၃၃
။ ဘ၀ တစ်ခုထဲမှာ ဘ၀မျိုးစုံ ကျင်လည်နေကြသူများ ( 2012ခုနှစ်က ရေးဖူးသော
အဟောင်းလေးပါ )
ခိုင်လေး ( ရွှေတောင် )

ဒီနေ့
အလုပ်ပိတ်ရက်ကလေးမို့ ကျွန်မတို့ဇနီးမောင်နှံ မြန်မာ ဇာတ်ကားတစ်ကား ကြည့်ဖြစ်တယ် ။အမျိုးသားက
အခွေကြည့်နေရင်း * အနုပညာ သမားတွေများ ပိုက်ဆံရတာ လွယ်လိုက်တာ * ဟု ဆိုလာပါတယ် ။
ကျွန်မ သူ့အပြောကို ချက်ချင်း
စကားမပြန်ဖြစ်လိုက်ဘူး ။ အမျိုးသားပြောသွားတဲ့ စကားကိုတော့ အတွေးထဲမှာ နေရာပေးလိုက်မိတယ်
။ ခဏလောက်နေမှ * မဟုတ်သေးဘူးမောင်
ရယူပိုင်ဆိုင်လိုက်ရတဲ့အရာတိုင်းရဲ့ နောက်ကွယ်မှာ ထိုက်တန်တဲ့တန်ဖိုးကိုတော့ ပေးဆပ်လိုက်ရလိုက်တဲ့
သူတွေချည်းပါပဲ* ။ ကျွန်မထင်တယ် ။ လွယ်ကူတယ်လို့တော့ မဟုတ်တန်ဘူးလေ ။
ပြည်သူချစ်တဲ့ အနုပညာသည် တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး ။
ပိုက်ဆံရှိတိုင်း မဖြစ်နိုင်သလို ဇွတ်အတင်းဖန်တီး လုပ်ယူတိုင်းလည်း မရနိုင်ပြန်ဘူး
။ အနုပညာသည် ဆိုတာ သေချာ လေ့လာကြည့်မယ်ဆို သာမာန်လူတွေထကတောင် ပိုပြီး
ပင်ပမ်းတယ်လို့ မြင်မိတယ် ။ ဘ၀တစ်ခုထဲမှာ လူဖြစ်နေရပေမယ့် ဘ၀ပေါင်းများစွာကို
ကျင်လည်နေရတဲ့ သူတွေဆို ပိုမှန်တယ် ။ အပျိုတစ်ယောက်က ကလေးမွေးချင် မွေးရပြန်တယ် ။
လူလိမ်မာ တစ်ယောက်က သူခိုးဖြစ်ချင်ဖြစ်ရပြန်တယ် ။ ဇာတ်ဆရာ ဒါရိုက်တာ အလိုကျ
သရုတ်ဆောင်နေရတဲ့ သူတို့တွေ ဘယ်လိုလုပ် ငွေရှာရ လွယ်ကူမှာလဲ ။
ကျွန်မ
အခွေဆက်မကြည့်ဖြစ်တော့ဘဲ *ဘ၀ တစ်ခုထဲမှာ ဘ၀မျိုးစုံ
ကျင်လည်နေကြသူ* တွေအကြောင်းကို ဆက်တွေးမိနေပါတယ် ။ ဒီနေ့အတွက်
သူတို့ ရင်ထဲ ပျော်ရွင်ခြင်းတွေ စီမျောနေပေမယ့် ငိုရမယ့်ဇာတ်ဝန်းခန်းရိုက်ရမယ်ဆို
ရင်ထဲက ပျော်ရွင်ခြင်းတွေကို မေ့ကာ မျက်ရည်ဖြိုင်ဖြိုင်ကျ သရုတ်ဆောင်ကြရပြန်တယ်
။မရှိတာကို အရှိဖြစ်အောင် သရုတ်ဆောင်ကြရတယ် ။ တကယ်ငိုစရာ မဟုတ်ပါဘဲ
အူလှိုက်သည်းလှိုက် ငိုပြ နေရတဲ့သူတို့တွေ ဘယ်လောက်ထိ ပင်ပမ်းလိုက်ကြရမလဲ ။
ကျွန်မတို့ တစ်နာရီကျော်ကျော်လေး ကြည့်ရဖို့ သူတို့တွေ ရဲ့ ဖန်တီးမှုတွေက
ပင်ပမ်းလွန်းပါတယ် ။ တစ်ခါတစ်ရံ သူတို့လည်း လွတ်လပ်မှုတွေ လိုချင်ကြမှာဘဲလေ ။
ကိုယ်စိတ်နဲ့ကိုယ် နေခွင့်ဆိုတာလည်း သာမန်သူတွေထက် အများကြီးနည်းနေကြမှာပါ ။
တခါတရံ သူတို့ စိတ်ညစ်ချင်ညစ်နေမယ် ။ ပရိတ်သတ်နဲ့ တွေ့တဲ့အခါမှာ မပြုံးချင်ဘဲ ပြုံးပြချင်ပြနေရတယ်
။ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်ပါသလဲနော် ။ တကယ်လို့များ ပရိတ်သတ်ကို မကြည်မလင်
ဆက်ဆံမိပြန်တော့ အပြောဆိုတွေ ခံရပြန်ကော ။
ဘယ်မှာလည်း
လွယ်လွယ်ကူကူ ရတဲ့ ပိုက်ဆံ ။ လှလှပပလေး ၀တ်ရ ၊ ပြည့်ပြည့်စုံစုံလေး နေရတာလေးတွေကိုကြည့်ပြီး
သူတို့ ငွေရှာရတာ လွယ်လိုက်တာလို့ တွေးမိကြခြင်းပါ ။ သူတို့ရဲ့နောက်ကွယ်က
ဆုံးရှုံးလိုက်ရတဲ့အရာတွေကို မမြင်မိကြဘဲကို ။ လိုချင်တာတစ်ခုကို ရဖို့
ထိုက်တန်တဲ့ ပေးဆပ်ရင်းနှီးမှုဆိုတာ အလုပ်တိုင်းမှာ ရှိရစမြဲပါပဲ ။အမှန်တကယ်တော့
လောကမှာ အလကားရတယ် အလွယ်တကူရတယ်ဆိုတာ မရှိနိုင်ပါဘူး ။ ဖဲနိုင်လို့ရတဲ့
ငွေပင်ဖြစ်လင့်ကစား ပေးဆပ်မှုဆိုတာ ရှိကြရစမြဲပါပဲ ။ လူဆိုတာ ကိုယ်လိုချင်တာ
တစ်ခုကို ပိုင်ဆိုင်ရရှိဖို့ အတွက် ထိုက်တန်တဲ့ ပေးဆပ်မှုအရင်းနှီးတွေကိုတော့
ပေးရစမြဲဆိုတာ သတိမမူမိကြလို့ အမျိုးသားက ရုပ်ရှင်သရုတ်ဆောင်တွေ ငွေရှာရတာ
လွယ်လိုက်တာလို့ တွေးမိလိုက်ဟန်တူပါတယ် ။
သရုတ်ဆောင်မှ
မဟုတ်ပါဘူး ။ ကျွန်မတို့ စာရေးသူတွေကို လည်း ပြောတတ်ကြတယ် ။ ဘောပင်နဲ့
စာရွက်လေးရှိရင် စာတပုဒ်ဖြစ်တယ်တဲ့ ။ ဒါတွေရှိတိုင်း
စာတစ်ပုဒ်အမှန်တစ်ကယ်ဖြစ်နိုင်ရဲ့လား။
မဖြစ်နိုင်ပါဘူး ။ ဆောင်းပါးတစ်ပုဒ်ဖန်တီးတော့မယ်ဆို အမှန်တရားတွေ အခြေခံအကြောင်းအရာတွေ
ကို ဦးစွာ လေ့လာရပါတယ် ။ ကိုယ်ရေးချင်သလို ရေးလို့မရနိုင်ပါဘူး ။
ကိုယ်ဖြစ်ချင်တာတွေကို လိုရာဆွဲတွေး ရေးသားလို့လည်း မရနိုင်ပါဘူး။စာရေးဖို့
ပေးလိုက်ရတဲ့အချိန် ၊ စာရေးနေစဉ် ရင်ဘတ်ထဲကို ထည့်ထားရသော ခံစားချက် အားလုံး
တစ်သားတည်းကျနေအောင်ခံစားပြီး ရေးသားနိုင်မှ ရသမြောက်တဲ့ စာမူကောင်းတစ်ခု
ဖြစ်ပေါ်လာနိုင်ပါတယ် ။ နောက်တစ်ချက် ပြောတတ်ကြသေးတယ် ။ ဘာတဲ့ ပညာပေးဆောင်းပါးတွေ
ရေးသားနေတဲ့သူတွေ ပြည်သူတွေကို အသိပညာပေးနေတဲ့သူတွေ
သူတို့ကိုယ်တိုင်ကြ ဘာလို့ မထူးချွန်ကြရသလဲတဲ့ ။ စာရေးဆရာတချို့ စာတွေသာရေးနေတယ်
အရက်သမားဖြစ်နေသူတွေ ဘာကြောင့်ရှိသလဲ ။ စီပွားဖြစ်နည်းရေးပြီး ဆင်းရဲနေကြခြင်းကကော
ဘာကြောင့်လဲ ။ အနှီ ကဲ့သို့ လက်ညှိုးထိုးဝေဖန်သူတွေလည်း
ဒုနဲ့ဒေး တွေ့ခဲ့ ၊ မြင်ခဲ့
ကြားခဲ့ ဘူးပါတယ် ။
စာရေးသူဆိုတာ ကိုယ်သိတဲ့အသိတစ်ခုကို ပြန်လည်မျှဝေခြင်းပါပဲ ။ စာရေးခြင်းအတတ်ပညာကို
တတ်မြောက်သောသူတိုင်းသည်သာမာန်လူသားတွေထက် စာဖတ်အားပိုကောင်းသလို
လူကဲခတ်ပညာမှာလည်း ပိုတော်တတ်ကြပါတယ် ။ သူတို့စာဖတ်လို့ရတဲ့ အသိ ၊
သူတို့ပတ်ဝန်းကျင်က ရရှိလာတဲ့ ဗဟုသုတ ပညာပေးတွေကို အတုယူမှတ်သားပြီး
စာဖတ်ပရိတ်သတ်တွေကို ပြန်လည်မျှဝေ ပေးခြင်းပါပဲ ။ ရရှိနေတာကတော့ တစ်ဘ၀ထဲပါ ။
အမှန်တစ်ကယ် ကျင်လည်နေရတာကတော့ ဇာတ်လမ်းတွေထဲက ဘ၀မျိုးစုံမှာ ကိုယ်တိုင်ခံစား
သရုတ်ဆောင်နေရသလိုပါပဲ ။ အနှာကြောင့် ဘ၀တစ်ခုထဲမှာ ဘ၀မျိုးစုံ
ကျင်လည်နေကြသူများကို နားလည်စိတ်ဖြင့်
ဖြည့်တွေးလိုက်မိပါတော့တယ် ။
No comments:
Post a Comment