သားသမီးချင်း
ကိုယ်ချင်းစာတတ်ကြပါစေ
ရေးသားသူ
= ခိုင်လေး ( ရွှေတောင် )
အလုပ်ကနေ ပြန်လာပြီး
facebook ဖွင့်လိုက်ချိန်မှာ ကော်မန့်လေးတစ်ခုကို ဖတ်လိုက်ရတယ် ။ သူများတင်ထားတဲ့ status
တစ်ခုအောက်မှာ ရေးထားတဲ့ ကော်မန့်လေးတစ်ခုပါ ။ ဒီကော်မန့်လေးကို ဖတ်မိရာကနေ အတွေးလေးတွေ ခေါင်းထဲကို ၀င်ရောက်လာခဲ့တယ်
။ ရေးထားတဲ့ ကော်မန့်လေးကတော့ * မိဘဆိုတာ
ဘာကြီးဖြစ်နေဖြစ်နေ အမေဟာ အမေ အဖေဟာ အဖေပါပဲ *
တဲ့ ။ ဟုတ်ပါတယ် ။ သားသမီးတွေကို ဆုံးမတဲ့နေရာမှာ သုံးရင်တော့ ဒီစကားဟာ မှန်ကန်သင့်လျော်ပါတယ် ။ ဖြစ်လည်း ဖြစ်သင့်ပါတယ် ။ ဒါပေမယ့် မိဘတွေအနေနဲ့ကတော့ ဒီစကားကိုခုတုံးလုပ်အသုံးချသလို မဖြစ်ဖို့ အလွန် အရေးကြီးပါတယ် ။ ကျွန်မ စာကို နားရှုပ်သွားပြီထင်ပါတယ် ။ ဒီလိုပါ ။ ကျွန်မခုပြောပြချင်တဲ့ အကြောင်းအရာတွေအားလုံးက မိဘတွေကိုစော်ကားဖို့ အပြစ်တင်ဖို့ မဟုတ်ပါဘူး ။ သားသမီးတွေအတွက် မိဘတွေ ဆင်ခြင်နေထိုင်သင့်တာလေးတွေကို ပြောပြချင်တာပါ ။

မိဘတွေအနေနဲ့ ငါမိဘပဲ
။ငါဘာတွေလုပ်နေလုပ်နေ ငါ့သားသမီးတွေက ငါကိုရိုသေမှာပါ ။ ချစ်နေမှာပဲဆိုတဲ့ စိတ်နဲ့ ထင်ရာစိုင်းနေမိရင်တော့
မိဘဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ရှိမနေသင့်ဘူးလို့ ထင်မိပါတယ် ။ သားသမီးတွေကို
ဝမ်းဝအောင်ကျွေး ၊ ခါးလှအောင်ဆင်နေယုံနဲ့ မိဘလို့ မမည်နိုင်ပါဘူး ။
သားသမီးတွေရဲ့ အနာဂတ် လှပဖို့ ၊ သူတို့လေးတွေ သိက္ခာရှိရှိ ရပ်တည်နိုင်
ဖို့ ကျွန်မတို့မိဘတွေရဲ့ အရိပ်တွေဟာ အေးမြဖို့ လိုအပ်သလို ၊ စင်ကြယ်ဖို့လည်း လိုအပ်ပါတယ် ။ ဘာလို့ ဒီလိုတွေ ပြောနေရတာလဲဆိုရင် ခုလက်ရှိ ကျွန်မနေထိုင်ရာ မလေးရှားနိုင်ငံမှာဆိုရင် အိမ်ထောင်ရှိခြင်း ၊ မရှိခြင်း ၊ အသက်ကြီးခြင်း မကြီးခြင်း ဆိုတာတွေကို ထည့်တွက်မစဉ်းစားတော့ပဲ မိန်းမဖြစ်ရင်ပြီးရော ၊ ယောက်ျားဖြစ်ရင် ပြီးရောဆိုတဲ့ သူတွေအများကြီးအပြား တွေ့မြင်လာရပါတယ် ။ မလေးရှားရောက်နေသူ အားလုံးကို မဆိုးလိုပါဘူး ။ ကျွန်မပြောခဲ့သလို ဖြစ်နေတဲ့သူတွေကိုတာ ရည်ရွယ်ဆိုလိုပါတယ် ။

မြန်မာပြည်မှာ
မိသားစုကျန်နေခဲ့ကြတယ် ။ ဒီရောက်တော့ အပျိုကြီး လူပျိုကြီး ပုံစံနဲ့ ကျန်နေခဲ့တဲ့
မိသားစုတွေကို ခတ္တခဏမေ့ထားကြပါတယ် ။ အဆိုးဆုံးကတော့ အမေအရွယ်လောက်ရှိနေတဲ့ အသက်ခပ်ကြီးကြီး
အမျိုးသမီးတွေဟာ ကိုယ့်သားလောက်သာသာ ကောင်လေးတွေနဲ့ စိတ်ပျော်ရွင်ရာကို လိုက်ကာ
အတူတူနေထိုင် နေကြတဲ့ မြင်ကွင်းတွေပါပဲ ။ ဒီဖြစ်ရပ်တွေ တကယ်ရှိမရှိဆိုတာ
မလေးရှားမှာ လက်ရှိနေထိုင်သူတိုင်း သိနေတဲ့အကြောင်းအရာ အမှန်တရားတစ်ခုပါ ။ ဒီလိုတွဲလို့
တူတူနေလို့ ရှက်ရမှန်းလည်းမသိ ။ ဒါတွေကို ဂုဏ်ယူစွာ ဖော်ထုတ်ကြွားဝါနေတဲ့ သူတွေတောင်
ရှိနေပါသေးတယ် ။ ဒီလို စုံတွဲတွေကိုတွေ့တိုင်း ကျွန်မခေါင်းထဲကို အတွေးတစ်ခု
အမြဲဝင်ရောက်လာတတ်တယ် ။ အဲဒါဘာလည်း ဆိုတော့
အသက်ကြီးကြီးအမျိုးသမီးတွေဟာ သူတို့တွဲနေတဲ့
ကောင်လေးတွေရဲ့ နေရာမှာ သူတို့ရဲ့ ရင်သွေးငယ် သူတို့သားလေးတွေ ဖြစ်နေခဲ့မယ်ဆိုရင်
မိဘတစ်ယောက်ရဲ့နေရာကနေ သူတို့ ဘယ်လိုနေကြမလဲ ။
ဘယ်လိုတွေ ခံစားနာကျင်ကြမလဲ ။ သူတို့ တွေးမကြည့်ကြဘူးလား ။
ငါ့သားလေးသာ ငါ့လိုအိမ်ထောင်လည်းရှိနေမယ်
။ငါ့လို အသက်ကလည်းကြီးမယ် ။ အရွယ်ကွာဟမှု တွေလည်း ရှိနေမယ့် အမျိုးသမီးတစ်ဦးနဲ့
ချစ်ကြိုက်ကာ အတူတကွ နေထိုင်နေကြမယ်ဆိုခဲ့ရင် ဘယ်လိုခံစားကြရမလဲ ။ ကံတရားလို့
သတ်မှတ်တွေးပေးနိုင်ပါ့မလား ။ သေချာပါတယ် ။ အနာပေါ် တုတ်ကျသလို နာကြပါလိမ့်မယ် ။ ဒီတော့
သူများသားသမီးကိုလည်း ကိုယ်သားသမီးလို သဘောထားမျိုး ထားပြီး တွေးပေးသင့်ပါတယ် ။
စာနာပေးသင့်ပါတယ် ။ ငယ်သူတွေက ငယ်ရွယ်တဲ့စိတ်နဲ့ ချဉ်းကပ်လာခဲ့ရင်တောင် ကိုယ်အသက်အရွယ်
၊ ကျန်နေခဲ့တဲ့ မိသားစုတွေရဲ့ မျက်နှာကို ထောက်ထားပြီး စိတ်အလိုကို မလိုက်ဘဲ
ဆင်ခြင်သင့်ပါတယ် ။
အမျိုးသမီးက
အသက်ကြီးကြီး ၊ အမျိုးသားက အသက်ငယ်ငယ်စုံတွဲတွေကို မလေးရှားမှာ တွေ့တိုင်း
ငါသားလေးသာ ဆိုတဲ့ အတွေးက အမြဲရောက်လာတတ်တယ် ။ ငါသားလေးသာဆို ငါရင်ကွဲပြီဆိုတဲ့
အတွေးကလည်း ထပ်ဆင့်ပါလာတတ်ပြန်တယ် ။ နတ်သျှင်ထောင်နဲ့ ဓာတုကလျာ ဆိုတာတွေ ကျွန်မ
မသိချင်ဘူး ။ ကျွန်မသိတာ မိခင်တစ်ယောက်ရဲ့ စိတ် ။ ငါသားလေး သာဆိုရင် ဆိုတဲ့အတွေး ။
တော်ယုံ လေး ငါးနှစ်လောက် ကွာနေတာမျိုးဆိုလည်း မပြောလိုပါဘူး ။ နောက်ဆုံး
အသက်ကွာတယ်ပဲ ထားပါအုံး အမျိုးသား အမျိုးသမီး နှစ်ဦးစလုံးက လွတ်လပ်သူ အပျို
လူပျိုဆိုရင်လည်း မပြောလိုပါဘူး ။ ခုဟာတွေက အသက်အရွယ်တွေက အမေနဲ့သားလောက် ။
လွတ်လွတ်လပ်လပ်တွေလား ဆိုတော့လည်း မဟုတ်ကြပြန်ဘူး
။ အိမ်ထောင်တွေရှိနေရက်နဲ့ ဖောက်ပြန်နေကြတာမျိုးပါ ။
နောက်တစ်ချက် ကိုယ်လုပ်လိုက်တဲ့
လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတိုင်းဟာ ကိုယ်သားသမီးတွေပေါ်မှာ တိုက်ရိုက်
အချိုးကျရိုက်ခတ်တတ်တယ်ဆိုတာကို မိဘဆိုတဲ့ လုသားတိုင်း သတိရှိစေချင်တယ် ။
ဆရာမကြီး လုပ်နေတာလဲ မဟုတ်ပါဘူး ။ မကြာခဏတွေ့နေရတဲ့ မြင်ကွင်းတွေကိုမတွေ့ချင် မမြင်ချင် မဖြစ်စေချင်တဲ့ စေတနာပါ ။ ငါမိဘ ပဲ ။ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ အတွေးမျိုး ကျွန်မတို့ မိဘတွေရဲ့ခေါင်းထဲမှာ လုံးဝ ရှိမနေသင့်ပါဘူး ။ကျွန်မအတွက်ကတော့ ကျွန်မကလေးတွေ စိတ်အားငယ်မှာ စိတ်ပျက်မှာကို သိပ်ဆိုးတယ် ။ သားနဲ့ သမီးဟာ ကျွန်မဘ၀ပါပဲ ။ သူတို့ရှေ့ဆက်ရမယ့် လမ်းတစ်လျှောက်လုံး အမေဆိုတာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ ရင်ခွင်တစ်ခု ။ လေးစားချစ်ခင်ရမယ့် လူတစ်ယောက် အဖြစ်ပဲ မြင်စေချင်တယ် ။ ဒီလိုမြင်ဖို့အတွက် အမိန့်တွေ အာဏာတွေသုံးပြီး မြင်တာထက် သူတို့စိတ်ထဲက အလိုအလျောက်ဖြစ်တည်လာတဲ့ လေးစားချစ်ခင်ခြင်းကိုပဲ ကျွန်မလိုချင်တယ် ။ ဒီအတွက် လုပ်ရပ်တိုင်းကိုသိက္ခာရှိရှိပဲ ဖြတ်သန်းခဲ့တယ် ။ မိဘတွေအပေါ် ကျွန်မဆိုးချင်ဆိုးခဲ့မယ် ။ ဒါပေမဲ့ သားနဲ့ သမီးအတွက်တော့ မိခင်ဆိုးတစ်ယောက် ဘယ်တော့မှာ အဖြစ်မခံနိုင်ပါဘူး ။

ခုရေးခဲ့တဲ့
အကြောင်းအရာလေးက မလေးရှားရောက် မြန်မာတို့ရဲ့ အခြေအနေ အစိတ်အပိုင်းလေးတစ်ခုပါ ။
ဒီစာလေးရဲ့ ပေးချင်တဲ့ massage က အိမ်ထောင်ရှိသူတွေ ဖောက်ပြန်ခြင်းကင်းစေချင်တယ် ။
အိမ်ထောင်ကျပြီးသူတိုင်းဟာ သားသမီးရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ
မိခင်စိတ်ရှိနေကြပါပြီ ။ မိခင်စိတ်ရှိနေသူတွေမို့ သားသမီးချင်း စာနာတွေးတတ်စေချင်တယ်
။ ကိုယ်အခွင့်ရေး ကိုယ်ပျော်ရွင်မှု့အတွက်
စိတ်ကြိုက်နေခွင့်လုပ်ခွင့်ရှိတယ်ဆိုသော်လည်း ကိုယ်ရဲ့ ပျော်ရွင်မှု့ဟာ
တပါးသူတွေကို အနှောင့်ယှက် မဖြစ်စေဖို့တော့ လိုအပ်ပြန်တယ် ။ လောကမှာ ကိုယ်လုပ်လို့
ကိုယ်တစ်ဦးတည်းခံရတယ်ဆိုတာ မရှိပါဘူး ။ မိသားစုဆိုတာ ရှိနေတဲ့ အတွက်
ကိုယ်တစ်မိသားစုလုံး ခံစားနာကျင်ကြရပါတယ် ။ ဒါကြောင့် သားသမီးချင်း ကိုယ်ချင်းစာ ပေးတတ်စေချင်တယ်
။ စီးပွားရေး အခြေနေအရသာ နိုင်ငံခြားရပ်ခြားမှာ မိမိတို့ရဲ့သားသမီးတွေကို ပို့ထားကြပေမယ့်
မိဘတွေရဲ့ ရင်ထဲမှာ အမြဲတမ်းပူပန် စိတ်မချဖြစ်နေကြရတာပါ ။
ဒီတော့သားသမီးချင်း စာနာပေးကြပါ
။ ဖောက်ပြန်ခြင်းတွေ ကင်းစေနိုင်ပါစေ။ မိဘတိုင်း မိဘတိုင်း သားသမီးတွေအတွက်
သိက္ခာရှိစွာ ရပ်တည်ပေးနိုင်ကြပါစေ ။ သားသမီးရှိသူတိုင်း သားသမီးချင်း စာနာတတ်ပါစေ လို့
ဆုတောင်းရင်း အဆုံးသတ်ချင်ပါတယ် ။ မည်သူတစ်စုံတစ်ယောက်ကိုမှ ထိခိုက်စော်ကားလိုခြင်းအလျဉ်းမရှိစွာ
စေတနာကိုသာ အရင်းခံ၍သာ ရေးသားလိုက်ရပါတော့၏ ။
No comments:
Post a Comment