Friday, May 16, 2014

ဘ၀စာအုပ်ထဲက စာမျက်နှာတချို့



ဘ၀စာအုပ်ထဲက စာမျက်နှာတချို့

“အကျိုးရယ် xxx အကြောင်းရယ် စုံလင်ကာကွယ် xxx ကျွန်တော် ရွှေညာသား မလေးရှားသို့ ရောက်လာတယ် xxx အချိန်ကိုလုကာ လွမ်းရတဲ့ဘ၀ရယ် ။ ပြန်ချင်တယ် ပြန်ချင်တယ် xxx ပြန်ချင်သော်လည်း အကြွေးကမကျေ”
အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် သူကိုယ်တိုင် စပ်ထားသည့် သီချင်းကို ဇာတ်သံနှောကာ လွမ်းချင်းချနေသော အညာသားအသံကို အတိုင်းသားကြားလိုက်ရ၏။ အလုပ်ရှင်သူဌေးငှားပေးထားသည့် ဒီအိမ်လေးတွင် မြန်မာလူမျိုး ခြောက်ဦး ၊ ဘင်္ဂလားလူမျိုး သုံးဦး စု စုပေါင်းကိုးဦး။ ကျွန်တော်တို့ မြန်မာအုပ်စုက နှစ်ခန်းစုနေကြ၏။ ဘင်္ဂလား နှစ်ဦးက တစ်ခန်းနေကြသည်။ ကျွန်တော်နဲ့ ဘင်္ဂလား တစ်ယောက်ကတော့ ပူသည့်ဒဏ်မခံနိုင်ကြသူများမို့ အခန်းတွေထဲ မနေကြဘဲ  အပြင်ဘက်တွင်သာ နေရာယူလိုက်ကြ၏။
အညာသားက ကျွန်တော်တို့ဆီကို နောက်ဆုံးမှ ရောက်လာသူပါ။ မှတ်မှတ်ရရ အညာသား စရောက်တဲ့နေ့မှာဘဲ လူနောက်နှစ် ဦးဖြစ်သည့် ဖိုးသဲနဲ့ မောင်ကျော်တို့၏ ပညာပေးခြင်းကို ခံရပါတော့သည်။ အညာသားရောက်တယ်ဆိုရင်ဖြင့် နေရာထိုင်ခင်းတွေ ဘာတွေ နေရာချပေးကြတာပေါ့။ စကားစမြည်လေးတွေ ပြောကြည့်လိုက်တယ်ဆိုရင်ဖြင့် အညာသားသည် ကပ်စေးနည်းတတ်သူ တစ်ယောက်ဆိုသည်ကို အားလုံးသိလိုက်ကြသည် ။
ဒါကိုအခွင့်ကောင်းယူလိုက်သူနှစ်ဦးက ဖိုးသဲနှင့် မောင်ကျော် ။ အညာသားဘေးမှ ကျွန်တော်တို့အားလုံး ထလာချိန်ထိ သူတို့နှစ် ယောက်က ထိုင်မြဲကျန်နေရစ်ကြလေ၏။ မကြာပါဘူး အညာသားတစ်ယောက် သုတ်သီးသုတ်ပြာဖြင့်  ဘင်္ဂလား အခန်းထဲသို့ ၀င်သွား ၏။ ခုမှရောက်ယုံရှိသေးတယ်၊ ဘာလုပ်တာလဲ ဆိုတဲ့ အကြည့်နဲ့ ကျွန်တော်တို့လည်း အကဲခတ်နေခဲ့သည်။ ခဏကြာသော် အညာ သား တစ်ယောက် ဆန်အိတ် ၊ အာလူးအိတ် ၊ ကြက်သွန်အိတ်ကို ဆင့်ထမ်းကာ ထွက်လာလေ၏။ ကျွန်တော်စိတ်ထဲ တွေးလိုက် မိသည် ။ ဟ ! ဒီအညာသား ရောက်ယုံရှိသေးတယ် ။ ၀ယ်လိုက်တာ မနည်းမနောပါလား။
ဘင်္ဂလားသုံးဦးထဲမှ တစ်ဦးက ကုန်စုံ ရောင်းသူပါ။ ကျွန်တော်တို့ ဘေးခန်းတွေမှာ တခြားဘင်္ဂလားတွေ မြန်မာတွေပါ ရှိနေတာမို့ အ တော်လေး အရောင်းဝယ် ဖြစ်လေသည် ။ လမကုန်ခင် လိုချင်တာ အကုန်ယူလို့ရသည်။ လကုန်လို့ လခထုတ်ပြီးပြီ ဆိုတာနှင့် လာထား ပါပဲ။
ဒီလိုနှင့်နေလိုက်တာ လကုန်လို့ လခထုတ်ရက် ရောက်လာပါတော့သည်။ လကုန်ရက်၏ ထုံးစံအတိုင်း ကုန်ခြောက်ရောင်းသော ဘင်္ဂလား အကြွေးတောင်းသံသည် ဆည်းလည်းသံအလား အိမ်ထဲတွင် ပျံ့နှံ့လျှက်။ အညာသားကို အကြွေးတောင်းလှည့် ရောက်ချိန် မှာတော့

“အညာသား  100 RM ပေးပါ “
“ဟ ဘာလို့ပေးရမှာလဲ ။ မင်းဆီက ငါဘာယူထားလို့လဲ “
အညာသားတစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူးငြင်းတော့တာပါပဲ ။ ဘင်္ဂလားကလည်း မင်းဆန်တွေ ကြက်သွန်တွေ အာလူးတွေ ယူ ထားတာတွေလေလို့ ရှင်းပြသည် ။ ဒီမှာ အညာသားပြန်ပြောလိုက်ပုံက

“အောင်မယ် အဲဒါသူဌေးပစ္စည်းတွေပဲ ။ သူဌေးက ဒီအိမ်မှာနေတဲ့ သူတွေ အတွက်ထားထားတာမို့ ငါယူတာ မင်းနဲ့ ဘာဆိုင်တုန်း”
ဒီတော့မှ ကျွန်တော်သဘောပေါက်သွားပါတော့သည်။ ဟိုတလောက လူနောက်နှစ်ယောက် ကျပ်ထားတာဘဲ ဖြစ်ရမည်။ မနေသာ တော့ဘဲ သူတို့ ကိစ္စကို ၀င်ရှင်းပေးရတော့တာပေါ့ ။

“အညာသား မင်းကို သူဌေးပေးထားတာလို့ ဟိုနှစ်ကောင်ပြောတာမလား ။ အဲဒါမင်းကို နောက်လိုက်တာ။ ဘယ်က သူဌေးပေးထားရ မှာလည်းကွာ။ ဒီပစ္စည်းတွေက ဒီဘင်္ဂလားရောင်းတဲ့ဟာတွေ။ လမကုန်ခင်ကြိုက်သလောက်ယူ။ လကုန်လို့ လခထုတ်တာနဲ့ ပြန်ရှင်း ပေးရတယ်”
သေချာရှင်းပြလိုက်မှဘဲ ပိုက်ဆံကို မပေးချင်ပေးချင်နဲ့ ထုတ်ပေးပါသည်။ ပေးသာပေးလိုက်ရသည် လုံးဝမပေးချင်သည့် မျက်နှာဖြင့်။ အ ညာသားရဲ့ ကပ်စေးနဲချက်က ဒါတင် ဘဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ တစ်နေ့ တစ်နေ့ ထမင်းစားဖို့ ဟင်းစိုစိုဖက်ဖက် ဘယ် တော့မှ မချက်။ ထမင်းအိုးတစ်လုံးတည်ကာ အခြောက်အခြမ်းတွေကိုကြော်ထားသည်။ ထမင်းစားချိန်ဆို ဟိုလူဆီနည်းနည်းတောင်း ဒီလူဆီ နည်းနည်းတောင်းဖြင့် နေလာလိုက် နှစ်ပတ်လည်လို့နေပါပြီ။
အညာသားလူလည်ကြတာကို သိနေရဲ့ ဘာလို့ ကျွေးနေကြသနည်းလို့ မေးစရာရှိသည်။ သူကျွေးတာလေးတွေ တစ်ပတ်တခါ စားထား မိကြသည်ကိုး။ သူရက်ရောတဲ့နေ့တော့ ရှိသဗျ။ တနင်္ဂနွေနေ့ဆိုရင်ဖြင့်  အားလုံး အလုပ်ပိတ်သည်မို့ နေဖင်ထိုးအောင် အိပ်တတ်ကြ သည် ။ အညာသားကတော့ အဲဒီနေ့ကို အမြဲတစေ စောစောထကာ ဈေးသို့သွားတတ်ပါ၏ ။ ဈေးကပြန်လာလျှင် ပန်းသီး လိမ္မော် သီးတို့ကို အလျှံအပယ်ဝယ်လာတတ်သည်။ ပြန်ရောက်ပြီဆိုတာနဲ့ အသီးတွေကို ဆေးကြောကာ ရေခံသေတ္တာထဲသို့ စားချင်စ ဖွယ်ဖြစ်အောင် စီရီထည့်ထားတတ်သည်။ နေမြင့်မှ နိုးလာသော ကျွန်တော်တို့အတွက်  ၀မ်းဗိုက်၏ ဆာလောင်မှု့ကိုဖြေရှင်းရန် ရေခဲ သေတ္တာဖွင့်လိုက်သည်နှင့် စားချင်စဖွယ် အသီးနှံတွေကို တွေ့ရစမြဲ။ ဒီလိုချိန်တွေဆို အညာသားတစ်ယောက် ရက်ရက်ရောရော စေ တနာတွေ ကောင်းနေတတ်၏။ ဒီလောက် ကပ်စေးနည်းတဲ့ကောင် ဒီနေရာမှာ ရက်ရောနေပြန်တော့ သူ့၏ အရည်လေးနည်းနည်း ဟို ဟာလေးနည်းနည်းဆိုတာကို လူတိုင်းက သည်းခံနေရပြန်သည်ပေါ့ ။
ဒီလိုနဲ့ တနင်္ဂနွေတစ်ရက်မှာ အိုတီရှိတာမို့ ကျွန်တော် အစောထဖြစ်လေသည်။ အလုပ်ဝန်းထဲသို့ ရောက်တယ်ဆိုရင်ဖြင့် အိတ်တစ်လုံး ပခုံးပေါ်ထမ်းကာ လမ်းလျှောက်နေသော အညာသားကို တွေ့လိုက်ရလေ၏။ စိတ်ထဲ မသင်္ကာတာကြောင့် သူ့နောက်သို့ အသာလေး လိုက်ချောင်းခဲ့မိသည်။ လျှောက်နေရင်း  နတ်စင်တစ်ခုသို့ ၀င်သွား၏။ နတ်စင်တွင် တင်ထားသမျှ လိမ္မော်သီ ၊ ပန်းသီး အားလုံးကို သူ ပခုံးပေါ်ရှိ အိတ်ထဲသို့ ထည့်လိုက်သည်။ ဒီလိုနဲ့ နောက်ထပ်နတ်စင် တစ်ခုသို့ဝင်လိုက် အသီးနှံတွေ အိတ်ထဲထည့်လိုက်ဖြင့် စက် ရုံဝန်းထဲရှိ နတ်စင်အားလုံးမှ ရှိသမျှအသီးတွေကို ပျော်ပျော်ကြီး ယူနေပါတော့သည်။ ဒီတော့မှ အညာသားရဲ့ အကြီးအကျယ်ရက်ရောမှု ဇစ်မြစ်ကို သိခွင့်ရလိုက်လေတော့၏။ လက်စသတ်တော့ နတ်စင်က အသီးတွေဖြင့် ကျွန်တော်တို့ ကိုရက်ရောနေခဲ့သည်ကိုး။ သူစေတနာတွေကို နှစ်ပတ်လည်အောင် ကျေးဇူးတုံ့ပြန်ခဲ့မိသည့် ကျွန်တော်တို့မှာ ကိုယ်နှဖူးကိုယ်သာ အကြိမ်ကြိမ်ရိုက်မိကြလေ တော့သည် ။
သီချင်းသံကအစပြုလို့  အညာသားအကြောင်းတွေ လူးလာစုန်/ဆန်ဖြစ်နေစဉ် ဧရာဝတီသား နှင့် ၀တုတ် တို့နေထိုင်ရာ အခန်းဆီမှ  ထွက်ကျလာသော အသံများက နောက်ကြောင်းပြန်အတွေးကမ္ဘာထဲက ကျွန်တော်ကို ပုတ်နှိုးလိုက်ကြလေသည် ။
“၀တုတ် ၀တုတ်  ၀တုတ်”
“ဟာ ဘာလဲကွာ ။ တကယ်အာရုံပဲ ။ အသက်ငင်နေသလားမှတ်ရတယ် ။ ထိုင်နေတာကို မြင်နေရက်နဲ့”
“မြင်လို့ခေါ်တာပေါ့ ။ မင်းကလှည့်မှ မကြည့်တာကို”
“ဒီမှာ ငါဆော်နဲ့ ချက်နေတယ်လေ”
“နောက်မှ ချက်ကွာ ။ အရက်သောက်ကြရအောင်”
“နေအုံးကွ ဒီမှာစိတ်ကောက်နေလို့ ချော့နေတာ”
“ဒါဆို မင်းမသောက်ဘူးပေါ့”
“ခဏစောင့်လေကွာ ။ ပြောပြီးရင် သောက်မှာပေါ့”
“ဒါဆိုလည်း ပြောစရာရှိတာ မြန်မြန်ပြော”
“အေးပါ ။ ခဏလေး ခဏလေး”
“ပြောတာပဲ ။ ခဏလေး ခဏလေးနဲ့”
“ဘေးကနေ လာပူနေတယ် ။ ဒီမှာ စာရိုက်နေတာ မှားကုန်ပြီ”
ကြားနေရသည့်အသံတွေကြောင့် ၀တုတ်နဲ့ ဧရာဝတီသားတို့ အခန်းထဲမှာ အရက်သောက်ဖို့ပြင်နေကြပြီဆိုတာ ကျွန်တော်သိလိုက်၏။ အရက်ကလေးတခါသောက်ဖို့အရေး ဧရာဝတီတစ်ယောက် ၀တုတ်ချက်တင်ထိုင်ပြီးတဲ့ အထိစောင့်ရပေအုံးမည်။
သို့သော် သူတို့ နှစ်ယောက် အရက်သောက်ကြပြီဆို နောက်ကြောင်းပြန်နှောတတ်သည့် ဧရာဝတီဒဏ်ကို ခံရသူက ၀တုတ်ပင်။ တစ် ယောက်တည်း သောက်ပြန်ရင်လည်း ပျင်းစရာကောင်းနေပြန်တာကိုး။ အဖော်လေးနဲ့သောက်မှ အရှိန်လေးရလာရင် ရှေးဟောင်း နောက်ဖြစ်တွေ ပြောကြဆိုကြလေတော့ ၀ိုင်းလေးကလည်း စိုပြေတတ်ပြန်သည်ကိုး။ မူးလာပြီဆို မြန်မာပြည်ကအကြောင်းလေးတွေကို စားမြုံ့ပြန်ရသည်မှာ လွတ်အရသာရှိဆိုပဲ။ သူတို့နှစ်ယောက်က အပေးယူတော့မျှကြသည်။ ၀တုတ် ကျူနေတုန်း ဧရာဝတီက လုပ်စ ရာရှိတာတွေ ပြင်ဆင်ထားနှင့်သည်။ အခင်းကျောက်ပြားပေါ်သတင်းစာခင်းခြင်းမှစလို့ ရေဘူးတွေဖြည့် ခွက်တွေ အဆင်သင့်ယူထား သည်ထိ ၀ိုင်းကိုအဆင်သင့် ပြင်ဆင်ထားတတ်ပါသည်။ ဆော်နှင့် ကျူနေသော ၀တုတ် လက်ထဲက ဖုန်း ချချိန်မှ  ၀ိုင်းကိုစကြရသည်။ ဒီချိန်ရောက်ပြီဆိုရင် အမြည်းထလုပ်ဖို့ကို စကားနိုင်လုကြပြန်သေး၏ ။
“ကဲဆရာဝတုတ်  အမြည်းက ဘာမြည်းမလဲ”
“ခေါက်ဆွဲပြုတ်လိုက်ပေါ့ ဧရာဝတီရာ”
“တတ်ပါ့ နော် …မင်းသွားပြုတ်ချည့်”
“အေးပါကွာ ပြုတ်ပါ့မယ်”

စကားသံတွေအဆုံး အခန်းထဲမှ ထွက်လာသည့်  ၀တုတ်နောက်ကျောကို ငေးရင်း အိပ်ယာပေါ်ပက်လက်လှန်ချလိုက်မိသည်။ နေထွက် ကနေ၀င် အလုပ်ထဲမှာဘဲ အချိန်ကုန်ရသည့်ကျွန်တော်တို့ ဘ၀တွေ။ အလုပ်ကနေ အိမ်ပြန်ချိန်က အိပ်ချိန် ။ အိမ်ပြန်ရောက်လို့ တန်း အိပ်လိုက်မည်ဆိုလျှင် အလုပ်လုပ်ဖို့တစ်ခုအတွက် လူဖြစ်လာရသလိုလို။ ဒီတော့ မအိပ်ခင်စပ်ကြား ကိုယ်အားသန်ရာ ၀ါသနာပါ ရာလေးတွေဖြင့် အချိန်လုအပမ်းဖြေကြရလေသည်။ အရက်သောက်ကြိုက်တဲ့သူက အရက်သောက်မည် ။ ချက်တင်ထိုင်ချင်သူက ချက်တင်ထိုင်မည်။ စာဖတ်ဝါသနာပါသူက စာဖတ်မည်။ ဖဲရိုက်တာကြိုက်သူက ဖဲရိုက်မည်။ တီဗီကြိုက်သူက တီဗီကြည့်မည်။
ဧရာဝတီတို့ အပမ်းဖြေနည်းက အရက်သောက်ခြင်း ။အရက်သောက်တယ် ဆိုပေမယ့်  ကြိုက်လို့သောက်တာမျိုးတော့ မဟုတ်ချေ။ ပျော်လို့သောက်နေကြတာ။ အရက်ဆိုတာက ကြိုက်လို့သောက်တာ ပျော်လို့သောက်တာရယ်လို့ နှစ်မျိုးနှစ်စားရှိသတဲ့။ ဧရာဝတီ တို့ကတော့ ပျော်ချင်လို့ကိုသောက်တာဗျို့။ နည်းနည်းလေးမူးလာရင် ဖန်တရာသေတဲ့ သူ့ငယ်ရည်းစားအကြောင်းတွေ ပြောမည်။ အမေနဲ့ ရွာကို လွမ်းမည်ပေါ့ဗျာ ။ ကြိုက်လို့ သောက်တဲ့သူရယ် ၊ ပျော်လို့သောက်တဲ့ သူရယ် ဘယ်လိုခွဲခြားလည်းလို့ ကျွန်တော် ဧ ရာဝတီကို မေးဘူးသည် ။ ဒီတော့ သူက ခုလိုရှင်းပြခဲ့ဘူးသည် ။
“အလွယ်လေးပါ အကိုရာ။ ပျော်လို့သောက်တဲ့ သူဆိုတာ မာကာထည့်ပေးသည့်အတိုင်း သောက်ကြတယ်။ သဘောကတော့ တစ် ၀ိုင်းလုံးကုန်မှ မာကာသမားက အားလုံးကို ထပ်ထည့်ပေးတယ်။ အပျော်သောက်သူတွေဆိုတော့ စကားလေးပြောရင်း ထည့်ပေး တာကိုပဲ စောင့်ပြီးသာက်ကြတယ်လေ။ ရှေးဟောင်းနောက်ဖြစ်တွေ ပြောမယ်။ ကိုယ်ခွက်ကုန်ရင်တောင် တခြားသူတွေ ကုန်အောင် စောင့်ကြတယ်။ ဒါအပျော်သောက်တာ။ ကြိုက်လို့သောက်တဲ့ သူမျိုးတွေကျ ကိုယ်အရက်ကို နှမြောတတ်လာတယ် အကို။ တစ် ယောက်တည်း သောက်ချင်သောက်မယ်။ အပေါင်းသင်းတွေနဲ့ သောက်မည်ဆိုရင်လည်း ကိုယ်ခွက်ထဲကုန်ပြီဆို တခြားသူကုန်ကုန် မကုန်ကုန် မစောင့်တော့ဘဲ ထပ်ထည့်ပြီး သောက်ကြတော့တာပဲ”

 နားထဲသို့ ထပ်မံဝင်ရောက်လာသော အသံတွေကြောင့် အတွေးအာရုံတွေကို ဆွဲငင်စုစည်းလိုက်၏ ။

“ကဲရပြီ ဧရာဝတီသားရေ ဇိမ်ရစ်မနေနဲ့”
“မင်းကလည်းနော် ခေါက်ဆွဲလေးပြုတ်ရတာကို စာဖတ်ချင်နေတာလား”
“ကဲလာပါ ။ အိပ်ယာပေါ်ကဆင်းတော်မူ ။ တော်ကြာ အရမ်းနောက်ကျနေလို့ မနက် အလုပ်မဆင်းနိုင်လို့ကတော့ ဂျာကြီးတော်ကီထဲ မျောပါသွားမယ်”
“အေးပါ ။ ကဲ စလိုက်ကြအောင်”
“ချီးယား( စ် )”
တဖြည်းဖြည်း ပိုကျယ်လာသော အသံများကြောင့် ကျွန်တော်စိတ်ထဲ တွေးလိုက်မိ၏။ အရှိန်လေးတော့ကောင်းနေပြီ။ ဧရာဝတီသားရဲ့ ဓာတ်ပြားဟောင်းကြီးဖွင့်တော့မည်ထင်ပါရဲ့။ အတွေးလေးမှ မဆုံးလိုက်ရပါ၊ ဧရာဝတီ့အသံကို စကြားရပါတော့သည် ။ ဧရာဝတီသား၏ ငယ်ရည်းစားနာမည်များအား ကျွန်တော်ပင် အလွတ်တောင်ရနေခဲ့ပါပြီ။ မရင်နု ၊ ရီရီဆွေ ၊ စိမ်းဝါ ဒီသုံးယောက်ကို စတင်ပိုးပန်းပုံက အ စပြုလို့ သူကိုထားခဲ့ချိန်ထိ ဖန်တရာတေဇာတ်နာကြီးတွေကို နားဆင်ရပေဦးမည်ပေါ့။ ဒါတွေသိသိနဲ့ သူတို့နှစ်ဦး တူတူသောက်ဖြစ် နေကြတာပါပဲ။ ဘ၀တူအလုပ်သမားချင်းမှ နားလည်မပေးရင် ဘယ်သူကလာပြီးနားလည်ပေးမလဲ။
ဧရာဝတီရဲ့ ဓာတ်ပြားဟောင်းထုတ်လွင့်သံတွေ လွှမ်းမိုးနေသော အခန်းကျဉ်းလေးထဲ ရီဝေေ၀လူသားနှစ်ဦးရဲ့ နောက်ကြောင်းပြန်ဆွေး နွေးသည် အချိန်အတော်လေး ကောင်းနေပါပြီ။ သူတို့သည်လည်း အားသန်ရာဖြင့် အပမ်းဖြေနေကြီပြီ။ ကျွန်တော်သည်လည်း နှစ် သက်ရာ စာအုပ်တစ်အုပ်ကို ဆွဲကိုင်ကာ ဖတ်မည့်လုပ်သော်လည်း အိမ်ရှိလူသားတွေ၏ အကျင့်စရိုက်တွေကို တွေ့မြင် ကြားနာ ခံ စားနေမိပြန်သည်။ ကျွန်တော်နေထိုင်ရာ အပြင်ခန်းလေးသည် တခါတခါ ဘင်္ဂလား ချက်တင်ထိုင်လျှင် မြည်တတ်သော ကီးဘုတ်နှိပ် သံကလွဲရင် အစဉ်တိတ်ဆိတ်နေတတ်သည်။ ကျွန်တော်ဆိုသည့်ကောင်ကလည်း စာဖတ်နေရရင် ကျေနပ်နေသူ။
ဒီတိုက်ခန်းလေးထဲမှာ အခန်းသုံးခန်းရှိနေသည် ။ အခန်းသုံးခန်းထဲ လူခုနှစ်ယောက်နေထိုင်ကြသည် ။ ခုနှစ်ယောက်စလုံး၏ မတူ ညီသည့် သွင်ပြင်လက္ခဏာတွေဖြင့် နေ့စဉ်ဖြစ်ပျက်နေကြသည့် အဖြစ်ပျက်တို့သည်လည်း ရိုးအီမသွားခဲ့ပါ ။နေရာဒေသ ပေါင်းစုံမှ ရောက်ရှိလာကြသည်။ မတူညီမှုတွေ ရှိနေ၏။ သို့သော်လည်း သည်းခံခြင်းဖြင့် အတူတကွနေထိုင်ကြရသည်။ တစ်ခါတရံသူတို့ ရန်ဖြစ်ကြသည်။ တစ်ခါတရံ ၀ိုင်းဖွဲ့သီချင်းဆိုနေတတ်ကြပြန်သည်။ ရှောင်လွဲလို့မရသည့် ဒီတိုက်ခန်းလေးအတွင်း မခေါ်မပြော စိတ် ဆိုးနေလည်း ကြာကြာမရနိုင်ပါ ။
အားလုံးထဲမှာ အသက်အကြီးဆုံး ကျွန်တော်သည်ပင်လျှင် တစ်ခါတရံ စိတ်၏အစိုးမရခြင်းကြောင့် စနိုးစနောင့်ဖြစ်စရာတွေ ကြုံရ တတ်သေးသည်ပင်။ သို့သော် ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို စာဖတ်ခြင်းဖြင့် ဖြေဖျောက်ကာနေလာခဲ့သည်မှာ ငါးနှစ်တိုင်ခဲ့လေပြီ။ လူဆိုသည်မှာ လုပ်သင့်သည်ကို လုပ်မှ လူပီသ နိုင်သည်မဟုတ်လား ။ စိတ်ကဖြစ်ချင်နေအုံး ဦးနှောက်က မဖြစ်သင့်ဘူးလို့ အ ချက်ပေးလာရင် လက်ခံခြင်းရှိကို ရှိရပေမည်။ ကျယ်ပြောလှတဲ့ လူ့ဘ၀ကြီထဲ ဘ၀ပေါင်းစုံ ဖြစ်တည်နေနိုင်ကြသည်ပဲ။ တစ်ခါတစ်ခါ စိတ်ညစ်ရမည်။ တစ်ခါတစ်ခါ ပျော်ရွင်ရယ်မောရမည် ။ ဒါတွေဟာ ဘ၀ဖြစ်တည်မှု့တွေပဲ ပေါ့ ။
တိုက်ခန်းလေးထဲက  အခန်းသုံးခန်း၏ အဖြစ်ပျက်တွေသည်လည်း ဘ၀စာအုပ်ထဲက စာမျက်နှာတချို့ပေမို့ စာဖတ်ဝါသနာပါသူပီပီ ကျွန်တော်မောင်စိုးတစ်ယောက် ဘ၀စာမျက်နှာတွေထဲက ဘ၀စာသားတွေကို လေးလေးစားစား ဖတ်ရှု့နေအုံးမည်သာ ။
ခိုင်လေး ( ရွှေတောင် )




No comments:

Post a Comment