Tuesday, August 26, 2014

၃၂ ။ မြန်မာမလေးတွေရဲ့ မူပိုင် သနပ်ခါး



၃၂ ။ မြန်မာမလေးတွေရဲ့ မူပိုင် သနပ်ခါး


ခိုင်လေး ( ရွှေတောင် )
20.jpg
* ဟဲ့ မျက်နှာပြောင်နဲ့ မိန်းကလေးဖြစ်ပြီး ။ ခု
သနပ်ခါးသွားလိမ်း ။ မိန်းကလေးဆိုတာ မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေး ရှိမှ ကျက်သရေ ရှိတာဟု * အမြဲပြောတတ်တဲ့ မေမေစကားသံလေးကို သတိရနေမိသည်  ။ မျက်နှာကို ဘာမှ မလိမ်းချင်သည့် ကျွန်မအား   မနက်ခင်းတိုင်းမှာ ပြောနေကြ  * သနပ်ခါးလိမ်း မှ ကျက်သရေ * ရှိသည်ဟူသော စကားလေးနား ခုချိန်၌ မေမေဘယ်သူ့ကိုများ ပြောနေမလည်းဟု တွေးနေမိသည် ။ သေချာပါသည် ။ မနက်ခင်းတိုင်းမှာ မေမေ ကျွန်မကို သတိရနေမည်ဆိုတာ အသေချာပင် ။မေမေ ကြိုက်နှစ်သက်သော သနပ်ခါးအား ကြိုက်နှစ်သက်သူကဖြင့် မေမေနှင့် အစစတူညီသူ ကျွန်မ မမကြီးပါပဲ ။ မမကြီးသည် သနပ်ခါးအား အလွန်နှစ်သက်သူပါ ။ မေမေက အမြဲပြောပြတတ်တာတစ်ခုရှိသည် ။ *နင်တို့အမက မွေးတုန်းက တော်တော်လေး အသားမဲတယ် ။ နေ့တိုင်း သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းတတ်တဲ့ သူ့အကျင့်ကြောင့် ခုဆို သူ့အသားရေဟာ သနပ်ခါးရောင်ကို ပြောင်းသွားပြီး ၀ါဝင်းဝင်းလေး ဖြစ်နေပြီ *
ဟု မကြာခဏ ပြောပြတတ်ပါသည် ။ မေမေ့ စကားသည် အမှန်တကယ်ပါပဲ ။မမကြီးသည် နေ့စဉ်သနပ်ခါးအား ခြေဆုံး ခေါင်းဆုံး စိတ်ရှည်စွာ လိမ်းတတ်သူတစ်ဦးပင် ။ ဒီလိုလိမ်းသည့် နေရာမှာလည်း သနပ်ခါး အနှစ်တုံးတွေအား ကိုယ်တိုင်သွေးလိမ်းတတ်သူပါ ။ ထိုကြောင့် သူ့မအသားရေဟာ သနပ်ခါးရောင်လို ၀ါဝါ၀င်းဝင်းလေး တစ်ကယ်ဖြစ် လာခဲ့ပါသည် ။
တကယ်တော့ သနပ်ခါးဆိုသည်မှာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက်
သုံးစွဲခဲ့ကြသော ရိုးရာ အလှပြင် ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး ။ သနပ်ခါးဟာ အလှအပ အတွက်တင် မကပါဘူး၊ အပူဒဏ်ကို ခံနိုင်တယ်၊အသားအရေကို ချောမွေ့ အေးမြကာ
 ရနံ့ မွှေးကြိုင် စေပါသည် ။ ထိုကောင်းချက်လေးတွေကြောင့်  သနပ်ခါး အတုံးတွေ၊ အခေါက်တွေက သွေးယူလို့ရတဲ့ အနှစ်တွေအား မြန်မာအမျိုးသမီးများသည် မြတ်နိုးခုံမင်စွာ သုံးစွဲ
ခဲ့ကြခြင်းပါ ။မြန်မာနိုင်ငံက သနပ်ခါး အမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည်ကြီးတွေပါ။ တေးပြုစာဆို နန်းတော်ရှေ့ ဆရာတင် ကတောင် “ရွှေဘို သနပ်ခါးတုံးများ ရန်ကုန် လိမ်းဖို့ယူ” ဆိုပြီး မှတ်မှတ်ရရရေးဖွဲ့ ခဲ့ပါသေးသည် ။
 သနပ်ခါးပင်များအား မြန်မာနိုင်ငံ အထက်ပိုင်း ဒေသမှာ အများဆုံး ပေါက်ရောက်တာ တွေ့ရပြီး ပခုက္ကူ ၊ ရေစကြို၊ မုံရွာ အရာတော် စတဲ့ နယ်တွေမှာ စိုက်ပျိုးကြတာလည်း ရှိတယ်လို့ ဆောင်းပါးတစ်ခုမှာ မှတ်သားခဲ့ဘူးသည် ။ ယခုခေတ်ကာလ၌   မြန်မာ့ သနပ်ခါးသည်  အသားအရေအတွက်  တကယ်ကောင်းမွန် ထူးခြားသော အစွမ်းသတ္တိများ ပေးစွမ်းစေသည်ဟူသော အချက်အား နိုင်ငံရပ်ခြားတိုင်းပြည် တစ်ချို့ကပင် အသိမှတ် ပြုလာကြရပါပြီ။  သနပ်ခါးသည် နေပူဒဏ် အပြင် နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်
ခရမ်းလွန် ရောင်ခြည်ကို ပင်ကာ ကွယ်နိုင်သည်ဟု  အရေပြားဆရာဝန်ကြီးများပြောကြား
သည်ကိုလည်း မှတ်သားခဲ့ဘူးသည် ။  သနပ်ခါး လိမ်းသည့် ဓလေ့သည် ကမ္ဘာပေါ်တွင်
 မြန်မာနိုင်ငံ တစ်နိုင်ငံတည်းသာ ရှိပါသည် ။
မှတ်မိနေပါသေးသည် ။ ကျွန်မတို့ အဘွားသည် ကလေးငယ်များကို သနပ်ခါးလိမ်းပေးတိုင်း ကလေးငယ်တွေ ပါးစပ်ထဲကို သနပ်ခါးလေးတွေ  ခွန့်ပေးတတ်တာကို ခဏခဏ မြင်ဘူးခဲ့သည် ။ကလေးငယ်တွေကို
သနပ်ခါးကျွေးတာခြင်းဖြင့်  ကျောက်ရောဂါနှင့်ဝက် သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင်
ဝမ်းအတွင်းမှ အပူကိုပါ ငြိမ်းစေပါသည် ။
ပါးပြင်က သနပ်ခါးလေးကို မြင်ယုံနှင့် မြန်မာအမျိုးသမီးဟု တွဲမြင်တတ်ကြပါဧ။် ။
တကယ်လည်း မြန်မာမလေးများ နှင့် သနပ်ခါးသည် ခွဲခြား၍ မရနိုင်ပေ ။ ရှေးမြန်မာ
အညာကျေးလက်တောသူလေးများ၏ ဓလေ့လေးတစ်ခုရှိပါသေးသည် ။ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူကာ နဖူးကိုတင်ကာ  ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ညာဘက်ပါးပေါ်တင်ကာ  ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ်တင်ကာ  သံဃံ သရဏံ ဂစ္ဆာမိ ဟုဆိုကာ  သနပ်ခါး
လိမ်းရင်း သရဏဂုံ တည်ဆောက်တတ်ကြသည်လို့ ဆရာမ ခင်ခင်ထူးရေးတဲ့ ပါးကွက်ကြား
ဆိုတဲ့ ၀ထ္ထုတိုများစာအုပ်လေးမှာ မှတ်သားဖူးခဲ့ပါသည် ။ သနပ်ခါးပါးကွက်ဆိုတာလေးဟာ
မြန်မာမိန်းကလေးတွေရဲ့ မူပိုင်လေးပါ ။ နိုင်ငံခြားဖြစ်အလှကုန်တွေ ဘယ်လောက်ကောင်းနေ
ပါစေ မြန်မာသနပ်ခါးလေးကိုတော့ မြန်မာ့မိန်းကလေးတိုင်း မြတ်နိုးခုံမင်သင့်ကြပေသည် ။

ကျွန်မသိပ်သဘောကျတဲ့ ရေးသားမှုလေးတစ်ခုလည်းရှိပါသေးသည် ။ ကာရန်မဲ့အတွေးစများဆိုတဲ့ ဘလော့လေးမှာ ဖတ်ခဲ့ဖူးတာလေးပါ။

*****ဘယ်သူတွေ ဘာပြောပြော ကျွန်မကတော့ သနပ်ခါး အရမ်းကြိုက်တယ်။ သနပ်ခါး လိမ်းထားလိုက်ရင် စိတ်ကိုအေးချမ်းသွားတယ်။ ဘယ်နေရာ၊ ဘယ်အရပ်ပဲဖြစ်ဖြစ် သနပ်ခါးလိမ်းဖို့ ၀န်မလေးတတ်တာကိုတော့ ကျွန်မကို လူပြောများစေမယ် ထင်တယ်။ ဘာလို့ဆို ဒီမှာ သနပ်ခါးလိမ်းထားရင် အများစုက လှောင်ချင်၊ ပြောင်ချင်ကြသလို၊ ရှုံ့ချချင်သလို ပုံစံမျိုးတွေ တွေ့ရတတ်တယ်။ တချို့ကလည်း ဒီနိုင်ငံသားတွေ အထင်သေး၊ အမြင်သေး ရှိမယ်လို့ ယူဆကြသလား မသိပါဘူး။ ကျွန်မကတော့ တကယ် နားမလည်တာ အမှန်။ ရောမကို ရောက်ရင် ရောမလို ကျင့်ရမယ်ဆိုပေမဲ့ မကောင်းတာ လုပ်ခြင်းမဟုတ်တဲ့ ဒီသနပ်ခါးဟာ ဘယ်လိုကြောင့် လူတွေကို မ၀ံ့မရဲ ဖြစ်စေလဲ မသိပါ။*****

သိပ်သဘောကျမိပါသည် ။ နိုင်ငံခြားမှာ သနပ်ခါးမလူးရဘူးလို့ ဘယ်ဥပဒေကမှ ထုတ်မထားပါဘူး ။ ထဘီမ၀တ်ရဘူးလို့လည်း မထုတ်ထားပါဘူး ။ မိမိမှာသာ သူတို့နိုင်ငံ
ရဲ့ သတ်မှတ်ချက်တွေကိုသာ ဖောက်ဖျက်ကျူးလွန်ထားတာ မရှိရင် ဘာမှ ဖြစ်လာစရာ မရှိ
ပါဘူး ။ သနပ်ခါးဆိုတာ Myanmar Traditional Make-Up ပါပဲ ။ ကဲ ဒီတော့ ဆောင်းပါးလေး ဖတ်ပြီး ကျောက်ပြင် ပေါ်အထက်မှာ သနပ်ခါး အနှစ်တုံးလေးကို  မပြစ်ကျဲ အရည်ဖျော်ကာ
ဘယ်ဝိုင်းညာဝိုင်း အသာသွေးကာ ပါးပြင်ပေါ် လိမ်းခြယ်သလိုက်ကြရအောင်စို့လားရှင် ။


No comments:

Post a Comment