၃၄ ။ မရိုးနိုင်တဲ့ တောင်းတမှု ( ခံစားမှုဆောင်းပါး )
ခိုင်လေး ( ရွှေတောင် )

ဖြစ်ချင်တာတွေကို
ဖြစ်ခွင့်ရဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေ ဘယ်လောက်ထိ များတယ်ဆိုတာ
လူတိုင်းမသိနိုင်ပါဘူး ။ အောင်မြင်မှုတစ်ခု
ပိုင်ဆိုင်မှုတစ်ခုဆီတိုင်းရဲ့နောက်ကွယ်မှာ ထိုက်တန်တဲ့ အရင်းပေါင်းများစွာ
ရှိနေတတ်ပါတယ် ။ ဘာအတွက် ဘာကြောင့်လူတွေ ကိုယ်လုပ်ချင်တာတွေကို
လုပ်နေခွင့်ရနေသားနဲ့ ပျော်ရွင်ခြင်းဆိုတာကို မပိုင်ဆိုင်ရတာလည်းဆိုတာကို တွေးရင်း
လွမ်းနေမိပါတယ် ။ ဒီနေ့ အကိုကွန်ဆူးမားရေးတဲ့ တံခါးခေါက်သံဆိုတဲ့ ဘလော့လေးကို
ဖတ်ပြီး ပါးပြင်ပေါ်မှာ မျက်ရည်တွေ ပြည့်နှက်ခဲ့ရတယ် ။ ဖေဖေ နဲ့ မေမေ ကို
အရမ်းလွမ်းမိတယ် ။ ခုဆို အဝေးတစ်နေရာမှာ ကိုယ်စိတ်ချမ်းသာမှုတစ်ခုအတွက် ကျွန်မ
ရောက်ရှိလာခဲ့ပါတယ် ။ ကျွန်မ ဖြစ်ချင်တာလေးကို လုပ်ခွင့်ရတဲ့အတွက်
ကျေနပ်စေခဲ့ပေမယ့် ပျော်ရွင်မှုဆိုတာကို အပြည့်ဝ ကျွန်မ မပိုင်ဆိုင် ခရပါဘူး ။
ကျွန်မထင်ခဲ့မိတယ် ။ ကိုယ်လုပ်ချင်တာလေးကို လုပ်ခွင့်ရမယ်ဆို သိပ်ကို ပျော်ရလိမ့်မယ်လို့
။ တစ်ကယ်လက်တွေ့မှာ ကျွန်မ ကျေနပ်မှုတစ်စုံတစ်ရာကိုသာ ပိုင်ဆိုင်စေခဲ့တယ် ။
ဒါကြောင့် *လူအလိုကို နတ်တောင် မလိုက်နိုင် * ဆိုတဲ့ စကားပုံလေး ပေါ်ပေါက်လာပုံရတယ်
။ ဟုတ်တယ် ကျွန်မလည်း ဒီစကားပုံလေးလိုပါပဲ ။ ခုချိန်မှာ ဖေဖေ နဲ့ မေမေကို
အရမ်းလွမ်းနေမိတယ် ။ သူတို့လည်း ကျွန်မကို လွမ်းနေကြမယ်လို့ အပြည့်ဝ ယုံကြည်နေမိတယ်
။ မေမေ ပြောနေကြစကားလေး တစ်ခုကိုလည်း သတိရမိတယ် ။
*ညဉ်းတို့ကို
သူများတွေက ချစ်တယ်ဆိုတာ ငါတို့ မိဘတွေ စောက်မြင်ကတ်သလောက်ဘဲ ရှိပါတယ်အေ *
ဒီစကားလေးက
အလွန်မှန်တယ်ဆိုတာကို အပြင်လောကကြီးကို ခြေချမိချိန်မှာတော့ လက်တွေ့ပိုသိခဲ့ရတယ် ။
ဒီနေ့ နေမကောင်းလို့ အိပ်ယာထဲခွေနေရင်း ပျင်းလာတာနဲ့ ကွန်ပြူတာလေးကို ဖွင့်မိလိုက်တယ်
။ ဒီမှာပဲ အကိုကွန်ဆူးမား ဘလော့လေးကို ဖတ်လိုက်မိခြင်းက တွေးစရာလေးတွေ ခေါင်းထဲကို
တန်းစီရောက်လာခဲ့တယ် ။ အလွမ်းတွေကို သက်သေတည်စေသော မျက်ရည်တွေနဲ့
လှိုက်လှိုက်လှဲလှဲ ငိုခဲ့ရပါတယ် ။ မေမေ ကို လွမ်းတယ် ။ ဖေဖေကို လွမ်းတယ် ။
ခုသမီးတစ်ယောက်တည်း ။ အဖော်မဲ့အခန်းထဲမှာ သက်သာလားဆိုတဲ့ အားပေးစကား လေးတစ်ခွန်းကို
အရူးမူး တမ်းတနေမိတယ် ဖေဖေ နဲ့ မေမေ ။ နောင်တဆိုတာ တသသ လွမ်းနေရမယ့်
အရာမဟုတ်သာကြောင့် အကောင်းဆုံးဆိုတာကို တွေးတော ဖြစ်သင့်ခြင်းတွေ နဲ့ ရှေ့ဆက်ရမယ်ဆိုတဲ့
ကျွန်မခင်ပွန်းသည်စကားေးလကို နှလုံးသွင်းကာ အနာဂတ်မှာ
သမီးကောင်းတစ်ယောက်ဖြစ်စေဖို့ ကြိုးစားနေပါတယ် ။ အဝေးက သမီးအတွက် ပူပန်မှုတွေ နဲ့
အိပ်မှပျော်ရဲ့လား ။ အဆိုးဆုံးသမီးလေးမို့ စိုးရိမ်မှုတွေနဲ့ ပူပန်နေမယ်ဆိုတာ
သိနေပါတယ် ။ မိဘမေတ္တာဆိုတာကို နှိုင်းပြစရာ အကောင်းဆုံးစကားလုံးတွေ
ဘယ်လောက်ပေါ်လာပါစေ မိဘတွေရင်ထဲက မေတ္တာတရားကို မှီအောင်တော့ မဖော်ကြူးနိုင်ကြပါဘူး
။
ဘ၀ဆိုတာ
တိုတိုလေးပါ ။ တစ်ဘ၀မှာ တစ်ခါသာ တော်ရတဲ့ သားသမီးတွေကို မိဘတော်ခွင့်ရနေသမျှ
ကျွန်မကတော့ ထာဝရခွင့်လွတ်ရင်း မိဘဆိုတဲ့ အတိုင်း မားမားမတ်မတ်
ရပ်တည်ဆုံးမပေးနေရမှာဘဲ
ဆိုတဲ့
မေမေစကားလေးတွေကိုလည်း ကြားယောင်နေမိပါတယ် ။ ဘ၀တိုတိုလေးမှာ ဆိုးလို့
ပစ်ထားလိုက်ရမယ့်အချိန်တွေကို ကျွန်မမေမေက နှမြောတယ်ဆိုပဲ ။ အချိန်လွန်ကာမှ ငါ
မဆုံးမလိုက်ရလေခြင်းဆိုတဲ့ အချိန်လွန်နောင်တတွေကို ဘယ်တော့မှ မရချင်တဲ့ မေမေ
သမီးကို စိတ်မှန်းတွေနဲ့ လှမ်းဆုံးမနေမယ်ဆိုတာကို ကျွန်မသိနေတယ် ။
နေမကောင်းချိန်မှာ မေမေရင်ခွင်ထဲမှာ ၀င်ခွေနေခဲ့ရတဲ့ အချိန်လေးတွေကို သတိရမိတယ် ။
ခုရက်ပိုင်းအတွေးတွေထဲမှာ ရှိနေတတ်တာ တမ်းတမှုတွေသာ များနေပါတယ် ။ တခါခါ
ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိပါတယ် ။ အတိတ်ကို တမ်းတရင်း နောင်တ တောထဲ
တ၀ဲဝဲလည်နေတာလားလို့ ။ နောင်တဆိုတာကို ကျွန်မ မလိုချင်ဘူး ။ တခါခါ ဘ၀ဆိုတာ
မလိုချင်တာတွေကိုလည်းပိုင်ဆိုင်ရတတ်တယ်လေ ။ ဟိုးငယ်ငယ်လေးထဲက ကျန်းမာရေးချူချာတဲ့
ကျွန်မကို မေမေက အမြဲပြောတတ်တာလေး တစ်ခုရှိသေးတယ် ။
*ငါသမီးကို
တစ်ဖက်ကတင် တစ်ဖက်က ပိုက်ဆံတွေတင်ပြီးချိန်မယ်ဆို ပိုက်ဆံတွေက ပိုလေးမယ်ထင်တယ်တဲ့
*
မေမေ
ပြောရလောက်အောင်ကို ကျွန်မက ချူချာလွန်းသူတစ်ဦးပါ။ ဆေးရုံဆိုတာကို ခဏခဏ အလည်ရောက်နေသူ
တစ်ဦးဆိုလည်း မမှားပေဘူး ။ ဒီလို ချူချာတာတွေက ငယ်စဉ်ကာလမှာတင် မဟုတ်ဘဲ
ခုအရွယ်တိုင်အောင် အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုတစ်စိုက်ထားရသူတစ်ဦးပါ ။
နှလုံးခုန်နှုန်း အရမ်းမြန်တဲ့ ရောဂါက အချိန်မရွေးထထဖြစ်တတ်သည်မို့ မိဘတွေက
မျက်ခြေအပျက်မခံရဲဘဲ ထားခဲ့ရသူ။ ခုထိုင်နေတာအကောင်းကနေ ချက်ချင်းကို
ထဖြစ်ချင်ဖြစ်တတတ်တဲ့ ကျွန်မရောဂါကြောင့် မိဘမပါတဲ့ ဘယ်ခရီးကို မှမသွားခဲ့ဘူးသလို
မိဘတွေနဲ့ တစ်ပတ်ကြာအောင်တောင် ခွဲမနေခဲ့ဘူးပါ ။ ခုတော့အမျိုးသားရှိတဲ့
မလေးရှားနိင်ငံကို အလည်ရောက်လာရင်းကနေ စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့
ဒီမှာ မပြန်ဖြစ်တော့ဘဲ ဆက်နေခဲ့တယ် ။ ပြန်လာဖို့ ချော့ခေါ်ပေမယ့် လုံးဝ
မပြန်တော့တဲ့ အတွက် အရမ်းစိတ်ဆိုးပြီး မေမေပြောခဲ့တယ် ။ ဘယ်တော့မှ
အိမ်ကိုဖုန်းမဆက်နဲ့ ဆိုတဲ့ စကားလေးကလည်း တစ်ပတ်တောင်မခံပါဘူး ။
အပြုံးမပျက်ခွင့်လွတ်ပေးတတ်တဲ့ မေမေရဲ့ မေတ္တာတွေက ဘယ်တော့မှ
မခမ်းခြောက်နိုင်ခဲ့ဘူး ။ ဖေဖေ ရဲ့ချစ်ခြင်းတွေက ကျွန်မဘ၀အခက်ခဲမှန်သမျှကို
ဖြေရှင်းပေးစေခဲ့သလို မေမေချစ်ခြင်းတွေက ကျွန်မဘ၀ရဲ့ ရပ်တည်မှုတွေကို
သိက္ခာရှိနေစေဖို့ ထာဝရ အရိပ်မိုးပေးထားပါတယ် ။ ခုချိန်မှာ ကျွန်မ သိပ်ပြောချင်တဲ့
စကားလေးကတော့ ဖေဖေ နဲ့ မေမေကို ကျွန်မ အရမ်းကို သတိရနေမိပါတယ် ။ ဖေဖေ နဲ့ မေမေ ကို
အရမ်းချစ်ပါတယ် ။ နားနှစ်ဖက်ကို လက်အစုံနဲ့ ပိတ်ကာ ပဲ့တင်ထပ်အောင်
အော်လိုက်မိပါတော့တယ် ။
ဖေဖေ
နဲ့ မေမေကို အရမ်း ချစ်တယ် ။ အရမ်းသတိရတယ် ။
No comments:
Post a Comment