၃၁ ။ အမွေပြတ်စွန့်လွှတ်ခြင်း
ခိုင်လေး (ရွှေတောင်)
၃၁ ။ အမွေပြတ်စွန့်လွှတ်ခြင်း ( 2012 ခုနှစ်က
အဟောင်းလေးပါ )
ခိုင်လေး (ရွှေတောင်)
မကြာမကြာ တွေ့နေရသည့် စကားစုလေး တစ်ခုအား
ဖတ်မိချိန်တိုင်း ကျွန်မခေါင်းထဲသို့ အတွေးစတွေ ၀င်ရောက်လာတတ်ပါသည်။ အမွေပြတ်စွန့်လွှတ်ခြင်း ဟူသော ခေါင်းစဉ်လေးတွေအား သတင်းစာတွေထဲ မကြာခဏဆိုသလိုဖတ်မိနေရသည်။
ဖတ်မိတိုင်းလည်း ၀င်လာမိသည့် အတွေးတွေကဖြင့် တစီတတန်းကြီးပါပဲ ။ရင်နှစ်သည်းချာ သားသမီးတွေအား
အမှန်တစ်ကယ် ပြတ်နိုင်ကြလို့လား။
ဒါမှမဟုတ် တဒင်္ဂကရုဏာ ဒေါသတွေကို မထိန်းနိုင်ကြလို့
ထည့်ကြခြင်းမျိုးလား ။ ခဏခဏတွေးဖြစ်ပေမဲ့ သေချာတိကျသော အဖြေကိုဖြင့် မရခဲ့ပါဘူး ။ ဒီလိုသတင်းလေးတွေ
ထည့်ရသော အကြောင်းအရာလေးတွေလည်း ရှိနေမှာပါ ။ တစ်ခါတစ်လေမှာ သားသမီးတွေက အရမ်းဆိုးခြင်းကြောင့်သော်လည်းကောင်း
၊ မိဘ၏ အရှိန်အ၀ါဖြင့် သူတို့အား ယုံကြည်စွာ ငွေကြေး ချေးငှားနေကြသူတွေ ပြဿနာများအား
လိုက်ရှင်းပေး ကာကွယ်ပေးနေကြသူတွေ အများပြားရှိနေနိုင်သည် ။ ထိုအခါမျိုး၌ မိဘတွေအနေဖြင့်
မိတ်ကောင်းဆွေကောင်းများနှင့် မိတ်တု ဆွေတုများအား ဟန့်တားသည့် အနေဖြင့် အမွေပြတ်ခြင်း နည်းလမ်းများကို
အသုံးပြုကြရပေသည် ။ နောက်တစ်ခုက လုံးဝသဘောမတူနိုင်သူနှင့်
လက်ထပ်ခြင်း ၊ လူမှုရေး ဂုဏ်သိက္ခာ ကျဆင်းအောင် ဆောင်ရွက်ခြင်းများအား အကြိမ်ကြိမ်
ဆောင်ရွက်လာခဲ့လျှင် လည်း အမွေပြတ်စွန့်လွတ်ခြင်းအမှု့အား ဆောင်ရွတ်တတ်ပြန်သည်။
အမှန်တကယ်မှာဖြင့် နောက်ဆုံးအချိန်၌ မိမိတို့
သားသမီးများအား ပစ်မထားနိုင်ကြပါဘူး ။ အဓိကအချက်ကတော့
သူတို့မကြိုက်သည့်ကိစ္စရပ်တွေအား လုံးဝမလုပ်နိုငတော့အောင် အားလျော့သွားအောင် လုပ်လိုက်သည့်
သဘောဆိုတာကို ကျွန်မနားလည် လက်ခံပါသည်။ သို့သော်လည်း အမွေပြတ်စွန့်လွှတ်ခြင်း ဆိုသော
သတင်းတွေကိုဖြင့် လုံးဝမဖတ်ချင်ပါ ။ ဒီတခါလည်း အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုအား
ဖတ်နေမိပြန်သည်။ ယခုတစ်ခါ ဖတ်ရသည်က သူငယ်ချင်းအရင်းကြီး တစ်ယောက်အား သူ့မိဘများမှ အမွေပြတ်စွန့်လွတ်လိုက်ခြင်းဖြစ်သည်
။ထိုသတင်းအား သတင်းစာထဲ၌ ပါလာခြင်းကြောင့် ဖတ်နေမိခြင်းပင် ။ ဒီတစ်ခါမှာဖြင့် သတင်းလေးနှင့်
ခေါင်းစဉ်လေးအား ဖတ်ပြီးချိန်၌ သေချာစွာ တွေးမိပါတော့၏ ။ လောက၌ စွမ်းအားအကြီးမားဆုံးဖြစ်သည့်
မေတ္တာတရားဆိုသော သိမ်မွေ့နူးညံ့သည့် ခံစားချက်တစ်ခုဖြစ်ပေသည် ။ မိဘဆိုသော လူသားတွေရင်ထဲက၌
ရှိကုန်သော သားသမီးအပေါ်ထားသည့် ချစ်ခြင်းမေတ္တာ တရားအား သတင်းစာဖြတ်ပိုင်းထဲရှိ အမွေပြတ်စွန့်လွှတ်ခြင်း
ဆိုသော ခေါင်းစဉ်လေးတစ်ခုဖြင့် ဖြိုခွဲပြောင်းလဲပစ်၍
ရနိုင်ရိုးလား ။
ကျွန်မတို့ လူသားတွေ ကိုယ်ကိုကိုယ် ညာနေကြခြင်းပါ
။ သေချာသည့် အဖြေတစ်ခုအား ကျွန်မ ရရှိလိုက်သည်။ အမှန်တကယ်တစ်ကယ်မှာ အတ္တတွေဖြင့် ရင်ထဲ၌ရှိနေသော
ခံစားချက်များအား ကြေငြာချက်လေးဖြင့် ခဏတာ ဖုံးကွယ်လိုက်ခြင်းပါပဲ ။ မိဘနှင့်သားသမီးကြား
ရှိနေသည့် သံယောဇဉ် မေတ္တာကြိုးအား မည်သည့်ကြောငြာဖြတ်ပိုင်းလေးကမှမဖြတ်နိုင်တောက်နိုင်ပါ
။ အမွေဆိုသည်မှာ စံထိုက်မှ စံစားရသည့် အရာမျိုးပါ ။ သိပ်ကို ဆိုးတဲ့သားသမီးများအား
မိဘမှ အပြစ်ပေးဒဏ်ခတ်တယ်ဆိုရင်လည်း တစ်ခြားနည်းမျိုးဖြင့်သာ ဒဏ်ခတ်စေချင်မိပါသည် ။ အမွေဆိုသည်မှာမိဘမှ သားသမီးအား ပေးမှ (သို့မဟုတ်)
မိဘတွေ မရှိတော့သောအခါမှသာ ရနိုင်မည့် အရာမျိုးပါ ။ သတင်းစာထဲ လူသိရှင်ကြားထည့်ကြေငြာနေဖို့
မလိုအပ်ပါဘူး ။ ပေးချင်လည်း ပေးခဲ့လို့ရသလို ၊
မပေးချင်လည်း အကုန်လှူဒါန်းခဲ့လို့ရနိုင်ပါသည်။ ကြေငြာတွေထည့်ပြီး သေသည့်တိုင်အောင်
ပြန်မခေါ်တာမျိုး လူ ၁၀၀ မှာ တစ်ယောက်လောက်သာရှိနိုင်ပါသည်။ အချိန်တန် သောအခါ ပြန်ခေါ်ကြသည်က
များပေသည် ။ ထိုအခါ၌သတင်းစာထဲပါရှိခဲ့သော အမွေပြတ်စွန့်လွှတ်ခြင်း ဆိုသည့်ကြေငြာမှာ
ရယ်စရာလို ဖြစ်သွားတတ်တွေချည်းပါပဲ ။ မိဘနဲ့ သားသမီးကြား ရှိနေသည့်ချစ်ခြင်းမေတ္တာ တရားဆိုသည်မှာ
လောက၌ သိပ်ကိုအင်အားကြီးမားသော ခံစားချက်လေးတစ်ခုပင် ။ ဘယ်သူအတွက်မှအဓိပ္ပါယ် မရှိသောအမွေပြတ်စွန့်လွှတ်ခြင်း
ဆိုသည့် ကြောငြာတွေအား ဖြစ်နိုင်ရင် နောက်ထပ်
မဖတ်ပါရစေ နှင့်ဟု ကျွန်မရင်ထဲ ကြိတ်ခါဆုတောင်း
နေမိပါတော့သည်။
No comments:
Post a Comment