Tuesday, August 26, 2014

၂၅ ။ သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။



၂၅ ။ သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။
ရေးသားသူ  = ခိုင်လေး ( ရွှေတောင် )
58.jpg
ချစ်သူဘ၀ဆိုတာ အိမ်ထောင်သည်ဘ၀ကို တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ချခြင်းပါပဲ။ ချစ်သူ သက်တမ်း ကြာလာတဲ့စုံတွဲ တော်တော်များကိုလေ့လာကြည့်မယ်ဆိုရင် အိမ်ထောင်သည်တွေနဲ့ တူလာကြပါတယ် ။ ဘာကြောင့်လဲ ။ အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်လာကြ ခြင်း ၊ ချစ်ကာစ ချစ်သူစုံတွဲတွေလို တီတီတာတာစကားတွေ ပြောဖို့ မလိုတော့အောင် ရင်းနှီးမှု ရှိလာခြင်းကြောင့်ပါပဲ ။လက်ထပ်ခြင်းဆိုတဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ကြသူတွေမှာ တီတီတာတာ စကားတွေဆိုဖို့ထက် ဘ၀ရှေ့ရေးကို ဦးစားပေးပြောကြရပါတယ် ။ ဒီနေရာမှာ  တစ်ခုရှိတာက တည်ငြိမ်ရင့်ကျက်သွားတာနဲ့ အေးစက် သွားခြင်းကတော့ အဓိပ္ပာယ်အတော်လေး ကွာခြားပါတယ်။ အပေါ်က ပြောခဲ့တဲ့ အချက်တွေကြောင့် တည်ငြိမ်မှု ရှိသွားခြင်းက ကောင်းတဲ့ဘက် ကို ဦးတည်နေသော်လည်း ၊ အေးစက်ခြင်းကတော့ ချစ်သူတွေ အတွက် ဆိုးတဲ့ဘက်ကို ဦးတည်စေပါတယ်။
ချစ်သူတွေ တည်ငြိမ်သွားခြင်းမှာ ချစ်သူသက်တမ်းကြာလာသည်နှင့်အမျှ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လာခြင်းကြောင့်ပါ ။ ချစ်သူဖြစ်ကာစကလို တီတီတာတာ တွေ ပြောဖို့ကလည်း ရင့်ကျက်တည်ငြိမ်သွားကြပြီလေ။ လက်ထပ်ဖို့ အတွက်တာ ရှိတော့သည်မို့ ထူးထူးထွေထွေ ပြောဖို့လည်း မရှိကြတော့ဘူးပေါ့ ။ ဒီအချိန်မှာ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး ရှေ့ဆက်ရမယ့်ဘ၀ ခရီးသာယာရေး အတွက် *မောင် တစ်ထမ်း မယ်တစ်ရွက်* ကြိုးပမ်းဖို့က အဓိက ကျနေပါပြီ။ အမြဲ ပြုနေကြအလေ့အကျင့်လေးတွေ ပျောက်ဆုံးမသွားဖို့ကသာ ပိုအရေးကြီးစေပါတယ်။ ခိုင်လေး ဇနီးမောင်နှံမှာ ချစ်သူချင်း သိနားလည်ထားသည့် အလေ့ကျင့်လေးတွေ ရှိပါတယ်။ ချစ်သူတိုင်းမှာလဲ ရှိနေကြမှာပါ ။ အဲဒီအလေ့ကျင့်လေးတွေကိုတော့သေသည့်တိုင်အောင် ဘယ်တော့ မပျက်စေဖို့က အရမ်းကို အရေးကြီးပါတယ်။ တန်ဖိုးထားရပါ့မယ်။ ဒါတွေ ပျောက်ဆုံးသွားပြီဆိုရင်တော့ တည်ငြိမ်ခြင်း မဟုတ်တော့ပါဘူး ။ အေးစက် စိတ်ကုန်သွားခြင်းဖြစ်ပါတယ် ။
ချစ်သူ့ ဘ၀ အေးစက်သွားခြင်းသည် ချစ်သူတွေကြား နားလည်မှုတွေ ပျောက်ဆုံးစေခြင်းပါပဲ ။ *မဖြစ်လို့ ဆက်ဆံနေရတဲ့* အဖြစ်လောက် ခါးသီး စရာကောင်းတာ မရှိတော့ပါဘူး။ဒီလို အဖြစ်မျိုးကို ဘယ်ချစ်သူတွေမှ လိုချင်ကြမှာ မဟုတ်ပါဘူး ။ မလိုချင်ရင် မဖြစ်အောင် ဘယ်လိုနေကြမလဲ။ အရမ်းလောဘမကြီးဖို့က အရေးကြီးဆုံးပါပဲ ။ နမူနာပေါ့ ပြောရမယ်ဆို သူဆီက ကိုယ်တစ်စုံတစ်ခုကို တောင်းဆိုတော့မယ်ဆို သူအတွက်ကော စိတ်ချမ်းသာအောင် ဘာပြန်လုပ်ပေးရမလည်းဆိုတာကိုစဉ်းစားရမယ် ။ သူတောင်းဆိုစရာမလိုဘဲ ကိုယ်ကအလိုက်သိနေသင့်တယ်။ ရက်တွေ လတွေ ကြာလာတဲ့ အမျှ တစ်ယောက်ကို တစ်ယောက် *ပိုပြီးနာလည် ခွင့်လွတ် တတ်လာရမယ်* ။ တစ်ယောက်နဲ့ တစ်ယောက် အရွဲ့တိုက် ခြင်းတွေကိုလဲ ရှောင်းသင့်ပါတယ် ။ ချစ်သူဘ၀မှာ တကယ်ပဲ လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးကြရင် တစ်ဦးအပေါ်တစ်ဦး ကိုယ်ရေးကိုယ်တာကိစ္စတွေကို မဖုံးကွယ်ထားသင့်ဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ဆွေးနွေးသင့်တယ်။ မကျေနပ်တာကို ဖွင့်မပြောပဲ စိတ်ကောက်နေခြင်း မျိုးတွေက အေးစက်ခြင်းကို ဦးတည်သွားစေတတ်ပြန်ပါတယ် ။ အေးစက်ခြင်းတွေ များလာရင် ခွဲခွာခြင်း ဆိုတဲ့ လမ်း ပေါ်ကို လျှောက်လှမ်းမိကြတော့တာပါပဲ ။ ချစ်ခြင်းမေတ္တာကို အခြေမခံဘဲ ၊ ဒီကောင်မလေးချောတယ် ။ ဒီကောင်လေးချောတယ် ။ အလှကြိုက်ရုံ သက်သက်နဲ့ အပျော်သဘော အချစ်ကို မကစားလိုက်ပါနဲ့ ။ ခုတွေ့ ခုချစ် ခုကွဲ ဆိုရင်တော့ သိပ်ကိစ္စမရှိလှပေမယ့် အခန့်မသင့်လို့ အကြောင်းတစ်စုံတစ်ရာကြောင့်တာ လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင် စိတ်ပျက်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခုကို ဖြစ်ကတတ်ဆန်း တည်ဆောက်မိကြသလို ဖြစ်နေပါလိမ့်မယ်။
 ကိုယ့်ကိုကိုယ် တန်ဖိုးမထားရင် လူဘ၀ဟာ စိတ်ပျက်စရာချည်းဖြစ်နေပါလိမ့်မယ်။ အချစ်ဆိုတာ တန်ဖိုးရှိပါတယ်။ ချစ်သူဘ၀မှာ အထူးရှောင် သင့်တဲ့ အချက်လေးတစ်ခုရှိပါသေးတယ်။ သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်မိကြဖို့ပါ ။ ဟန်ဆောင်ကြင်နာမှုတွေ မပေးမိကြပါနဲ့ ။လူမှူရေးအဆောက်အအုံရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး အိမ်ယာထူထောင်မှု အိမ်ထောင်ပြုကြမယ့် ချစ်သူတိုင်း တည်ငြိမရင့်ကျက်သော စိတ်ထားများကို မွေးမြူကြပါ ။ ပျော်ရွင်ချိန်မှာဖြစ်စေ ၊ စိတ်ဆင်းရဲချိန်မှာဖြစ်စေ ချစ်သူဘေးနားတွင် ရှိနေပေးပါ ။ နားလည်မှုချစ်ခြင်းတရားတွေဖြင့် ရှေ့ဆက်လျှောက်လှမ်း ဖို့ကြိုးစားကြပါ ။အေးစက် ခြင်းဆိုတဲ့ လမ်းခွဲခြင်းတွေ ကို ဘယ်သောအခါမှ မလျောက်မိကြပါစေနဲ့လို့ ဆုတောင်းရင်း အဆုံးသတ်ပါရစေ ။

No comments:

Post a Comment