၄၃ ။ မြန်မာ မိန်းကလေးတွေ ရဲ့ facebook ပေါ်က
ဓာတ်ပုံတင်ခြင်း ၀ါသနာ
ခိုင်လေး (
ရွှေတောင် )

အဝေးဆီမှ
မေမေ ဆူသံလေးကို ကျွန်မ ကြားနေရသည် ။
ဆူသံဆီက
ထွက်ကျလာတဲ့ စကားသံလေးတွေက ကျွန်မရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကို ထောက်ပြနေဧ။် ။
ထိုအခါမှ မှားနေသော ကျွန်မ လုပ်ရပ်လေးကို မြင်တွေ့မိပါသည် ။ မေမေဆူသံလေးသည်
ကျွန်မအတွက် စေတနာများစွာ စီးမျောနေပါသည် ။ ကျွန်မဘ၀ ကျွန်မအိမ်မက်တွေကို
ပျက်ဆီးစေမယ့် အနှောင့်ယှက်တွေကို မေမေဆူသံလေးက ဖယ်ရှားထောက်ပြနေခြင်း ဖြစ်တာမို့
မေမေ ဆူသံလေးကို ငြိမ်းချမ်းစွာ ခံယူမိလိုက်ပါတော့သည် ။
facebook
စာမျက်နှာတွေမှာ ဓာတ်ပုံတင်ခြင်းသည် .ယနေ့ခေတ်ကာလတွင် အထူးခေတ်စားလာခဲ့ပါသည်
။ပါလေရာ ကျွန်မသည်လည်း တစ်ဦး အပါဝင်ပေါ့ ။ ဘာလေး ဖြစ်ဖြစ်
ဓာတ်ပုံလေးရိုက် တင်လိုက်ရမှ စားဝင်အိပ်ပျော်ပါသည် ။ မေမေက ကျွန်မကို
မျက်ခြေအပျက်မခံ အမြဲစောင့်ကြည့်နေတတ်သူပါ ။ ဒီနေ့တော့ ကျွန်မအိမ်ကို
ဖုန်းဆက်လိုက်ချိန်မှာ မေမေ ဆူတာကို ကောင်းကောင်းလေးခံလိုက်ရပါတော့သည် ။
ဘာကြောင့်လဲ ဆိုတော့ ကျွန်မတင်လိုက်တဲ့ ဓာတ်ပုံလေး တစ်ပုံကြောင့်ပါပဲ ။ မေမေ ဆူတဲ့
စကားလေးတွေကို ဖောက်သည်ချအုံးမယ် ။
ဒီမယ် ဒေါ်ခိုင်ဇာ ညဉ်းတို့ခေတ် ဓာတ်ပုံတွေ တင်တာကို
မပြောလိုပါဘူးအေ ။ ညဉ်းကလေးလည်းမဟုတ်တော့ဘူး ။ သားတစ်ယောက် ၊သမီးတစ်ယောက် ရှိတဲ့
မိခင်တစ်ယောက် ။ သမီးလေးပါနေတဲ့ အတွက်ကို ပိုသတိထားရမယ် ။ ဘယ်နှယ့် ဓာတ်ပုံတင်စရာ
ရှားလို့ ညဉ်းတို့လင်မယား ခြေနှစ်ချောင်းကို မိုးပေါ်ထောင် မွေယာပေါ်
စနေကြပုံကို တင်စရာလား။ အမေကလည်း ဘာမှ ရိုင်းတာ မပါပါဘူးလို့ ဆင်ခြင်ပေးဖို့
တွေးမနေနဲ့နော် ။ ရိုင်းတာ မရိုင်းတာထက် တင်ရမယ့် ပုံဟုတ်ကို မဟုတ်တာ ။ အဲဒီပုံကို
ချက်ချင်းဖြုတ်ပါ ။ ဒါမျိုးပုံတွေကို နောက် အမေလုံးဝ မမြင်ချင်ဘူး။
မေမေ
ပြောသွားတာ ဒီထက်ရှည်ပါသေးတယ် ။ နမူနာလောက် ဖော်ပြပေးလိုက်ပါသည် ။ မေမေ ပြောသွားတာ
သိပ်မှန်ပါတယ် ။ တကယ်ကို မတင်သင့်ပါဘူး ။ facebook ပေါ်မှာ ပုံတွေ တင်လာလိုက်တာ
ကျွန်မမောင်လေးပြောသလိုဘဲ သေခံနီးရင်တောင် နေပါအုံး ဓာတ်ပုံလေးရိုက်ပြီး
ဖေ့ဘုတ်ပေါ်တင်ပါရစေအုံး ဆိုတာမျိုးတွေ ဖြစ်နေကြပါပြီ ။ ကျွန်မအပါဝင်ပေါ့ ။
တင်တာကို အပြစ်တစ်ခုလို့ မဆိုလိုပါဘူး ။ တင်လို့ရပါသည် ။ တစ်ချို့က
ပြောတတ်ကြပါသေးတယ် ကိုယ်စာမျက်နှာ ကိုယ်တင်တာ ဘာဖြစ်သလဲလို့ ။ ဘာမှ မဖြစ်ပါဘူး ။
ထိခိုက်လည်း ကိုယ်ဘဲ ထိခိုက်မယ် ။ ဘယ်သူ့မှ လာခံပေးလို့မရပါဘူး ။ တစ်ခုတော့ရှိသည်
။ မေမေ ပြောသလို တင်သင့်တဲ့ ပုံနဲ့ မတင်သင့်တဲ့ ပုံဆိုတာတော့ ခွဲခြားတတ်ဖို့
လိုအပ်ပါသည် ။ အမှတ်တရ ပုံရိပ်လေးတွေ ၊ ပျော်ရွင်စရာပုံလေးတွေ အမျိုးမျိုး
တင်လို့ရပါသည် ။ ကြည့်ရသူကိုလည်း ကြည်နူးခြင်းတွေ ကူးစက်စေသည် ။ မတင်သင့်တဲ့
ပုံဆိုတာကတော့ ခုန ကျွန်မတင်မိလိုက်တဲ့ ပုံမျိုးတွေ ၊ အိပ်ယာပေါ် အိပ်နေတဲ့
ပုံမျိုးတွေ ၊ ရေချိုးခံနီး ရေချိုးခန်းထဲ ကိုယ်ဘာကိုယ် ပြန်ရိုက်ထားတဲ့
ပုံမျိုးတွေ တင်တာမျိုးကြတော့ ဘာမှ အကျိုးမရှိပါဘူး ။ မြန်မာ မိန်းကလေးအနေနဲ့ လည်း
ဘယ်လိုမှ မသင့်တော် မအပ်စပ်ပါဘူး ။ မေမေက ကျွန်မကို ချစ်လို့ ဆုံးမလိုက်သလို ၊
ကျွန်မကလည်း မြန်မာမလေးတွေကို သိပ်ချစ်လို့ ထပ်ဆင့်သတိပေးချင်မိပါသည် ။
ကျွန်မတို့တွေရဲ့ အတွေးမှားတွေ ကို ဖုန်ခါရှင်းလင်းပြီး သန့်ရှင်းသော
အတွေးခေါ်တွေနဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ် ကျွန်မတို့တတွေ
သိက္ခာရှိရှိ နေထိုင်သွားခြင်းဖြင့် မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို
မြှင့်တင်လိုက်ကြရအောင် ။
ကျွန်မတို့အနေနဲ့
ဖြစ်သင့်တာတွေကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုအပ်နေပါပြီ။ လူမှုရေး ကွန်ဂရက်ထဲမှာ
လူရာဝင်ဖို့အတွက် မမှန်သောနည်းလမ်းတွေနဲ့ အသုံးပြုနေဖို့ မလိုအပ်ပါဘူး ။ မှန်ကန်
သိက္ခာရှိသော နည်းလမ်းမျိုးတွေနဲ့ ရပ်တည်တတ်ဖို့လိုအပ်နေကြပါပြီ ။ Like
တွေအများကြီးတော့ ရပါရဲ့ ။ like ပေးသူရဲ့ ထင်မြင်ယူစချက်က လမ်းလွဲနေရင်
အလကားဖြစ်တာပါပဲ။ facebook ပေါ်က like ဆိုတာ ဘာနဲ့ သဏ္ဍန်တူသလဲဆိုရင် လက်ခုပ်သံနဲ့
တူပါသည် ။ အထင်သေးအမြင်သေးစွာ တီးလိုက်တဲ့ လက်ခုတ်သံ like များကို
ကျွန်မတို့ ကြောက်တတ်ရပါမည် ။ လက်ခုတ်သံ အတုယောင်တွေဆိုလည်း မမှားပါဘူး ။ မှားနေတာကို
အရောက်တွန်းပို့တတ်တဲ့ လက်ခုတ်သံတွေကို သာယာကြည်နူးနေကြမယ်ဆို
ကျွန်မတို့တတွေဟာလည်း အမှားဆိုတဲ့ ချောက်ထဲကို တဖြေးဖြေး
ကျဆင်းကုန်ကြပါမှာပါပဲ ။
အထူးသဖြင့်
နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ ပိုသတိပေးချင်ပါသည် ။ မြန်ဆန်ကောင်းမွန်လှတဲ့
နည်းပညာတွေ ၊ အင်တာနက်စနစ်တွေကို ကောင်းမွန်မှန်ကန်တဲ့နေရာတွေမှာ
အသုံးချတတ်စေချင်မိပါသည် ။ မြန်မာမလေး တွေဆိုတဲ့ အသံကို ကြားလိုက်ရတာနဲ့
ဂုဏ်သိက္ခာကြီးမားသူတွေပါလားဆိုတဲ့ ထင်မြင်ယူဆချက်လေးတွေကို တပါတည်း
ပူးတွဲပါစေချင်ပါသည် ။ အမှားကို ထောက်ပြရင် ရန်သူသတ်မှတ် ။ မြှောက်ပေးသူကို
မိတ်ဆွေ လို သဘောထားနေကြတဲ့ မြန်မာမိန်းကလေးတော်တော်များကိုလည်း တွေ့မြင်နေရသည် ။
သူတို့အစား ရင်လေးမိခဲ့တဲ့ အကြိမ်ပေါင်းလည်း မရေတွက်နိုင်အောင်ပါပဲ ။ အမျိုးသားက
အမြဲပြောတယ် နေရာတကာ လိုက်ခံစားမနေနဲ့ ပင်ပမ်းတယ်တဲ့ ။ ဟင်အင် …ကျွန်မကတော့
လိုက်ခံစားမိနေအုံးမှာပဲ။ ဘာလို့လဲဆိုရင် မြန်မာမလေးတွေကို ကျွန်မချစ်တယ် ။
ကျွန်မတို့လို အသက်ရွယ်တွေမှာတောင် တခါတရံ သတိမမူစွာ အမှားလေးတွေ ရှိနေတတ် သေးသည်
။ သူတို့လေးတွေမှာလည်း မသိလို့ မှားမိတာမျိုးတွေ ရှိနေမှာ အသေချာပါပဲ။ ဒါကို သိနေ
မြင်နေသူက ပြောပြထောက်ပြမှ ပြင်နိုင်မယ်လို့ ကျွန်မယုံကြည်မိပါသည် ။
မှန်တဲ့အရာလေးတွေကို မလိမ်မညာတမ်း ပေးမယ့် like စစ်စစ်လေးတွေနဲ့ ကျွန်မတို့
မြန်မာမိန်းကလေးတွေဘ၀ကို မြင့်မားစေချင်ပါသည် ။ သိက္ခာရှိသော like
တို့ဖြင့်သာ မြန်မာမိန်းကလေးတွေကို တန်ဖိုးတက်စေချင်ပါသည် ။ မြန်မာမိန်းကလေးတွေရဲ့
တန်ဖိုးကို မပျက်စီးစေဖို့အတွက် ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ ကာကွယ်ရင်း
မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ ဒီစာလေးကို ရေးဖြစ်လိုက်ရပါတော့သည် ။
ခိုင်လေး
( ရွှေတောင် )
No comments:
Post a Comment