည်ကြည်လင်လင်ရှိနေမှ ပြောချင်လို့ပါ ”
“ ကြည်ပါတယ် မောင် ။ မောင်ဘာပြောမလို့လဲ ပြောလေ”
မောင်ဆီကစကားသံကို နားစွင့်ရင်း ကျွန်မခြေဖျားလက်ဖျားတွေ အေးစက်ထုံကျဉ်လာတယ် ။မောင် ဘာတွေများ ပြောမလဲဆိုတဲ့ အတွေးနဲ့ ရင်တထိတ်ထိတ် စောင့်စားနေမိတယ် ။ မောင့်နှုတ်ခမ်းအစုံက စတင်ပြီး လှုပ်ရှားသက်ဝင် လာပါတယ် ။
“ အခုန ကေနဲ့ကလေးတွေအဖေဖုန်းပြောတာ မောင်ကြားပါတယ် ။ ကေဖုန်းချခါနီးလောက်မှ မောင်ထွက်လာခဲ့တာ ။ ဒါလည်း မောင်တမင်နားထောင်နေတာမျိုး မဟုတ်ဘူးနော် ။ အိမ်ရှေ့မှာ မောင် ထွက်ရပ်နေတာပါ ။ စကားပြောသံတွေက အိမ်ရှေ့ထိရောက်လာလို့ အကုန်ကြားလိုက်ရတာ ။ ကေ့ကို မောင်လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုကတည်းက ဖြစ်လာနိုင်တဲ့အကြောင်းအရာတွေကို ကြိုတင် တွေးတောခဲ့ပြီးသားပါ ။ ကလေးတွေ အဖေအနေနဲ့ ကလေးတွေကို မကြည့်နိုင်တဲ့အပေါ် အပြစ်မဆို ပါနဲ့တော့ ကေရယ် ။ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပေါ့ ။ ကေလည်းသိမှာပါ ။ သူတော်ကောင်းဆိုတာ သူများကောင်းတာမကောင်းတာထက် ကိုယ်ကောင်းနေဖို့ပဲလိုတယ် မဟုတ်လား ။ မောင် တွေးထားတာလေးရှိတယ် ။ သားကို ရှင်ပြုဖို့ကိစ္စလေ ”
ကျွန်မ မောင့်ကို တအံ့တသြ မော့ကြည့်လိုက်မိတယ် ။ မောင့်ခေါင်းထဲမှာ ဒီအကြောင်းတွေကို ထည့်ထားခဲ့တယ်လား ။ တကယ်ကို မမျှော်လင့်ခဲ့ပါဘူး ။ ဖခင်ရင်းဖြစ်တဲ့ သူဆီကတောင် မကြားခဲ့ရဖူးတဲ့ စကားတွေကို မောင့်ဆီကနေ ကြားရချိန်မှာ ကျွန်မရင်ထဲ ဝေဒနာခပ်ပြင်ပြင်းတခု ၀င်ရောက်လာပါတယ်။မယုံနိုင်အောင်ပါပဲ။ကျွန်မအားကိုးယုံကြည်လို့ လက်တွဲခဲ့တဲ့အမျိုးသား တစ်ယောက် မှန်ပေမယ့် အဲဒီလောက်ထိ မမျှော်လင့်ထားခဲ့ရိုး အမှန်ပါ ။ တထိတ်ထိတ် ခုန်နေတဲ့ ရင်အစုံကိုဖိရင်း မောင်စကားသံတွေကို ဆက်လက်နားစွင့်လိုက်ပါတယ် ။
“ မောင် တတ်နိုင်သလောက်ပေးမယ် ။ သားရှင်ပြုဖို့အတွက် မောင့်အနေနဲ့ သိန်းနှစ်ဆယ်မှန်းထားတယ်  ကေ ။ တစ်ခုပဲ မောင် တောင်းဆိုချင်တယ် ။ သားကိုရှင်ပြုတဲ့အခါ ကေ မပြန်ပါနဲ့ ”
လျော်ကြေး                                                                                                             
အို ! မောင်ဘယ်လိုပြောလိုက်တာပါလိမ့်ဆိုတဲ့အကြည့်နဲ့ ချက်ချင်းဆိုသလို မောင့်ကို ကြည့်လိုက်မိပါတယ် ။
“ မောင် ဒီလိုပြောရင် ကေ အံ့သြသွားမယ်ဆိုတာ ကြိုတွေးပြီးသားပါ ။ ဟုတ်တယ်ကေ ။ မောင်သေချာ စဉ်းစားပြီးမှ ပြောတဲ့စကားပါ ။ ဘယ်သူမှားမှား မှန်မှန်ပါ ။ ကေနဲ့ မောင်က အိမ်ထောင်ပြု လိုက်ကြတယ်။ ကလေးတွေအဖေက အခုချိန်ထိတစ်ယောက်တည်းရှိနေတယ်လေ ။ အားလုံးအမြင်မှာ သူကအရှုံးသမား ။ မောင်တို့ကအနိုင်ရသူ ။ ရှုံးနေတဲ့သူကို အခါခါအရှုံးတွေ ထပ်မပေးမိဖို့ မောင်တို့ သတိထားရမယ် ။ သားကိုရှင်ပြုတဲ့အခါ သူလည်း အဖေတစ်ယောက်အနေနဲ့ လာချင်မှာပဲလေ ။ မောင်နဲ့ကေကလည်း ရှိနေမယ်ဆို သူဘယ်လိုမျက်နှာနဲ့လာမလဲ ။ နောက်တစ်ခု ကေမိဘတွေအနေနဲ့လည်း စိတ်ရှုပ်စရာတွေ ဖြစ်ရမယ် ။ မောင့်ကိုလည်း အားနာရမယ် ။ ကလေးတွေ အဖေကိုလည်းသနားကြမယ် ။ ဒီတော့ သားရဲ့ရှင်ပြုပွဲလေးက ကြည်နူးစရာတွေ ပျောက်ပြီး ၊ စိတ်မကောင်း ကြေကွဲစရာတွေနဲ့ လွှမ်းခြုံနေမှာပေါ့ ။ ဘ၀ဆိုတာ တကယ်တော့ တိုတိုလေးပါ ကေ ။ ပူလောင်ခြင်း အမုန်းတွေနဲ့ မောင်တို့ဘ၀တွေကို ချည်နှောင်ထားတာမျိုး မဖြစ်စေချင်ဘူး ။ ကလေးတွေ အဖေအတွက် နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် အနိုင်ပေးလိုက်ပါလို့ မောင် တောင်းပန်ချင်တယ် ။ ဒီနှစ်သားရှင်ပြုတာကို သွားခွင့်မရလို့ ကေစိတ်မကောင်းဖြစ်မယ်ဆိုတာ မောင်သိပါတယ် ။ မောင့်သားသမီး မဟုတ်လို့ မညှာမတာ ပြောနေတာလည်း မဟုတ်ရပါဘူး ။ အကောင်းဆုံးနဲ့ အလုပ်သင့်ဆုံးတစ်ခုကို မောင်ကပြောပြတာပါ ။ ဗုဒ္ဓဘာသာဝင်တိုင်း သားယောက်ျားလေး မွေးပြီဆိုရင် မိမိရင်သွေးလေးကို ရှင်သာမဏေပြုခွင့်ရတော့မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့စောင့်မျှော် နေတတ်ကြတာကိုလည်း မောင်နားလည်ပါတယ် ။ နောက်နှစ်ကြရင် သားနဲ့သမီးကို မလေးကိုအလည်ခေါ်ပြီး ဒီမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ နောက်တစ်ကြိမ် သာသနာ့ဘောင်ကို သွင်းကြတာပေါ့ ။ မောင်ပြောခဲ့တာတွေ ကေ နားလည်သဘောပေါက် မယ်လို့လည်း မောင် မျှော်လင့်ပါတယ် ”
စကားအရှည်ကြီးကို ခပ်အေးအေးပြောသွားလိုက်တာ ။ ဘုရား ဘုရား ဘုရား သူတည်ငြိမ်လှချည်လား ။ နားလည် နိုင်လှချည်လား ။ မောင်ဟာ ကျွန်မ မျှော်လင့်ထားသလို သ၀န်တိုခြင်းခံစားချက် တစ်စက်ကလေးမှ ရှိမနေပါလား ။ မောင်ကို တအံ့တသြ ငေးကြည့်နေမိတယ် ။ မောင်စိတ်ထဲ တွေးနေ ရှိနေခဲ့တာတွေက ကျွန်မထင်သလို မဟုတ်ဘဲ အများကြီး လေးနက် နေပါလား။ ကျွန်မ မတွေးခဲ့တာတွေကို မောင်ကတွေးနေခဲ့တယ် ။


လျော်ကြေး                                                                                                              
မောင်ပြောခဲ့တာတွေဟာ လက်တွေ့ဆန်ဆန် တွက်ချက်မှု့အရ မှန်ပေမယ့်လည်း မိခင်တစ်ယောက် အနေနဲ့ဆိုရင် မောင့်ကိုလက်ထပ်မိလို့ ကျွန်မပြန်ပေးလိုက်ရတဲ့လျော်ကြေးကအရင်းနှီး ကြီးလွန်းနေတယ် မောင် ။ အဲဒီလျော်ကြေးကြောင့် ကျွန်မနှလုံးသားတစ်ခုလုံး မချိမဆန့် ဝေဒနာတခုကို ခံစားနေရပြီ ။ ကျွန်မ မမှားခဲ့ပါဘဲ ပေးဆပ်လိုက်ရတာ မတရားဘူးလို့ ထင်မိတယ် ။ ဒါပေမယ့် မောင့်ရဲ့ ညှိနှိုင်းမှုအပေါ် ငြင်းဆန်ဖို့လည်း အစီစဉ်မရှိပါဘူး ။ ကျွန်မ လေးစား၊ အားကိုးရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဆန္ဒကိုပဲ လိုက်လျောဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ။ မောင်ပြောခဲ့တာတွေ အားလုံး အမှန်တရားတွေချည်းပဲမို့ ကျွန်မ ခေါင်းညိတ်လက်ခံ လိုက်ဖို့အပြင် ဘာရှိဦးမှာလဲ ။ ကျွန်မသားကို ပထမဆုံးအကြိမ် ပြုမယ့်ရှင်ပြုပွဲမှာ သင်္ကန်းပိုက်ခွင့်လေးတောင် မရှိနိုင်တော့တဲ့ အခြေအနေမှာ ဘယ်သူ့ကိုမှ အပြစ်တင် မစွပ်စွဲလိုတော့ပါဘူး။

“ မေမေသင်္ကန်းပိုက်လို့ရယ်..ဖေဖေသပိတ်လွယ်..~ ~ ~ မြင်းကြီးပေါ်မှာ မောင်ရင်လောင်း ရွှေထီးလေးကိုဆောင်းတယ်~ ~ ~ မမလေးက ကွမ်းတောင်ကိုင်~ ~ ~ အိုးစည်ဝိုင်းကမြိုင်လှတယ် ”
ဆိုတဲ့သီချင်းသံကိုကျွန်မနားထဲအလိုလို ကြားယောင်လာမိတယ် ။ နားထဲကို အလိုလို ၀င်ရောက်လာတဲ့ သီချင်းစာသားတွေက ကျွန်မရင်တစ်ခုလုံးကို ဗြောင်းဆန်သွားစေပါတယ် ။ ပါးပြင်ပေါ် တသွင်သွင်စီးကျလာတဲ့ မျက်ရည်တွေကိုမောင်ကညင်သာစွာ ဖယ်ရှားပေးချိန်မှာ မောင်ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ မျက်လုံးအစုံကို မှိတ်ထားလိုက်မိပါတော့တယ် ။ ဒီအချိန်မှာပဲ ကျွန်မမျက်လုံးထဲ ပုံရိပ်အချို့ပေါ်လာပြန်ပါတယ် ။ ရှေ့ဆုံးကနေပြီး ကန်တော့ပွဲကို အကျအန ခေါင်းပေါ်ရွက်ကာ ကျေနပ်ပီတိတွေဝေဖြာနေတဲ့ ကျွန်မအဖွား ။ သပိတ်ကိုဟန်ပါလွယ်လွယ်လို့ ယပ်ကိုပုခုံးပေါ်တင်ကာ ခန့်ညားထန်ဝါတဲ့ ခြေလှမ်းတွေနဲ့ လျောက်လှမ်းနေတဲ့ အလှူ့ဒါယကာကြီး ဖေဖေ ၊ သင်္ကန်းပန်းတောင်းကို ရင်ဝယ်ပိုက်၊ ကြည်နူးဝေဖြာတဲ့ အပြုံးတွေဖိတ်လျှံနေသော အလှူ့အမကြီးကျွန်မမေမေ ။ လှသွေးကြွယ်ကြွယ် အရောင်သွေးစုံလင်စွာနဲ့ နတ်မိမယ်လေးများပမာ အလှကြီးလှနေတဲ့ ကွမ်းတောင်ကိုင် လှပျိုဖြူကလေးများ ။ ရှင်လောင်းဝတ်စုံလေးနဲ့ အင်မတန်မှ ကျက်သရေဝေဖြာနေတဲ့ သားလေးရဲ့တင့်တယ်ခြင်း ၊ နားသ၀တ်စုံဖြင့် အလှကြီးလှနေသူ သမီးလေးတို့ရဲ့ ပုံရိပ်တွေဟာ ကျွန်မမျက်ရည်တို့ကို တာကျိုးစေခဲ့လေပြီ ။ နားထဲ ဆူညံစွာ ထပ်မံကြားနေရတဲ့

“ မေမေသင်္ကန်းပိုက်လို့ရယ်..ဖေဖေသပိတ်လွယ်..~ ~ ~ မြင်းကြီးပေါ်မှာ မောင်ရင်လောင်း
လျော်ကြေး                                                                                                            ၁၀
ရွှေထီးလေးကိုဆောင်းတယ်~ ~ ~ မမလေးက ကွမ်းတောင်ကိုင်~ ~ ~အိုးစည်ဝိုင်းကမြိုင်လှတယ် ”
ဒီသီချင်းတေးသွားကို ထပ်တလဲလဲ ကြားယောင်နေမိပါတယ် ။ ရှင်လောင်းလှည့်နေတဲ့ ပုံရိပ်တွေဟာလည်း ကျွန်မမျက်လုံးထဲ တ၀ဲလည်လည် ဖြစ်နေပါတော့တယ် ။ ကျွန်မရဲ့နှလုံးသားနဲ့ ရင်းနှီးပေးဆပ်လိုက်ရတဲ့ လျော်ကြေးဆိုတာကြီးကို မြိန်ရေယှက်ရေ သုံးဆောင်ကာ ပျော်မြူးကျေနပ် နေတဲ့လူသားတစ်ဦးကတော့ တိုက်ပုံအကျီကို အကျအန၀တ်လို့ ပိုးပုဆိုးတလွှားလွှားနဲ့ အံ့သြစရာ ကောင်းလောက်အောင် ရွင်မြူးတက်ကြွနေပါတော့တယ် ။


ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment