Friday, September 19, 2014

စကားပြောသော စကားလုံးများ ( ၂ ) ၁ - ၃၀



စကားပြောသော စကားလုံးများ ( ၂ )

ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁ )

လူအပေါင်းတို့သည် တခါတရံ၌ ကိုယ်သိသောအရာ ၊  ကိုယ်ထင်သောကိစ္စ ၊ 
ကိုယ်နှင့်ခင်မင်ရင်းနှီးသူသာလျှင်အမှန်ဖြစ်သည်ဟု ထင်မြင်ယူဆတတ် ကြပေသည် ။
အမှန် နှင့် အမှားသည် ပုံသေသတ်မှတ်၍ ရနိုင်သော အရာမဟုတ်ပေ ။ အမှန်
အမှားတို့အား ရမ်းပြီး မဆုံးဖြတ်ပါနှင့် ။ ရမ်းပြီး မယုံကြည်ပါနှင့် ။ လက်တွေ့ လေ့လာပါ ။ ကိုယ်တိုင် ဆင်ခြင် လေ့လာပါ ။ ပြီးမှ ဆုံးဖြတ်ပါ ။ အမှန်ကန်ဆုံးသောအဖြေကို ရရှိပါလိမ့်မည် ။

29.6.2014 ( တနင်္ဂနွေနေ့ )
ခိုင်လေး ( ရွှေတောင်


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂  )

ဒီမနက် ဟင်းချက်နေရင်း အတွေးတစ်ခု ခေါင်းထဲကို ၀င်လာတယ် ။
ကျွန်မတို့ ဟင်းချက်တော့မယ်ဆိုရင် ဆီအိုးတည်ကြရတယ်နော် ။
ဆီအိုးထဲက ဆီတွေမကျက်သေးဘဲ ကြက်သွန်းထောင်းထားတာလေးတွေ
ထည့်မိရင် ဆီပေါက်တယ်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ် ။ ဒီလိုပါပဲ
လောကကြီးထဲမှာ သိသင့် တတ်သင့် နားလည်သင့်တာတွေ မစုံသေးဘဲ ပျံသန်း
ချင်ကြသော တစ်ချို့လူငယ်တွေဟာ ဆီမကျက်ဘဲ ဆီသတ်မိသလို ဖြစ်ကာ ဆီပေါက်တဲ့ဒဏ်
ကိုခံစားရတတ်ပါတယ် ။ ဆီကျက်မှ ဆီသတ်လို့ရသလို လိုအပ်တဲ့ အသိပညာ
တွေကို ပြည့်စုံမှ လောကကြီးထဲ ပျံသန်းခြင်းဟာ အကောင်းဆုံးဖြစ်မယ်လို့ တွေးမိတယ်။

30.6.2014 ( တနလာင်္နေ့ )
ခိုင်လေး ( ရွှေတောင်


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၃ )

ဒီမနက် အိပ်ယာကနိုးနိုးချင်း ခေါင်းထဲကို အတွေးတစ်ခု ၀င်လာတယ် ။
လူတွေဟာ ကိုယ်ယုံကြည်ရာကို ပုံသေကားချပ် သတ်မှတ်ကြတယ် ။ နမူနာ
လူတစ်ယောက်ဟာ ဆိုးနေတယ်ဆိုပါစို့ ။ ထိုလူကောင်းလာနိုင်တဲ့ အချိန်ဆိုတာ
ရှိလာနိုင်တယ် ။ သူရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရမယ် ။ ထိုသူရဲ့ လုပ်ဆောင်
ချက်တွေ မှန်ကန်လာပြီလား ။ မှန်ကန်လာပြီဆိုရင် ထိုသူကို အသိမှတ်ပြုသင့်ပါတယ်။
သူအနေနဲ့လည်း လူတွေရဲ့ ယုံကြည်မှု့ကို အကြိမ်ကြိမ် ရိုက်မချိုးမိစေဖို့ သိထားသင့်
တယ် ။ အမှားတွေကို ခဏခဏ ကျူးလွန်နေခြင်းမျိုး မဖြစ်ရအောင် ကြိုးစားနေထိုင်
နိုင်ပါစေ ။

ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၄ )

မနေ့ညနေက အမျိုးသားကို အလုပ်သွားကြိုရင်း ကိစ္စလည်းတစ်ခုက ခေါင်းထဲကို
ဝင်ရောက်လာတယ် ။ အမျိုးသားတို့ အကုန်လုံးညနေ ၅နာရီ ပြန်ရတယ် ။ ဒီတော့
အမျိုးသားက အလုပ်ကိုလာကြိုခိုင်းတာနဲ့ သွားကြိုခဲ့တယ် ။ သူကိုကြိုလာပြီး အိမ်
ရောက်တာနဲ့ မေးမိတယ် ။ * မောင်ရေ အကုန်ပြန်ရတာလား ။ မောင်တို့ဘဲ ပြန်
ရတာလားလို့ ။ ဒီတော့ အမျိုးသားက အကုန်ပြန်ရတာလို့ ပြန်ဖြေတယ် ။ မေးပြီး
ခဏအတွင်းမှာပဲ ကျွန်မကိုကျွန်မ တော်တော်လေး စိတ်ဆိုးသွားမိတယ် ။ ဘာစိတ်တွေ
ဝင်လာရတာလဲ ။ သူများနိုင်ငံအလုပ်လာလုပ်တယ်ဆိုကတည်းက ပိုက်ဆံရှာဖို့
လာကြတာလေ ။ ကိုယ်အချိန်ပို မရှိလည်း သူများတွေရှိနေရင် ကျေနပ်ရမှာပေါ့ ။
ကိုယ်မရှိတိုင်း သူများတွေကော ရှိရဲ့ဆိုတဲ့ အတွေးနဲ့ မေးလိုက်မိတာ ရှက်ဖို့သိပ်ကောင်း
တယ် ။ ချက်ချင်းဆိုသလို စိတ်ထဲခံစားလိုက်ရတာကို အမျိုးသားကို ပြောပြလိုက်မိတယ် ။
မနာလိုစိတ်ဆိုတာ မွေးမြူ မိရင် လူကို သိပ်ပင်ပမ်းစေပါတယ် ။ သတိလေးတစ်ချက်လွှတ်
သွားတာနဲ့ ဖြစ်မိသွားတဲ့ စိတ်လေးတစ်ခုအတွက် ကျွန်မသိပ်ရှက်မိတယ် ။ နောင်ကို
ဒီလိုစိတ်မျိုးတွေ ကျွန်မထံဘယ်သောအခါမှ မလာစေရဘူး ။ အဆင်မပြေခြင်းတွေရှိလာရင်
လူတိုင်း စိတ်ဆင်းရဲရတတ်ပါတယ် ။ ကိုယ်အဆင်မပြေသော်လည်း တခြားသူအဆင်ပြေ
နေခြင်းဟာ ကိုယ်အတွက် ဘာမှထိခိုင်နစ်နာမှု့မရှိတာ ။ ကိုယ်အဆင်ပြေပေမဲ့ တခြား
မိတ်ဆွေအပေါင်းသင်းတွေ အဆင်ပြေနေရင် ကျေနပ်တတ်ခြင်း ၊ ၀မ်းသာပေးနိုင်ခြင်းဆိုတဲ့
ကောင်းမြတ်တဲ့ စိတ်လေးကို ထာဝရ မွေးမြူ ခြင်းဟာ လူတိုင်းရဲ့ စိတ်တွေကို အေးချမ်း
စေပါတယ် ။

ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၅ )

ဒီနေ့ တစ်ခုတွေးမိတယ် ။ လူတွေမှာ ကြိုက်တာ မကြိုက်တာ ၊ နှစ်သက်တဲ့သူ
မနှစ်တဲ့သူ ၊ ချစ်တဲ့သူ မုန်းတဲ့သူဆိုတာတွေ ရှိတတ်ကြပါတယ် ။ ကိုယ်နှစ်သက်
သူတွေအတွက် ကြည်နူးဂုဏ်ယူတတ်ကြသလို မနှစ်သက်သူတွေကိုလည်း အပြစ်ပြော
ဆိုမိတတ်ကြပြန်တယ် ။ ဒီနေ့ တွေးမိတာလေးကတော့ ကိုယ်မနှစ်သက်တဲ့သူရဲ့
အကြောင်းကို တွေးနေ ပြောနေမယ့်အစား ကိုယ်နှစ်သက်သူရဲ့ ကောင်းကွက်
လေးတွေကို ဂုဏ်ယူဝမ်းမြောက်နေခြင်းက ပိုပြီး ကောင်းမယ်ထင်တယ် ။ ကိုယ်
မနှစ်သက်သူတစ်ဦးကို သူဘာလုပ်လုပ် လိုက်ကြည့်ပြီးပြောနေမယ့်အစား ဥပက္ခာ
ပြုလိုက်ပါ ။ ကိုယ်မနှစ်သက်တဲ့သူအကြောင်းကို လိုက်ပြီးလေ့လာနေမယ် ။ လိုက်
ကြည့်ပြီး ပြောနေမယ်ဆို သူကိုကြေငြာပေးနေတာနဲ့ တူတူပါပဲ ။ ကိုယ်မှသူ့ကို မနှစ်သက်
တာ ။ သူကိုအေးချမ်းစွာ ဥပက္ခာပြုလိုက်တာ အကောင်းဆုံးပါ ။ ဒီလိုမှ မဟုတ်ဘဲ
ကိုယ်မနှစ်သက်သူအကြောင်းတွေကို အချိန်ပြည့် လိုက်ပြီးလေ့လာနေမိပြီဆို သေချပါ
တယ် ။ ထိုသူကို မသိစိတ်ထဲက တိတ်တဆိတ် အထင်ကြီးနေမိပါပြီ ။

၆.၇.၂၀၁၄ ( တနင်္ဂနွေနေ့ )
ခိုင်လေး ( ရွှေတောင် )




ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၆ )

လူတွေမှာ တခါတရံ စိတ်လေတဲ့ အလေ့အထလေးတွေ ရှိတတ်ပါတယ် ။
ဒီလို အချိန်တွေမှာ မိန်းကလေးနဲ့ ယောကျာင်္း နှိုင်းယှဉ်မယ်ဆိုလျှင် မိန်းကလေး
များက ပိုပြီး စိတ်ဓာတ်ကျလွယ်တတ်ပါတယ် ။ဒီအတွက် အရမ်းကို
သတိထားရပါမယ် ။ ဘာကြောင့်လည်းဆိုရင် မိန်းကလေးတစ်ယောက်
စိတ်လေနေချိန်သည် အန္တာရယ်အများဆုံး အချိန်ဖြစ်နေလို့ပါပဲ ။ ထိုအချိန်မှာ အတွေးခေါ် ရွေးချယ်မှု့တွေ အများကြီး မှားသွားနိုင်တယ် ။ အကောင်းဆုံး
လုပ်သင့်တာကတော့ ဒီလိုအချိန်တွေမှာ မိမိကို လမ်းတည့်ပေးနိုင်သူတွေနဲ့
အတူရှိနေဖို့ အထူးလိုအပ်ပါတယ် ။

၇.၇.၂၀၁၄ ( တနလာင်္နေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၇ )

သူငယ်ချင်းတစ်ယောက် ညက သူ့အမျိုးသားနဲ့ စကားများပြီး အိမ်ပေါ်ကနေ
ဆင်းသွားတယ်လို့ သတင်းကြားလိုက်ရတယ် ။ အိပ်ခါနီးထိ ထိုအကြောင်းအရာက
ကျွန်မခေါင်းထဲကို စိုးမိုးနေရာယူနေခဲ့တယ် ။ အိမ်ပေါ်ကဆင်းတယ်ဆိုတဲ့ အလုပ်ကို
မိန်းကလေးတွေ လုပ်ရမယ့် အလုပ်ဟု ဘယ်တုန်းကမှ လက်မခံချင်ခဲ့ဘူး ။ ဘာလို့လဲဆိုရင်
မိန်းကလေး ဖြစ်နေလို့ပါပဲ ။ တွေးကြည့်လိုက်ကြရအောင်  ။ လင်မယားရန်ဖြစ်လို့ အိမ်
ပေါ်ကနေဆင်းတယ် ။ ဟုတ်ပြီ ။ ကိုယ်က စိတ်ဆိုးပြေနေပြီ ။ ဒါပေမဲ့ အမျိုးသား ဖြစ်သူ
က လိုက်မခေါ်သေးဘူး ဆိုပါစို့ ။ ကဲ ဘယ်လို အိမ်ပေါ်ကို ပြန်တက်မလဲ ။ တကယ်တော့
အိမ်ပေါ်က ဆင်းတဲ့ အလုပ်ဆိုတာ မိန်းကလေးတွေ လုံးဝမလုပ်သင့်တဲ့ အလုပ်တစ်ခုပါ။
အပြီးတိုင်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ရှိနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော် ။ ဒီလိုမှ မဟုတ်ဘဲ
ခဏတာ စိတ်ဆိုးစိတ်ကောက်ပြီး အိမ်ပေါ်ကဆင်းမယ်ဆိုရင်တော့ လုံးဝမလုပ်သင့်ဘူးလို့
ထင်မိပါတယ် ။ ဆင်းချင်း ဆင်း ယောက်ျားလေးက ဆင်းတယ်ဆိုတာ လူကြားလို့လည်း
ကောင်းပါတယ် ။ ယောက်ျားလေးဆိုတာ ဆင်းပြီး သူဘာသူစိတ်ပြေရင်လည်း အချိန်မရွေး
ပြန်တက်လာလို့ရတယ် ။ မိန်းကလေးတွေဆိုတာက ကိုယ်အိနြေ္ဒနဲ့ ကိုယ်ဆိုတော့ ယောက်ျား
ဖြစ်သူ ပြန်မခေါ်မချင်း စောင့်နေပေတော့ပဲလေ ။ ဒီတော့ အစောထဲက မပြတ်နိုင်မယ့်
အတူတူ ဘယ်ကိုမှ မဆင်းသွားတာဘဲ ကောင်းတယ်လို့ ဆင်ခြင်တွေးတောမိပါတယ် ။

၈.၇.၂၀၁၄ ( အင်္ဂါနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၈ )

တခါတခါ လောကကြီးကို အရွဲ့တိုက်ချင်တယ် ။
အဲဒီအချိန်မှာ ဦးနှောက်က တံခါးလာခေါက်တယ် ။
ဦးနှောက်ကြီးက ပြောတယ် ။*  လောကကြီးကို အရွဲ့တိုက်တော့
မင်းဘာဖြစ်လာမလဲ ။ လောကကြီးကကော ဘာဖြစ်သွားမလဲ ။
သေချာ ပြန်တွေးစမ်း ။ အေးလောကကြီးက အေးဆေးပဲ ။ ဖြစ်သွား
မှာက မင်း ။ အရွဲ့တိုက်ခြင်းက ပေးလာမဲ့ ကောင်းကျိုး ၊ ဆိုးကျိုး အားလုံး
မင်းပဲ ခံစားရမှာ ။ လို့ပြောပြီး ဦးနှောက်ကြီး ပြန်ထွက်သွားတယ် ။


၁၆.၇.၂၀၁၄ ( ဗုဒ္မဟူးနေ့ )
ခိုင်လေး ( ရွှေတောင် )

ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၉ )

ညက တစ်ခုတွေးမိပြန်တယ် ။ လူတွေဟာ ကိုယ်ရောက်နေတဲ့ နေရာအတွက်
ပဲ ကြည့်ကြပါလားလို့ ။ တကယ်တော့ အောင်မြင်တဲ့သူတွေကလည်း မအောင်
မြင်သေးတဲ့သူတွေကို ငါတို့မအောင်မြင်သေးခင်ကဆိုတဲ့ စာနာမှု့အတွေးမျိုးလေး
တွေနဲ့ စာနာ စိတ်ရှိပေးသင့်တယ် ။ ဖေးမကူညီ သင့်ပါတယ် ။

မအောင်မြင်သေးသူတွေအနေနဲ့လည်း အောင်မြင်နေသူတွေရဲ့  စေတနာ
လမ်းပြမှု့ကို နားလည်ဖို့လိုအပ်တယ် ။ အကောင်းပြောမှ သဘောကျတာမျိုး မဖြစ်သင့်
ဘူး ။ မှားနေလို့ ထောက်ပြတာမျိုးဆို လက်ခံသင့်တယ် ။ ဒီလိုမဟုတ်ဘဲ ဆရာလုပ်တယ်။
တမင်အပြစ်ရှာနေတယ်ဆိုတာမျိုးတွေချည်း တွေးနေမယ်ဆို အမုန်းတရားတွေဘဲ ကြီးစိုး
နေပါလိမ့်မယ် ။ ဒီတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်နေရာ သူ့နေရာ ကိုယ်ချင်းစာပြီး စာနာစိတ်လေးတွေနဲ့ တွေးပေးကြမယ်ဆို အက်မတန် မင်္ဂလာရှိပါလိမ့်မယ်  ။ ကိုယ်အတွက်တစ်ခုတည်း မကြည့်မိကြပါစေနဲ့လို့ ဆုတောင်းပေးနေမိပါတယ် ။

၂၀ .၇.၂၀၁၄ ( တနင်္ဂနွေနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၀ )

ချမ်းသာအောင် ဘယ်လို လုပ်ကြမလဲ ။
အသိ ရှိရမယ် ။ အသိရှိသူဟာ အသိရှိသလောက် ချမ်းသာပါတယ် ။
ဒါကြောင့် အသိရှိအောင် လုပ်ရမယ် ။ အသိရှိလာရင်  ရှိလာတဲ့ အသိအတိုင်း
လုပ်ဆောင်တတ်ရမယ် ။

************************

အသက်ကြီးလို့ လူကြီးဖြစ်လာတယ် ဆိုတာထက်
အသက်ကော အသိပညာပါ ကြီးလို့ လူကြီးဖြစ်လာသူတွေ ပိုများပါစေ ။

၂၃ . ၇ .၂၀၁၄ ( ဗုဒ္မဟူးနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၁ )

လူတွေဟာ တခါတရံ သိတာ ၊ တတ်တာတွေများပြီး အတွေးများ လမ်းချော်သွားတတ်ကြပါသည် ။ သူတစ်ပါးအကြောင်းအား စိတ်မ၀င်စားပါဘူး ။ သူတစ်ပါးအောင်မြင်ခြင်း ၊ ရှုံးနိမ့်ခြင်းများလည်း လုံးဝစိတ်မ၀င်စားပါဘူးဟု ပါးစပ်ဖျားမှ တဖွဖွ ပြောဆိုနေရင်းကပင် ကိုယ်၏အပြောအဆို အပြုမူ အရေးသားများသည် ကိုယ်၏အတွင်းစိတ်၌ရှိနေသော မနာလိုခြင်း မစ္ဆရိယစိတ်များအား လူအများသိအောင် ဖွင့်ချပြလိုက်သလိုဖြစ်သွားတတ်ကြပါသည် ။

၂၄ . ၇ .၂၀၁၄ ( ကြသာပတေးနေ့ )
ခိုင်လေး ( ရွှေတောင် )
ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၂ )

ကိုယ့်ဘ၀ပန်းချီကားချပ်တွေကို ဆေးချယ်လို့မပြီးခင်
တစ်ပါးသူရဲ့ဘ၀ပန်းချီတွေကို ဆေးကူချင်ကြတယ် ။
အကူမတတ်တော့ နှောင့်ယှက်သလို ဖြစ်ကြရပြန်တယ် ။

၂၅ . ၇ .၂၀၁၄ ( သောကြာနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၃ )

လူအများစုသည် စိတ်၏ခိုင်းစေမှု့အတိုင်း လိုက်ပါဆောင်ရွက်တတ်ကြသည် ။
ထိုအခါ၌ အမှားများအား ဆက်တိုက်ဆိုသကဲ့သို့ ကျူးလွန်မိတတ်ကြပါသည် ။

စိတ်၏ ခိုင်းစေမှု့အတိုင်း လိုက်ပါဆောင်ရွက်ခြင်းထက် လူ၏ စေခိုင်းမှု့အတိုင်း
စိတ်မှ လိုက်ပါ ဆောင်ရွက်တတ်ဖို့ ပို၍အရေးကြီးပေသည် ။

၂၇ . ၇ .၂၀၁၄ (တနင်္ဂနွေနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၄ )

လူတွေဟာ ကိုယ့်ကိုယ်ကိုတော့ အမှန်ချည်း ထင်မြင်ယူဆတတ်ကြပါတယ် ။
လောကကြီးမှာ ရှိနေကြတဲ့ လူသားတိုင်း အမှားကင်းသူရယ်လို့ မရှိနိုင်ပါဘူး။
ကိုယ့်အမှားကိုကြ ဖော့တွေးတတ်ကြပြီး သူတပါးအမှားတွေကိုတော့ အကြီး
အကျယ်ဝေဖန်တိုက်ခိုက်တတ်ကြပြန်တယ် ။ တစ်ခုတော့ ရှိတာပေါ့နော် ။
လူမှု့ပတ်ဝန်းကျင်တစ်ခုလုံးကို အရုပ်ဆိုးစေတဲ့ အမှားမျိုးကျူးလွန်နေသူတွေ
ကတော့ ဆိုးလွန်းတာပေါ့ ။ သာမာန်အားဖြင့် အမှားဆိုတာ လူတိုင်း မကင်း
သောအရာတစ်ခုပါ ။ လူမှန်ရင် မှားတတ်ကြပါတယ်။ လူတိုင်းမှာ တကြိမ်တခါတော့
အမှားပြင်ဆင်ခွင့် ရှိသင့်တယ်လေ ။ အမှားတွေကို ကျူးလွန်လိုက် ခွင့်လွှတ်ဖို့တောင်းဆို
လိုက်နဲ့ အမှားနွံထဲကနေရုန်းမထွက်နိုင်ဆိုတာမျိုးတော့လည်း မဖြစ်သင့်ဘူးပေါ့နော်။
ကိုယ့်အမှားကို မှားမှန်းသိမြင်သွားပြီး အမှန်တကယ် ပြုပြင်ချင်တဲ့သူတွေကိုတော့
လက်ကမ်းကြိုဆိုသင့်ပါတယ် ။ အမှားဆိုတာ နာမည်ဆိုးပေမယ့် ယူတတ်မယ်ဆို
ကောင်းတာတွေလည်း ရှိနေပါတယ် ။ အမှားတွေထဲကနေ သင်ခန်းစာတွေရမယ် ။
ရလာတဲ့ သင်ခန်းစာတွေကို အသုံးချပြီး ဘ၀ကို အားအင်အပြည့်နဲ့ ကြိုးစားနိုင်မယ် ။
မှားနေသူတစ်ယောက်အပေါ် လက်ညှိုးထိုးပြောဆိုနေမယ့်အစား တကြမ်တခါလောက်
အမှားပြင်ဆင်ခွင့်ပေးလိုက်ပါ ။ နားလည်ပေးကြည့်လိုက်ပါ ။အမှားတွေကို သိသိနဲ့ ဆက်တိုက်
ကျူးလွန်နေသူတွေကိုတော့ မဆိုလိုပါ ။ လူတိုင်းလူတိုင်း အမှားကိုသိ၍ အမှန်ပြင်နိုင်ကြပါစေ။

၃၁ . ၇ . ၂၀၁၄ (ကြာသာပတေးနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၅ )

ရေနစ်သူ ၀ါးကူထိုးသလို မဖြစ်ရလေအောင်

ညကအိပ်ခါနီး ခေါင်းထဲကို ဟိုးငယ်ငယ်က အကြောင်းလေးတွေ အတွေးထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ် ။ ကျွန်မတို့ ဆယ်တန်းကျောင်းသူ ဘ၀အချိန်လေးတွေကပေါ့ ။ ဒီတုန်းက ကိုယ်စာသင်ရမယ့် အခန်းတွေကို အမှတ်တွေ အဆင့်တွေနဲ့ ခွဲခြားပြီးနေခဲ့ရဘူးတယ် ။ အမှတ်အများဆုံးတွေကို A ခန်းမှာ ထားတယ် ။ အဆင့်လိုက် အခန်းတွေကို နေရာချသွားတယ် ။ နောက် အဆင့်အလိုက် ထိုင်ခုံတွေကို ထိုင်ရတာမျိုးလည်း ကြုံခဲ့ဘူးတယ် ။ ကလေးဘ၀က မစဉ်းစားမိပေမဲ့ ခုချိန်မှာ ကျွန်မတွေးတတ်လာတယ် ။ ဒါတွေဟာ ရေနစ်သူ ၀ါးကူထိုးသလို ဖြစ်နေသလားလို့ ။ တွေးကြည့်ပါ ။ စာမတော်ရင် နောက်ဆုံးမှာထိုင်ရမယ် ။ နောက်ဆုံးထိုင်ပြီဆိုကတည်းက ဒီကလေးတွေဟာ ဆရာ ၊ ဆရာမတွေနဲ့ အတော်လေး အလှမ်းဝေးနေပါပြီ ။ စာမတော်ပါဘူးဆိုမှ ဆရာ ဆရာမတွေနဲ့ ပိုပြီးအနီးကပ်ရှိနေသင့်တယ်မလား ။ ခုတော့ စာညံ့လို့ နောက်တန်းတွေမှာ ထိုင်ရမယ်ဆိုတဲ့ ကိစ္စမျိုးဟာ ရေနစ်သူ ၀ါးကူထိုးသလိုများ ဖြစ်နေသလားလို့တွေးမိတယ် ။ ကျွန်မဆယ်တန်းနှစ်က ရွှေတောင်ကျောင်းမှာ မဟုတ်ပါဘူး ။ ကျွန်မရန်ကုန်မှာ တက်ရပါတယ် ။ ကျောင်းကို စတင်ရောက်တော့ အမှတ်အလိုက် အခန်းတွေကို စီတယ်ဆိုတာ သိရတယ် ။ တကယ့်စာသင်ကောင်းတဲ့ ဆရာမတွေက A B C လိုအခန်းမျိုးတွေကိုပဲ သင်ကြတယ် ။ နောက်ဆုံး E F လိုအခန်းမျိုးတွေကို လာမသင်ပေးကြဘူး ။ ဒီတော့ တော်ပြီးတားသူတွေအတွက်က တော်ပြီးရင်းတော်သလို ညံ့တဲ့သူတွေအတွက်ကလည်း ပိုပြီးညံ့ကုန်ကြတယ် ။ တခါတလေမှာ သေချာ မတွေးမိဘဲ အမှတ်တမဲ့ ပြုမူဆောင်ရွက်လိုက်သော ကိစ္စရပ်တွေဟာ ရှိနေတဲ့ အခြေနေတစ်ခုကို ကောင်းသွားစေဖို့ထက် ပိုဆိုးသွားစေတယ်ဆိုတာလေးကို ညကသေချာတွေးမိလိုက်ရပါတယ် ။


ကျောင်းတိုင်းကို မဆိုလိုပါ ။ ကျွန်မကြုံခဲ့ရသော ကျောင်းများကိုတာ ဆိုလိုပါ၏ ။
၃၀ . ၇ . ၂၀၁၄ ( ဗုဒ္မဟူးနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၆ )



လူဆိုတာ စိတ်ရဲ့ ကျွန်ဘယ်တော့မှ မဖြစ်စေနဲ့ ။
စိတ်ရဲ့သခင်ဖြစ်အောင်ပဲ ကြိုးစားရမယ် ။
ဖေဖေ့ဆုံးမစကားလေးပါ ။

၁ . ၈ . ၂၀၁၄ ( သောကြာနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၇ )
ကျွန်မတို့ ပိုင်ဆိုင်ထားရတဲ့ ဘ၀ဆိုတာ အချိန်သိပ်တိုပါတယ် ။
တိုတောင်းလွန်းတဲ့ အချိန်တိုလေးအတွင်း အတိုက်အခိုက်တွေ
မနာလိုမုန်းတီးခြင်းတွေနဲ့ အချိန်တွေကို ကုန်ဆုံးနေတာ နှမြော
စရာကောင်းပါတယ် ။ ကျွန်မအပေါ် ဘယ်လောက်ဆိုးခဲ့သူဖြစ်
ပါစေ ခွင့်လွှတ်ချိန်တန်ရင် ခွင့်လွှတ်ပေးလိုက်တာပါပဲ ။ လူတွေ
ကို မုန်းနေ နာကြည်းနေရတဲ့ အချိန်တွေကို နှမြောမိလို့ပါ ။ ကိုယ်
ဘ၀တန်ဖိုးရှိအချိန်တွေကို အကျိုးရှိတာတွေနဲ့ပဲ ကုန်ဆုံးချင်မိ
တယ် ။

၃ . ၈ . ၂၀၁၄ ( တနင်္ဂနွေနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၈ )

ကျွန်မဘ၀ထဲကို တဖြည်းဖြည်း တိုးဝင်လာတဲ့ ချည်နှောင်ခြင်းတွေထဲ
အတ္တချည်နှောင်ခြင်းတွေ ပါဝင်နေခဲ့မယ်ဆို ခုချိန်ကတည်း ကဖြတ်တောက်
ပစ်မယ် ။ အတ္တချည်နှောင်ခြင်းတွေနဲ့ တတ်နိုင်သမျှဝေးချင်လို့ပါ ။

၎ . ၈ . ၂၀၁၄ ( တနလာင်္နေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၁၉ )

ဘ၀ခရီးရှည်ကြီးကို တစ်ရွေ့ရွေ့ခရီးနှင်နေတဲ့ ငါခြေထောက်တွေ
ခြေထိုးခံကြသူတွေကြောင့် လဲကျခဲ့ရဘူးတယ်။ လဲကျခြင်းကပေးတဲ့
နာကျင်မှု့တွေကိုခံစားငိုကျွေးနေဖို့ထက် လူးလဲထဖို့ပဲ ငါစိတ်ဝင်စားခဲ့တယ် ။

၅ . ၈ . ၂၀၁၄ ( အင်္ဂါနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၀ )

တောင်းပန်တယ်ဆိုတဲ့ဓလေ့ကို အတတ်နိုင်ဆုံး ဖျောက်စေချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကျွန်မတို့ အသက်ရွယ်က ခဏခဏ တောင်းပန်ရမဲ့ အရွယ်တွေ မဟုတ်တော့ဘူးလေ........အမှားတွေ ကင်းလေ တောင်းပန်ခြင်းတွေ ကင်းလာမှာပဲ ။ ( အသက် ၃၀ ကျော်များအတွက် )
၇ . ၈ .၂၀၁၄ ( ကြာသာပတေးနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၁ )

အခက်အခဲတွေ့ရင် ရင်ဆိုင်ပြစ်လိုက်ခြင်းဟာ အကောင်းဆုံးပါပဲ ။
တခါတည်းနဲ့ ပြီးသွားအောင်လို့ပါ ။ သူကို ရှောင်နေရင် ကိုယ်နောက်
တစ်ကောက်ကောက် လျှောက်လိုက်နေတတ်ပါ၏ 

၈ . ၈ .၂၀၁၄ ( သောကြာနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၂ )


လူတွေဟာ ဘ၀ထဲမှာရှိနေတဲ့ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ကြတယ် ။
ပြိုင်ပွဲဆိုကတည်းက အနိုင်ရှိမယ် ။ အရှုံးရှိမယ် ။ နိုင်ရင်ပျော်ရွင်ကြသလို ၊
ရှုံးနိမ့်ခဲ့ရင် ကြေကွဲခံစားကြတယ် ။ ဒီထက်ခံစားချက်ပြင်းထန်ရင် ရှုံးမဲ မဲတတ်ကြ
ပြန်တယ် ။ တကယ်တော့ ပြိုင်ပွဲဆိုတာ ဘ၀ကြီးတစ်ခုမဟုတ်ပါဘူး ။ အတွေ့ကြုံ
တစ်ခုပါပဲ ။ အရေးကြီးတာက ဘ၀ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးပန်းဝင်ချိန် သေခြင်းတရား
မှာ အကောင်းဆုံးလုပ်ဆောင်ချက်တွေနဲ့ သေနိုင်ဖို့ ပန်းဝင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။


၁၁ . ၈ . ၂၀၁၄ ( တနလာင်္နေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၃ )
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမဲ့ တည်ငြိမ်ဖို့တော့ လိုအပ်တယ် ။
ဟန်ဆောင်ခြင်းနဲ့ တည်ငြိမ်ခြင်းဟာ တူမလိုနဲ့ အတော်လေးကွာခြားတဲ့ အမူယာတွေပါ ။

၁၁ . ၈ . ၂၀၁၄ ( တနလာင်္နေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၄ )

ကောင်းတာတွေ ဘယ်လောက်ပဲ လုပ်နေလုပ်နေ ကိုယ့်အပေါ် အကောင်းမြင်သူ
အဆိုးမြင်သူဆိုတာတော့ ရှိကြစမြဲပါပဲ ။ အရေးကြီးတာက ဒါတွေကို လိုက်ရှင်းပြနေ
မယ့်အစား ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ဆက်ပြီး စေတနာထားကာ  အကောင်းဆုံး လုပ်ဆောင်နေဖို့ပဲ လိုအပ်ပါတယ် ။


၁၁ . ၈ . ၂၀၁၄ ( တနလာင်္နေ့ )
ခိုင်လေး ( ရွှေတောင် )

ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၅  )


ရောင့်ရဲခြင်းနှင့် သည်းခံခြင်းကို ပျော့ညံ့ခြင်းလို့ လူတွေက ထင်တတ်ကြတယ် ။
တကယ်တော့ မဟုတ်ပါဘူး ။

ရောင့်ရဲခြင်းဆိုတာ မိမိအရည်ချင်းနဲ့ ရသင့်ရထိုက်လို့ ပိုင်ဆိုင်ထားရတာလေးတွေ
အပေါ် ကျေနပ်နေတတ်ခြင်းကို ခေါ်တာပါ ။ အလိုကြီးခြင်းတွေကို ထိန်းချုပ်နိုင်တာကို
ခေါ်ဆိုခြင်းမျိုးပါ 

သည်းခံခြင်းဆိုတာကလည်း လူတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုလေ ။ သည်းခံခြင်းဟာ
အောင်နိုင်ခြင်းတစ်ခုဖြစ်နေတာကို လူတွေသေချာ မသိကြလို့ပါ ။ သည်းခံလိုက်ခြင်း ကနေ မြင့်မြတ်တဲ့ အောင်မြင်ခြင်းတွေကို ရရှိပိုင်ဆိုင်လိုက်ရတာတွေ အများကြီးပါ။

၁၂ . ၈ . ၂၀၁၄ ( အဂါင်္နေ့ )

ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၆  )

လူတစ်ယောက်ဟာ ငွေတစ်ရာရှာနိုင်ပြီး တစ်ထောင်ဖိုးလောက် သုံးချင်နေသမျှ
ဘယ်သောအခါမှ စိတ်ချမ်းသာရမှာ  မဟုတ်ပါဘူး ။တစ်ချို့သောသူတွေ ရှိတတ်ကြ
ပါ၏ ။ ကိုယ်ဝင်ငွေထက် ကျော်လွန်သော အသုံးဆောင်ပစ္စည်းများကို သုံးချင်ကိုင်ချင်
တတ်ကြ၏ ။မကိုင်နိုင်တဲ့အခါမှာ အားငယ်ခြင်း စိတ်ဆင်းရဲခြင်းတွေကို ခံစားနေတတ်ကြ
ပြန်တယ် ။တကယ်တော့ ကိုယ်ဝင်ငွေနဲ့ မမျှတဲ့ အသုံးဆောင်တွေကို မသုံးရတာ
စိတ်ဆင်းရဲစရာ အားငယ်စရာ စိတ်ပျက်စရာ ဘာအကြောင်းမှ မရှိပါဘူး ။ ကိုယ်ဝင်ငွေနဲ့ ကိုက်ညီမှုမရှိတဲ့ အသုံးဆောင်တွေကို ချေးငှားဝယ်ယူမိခြင်းကသာ ရှက်စရာ ၊ သိမ်ငယ်စရာ ၊
စိတ်ပင်ပမ်းစရာ တွေဖြစ်စေမှာပါ ။

၁၉ . ၈ . ၂၀၁၄ ( အဂါင်္နေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၇  )

တခါတလေမှာ လူတွေဟာ ပေးတာထက်ပိုလိုချင်တတ်ကြတယ် ။
ပေးတာထက်ပိုလိုချင်နေသမျှ စိတ်ဆင်းရဲ ပင်ပမ်းခြင်းတွေကို ခံစား
နေကြရအုံးမှာပါပဲ ။

၂၀ . ၈ . ၂၀၁၄( ဗုဒ္မဟူးနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၈  )

အလွယ်ကူဆုံးစကားက * ကတိပေးပါတယ် * ဆိုတဲ့ စကားလုံး ငါးလုံး ။
အခက်ခဲဆုံးအလုပ်က ပေးထားတဲ့ ကတိကို တည်နိုင်ဖို့ကြိုးစားရခြင်းပဲ ။
ကတိတစ်ခုကို လွယ်လွယ်ပေးပြီး လွယ်လွယ်ဖောက်ဖျက်နေသူတွေ
များလာတဲ့ လောကကြီးထဲ ကတိပေးစကားတွေ လွယ်ကူလာသလို
ကတိတည်ဖို့ကြိုးစားခြင်းက ခက်ခဲလာလေပါပဲ ။

၂၄ . ၈ . ၂၀၁၄ ( တနင်္ဂနွေနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၂၉  )


ကိစ္စတစ်ခုကို ရေတိုတာ ကြည့်တတ်သူသည်
ပြည့်စုံတဲ့အောင်မြင်ခြင်းတွေနဲ့ အလှမ်းဝေးနေ
အုံးမည်သာ ဖြစ်သည် ။

၂၈ . ၈ .၂၀၁၄ ( ကြာသာပတေးနေ့ )
ခိုင်လေး ( ရွှေတောင် )


ဒုတိယ ခြေလှမ်း - အမှတ်စဉ် = ( ၃၀  )


မကောင်းမှု့များကိုသာ ပျော်မွေ့နေသော အရပ်
အမှားများကိုသာ အမှန်ထင်နေသော အရပ်၌
အမှန်တရားကို ချပြသူ ။ ကောင်းစေချင်၍ လမ်းပြ
သူတို့အား ရန်သူ ဟုသာသတ်မှတ်ကြလေသည် ။

၂၈ . ၈ .၂၀၁၄ ( ကြာသာပတေးနေ့ )
ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment