Tuesday, August 26, 2014

၃၇ ။ အစားထိုးခြင်း



၃၇ ။ အစားထိုးခြင်း
ခိုင်လေး (ရွှေတောင်)
37.jpg
အစာထိုးခြင်းဆိုတဲ့ စကားစုလေးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ကြားနေရတတ်ပါတယ် ။ ဒါပေမယ့် လေးလေးနက်နက် မခံစားမိခဲ့သလို အတွေးထဲကိုလည်း မထည့်ခဲ့မိပါဘူး ။  လူတိုင်း ဘ၀မှာ တစ်ကြိမ်တစ်ခါတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံဖူးကြမယ်လို့ ထင်မြင်မိပါတယ် ။ ကိုယ်သိပ်မြတ်နိုးတဲ့ သက်ရှိသက်မဲ့ တစ်စုံတစ်ခုကို ဆုံးရှုးရတဲ့အခါတိုင်း ရင်နင့်အောင် ကြေကွဲခံစားရတတ်ကြတယ် ။ အဲဒီခံစားမှုလေးတွေကို အစာထိုး ဖြေသိမ့်ခြင်းဆိုတဲ့ အရာလေးဖြင့် အစားထိုး ခံစားတတ်ကြပါတယ် ။ အစားထိုးတယ်ဆိုတဲ့ အရာဟာ တကယ်အစစ်တစ်ခုလို ပြန်လည်ခံစားနိုင်ရဲ့လားလို့ ကျွန်မတွေးမိလာတယ် ။ အစားထိုးတယ်ဆိုကတည်းက အစစ်တော့ မဟုတနိုင်တော့ပါဘူး ။ ဘယ်လိုတွေ အစားထိုးပါစေ အစစ်လိုတော့ ခံစားလို့ရနိုင်မယ် မထင်မိဘူး ။ ကျွန်မအတွေးသက်သက်ပါ ။ မှန်ပါတယ်လို့ ကျွန်မ မဆိုလိုပါဘူး ။ လူတိုင်းမှာ မိမိတို့ အမြင်လေးကို လွတ်လပ်စွာ တင်ပြခွင့်တော့ ရှိမယ်လို့ ထင်ပါ၏။
ကျွန်မလည်း ကျွန်မအမြင်လေးကို ပြောကြည့်တဲ့ သဘောပါပဲ ။ ကိုယ်သိပ်ကို တန်ဖိုးထားမြတ်နိုးရတဲ့ သက်ရှိဖြစ်စေ ၊ သက်မဲ့ဖြစ်စေ  မိမိအနားမှာ ရှိနေစဉ်မှာ တန်ဖိုးထားတတ်ဖို့ အထူးလိုအပ်ပါတယ် ။ လူတော်တော်များများဟာ မိမိ မြတ်နိုးသော သက်ရှိသက်မဲ့တို့အား အနားမှာ ရှိနေစဉ် တန်ဖိုးထားဖို့အတွက် မေ့လျော့နေတတ်ကြပါတယ် ။ အဲဒီအရာတွေ မိမိဘေးကနေ ရုတ်တစ်ရက် ပျောက်ဆုံးသွားကြပြီဆိုမှ အရူးမူးတမ်းတ ကြပြန်တယ် ။ တမ်းတမှု့တွေများလာတော့ ဆင်တူယိုးမှားဆိုတာလေးတွေကို အစားထိုးမိကြတယ် ။ အစားထိုးခြင်းဆိုတဲ့ ခေါင်းစဉ်လေး တပ်ပြီး ခံစားမှုတွေကို ဖြေဖျောက်တတ်ကြပါတယ် ။ဒါပေမဲ့ အတုဟာ ဘယ်တော့မှ အစစ်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုဖြင့် မေ့လျော့နေတတ်ကြပြန်၏ ။ ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ နေရတဲ့ အချိန်ခဏလေးမှာ တန်ဖိုးထားရမယ့် အရာလေးတွေကို တန်ဖိုးထားကြခြင်းဖြင့် မိမိတို့ ဂုဏ်သိက္ခာတွေကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ အနားမှာ ရှိစဉ်တန်ဖိုးထားတတ်ခြင်းဖြင့် အစားထိုးမှုတွေ ကင်းဝေးကြပါစေ ။ အတုဟာ ဘယ်သောအခါမှ အစစ်ဖြစ်မလာနိုင်ဘူးဆိုတာကို သတိမူမိကြပါစေ ။ တိုတောင်းလှတဲ့ လူဘ၀လေးအတွင်း မိမိတို့ ဘ၀လေးတွေကို အလှပဆုံး ပုံဖော်ဖန်တီးခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်ကိုပါ အလှဆင်နိုင်ကြပါစေလို့ လေးနက်စွာ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။

No comments:

Post a Comment