၅၇ ။ နိုင်ငံခြားရောဂါ ထမိတဲ့ ကျွန်မနဲ့ စင်ကာပူနိုင်ငံ
*၂၀၁၂ ခုနှစ်ကရေးသားထားသော
ဆောင်းပါးလေးပါ ။ *
ရေးသားသူ
= ခိုင်လေး ( ရွှေတောင် )
မီးရောင်စုံတွေနဲ့
လှပနေတဲ့ မြို့လည်ကောင်မှာ အ၀တ်သေတ္တာ ခပ်ကြီးကြီးတစ်လုံးကိုဆွဲ
ကျောပိုးအိတ်တစ်လုံးကို လွယ်ထားတဲ့ မိန်းကလေးတစ်ယောက် ။ အချိန်ကား စင်ကာပူ
စံတော်ချိန် ည ၁၀ နာရီတိတိ ။ သူမမျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝိုင်းနေလေ၏ ။ အားငယ်ဝမ်းနည်းမှုတွေကို
မာန်တင်းဟန်ဖို့နေတဲ့ မိန်းကလေးတစ်ယောက် ။ ခြေစုံရပ် နေသော ခြေထောက်တွေမှာ
ဦးတည်ရာ တစ်ခုခုကို တွေ့ရှိလိုက်သလို စတင်ကာ ရွေ့လျားကြပါပြီ။ အ၀တ်သေတ္တာကို ဆွဲကာ
ခြေလှမ်းလှမ်းမှန်မှန်ဖြင့် နေရာတစ်ခုဆီကို ဦးတည်လို့ ထွက်ခွာလာပါ၏ ။ လမ်းမှာ
လူတစ်ယောက်ကို တစ်စုံတစ်ခုမေးလိုက်ပါသေး၏ ။ လေးလွန်းတဲ့ သေတ္တာကို ဆွဲကိုင်လာသောလက်တွေ
မခံနိုင်အောင် နာကျင်လှသော်လည်း အံကျိတ်ခံကာ လိုရာရောက်အောင် လျှောက်လာခဲ့၏ ။ ဟော
! တွေ့ပါပြီ။ဆိုင်းဘုတ်လေး တစ်ခု ။ သူမ သွားနေတာကတော့
မြန်မာတည်းခိုးခန်းတစ်ခုကိုပါ ။ ကောင်တာမှာ အခန်းယူကာ အခန်းရှိရာကို
ကိုယ်အိတ်ကိုယ်ဆွဲ တတ်လာခဲ့လိုက်၏ ။ အခန်းထဲရောက်တယ်ဆိုရင်ပဲ ခြေပစ်လက်ပစ်
ကုတင်ပေါ်လဲလျောင်းလိုက်ရင်း အားရပါးရ ငိုချလိုက်မိပါတော့တယ် ။
ကျွန်မဘ၀တစ်လျှောက်
မိဘ အရိပ်အောက်မှာ အေးချမ်းစွာ နေလာခဲ့ရတယ် ။ သိပ်ကို သွားချင်လှတဲ့
နိုင်ငံခြားဆိုတာကြီးကို ကိုယ်တိုင်ငမ်းငမ်းတက် ရောက်ရှိလာခဲ့သူဆိုလည်း မမှားပါဘူး
။ သူများတွေလို အိမ်အခြေနေကြောင့် ၊ စီးပွားရေးတွေ ကြောင့်လဲ မဟုတ်ဘဲ
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ရောက်လာခဲ့သူပါ ။ ဘ၀ဆိုတဲ့
လောကဇာတ်ခုံကြီးက ဘယ်လောက်ထိ ကျယ်ပြောတယ် ၊ လူတွေက ဘယ်လိုဆိုတာကို ခုမှ ကျွန်မ
စတင် သိရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။ ကျွန်မ မြန်မာပြည်ကနေစင်ကာပူနိုင်ငံကို
တစ်ယောက်ထဲ လာခဲ့ပါတယ် ။ လေဆိပ်မှာထဲက ကြိုသူမဲ့ တစ်ယောက်တည်း တည်းမယ့်လိပ်စာကို တက္ကဆီငှားရောက်လာခဲ့ပါတယ် ။
တည်းမယ့်အိမ်က ကွန်ဒိုတစ်ခုပါ ။ ကွန်ဒို အဆောင်အဦးရှေ့မှာဘဲ တက္ကဆီက
ချပေးခဲ့တာမို့ အခန်းနံပတ်ကိုဂိတ်မှာ ပြောပြကာ ၀င်ဖို့ပြောရပြန်တယ် ။ ကံဆိုးစွာ
အခန်းမှာ ပြန်ဖြေမယ့်သူမရှိဘူးဆိုတဲ့ secury ရဲ့စကားသံကို
ကြားလိုက်ရချိန်မှာ ကျွန်မအတော်လေး ခြောက်ခြားသွားမိတယ် ။
ကြီးမားလှတဲ့ ကျွန်မအ၀တ်အိတ်ကို ကြည့်ကာမျက်လုံးအိမ်မှာ
မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာခဲ့ပါတယ် ။ ဒီအချိန်မှာ ကျွန်မ တောင်းတမိလိုက်တာကတော့
ကျွန်မ ဖေဖေကိုပါ ။ဖေဖေ ကို ဆက်သွယ်ဖို့ မြန်မာပြည်ကို ဖုန်းခေါ်မှ ရမှာမို့ လက်ရှိအခြေနေမှာ
ကျွန်မ အိတ်တွေနဲ့ ဖုန်းကတ်ဝယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။လက်ကနာရီကို
ငုံ့ကြည့်လိုက်တော့ အချိန်ကား ည ၁၁ နာရီ ထိုးပါတော့မယ် ။ ဘာလုပ်ရမည်ဆိုတာကို
ဦးနှောက်ကို ချက်ချင်းအလုပ်ပေးရပါတော့၏ ။ ကျွန်မတည်းခိုဖို့ အတွက် ဟောတည်တစ်ခုကို
အရင်ဆုံးရှာရမယ်တိုတဲ့ အသိနဲ့ ဂိတ်ကိုမေးတော့ နည်းလေးလျှောက်လိုက်ရင် ဟောတည်
တစ်ခုရှိတယ်ဆိုတာကို လမ်းညွှန်ပေးတာကြောင့် အိတ်ကိုဆွဲကာ ဟော်တည်ကို
ရောက်လာခဲ့ပါတော့တယ် ။ ဟော်တည်ခန်းထဲ ရောက်ချိန်မှာတော့ အားရအောင်
ငိုပစ်လိုက်မိပါ၏ ။ ငိုပြီးချိန်မှာတော့
ရေချိုးလိုက်ပါတယ် ။ အားလုံးပြီးစီးချိန် နာရီကြည့်လိုက်တော့ ည ၁၂ နာရီခွဲနေပါပြီ
။ ဟော်တည်အပြင်သို့ထွက်ကာ ဖုန်းကတ်တစ်ခုဝယ်ဖို့စီစဉ်ရပြန်တယ် ။
ဖုန်းကဒ်ဝယ်ပြီးတာနဲ့ အဖေဆီ ဖုန်းခေါ်ကာ အကျိုးကြောင်းကို ပြောပြရင်း နောက်တစ်ကြိမ်ငိုပွဲဆင်ရပြန်တာပေါ့
။ကျွန်မတော်တော်ကြာအောင် တွေးခဲ့ရတာတွေကို ဖေဖေက မိနစ်ပိုင်းလေးနဲ့ မြန်မာပြည်ကနေ
စီစဉ်ပေးနိုင်ခဲ့ပါတယ် ။
ဖုန်းဆက်ပြီးနာရီဝက်လောက်ဘဲကြာပါတယ်
ကျွန်မဆီကို ဖေဖေ မိတ်ဆွေ ဇနီးမောင်နှံ လာတွေ့ပါတယ် ။ မနက်ကို လာခေါ်မယ်
တည်းမယ့်နေရာကို သေချာလိုက်ပို့မယ် ၊ ဘာမှ ကြောက်စရာမရှိဘူးဆိုတာတွေ သေချာပြောပြ
မှာကြားပြီး ပြန်သွားကြတယ် ။ မိဘဆိုတာ အဝေးတစ်နေရာထိ အရိပ်တွေ
လိုက်မိုးပေးတယ်ဆိုတာကို ကိုယ်တွေ့ ထပ်မံသိလိုက်ရပြန်တာပေါ့ ။ ဒါကလည်း
မကုန်နိုင်တဲ့ မိဘမေတ္တာတစ်ခုပါပဲလေ ။ ဒီလိုနဲ့ ကျွန်မ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး
ညကို အိပ်စက်လိုက်ပါတော့တယ် ။နောက်နေ့ မနက်မှ တည်းခိုရမယ့် အိမ်ကို ကျွန်မ
ရောက်ရှိခဲ့တယ် ။
စင်ကာပူနိုင်ငံ
ဆိုတာ အားလုံးက အလုပ်ကိုယ်ဆီနဲ့ စက်ရုပ်လူသားတွေလို ရှင်သန်နေကြတယ်လို့
ကျွန်မတင်စားချင်တယ် ။ လူတိုင်းကြည့်လိုက်ရင် အလုအယက် လမ်းသွားနေသူတွေ ။မျက်လုံးပွင့်တယ်ဆိုတာနဲ့
အလုပ်ကို ပြေးကြရတယ် ။ ဒါကြောင့်လည်း ခဏလေးအတွင်း အရမ်းကို တိုးတက်လာခဲ့ခြင်း
ဖြစ်နိုင်ပါတယ် ။ ဒီက လူတွေကို ကြည့်ပြီး စင်ကာပူရောက်မိတ်ဆွေကို
ကျွန်မရောက်နေတယ်ဆိုတာကို အကြောင်းကြားဖို့ အားနာ ၀န်လေးနေမိပြန်တယ် ။ ကျွန်မ
လျှောက်လည်ချင်တယ် ။ မြေပုံ ကိုင်ကာ MRT စီးပြီး တစ်ယောက်တည်း လျှောက်လည်ဖို့ ကိုယ်ကိုကိုယ်
သတ္တိမွေးလိုက်တယ် ။ ဒီနိုင်ငံမှာ အစားသောက် အသုံးဆောင် အားလုံး အရမ်းဈေးကြီးတာကြောင့်
ရေဘူးကအစ ကျောပိုးအိတ်ထဲ ထည့်ကာ တစ်ယောက်ထဲ လျှောက်လည်တဲ့ ခရီးစဉ်ကို စတင်လိုက်ပါ၏
။
စင်ကာပူနိုင်ငံဆိုတာကို
ရောက်မှ ကျွန်မအိမ်မှာ အလွယ်တစ်ကူ ရရှိခဲ့သောအရာ အားလုံးသည် ထိုက်တန်သော
တန်ဖိုးတွေ ရှိနေပါလားဆိုတာကို ကျွန်မသိရှိနားလည်လာခဲ့ရပြန်ကောလေ ။ အိမ်မှာ
မိုးလင်းတာနဲ့ မျက်စိရှေ့ကို ရောက်ရှိလာတဲ့ ကော်ဖီနဲ့ မုန့်တခုခု (ဒါမှမဟုတ်)ထမင်းကြော်
ဒီအစားသောက်တွေဟာ သူများနိုင်ငံမှာ ကိုယ်ပိုက်ဆံနဲ့ ကိုယ် အမှန်တစ်ကယ်
ဝယ်စားရတော့မယ့် အချိန်မှာ ကျွန်မလက်တွေ တွန့်ဆုတ်နေခဲ့မိတယ် ။ မိဘ ပိုက်ဆံ ကို
လွယ်လင့်တကူ သုံးခဲ့တုန်းက အပြုံးမပျက် ခွင့်လွတ်အပြုံးနဲ့ ကျေနပ်ကြည်ဖြူ
ပေးခဲ့တဲ့ဖေဖေ နဲ့ မေမေ ကို အမြဲလို ပြေးမြင်ခံစားမိပါတယ် ။ နိုင်ငံရပ်ခြားမှာ
အခြေတကျ အလုပ်လုပ်နိုင်ဖို့ဆိုတာ တစ်ကယ်တမ်းကျ အင်မတန်မှ ခက်ခဲလွန်းပါတယ် ။ ကျွန်မ
အလုပ်ရှာတဲ့ရက်တွေမှာ စိတ်အားငယ်ခြင်း ၊ စိတ်ပင်ခြင်း ၊ အေးဂျင့်က စိတ်မှ ချရဲ့လား
၊ ငါပေးလိုက်မိတဲ့စရံလေးများ ပလုံသွားမလား ဆိုတဲ့ ယောက်ယက်ခက်တဲ့
အတွေးပေါင်းမြောက်မြားစွာတဲ့ အိပ်မရတဲ့ ညတွေက အများသား ။ အိမ်ကvzo
ချက်မယ်ပြောရင်တောင် မျက်ကွင်းဟောက်ပတ် ကိုယ်ပုံကို မမြင်စေချင်တာကြောင့်
တွေ့ချင်ရက်နဲ့ မတွေ့ရတဲ့ ဒုက္ခကတစ်မျိုး ။
ဒီလို
များပြားထွေလီတဲ့ ခံစားချက်တွေကို အံ့တုရင်ဆိုင်ကာ ကြိုးစားနေသော်ညား အလုပ်က
အဆင်မပြေ ။ ကဲဘယ်မလဲ ပျော်စရာဆိုတာဘယ်သူကလွတ်ခဲ့တာလဲ ? ကိုယ်သဘောနဲ့
ကိုယ်လာခဲ့တာပါ ။ ဟုတ်ပြီ ဘာလို့ အဆင်မပြေတာလဲ ? ပြင်ဆင်မှု အားနည်းခဲ့လို့ပါ ။
ဒါဆိုဘာလုပ်မလဲ ? ဟုတ်ကဲ့ တွေးနေပါတယ် ဆိုတဲ့ အဖြေနဲ့ အတူ လူက အားအင်
ကုန်ခမ်းနေပါပြီ ။ ဒီမှာပဲ ကျွန်မတွေးမိတယ် ။ နိုင်ငံရပ်ခြားမှာ ရပ်တည်ဖို့အတွက်
အရေးကြီးဆုံးအချက်ကတော့ အမှန်တစ်ကယ်တစ်ယောက်တည်း
ရပ်တည်နိုင်ပြီလား ။ သူများနိုင်ငံကို သွားဖို့ငါမှာ အချက်လက် ၊
အရည်ချင်းတွေ ပြည့်စုံပြီလားဆိုတဲ့ အချက်က အဓိက အကျဆုံးအချက်ပါဘဲရှင် ။
နိုင်ငံခြားရောဂါထမိခဲ့တဲ့ ကိုယ်ကိုယ်ကို ဒေါသတွေဖြစ်မိရင်း
အိမ်ပြန်ပြေးချင်စိတ်တွေကို အားတင်းမြိုချကာ စင်ကာပူလမ်းတွေပေါ်
ဆက်လက်လျှောက်လှမ်းလိုက်ပါတော့၏။
No comments:
Post a Comment