၃၈
။ တစ်နေ့မှာ ဒီနေရာလေးကို ကျွန်မတို့လည်း ရောက်လာကြရအုံးမှာပါ
ခိုင်လေး ( ရွှေတောင် )

နေ၀င်ဆည်းဆာကို ခံစားရင်း
အတွေးနယ်ချဲ့နေတဲ့ကျွန်မ
"
အမ စားစရာတွေ နောက်ကလာပို့လိမ့်မယ် " ဆိုတဲ့စကားသံလေးကြောင့် အတွေးဆတွေကို
အနားပေးလိုက်ရပါတယ် ။ ကျွန်မ စင်ကာပူနိုင်ငံကို ခဏရောက်နေသူပါ ။ ဒီနေ့တော့
မြန်မာပြည်မှာ အိမ်ဘေးချင်းကပ်နေလာတဲ့ မောင်လေးက ညနေအလုပ်ဆင်းချိန်
တစ်ခုခုသွားစားရအောင်လို့ လာခေါ်တာနဲ့ မောင်လေးနဲ့ ကျွန်မ ညနေဆည်းဆာအလှကို
ခံစားရင်း ကမ်းခြေက စာသောက်ဆိုင်တန်းတွေကို ရှိရာကို ရောက်လာခဲ့ကြတယ် ။ ထိုင်ဖို့နေရာ
ရဖို့အတော်လေးရှာပြီးကျွန်မကို ထိုင်စောင့်ခိုင်းပြီး မောင်လေးက စားစရာတွေကို
သွားမှာပါတယ် ။ ဒီအချိန်မှာ ပင်လယ်ပြင်ကိုငေးမော နေလိုက်တယ် ။
အစားသောက်တွေကို စောင့်နေစဉ် မောင်နှမ နှစ်ယောက်
စကားလေးတပြောပြောနဲ့မောင်လေး က သူစင်ကာပူမလာခင်က အကြောင်း အရာတွေဆီကို
ရောက်ရှိသွားခဲ့တယ် ။
" မကြီးရာ ကျွန်တော်
ဒီမလာခင်ကဆို အဒေါ်တွေဆီကတောင်းလိုက် ၊ ဦးလေးတွေဆီက တောင်းလိုက် ၊ မိဘတွေဆီ
တောင်းလိုက်သုံးလာခဲ့တာနော် ။
ခုချိန်မှာ ကျွန်တော်ဝင်ငွေလေးနဲ့ အားလုံးကို ပြန်ပြီးပို့နိုင်ခဲ့ပြီလေ။ ယူသူရဲ့
ခံစားချက်နဲ့
ပေးသူတစ်ယောက်ရဲ့ ခံစားချက်တော်တော်
ကွာတယ်ဗျာ။ ကိုယ်မိဘ ကိုယ်အဒေါ် ဦးလေး တွေကို ကိုယ်က ပြန်ကန်
တော့ရတဲ့ ဖီလင်က
ပိုခံစားလို့ကောင်းတယ် ။ ပေးသူတစ်ယောက်ရဲ့ ပီတိလေးက ပိုကောင်းတယ် မကြီးရယ် "
ရုတ်တရက်
ကျွန်မ ဘာပြန်ပြောရမလဲ မသိအောင် ဆွံ့အသွားမိတယ် ။ သိပ်ကိုတန်ဖိုးရှိတဲ့ စကားစုလေး
တစ်ခုဆိုတာကိုတော့ ရင်ထဲက ပီတိတွေက သက်သေခံနေပါတယ် ။ နောက်မောင်လေးက ဆက်ပြောတယ် ။
" ကျွန်တော် ဂျီတီအိုင်တက်နေတဲ့
အချိန်တုန်းကဆို ဆိုက်ကယ် အရမ်းစီးချင်တယ် ။ အိမ်ကလည်းဝယ်ပေးနိုင်တဲ့ အခြေ
နေရှိတယ် ။ ဒါပေမယ့် ၀ယ်မပေးခဲ့ဘူး ။
အဲဒီအချိန်တုန်းက စိတ်ထဲက တမင်ဝယ်လို့ရတာကို ၀ယ်မပေးဘူးပေါ့ စိတ်တွေ
ဆိုး မိတယ် ။ခုလေ ကျွန်တော်
ညီလေးတွေကို ကျွန်တော် ၀ယ်ပေးနိုင်ပြီ ။ ဒါပေမယ့် မ၀ယ်ပေးချင်ဘူး ။
မူးပြီးများမောင်း
ခဲ့ရင် ၊ ကလေးချင်းတွေ
အပြိုင်စီးတာမျိုးတွေဆိုရင် ဆိုတဲ့ ပူပန်မှုတွေ ရင်ထဲကို တန်းစီရောက်လာတယ် မကြီးရေ
"
သူအမှန်တကယ်
မိဘနေရာကို မရောက်သေးတာတောင် မိဘတစ်ယောက်ရဲ့ စိုးရိမ်ပူပန်ခြင်းတွေကို တွေးတတ် ၊
မြင်တတ်နေပါပြီလားဆိုတဲ့ ပီတိအပြုံးလေးနဲ့ နားထောင်နေမိပါတယ် ။
အလုပ်နဲ့အချိန်ဆိုတဲ့ သမားတော်က နားလည်ခံစားတတ်အောင် သေချာတဲ့ သင်ခန်းစာတွေကို
လက်တွေ့သင်ပေးလိုက်တယ်ဆို ပိုမှန်ပါလိမ့်မယ် ။ ကျွန်မတို့ ငယ်ငယ်ကလူကြီးတွေကို
အပြစ်မြင်မိတာတွေ ၊ တွေးမိခဲ့တာတွေက ကျွန်မတို့တစ်နေ့ တွေးတော ပူပန်ရမယ့် ရမယ့်
ကိစ္စတွေ ဆိုတာကို ကြိုတင်ခံစားသိမြင်ခဲ့ရင် မိဘတွေကို အပြစ်မြင်မိမှာလား လို့
မဆီမဆိုင်တွေးမိ လိုက်ပါသေးတယ် ။ တကယ်တော့ လူကြီးဆိုတဲ့သူတွေရဲ့ အတွေးခေါ်တွေ
နောက်ကျ ကျန်ချင်ကျန်ခဲ့ပါမယ် ။ သူတို့ ရခဲ့တဲ့ အတွေ့ကြုံတွေဟာ ကျွန်မတို့
လူငယ်တွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဆိုတာ လူငယ်တွေ သဘောပေါက် နားလည်
စေချင်မိပါတယ် ။ တစ်နေ့မှာ ဒီနေရာလေးကို ကျွန်မတို့လည်း ရောက်လာကြရအုံးမှာပါ ။
ကိုယ်တွေ့ကြုံမှ ပိုသိတယ်ဆိုတာ မှန်ပေမယ့် အမှားတွေကို ကိုယ်တွေ့ကြုံမှ
ပြင်ဆင်ရတာထက် သိရှိနားလည် ကြုံခဲ့ဘူးသူတွေက ပြောဆို ထောက်ပြတာမျိုးတွေကို အလေးထား
မှတ်သားဆင်ခြင် ခြင်းအားဖြင့် လူကြီးနဲ့ လူငယ်ကြား ဖြစ်ပွားတတ်တဲ့
နားလည်မှု လွဲချော်ခြင်းတွေကို ဖယ်ရှားနိုင်ပါစေလို့ ဆုမွန်ကောင်းလေး တောင်းနေမိပါတော့တယ်
။
No comments:
Post a Comment