Thursday, December 27, 2012
အိမ်ထောင်ရှင် အမျိုးသမီးတို့ အတွက် စေတနာ ဆောင်းပါးလေးပါ
အိမ်ထောင်ရှင် အမျိုးသမီးတို့ အတွက် စေတနာ ဆောင်းပါးလေးပါ
လူမှုရေးအဆောက်အုံရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး ဖွဲ့စည်းမှုတစ်ရပ်သည် အိမ်ထောင်ထူထောင်ခြင်းပါပဲ ။ လူဆိုတာ ရှိနေသမျှကာလပတ်လုံး အိမ်ယာထူထောင်ခြင်းဆိုတဲ့ ဝေါဟာရ တစ်ခုကိုလည်း  ခိုင်လေးတို့ ကြားနေကြရအုံးမှာပါ ။ လူတွေ ဘာကြောင့်အိမ်ယာထူထောင် အိမ်ထောင်ပြုကြသနည်း ။ လူတိုင်းမှာ ရည်ရွယ်ချက် အကြောင်းပြချက်တစ်ခုတော့ အခိုင်မာရှိကြမှာပါ  ။ ဘယ်လိုအကြောင်းပြချက် ရည်ရွယ်ချက်ကြောင့်ဖြစ်ပါစေ အိမ်ထောင်ဘ၀ကို တည်ထောင်လိုက်ပြီဆိုတာနဲ့ လူပျို အပျိုဘ၀ နေခဲ့ပြုခဲ့တဲ့ လွပ်လွတ်မှုတွေကို အဆုံးသတ် သင့်တာတွေကို အဆုံးသတ်ပစ်လိုက်ရပါတော့တယ် ။ ဘ၀နှစ်ခုကို ပေါင်းစပ်ကြတဲ့နေရာမှာ နားလည်မှုဆိုတဲ့ စကားလေးက သိပ်ကိုအရေးပါ အရာရောက်စေပါတယ် ။ ဒီစကားလေးက  “ လွယ်မယောင်နဲ့ ခက်ဆိုတဲ့ “ ဆိုတဲ့ စကားလေးလိုပါဘဲ ။
တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဘ၀ထက် ပိုကြင်နာပါ ။ ပိုသစ္စာရှိပါ ။ ဇနီးမယားကောင်းတို့မည်သည်  လင်ယောကျာ်းပင်ဖြစ်ပါစေ မောင်ကြီး မောင်ငယ်ကဲ့သို့သဘောထားကာ ကျင့်ကြံနေထိုင်တတ်ကြပါတယ် ။ မန်လည်ဆရာတော် ရေးသားသော မယဒေ၀လင်္ကာပိုဒ်ရေ (၂၉၆) တွင်
“ မိန်းမဟူသည် ၊ ရုပ်ရည်အဆင်း
အချင်းဇာတိ ၊ ပြည့်စုံရှိလျက်
ဟီရိသြတ္တပ် ၊ ထိန်းကွပ်ကိုယ်မှာ
တည်စပါက ၊ ရတနာတဆူ
မြောက်ကျွန်းသူနှင့် ၊ နတ်တူသမျှ
ဂုဏ်ထွန်းပဧ။် ။  ။ “
ဟုရေးသားထားတာကို ဖတ်မှတ်ခဲ့ဖူးပါတယ် ။ အကြင်လင်မယားဆိုသည်မှာ ဆိုးတူကောင်းဖက် ၊ ဘ၀ခရီးလမ်းကို အတူတကွ လျှောက်လှမ်းကြသော ရဲဖော်ရဲဖက်တွေဆိုရင်လည်း မမှားပါဘူး ။ အတူနေလာတဲ့ ရက်တွေများလာလေ ငြီးငွေ့လာလေဆိုတာမျိုး လုံးဝကို မဖြစ်တန်ကောင်းပါဘူး ။ အတူနေတဲ့ ရက်တွေများလာလေလေ တစ်ယောက်ကို တစ်ယောက်  “ ပိုပြီးနားလည်ခွင့်လွတ် တတ်လာရမယ် “ ။ ခင်ပွန်းဖြစ်သူဟာ အိမ်ထောင်စီးပွားေ၇းကို တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်သလို ၊ ဇနီးသည်အနေနဲ့လည်း လင်ယောကျာ်းကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်ရမယ် ၊ ကိုင်တွယ်တတ်ရမယ် ။ အလုပ်နဲ့ ပတ်သတ်တာတွေကိုလည်း ၀င်ရောက်ချုပ်ကိုင်ချယ်လှယ်တာမျိုးတွေ မလုပ်မိစေဖို့ အထူးသတိပြုသင့်ပါတယ် ။ ယောကျာ်းတစ်ယောက် လုပ်ရမယ့် တာဝန်ကို သူဘာသူ တာဝန်ကျေအောင် လုပ်တတ်ပါစေ ။ နေရာတကာမှာ မိန်းမက ချုပ်ကိုင်ဆရာလုပ်လွန်းပြန်ရင်လည်း မိမိတို့ ခင်ပွန်းလင်ယောကျာ်းတွေမှာ ရှိနေတဲ့  အိမ်ထောင်ဦးစီးဆိုတဲ့ အရည်ချင်းတွေ ပျောက်ကွယ်ပြီး နောက်လိုက်လုံးလုံးဖြစ်သွားတတ်ပါတယ် ။ ဘေးကနေ လမ်းညွှန်အကြံပေးခြင်းမျိုး ၊ ဆွေးနွေးတိုင်ပင် ထောက်ပြခြင်းမျိုးတွေကို ပြုလုပ်ပေးခြင်းက မိမိခင်ပွန်းသည်ကို အမှန်တကယ် ကူညီခြင်းစစ်မှန်စေပါတယ် ။ အိမ်ထောင်ရှင်အမျိုးသမီးများအနေဖြစ်လည်း ပညာတွေ ဘယ်လောက်ဘဲ တတ်နေပါစေ ၊ ဥစ္စာတွေ ဘယ်လောက်ချမ်းသာနေပါစေ မိမိတို့ ချက်ပေးသော ပြင်သောထမင်းဝိုင်းကိုသာ မိမိတို့ ခင်ပွန်းသည်တွေက မက်မောတတ်ကြတယ်ဆိုတာကို မမေ့စေချင်ပါဘူး ။ အိမ်ထောင်ရှင်မတစ်ယောက် တာဝန်တွေကို လိုလေးသေးမရှိအောင် ထိန်းသိမ်းဖို့ကို မမေ့ကြစေချင်ပါဘူး ။ ခုခေတ်မှာ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းကာ စီးပွားရှာနေကြတာမို့ အိမ်ထောင်တာဝန်တွေကို လျစ်လျူရှု နေရတဲ့ အိမ်ထောင်ရှင်မတွေ အများပြားရှိနေကြပါတယ် ။ တူတူ အလုပ်ခွင်မှာ ပင်ပမ်းကြတယ်ဆိုတာပေမယ့် မိမိခင်ပွန်းသည်တာဝန်တွေကိုတော့ မိမိကိုယ်တိုင်လုပ်ပေးပြုစုခြင်းက အိမ်ထောင်ရေးမှာ ဖြစ်ပေါ်စေတတ်တဲ့ ဖောက်ပြန်ခြင်းဆိုတဲ့ ရန်သူကို ကာကွယ်ဖို့ အကောင်းဆုံးလက်နက်တစ်ခုပါပဲ ။
အိမ်ထောင်ရေးမှာ ရှိတတ်တဲ့ ပြသနာလေးတွေ များစွာရှိပါတယ် ။
နံပတ် ( ၁ ) …. အိမ်အသုံးစရိတ်နဲ့ ၀င်ငွေ မမျှတတဲ့အခါမှာ ကြွေးမြီပြသနာတွေ ၀င်လာတတ်ပါတယ် ။ ဒီနေရာမှာ အိမ်ထောင်ရှင်မတွေက ငွေရှိတုန်းဝယ်ထားချင်တတ်ကြတယ် ။ မ၀ယ်လဲ ဖြစ်တာကော အဖက်တင်တာပေါ့ ဆိုတဲ့ စိတ်ကူးမျိုးနဲ့ ၀ယ်ထားတတ်ကြပါတယ် ။ ဒီအတွေးဟာ မှန်သင့်သလောက်မှန်ပေမယ့် ငွေကြေးလက်ထဲရှိနေခြင်းကတာ အရာရာကို ဖလှယ်နိုင်တယ်ဆိုတဲ့ အချက်ကိုမေ့နေတတ်ကြပါတယ် ။ အကြွေးတင်ခံတဲ့အထိ အဖက်တင်အောင် ၀ယ်ထားဖို့တော့ မလိုအပ်ပါဘူး။ ၀င်ငွေ အပေါ်ကို ကြည့်ကာ ထိုက်သင့်အားလျော်စွာ သုံးတတ်ဖို့တာဝန်က အိမ်ထောင်ရှင်မတွေရဲ့ အရေးကြီးဆုံးတာဝန်တစ်ရပ်ပါဘဲ ။ ခင်ပွန်းသည်တွေအနေနဲ့လည်း  အိမ်ထောင်တာဝန်ဆိုတာကို ကျေပွန်အောင် လိုအပ်သည်ကို လောက်ငှအောင် ရှာဖွေပေးရပါမယ် ။အိမ်သူသက်ထားကလည်း ကောင်းမွန်စွာ စီမံပြီး စနစ်တကျ သုံးစွဲတတ်မယ် ။ ယောကျာ်းဖြစ်သူကလည်း ကြိုးစားရှာဖွေမယ် ၊ ဒီကြားထဲကမှ မပြေလည်မှုတွေ ရှိလာမယ်ဆိုရင် တစ်ယောက်အပေါ် တစ်ယောက် အပြစ်မပုံချဘဲ တိုင်တိုင်ပင်ပင် အဖြေရှာဖြေရျင်းတတ်မယ်ဆို အရမ်းကို အဆင်ပြေမယ့် မိသားစုဘ၀လေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် ။
နံပတ် ( ၂ ) ….အိမ်ထောင်တစ်ခု သက်ဆုံးတိုင် လက်တွဲသွားစေဖို့ဆိုတာက နားလည်မှုရှိနေဖို့က အထူးလိုအပ်ပါတယ် ။ အိမ်ထောင်တစ်ခုမှာ  ရင်သွေးရတနာဆိုတာ အရေးကြီးတဲ့ သံယောဇဉ်ကြိုးဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် သားသမီးမရနိုင်တဲ့ အိမ်ထောင်သည်တွေလည်းရှိနေတတ်ပါတယ် ။ ဒီလို အိမ်ထောင်ရေးမျိုးတွေမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ လိုအပ်တာထက် ပိုပြီး စိုးရိမ်စိတ်တွေ မယုံကြည်စိတ်တွေ များတတ်ကြပါတယ် ။ အိမ်ထောင်တစ်ခု ခိုင်မြဲနေဖို့ သာယာနေဖို့ဆိုတာ သားသမီးရခြင်း မရခြင်းက အခြေခံမကြလှပါဘူး ။ သားသမီးမရလို့ ဖောက်ပြန်တယ်ဆိုတဲ့ ဆင်ခြေစကားဟာ သိပ်ကိုစိတ်ဓာတ်ရေးရာ သိမ်ဖျင်းတဲ့ လူတွေ ပြောတတ်တဲ့ မခိုင်လုံမလှပတဲ့ဆင်ခြေတစ်ခုပါ ။ သူတို့ ဖောက်ပြန်ဖို့အတွက် အသုံးချတဲ့ စကားဆိုလည်း မမှားပါဘူး ။ ဒီအတွက် ကလေးမရနိုင်တဲ့ အိမ်ထောင်ရှင်မတွေ အနေနဲ့ မလိုအပ်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ၊ လိုတာထက် ပိုတဲ့ ချုပ်ချယ်မှုတွေက မိမိတို့ ခင်ပွန်းသည်တွေကို မိမိဘေးကနေ တွန်းထုတ်သလို ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်လေးကို သတိပြုမိစေချင်ပါတယ် ။ မိမိခင်ပွန်းသည်ကို မိမိနားမှာ နေစေချင်ကြတာ အိမ်ထောင်ရှင် မိန်းကလေးတိုင်း တူညီတဲ့ ဆန္ဒတစ်ခုပါပဲ ။ နေစေချင်တဲ့ ဆန္ဒကို ပြည့်စေဖို့ ဇွတ်အတင်းချုပ်ချယ်တဲ့နည်းထက် သူကိုယ်တိုင်က ကိုယ်ဘေးမှာ နေချင်လာအောင် လုပ်ဆောင်ခြင်းက ပိုလို့ကောင်းမွန်စေပါတယ် ။ မိမိဆန္ဒတစ်ခုအတွက် သူရဲ့လွတ်လပ်ခွင့်အားလုံးကို ဘောင်ခတ်လိုက်သလို မဖြစ်စေဖို့လည်း အထူးလိုအပ်ပါတယ် ။
နမူနာပေါ့နော်…………….သူက ညဘက်ဆို လက်ဘက်ရည်ဆိုင် သွားချင်မယ် ။ လက်ဘက်ရည်ဆိုင်ဆိုတာ  ယောကျာ်းလေးတိုင်းထိုင်ချင်တတ်ကြပါတယ် ။ ဒါကို စိတ်မချလို့ သူငယ်ချင်းတွေ စုံလာရင် ဘာတွေ မဟုတ်တာလုပ်မလည်းဆိုတဲ့ မရေရာတဲ့ အတွေးတွေနဲ့ ချုပ်ချယ်မယ့်အစား မိမိပါ လိုက်သွားခြင်း ဒါမှမဟုတ် အချိန်လေးတစ်ခု သတ်မှတ်ပြီး ခွင့်ပြုခြင်းတို့ကို ပြုမှုဆောင်ရွက်သင့်ပါတယ် ။ စကားဆိုတာ ပြောတတ်ရင် နားဝင်ချိုစေတဲ့ စကားလုံးတွေ အများကြီးရှိပါတယ် ။ “ အကိုရေ ကျွန်မတော့ မှောင်ရင်မနေရဲဘူးနော်လို့ ၊ အကို ပြန်မလာမချင်း ကျွန်မက စောင့်နေရမှာလေလို့ ၊ မနက်ကို အလုပ်တွေရှိတယ်လေ စောစောလေးတော့ ပြန်လာနော်လို့ “ ဆိုတဲ့ စကားလေးတွေက သူတို့တွေကို ပြန်လာဖို့ နှိုးစက်ပေးတဲ့ စကားလေးတွေပါပဲ ။ မသွားနဲ့ဆို ပိုသွားချင်တယ် ၊ မလုပ်နဲ့ဆို ပိုလုပ်ချင်ကြတာ လူ့သဘာဝလေးပါ ။ မလိုအပ်တဲ့ ချုပ်ချယ်မှုတွေကို ဆိုးကျိုးတွေကို သယ်ဆောင်လာစေတတ်တယ်ဆိုတာကို အိမ်ထောင်ရှင် အမျိုးသမီးတွေ မမေ့ထားစေချင်ပါဘူး ။
နံပတ် ( ၃ ) …….  ကျွန်မတို့ မြန်မာမိန်းကလေး တော်တော်များများဟာ အိမ်ထောင်ကျပြီဆိုတာနဲ့ ဖြစ်ကလက်ဆန်းတော်တော် နေပြစ်လိုက်ကြပါတယ်။ ဒါဟာ တစ်ကယ်တော့ လုံးဝကို မဖြစ်သင့်ပါဘူး။အမှန်ဆို အိမ်ထောင်ကျတဲ့ သူတွေဟာ အပျိုထက်ကို လှလှ ပပ လေး နေရမယ်လို့ ခိုင်လေးကတော့ ယူဆမိပါတယ် ။ဘာလို့လဲဆိုရင် အပျိုမှာအပျိုဆိုတဲ့ဂုဏ်နဲ့တင် တော်တော် လှနေပါပြီ။ အိမ်ထောင်သည်တွေက ကိုယ်ယောကျာင်္းရဲ့ မျက်စိထဲမှာ အမြဲလှနေဖို့ မရိုးသွားဖို့ ပိုအရေးကြီးပါတယ်။ အိမ်ထောင်တာဝန်တွေကို ကျေပွန်ခြင်းဟာ ယောကျာင်္းတစ်ယောက်ကို ဆွဲဆောင် နိုင်စေသလို ၊ လှပသန့်ရှင်း နေစေခြင်းဟာလဲ အကောင်းဆုံးဆွဲဆောင်မှုတစ်မျိုးပါဘဲ။ ခုဆို (နားနဲ့မနာဖ၀ါးနဲ့နာပါနော်) တားဆေးတွေဟာ လူ ၁၀၀ မှာ  ၈၀ ကို အရမ်းဝစေတတ်ပါတယ် ။ အိမ်ထောင်ကျသွားတဲ့မိန်းကလေးတော်တော်များဟာအလွန်မင်းဝလာတတ်ကြပါသည်။ ဒါကိုလဲ သတိထားရပါ့မယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေ စရိုက်တွေကွဲပြားခြားနားတယ်ဆိုပေမယ့် တစ်ထေရာတည်းတူနေတဲ့ အချက်တော့ ရှိကြတယ် ။ အဲဒါဘာလဲ ဆိုတော့ ယောကျာင်္းတိုင်း လိုလို အလှအပကို သဘောကျ ခံစားတတ်ခြင်း နဲ့ နားပူတဲ့ဒဏ်ကို မခံနိုင်ကြတာပါဘဲ ။ ဒီအချက်တွေကို ကျွန်မတို့တွေကလည်း ကောင်းကောင်းကို အသုံးချတတ်ကြပါတယ်။  လိုချင်တာကို နားပူအောင် ပြောတတ်တာလဲ မိန်းကလေးတွေရဲ့ တူညီတဲ့ အချက် ဖြစ်နေပြန်တယ် ။ အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ တစ်ကယ်ကို သေချာပြင်ဆင်ရပါတယ် ။ မတူညီတာတွေ တော်တော် များများကို ယူပြီးမှ သိရတတ်ပါတယ် ။  ဒါပေမယ့် စိတ်ဓာတ်ကျစရာ မလိုပါဘူး ။ တကယ်ဖူးစာပါလို့ ပေါင်းဖက်နေရပြီးမှ  မတူတာကို နားလည်မှုတစ်ခုနဲ့ ရအောင် ညှိုနှိုင်းနိုင်ရမယ် ။ ကိုယ်ယောကျာင်္းအကြိုက် ကိုယ်ယောကျာင်္းစိတ်သဘောထားကို အိမ်သူသက်ထား အမျိုးသမီးများ အသိဆုံးပါ ။ တူတူ နေနေကြတဲ့ အိမ်ထောင်ရှင်တွေ ဆိုရင်လဲ တစ်နေ့လုံး ဘယ်လို ၀တ်နေနေ ကိုယ်အမျိုးသား အလုပ်က ပြန်လာခံနီးအချိန်တွေမှာတော့ ရေချိုးမယ် သပ်သပ်ရပ်ရပ်လေးဝတ်မယ် ။  ကိုယ်ကို မြင်လိုက်လို့ အမောပြေစေမယ့် အနေထားမျိုးလေးတော့ ပြင်ဆင်ထားသင့်ပါတယ် ။  မိန်းကလေးတိုင်း အလှကိုယ်ဆီ ရှိတတ်ကြပါတယ် ။ မလှတဲ့ သူဆိုတာ မရှိဘူးလို့ ခိုင်လေးကတော့ မြင်မိပါတယ် ။ ကိုယ်နဲ့လိုက်ဖက်အောင် ပြင်ဆင်တတ်ဖို့နဲ့ ၀တ်တတ်စားတတ်ဖို့ဘဲ အရေးကြီးပါတယ် ။ အဖိုးတန် အ၀တ်စားတွေကို ၀တ်မှ လှတာ မဟုတ်ပါဘူး ။ ကိုယ်နဲ့ လိုက်ဖက်တာလေးတွေကို ရွေးချယ်ဝတ်မယ်ဆို လှပတဲ့ မိန်းကလေးတွေ အဖြစ် ခင်ပွန်းသည်က အချစ်တိုးစေမှာပါ ။ ပြင်ရမယ်ဆိုလို့ မလိုက်ဖက်တာကို အတင်းပြင်ခိုင်းတာမဟုတ်ဘူးနော် ။ နမူနာပေါ့နော် မိတ်ကပ်နဲ့ မလိုက်တဲ့သူက မိတ်ကပ်တွေ လိမ်းထားမယ်ဆို မလှသလိုမျိုးပေါ့ ၊ ကိုယ်ဘာနဲ့ လိုက်ဖက်တယ်ဆိုတာ ကိုကိုယ်ကို သိနိုင်ပါတယ် ။ အိမ်ထောင်တစ်ခု သာယာပျော်ရွင်ဖို့ဆိုတာက ကျွန်မတို့ အမျိုးသမီးတွေ အပေါ်မှာ အများကြီး မူတည်နေပါတယ် ။ သူတို့အတွက်က ငွေရှာတာနဲ့တင် အရမ်းပင်ပမ်းနေပြီလို့ တွေးတတ်ကြတာပါ။ ဒါကိုနားလည်ပေးလိုက်ပါ ။ သူတို့ အတွက် ဖြည့်စီးပေးဖို့ လို့မှတ်ယူလိုက်တာ အေးချမ်းပါတယ် ။ တရားတာ မတရားတာတွေ ထည့်မတွေးဘဲ စေတနာရောင်ပြန်တယ်ဆိုတာလေးကိုရင်ထဲ ထည့်ထားပြီး  ကိုယ်ဘက်က လုပ်စရာ ရှိတာလေးကို လုပ်ပေးလိုက်ခြင်းက 2ယောက်စလုံးအတွက် အေးချမ်း ပျော်ရွင်စေပါတယ်။ဒီတော့ ကျွန်မတို့အနေနဲ့ ငါတော့ အိမ်ထောင်သည် ဖြစ်သွားပြီ ဖြစ်သလိုနေလိုက်တော့မယ်ဆိုတဲ့ အတွေးတွေကို အဝေးကို မောင်းထုတ်လိုက်ပါ ။ သူတို့အတွက် တင်မကပါဘူး ကိုယ်အတွက်ကို လှဖို့ လိုအပ်ပါတယ် ။ မိုးလင်းတယ်ဆိုတာနဲ့ အရင်ဆုံး ကိုယ်ရဲ့တစ်ကိုယ်ရည် သန့်ရှင်းရေးကို အရင်လုပ်မယ် ။ သနပ်ခါးလိမ်း ပြီးမှ လုပ်စရာရှိတာတွေကို လုပ်လို့ရပါတယ်။ လုပ်စရာရှိတာတွေ အရင်ဆုံး လုပ်နေတာနဲ့ တစ်နေ့တာလုံး ကိုကိုယ်ကို ခေါင်းဖီးဖို့တောင် မေ့သွားတတ်ကြတဲ့ အိမ်ထောင်ရှင် မမတွေ အများကြီးပါ ။ အိပ်ယာကနိုးတာနဲ့ ကိုယ်ကို သပ်ရပ်ဖိုပြင်ဆင်တာ ကြာလှ အများဆုံး မိနစ်20ပေါ့ ။ ဒီလောက်အချိန်တော့ ပေးသင့်ပါတယ် ။ ဒါလေးတွေကို သေးသေးလေးလို့ မထင်လိုက်ပါနဲ့ ၊ တစ်ကယ်လုပ် ကြည့်ပါ ထိရောက် အကျိုးရှိစေ တယ်ဆိုတာကို နားလည်လာကြပါလိမ့်မယ် ။ မိမိခင်ပွန်းသည် အလုပ်ကနေ ပြန်လာတိုင်း ခရီးဦးကြိုပြုတတ်တဲ့ အလေ့ထလေးကို ပြုလုပ်ပေးပါ ။
နောက်ဆုံး အကြံပေးချင်တာလေးကတော့ တတ်နိုင်မယ်ဆိုရင် နေ့တိုင်း တစ်ယောက်လက်ကို တစ်ယောက်တွဲကာ လမ်းလျှောက်တတ်တဲ့ အလေ့ကျင့်လေးကို ကျင့်သုံးပေးပါ ။ အလုပ်ကပြန်လာမယ် ။ ရေချိုးပြီးကာစအချိန်ဆိုတာ စိတ်ကို အင်မတန် လန်းဆန်းနေစေတဲ့ အချိန်မျိုးပါ ။ ဒီလိုအချိန်မျိုးမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း ပြောစရာရှိတာတွေကို ပြောမယ် တိုင်ပင်စရာတွေကို တိုင်ပင်ခြင်းအတွက် အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးအချိန်ပါပဲ ။
မိမိတို့ ခင်ပွန်းသည်တွေ အတွက် ပါရမီဖြည့်ဖက် မိတ်ဆွေကောင်းတွေ အဖြစ် ရပ်တည်နိုင်ကြပါစေ ။ အမိနှင့်တူသော ဇနီးမယား ၊ အမ နှမ နှင့်တူသော ဇနီးမယား ၊ အဆွေခင်ပွန်းနှင့်တူသောဇနီးမယား၊ တွေ ဖြစ်ကြပါစေ ။ ဘ၀ခရီးဖော်တိုင်း ချမ်းမြေ့ပျော်ရွင်သော မိသားစုဘ၀တွေကို အောင်မြင်စွာ တည်ဆောက်နိုင်ကြပါစေ ။ နားလည်မှု လက်တွေကို ခိုင်ခိုင်မာမာတွဲလို့ သက်ဆုံးတိုင် သစ္စာတရားကို လက်ကိုင်ထားပြီး ချစ်ခင်ကြင်နာခြင်းများစွားဖြင့် ဘ၀ခရီးကို အတူတကွ လျှောက်လှမ်းနိုင်ကြပါစေ ။
ခိုင်လေး ( ရွှေတောင် )
Monday, December 24, 2012
တန်ဖိုးရှိတဲ့ ဂယ်ပေါက် လေးတွေ ပြင်ဆင်ဖောက်လုပ် နိုင်ကြပါစေ။ (ဆောင်းပါး)
တန်ဖိုးရှိတဲ့ ဂယ်ပေါက် လေးတွေ
ပြင်ဆင်ဖောက်လုပ် နိုင်ကြပါစေ။
(ဆောင်းပါး)
ခိုင်လေးစာဖတ်ပရိတ်သတ် အားလုံးမင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ပါစေရှင် ။
ခုဆိုရင် ခိုင်လေးတို့ မြို့နယ်လေးမှာ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်နေသူတွေ တော်တော်လေးကို ပေါများပါတယ် ။ ဒီထဲမှာ ခိုင်လေးနဲ့ သိပ်ကိုရင်းနှီးတဲ့ မောင်ငယ်လေးတစ်ယောက်လည်းပါဝင်လေရဲ့။ သူနာမည်က မိုးကျော်သူလို့ခေါ်တယ် ။ သူနိုင်ငံခြားမှာ အလုပ်လုပ်နေတာဆို အတော်လေးကြာပါပြီ ။ 4နှစ်လောက်တော့ ရှိရော့မယ်လေ ။ တခါတလေ အကြောင်းအရာတွေက ပြောင်းပြန်လေးတွေ ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာကို မိုးကျော်သူအဖြစ်က သက်သေထူးနေခဲ့ပါတယ် ။
နိုင်ငံခြားသွားကြတယ် ။တစ်ချို့တွေက ရှိတာလေးတွေကို ရောင်းချသွားကြတယ် ။ တစ်ချို့ကြတော့လည်း ငွေပိုလေးရှိလို့ ပိုကြီးပွားအောင်သွားကြတယ် ။တစ်ချို့ကြတော့ ချေးငှားသွားကြတယ် ။ နိုင်ငံခြားရောက်တော့ ရောက်ကာစတော့ ကြိုးစားကြပါရဲ့ ။ အနေကြာတော့ သုံးတတ်လာတယ် ။ ဒီတော့ အကြွေးတောင်မကျေဖြစ်ကြတဲ့သူတွေလည်းတစ်ပုံတစ်ပင်ပါဘဲ ။ အတိုးတွေတက်နေပြီ ငွေကမလာတော့ ကျန်ရစ်သူမိသားစုတွေ ဖုန်းတွေ တစ်ဂွမ်ဂွမ်ဆက် ။ ဒီတော့ ဖုန်းနံပတ်တွေ ပြောင်းပစ်ကြတယ် ။ အိမ်ကို အဆက်သွယ်တွေ ဖြတ်ပစ်ကြတယ်ဆိုတာတွေတော့ မထပ်အောင် ကြားဖူးနေကြမယ်လို့ ထင်ပါတယ် ။ ခိုင်လေး မောင်လေး မိုးကျော်သူအဖြစ်ကကြတော့ တစ်မျိုးပါရှင် ။ ရသမျှလေးတွေ အိမ်ကို အကုန်ပို့ရှာပါတယ် ။ ကျန်ခဲ့တဲ့ မိခင်ဖြစ်သူတစ်ဦးတည်းပါ ။ သားလေးပို့သမျှကို  မလိုတာတွေ သုံးလိုက် ဖြန်းလိုက်နေလာလိုက်တာ မိုးကျော်သူတစ်ယောက်သာ နိုင်ငံခြားမှာ နှစ်တွေ ကြာညောင်းလာတယ် သူမိခင်ကတော့ ထူးခြားတဲ့ တိုးတက်ပြောင်းလဲ မှုမရှိခဲ့ပါဘူး ။ ပေးလိုက်ရတဲ့ နတ်ပွဲတွေက တခြိမ်းခြိမ်း ။ ပတ်ဝန်းကျင်ကတောင် မျက်စိဆံပင်မွှေး စူးရလောက်အောင်ကို အသုံးအစွဲကြမ်းပါတယ် ။ ဒီလိုနဲ့ မိုးကျော်သူတစ်ယောက် မြန်မာပြည်ကို အလည်တခေါက်ပြန်လို့ရောက်လာခဲ့ပါတယ် ။ အိမ်ဆောက်ဖို့ ပို့လိုက်တဲ့ငွေတွေကလည်း အိမ်ဆောင်တဲ့ထဲ အကုန်မရောက်တော့ တစ်ဝက်တစ်ပျက် ။ ဆောက်တာတော့ အုတ်ပက်ကား ကာထားတာက ထရံဖြစ်နေပါတယ် ။ ရုတ်တစ်ရက်ဆိုသလို သားကပြန်လာမည်ဆိုတော့ ဘာလုပ်ရမှန်းမသိမျက်ရည်စမ်းစမ်းဖြစ်ရရှာလေတော့သည်။ သားက ပို့စဉ်က မလိုအပ်တာတွေ မတရားသုံးခဲ့တဲ့ ဆိုးကျိုးတွေကို ခုချိန်မှ သိမြင်ခဲ့တယ် ။ သားအနေနဲ့ကလည်း ရသမျှလေးကို မဖြစ်ဖြစ်အောင် ကြိုးစားပမ်းစားပို့ခဲ့ရှာတာပါ ။
မျှော်လင့်ချက်တွေ အပြည့်နဲ့ ပြန်လာတဲ့ မိုးကျော်သူတစ်ယောက် ပြန်ရောက်တာနဲ့ ဖြစ်ရပ်မှန်တွေကို သိလိုက်မြင်လိုက်ရတယ်ဆိုရင်ဘဲ အမောစို့စေတော့တာပါဘဲ ။ မိဘမို့ အပြစ်လည်းမဆိုသာပြန် ။ မချိတင်ခဲ သက်ပြင်းကိုတာ အခါခါချလို့  ကျိတ်ကာပူဆွေးယုံမှတပါး ဖြေစရာဘယ်မှာရှိမည်နည်း ။ ဆရာဇော်ဂျီရေးသားတဲ့ ကဗျာလေးထဲကလို
"တော်ပါပြီ ဆက်မလှမ်းချင်ဘူး"
 ဆိုတဲ့ စာသားလေးကိုသာ အော်ဟစ်ကာညဉ်းတွားလိုက်ပါတော့တယ်  ။
တာဝန်ကျေတဲ့ သားသမီးတွေကို ပိုင်ဆိုင်ထားကြပေမယ့် တစ်ချို့တစ်ချို့သော မိဘတွေရဲ့ တွေးခေါ်ဆင်ခြင်နိုင်မှု အင်အားတွေ နည်းပါးလွန်းနေတတ်ကြပါတယ် ။ မိုးကျော်သူ အမေလို မိဘလိုမျိုးတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေတတ်ကြအုံးမှာပါ ။ မိကျောင်းခင်းရေခင်းပြ လုပ်တာ မဟုတ်ပါဘူး ။ အခြေနေဆိုတာ အမြဲပေးမနေတတ်ပါဘူး ။ အခြေနေပေးတုန်းမှာ စုဆောင်းသင့်ပါတယ် ။ လူပျို လူရွယ် ၊ အပျိုတွေဆို ပိုလို့တောင် မိဘတွေ အနေနဲ့ စုပေးထားသင့်ပါတယ် ။ တစ်လကို သားသမီးက 2သိန်းပို့ရင် 5သောင်းလောက်တော့ သူတို့ နောင်ရေးအတွက် စုပေးသင့်တယ်လို့ မှတ်ယူမိပါတယ် ။မိဘ နဲ့ သားသမီးကြား နားလည်မှုလေးတွေ ထားတတ်မယ်ဆို လောကကြီးက ပိုလိုလှပစေမှာပါ ။
လောကကြီးမှာသင်အများဆုံးချစ်ခင်သည့်ပုဂ္ဂိုလ်မှာတခြားလူမဟုတ်ပါ။သင်ကိုယ်တိုင်ပင်ဖြစ်သည်။လူတိုင်းလူတိုင်းမှာပညာတတ်သူဖြစ်စေ၊မတက်သူဖြစ်ပါစေ၊ပြည်စုံသူ(သို့ မဟုတ်)မပြည့်စုံသူဖြစ်ပါစေလူအားလုံးတွင်မိမိအတွက်ဂယ်ပေါက်တစ်ခုတော့ ထားရှိဖို့ လိုအပ်ပါသည်။ ဒီနေရာမှာဂယ်ပေါက်ဆိုတာကိုတော့ခိုင်လေးအနည်းငယ်ရှင်းပြချင်ပါသည်။သိပြီးသားလူတွေရှိနေမှာပါ။မသိသေးတဲ့လူတွေအတွက်ရှင်းပြချင်ပါတယ်။
ပဒကဆိုတဲ့သတ္တ၀ါကိုတော့ကြားဖူးကြမယ်လို့ ထင်ပါသည်။ပဒက် တစ်ကောင်ကိုဖမ်းမိဖို့ အတွက်ဆိုရင် အတွက်ပဒက်တစ်ကောင်ရဲ့ ဂယ်ပေါက်ကိုပိတ်တတ်ဖို့ လိုပါသည်။ပဒက် ကောင်ရဲ့ ဂယ်ပေါက်ကိုမပိတ်နိုင်ဘူးဆိုရင်ပဒက်ဆိုတဲ့သတ္တ၀ါကိုဘယ်လိုမှဖမ်းလို့ မမိနိုင်ပါဘူး။ပဒက်တွင်းနဲ့ ကင်းမြီးကောက်တွင်းလဲမှားတက်ပါသေးတယ်။ပဒက်တွင်းမှာပင်ကူမျှင်လိုအတန်းလေးတွေပါရှိတတ်ပါပြီး ကင်းမြီးကောက်တွင်းမှာတော့ မပါပါဘူး။ အသိဥာဏ်နည်းတဲ့ သတ္တ၀ါဖြစ်တဲ့ ပဒက် ကောင်တွေတောင် အန္တာရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ မိမိတို့ ဆက်လက်အသက်ရှင်ဖို့ အတွက် ဂယ်ပေါက် တွေဖောက်ထားတတ်ကြပါတယ် ။ အန္တာရယ်ကို ရင်ဆိုင်တွေ့တဲ့ အခါ သူတို့ ဖောက်လုပ်ထားတဲ့ ဂယ်ပေါက်လေးတွေကနေ သူတို့ ဆက်လက် အသက်ရှင်ဖို့ ပြေးကြရပါတယ် ။ ဒီလိုဘဲ အသိဥာဏ်ပိုတဲ့ လူသားတွေမှာလည်း မိမိတို့ ဆက်လက်ရှင်သန်ရပ်တည်ဖို့ အတွက် ဂယ်ပေါက်လေးတွေ ဖောက်ထားသင့်တယ်လို့ ခိုင်လေးယူဆမိပါတယ် ။ မိဘကို လုပ်ကျွေးမယ်။ သိပ်ကို ကောင်းပြီး မင်္ဂလာရှိတဲ့ လုပ်ရပ်ပါ ။ ဒီလိုဘဲ မိမိအတွက်လည်း  ဆက်လက်ရှင်သန်ဖို့အတွက်ငွေကြေးတွေကို သီးသန့်စုဆောင်းခြင်းဖြင့် မိမိတို့အတွက် ဂယ်ပေါက်လေးတွေ ဖောက်ထားဖို့ အထူးကိုလိုအပ်ပါတယ် ။
နမူနာအနေနဲ့ ဖြစ်ရပ်မှန်ဇတ်လမ်လေးတစ်ခုကိုထပ်ပြောပြချင်ပါတယ် ။(၁၉၅၄)ခုနှစ်ပတ်ဝန်ကျင်လောက်ကနယ်မြို့ လေးတစ်မြို့ မှာမိသားစုတစ်စုရှိပါသည်။အဲဒီမိသားစုလေးမှာအိမ်ထောင်ဦးစီးဖခင်ကမိခင်ထက်(၁၅)နှစ်ခန့် အသက်ကြီးပါတယ်။အိမ်ထောင်ဦးစီးကအသက်အရွယ်ကြီးရင့် လာတဲ့ အခါမှာမိန်းမလုပ်သူကအိမ်ထောင်တာဝန်တွေကိုဦးဆောင်ပါတယ်။မိန်းမလုပ်သူက ယောက်ကျားကို နေ့တိုင်းဆေးလိပ်ဖိုးပေးသတဲ့လေ ။ အဖိုးအိုက သူ့ မိန်းမပေးတဲ့ ဆေးလိပ်ဖိုးတွေကိုနေ့ တိုင်းဝယ်မသောက်ဘဲ စုထားသတဲ့ ။ဒီလိုနဲ့ စုလာလိုက်တာတစ်နေ့ တော့ အဖိုးရဲ့ ဇနီးကစိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့မှာထိုင်နေတာကိုအဘိုးအိုကတွေ့ ရတယ်လေ။ဒီတော့ သူ့ မိန်းမကိုမေးတာပေါ့ …………..
*မိန်းမမင်းမျက်နှာမကောင်းပါလား။ဘာဖြစ်နေတာလဲ* *ကျွန်မအရင်းတွေလဲမရှိတော့ ဘူးရှင်။ဒီနေ့ ဆိုကျွန်မစားဖို့ တောင်တပြားမှလက်ထဲမရှိတော့ ဘူး။အဲဒါ…….တွေးပြီးစိတ်ညစ်နေတာ။*
အဖိုးအိုကရုတ်တရက်သူ့ မိန်းမဘေးကနေထထွက်သွားတယ်။ခဏအကြာမှာ ငွေတစ်ထပ်ကိုကိုင်ပြီးအဖိုးအိုပြန်ရောက်လာပါတယ်။ဇနီးသည်အားသူ့ လက်ထဲမှငွေများကိုပေးလိုက်တယ်။ ဇနီးသည်မှာအံ့သြစွာနှင့် 
**ရှင်ဒီပိုက်ဆံတွေဘယ်ကရတာလဲ။**
အဖိုးအိုပေးတဲ့ငွေမှာ (၁၀၀)ကျပ်တိတိရှိပါတယ်။အဲဒီခေတ်က ငွေ(၁၀၀)ဆိုတာခုခေါတ်ငွေ(၂)သိန်းလောက်နှင့်တန်ဘိုးညီမျှပါတယ်။
**မိန်းမ !မင်းပေးတဲ့ ဆေးလိပ်ဖိုးငွေထဲကနေငါစုထားတဲ့ ငွေတွေပါ။အရေးကြီးတဲ့ အချိန်ဆိုတာလူတိုင်းရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ဒီလိုရင်ဆိုင်ရတဲ့ အချိန်မှာကိုယ့် ကိုယ်ကိုကယ်နိုင်ဖို့ အတွက်ဂယ်ပေါက်ဆိုတာရှိထားရမယ် ။ အသိဥာဏ်နည်းတဲ့သတ္တ၀ါလေးတွေဖြစ်တဲပဒက် ကောင်တွေတောင်သူတို့ ရှင်သန်ဖို့ အတွက် ဂယ်ပေါက် တွေဖောက်ထားတတ်ရင် အသိဥာဏ်ပိုတဲ့ လူသားတွေကပိုပြီး မိမိဂယ်ပေါက်တွေကိုအဆင်သင့် ပြင်ဆင်စုဆောင်းထားသင့် တယ်လို့ သူဇနီးကိုရှင်းပြလိုက်ပါသတဲ့ လေး ။ ***
ကျွန်မတို့ အသိဥာဏ်ရှိတဲ့ လူသားတိုင်း ကိုယ်အတွက် ကိုယ်ဘ၀ ရှင်သန်အောင်မြင်ရေးအတွက် ဂယ်ပေါက်လေးတွေကို အကောင်းဆုံး ပြင်ဆင်ဖောက်လုပ်နိုင်ကြပါစေလို့ ဒီဆောင်ပါးလေးကနေ လေးနက်စွာ သတိပေးဆုတောင်းပေးလိုက်ပါတယ်ရှင် ။
ခိုင်လေး (ရွှေတောင်)
Friday, December 14, 2012
အမြစ်မတွယ်ခင် နုတ်ပစ်နိုင်ကြပါစေ(ဆောင်းပါး)
အမြစ်မတွယ်ခင် နုတ်ပစ်နိုင်ကြပါစေ(ဆောင်းပါး) 
အလုပ်ပိတ်ပြီဆိုတာနဲ့ လာလိုက်ကြတဲ့ လူတွေ ။ ကျုပ်ဆီကို ၀င်လိုက် ထွက်သွားလိုက်နဲ့ ကျုပ်စိတ်အရှုတ်ဆုံးနေ့ရက်တွေပေါ့ ။ သူတို့တွေ မရှက်ကြတော့ဘူးလားလို့ ကျုပ်တွေးမိတယ် ။ တစ်ခြားလူမျိုးတွေကို ကျုပ်မသိဘူး ။ ကျုပ်ကြားဖူးတဲ့ မြန်မာလူမျိုး ၊ မြန်မာယဉ်ကျေးမှုဆိုတာတွေနဲ့ ဒီလူတွေ ပြုမူနေထိုင်ပုံတွေကတော့ တခြားဆီပါဘဲ ။ ကျုပ်ဆီအများဆုံးလာနေကြတဲ့ လူတွေအကြောင်း ဖောက်သည်ချမယ်နော် ။ များသောအားဖြင့် ကျုပ်ဆီလာတတ်တဲ့သူတွေက အသက်ကြီးကြီး မိန်းမတွေဘဲဗျို့ ။ သူတို့ပြောတာကတော့ အပျိုကြီးတွေတဲ့လေ ။ ဘာနဲ့ ပျို လည်းတော့ သူတို့ကို သူတို့ ပိုသိမှာပေါ့လေ ။ မိန်းကလေးတွေက အသက် ၄၀ ကျော် ၊ အမျိုးသားတွေက ရှိလှ ၂၅ ၊ ၃၀ ။ သူတို့တွေ ချစ်ကြိုက်ကြတယ် ။ ကျုပ်တွေ့သလောက်တော့လေ ယောကျာင်္းတွေက အဲဒီမိန်းကလေးတွေဆီ သွားတယ်ဆိုတာ ရှားမှရှားဘဲ ။ ပိုးပန်းနေချိန်တာ ဟန်ပြသွားမယ် ။ သဘောကြလို့ ချစ်ကြိုက်သွားပြီဆိုတာနဲ့ အဲဒီမိန်းကလေးတွေကသာ တောက်လျှောက် ယောကျာင်္းလေးတွေဆီလာကြတော့တာဘဲဗျို့ ။ လာပြီးဆိုရင်လည်း ချက်ပြုတ်ကြော်လှော်ထားတာတွေကို မမောနိုင် မပန်းနိုင်သယ်လာကြရသေးတယ် ။ အရက်ဝိုင်းအတွက် အမြည်းကအစ လုပ်ပေးရတယ် ။ သူတို့ကိုကြည့်ပြီးမောလိုက်တာ။ ဒီမှာ ကျုပ်နဲ့ ပတ်သတ်လာပြန်တာက သူတို့ ဆက်နွယ်ပတ်သတ်ဖို့ ကျုပ်ကိုအသုံးပြုတာဘဲ ။ အိမ်တအိမ်မှာ ပါလှ အခန်း ၃ ခန်းပေါ့ ။ နေတဲ့သူက ၁၀ယောက်လောက် ။ ပိတ်ရက်ဆို ချစ်သူတွေက လူုတိုင်းလို ရောက်လာကြတော့ ကျုပ်တို့တွေ မအားကြရတော့ဘူးလေ ။ တစ်တွဲကိစ္စပြီးတစ်တွဲထွက် ။ ဟေ့ 15မိနစ်ဘဲနော်။ ပြည့်တာနဲ့ တန်းထွက်ဆိုတဲ့ မကြားဝံ့တဲ့ ပြောဆိုသံတွေက ပါသေးတယ် ။
သိတာသိစေ မမြင်စေနဲ့ဆိုတဲ့ စကားပုံတွေ စာအုပ်ထဲ မှိုတက်ကုန်ပြီထင်ပါတယ် ။ ဒါမျိုးကိစ္စဆိုတာ သိပေမယ့် မြင်နေကြားနေဖို့မှ မလိုအပ်တာ ။ ခုတော့ ပွဲတော်ကြီးတစ်ခုလို ဖြစ်နေတာကို သူတို့မရှက်ကြတော့ဘူးလား ။ သက်မဲ့ပစ္စည်းဖြစ်တဲ့ ကျုပ်တောင်ရှက်မိတယ် ။ ဒီလိုကိစ္စမျိုးဆိုတာ အချိန်တန် အိမ်ထောင်ကြတယ် ဒါမျိုးနဲပတ်သတ်တာဆို လက်ခံနားလည်လို့ရတယ် ။ ကိုယ်ယောကျာင်္းနဲ့ ကိုယ်နေထိုင်တယ် ။ အိမ်ထောင်ပြုလိုက်တာကို ။ ခုတော့ ချစ်သူဘ၀ဘဲရှိသေးတယ် ။ တူတူနေတယ် ။ ကဲခုခေတ်နေနေကြတာဘဲ လို့ပြောလို့ရတယ် ။ ဟုတ်ပြီနေတယ် ။ ဒီလိုနေဖို့ အတွက် မိန်းကလေးတစ်ယောက်က ယောကျာင်္းတစ်ယောက်ဆီကို လာစရာလား။ မလာချင်ဘူးထား တည်းခိုခန်းတွေ ဟိုတည်တွေ မှာတွေ့မယ်ဆိုတော့လည်း အဲဒီယောကျာင်္းတွေ ငွေကုန်မခံနိုင်ဘူးလေ။ တစ်လတစ်လ သူတို့ အရက်ဖိုးနဲ့သူတို့ အံကိုက်ြဖစ်နေကြတာကို မြင်နေသိနေရက်နဲ့များ အသိမှောင်မှောက်ပြီး မိုက်ဇာတ်ခင်းနေကြတယ် ။ ခုတော့ အခန်းလေးတစ်ခန်းကို ဟိုလူဝင်လိုက် ၊ နောက်လူဝင်ဖို့ကို လက်မှတ်တန်းစီသလိုစောင့်နေရတယ် ။ အခန်းထဲက ထွက်လာတဲ့ ခင်ဗျားလေးတို့ မရှက်ကြဘူးလား ။ ဒါဟာရှက်စရာရယ်လို့ကော မတွေးတတ်ကြတော့ဘူးလား ။ သိတာသိစေ မမြင်စေနဲ့ဆိုတဲ့ ရှေးစကားပုံတွေ စာအုပ်ထဲမှာ မှိုတတ်ကုန်ပြီလား မြန်မာအမျိုးသမီးတို့ရေ ။ခေတ်မှီတယ်ဆိုတာ ကောင်းပေမယ့် ခေတ်ပျက်သူတွေ မဖြစ်ကြစေဖို့ ဆင်ခြင်ကြပါ ။ ပုံပြင်လေးတပုဒ်ကို ပြောပြချင်သေးတယ် ။
ဟိုးရှေးရှေားတုန်းကပေါ့ ရွာလေးတစ်ရွာမှာ ပညာရှိကြီးတစ်ယောက်ရှိသတဲ့ ။ အဲဒီပညာရှိကြီးမှာ တပည့်လေးတစ်ယောက်လည်းရှိပြန်တယ် ။ တပည့်လေးက ဆရာဘယ်လောက် ဆုံးမသွန်သင်သင် ပြောမရအောင်ဖြစ်လာတယ်တဲ့ ။ ဒီမှာ ဆရာကြီးက သူ့တပည့်လေးကို ခေါ်ပြီးတောထဲကို ထွက်လာတယ်တဲ့လေ ။ တစ်နေရာကိုရောက်တော့သစ်ပင်သေးသေးလေး မြက်ပင်လေးကို ဆွဲနုတ်ခိုင်းသတဲ့ ။ ဒီတော့ တပည့်ဖြစ်သူက အလွယ်တကူဘဲ နုပစ်လိုက်သတဲ့ ။ နောက်တစ်နေရာကို ရောက်တော့ ခုနက ထက်နည်း2ပိုကြီးတဲ့ အပင်ကို နုတ်ခိုင်းပြန်သတဲ့လေ။ တပည့်ဖြစ်သူကလည်း ခုနကလောက် လွယ်၂ကူ၂ မနုတ်နိုင်ပေမယ့် နည်း၂လေး အားစိုက်နုတ်လိုက်တော့ နုတ်ရသွားပြန်တယ် ။ နောက်တစ်နေရာကို ထပ်ရောက်လာတော့ အပင်ခပ်ကြီးကြီးတစ်ခုကို ထပ်နုတ်ခိုင်းပြန်တယ် ။ တပည့်လုပ်သူက ဒီတခါမှာတော့ ဘယ်လောက်ဘဲ အားစိုက်စေကာမူ အပင်က နုတ်လို့မရခဲ့ဘူးသတဲ့လေ။ ဒီတော့မှ ဆရာကြီးက တပည့်လုပ်သူကို လက်တွေ့ဖြစ်ရပ်ကို အကျိုးကြောင်းပြ ဆုံးမခဲ့တယ် ။ ချစ်သားတပည့် ဒီအပင်တွေလိုဘဲ တပည့်မှာရှိနေတဲ့ မှားယွင်းမှုတွေကိုသစ်ပင်တွေလို အမြစ်တွယ် မကြီးထွားခင်မှာ  နုတ်ပစ်နိုင်အောင်ကြိုးစားပါ။ အမြစ်တွယ်မှဆိုရင် နုတ်ဖို့ အင်မတန်ကို ခက်ခဲပင်ပမ်းပါလိမ့်မယ်လို့ ဆုံးမတော်မူခဲ့သတဲ့လေ။
ပုံပြင်လေးကတော့ ဒါပါဘဲ ။ ဒီပုံပြင်လေးထဲကလို ကျုပ်တို့ မြန်မာမိန်းကလေးတွေ ရင်ထဲမှာ ရှိနေတဲ့ ပေါ့ပျက်သေးသိမ်တဲ့ အတွေးခေါ် အနေထိုင်တွေကို အမြစ်မတွယ်ခင်မှာ အပြီးတိုင်နုတ်ပစ်နိုင်အောင်ကြိုးစားစေလိုပါတယ် ။မြန်မာအမျိုးသားတွေအနေဖြစ်လည်း နှမချင်းစာနာစိတ်လေးတွေကို မွေးမြူပေးကြစေလိုပါတယ် ။ ရေမြေခြားမှာ ရောက်နေတဲ့ ကိုယ်လူမျိုးချင်းချင်း ကာကွယ်စောင့်ရှောက်သင့်ပါတယ် ။ မိမိတို့ အမှန်တစ်ကယ်မြတ်နိုးတယ်ဆို တန်ဖိုးထားပေးကြပါ ။ မြတ်နိုးစွာ အမှန်တကယ်လက်ထပ်ယူပါ ။ ချစ်သူဘ၀ တူတူနေတယ်ဆို ခုခေတ်မှာ အရမ်းခေတ်စားလာပေမယ့် အတုယူလိုက်လုပ်ရမယ့် အရာမဟုတ်ပါဘူး။ ဒါပေမယ့် ပြောလည်း နေနေကြတာဘဲဆိုပေမယ့် နှမချင်းစာနာစိတ်လေးတွေနဲ့ တန်ဖိုးထားပေးကြပါလို့ တောင်းပန်ချင်ပါတယ် ။ လူမိုက်တစ်ယောက်က ပြောတယ်တဲ့ မိန်းကလေးတွေကို တန်ဖိုးမထားတာ မဟုတ်ပါဘူးတဲ့ တန်ဖိုးမဲ့နေသူကိုတာ တန်ဖိုးမထားတာပါတဲ့လေ။ တန်ဖိုးရှိစွာနေထိုင်နေတဲ့ မိန်းကလေးတွေကို စော်ကားဖို့မပြောနဲ့ စေ့စေ့ကြည့်ဖို့တောင်မ၀ံ့ဘူးဆိုဘဲ ။ လူဆိုတာ ကိုယ်ကိုကိုယ် တန်ဖိုးထားမှ တပါးသူကလည်းတန်ဖိုးထားတတ်ကြပါတယ် ။ စာလေးတစ်ခုဖတ်ဖူးသေးတယ် ။ မိန်းကလေးတွေ မပျက်စီးသင့်ဘဲ ပျက်စီးခဲ့ရတဲ့ အကြောင်းချက်လေးတွေပါ ။ ပြန်လည် မျှဝေလိုက်ပါရစေနော်။ သဘောကျလို့ပါ ။
မိန်းမမြတ် ဘ၀ကိုမရဘဲ မိန်းမပျက်ဘ၀ကိုရောက်သွားတဲ့အကြောင်းရင် ( ၁၃ ) ချက် ********* မိန်းကလေးအများစုဟာ မပျက်စီးသင့်ဘဲ ပတ်ဝန်းကျင်နဲ့ မိမိခင်ပွန်းလင်ယောက်ျားများကြောင့်လည်း မိန်းမပျက်ဘ၀ကိုကျရောက်သွား တတ်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းများကတော့
၁*******ယောကျာ်းတစ်ယောက်နဲ့ပျော်ပါးပေါင်းဖော်နေရတယ်လို့အိပ်မက်အတန်တန်မတ်ခြင်း ။
 ၂******* ခင်ပွန်းလင်နဲ့ ကြာမြင့်စွာဝေးကွာကွေးကွင်းနေရခြင်း ။
 ၃******* လင်က အိုနေခြင်း ။
၎******* မိန်းမတန်မဲ့ အရက်သောက်တက်ခြင်း ။
၅******* လင်ကမယားငယ်နေခြင်း ။
၆******* လင်က အိုရွှတ်တွနေခြင်း ။
၇******* ပျက်နေတဲ့မိန်းမတွေနဲ့ရောနှောနေတက်ခြင်း ။
 ၈******* ကောင်းတဲ့အသက်မွေးဝမ်းကျောင်း မကြာခဏပျက်စီးခြင်း ။
 ၉******* အိုးအိမ်အတည်တကျမနေရခြင်း ။
၁၀****** ပွဲကြိုက်ခြင်း အပျော်ကြိုက်ခြင်း ။
၁၁******* ကိုယ့်ကိုထိန်းနေရခြင်း ။
 ၁၂******* ဖခင်ရဲ့အုပ်ထိန်းမူနဲ့ကြာမြင့်စွာနေရခြင်း ။
 ၁၃******* ယောက်ျားတွေကြားထဲ ရောက်နေရခြင်း တို့ဘဲဖြစ်ပါတယ်။
ဒီအချက်တွေ အကုန်လုံးကို မနှစ်သက်ပေမယ့် ဒီထဲက 9ချက်လောက်ကို အရမ်းသဘောကျမိလို့ပါ ။ ဒီစာလေးကို ဆိုဒ်တစ်ခုကနေဖတ်လိုက်ရတာပါ ။ ဒီအချက်တွေထဲက  ၁ ၊ ၂ ၊ ၄ အချက်တွေကတော့ အရမ်းကို မှန်ကန်လွန်းပါတယ် ။ ရှင်တို့ ချစ်သူတွေကိုယ်တိုင်က ကွယ်ရာမှာ တန်ဖိုးမဲ့စေတဲ့ အတင်းစကားတွေကို ဆိုနေတတ်ကြတယ်ဆိုတာကို လည်းသတိထားစေချင်ပါတယ် ။ ရှင်တို့တွေ တွေးကြည့်ပါ ။ သူတို့ လိုချင်တာကို ရဖို့အချိန်လေးခဏလေးဘဲရင်းလိုက်တာပါ ။ နောက်ပိုင်းရှင်တို့ဆီက အချိန်တွေကိုဘဲ ဖဲ့ယူသွားကြတာ ။ သူတို့အပေါင်းသင်းဆိုတာတွေကလည်း ရှင်တို့ရှေ့မှာသာ ဟန်ဆောင်အပြုံးနဲ့ ဖော်ရွေပြနေကြပေမယ့် ရှင်တို့တွေကို ကွယ်ရာမှာ အထင်သေး ဟားတိုက်နေတယ်ဆိုတာကို သိစေချင်မိပါတယ် ။ စကားလေးတစ်ခုရှိတယ် ။ မှတ်ထားစေချင်တယ်
  • မိန်းကလေးတစ်ယောက် အတင်းပြောလို့ ဘ၀ပျက်မသွားနိုင်ဘူးတဲ့
  • ယောကျာင်္းတစ်ယောက် က မိန်းကလေးတစ်ယောက်ကို ကွယ်ရာမှာ အတင်း
  • ပြောလိုက်ရင် အပြောခံရတဲ့ မိန်းကလေးဘ၀ပျက်သွားစေနိုင်တဲ့အထိကို ထိရောက်စေပါတယ်
သတိလက်လွတ်မဖြစ်ရလေအောင် အသိတရားလေးကို အမြဲနှလုံးသွင်းမိပါစေ မြန်မာအမျိုးသမီးတို့ရေ ။ မြန်မာဆိုတာ ကမ္ဘာအလယ်မှာ အရှက်သိက္ခာတရားတွေနဲ့ ပသတ်သတ်လာရင် စံပြုထားရတဲ့ အနေထားပါ ။ ခုတော့ ဒါတွေ အတိတ်ကာလတွေဆီမှာ ကျန်နေခဲ့ပြီလား ။ မဖြစ်သင့်ပါဘူး ။ မကျန်ခဲ့ပါစေနဲ့ ။ လှပတဲ့ အနာဂတ်တွေအထိ မြန်မာမိန်းကလေးတွေရဲ့ အရှက်သိက္ခာတရားတွေကို တန်ဖိုးရှိစွာ ဆက်လက်ထိန်းသိမ်းပေးကြပါ ။ ခေတ်မှီခြင်းနဲ့ ခေတ်ပျက်ခြင်းကို ခွာခြားစွားနားလည်ပေးကြပါ ။ တန်ဖိုးဆိုတဲ့ စကားလေးကို သေချာ နားလည်စွာ သဘောပေါက်အောင် တွေးတောကာ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ်ကမ္ဘာအလယ်မှာ ခေါင်းမော့ ရင်ကော့နေနိုင်ကြပါစေလို့ မှန်ကန်စစ်မှန်သော စေတနာကို အရင်းခံကာ ဆုတောင်းပေးလိုက်ပါရစေ ။
ခိုင်လေး (ရွှေတောင်)
Wednesday, December 12, 2012
ရွှေမြန်မာဥယျာဉ် မိသားစုနှင့် မနောရွှေစင် ပရဟိတတို့မှ မီးလောင်ဗုံးသင့် သံဃာတော်တို့အတွက် အလှူငွေ ပေးအပ်ပြီးစီးခြင်း
ရွှေမြန်မာဥယျာဉ် မိသားစုနှင့် မနောရွှေစင် ပရဟိတတို့မှ မီးလောင်ဗုံးသင့် သံဃာတော်တို့အတွက် အလှူငွေ ပေးအပ်ပြီးစီးခြင်း
 ရွှေမြန်မာဥယျာဉ် မိသားစုနှင့် မနောရွှေစင် ပရဟိတတို့မှ မီးလောင်ဗုံးသင့် သံဃာတော်တို့အတွက် အလှူငွေ ပေးအပ်ပြီးစီးခြင်း
           ဒီကနေ့ ၂၀၁၂ ခုနှစ် ၊ ၁၂ လ ၊ ၁၂ ရက်နေ့ ဖြစ်တဲ့အတွက် ထူးခြားတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါတယ်။ ထို့အတူ ရွှေမြန်မာဥယျာဉ် မိသားသားစုမှလည်း ထူးခြားတဲ့ နေ့ကလေးနဲ့ အညီ လက်ပံတောင်းတောင်  မီးလောင်ဗုံးသင့် သံဃာတော်အရှင်သူမြတ်များအတွက် အလှူဒါန ပြုခဲ့ကြပါတယ်။
           ဒီအလှူပွဲမှာ ရွှေမြန်မာဥယျာဉ် မိသားစုက လှူဒါန်းငွေ စုစုပေါင်း ၃၀၀၀၀၀ိ/- (ကျပ်သုံးသိန်းတိတိ) နှင့် ရွှေမြန်မာဥယျာဉ် မနောရွှေစင် ပရဟိတအသင်းမှ လှူဒါန်းငွေ စုစုပေါင်း ၂၅၀၀၀၀ိ/- (ကျပ်နှစ်သိန်းငါးသောင်းတိတိ) ကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှတဆင့် သွားရောက် လှူဒါန်းခဲ့ကြပါတယ်။
လှူဒါန်းမှု အစုစုအတွက် သာဓုခေါ်နိုင်ရန် အလှူရှင်များစာရင်းနှင့် မှတ်တမ်းဓါတ်ပုံများကို တင်ပြပေးလိုက်ပါတယ်။
အာကာမိုးနိုင်+မသဇင်မာ                         RM 100
ညီလင်းနိုင်                                         RM   50
ဆန်းထက်အောင် နှင့် ကိုဟန်ထွန်း             RM 150
ဒီဇင်ဘာဘွိုင်းလေး နှင့်ဇနီး                      RM 50
ကျော်ဇင်                                          RM  100
-------------------------------------      ၁၂၀၀၀၀ ကျပ်
ခိုင်မာ (khaingmar)                        ၆၀၀၀၀ ကျပ်
တောသူမလေး                               ၂၀၀၀၀ ကျပ်
ကိုဝင်းထွဋ်ဦး+မခိုင်ဇာအောင်              ၂၀၀၀၀ ကျပ်
ကျော်ဇင်ဦး+မနှင်းအေးလွင်                ၁၀၀၀၀ ကျပ်
မိုးတိမ်       + ဇော်ချစ်သူ                  ၁၀၀၀၀ ကျပ်
ဥယျာဉ်မှူးလေး                              ၁၀၀၀၀ ကျပ်
မနှင်းအေးလွင်နှင့် သူငယ်ချင်းများ         ၁၀၀၀၀ ကျပ်
ချောချော                                      ၁၀၀၀၀ ကျပ်
ကြာဖြူနွယ်(ဆုံဆည်းရာ)                    ၁၀၀၀၀ ကျပ်
GOODBYE                                   ၁၀၀၀၀ ကျပ်
မြူနှင်းမှုန်                                    ၁၀၀၀၀ ကျပ်
အလှူငွေ ပေးအပ်နေစဉ်
နာရေးကူညီမှုအသင်းမှ လိုက်လံရှင်းပြသနေစဉ်
ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံ ရယူစဉ်
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် စကားစမြည်
အလှူငွေ ပေးအပ်ပွဲ တက်ရောက်ခဲ့ကြသူများ
ချောချော ၊ မြူနှင်းမှုန် ၊ မိုးတိမ် ၊ အရှင်ခေမာစာရ ၊ ဥယျာဉ်မှူးလေး ၊ ကျော်ဇင်ဦး ၊ goodbye ၊ ရဲဇော်ကို
ဥယျာဉ်မှူးလေး
Monday, December 10, 2012
ပုံတူကူးသူတွေ မဖြစ်ပါစေနဲ့
 ဒီနေ့ထွက်တဲ့ ( 5.1.2013 ) Women's World Journal ပါဆောင်းပါးလေးပါရှင် ။
ပုံတူကူးသူတွေ မဖြစ်ပါစေနဲ့
Like · · Promote ·
ရွာချင်တဲ့အချိန်ရွာချတတ်တဲ့ မလေးရှားနိုင်ငံရဲ့ မိုးရေစက်တွေကို ငေးမောရင်း ရင်ထဲကို ပထမဆုံးဝင်ရောက်လာတာကတော့ လွမ်းမောတမ်းတခြင်းပါ ။
လွမ်းမောခြင်းဆိုတဲ့ ဆွေးမြေ့တဲ့ ခံစားချက်ထဲကို ထဲထဲဝင်ဝင် မရောက်သွားမှီ အသိဆိုတဲ့ သတိပေးခေါင်းလောင်းလေးက အချက်ပေးလာတယ် ။
ဆက်လွမ်းနေရင် နင်ငိုရတော့မယ် ။ ရပ်လိုက်တော့ ။ အဓိပာယ်ရှိတဲ့ အတွေးလေးတွေကို ပြန်ခေါ်စမ်းဆိုတဲ့ သတိပေးမှုကြောင့် တွေးတောမှု ခေါင်းစဉ်လေး
ပြောင်းလဲ သွားရပါတော့တယ် ။ ကျွန်မဖတ်ဖူးတဲ့စာလေးလိုပေါ့ ။ ဘ၀ဆိုတာခဏပါ ။ဒီလိုဘဲ ဝေဒနာဆိုတာလည်း ခဏပါဘဲ ။ခံစားမှုအားလုံးဟာ ဖြစ်ပေါ်လာပြီးရင်
ပျောက်ကွယ်ပြီးဆုံးသွားကြမှာချည်းသာ။ ကျွန်မတို့ မိဝေးဖဝေး ကိုရောက်တယ် ။ အိမ်ကို လွမ်းတိုင်း ငိုနေလို့ ပြန်လို့ရတာလည်းမဟုတ်ပါဘူး ။ လွမ်းတိုင်းငိုမယ့် အစား
အကြိုးရှိစေမယ့် အရာလေးတွေကို လုပ်နေခြင်းဟာ ပိုလို့ အကျိုးသက်ရောက်စေပါတယ် ။
ရင်ဆိုင်နေရတဲ့ အခက်ခဲ စိတ်ဖိစီးမှုတွေကို အရှုံးမပေးဘဲ အံတုရင်ဆိုင်ဖို့ အတွက် မိမိတို့ စိတ်အာရုံတွေကို စိတ်ချမ်းသာအောင် ပျော်ရွင်လာအောင် မိမိတို့ ကိုယ်တိုင်
ဖန်တီးပုံဖော်တတ်ဖို့ လိုအပ်ပါတယ် ။ စိတ်ဖိစီးမှုတွေ အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခါတိုင်း မိမိတို့ အနှစ်သက်ဆုံးလုပ်ဆောင်ချက်လေးတွေနဲ့ မိမိစိတ်ကို
ပျော်ရွင်အောင် ဖန်တီးရပါ့မယ် ။ သီချင်းကြိုက်တဲ့ သူက သီးချင်းအကျယ်ကြီး ဖွင့် လိုက်အော်ဆိုလိုက် ။ စာဖတ်တာ ၀ါသနာပါတဲ့သူက စာကောင်းလေးတွေ ရွေးဖတ်နေမယ်
ဆိုရင် စိတ်ကိုလည်း လန်းဆန်းစေမယ် ။ အသိပညာဗဟုသုတတွေကိုလည်းရရှိစေပါတယ် ။ မိမိတို့ နှစ်သက်ရာလေးတွေက စိတ်ကို ပြန်လည် လန်းဆန်းသွားစေပြီဆိုရင်
တော့ ပုံမှန်လည်ပတ်နေကြအလုပ်တွေကို စိတ်လက်ပေါ့ပါးစွာနဲ့ အောင်မြင်စွာ စွမ်းဆောင်သွားနိုင်မှာဖြစ်ပါတယ် ။
ဘယ်အရာမဆို လိုချင်တာရှိရင် ပေးဆပ်ရငှ်းနီးမှုဆိုတာလည်း ရှိရစမြဲပါ ။ လူ့ဘ၀မှာ အောင်မြင်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူးကွာဆိုတဲ့ အားလျော့တဲ့ ပျော့ညံ့တဲ့
အတွေးခေါ်တွေကို ဘယ်တော့မှ မထည့်ထားပါနဲ့ ။ ဖြစ်ချင်တဲ့ အရာတိုင်းကို  ဒီအလုပ်ကို ငါဖြစ်အောင်ကို လုပ်နိုင်တယ်ဆိုတဲ့ ခိုင်မာရင့်ကျက်တဲ့  ဆုံးဖြတ်ချက်နဲ့ မဖြစ်
ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးကို မွေးမြူပါ ။ မိမိ ကိုယ်ကိုကိုယ် စိတ်ဝင်စားပါ ။ ကျွန်မတို့ဆီမှာ သိထားတာတွေ တတ်ထားတာတွေ အများကြီးရှိနေပါတယ် ။ အသုံးမချလို့
အရာမထင်တာတွေ ဖြစ်နေတတ်ပါတယ် ။ ကျွန်မတို့ဆီမှာ ရှိနေတဲ့ အရည်သွေးတွေကို အရာထင်လာအောင် အသုံးချတတ်ရမယ် ။ သေချာလုပ်မှ သေချာသိလာမယ် ။
အကျိုးရှိတာကို ကိုယ်တိုင်သိမြင်လာတဲ့ အခါမှာ အလုပ်ထဲမှာ လေးနက်စွာ စိတ်ဝင်စားလာပါတယ် ။ စိတ်ဝင်စားမှုက အောင်မြင်ခြင်းတွေကို သယ်ဆောင်ပေးပါတယ် ။ အောင်မြင်မှု
က ပျော်ရွင်စိတ်ချမ်းသာခြင်းတွေဆီကို  ထပ်ဆင့်ခေါ်ဆောင်သွားကြပါတယ် ။
ပျော်ရွင်စရာတွေနဲ့ ပြည့်စုံလာတဲ့ သူဟာ ရည်မှန်းချက်တွေ အထမြောက်စေပါတယ် ။ ရည်မှန်းချက်တွေ ပုံပေါ်လာလို့ ရှေ့ဆက်လို့ အသစ်သစ်သော ရည်ရွယ်ချက်တွေကိုလည်း တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်လာပါတယ် ။ နောက်တစ်ခု သတိထားသင့်တာက တချို့တချိုကသော သူတွေက သူများပြောတာကို သိပ်ကို နားယောင်လွယ်တတ်ကြပါတယ် ။ လူတစ်ယောက် သူအလုပ်က ဘယ်လောက်အောင်မြင်ကြောင်း အဆင်ပြေကြောင်းတွေ ပြောပြလို့ ဖြစ်ဖြစ် ၊ မြင်တွေ့နေရလို့ဘဲ ဖြစ်ဖြစ် အားကျအတုယူကာ လိုက်လုပ်တတ်ပါတယ် ။ ဒီနေရာမှာ ကျွန်မတို့တွေးသင့်တာက လူတစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာတွေ မတူညီကြဘူးဆိုတာရယ် ၊ အကျိုးပေးခြင်းနဲ့ ကွာခြားတတ်ဆိုတဲ့ အချက်ကို မမေ့ထားသင့်ပါဘူး ။ အရေးကြီးဆုံးက မိမိကိုယ်တိုင် ၀ါသနာပါရဲ့လား ၊ ဒီအလုပ် နဲ့ ပတ်တသ်ပြီး ဘာတွေ တတ်ထားလည်း
ဆိုတာကို မိမိကိုယ်ကို စမ်းစစ်တတ်ဖို့ပါဘဲ ။ အဓိက ကတော့ ကိုယ်ကိုကိုယ် သေချာ စမ်းစစ်တတ်ဖို့ပါ ။
။ 
လိုချင်တာကို ရတာကတော့ အောင်မြင်မှုပေါ့ ။
ရတာကိုတော့ ကျေနပ်တတ်မှ ပျော်ရွင်မှုကို ရတယ် ။
                                                  ချစ်နိုင် ( စိတ်ပညာ)
ဘယ်သူကိုမှ ပုံတူကူးမချမိပါစေနဲ့ ။ မိမိဟာ မိမိပါဘဲ ။ ကိုယ်လမ်းကို ကိုယ်ရည်မှန်းချက် မှန်ကုန်စွာနဲ့ လျှောက်လှမ်းတတ်ဖို့ နဲ့ မိမိတို့ ရည်ရွယ်ချက်တွေကို ယုံကြည်စွာနဲ့ ရောက်အောင်လုပ်ဆောင်တတ်ရပါ့မယ် ။ ဘ၀ခရီးတွေကို လျှောက်လှမ်းရင်း လဲကျခဲ့ရင်တောင် ချက်ချင်း ပြန်လည်ထူမတ်နိုင်အောင် ကြိုးစားရပါ့မယ် ။ ကြုံဆုံလာရတဲ့ ပြသနာတွေကိုလည်း မိမိကို စာမေးပွဲ စစ်နေတယ်လို့ သဘောထားကာ အောင်မြင်အောင် အတတ်နိုင်ဆုံးဖြေဆိုသင့်ပါတယ် ။ စိတ်ခေါ်မှု အမျိုးမျိုးကို အံ့တုရင်ဆိုင်သူတွေဟာ နောက်ဆုံးမှာ အောင်မြင်မှုတွေကို လက်ဝယ်ပိုင်ပိုင် ရရှိပိုင်ဆိုင်ကြရစမြဲပါ ။
ဘယ်နေရာ ဘယ်အလုပ်မှာဘဲဖြစ်ဖြစ် စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ မိမိကိုယ်ကို လပ်ပြာသန့်အောင်နေထိုင်တတ်ဖို့က အထူးအရေးကြီးပါတယ် ။ လိပ်ပြာသန့်ဖို့ဆိုရင်တော့ ရိုးသားဖြောင့်မှန်ခြင်းရှိဖို့ အထူးလိုအပ်ပါတယ် ။ သူတစ်ပါးကို စိတ်ဝင်စားလွန်ကဲခြင်းက  မလိုမုန်းတီးခြင်းစိတ်တွေကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါသေးတယ် ။ ဒီတော့ မိမိကိုယ်ကိုကိုယ်ဘဲ စိတ်ဝင်းစားပါ ။ ဒီနေ့ ငါနဲ့ မနက်ဖြန် ငါ မတူစေရဘူးဆိုတဲ့ စိတ်မျိုးကို မွေးမြူတတ်ရပါ့မယ် ။ ဒီနေ့ ငါထက် မနက်ဖြန်ငါဟာ ပိုတော်ရမယ် ။ ပိုတတ်ရပါ့မယ် ။
 အတွေးတွေ ဖြန့်ကျက်နေလိုက်တာ မိုးတောင် တိတ်သွားပြီ ။ စောစောပိုင်းက အိမ်ကိုလွမ်းတတ်တဲ့ စိတ်ကို စိတ်ထဲဆက်ထည့်ထားမိမယ်ဆို ကျွန်မမိုးတိတ်တဲ့ခုချိန်ထိငိုနေမိမှာ အသေချာပါပဲ ။ ငိုမိတော့မယ့် စိတ်ကို အကျိုးရှိစေမယ့် အတွေးတွေဘက်ကို ကူးပြောင်းလိုက်ချိန်မှာတော့ ခုလို စေတနာဆောင်းပါးလေး တစ်ခု အသက်ဝင်လာပါတော့တယ် ။ လူသားတိုင်း ၊ မိဝေး ဖဝေးရောက်နေသူ ညီမငယ် မိန်းကလေးတွေကို လူ့ဘ၀မှာနေရတဲ့ အချိန်လေးမှာ တန်ဖိုးရှိရှိ လူပီတစွာ နေတတ်စေလိုသော  * ဧတေန သစ္စ၀ဇေန  -  မှန်ကန်သော ကျွန်မရင်ထဲက သစ္စာစေတနာကြောင့် နေရတဲ့ လူဘ၀လေးမှာ လူပီတစွာ တန်ဖိုးရှိရှိ နေထိုင်သွားနိုင်ကြပါစေရှင်။
ခိုင်လေး ( ရွှေတောင် )
ဆောင်းပါးလေး ဖြစ်တည်စေဖို့ အစပြုစေခဲ့တဲ့ ဆရာ ချစ်နိုင် ( စိတ်ပညာ ) စာအုပ်လေး နဲ့ တကွ ရေးသားသူ ဆရာ ချစ်နိုင် ( စိတ်ပညာ ) ကိုပါ အထူးကျေးဇူးတင်ရှိပါတယ် ။
Wednesday, December 5, 2012
အနာဂတ်ဘ၀ လှလှလေးတွေကို အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်ကြသော မြန်မာအမျိုးသားကောင်းတွေ ဖြစ်ကြပါစေ
အနာဂတ်ဘ၀ လှလှလေးတွေကို အကောင်းဆုံး
ပုံဖော်ဖန်တီးနိုင်ကြသော မြန်မာအမျိုးသားကောင်းတွေ ဖြစ်ကြပါစေ
ရွှေမြန်မာ ဥယျာဉ်မိသားစုဝင် မန်ဘာဝင်အားလုံး မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေလို့ ဦးစွာပထမ နူတ်ခွန်းဆက်ပါရစေပါရှင် ။
ဒုတိယအကြိမ်မြောက် ရွှေမြန်မာဥယျာဉ် စာပေဟောပြောပွဲလေးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အတွက်လည်း အရမ်းကို ပီတိဖြစ်ရပါတယ် ။
တကယ့်ကို စာရေးကောင်းတဲ့ အကိုတွေ အမတွေနဲ့ အတူတူ ပြောခွင့်ရတဲ့အတွက်လည်း ၀မ်းသာ ကြည်နူး အားတက်မိပါတယ် ။
ဒီနေ့ စာပေဟောပြောပွဲမှာ ခိုင်လေးပြောဖို့ အကြောင်းအရာလေးကို  တော်တော်ကိုရွေးချယ်ခဲ့ရပါတယ် ။
ခုတလော မလေးရှားရောက်နေတဲ့ ယောကျာင်္းလေးတွေရဲ့ လူနေဘ၀ ခံယူချက်တွေကို ခိုင်လေး စိတ်ဝင်တစားလေ့လာမိနေပါတယ် ။
ပထမဆုံး  ခိုင်လေး လေ့လာ သုံးသပ်မိတာလေးကို ဆွေးနွေးပြောပြချင်ပါတယ် ။
ခိုင်လေးခုနေတဲ့ အိမ်မှာ မြန်မာယောကျာင်္းလေး 4ယောက်တိတိရှိတယ်။
နေ့တိုင်းနီးပါး သူတို့ အရက်သောက်ကြတယ်ရှင့် ။
 သူတို့ အရက်သောက်ဖို့ ခေါင်းစဉ်တပ်ကြပုံလေးတွေက တော်တော်လေး ရယ်စရာကောင်းလှပါတယ် ။
ဘယ်သူ့မွေးနေ့ရှိလို့ ၊ ဘယ်က သူငယ်ချင်းလာလည်လို့ ၊ ဘယ်တော့မှ မထပ်စေမယ့် ခေါင်းစဉ်လေးတွေနဲ့ နေ့တိုင်းလိုကို အရက်ဝိုင်းက မပြတ်ပါဘူး ။
မြန်မာပြည်မှာ နေစဉ်ကာလတွေမှာ မွေးနေ့ဆိုတာကို သတိတောင်မရကြတဲ့ ဒီကလေးတွေ မလေးရှားရောက်မှ
ကျင်းပလိုက်ရတဲ့ မွေးနေ့ပွဲတွေဆိုတာ မဆဲနိုင်အောင်ပါပဲ ။
ခိုင်လေးတွေးမိတယ်ရှင့်။
လွတ်လပ်ခြင်းဆိုတဲ့ အရသာကို ဖောဖောသီသီရရှိခံစားလိုက်ရခြင်းက ၊ ခုလိုတွေ ကိစ္စတွေ  ဖြစ်တည်ဖို့အတွက်
အခြေခံစေခဲ့မယ်လို့ ထင်ပါတယ် ။
သောက်ကြမယ်ကွာဆိုတာနဲ့ ၊ မသောက်ပါနဲ့ ဆိုတဲ့ တားမြစ်သံဆိုတာ မရှိသလောက်ရှားတဲ့ ပတ်ဝန်းကျင်မှာ ၊
လွတ်လပ်ခြင်းဆိုတဲ့ ဝေါဟာရကို အကြောင်းပြုလို့ အရက်သမားလေးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတဲ့ အရက်ကြိုက်သူတွေ  ၊
ခိုင်လေးတို့ တစ်အိမ်ထဲတင်လားလို့ လေ့လာကြည့်တော့ ဘယ်ဟုတ်မလဲရှင် ။
မလေးရှားရောက် ယောကျာင်္းလေး 70 ရာခိုင်နူန်းလောက်ကို သောက်နေကြတာပါ ။
မြန်မာတွေ ပိုက်ဆံလေးနည်းနည်း ဆုမိလာရင် ဘာဆိုင်ဖွင့်သလဲဆို အရက်ဆိုင်ပါဘဲ ။
တစ်နေ့ကုန်တစ်နေခန်း အလုပ်လုပ်ရတာမို့ ပင်ပမ်းတယ်ဆိုတဲ့ အကြောင်းပြချက် ၊
အိမ်ကိုလွမ်းလို့ပါဆိုတဲ့ အကြောင်းချက်တွေကို ခေါင်းစဉ်တပ်ကြပါတယ်။
တကယ်တမ်းကျတော့ မရေရာတဲ့ ဆင်ခြေတွေလို့ ခိုင်လေးကတော့ မြင်မိတယ်။
သောက်လိုက် ၊ သုံးလိုက် လကုန်လို့ လခထုတ်ပြီဆိုတာနဲ့ အရက်ကြွေးသမားကိုဆပ်ရတာနဲ့ လခလေးက လက်ထဲ ပြောင်သလင်းခါ ။
အိမ်ပို့ဖို့အချိန်ကျတော့ အတိုးနဲ့ချေး ။
ဒီလိုသံသရာကြောမှာ တစ်ဝဲ၀ဲလည်နေတဲ့ သူတို့တွေ ဘယ်လောက်ဘဲ နှစ်တွေကြာအောင်နေပါစေ ထူးခြားတဲ့ တိုးတက်ပြောင်းလဲခြင်းဆိုတာတွေ
နဲ့ ဝေးလို့သာနေပါတော့တယ် ။
လှပတဲ့ အနာဂတ်ဆိုတာကို ရည်ရွယ်ချက် ၊ ရည်မှန်းချက်တွေနဲ့ တည်ဆောက်ထားတယ်လို့ ခိုင်လေးကတော့ မှတ်ယူမိတယ် ။
အောင်မြင်တဲ့ လူတစ်ယောက်က သူရဲ့ ရေရှည်ရည်မှန်းချက် ပန်းတိုင်အတွက် တစိုက်မတ်မတ် ကြိုးစားသင့်တယ် ။
ငါတို့မလေးရှားကို ဘာလာလုပ်တာလည်း ။ တစ်သက်လုံး ဒီလိုဘ၀မျိုးနဲ့နေကြမလား ။
ဘယ်သူမှ မနေချင်ပါဘူး ။ မိမိတို့လုပ်နေတဲ့ အလုပ်တွေကနေ လခဆိုတဲ့ ငွေကြေးအပြင် အတတ်ပညာတွေကိုလည်း ကြိုးစားလေ့လာသင့်ပါတယ် ။
နမူနာပေါ့ရှင် .....
ကားဆေးမှုတ်စက်ရုံမှာ လုပ်တဲ့ လူတစ်ယောက် ဒါလုပ်ဆို လုပ်မယ် ၊
အချိန်တန်လခယူမယ်ဆို သာမန်စိတ်နဲ့ သာမာန်ဘ၀မှာဘဲ ထာဝရရပ်နေချင်သူလို့ ပြောနိုင်တယ် ။
အားနဲ့မာန်နဲ့ စွမ်းအားပြည့် လုပ်တတ် လေ့လာတတ်သူကျတော့ ကားဆေးမှုတ်တယ် ။
အချိန်ရရင်ရသလို ဆေးစပ်တာတွေ လေ့လာမယ် ။ ဘော်ဒီ ထုတာတွေ လေ့လာ သင်ယူမယ် ။
အချိန်တန် ကိုယ့်တိုင်းပြည် ကိုယ်ပြန်တဲ့အခါ စုဆောင်းမိတဲ့ ငွေကြေးနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို မထူထောင်နိုင်ပေဘူးလား ။
ခုတော့ အလုပ်ကပြန်တာနဲ့ ရေချိုးမယ် ၊ အရက်သောက်မယ် ။ ဟော ညဘက်သောက်တာများတော့ မနက်ကို အလုပ်ကပျက်ပါလေရော ။
ဒီမှာတင်လခတွေက အဖျက်ခံရ ။ အရက် ဘီယာဆိုတာ အလကားရနေတာတွေလည်း မဟုတ်ပါဘူး ။
ဈေးကလည်းကြီးပါပေတယ် ။ အရက်သောက်မှ လူရာဝင်တယ်လို့ ထင်နေကြတဲ့သူတွေလည်း တစ်ပုံတပင်ရှိနေပါသေးတယ် ။
သေချာမတွေးမိကြလို့ပါရှင် ။ ရေရှည်မှာ တူတူသောက်နေတဲ့ သူငယ်ချင်းတောင် လိုတာထက် ပိုလာရင် အချင်းချင်းကို ကွယ်ရာမှာ အတင်းပြောလာပါတယ် ။
ဘယ်သူမှ ငမူးကို အထင်မကြီးတတ်ကြပါဘူး ။
မြန်မာပြည်မှာတုန်းက.... မိဘအရိပ်အောက်မှာနေခဲ့ချိန်က ခုလောက်ထိ ဘယ်သူမှ နေချင်သလို နေခွင့်ရကြမှာမဟုတ်ဘူး ။
မိဘနဲ့ဝေး ၊ အုပ်ထိန်းသူ ၊ သက်ဆိုင်သူတွေနဲ့ ဝေးတဲ့နေရာဒေသတွေမှာ ရောက်နေကြသူတော်တော်များများဟာ
ကိုယ့်ကိုယ်ကို ထိန်းနိုင်တဲ့ အသက်ရွယ်တွေကို ရောက်နေကြတဲ့ သူတွေလို့ ခိုင်လေးယူဆမိပါတယ် ။
အသိဆိုတာကို သတိလေးကပ်ပြီး ကိုယ့်ကိုယ်ကို ဆင်ဆင်ခြင်ခြင် ဘာလို့မနေနိုင်ကြရတာလဲ ။
အဖြေက ရှင်းပါတယ် ။ စိတ်ရဲ့စေညွှန်ရာကို လူက အထိန်းအကွပ်မရှိ လိုက်နေလို့ပါပဲ ။
လူက စိတ်ကိုထိန်းရမယ်လို့ ခိုင်လေးကတော့ တွေးမြင်ယူဆမိပါတယ် ။
စိတ်ကစေရာအတိုင်း လူက တောက်လျှောက်လိုက်လုပ်နေသူတွေဟာ နိဂုံးမလှတဲ့ဘ၀တွေကို ပိုင်ဆိုင်ရဖို့ ရာခိုင်နှုန်းသိပ်များလွန်းပါတယ် ။
လူ့ဘ၀ဆိုတာကို တန်ဖိုးရှိစွာ ပိုင်ဆိုင်ထားပြီးရင် လူပီသအောင် နေတတ်ဖို့လိုပါတယ် ။
လူဖြစ်တိုင်း လူပီသတယ်လို့ မှတ်ယူလို့မရပါဘူး ။
လူပီသသူအဖြစ် တန်ဖိုးရှိလူသားတစ်ဦးအဖြစ် မိမိတို့ပတ်ဝန်းကျင် အသိုင်းဝိုင်းကသတ်မှတ်မှသာ လူပီသသူတစ်ဦးဖြစ်ပါလိမ့်မယ် ။
ဘ၀ဆိုတာ ကိုယ်ဖန်တီးသလို ဖြစ်ချင်မှ ဖြစ်တတ်ပေမယ့် အဆိုးဆုံးမဖြစ်သွားအောင်တော့ မိမိကိုယ်ကို မိမိသာ ထိန်းသိမ်းရပါလိမ့်မယ်  ။
ဘ၀ဆိုတာကို မကျေမနပ်ဖြစ်တိုင်း ပရမ်းပတာ မပေါက်ကွဲသင့်သလို ၊ ဘ၀ကို အရမ်းကာရော တက်ကြွလွန်ပြီး မိုးကိုဒူးနဲ့လည်း မတိုက်သင့်ပါဘူး။
မိမိတို့ ဘာအတွက်လာတယ် ၊ ဘယ်လို ရည်ရွယ်ချက် ဦးတည်ချက်တွေနဲ့ သူများနိုင်ငံကို ရောက်လာတယ်ဆိုတာကို မမေ့ထားသင့်ပါဘူး  ။
အပျော်ပျော်ဆိုတာကနေ အပျက်ပျက်ဆိုတဲ့ ဘ၀တွေဆီကို ဦးတည်မသွားကြဖို့ သိပ်ကိုအရေးကြီးပါတယ် ။
ကိုယ့်ကိုကိုယ် သတ်မှတ်ချက် စည်းကမ်းလေးတွေနဲ့ သိက္ခာရှိရှိ တန်ဖိုးရှိရှိ ရပ်တည်နေထိုင်တတ်ဖို့ သိပ်ကို အရေးတကြီး လိုအပ်ပါပေတယ် ။
ကိုယ့်ကိုကိုယ်တောင် ဦးမဆောင်နိုင်သူတစ်ယောက်က မိမိတို့ မိသားစု ဘ၀တွေကို ဘယ်လိုဦးဆောင်မလဲ ။
မိမိတို့ ရရှိလာမယ့် လက်ရှိ ရှိနေဆဲဖြစ်မယ့် ရင်သွေးငယ်တွေရဲ့ အနာဂတ်တွေကို ဘယ်လိုပုံဖော်ဖန်တီး ကြမလဲဆိုတာတွေ အထိ
လေးလေးနက်နက် တွေးတော ဆင်ခြင်သင့်ပါတယ် ။
မိဝေးဖဝေး  မိသားစုတွေနဲ့ ရေမြေတွေခြားပြီး အလုပ်လာလုပ်ကြတာ အရက်သောက်ဖို့ သက်သက်လာကြတာလား ။
အရက်ဖိုးလာရှာကြတာလား ဆိုတဲ့အချက်လေးတွေကို သုံးသပ်ဆင်ခြင်စေချင်ပါတယ် ။
နောက်ဆုံး အရက်ရောင်းတဲ့သူတွေသာ ချမ်းသာသွားမယ် မိမိတို့ဘ၀တွေကတော့ ဒုံရင်းကဒုံရင်းအဖြစ်နဲ့ ဘ၀နိဂုံးချုပ်ချင်နေကြပါသလား ။
 ဖြစ်ချင်တာဖြစ်ပါစေကွာဆိုတဲ့ သေးသိမ်ညံ့ဖျင်းတဲ့ အတွေးတွေရှိနေမယ်ဆို ဟိုးအဝေးကို မြန်မြန်လေးသာ မောင်းထုတ်လိုက်ကြပါ ။
ဘ၀ဆိုတဲ့ လမ်းခရီးကို လျှောက်လှမ်းတဲ့နေရာမှာ လဲကျသွားခဲ့ရင်တောင် ပြန်လည်ထူမတ်နိုင်အောင် မိမိကိုယ်ကို အားယူထရမှာဖြစ်ပါတယ် ။
ထူမတ်နေပြီးသားဘ၀တွေကို အလဲလဲ အပြိုပြို ဖြစ်အောင် မိမိကိုယ်တိုင် ဖျက်ဆီးသူမဖြစ်စေဖို့ အထူးလိုအပ်ပါတယ်။
ဘ၀တစ်သက်တာ စိတ်ချမ်းသာပျော်ရွှင်ချင်ရင် မိမိလိပ်ပြာ မိမိသန့်ဖို့ လိုအပ်ပါတယ် ။
မိမိလိပ်ပြာ မိမိသန့်ဖို့ဆိုတာ ကိုယ်တိုင်ဖန်တီး ပုံဖော်တဲ့ ဘ၀တွေ တန်ဖိုးရှိစွာ ဖြစ်တည်နေဖို့ အထူးလိုအပ်ပါတယ် ။
မိမိကိုယ်ကို လေးစားနိုင်မှု တည်ဆောက်နိုင်ရပါ့မယ် ။
ကိုယ်လုပ်နေသော လုပ်ရပ်သည် မှန်သလား မှားသလားဆိုတဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အသိလေးတစ်ခုကို မမေ့မလျော့ သတိထားဆင်ခြင်သင့်ပါပေတယ် ။
အခက်ခဲ အတားဆီးတွေကို အရက်သောက်ခြင်းဆိုတဲ့ ထွက်ပေါက်မျိုးမပေးဘဲ ခိုင်မာသော စိတ်ဓာတ်နဲ့ ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လေ့ကျင့်ရမယ် ။
အနာဂတ်မဲ့သော.......  ဖြစ်ချင်တာတွေ ဖြစ်ဆိုတဲ့ ဘ၀မျိုးတွေကို မရောက်ရအောင် ရှောင်ကျဉ်ရပါမယ် ။
အကြောင်းပြချက်ဆင်ခြင်တွေနဲ့ အကြောင်းအမျိုးမျိုးပြ အရက်သောက်နေသူတွေသည် အရှက်မဲ့မာယာသုံးနေသူတွေလို့ မြင်မိပါတယ် ။
လူရယ်လို့ဖြစ်လာပြီး လူ့တန်ဖိုးမှ နားမလည်ဘူးဆိုရင် သွားပြီပေါ့ရှင် ။ ဘ၀တန်ဖိုးကို သေချာ နားလည်စွာဖြင့်
အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်ရှင် ။
ခိုင်လေး စာလေးလည်း တော်တော်လေးရှည်သွားပြီ ။ ဆက်ပြောရမယ်ဆို အများကြီးရှိနေပါသေးတယ်။
သို့သော်လည်း ဖတ်စရာ အကိုတွေ အမတွေ စာတွေရှိနေသေးတာမို့ ခုခိုင်လေးပြောခဲ့သောဆွေးနွေးချက်လေးတွေကို
ဆက်လက်ဆင့်ပွား တွေးတော နားလည်နိုင်ကြပါစေ ။
အားလုံးသော လူသားတွေကို တန်ဖိုးရှိသော လူပီသ သူတွေဖြစ်စေလိုသော * ဧတေနသစ္စ၀ဇ္ဖေန * .. မှန်ကန်သော သစ္စာစကားစေတနာတွေကြောင့် ၊
ဦးတည်ချက် ရည်ရွယ်ချက်ဆိုတာတွေကို မမေ့မလျော့ပဲ မိမိတို့လိုရာပန်းတိုင်တစ်ခုကို မရောက်ရောက်အောင် မဖြစ်မနေ ချီတက်မယ်ဆိုတဲ့ ၊
ခိုင်မာတဲ့ စိတ်ဆန္ဒတွေနဲ့ သိပ်ကိုတန်ဖိုးရှိတဲ့ အနာဂတ်ဘ၀ လှလှလေးတွေကို အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်ကြသော မြန်မာအမျိုးသားကောင်းတွေ ဖြစ်ကြပါစေလို့ ၊
ဒီနေရာ စာပေဟောပြောပွဲဘလော့လေးကနေ လေးနက်စွာဆုတောင်းပေးလိုက်မိပါတယ်ရှင် ။
http://narlalhmumyotaw.blogspot.com/
http://www.facebook.com/khinezar.aung.3
ခိုင်လေး ( ရွှေတောင် )
Sunday, November 18, 2012
45.Good Bye ချစ်သူ ..........၀ထ္ထုတို
 Good Bye ချစ်သူ ..........၀ထ္ထုတို
နှလုံးသားခံစားချက် ဆိုတာ သိပ်ကို ဖြူစင်လွန်းပါတယ် ။ လူတစ်ယောက်ကို ဖျက်ခနဲ တွေ့လိုက်ယုံနဲ့လည်း ရူးရူးမူးမူး ချစ်မိသွားစေနိုင်ပါတယ် ။ အကြောင်းပြချက်တွေ ၊ ဝေဖန်ပိုင်းခြားနိုင်ခြင်းတွေ ပါဝင်ချင်မှ ပါဝင်မယ် ။ ဒါပေမယ့် ရင်ခုန်ခြင်းက စစ်မှန်တယ် ။ ချစ်ခြင်းက မှန်ကန်တယ် ။ အချစ်စစ်ပေါ့ ။ ဘ၀တစ်ခုလုံးနဲ့ ဆိုင်တဲ့အခါမှာတော့ ချစ်ခြင်းတစ်ခုထဲကို ခံစားပျော်ဝင်နေလို့ မရတော့ပြန်ပါဘူး ။ ရင်နှင့်အမျှ ခံစားချစ်မိခဲ့ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ ရင်နာစွာနဲ့ နောက်ဆုတ်ကျောခိုင်းခဲ့ရတဲ့ ချစ်သူစုံတွဲတွေ ဒုနဲ့ဒေး ရှိနေကြမှာပါ ။ တစ်ချို့ တစ်ချို့တွေက ပြောတတ်ကြပါတယ် ။ သတ္တိမရှိရင် အစကတည်းက မချစ်ခဲ့နဲ့ပေါ့တဲ့ ။ အထက်က ပြောခဲ့သလိုပါဘဲ အချစ်ဆိုတဲ့ ခံစားမှုလေးက ဖြူစင်တယ်လေ ။ ရုတ်တစ်ရက် ဖျက်ခနဲ ဖြစ်ပေါ်လာတဲ့ စစ်မှန်တဲ့ ချစ်ခြင်းတစ်ခုကို တွန်းလှန်နိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲလွန်းပါတယ် ။ တွန်းလှန်နိုင်သော်လည်း ရှားပါးပါလိမ့်မယ် ။ ချစ်နေလျှက်နဲ့ ဘယ်လိုမှ ညှိနှိုင်း လို့အဆင်မပြေတဲ့ အကြောင်းအရာတွေကြောင့် ရင်နာနာနဲ့ လမ်းခွဲကျောခိုင်းလိုက်ရတဲ့ ချစ်သူတွေ ထဲမှာ ဝေလွင်တို့စုံတွဲလေးလည်းအပါဝင်ပေါ့ဗျာ ။ ကောင်းကင်ယံထက်မှာ ပျံသန်းသွားတဲ့ လေယာဉ်ပျံသံကြီးက ကျွန်တော်အတွက်တော့ မကောင်းဆိုးရွားတစ်ကောင်လိုပါဘဲ ။ သိပ်ချစ်ရတဲ့ ချစ်သူလေးကို ခေါ်ဆောင်သွားတဲ့ လေယာဉ်ပျံသံကြီးကို အသားလွတ် စိတ်နာနေမိတယ် ။ မှုံဝါးဝါးတာ မြင်တွေ့ရတော့တဲ့ လေယာဉ်ပျံကြီးကို ဆက်လက်ငေးမောနေမိပါတယ် ။ သိတတ်စအရွယ်ထဲက ဘယ်တုန်းကမှ မငိုခဲ့တဲ့ ကျွန်တော်ပါးပြင်ပေါ်မှာ မျက်ရည်ပူတွေ စီးကျနေမိပါပြီ ချစ်သူ ။ အတားဆီမဲ့စွာ ကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်ဖို့လဲ သတိမရပါဘူး ။ မမြင်ရတော့တဲ့ လေယာဉ်ပျံကြီးကိုသာ အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိပါသည်။ ကြည့်နေရင်း အတိတ်ကာလက ကြည်နူးစရာ ပုံရိပ်တွေက မျက်လုံးထဲမှာ ရုပ်ရှင်ပိတ်ကားတစ်ချပ်လို အစီစဉ်လိုက် ပြန်လည် မြင်ယောင်လာပါတော့သည် ။ ****************************************** မြန်မာပြည်ကနေ မလေးရှားနိုင်ငံလေးကို ခုမှရောက်လာတဲ့ ကျွန်တော်အတွက် မြင်တွေ့သမျှက အထူးဆန်း အသစ်ဆန်းတွေချည်းပါဘဲ ။ ကျွန်တော် အလုပ်လုပ်ရတဲ့ စက်ရုံမှာက မြန်မာဆိုလို့ 3ယောက်ဘဲ ရှိတယ် ။ မိန်းကလေးတွေလည်းများတယ် ။ မိန်းကလေး အများစုသည် ကမ္ဘောဒီးယား လူမျိုးတွေ များပါတယ် ။ မြန်မာကတော့ ယောကျာင်္းလေးတွေချည်း ကျွန်တော်အပါဝင် သုံးယောက်ပေါ့ ။ ဒီမှာ ကျွန်တော်ကို သံယောဇဉ်နှောင်ကြိုးတွေ ရစ်ပတ်နှောင်ဖွဲ့စေမယ့် ကောင်မလေးကို ဆုံတွေ့ခဲ့ရပါတယ် ။ မလေးရှား ရောက်ကာစဆိုတော့ မလေးစကားဆိုတာလည်း ဘာမှန်းကို မသိပါဘူး ။ လက်ဟန်ခြေဟန်တွေနဲ့ စကားပြောနေရတဲ့ အချိန်မျိုးပေါ့ ။ ဒီအချိန်မှာ အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ပြုံးပြတတ်သူ ကမ္ဘောဒီးယားမလေးကို သတိထားမိပါတယ်။ သူအလုပ်လုပ်တဲ့ QC ခန်းထဲကို ပစ္စည်းဝင်ရှာတဲ့ အချိန်တိုင်း ကျွန်တော်ကို သေချာလိုက်ကြည့်နေတတ်သူလေးပါ ။ မျက်လုံးချင်းစုံပြီဆိုတာနဲ့ အပြုံးချိုချိုလေးတွေနဲ့ ပြုံးပြတတ်ပြန်ပါတယ် ။ သူမလေးကို စကားပြောချင်ပေမယ့် သူဘာသာစကားကိုလည်းကိုယ်ကမတတ် ။ ကြားခံမလေးစကားကိုလည်း မပြောတတ် ။ ဒီလိုနဲ့ တိုင်ပတ်နေတဲ့ ကျွန်တော် သူမလေးကို သံယောဇဉ်ကြိုးတွေ တွယ်ညှိလို့လာပါတော့သည်။ နေမြင့်လေ အရူးရင့်လေဆိုတဲ့ စကားပုံက ကျွန်တော်အတွက် ပြောခဲ့သလိုတောင် ဖြစ်လာပါတော့တယ် ။ ဒီနေ့တော့ ကျွန်တော်သူကို အင်္ဂလိပ်လို စကားသွားပြောမယ်လို့ ဆုံးဖြတ်ထားလိုက်တယ် ။ နေ့လည် ထမင်းစားချိန်မှာ ထမင်းကို အမြန်စားကာ သူမ အနားကို တိုးကပ်သွားမိပါသည် ။ သူမလေးက ထမင်းစားပြီးလို့ ဂီမ်းဆော့နေတဲ့ အချိန်ပေါ့ ။ သူမအနားမှာ လူရိပ်တစ်ခု ကျလာတာကြောင့် မျက်လွှာလေးပင့်ကာ မော့ကြည့်လာတယ် ။ ကျွန်တော်လည်း ဖရိုဖရဲ မလုံမလဲအပြုံးတစ်ခုကို တန်ဆာဆင်ကာ
 Hello!
 Hello!
 Have you had your dinner?
 Yes, I have finished my lunch.
 What’s your name?
A chine
Are you married?
 No, I am single.
 သူမလေးကလည်း ဖော်ရွေစွာ ပြန်လည်နှုတ်ဆက်တာမို့ အရမ်းကို ပျော်ရွင်မိပါတယ် ။ သူမကလည်း အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ပါသည်။ တော်သေးတယ် ။ မလေးမလာခင် လိုလိုမယ်ဆိုပြီး နည်းနည်းပါး လေ့ကျင့်လာမိလို့ပေါ့ ။ ပြီးတော့ ဘာဆက်ပြောရမှန်းမသိတာနဲ့ နှုတ်ဆက်ပြီး သူမလေးဘေးကနေ မယောင်မလည်နဲ့ ထွက်လာလိုက်ပါတော့သည် ။ နေ့စဉ်တွေ့မြင်နေရသူတွေမို့ သံယောဇဉ်တွေ တိုးလို့ခိုင်မာလာကြပါတယ် ။ ခုဆိုရင် အင်္ဂလိပ်စကားကို တော်တော်လေးပြောတတ်နေပါပြီ။ သူမလေးနဲ့ စကားပြောချင်တာမို့ အလုပ်ကနေပြန်တာနဲ့ အင်္ဂလိပ်စကားပြောစာအုပ်တွေနဲ့ နပမ်းလုံးရပါတော့တယ် ။ အချစ်က အရာရာကို ခွန်အားတွေ ပေးစွမ်းစေပါတယ် ။ သူမလေးကို ရင်ထဲက မြတ်နိုးစွာ ချစ်မိနေပါပြီ ။ ဖြစ်သင့်တာတွေ ၊ မဖြစ်သင့်တာတွေ မတွေးနိုင်ခင်မှာဘဲ သူမကို ကျွန်တော် အရမ်းကို ချစ်မိနေပါပြီ။ အဆောင်က သူငယ်ချင်းတွေက ဘယ်လိုဘဲ တားတား အချစ်ဒီဂရီတွေက တက်နေပြီမို့ သူမလေးကို ချစ်နေကြောင်းဖွင့်ပြောကာ ချစ်ခွင့်ပန်လိုက်ပါတော့တယ် ။ သူမလေးက ကျွန်တော်ကို အစောထဲက စိတ်ဝင်စားနေသူမို့ ကျွန်တော်အချစ်တွေကို လက်ခံခဲ့ပါတယ် ။ ချစ်သူဘ၀အချိန်တွေက သိပ်ကိုချိုမြိန်လွန်းလှပနေခဲ့တယ် ။ အလုပ်ထဲလည်းတူတူမို့ အလုပ်လုပ်နေရင်းမောလာရင်တောင် ချစ်သူမျက်နှာကို ပြေးကြည့်ရတာ အမောပြော ရေအေးလေး သောက်သုံးရသလို ချစ်သူအပြုံးတွေက ချိုမြိန်လွန်းလှပါတယ် ။ ချစ်သူ သက်တမ်း တစ်နှစ်တိတိကြာတဲ့အချိန်မှာ ဘ၀တစ်ခုကို တူတူလက်တွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ ကျွန်တော်မှာက မျက်စိအလင်းကွယ်နေတဲ့ မိခင်တစ်ယောက်တာရှိတာမို့ မေမေဆီကို အလေးထား ခွင့်ပန်လိုက်ပါတယ် ။ မေမေဆီကို ဖုန်းဆက်ကာ မိန်မယူတော့မယ်လို့ ပြောတော့ မြေးချီချင်နေတဲ့ မေမေက ၀မ်းသာအားရကို လက်ခံပါတယ် ။ ဘယ်သူနဲ့ ယူမှာလဲ ကောင်မလေးက ဘယ်ကလည်းမေးတဲ့အချိန်မှာတော့ ကျွန်တော်နှုတ်ဖျားတွေ စွန့်အ သွားမိပါတယ် ။ ဘယ်လို ဖြေရမလဲ ဘယ်ကနေစပြောရမလဲ ။ ဖုန်းကိုင်ကာ ခဏတာမျှ ငိုင်သွားချိန်မှာ မေမေက* သား သား * ဆိုတဲ့ ခေါ်သံကိုကြားမှ သတိပြန်ဝင်လာပါတော့တယ် ။ ပြောရမယ့်ကိစ္စက ပြောရမှာဘဲမို့ အကြောင်းစုံ ပြောပြလိုက်မိပါတော့တယ် ။ မေမေဆီက ချက်ချင်းစကားသံ ထွက်မလာတာမို့ ရင်ထဲ ထိတ်ခနဲဖြစ်သွားလိုက်မိပါတယ် ။ သက်ပြင်းချသံတစ်ခုနဲ့ အတူ မေမေ ဆီက စကားသံတွေကို ဆက်တိုက်ကြားလိုက်ရပါတော့တယ် ။ *သား မေမေပြောပြမယ် ။ သေချာနားထောင်ပါ ။ မေမေ သဘောမတူဘူး ဆိုတဲ့ စကားတွေ မပြောချင်ဘူး ။ ပြောဖိုကလည်း အကြောင်းမရှိဘူး ။ သားက ကလေးမဟုတ်တော့ဘူးလေ။ သား ဝေဖန်ပိုင်းခြား ဆုံးဖြတ်တဲ့ နေရာမှာ မေ့နေမှာဆိုးတာလေးတွေကိုတော့ မေမေက သတိပေးချင်တယ် သားရယ် ။ လူတစ်ယောက်နဲ့ တစ်ယောက်လက်ထပ်ပေါင်းသင်းဆိုတာလေ လွယ်တယ်လို့ မထင်စေချင်ဘူး ။ ချစ်နေယုံနဲ့လည်း မပြီးသေးဘူးလေ ။ နှစ်ဘက်အသိုင်းဝိုင်းတွေ ရှိတယ် ၊ ဘာသာတရားတွေ ၊ လူမျိုးတွေ အများကြီးပါဝင်အကျုံးဝင်တယ် ။ ဘာသာမတူလည်း ဘာဖြစ်လဲ သူဘာသာ သူကိုးကွယ် ကိုယ်ဘာသာ ကိုယ်ကိုးကွယ် ပြောတတ်ကြတယ် ။ အမှန်တကယ်လက်တွေ့ ဘ၀တွေမှာ ထင်သလောက်မလွယ်ပါဘူး သားရယ် ။ ကိုယ်မျိုးဆက်တွေထိ ကြည့်ရမယ် ။ ကိုယ်နှစ်ယောက်ထဲ မဟုတ်ကြဘူးလေ ။ ရင်ကဖြစ်တဲ့ သားသမီးတွေ ရှိလာမယ် ။ ဒီအချိန်မှာ ဘယ်သူဘာသာကို ကိုးကွယ်စေချင်မလဲ ။ ဒီနေရာမှာဘဲ အငြင်းပွားကြရတော့မယ် ။ နောက်တစ်ခု လူမျိုးမတူတာ ။ ဒါပိုဆိုးသွားပြီလေ ။ လူမျိုးမတူတဲ့အတွက် ကိုးကွယ်သောဘာသာ ၊ အယူဆ ၊ ဓလေ့ထုံးစံ ၊ ယဉ်ကျေးမှု ၊ ၀တ်စားဆင်ယင်မှု ၊ အစားသောက် အများမှ အများကြီးကို မေမေ့သားလေးရင်ဆိုင်ရမယ်နော် ။ ဘ၀ဆိုတာကို ရေတို မကြည့်ဘဲ ရေရှည် ကြည့်တတ်စေချင်တယ်ကွယ် ။ ကျေးဇူးတရားဆိုတာ သိတတ်ရမယ်သား ။ သားလေးက မြန်မာပြည်မှာမွေးတယ် ။ မြန်မာပြည်ကပညာတွေကို သင်တယ် ။ မြန်မာပြည် က မိဘနှစ်ပါးက မွေးဖွားပြီး မြန်မာမြေက ဆန်စပါးတွေကို စားသုံးပြီး လူလားမြောက်လာသူတစ်ယောက်လေ ။ ဒီအတွက် မြန်မာပြည်ရဲ့ ကျေးဇူးတရားတွေ သားလေးမှာ အများကြီးရှိနေပြီ ။ ကျေးဇူးဆိုတာ မဆပ်တတ်ရင်နေပါစေ ။ ကျေးဇူးမကန်းမိပါစေနဲ့ သားရယ်။ အမျိုးဆိုတာ မဖျက်ကောင်းပါဘူး ။ အမျိုးဖျက်မိတာ ကျေးဇူးကန်းတာဘဲလို့ မေမေမြင်မိတယ် ။ နှလုံးသား စိတ်ခံစားမှုကို လူတိုင်းမလွန်ဆန်နိုင်တာ မေမေသိပါတယ် ။ ကိုယ်ချင်းလည်းစာပါတယ် ။ သားလေး သေချာ ဝေဖန်ပိုင်ခြားဆုံးဖြတ်ပါ ။ ဘာကိုလုပ်ပါလို့ မေမေ အမိန့်မပေးဘူးနော် ။ မေမေ့သားလေး မေမေပြောခဲ့တာလေးတွေကို ခေါင်းထဲ ထည့်ပြီး သေချာလေး ပြန်တွေးစေချင်တာလေးပါပဲ ။ မေမေ့သား မှာ တွေးခေါ် ဆင်ခြင်နိုင်တဲ့ စွမ်းရည်တွေ ရှိမယ်လို့ မေမေအပြည့်ဝယုံကြည်မိပါတယ် ။ ကိုယ်တစ်ယောက်ထဲ ခံစားချက်ကို မကြည့်ဘဲ နောက်လာမယ့် ကိုယ်မျိုးဆက်လေးတွေထိ သားလေးစဉ်းစားကြည့်ပေးပါ ။ မေမေပြောချင်တာ ကတော့ ကုန်ပါပြီ။ မေမေ့သားလေး နားတော့နော် * မေမေ့က တွေးစရာတွေ အများကြီးပေးပြီး ဖုန်းချသွားပေမယ့် ကျွန်တော်မှာ ဖုန်းလေးကို ကိုင်ပြီး ငိုင်တွေနေမိပါတယ် ။ မေမေ ပြောခဲ့တဲ့ စကားသံတွေ နားထဲမှာ ပဲ့တင်ထပ်နေမိတယ် ။ ခုန မေမေကို လက်ထပ်မယ့် မိန်းကလေးက လူမျိုးခြားဆိုတာကို ပြောဖို့တောင် အတော်လေး တွေဝေမိခဲ့သေးတာဘဲ ။ ဘိုးဘွား အစဉ်ဆက်ထိန်းသိမ်းထားတဲ့ မျိုးရိုးဆိုတာကို ကျွန်တော်လက်ထက်ကျမှ မျိုးရိုးဂုဏ်ဖျက်သူအဖြစ် အမှန်တစ်ကယ် ကျွန်တော်ခံယူဝင့်ပါသလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ တန်းစီဝင်ရောက်လာပါတော့တယ် ။ တစ်ညလုံးနီးပါး အလူးအလဲတွေးတော ခံစားရင်း စစ်မှန်သေချာတဲ့ အဖြေတစ်ခုကို ကျွန်တော် တွေ့ရှိခဲ့ပါတယ် ။ မိန်မသားတွေလို ရှိုက်ကြီးတငင် ငိုကြွေးခံစားရတာထက် အဆပေါင်းများစွာ ရင်နင့်အောင် ကြေကွဲခံစားရင်း သူမကို လမ်းခွဲဖို့ ကျွန်တော် အခိုင်မာ ဆုံးဖြတ်လိုက်ပါတော့တယ် ။ ချစ်သူရယ် မင်းကို ရင်နဲ့မဆန့်အောင် သိပ်ချစ်ခဲ့ပါတယ် ။ အချစ်ဆိုတာ သိပ်ကိုဖြူစင်တဲ့ နှလုံးသားခံစားချက်လေးတစ်ခုပါဘဲ ။ ရိုးသားစွာ ၊ စစ်မှန်စွာ ရင်နင့်အောင် ကို ချစ်မိခဲ့ပါတယ် ။ ဒါတွေဟာ ဘ၀တစ်ခုကို လက်တွဲဖို့ အတွက်ကျတော့ မလုံလောက်သေးဘူးကွယ် ။ အဆုံး ခုချိန်မှာ မင်းလေး နားလည်အောင် ရင်ထဲက စကားတွေကို ပြောဖို့ အတွက် ဘယ်မလဲ ဘာသာစကား ။ ကိုယ်တို့နှစ်ယောက်ကြား ကြားခံ ပြောနေခဲ့တဲ့ အင်္ဂလိပ်စကားကကော ကိုယ်တို့နှစ်ယောကို အနစ်သာရ ရှိတဲ့ ရင်တွင်းခံစားချက်တွေကို ဘယ်လို သီကုံး ပြောဆိုရမလဲကွယ် ။ နားလည်လွယ်မယ့် စကားလုံးတွေနဲ့ ချစ်သူမျက်ရည်တွေကို ရင်နာစွာ ကြည့်နေခဲ့ရတဲ့ ကို ရင်ထဲဘယ်လောက်ထိ နာကျင်နေရတယ်ဆိုတာ ဖော်ကျူးဖို့ စကားလုံးမရှိတော့ပါဘူး ။ ချစ်သူကို မြင်နေရက်နဲ့ တစ်စိမ်းတွေလို နေရမယ့် ဘ၀ကိုမခံနိုင်ဘူးဆိုပြီး သူမလေးက သူ့နိုင်ငံကို အပြီးပြန်သွားပါတော့တယ် ။ လေယာဉ်ကွင်းကို လိုက်ပို့ရတဲ့ ကျွန်တော်ခြေလှမ်းတွေက မီးပုံတစ်ခုကို နင်းလျှောက်နေရသလို ခံစားနာကျင်နေရပါတယ်ချစ်သူရယ် ။ ဘယ်တော့မှ မဆုံနိုင်တော့သလို ၊ နောက်ဘယ်တော့မှတွေ့ခွင့်မရနိုင်တော့တဲ့ချစ်သူမျက်နှာကို မျက်တောင်မခတ်ကြည့်နေမိတာ လေယာဉ်ထွက်ခွာဖို့ ကြေငြာချိန်ထိပါဘဲ ။ နောက်ဆုံး Good bye! ချစ်သူ ဆိုတဲ့ နှုတ်ဆက်စကားလေး အဆုံးမှာ ကျွန်တော်လက်ထဲက သူမလက်လေးကို ထာဝရအတွက် လက်တွဲဖြုတ်ပေးလိုက်ရပါတော့တယ်ဗျာ ။ FreeVideoCoding.com
ကျွန်မရဲ့ တစ်ပိုင်းတစ်စ အတွေးစာစုလေးများ
ကျွန်မရဲ့ တစ်ပိုင်းတစ်စ အတွေးစာစုလေးများ စိတ်ဆိုတာ အရာရာကို ထိန်းချုပ်နိုင်မယ်ဆို ဆင်ခြင်ထိန်းသိမ်းနိုင်စွမ်းရှိသူတွေ အမြှောက်အမြား ပေါ်ပေါက်လာကြမှာဘဲနော် ။ စိတ်တစ်ခုရဲ့ စေရာကို လိုက်နေကြသူတိုင်း အမှားမကင်းတတ်ကြဘူး။ ဖြစ်ချင်တဲ့ဆန္ဒတွေ အရမ်းကိုပြင်းပြနေချိန်မှာ ဆင်ခြင်နိုင်မှုဆိုတဲ့ အသိတရားတွေ ဘေးကိုရောက်ကုန်တတ်ကြပါတယ် ။ တစ်ကယ်တော့ ဘ၀ဆိုတာ သိပ်ကိုတိုတောင်းလွန်းပါတယ်။ တိုတောင်းလှတဲ့ လူဘ၀ခဏတာလေးမှာ သူများအကြောင်းတွေနဲ့ အချိန်ကုန်အပင်ပမ်းခံနေမယ့်အစား ဖြစ်သင့်တာ ၊ လုပ်သင့်တာလေးတွေနဲ့ ဦးကျော်သူပြောသလို ကိုယ်သမိုင်းကိုရေး ၊ ကိုယ်အလုပ်ကို ကိုယ်လုပ်တာ အကောင်းဆုံး ကြိုးပမ်း အားထုတ်မှု ပါဘဲ။ မပေးနိုင်ရင် ဘာမှ မပေးနဲ့ ။ ပေးမယ်ဆိုရင် တစ်ဖက်လူကို စိတ်ချမ်းသာခွင့် အပြည့်ဝ ပေးသင့်ပါတယ်။ ပစ္စည်းတစ်ခုကို ပေးတော့ ပေးပါရက် အင်္ဂါမစုံတော့ ပိုင်ဆိုင်ရတဲ့သူမှာ ပြည့်စုံမှု ရှိမနေပြန်ဘူးပေါ့ ။ အချိန်ဆိုတာ သိပ်ကိုတန်ဖိုးရှိကြောင်း အချိန်ကို တန်ဖိုးရှိစွာ သုံးတတ်ဖို့ဆိုတဲ့ အကြောင်းကို ၊ စာအုပ်ပေါင်းများစွာ မှာ ဖတ်ခဲ့ မှတ်ခဲ့ဘူးပါတယ် ။ သေသေချာချာတော့ သုံးသပ်တွေးတောခြင်းမရှိခဲ့မိပါဘူး ။ အချိန် နဲ့ ပတ်သတ်တဲ့ တွေးတောဆင်ခြင်မိခြင်းတွေ ခေါင်းထဲကို တန်းစီဝင်ရောက်လာခဲ့မိပါတယ် ။ အမိဝမ်းက ကျွတ်ချိန်က အစပြုကာ အချိန်ဆိုတဲ့ စကားလုံးနဲ့ ကျွန်မတို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ် ။ ကလေးဘ၀မှာ ကျွန်မတို့အတွက် အချိန်တိုင်း လွတ်လပ်ပေါ့ပါးနေခဲ့စေပါတယ်။ အိပ်မယ် ၊ စားမယ် ၊ အိပ်ယာက နိုးထလာရင် မိခင်နို့ရည်ကို သောက်သုံးမယ်။ နို့ဝရင်ပြန်အိပ်မယ် ။ ဒီအရွယ်က လွန်မြှောက်လာတဲ့အခါ သိတတ် ဆော့ကစားကစားတတ်တဲ့ အရွယ်ကို ရောက်လို့လာပြန်တယ်။ ဒီအရွယ်မှာတော့ အချိန်တွေကို နည်းတယ်လို့ တွေးတတ်လာပါတယ် ။ ဒီထက်ပို လူလားမြှောက်လို့လာပြန်တော့ အချိန်ဆိုတာ ကျွန်မတို့ အတွက် မလောက်ငှနိုင်လောက်အောင်ကို နည်းတယ်လို့ အားမလိုအားမရတွေ ဖြစ်တတ်လာခဲ့ပြန်တာပေါ့ ။ တန်ဖိုးရှိလှတဲ့ အချိန်တွေကို တန်ဖိုးရှိတာလေးတွေနဲ့ အချိန်ကုန်တတ်မယ်ဆို လောကတခွင် သာယာလှပနေစေမယ်ဆိုတာ တွေးကြည့်ရင် ပြေးကြည့်တာထက်တောင် သေချာပါသေးတယ်ရှင် ။ ************************************************** အချစ် နဲ့ ပတ်သတ်သော ကျွန်မကိုယ်ပိုင် စကားစုလေးများ အချစ်ဆိုတဲ့ ခံစားမှု ကိုပိုလို့ အသက်ဝင်တန်ဖိုးရှိစေဖို့ အလွမ်းဆိုတာလေးက မရှိမဖြစ်လိုအပ်ပါသည်။ လူသားနှစ်ဦး နှလုံးသားချင်းပေါင်းစပ်ဖို့အတွက်ဆို နှလုံးသားတစ်ခုကိုဘဲ ငုံ့ကြည့်သင့်ပေမယ့် ဘ၀ချင်းတွေပါ ပေါင်းစပ်ကြတော့မယ်ဆိုရင်တော့ ဦးနှောက်ကိုပါ မော့ကြည့်တတ်ဖို့ လိုအပ်ပါသည်။ ငါနှလုံးသားမြေဆီလွှာမှာ အမြစ်တွယ်နေတဲ့ မင်းကိုချစ်တဲ့ အချစ်တွေကို ဘယ်လိုအင်အားနဲ့ ဆွဲနုတ်ပစ်ရမလဲ ချစ်သူရယ် ။ 528 နဲ့ 1500 ကြားမှာ ကွာဟနေတဲ့ 972 ဆိုတဲ့ ချစ်ခြင်းမျိုးနဲ့ ငါကိုမချစ်ပါနဲ့နော် ။ ဟိုမရောက် ဒီမရောက် ချစ်ခြင်းတွေကို ငါအလိုမရှိဘူး ။ အချစ်တစ်ခု ဖြစ်တည်မွေးဖွားဖို့ အတွက် အချိန် ၊ နာရီတွေ မလိုအပ်ပါ ။ နေ့ရက် တွေလည်းမလိုအပ်ပါ ။ စံချိန် စံညွှန်းတွေလည်းမလိုပါ ။ စစ်မှန်တဲ့ ရင်ခုန်ခြင်းကအစတည်တဲ့ ချစ်ခြင်းတရားတစ်ခုတာ လိုအပ်ပါသည်။
Saturday, November 10, 2012
7.ကျွန်မဘ၀ရဲ့ ပုံရိပ်လွှာ ... ၀ထ္ထုတို
7.ကျွန်မဘ၀ရဲ့ ပုံရိပ်လွှာ ( ပထမပိုင်း )
ကျွန်မနဲ့ ပတ်သတ်ခဲ့ဖူးသော ယောကျာင်္း နှစ်ယောက် နှလုံးသား ခံယူချက်ဆိုတဲ့ ၀ထ္ထုတို
အဟောင်းလေးကို ပြန်လည် ပြင်ဆင်ထားသော ကျွန်မဘ၀ရဲ့ ပုံရိပ်လွှာ ( ပထမပိုင်း )လေးပါ။
     7.ကျွန်မဘ၀ရဲ့ ပုံရိပ်လွှာ ( ပထမပိုင်း )
   ✿•*¨`*•. (¯`v´¯) (¯`v´¯) .•*¨`*•✿.
*** ကျွန်မဘ၀ကို ကျွန်မ  ကျေနပ်ရဲ့လားဆိုတဲ့ မေးခွန်းကို ***
ဖန်တစ်ရာသေအောင် မေးတတ်သူ မိန်းမ တစ်ယောက် ။ သူမနာမည်က ဇာဖြူ ။
သိပ်ကို စိတ်ကူးယဉ်တတ်သူ နူးညံ့တဲ့ဂရုစိုက်မှုတွေကို ခုံမင်တက်မက်တတ်သူ
တစ်ဦးလို့ ဖြူ ကို သမုတ်ပါမည်ဆိုလျှင်  ကျေနပ်စွာ ခံယူလိုက်ပါမည် ။ ဒီလိုမိန်းမ
တစ်ယောက်က တခါခါကြရင်တစ်ယောက်ထဲနေရခြင်းကို    မြတ်နိုးနှစ်သက်
နေပြန်ကော ။  အားငယ်တတ်ခြင်း ၊ ၀မ်းနည်းလွယ်ခြင်း  ၊ လူတစ်ယောက်ကို
စိတ်ဆိုးလွယ်တတ်သလို စိတ်ပြေလွယ်တတ်ခြင်း နှင့် မည်သူကိုမှ ကြာကြာ
မုန်းတီးနားကြည်းနေတတ်ခြင်း မရှိတဲ့ အကျင့်လေးတွေ က ဖြူ ရဲ့မူပိုင်
စတိုင်တစ်ခုပေါ့ ။ ဒါပေမယ့် လူတစ်ယောက်ကို သိပ်ကို နာကြည်းသွားပြီဆိုရင်
ဖြင့် အဲဒီလူနဲ့ ပတ်သတ်သည့် မည်သို့သော ခံစားချက်မျိုးကိုမှ ရင်ထဲ မထားချင်
တော့လောက်အောင် ဖြစ်တတ်ပါသည် ။ ချစ်ခြင်း ၊ မုန်းခြင်း ဘာဖီလင်မှ ရင်ထဲ
မရှိတော့ပါ ။ တစ်ကြိမ်တစ်ခါမှ မသိခဲ့ဘူးသော တစ်စိမ်းတစ်ယောက် အသွင်
ဖြင့်တာ သတ်မှတ်လိုပါ၏ ။ လူတစ်ယောက်ကို ချစ်နေခြင်း မုန်းနေခြင်းဆိုတဲ့
ခံစားချက်များသည် ထိုသူအား မိမိရင်ထဲတွင် နေရာတစ်ခု ပေးထားခြင်းကြောင့်
ဖြစ်တည်နေ သည်ဟု ဖြူက သတ်မှတ် ယူဆမိ သူတစ်ဦးပါ ။ ဖြူဘ၀တွင် ဘာမှ
မပတ်သတ်သလို ဆက်ဆံလိုက်သော လူသားနှစ်ဦးသာ ရှိခဲ့ဘူးသည် ။ ထိုသူနှစ်ဦး
စလုံးကို ခုချိန် လမ်းမှာ ဆုံခဲ့ပါလျှင် ဘာဖီလင်မှ မရှိတော့သဖြင့် ပြုံးပြစရာလည်း
မလိုအပ်သလို မလိုမုန်းတီးစွာ မျက်စောင်းထိုးရန်လုပ်ကာ ရှောင်လွဲဖို့လည်း မလိုအပ်
တော့ပါ ။ ကိုယ့်လမ်းကိုယ် မှန်မှန်ဆက်လျှောက်သွားမည်သာဖြစ်၏ ။ ဖြူ ဆိုတဲ့နာ
မည်လေးအတိုင်း ဘ၀ကို ဖြူစင်စွာနှင့် သက်ဆုံးတိုင် တည်ဆောက်ချင်ခဲ့မိသည် ။
သို့သော် ကံတရားရဲ့ အလှည့်အပြောင်းအချိုးအကွေ့ ၊ ဘ၀ဇာတ်ဆရာရဲ့ ဇာတ်ညွန်း
အတိုင်း သရုတ်ဆောင်လိုက်ရတဲ့အခါမှတော့ ဖြူဆိုတဲ့ မိန်းမတစ်ယောက်ဘ၀မှာ
အမဲစက်လေးတစ်စက် စွန်းထင်းခဲ့ရလေသည် ။
ဇာဖြူ
****************************************************
ဖြူ တို့မိသားစုလေးက အေးချမ်းပါသည် ။ ၀န်ထမ်း မိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ သမီး
သုံးယောက်မှာ ဖြူက အလတ်ပေါ့  ။ တာဝန်ကျေတဲ့ ဖခင် နှင့် မိခင်ရဲ့ ပြုစုပျိုးထောင်မှု
ဂရုစိုက်တတ်လွန်းတဲ့ ဖြူမေမေရဲ့ အမေ ဘွားဘွားရဲ့ မေတ္တာအကြင်နာတွေ ရဲ့ အရိပ်
မှာ အေးချမ်းစွာလူလားမြောက်ခဲ့ရသည် ။ မိသားစုအတွက် ကြိုးစားကာ စီးပွားအရှာ
ကောင်းတဲ့ ဖေဖေက လက်ထောက်ညွှန်ကြားရေးမှူးဖြစ်တဲ့အချိန်မှာ အလုပ်ကနေ
ပင်စင်ယူပြီး  စီးပွားရေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့သည်  ။ ဒီချိန်မှာ မေမေက
ကျောင်းအုပ်ဆရာမ တာဝန်ကိုယူနေစဉ်ပေါ့ ။ ဖေဖေလုပ်ငန်းတွေ အခြေကျလာချိန်
မှာတော့ မေမေလည်း အလုပ်ကနေ ပင်စင်ယူပြီး အိမ်မှာရှိတဲ့ ရက်ကန်းရုံကို
ဦးစီးလုပ်ကိုင်ခဲ့သည်  ။ ကံလိုက်နေတဲ့  အချိန်ဆိုတော့ ဖြူ ခုနှစ်တန်းနှစ်
မှာ အိမ်က စီးပွားရေးက  တဟုန်ထိုး တက်လာခဲ့ပါသည် ။
ဖြူတို့ ခေတ်က ခုနှစ်တန်းဆိုရင် တစ်ကယ့်ကို အပျိုကြီး လူပျိုကြီးတွေ အတိုင်း
လူကောင်တွေက ထွားကြသည် ။ ဖြူ မိဘတွေက သမီးတွေ သိပ်ချစ်တဲ့ အခါကြတော့
အလိုတော့လိုက်ပေမယ့်  မိန်းကလေးတစ်ယောက် အိန္ဒြိသိက္ခာပိုင်းနဲ့ ပတ်သတ်တဲ့
သွားတာလာတာ နေတာထိုင်တဲ့ အပိုင်းတွေကိုတော့ တင်းကျပ်တဲ့ စည်းကမ်းတွေ
ထုတ်ထားပြန်ထားသူတွေပါ ။ ဖြူမှာ ယောကျာင်္းလေး သူငယ်ချင်း လေးယောက် နဲ့
မိန်းကလေး သူငယ်ချင်း ခြောက်ယောက်ရှိတဲ့ ဖြူတို့ အဖွဲ့လေးသည် အချစ်ဆုံး
ငယ်ပေါင်း သူငယ်ချင်းများ ပေတည်း ။ ခုချိန်မှာ ဖြူသူငယ်ချင်းတွေ အားလုံးသည် သူ့
နေရာနဲ့ သူ အောင်မြင်မှု အသီးပွင့်လေးတွေနဲ့ အခြေတကျဖြစ်လို့နေလေပြီ ။ ငယ်
ရွယ်စဉ်က ဘ၀တွေက တူတူရှိနေကြပေမယ့် လူလားမြောက်လာတဲ့ အခါမှတော့
မိမိတို့ ရွေးချယ်တဲ့ လမ်းတွေပေါ်မူတည်ပြီး ဘ၀တွေဟာလည်း ကွဲပြားခြားနားသွား
တတ်ပြန်သည် ။ သဘောင်္သားဖြစ်သူကဖြစ် ၊ အထက်တန်းပြဆရာမကြီးဖြစ်သူဖြစ် ၊
အင်ဂျင်နီယာမကြီး ဖြစ်သူကဖြစ် ၊ ဒီဇိုင်နာ ဖြစ်သူလည်းပါဝင်ခဲ့သည် ။ ရုပ်ရှင်ထုတ်လုပ်
ရေး လုပ်ကိုင်သူ ထုတ်လုပ်သူလည်းပါဝင်သလို ၊ စာတွေရေးရမှ ကျေနပ်သူ စာရေးသူ
လည်းပါဝင်လေရဲ့ ။ ဂီတပညာရှင် ၊ လုပ်ငန်းရှင်၊ ၀န်ထမ်း လည်းပါသေး။ မိမိတို့ နှစ်သက်ရာ
ဝါသနာပါရာ လမ်းတွေကို လျှောက်လှမ်းလို့နေကြလေပြီ ။ ဒီထဲမှာမှ ဘာရပ်တည်မှု
မှ မရှိဘဲ ဘ၀ကို ရေစုန်မျောနေမယ့်သူ တစ်ယောက် ပါဝင်ခဲ့ပြန်သည် ။ သူကတော့
ဖြူတို့ဘ၀လေးထဲကို နောက်ဆုံးမှ ၀င်လာခဲ့သူ တစ်ဦးပါ ။ သူနာမည်က ကိုအောင် ။
ဖြူဘ၀ကို အပြောင်းလဲပေါင်းများစွာကို ဆေးခြယ်ပေးခဲ့သူ တစ်ဦးဆိုရင်လည်း မမှား
ပါဘူး ။ နဂိုမူလက ကိုးယောက်သာ ရှိတဲ့ ဖြူတို့အဖွဲ့လေးထဲကို နောက်ဆုံးမှ ၀င်လာသူ
ကိုအောင် ရောက်လာချိန်မှာ ဖြူတို့ ခုနှစ်တန်းဘဲ ရှိပါသေးသည် ။ ဖြူတို့က နှစ်တက်တွေပါ။
 ကိုအောင်ကတော့ တစ်နှစ်ကျလို့ ပြန်တက်ရသူပေါ့ ။ ဖြူထက်စာရင် ကျန်တဲ့ ရှစ်ယောက်နဲ့ ကိုအောင်
ပိုခင်မင်ပါသည် ။ သူတို့တွေက ကျူရှင် တစ်ဝိုင်းထဲ တက်ကြသူတွေမို့လေ။ ဖြူကတော့
အိမ်မှာ တစ်ယောက်ထဲ သင်ရသူမို့ သူတို့တွေနဲ့ ကျောင်းမှာတာ ဆုံတွေ့ခင်မင်ရသူပါ။
ကျန်တဲ့ ကိုးယောက်လုံးက ကျောင်းမှာကော ကျူရှင်မှာ တူတူတက်ကြတာမို့ တစ်ချိန်လုံး
တစ်တွဲတွဲ ရှိနေတတ်သည် ။ ကိုအောင် မိဘတွေက ဆီစက်တွေ လုပ်ကိုင်သူတွေပေါ့ ။
အဲဒီချိန်က ကိုအောင်တို့က စီးပွားရေး အရမ်းကို အဆင်ပြေတဲ့ အချိန်ပေါ့ ။ ကိုအောင်
က ခုနှစ်တန်းရှိသေးပေမယ့် သူ့ကိုယ်ပိုင်ကားကို ကိုယ်တိုင် မောင်းပြီး ကားမောင်းပြီး
ကျောင်းတက်နိုင်သူပါ ။ ဖြူတို့တစ်ဖွဲ့လုံး မိဘတွေက အရာရှိတွေပါသလို ပိုက်ဆံပြည့်
စုံသူတွေချည်းမို့ ကျောင်းမှာဆို ဖြူတို့အဖွဲ့က စတားပေါ့ ။ ( ကြွားတာ ) ။ ဖြူ အတွက်
ခုနှစ်တန်းဆို စန်းအထဆုံးအချိန်လို့ ပြောမယ်ဆိုရင်ရနိုင်သည် ။ ဘာလို့လဲဆိုရင် ကျောင်း
ကပြန်ချိန်လို့ အိမ်ရောက်ပြီဆို မေမေက ဖြူလွယ်အိတ်ကို မထင်ရင် မထင်သလို စစ်ဆေး
တတ်ပါသည် ။ ဒီလိုချိန်ဆို ဖြူလွယ်အိတ်ထဲမှာ အတင်းလိုက်ပေးလို့ ရောက်နေတတ်တဲ့
ရည်းစားစာ အစောင် အနည်းဆုံးငါးစောင်ထက်မနည်း ရှိနေတတ်ပါ၏ ။ ရည်းစားတွေ တွေ့
တိုင်း မေမေ အမြဲပြောတတ်တဲ့ စကားလေးကိုလည်း ရင်ထဲ ခုချိန်ထိ အမှတ်ရမိနေဆဲပါပဲ ။
*ဒီမယ် မိဖြူ ညဉ်းတို့ကို ကြိုက်လို့ လိုက်နေတာထက် ညဉ်းတို့နောက်ကွယ်က မိဘ
အရှိန်ဝါတွေကို သဘောကျလို့ လိုက်နေတာအေ့ ၊ တစ်နေ့ တစ်နေ့ ငါနောက်ကို
ဘယ်နှစ်ယောက်လိုက်တယ်ဆိုတာကို ဂုဏ်ယူစရာထင်မနေနဲ့ ။ ဘယ်လိုလူမျိုးမဆို
ကိုယ်နောက်ကို လိုက်ပြောရဲ စာတွေ လိုက်ပေးရဲနေတယ်ဆိုတာ
ညဉ်းအနေထိုင်မတတ်လို့ဆိုတာ ကိုယ့်ကိုကိုယ်ဆင်ခြင်ပါ *
ဒီလိုနဲ့ ကျောင်းတက်နေရင်း နှစ်ဝက်လောက်အရောက်မှာတော့ ကိုအောင်က ဖြူကို
သဘောကျနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတော့သည် ။ ဖြူ အံ့သြမိသည် ။
ဘာလို့လဲဆိုရင် ကိုအောင်ဆိုတဲ့လူက ဘ၀င်လေ။ သူကြည့်ရင် ဖြူကို တစ်စက်လေးမှ
စိတ်ဝင်စားတဲ့ ပုံမပေါ်ပါဘူး ။ ဒီတော့ သူ ဖြူကို စိတ်ဝင်စားနေတယ်ဆိုတာကို ရိုးတိုး
ရိတ်တိတ် တောင် မရိပ်ခဲ့တာ ဖြူ မလွန်ပေါင် ။ ဒီသတင်းက မိဘတွေဆီထိပါ ပြန့်နှံ့
လို့ရောက်ခဲ့လေသည် ။ အရင်ကမှ စည်းကမ်းတွေ တင်းကျပ်ပါတယ်ဆိုမှ ဒီသတင်း
တွေထွက်လာတော့ အိမ်က ပိုဆိုးပြီပေါ့ ။ ပိုဆိုးတယ်ဆိုတာက ဖြူကလည်း ကိုအောင်ကို
သဘောကျမိခဲ့တာကို ။ အသက်တွေက တအားငယ်သေးတယ်လေ ။ ဖြူတို့ အရွယ်ဆိုတာ
လေတိုက်ရင်တောင် လိုက်ရယ်ချင် ငိုချင်နေတဲ့ အရွယ်မျိုးဆိုတော့ မိဘတွေဘက်က စိုးရိမ်
တယ်ဆိုတာလည်း လွန်တယ်လို့ မပြောနိုင်ပေ ။ ကိုအောင် နဲ့ ဖြူ ချစ်သူမကျ သူငယ်ချင်း
မက  အခြေနေမျိုးနဲ့ ကိုးတန်းပညာသင်နှစ်သို့ ရောက်လာခဲ့ပါသည် ။
ကိုးတန်းနှစ် ကျောင်းကထိန်ပွဲလေးမှာ ကိုအောင်ကို ဖြူ အဖြေပြန်ပေးလိုက်မိသည် ။ ဖြူတို့
ချစ်သူတွေ ဖြစ်ပြီးမကြာခင်မှာဘဲ ကိုအောင်တို့ အိမ်ရဲ့ စီးပွားရေး အခြေနေတွေ ယိမ်းယိုင်
လို့လာခဲ့လေပြီ ။ ဖြူ မိဘတွေက စီးပွားတွေ တစ်ရှိန်ထိုးတက်နေချိန် ကိုအောင်တို့ တစ်ရှိန်
ထိုး ထိုးကြချိန်ဖြစ်ခဲ့သည် ။ ဘယ်မိဘမဆို  မိမိတို့ သားသမီးတိုင်းကို ဆင်စီးပြီး မြင်းရံတာ
ကိုဘဲ မြင်ချင်တွေ့ချင်ကြတာပါပဲ ။ ခုလိုအခြေနေမှာ ငယ်သေးတဲ့ အသက်ရွယ် ဖြစ်တည်
နေတဲ့ အခြေနေတွေကြောင့် ကိုအောင်နဲ့ ဖြူကို ဖြူအိမ်က သဘောမတူပါဘူး ။ ကိုအောင်မှ
မဟုတ်ပါဘူးလေ ဒီအသက်ရွယ်မှာ ဘယ်မိဘက ရည်းစားထားတာကို သဘောကျလက်ခံမှာ မဟုတ်ပါဘူး။
ဒီတော့ ဖြူကို ရန်ကုန်မှာ ကျောင်းပြောင်းတက်ဖို့ စီစဉ်ကြပါတော့သည် ။ ဆယ်တန်းဆိုတဲ့
ဘ၀တစ်ဆစ်ချိုးမယ့် စာမေးပွဲက အရေးကြီးတာလည်းပါတာပေါ့ ။ ဒီလိုနဲ့ ဖြူတစ်ယောက်
ရန်ကုန် စမ်းချောင်း ( ၂ ) ဆိုတဲ့ ကျောင်းသို့ ကျောင်းပြောင်းကာ ဆယ်တန်းစာမေးပွဲကို ဖြေဆိုလိုက်ရပါတော့သည် ။
*******************************************************
ဖူးစာပါလာခဲ့လျှင် သိကြားမင်း ဆင်းဖြတ်ရင်တောင် မရဘူးဆိုတဲ့ စကားဟာ သိပ်မှန်တာပဲ ။
ဖြူ ဆယ်တန်းစာမေးပွဲကြီး ဖြေလို့ပြီးချိန် ရွှေတောင်မြို့လေးကို ပြန်ရောက်လာခဲ့သည် ။ ဖြူတို့
ချစ်သူ့ဘ၀ဆိုတာ စာထဲမှာသာ ရည်းစားဖြစ်တယ်ဆို အံ့သြကြမလားပဲ ။ တကယ်ပါပဲ ။
ဖြူ နဲ့ ကိုအောင် ချစ်သူသက်တမ်းတစ်လျှောက် အပြင်မှာ တစ်ကြိမ်တစ်ခါမှ ချိန်းမတွေ့
ခဲ့ဘူးပါ ။ အပြင်ထွက်ခွင့် ရှားပါးတဲ့ ဖြူကို ကိုအောင်က နားလည်ပေးခဲ့ပါသည် ။ မထင်မှတ်ဘဲ
ကိုအောင် ဘ၀ထဲကို ဖြူ အစောတလျှင် ၀င်ရောက်ဖို့ အကြောင်းအရာ တစ်ခု ဖန်လာခဲ့လေ
သည် ။ ဖြူက မွေးရာပါ နှလုံးခုန်နှုန်း မတရားမြန်တဲ့ ရောဂါသည် တစ်ဦးပါ  ။ ဆေးရုံ ဆိုတာ
ဖြူအတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို နေရတဲ့ အခါတွေလည်း ရှိခဲ့ဖူး၏ ။ ဒီတော့ ဖေဖေ
က ဖြူ အတွက် စိုးရိမ်စွာ အစီစဉ်တစ်ခုကို ရေးဆွဲခဲ့လေသည်  ။   ဖေဖေ
သူငယ်ချင်း ရဲ့ သား ဆရာဝန်တစ်ယောက်နဲ့ ဖြူကို နေရာချထားဖို့ ဖေဖေက မေမေ နဲ့
တိုင်ပင်ခဲ့သည် ။ ဖြူလိုရောဂါသည် တစ်ယောက်ဘေးမှာ ဆရာဝန်တစ်ယောက် ရှိနေတာဟာ
စိတ်အချရဆုံးပဲလို့ ဖေဖေက သတ်မှတ် ယူဆတာကို လည်း အပြစ်ဆိုဖွယ် မရှိပါ ။
အချိန်မရွေး ဖြစ်ချင်တဲ့ အချိန် ဖြစ်တတ်တဲ့ ဖြူရောဂါက ဖြစ်လာရင် ဆေးရုံကို ငါးနာရီအတွင်း
ရောက်အောင် သွားမှ ဖြူအသက်ရှင်ဖို့က စိတ်ချရတဲ့ အခြေနေပါ ။ ဖေဖေ နဲ့ မေမေ
တိုင်ပင်နေတဲ့ အသံကို ကြားတာနဲ့ ဖြူ ကိုအောင်ဆီကို ဖုန်းဆက်ပြီး အကျိုးကြောင်း
ပြောပြလိုက်မိ၏ ။ ကိုအောင်က သိသိချင်း ဖြူကို ခိုးပြေးဖို့ စီစဉ်ပါတော့သည် ။ ရယ်တော့
ရယ်ရပါသည် ။ အချစ်ဆိုတာ ဘာလည်းလို့ သေချာတောင် မသိသေးဘဲ ယောကျာင်္း
တစ်ယောက်ကို အိမ်ထောင်ပြုဖို့ ဖြု ဆုံးဖြတ်မိလေသည် ။ ဘယ်လောက်တောင် မိုက်မဲလိုက်
ပါသလဲနော် ။ ဖြူ အသက် ၁၈နှစ်နဲ့ ၈ရက်ဘဲရှိတဲ့ နေ့လေးတစ်နေ့ရဲ့ မနက်ခင်း စောစော
လေးမှာ ကိုအောင်ဆိုတဲ့ချစ်သူခေါ်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့မိပါတော့
သည် ။
*************************************************************
အချစ် နဲ့ ခင်မင်မှု သံယောဇဉ်ကို ကွဲပြားစွာ နားမလည်သေးတဲ့ အချိန်တစ်ခု
မှာ အိမ်ထောင်သည်ဘ၀ကို ဘာမသိညာမသိ ရောက်ခဲ့ရလေပြီ  ။  ငယ်လွန်းတဲ့ အသက်ရွယ်
မှာသာယာတဲ့ စိတ် ၊ တင်းကျပ်လွန်းတဲ့ ဘောင်တွေကနေ လွတ်မြောက်ချင်တဲ့
စိတ်ခံစားမှုက အားကိုးရာကို ဆုပ်ကိုင်ခဲ့မိတာ တကယ့်အားကိုးခဲ့ရလား ။ ဟားဟ!
ကူဖော်လောင်ဖက်လေးများ ဖြစ်မလားလို့  လောင်ဖက်တာ ဖြစ်ခဲ့ရတာ ဘာကြောင့်လဲ ။
ရှင်းပါတယ် ။  ငယ်လွန်းတဲ့ အသက်ရွယ်မှာ ဆုံးဖြတ်ချက်တွေက ဘယ်မှာ မှန်ကန်
နိုင်ပါ့မလဲ ။ မိဘတွေရဲ့ စေတနာကို တစ်မျိုးမြင် စော်ကားမိတဲ့ အတွက် မိဘမျက်ရည် ကျ
အောင်လုပ်မိခဲ့တဲ့ သမီးမိုက်တစ်ယောက်ရဲ့ ရလာဒ်ပေါ့ ။ 
**********************************
ညားကာစအချိန်တွေက ချစ်သူတွေ အတွက် အချိုမိန်ဆုံးအချိန်တွေပေါ့ ။ သုံးလလောက် ကြာပြီး
နောက်ပိုင်းကစလို့ ဖြူ ဘ၀မှာသောက ဆိုတဲ့ ဝေဒနာကို စတင် ခံစားနားလည်တတ် ခဲ့ရပြီ။
ဖြူ မျှော်မှန်းထားတာ နဲ့ ဖြူ လက်တွေ့ ပိုင်ဆိုင်လိုက်ရတာတွေက အတော်လေးကို
ကွာခြားနေခဲ့လေသည် ။ တစ်ကယ်တမ်း ဖြူ ပိုင်ဆိုင်လိုက်ခဲ့ရတာက  ကို့အောင်
ရဲ့ နေတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တာဝန်မယူတတ်ခြင်း ၊ ဥပက္ခာပြု
ရက်စက်ခြင်းဆိုတာတွေကို ဘဲ ဖြူ အပြည့်ဝ ပိုင်ဆိုင်လိုက်ရပါသည် ။ ဖြူ အိမ်ထောင်သက်
တစ်နှစ်လောက်မှာ ဖြူ  အသေချာသိလိုက်ရတာ တစ်ခုရှိပါသည် ။ ဒါကတော့ ဖြူ ကိုအာင် ကို
လုံးဝမချစ်ခဲ့ဘူးဆိုတာပါပဲ ။ ဒါပေမယ့်ဖြူ မှာ ပြင်ဆင်ဖို့ အခွင့်ရေးလုံးဝ မရှိခဲ့ပါဘူး ။
ဘာကြောင့်လဲဆိုတော့ ဖြူသည်   မိကောင်းဖခင်သားသမီးပီတစွာ တစ်သက်မှာ
တခါဘဲ အိမ်ထောင်ပြုချင်သူ တစ်ဦးမို့ပါ  ။ အဲဒီအိမ်ထောင်ကိုလဲ တည်မြဲဖို့ ဖြူ
အတတ်နိုင်ဆုံး ကြိုးစားချင်သည် ။  ကိုအောင် ဖြူ အပေါ်မှာ တာဝန်မကျေလဲ
ဖြူ  ပျော်အောင်ကြိုးစားနေမည်သာ ဖြစ်သည်   ။ တကယ်သူဌေးသား စစ်စစ်တွေဟာ
ငွေတန်ဖိုးကို နာမလည်ဘူး ။ ကိုအောင် အခြေနေက တဖြေးဖြေး ဆိုးလို့လာခဲ့
သည် ။ ဒီလို အခြေနေတွေ ပိုဆိုးစေခဲ့တာ  ဖြူ အကိုင်တွယ်မတတ်လို့လား ကံကြမ္မာက
ရက်စက် စေခဲ့လေသလား ။ စီးပွားရေးကို သေချာ မလုပ်တတ်တော့ ဘာအလုပ်ကို လုပ်လုပ်
အရှုံးတွေ ပေါ် အကြွေးတွေက တင် ။ အဓိကဈေးကွက်ကို နားမလည်တာပါပဲ ။ လူမှုရေး
နဲ့ စီးပွားရေးကို ရောထွေးတတ်တဲ့ ကိုအာင်အကျင့်က ဖြူ အတွက် တော်တော် အခက်
တွေ့စေခဲ့ပါသည် ။ ပတ်ဝန်းကျင်မှာ ကိုအောင် က သဘောကောင်းသူ တစ်ယောက် ။
အိမ်မှာကြတော့ မိသားစုက မပြေလည်မှု တွေနဲ့ စီးပွားရေး ကျပ်တည်းမှု သောကတွေက ပင်လယ်ဝေ ။
လိုအပ်တာထက် ပိုသဘောကောင်းနေတော့ အပေါင်းသင်းမက်တဲ့သဘောသက်ရောက်စေ
ခဲ့တာပေါ့ ။ ဘာလုပ်လုပ် အရှုံးပေးလွယ်တဲ့ သူ့စိတ်က နားလည်ရခက်အောက် မထုံ
တတ်တေး နိုင်တတ်ပါသေးသည် ။ နောက်ဆုံးတော့ မပြေလည်ခြင်းတွေက တစ်ဖြေးဖြေး
ပိုလို့သာ များပြား လာခဲ့ရ၏  ။ စိတ်ညစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု နဲ့
အရက်လေး တမျှမျှ ဖြစ်လာရာကနေ နောက်ဆုံးတော့အရက်သမားလုံးလုံး ဖြစ်သွားတော့
တာပါပဲ ။ စိတ်ညစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ မိုးလင်းမိုးချုပ် အရက်ကို
သောက်လိုက်တာ နောက်ဆုံး ဖြူ  လမ်းဘေးမှာ လက်ဖက်သုတ် အအေး
 တွေ ရောင်းရတဲ့ အထိ ဘ၀ကို ရုန်းကန်ရပါတော့ သည်  ။ ဘ၀တွေ ဒီလောက်
နာနေပေမယ့် ဖြူ  နောက်ဆုတ်လိုက်ဖို့ မတွေးခဲ့ပါဘူး ။   ရွေးချယ်ထားတဲ့ လမ်းတစ်ခုကို
အဆုံးထိ လျှောက်ဖို့ကိုဘဲ ဖြူ တွေးခဲ့သည် ။ မိုးကြီးလေကြီး ကျနေတဲ့အချိန် မီးတွေ
ကပျက် ခြောက်ခြားဖို့ကောင်းတဲ့ညတွေကို  အိမ်ထဲမှာ တစ်ယောက်ထဲ ခင်ပွန်းသည် ပြန်အလာကို
စောင့်ခဲ့ရတဲ့ နေ့ရက်တွေလည်း အကြိမ်ကြိမ် ရရှိပိုင်ဆိုင်ခဲ့ဖူးသည်  ။ ဒီလိုရက်စက်ခြင်းတွေကို
ပိုင်ဆိုင်ရလည်း နောက်ဆုတ်ဖို့ စိတ်ကူး လားလားမျှ မရှိခဲ့ပါ ။ ဘာကြောင့်လဲ ဆိုတော့
အိမ်ထောင်ကွဲ မိန်းမတစ်ယောက်အဖြစ်ကို မခံယူချင်လို့ပါပဲ ။*ကိုအောင် * အပေါ် သည်းခံ
နိုင်မှုတွေ ဖြူ ရင်ထဲ ထွက်ပြေးမသွားပါစေနဲ့လို့ဘဲ အကြိမ်ကြိမ် ဆုတောင်းနေခဲ့မိပါသည် ။
ဒါပေမယ့် ဖြူ ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး ။
********************
ကိုအောင်မှာ  ကောင်းတဲ့ အချက်လေးတွေလည်း ရှိပါသည် ။    သဘော
ကောင်းတာ ၊ စိတ်ထားဖြူစင်တာ ၊ ဟင်းချက်ကောင်းတာ  ၊ ဖြူ မိဘတွေ ညီမအမတွေပေါ်
သည်းခံပေးတတ်တာလေးတွေ ကတော့ ကိုအောင် ကောင်းကွက်လေးတွေပေါ့ ။ ကိုအောင်
က ဖြူ တစ်ယောက်ထဲအပေါ်မှာဘဲ ကွက်ဆိုးတာဆိုရင် ပိုမှန်ပါလိမ့်မည် ။ မေမေတို့က ဖြူ
တို့ကို အစစကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ ကြားက အဆင်မပြေမှုတွေက ဆက်တိုက်
ဆိုသလို ပါပဲ ။ ကိုအောင်က ဆိုက်ကယ်ပြုပြင်ရေး နဲ့ ၀ယ်ရောင်းလုပ်ကိုင်ပါသည်  ။ သူ့ဝယ်
ရောင်းလုပ်ချင်တယ်ဆိုလို့ ဖြူ မိဘတွေက အရင်းနှီးထုတ်ပေးခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။
ဒါပေမယ့်  ကံက မလိုက်လေတော့ အရှုံးတွေနဲ့သာ နပန်းလုံးခဲ့ရတာပေါ့ ။ ကိုအောင် စိတ်ထဲ
မှာ ဖြူ မိဘတွေကို ပေးခဲ့တဲ့ အရင်းနှီးတွေကို သုံးဖြုန်းလိုက်မယ်ဆိုတဲ့  ရည်ရွယ်ချက်နဲ့
လုပ်ဆောင်ခဲ့တာ မဟုတ်သော်ညားလည်း သူ့ရဲ့ လုပ်ရပ်တွေက မျက်နှာပန်း မလှခဲ့ဘူး ။
တဖြေးဖြေး အရက်ရဲ့ ကြေးကျွန် ဖြစ်မှန်းမသိဖြစ်လာခဲ့သည် ။ မိဘ မေတ္တာကြီးမားချက်က
အံ့မခန်းလိလိပါပဲ ။ ဖြူကို သိပ်ချစ်တဲ့ မိဘနှစ်ပါးက ဖြူတို့ကို တာဝန်ယူ ကျွေးထားခဲ့သည် ။ ဖြူကို
လည်း ဘွဲ့ရအောင် ကျောင်းဆက်ထားပေးပြန်သည် ။ သားလေးမွေးတော့လည်း မိဘတွေဘဲ
တာဝန်ယူ မွေးဖွားပေးခဲ့သလို သမီး မွေးပြန်တော့လည်း မိဘတွေကပဲ တာဝန်ယူရပြန်တာ
ပါပဲ။ ကလေး နှစ်ယောက်လုံး မွေးချိန်တွေမှာတောင် မူးပြီး အိမ်ပျော်နေတဲ့ ခင်ပွန်းသည်ကို
ပိုင်ဆိုင်ထားရပေမယ့် ဒီချိန်ထိလည်း စိတ်နာဖို့ သတိမရခဲ့သေးပါဘူး ။ အဆိုးဆုံး အခြေနေ
တစ်ခုကို ရောက်တော့မယ်ဆိုတာကို ကြိုတင်တွက်ဆမိတဲ့ ဖြူ မေမေက ကိုအောင်ကို
အရက်ဖြတ်ပေးဖို့ စီစဉ်ပါတော့သည် ။ ကိုအောင်ကလည်း လိုလိုလားလားကို လက်ခံ
ခဲ့လို့ မုန်တိုင်းတွေ ရပ်တော့မယ်လို့ မျှော်လင့်ချက်လေး ထားခဲ့မိတာပေါ့ ။ အရက်ဖြတ်
တဲ့ ရက်တွေမှာ ဖေဖေ နဲ့ မေမေ ရဲ့ ဖြူပေါ်ထားတဲ့ မေတ္တာတရား ကြီးမားမှုကို ကြက်သီး
ထအောင် တွေ့မြင်ခဲ့ရသည် ။ ၇၂ နာရီကြာအောင် သွက်သွက်ခါခါ မဟုတ်ပေမယ့် ဘာမှ
မမှတ်မိအောင် စိတ်တွေဖောက်ပြန်နေတဲ့ ကိုအောင်ကို  ရေချိုးပေးတာ အ၀တ်စားလဲတာ
တွေကို ဖြူ ဖေဖေကိုယ်တိုင် လုပ်ပေးခဲ့ပါသည်  ။ ဖြူကို တွေ့တာနဲ့ ဖြူ လက်တွေကို
အတင်းလိမ်ချိုးနေတာမို့ ဖြူကို အတွေ့မခံဘဲ ဖေဖေ နဲ့ မေမေက တစ်ချိန်လုံး စောင့်ရှောက်
ပေးခဲ့ရသည် ။ ညအိပ်တဲ့ အချိန်မှာတောင် ဖေဖေ နဲ့ မေမေ ကြားမှာ ကိုအောင်ကိုထားပြီး
သိပ်ခဲ့ရ၏ ။ ဖေဖေ လက်မောင်းပေါ် ကိုအောင်က ခေါင်းအုံးပြီး မေမေက ကိုအောင်
တင်ပါးလေးကို ပုတ်ကာ ကလေးငယ်တစ်ယောက်လို ချော့သိပ်ပေးနေတဲ့ မြင်ကွင်းကို
ယနေ့တိုင် ဖြူ မျက်လုံးထဲမှာ စွဲမြဲနေတုန်းပါပဲ ။ ဒီလောက်ထိကို တာဝန်ကျေတဲ့ ယောက္ခမ
တွေနဲ့ ဖြူစေတနာတွေကိုတော့ ကိုအောင် တစ်ယောက် အသိမှတ်မပြုခဲ့ပါဘူး ။ တစ်လ နဲ့
တစ်ဆယ့်ခြောက်ရက် ပြည့်တဲ့ နေ့မှာ အရက်တွေကို ပြန်သောက်ခဲ့သည် ။ ဖြူ ရဲ့ သည်းခံ
နိုင်တဲ့ စွမ်းအင်တွေလည်း ကုန်ခမ်းလို့ သွားခဲ့ပါပြီ ။ ရေစက်လည်း ကုန်ခမ်းပြီလို့ မှတ်ယူ
ရပါလိမ့်မည် ။   
ဘ၀တစ်ခုကို တူတူတည်ဆောက်ခဲ့ကြပြီးမှ ဘာလို့လမ်းခွဲခြင်းဆိုတဲ့ ခေါင်းစဉ်
တစ်ခုအောက် ကို ရောက်ခဲ့ကြရသလဲ ။ အိမ်ထောင်တစ်ခုကို အပြီးတိုင် အဆုံးသတ်လမ်းခွဲဖို့ဆုံးဖြတ်တဲ့နေရာမှာ မိန်းကလေးတွေက ယောကျာင်္းလေးတွေထက် ဘက်စုံ ထောင့်စုံကနေ
သေသေချာချာ ပိုပြီးတွေးတော ဆင်ခြင် တတ်ကြပါတယ်  * ကိုအောင်  *။
အိမ်ထောင်ပျက်မိန်းမ တစ်ယောက်ရဲ့ ဘ၀ကို မရောက်လိုကြသည့် မိန်းမသားတို့ရဲ့
မွေးရာပါဗီဇစိတ်တစ်ခုကြာင့် ထိန်းချုပ် သည်းခံ ဖို့ အတတ်နိုင်ဆုံး  ကြိုးစား
တတ်ကြပါသေးသည် ။ ဒါပေမယ့်ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့တဲ့ အချိန်
တစ်ခုကို ရောက်လာတဲ့ အခါမှာတော့ နာကျင်ခံစားခြင်း ဝေဒနာတွေကို
မသိချင်ယောင်ဆောင် သံမဏိနှလုံးသားတစ်စုံ ရင်ဝယ်မှာ ရှိသည့်အလား ဟန်ဆောင်လို့ မာန်တင်းကာ
10ရက် ၊ 5လ ၊ 2008 ဆိုတဲ့ နေ့ရက်လေးတစ်ခုမှာ ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးလိုက်ရပါတော့သည် ။
ဒုတိယ ပိုင်းလေးကို မျှော်လင့်စောင့်စား ဖတ်ရှုပေးကြပါအုံးနော်
ခိုင်လေး ( ရွှေတောင် )
Ƹ̵̡Ӝ̵̨̄Ʒ 7.ကျွန်မဘ၀ရဲ့ ပုံရိပ်လွှာ ... ၀ထ္ထုတို ( ဇာတ်သိမ်းပိုင်း )Ƹ̵̡Ӝ̵̨̄Ʒ
လောကကြီးက ဖြူကို  အပြစ်တင်အုံးမှာလားဟင် ။ ကလေးတွေ မျက်နှာကိုတောင်
မထောက်ရကောင်းလားဆိုတဲ့ အပြစ်တင်သံတွေကို ပတ်ဝန်းကျင်က ဝေဖန်ကြအုံး
မှာလားရှင် ။ အချိန်တန် အိမ်ပြန်ရောက်မလာလို့ အရက်ဆိုင် အနှံ့ကို ဆိုက်ကားတစ်စီး
နဲ့ မြို့ပတ်ရှာခဲ့ရတဲ့ မိန်းမတစ်ယောက် ရဲ့ မြင်ကွင်းတွေကို ရှင်တို့ မရိုးနိုင်အောင်
တွေ့မြင်ကြဖူးရင် ကိုယ်ချင်းစာပေးမယ်လို့ မျှော်လင့်မိပါသည် ။ ပေါင် ၁၀၀ ကနေ
ဘယ်တော့မှ မတက်ခဲ့တဲ့ ဖြူ တစ်ယောက် ကိုအောင်နဲ့ အိမ်ထောင်ကြပြီး ပေါင် ၂၀၀
ထိ ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရတာတွေကိုလည်း လူတိုင်းသိကြမှာပါ ။ သီရိသုဓမ္မသ်ီဂီ ။
သီဟသုဓမ္မသ်ီဂီ ၊ သုဓမ္မသ်ီဂီ  ဒေါ်ရင်ရင် ရဲ့ သမီးတစ်ယောက်ဟာ လမ်းဘေးမှာ
ဈေးရောင်းနေရတဲ့ ဘ၀ကို လည်း ကျေနပ်စွာ နေသား တစ်ကျနေခဲ့ဖူးပါ၏ ။မိဘ
မျက်နှာကိုတောင် မထောက်ထားမညှာတာခဲ့ဘဲ ယောကျာင်္းမျက်နှာတစ်ခုထဲကို
ဆယ်စုနှစ် တစ်ခုတိုင်အောင် ကြည့်ခဲ့မိသူ မိဖြူပါ ။ ဖြူ ဘာဖြစ်ချင်လည်းဆိုတာ
ကိုတောင် သတိမရတော့အောင် ကိုအောင်အတွက်ကိုဘဲ ရှေ့တန်းတင် တွေးပေး
ခဲ့တာချည်းပါပဲ ။ ဖြူ ဆိုတာ ကိုအောင်နဲ့ လက်ထပ်လိုက်မှ အရင်းနှီးဆုံး ပတ်သတ်
ရသူတစ်ဦးပါလေ ။ လင်မယားဆိုတာ အရင်နှီးဆုံး တစ်စိမ်းတွေ မဟုတ်လား ကိုအောင်။
အရင်းနှီးဆုံး တစ်စိမ်းတစ်ဦးအတွက် ထည့်မတွက်ရင်လည်းနေပါ ။ ကိုအောင် အသွေးသား
တွေနဲ့ ဖွဲ့တည်ထားတဲ့ ဖြူသားလေး နဲ့ သမီးလေး အတွက် ကိုအောင် ဘာတွေ ပြင်ဆင်
ခဲ့ဖူးသလဲ ။ ဖြူ မိဘတွေက မွေးစားထားတယ်ဆိုတဲ့ အသိတစ်ခုနဲ့ နေသာသလိုဘဲ
ကိုအောင်နေခဲ့တာ ဖြူတို့ အိမ်ထောင်သက် ၁၀နှစ်တိုင်တိုင်ပါပဲနော် ။ မိဘတာဝန်ကျေပွန်
လွန်းတဲ့ ဖြူမိဘတွေကလည်း ပြောပြောဆိုဆိုဘဲ ကိုအောင်ကို ကြည့်ရှူ ဆောင်မပေးခဲ့တာ
ပါပဲ ။ ပြုပြင်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့တာဘဲလေ ။ ဒါပေမယ့် ကိုအောင်က ဖြုတို့မိသား
စုလေးရဲ့ စေတနာတွေကို အသိမှတ်မှ မပြုခဲ့တာ ။ ဒီတော့ ကိုယ်ဘ၀ကို ဆက်လက်
တည်ဆောက်ကြခြင်းဟာ ဖြူ နဲ့ ကိုအောင် အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ
ကိုအောင် ။ ကိုအောင်က ဖြူတို့ သားမိတွေထက် ကိုအောင် ကို ကိုအောင် ပိုချစ်တတ်
တဲ့ သူတစ်ဦးပါ ။ လူဆိုတာ ကိုယ့်ကို အချစ်ဆုံး ဆိုတာ မှန်နေတာပေါ့နော် ။ ဒီတော့
လည်း ဖြူ တို့  ပြန်လှည့် မကြည့်ကြေးပေါ့ ကိုအောင်ရေ ။ဂွတ်ဘိုင်..............................
✿•*¨`*•. (¯`v´¯) (¯`v´¯) .•*¨`*•✿.
ကိုအောင်နဲ့ ကွာရှင်းပြတ်ဆဲပြီး ဖြူမိဘတွေနဲ့ အတူ ပြန်နေခဲ့သည် ။ ဖြူ မေမေက ဖြူအတွက်
အင်တာနက်ဆိုင်တစ်ဆိုင်ကို ဖွင့်ပေးခဲ့သည် ။ ဖြူ ရဲ့ နဂို ပင်တိုင်စံဘ၀ကို ပြန်ရောက်ခဲ့ရပြီ။
သားလေးကော သမီးပါ သိတတ်နေကြပါပြီ ။ ဖြူတို့ ကွာရှင်းပြတ်ဆဲတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး
သူတို့လေးတွေ သိပ်ပြီး ခံစားနာကျင်ရတဲ့ ပုံ မပေါ်ပါဘူး ။ သားက ပိုသိတတ်နေပြီလေ။မိဘ
တွေရဲ့ အဖြစ်ပျက်တွေကို သူက မြင်တွေ့နေရသူဆိုတော့ အေးဆေးပါပဲ ။ သားသူငယ်ချင်း
တွေက နဲ့ တစ်ချို့သူတွေက မေးကြသတဲ့လေ ။
* ကုဋေရေ မင်းအဖေနဲ့ အမေ တူတူမနေကြတော့ မင်းတို့ မငိုချင်ဘူးလား *
*ဟေ ...ဘာလို့ ငိုရမှာလည်း ။ အဖေကော အမေပါ ရှိနေတာပဲ ။ တူတူမနေတာက
တူတူနေလို့ မဖြစ်တော့လို့မနေတာလေ။ ဘာကို အားငယ်ပြီး ငိုရမှာလည်း ။ အဖေ
တွေ့ချင်လည်း တွေ့လို့ရနေတာဘဲလေ။ အမေဆိုလည်း ခုတူတူနေနေတာပဲ ။ ဘာမှ
မဖြစ်ဘူး *
လို့ ပြန်ပြောလိုက်သတဲ့ ။ ဒီလိုတွေးပေးတတ်တဲ့ ကလေး၂ယောာက်ကို ဖြူက ပိုင်ဆိုင်
ခွင့်ရထားသူတစ်ဦးပါ။ အရွယ်နဲ့ မလိုက်အောင် သိတတ်နားလည်ကြတဲ့ သား နဲ့ သမီးပါ။
အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘတွေက မွေးဖွားလာ
တိုင်း ဘ၀ကို အဆင်ပြေပြေ မဖြတ်သန်းနိုင်ကြဘူးဆိုတဲ့ အယူဆဟာ သိပ်ကိုမှားတယ်လို့
ဖြူကတော့ သတ်မှတ်ပါသည် ။ မိဘတွေ တစ်ကွဲတစ်ပြားဖြစ်တိုင်း ကလေးတွေကို အားငယ်
နေမလားဆိုတဲ့ အတွေးနဲ့ လိုအပ်တာထက် ပိုအလိုလိုက်ခြင်းဟာ ပျက်ဆီးခြင်း လမ်းစပေါ်
တင်ပေးလိုက်တာနဲ့ တူတူပါပဲ ။ ကိုယ့်ဘ၀လမ်းကို ရုန်းကန်ထူထောင်နိုင်ရမယ် ။ အဖေ
ကြောင့် အမေကြောင့်ဆိုတဲ့ အဆင်မပြေမှုတွေကို ယိုးမယ်ဖွဲ့ လက်ညှိုးထိုး နေမယ့် ကလေး
တွေထဲမှာ ဖြူ သားနဲ့ သမီး ဘယ်တော့ မပါဘူးဆိုတာ ဖြူ ယုံကြည်နေ၏  ။ စိတ်ဓာတ်တွေ
အကျဉ်းကျနေတဲ့ ခပ်ညံ့ညံ့ကလေးတွေ ဘယ်တော့ မဖြစ်ရလေအောင် ဖြူ ပျိုးထောင်ပေးမယ် ။ သူတို့ ၀ါသနာ ပါတဲ့ လမ်းတွေကို ခလုတ်မထိ ဆူးမငြိအောင် ဖြူ လမ်းရှင်းပေးရင်း သူတို့
လေးတွေရဲ့ တာဝန်ကို ဖြူ ယူမည် ။
 ✿•*¨`*•. (¯`v´¯) (¯`v´¯) .•*¨`*•✿.
 ဖြူ မေမေဆီ ပြန်ရောက်တော့ အလှမက်သူ မေမေက
ဖြူကို ပိန်အောင် ချက်ချင်း လုပ်ပါတော့သည် ။ လေးလအတွင်း ဖြူ ပြင်းပြင်းထန်ထန် ၀ိတ်ချ
လိုက်တော့ ပေါင်၂၀၀ ရှိနေရာကနေ ၁၄၅ပေါင်သာရှိတော့သည်။သားဆို အမေကို ကြည့်ပြီး
သဘောတွေ ကျနေတာလိုက်ပုံများ ။ ဖြူ အိမ်မှာ မိုးလင်းတာနဲ့ အင်တာနက်ဆိုင် ထိုင်ရတဲ့
အလုပ်ကိုဘဲ လုပ်ရသူပါ ။ ကောင်တာထိုင် စက်ဖွင့်ပိတ် ငွေရှင်း ဒါ ဖြူ့အလုပ်ပေါ့ ။ ဆိုင်ဘဲ
ထိုင်ရသူမို့ မနက်ဆို စောစောထကာ ပြင်ဆင်ကာ ကျော့ကျော့လေး ဆိုင်ထိုင်ရုံပါပဲ ။ တစ်
ဖြေးဖြေး ကျော့ရှင်းလာတဲ့ ဖြူဟာ ဟိုးဆယ်စုနှစ်က ဖြူအတိုင်း ပြန်ဖြစ်လာခဲ့ရလေပြီ ။ဒီချိန်
မှာ ဖြူ အင်တာနက်မှာ ကောင်လေး တစ်ယောက်နဲ့ ခင်မင်ရင်းနှီးခဲ့သည် ။ တည်ငြိမ်တဲ့
အသက်ရွယ်မှာ ခံစားမိတဲ့ ခံစားချက်က တည်ငြိမ်နေတဲ့ နှလုံးသားရေပြင်ကို လှိုင်းထစေ
မည့် ရင်ခုန်စည်းချက်တွေကြောင့် ဖြူနှလုံးရေပြင်တစ်ခုလုံး အချစ်လှိုင်းတွေထခဲ့ရလေသည် ။
အချစ်ဆိုတာ ပေးဆပ်ခြင်းလား ရယူခြင်းလား ဆိုတဲ့မေးခွန်းကို အကြိမ်ကြိမ် အဖြေရှာခဲ့ဘူးပါ
၏ ။ ဒါပေမယ့် ဘယ်ဟာက ပိုမှန်တယ် ဆိုတာကိုတော့ မသတ်မှတ်နိုင်ခဲ့ပါဘူး။ဘာကြောင့်
လည်းဆိုတော့ သူဟာနဲ့သူ အားလုံး မှန်နေကျတာကြတာ ချည်းပါဘဲ မို့ပါ ။ ချစ်တတ်တဲ့နှလုံးသား ပိုင်ရှင်အပေါ်မူတည်ပြီး *အချစ်*ဆိုတဲ့ ဝေါဟာရ ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က
ပြောင်းလဲ သွားတတ်ပြန်တာကို ။ တူညီတာ တစ်ခုတော့ရှိသည် ။တကယ်ချစ်တတ်လာပြီဆို ချစ်သူကို တကယ်ချစ်မိတဲ့သူတိုင်း ပျော်ရွင်ခြင်း၊ ၀မ်းနည်းခြင်း၊ကြွေကွဲခြင်း၊ပေး
ဆပ်ခြင်း၊နာလည်ခြင်း၊လွမ်းဆွေးခြင်း၊ ဆိုတဲ့* ခြင်း *ပေါင်းများစွာ ပါဝင်စီးမျောနေတဲ့ခံစားချက်တွေနဲ့ အရမ်းချစ်မိသွားတတ်ကြတာပါပဲ ။
✿•*¨`*•. (¯`v´¯) (¯`v´¯) .•*¨`*•✿.
ကောင်လေးနဲ့ စတင်တွေ့ဆုံမှု.............................
အမှတ်တရနေ့လေးလို့ ပြောရမလားပဲ ။ အဲဒီနေ့က ဖြူ ထူးထူးဆန်းဆန်း ဂျီတော့ကို
invisible မလုပ်ဘဲ available နဲ့ လိုင်းတက်ချိန် အကောင့်သစ်တစ်ခု ဖြူကို လာအပ်
ထားသည်။ အကောင့်လေးက * W * နဲ့စတဲ့သိပ်ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်
ဖြစ်လာမဲ့သူရဲ့အကောင့်လေး ။ အကောင့်ကိုကြည်ပြီးအကြာကြီးတွေဝေနေမိသေးသည် ။ လက်ခံရင်ကောင်းမလားမကောင်းဘူးလားပေါ့။နောက်ဆုံးတော့ စိတ်ရဲ့ စေရာ အတိုင်း လက်ခံလိုက်မိ၏ ။ အကောင့်ကိုလက်ခံလိုက်တယ်ဆိုရင်ဘဲ သူကလဲလိုင်းပေါ်မှာ အဆင်သင့် ရှိနေလေရဲ့ ။
* hi *
*ဟုတ်ကဲ့ပြောပါရှင်*
*အက်ထားတာ ကြာလှနေပြီ ။ ခုမှပြန်လက်ခံတယ်နော် *
* ဟုတ်လား ။ အကောင့် မဖွင့်ဖြစ်လို့ပါ *
* သြော် ! ဟုတ်ကဲ့ ။ ရပါတယ် ။ ခုလက်ခံပြီဘဲလေ။ ကျေးဇူးတင်ပါတယ် *
* ရပါတယ် ။ မိတ်ဆွေတိုးတာပေါ့ *
* ကျွန်တော် နာမည်က ကိုထွဋ်ပါ ။ မလေးရှား မှာ အလုပ်လုပ်နေတာပါ *
* ဟုတ်ကဲ့ ။ ခုလို ခင်မင်ရတာ ၀မ်းသာပါတယ် ။ ဒါနဲ့လေ ဖြူအကောင့်ကို
ဘယ်လိုရတာလဲဟင် *
*ကျွန်တော်အစ်ကိုလို ခင်နေတဲ့ ကိုဇော်ကြီး အကောက်ထဲကနေ ရတာပါ *
* ကိုဇော်ကြီး ဆီက ရတာကို ။ ဟုတ်တယ် ။ ကိုဇော်ကြီးနဲ့တော့ ခင်တယ် ။ ကိုဇော်ကြီးကလည်း မလေးရှားကပဲဆိုတော့ တူတူနေတာလား *
*မဟုတ်ဘူးဗျ ။ အလုပ်က မတူဘူးလေ။ အရင်ကတော့ တူတယ် ။ ခုတော့ ကျွန်တော်က
အလုပ်ပြောင်းလိုက်တော့ တူတူမနေကြတော့ဘူးလေ *
*ဟုတ် ။ အကိုက အသက်ဘယ်လောက်ရှိပြီလဲ ။ အသက်မေးလို့ ရိုင်းတယ်ထင်ရင် ဆောရီးပါနော် *
* ရပါတယ် ။ ကျွန်တော် 26နှစ်ပါ *
*အယ် ဒါဆို ဖြူထက် ငယ်တာပေါ့ ။ ဖြူက 29နှစ်လေ *
*ဟုတ်လား ။  မထင်ရဘူးနော် *
* ဟားဟ ။ ဘာလဲ ဒီထက်ကြီးမယ်ထင်လို့လား ။*
*အာ ! မဟုပ်ရပါဘူးဗျာ ။ ဒီထက်ငယ်မယ်လို့ထင်လို့လေ ။*
* ကျေးဇူးတင်ပါတယ် ။ ဖြူနာမည်က ဇာဖြူပါ ။*
* ဒါဆို ကျွန်တော် ဘယ်လိုခေါ်ရမှာလည်း *
*အဆင်ပြေသလိုခေါ်လေ ။ ရပါတယ် *
* မ``တစ်လုံးထဲဆိုရလား *
*ရပါတယ် *
*မကကော ကျွန်တော်ကို ဘယ်လို ခေါ်မှာလည်း *
* အင်း ။ ခဏလေး စဉ်းစားလိုက်အုံးမယ်နော်....ရပြီ ။ ကောင်လေး လို့ ခေါ်မယ် ။ ဖြစ်မလား*
* ရပါတယ်.....မစိတ်ချမ်းသာသလိုခေါ်ပါ *
* မလေးကို ရောက်နေတာ ကြာပြီလား ကောင်လေး *
* ဟုတ်ကဲ့....19နှစ်ကတည်းကရောက်နေတာလေ ။ မကကောခုဘယ်မှာနေတာလဲ
* ပြည်နားကလေ....ရွှေတောင်မြို့ကို သိလား * 
* သိတယ်.....မ။ပြည်မှာတောင်အမျိုး တွေရှိတယ် *
* ဟုတ်လား ။ ဒါဆို မြန်မာပြည် အလည်ပြန်ရင် လာလည်ပေါ့ *
* ဟုတ်ကဲ့ မ ။ ကျေးဇူးတင်ပါတယ် ။*
* ကဲ မနားတော့မယ် ။ နောက်နေ့တွေမှ ဆက်ပြောကြတာပေါ့ *
* ဟုတ်ကဲ့ မ ။ နောက်နေ့တွေ ကျွန်တော် စောင့်နေမယ်နော် *
* အိုကေ ...ဘိုင့် ။ ကောင်းသောညချမ်းလေးပါ *
ဒီလိုနဲ့ ကောင်လေးနဲ့ ဖြူ နေ့တိုင်းစကားတွေ ချက်တင်ထဲမှာ စာတွေရိုက်ကာ စကား
ပြောဖြစ်ခဲ့ကြသည် ။ သူမှာ ညီမတစ်ယောက် ညီတစ်ယောက်ရှိကြောင်း ၊ သူ့အဖေက
အရင်ကကားမောင်းပြီး သူအမေကတော့ မှီခိုဖြစ်ကြောင်း ။ သူမလေးရှားလာပြီး အလုပ်
လုပ်ပြီး ၆လလောက်ကြာမှာ  သူအဖေကို ကား မမောင်းခိုင်းတော့ဘဲ အိမ်မှာဘဲ နေစေ
ခဲ့တာတွေ ။ မိသားစုတာဝန်တွေကို သူတစ်ယောက်ထဲ တာဝန်ယူထားကြောင်း ၊ သူ့ညီနဲ့
ညီမကို ပညာတတ်တွေ ဖြစ်အောင် သူတို့လမ်းကို သူတို့လျှေက်နိုင်တဲ့အထိ သူတာဝန်ယူ
ပေးရမယ်ဆိုတာတွေ အစုံ ဖြူကို ပြောပြခဲ့ပါသည် ။ သူအရင်က ဘယ်လိုဆိုးခဲ့တယ်ဆိုတာ
တွေကမချန် အားလုံးကိုလည်း ပြောပြတတ်ပါသေးသည် ။ ဖြူ အပေါ် ဘာထိန်ချန်မှုမှ မရှိ
ခဲ့သူပါ ။ ဖြူ အကြောင်းအားလုံးကိုလည်း ကောင်လေးကို ပြောပြခဲ့သည် ။ ကောင်လေး နဲ့
ဖြူ အကြားမှာ ဘာလျှို့ဝှက်ချက်မှ မရှိခဲ့ကြပါဘူး။ ဒီလိုနဲ့ ကာလလေးတစ်ခုကို ဖြတ်သန်းခဲ့
ကြပြီး ( 6.6.2010 ) ဆိုတဲ့ ရက်မြတ်လေးမှာ ကောင်လေးနဲ့ ဖြူ အွန်လိုင်းမှာ ချစ်သူတွေ
ဖြစ်ခဲ့ကြသည် ။ ချစ်သူတွေဖြစ်ပြီး မှ ကောင်လေး စိတ်ဓာတ်ကို ပိုသိလာရသည် ။ အရာရာ
ကိုသူဘဲ ဦးဆောင်ချင်သူပါ ။ ဖြူထက် သုံးနှစ်ငယ်တယ်ဆိုတဲ့ အသိတစ်ခုကို မေ့သွားရအောင်
ကို ဖြူအပေါ် ဦးဆောင် ဆရာလုပ်တတ်ပါသေးသည် ။ ချစ်သူတွေဖြစ်ပြီးမှ ဖြူကို * မ *လို့ ခေါ်
နေရာကနေ ဖြူလို့ ပြောင်းခေါ်လာပါသည် ။ တည်ငြိမ်တဲ့ အရွယ်မှာ မှန်ကန်တဲ့ ရင်ခုန်သံ
စည်းချက်တွေနဲ့ ကောင်လေးကို ဖြူ သိပ်ချစ်ခဲ့မိ၏ ။ ဖြူတို့ ချစ်သူတွေဖြစ်ပြီး တစ်နှစ်
ကျော်ကြာပြီးတဲ့ တစ်နေ့မှာ ဖြူဆီကို ဖုန်းနံပတ် စိမ်းတစ်ခု ၀င်လာပါသည် ။ ဖုန်းကိုင်လိုက်
တယ်ဆိုရင်ဘဲ
* ဟဲလို... ဖြူ *
* ဟယ် ! ကောင်လေး......ဖုန်းနံပါတ်ကမြန်မာပြည်နံပါတ်ကြီးပါလား ။
 ခုဘယ်က ဆက်နေတာလဲ။ မြန်မာပြည် ပြန်ရောက်နေတာလား ။ ဖြူ ကို လည်းကြိုမပြောဘူး *
* ဖြူ ..အံ့သြသွားအောင်လို့ပါ *
* ဖြူ ......အံ့သြတာထက် ပျော်သွားတာပါ ကောင်လေးရယ် *
* ဖြူ ....တကယ်ပြောတာနော် *
*တကယ်ပေါ့ ကောင်လေးရဲ့ *
* ဒီထက်အံ့သြစရာရှိသေးတယ်....သိလား *
* ဘာလည်းပြောပြလေ*
* ခုကောင်လေး ဖြူ တို့မြို့ကိုရောက်နေတာဗျ *
 * တကယ်လား ကောင်လေး......အခုဘယ်မှာလည်း *
* ရွှေမျက်မှန်ဘုရားမှာ.....ဖြူ .....လာခဲ့ပါလား......ကောင်လေးစောင့်နေမယ် *
* ဟုတ် ..ကောင်လေး ခဏစောင့်နော် ။ ဖြူ လာခဲ့မယ် *
ရင်ထဲက အပျော်တွေက ဖုံးဖိမရနိုင်အောင် ကြည်နူးဝမ်းသာရပါသည် ။ မျှော်လင့်မထားတဲ့
အချိန်မှာ ဖြူ ချစ်သူလေးက ဖြူရှေ့ ကို ရောက်လာခဲ့လေပြီ ။ ဖြူ မပျော်ဘဲနေမလား ။ ဆိုက်
ကယ်လေးနဲ့ ဘုရားကို ထွက်လာခဲ့လိုက်ပါတော့သည် ။ ဘုရားရောက်တော့ ကောင်လေးက
သူရှိတဲ့ နေရာကို ပြောမပြပါဘူး ။ သူ့ကို မှတ်မိမလားဆိုပြီး ဖြူကို ရှာခိုင်းပါသည် ။ သိပ်ချစ်ရ
တဲ့ ချစ်သူရဲ့ ပုံရိပ်ကို နှလုံးသားထဲမှာ ဓာတ်ပုံတွေအထပ်ထပ်ရိုက်ထားတာကိုသူမှမသိပဲ  ။ကောင်လေးကို မြင်တာနဲ့ကျွန်မတန်းမှတ်မိတာပေါ့။။သူဆီတန်းတန်းမတ်မတ်လျောက်လာ
တာကိုတွေ့တော့ ကောင်လေး အံ့သြသွားလေရဲ့ ။ တအံ့တသြကြည့်နေတဲ့ ကောင်လေးကို
* ဟေ့ ကောင်လေး ဘာတွေ ဒီလောက် အံ့သြနေရတာတုန်း *
* ဖြူ က ကောင်လေးကို တန်းမှတ်မိတယ်နော် ။*
* မှတ်မိတာပေါ့ ။ မမှတ်မိစရာလား *
* ဖြူ ကို သိပ်ချစ်တာပဲ ။ ဒီစကားလေးကို ဖြူ မျက်နှာလေးကို ကြည့်ပြီးပြောချင်လို့ အဝေးကြီးကနေပြန်လာခဲ့တာပါ ။ ဖြူ ကိုချစ်တဲ့အချစ်တစ်ခုနဲ့ အားလုံးကိုနားလည်ပေးနိုင်တယ် ။  ဖြူ ရဲ့ ကျန်ရှိနေတဲ့အချိန် တွေကိုကောင်လေးနဲ့လက်တွဲပြီးရင်ဆိုင်ရအောင်နော် ဖြူ ။
 ကောင်လေးခွင့် 2ပတ် ဘဲရတယ်။ ဖြူ  လက်ခံရင်  ဖြူ နဲ့လက်ထပ်ဖို့ ပြင်ဆင်မယ်လေ။
 ပြီးရင်ကောင်လေးပြန်မယ် ။  ဟိုရောက်တာနဲ့ ဖြူကိုခေါ်ဖို့စီစဉ်ပြီး လှမ်းခေါ်လိုက်မယ်။
 ဖြူ လိုက်ခဲ့ပါနော်။ ဒီစကားတွေကိုအွန်လိုင်းပေါ်မှာပြောလို့ရပေမယ့် မပြောချင်လို့  ဖြူ ကိုတန်ဖိုးထားလို့ငွေတွေအကုန်ခံပြီးပြန်လာခဲ့တာပါ ။  ခုကောင်လေး ပြန်လာတာ အိမ်ကတောင် မသိဘူး ဖြူ ။ ဖြူ နဲ့ တွေ့ပြီး ပြန်မှာလေ ။ အိမ်တောင် မ၀င်ဘူး  ။ ကောင်လေးလေ ဖြူ ကိုအရမ်းချစ်တဲ့ အချစ်တွေနဲ့ ဖြူ နဲ့ ကောင်လေးတို့ရဲ့ ဘ၀သစ်လေးကို တည်ဆောက်ပါရစေ ။ သား နဲ့သမီးကိုလည်း ကောင်လေး သားသမီးရင်းနဲ့ မခြား စောင့်ရှောက်ပါမယ်လို့ ကတိပေးပါတယ်နော် ။ နောက်တစ်ခုက ကောင်လေး ဖြူ နဲ့ 
လက်ထပ်ပြီးရင်လည်း ကလေးထပ်မယူပါဘူး ။ ဖြူ သားနဲ့ သမီးကိုဘဲ
 ကောင်လေး သားသမီးတွေလို တစ်သက်လုံးချစ်သွားပါ့မယ် ။ *
* ကောင်လေးရယ် ဘာပြောရမှန်း မသိအောင်ကို ကြည်နူးဝမ်းသာရပါတယ် ။ တကယ့်ကို
မမျှော်လင့်ပါဘူး ။ ဒီလောက်ထိ နားလည်ပေးမယ်လို့ တကယ်ကို မထင်ခဲ့တာပါရှင် ။ အထိ
နာခဲ့တဲ့ အိမ်ထောင်ရေးကြောင့် နောက်တစ်ကြိမ် အိမ်ထောင်ပြုရမှာကိုလည်း အရမ်း
ကြောက်နေမိတာပါ ။ ကောင်လေးနဲ့ ချစ်သူတွေ ဖြစ်တော့လည်းဘယ်အချိန်ငိုရအုံးမ
လဲဆိုတာကို ရင်တထိတ်ထိတ် စောင့်နေခဲ့ရသူပါ ။ ကောင်လေးကို မယုံလို့ မဟုတ်ပါဘူး
နော်။ ကံမကောင်းတတ်တဲ့ ဖြူ ရဲ့ ကံတရားကို ကြောက်မိနေတာပါ ။ ကောင်လေးကို ဖြူ
တစ်ခါမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ မြတ်မြတ်နိုးနိုး တန်ဖိုးထားခဲ့တာပါကွယ် *
* ဖြူ ဆီက စကားတွေကို ကြားရတာ ကောင်လေး စိတ်မကောင်းလည်း ဖြစ်ရတယ် ။ အရမ်း
လည်းကြည်နူးဝမ်းသာရပါတယ် ဖြူ ။ ကောင်လေး ချစ်သူလေး တစ်ချိန်လုံး စိုးရိမ်သောကတွေ
နဲ့ ရှိနေရတာကို စိတ်မကောင်းမိပေမယ့် ကောင်လေးကို သိပ်ချစ်တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်
ခွင့်ရလို့ ကောင်လေး အရမ်းကြည်နူးတယ် *
ဒီလိုနဲ့ ကောင်လေး ပြန်သွားပြီး တစ်နှစ်တိတိကြာတဲ့အချိန် 5ရက် ၊ 7လပိုင်း ၊ 2012ခုနှစ်မှာ ကျွန်မကို သိပ်နားလည်ပေးတတ်ပြီး သိပ်ချစ်ပေးတဲ့ * မောင် * ဆိုတဲ့ ကောင်လေး လှမ်းခေါ်တာနဲ့ မလေးရှားနိုင်ငံကိုလိုက်လာခဲ့ပါသည်  ။ 15ရက် ၊ 7လပိုင်း ၊ 2012ခုနှစ် မှာတော့ သိပ်ကိုကြည်နူး
စရာကောင်းတဲ့ မင်္ဂလာပွဲလေးကို *မောင်* နဲ့ ကျွန်မတို့ ကျင်းပ ခဲ့ကြသည် ။ မောင် နဲ့ ဖြူ ဘ၀အိမ်လှလှလေး တစ်လုံးကို အလှပဆုံးတည်ဆောက်နိုင်ခဲ့ကြပါပြီ ။
✿•*¨`*•. (¯`v´¯) (¯`v´¯) .•*¨`*•✿.
တကယ်တော့  ချစ်သူတွေဘဲဖြစ်ဖြစ် ၊ အိမ်ထောင်သည်တွေဘဲ
ဖြစ်ဖြစ် နားလည်စာနာတတ်ခြင်းက အဓိက သော့ချက်လေးတစ်ခုပါပဲ ။ *နာလည်မှု* ဆိုတဲ့ အရာက အသက်ငယ်ခြင်း ကြီးခြင်းနဲ့မဆိုင်ပါဘူး ။  တွေးခေါ်စာနာမှု ဘဲသက်ဆိုင် တယ်ဆို
တာကို ဖြူ သိပ်ချစ်ရတဲ့ ဖြူခင်ပွန်းက သက်သေတည်နိုင်ခဲ့လေပြီ ။
  ✿•*¨`*•. (¯`v´¯) (¯`v´¯) .•*¨`*•✿.
ခိုင်လေး ( ရွှေတောင် )