Tuesday, August 26, 2014

၇၃ ။ အချစ်စစ်ဆိုသည်မှာ - ဒီနေ့ထုတ် 27. 8 . 2014 Women's World ဂျာနယ်ပါစာမူလေးပါ ။



၇၃ ။ အချစ်စစ်ဆိုသည်မှာ - ဒီနေ့ထုတ် 27. 8 . 2014  Women's World ဂျာနယ်ပါစာမူလေးပါ ။
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
10649818_1497283177184235_3825218290798597665_n.jpg
ကျွန်မတို့ပတ်ဝန်းကျင်မှာ မကြာခဏကြားနေရတဲ့ စကားလေးတစ်ခွန်းရှိပါတယ် ။ ဒါကတော့ လူတစ်ဦးက တစ်ဦးကို ချစ်တယ်လို့ ပြောတတ်ကြတာပါပဲ ။ ချစ်တယ်လို့ ပြောနိုင်ဖို့အတွက် ချစ်တယ်ဆိုတဲ့ ခံစားချက်ဖြစ်တည်စေဖို့ အကြောင်းအရာတွေတော့ လိုအပ်တယ်လေ ။ အချစ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေဖို့ အတွက်  ကျွန်မလေ့လာထားမိတဲ့အချက်လေးတွေ ရှိပါတယ် ။
နံပတ် ( ၁ ) - ခင်မင်ရင်းနှီးခြင်းကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ် ( ၂ ) - သနားခြင်းကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ် ( ၃ ) - မြင်မြင်ချင်း ရင်ခုန်ရာကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ် ( ၄ ) - လေးစားအားကျရာကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ် ( ၅ ) - အထိအတွေ့  နီးစပ်မှု့ကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ် (၆)- အနေကြာလာသည်နှင့်အမျှ ကိုယ်အပေါ်ထားရှိသော နားလည်ခြင်း ၊ ကိုယ်အပေါ်ထားရှိသော မေတ္တာတရားတွေကို သိရှိနားလည် ခံစားမိချိန်တွင် ဖြစ်တည်လာသော လေးနက်ခိုင်မာသော အချစ်
ဆိုပြီး အခြေခံ အကြောင်းအရာ ခြောက်ချက်ကို တွေ့ရှိရပါတယ် ။ ဒီအချက်တွေထဲက မခိုင်မြဲဆုံး အချစ်ဟာ * နံပတ် ( ၅ ) - အထိအတွေ့ နီးစပ်မှု့ကနေ စတင်ပေါက်ဖွားလာသော အချစ်   * ပဲဖြစ်ပါတယ် ။ အထိအတွေ့ နီးစပ်မှု့ကနေ စတင်ပေါက်ဖွားလာသော အချစ်ဟာ အချစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ သံယောဇဉ်မေတ္တာဆိုတာတွေကို  အုတ်မြစ်မချနိုင်ပါဘူး ။ ဒီအချစ်ရဲ့ သဘောတရားက ကာမ ဆန္ဒ ကနေဖြစ်ပွားလာသော အချစ်ဖြစ်တာမို့  အချစ်စစ် အချစ်မှန်မဟုတ်နိုင်ပါဘူး ။
အချစ်စစ် အချစ်မှန်ဆိုတာ အနေဝေးလို့လည်း သွေးအေးမသွားနိုင်ပါ ။ အနေနီးတိုင်းလည်း အချစ်စစ် ဖြစ်မလာနိုင်ပါဘူး ။နီးစပ်ခြင်းအပေါ် သာယာနေခြင်းမျိုးပါ ။ ဒါကို အချစ်လို့ ထင်ယောင်ထင်မှား ခေါင်းစဉ်တပ်မိကြပြန်တယ် ။ တကယ်တော့ အချစ်ဆိုတာ တန်ဖိုးရှိရတနာ တစ်ပါးပါ ။ ဒီလိုတန်ဖိုးရှိတဲ့ ခံစားချက်လေးကို ပေါ့တန်စွာ အသုံးချနေကြတာတွေကို တွေ့ရမြင်ရတိုင်း ရင်ထဲမကောင်းဖြစ်မိပါတယ် ။
ခေတ်ကြီးကပဲ လူတွေကိုပြောင်းလဲစေခဲ့တာလား ။ လူတွေကပဲ ခေတ်ကိုညစ်နွမ်းသွားစေခဲ့သလား ။ လူတိုင်းကို မဆိုလိုသော်လည်း ယောက်ျားလေးအများစုသည် မိမိချစ်သူအပေါ် တန်ဖိုးထားရကောင်းမှန်းမသိကြတော့ပေ ။ မိန်းကလေး တစ်ချို့သည်လည်း သူတို့၏ ချစ်သူအမျိုးသားများအပေါ် မိန်းကလေးပီတခြင်း ဆိုသော အချက်တွေဖြစ် ဆွဲဆောင်ကြဖို့ မေ့လျော့ကုန်ကြပါပြီ ။ အထိအတွေ့ဆိုတာ အချစ်ကိုမွေးဖွားစေတဲ့အရာဟု ဘယ်ပညာရှိကများ ပြောခဲ့ဘူးပါလိမ့် ။ ဘယ်သူမှ မပြောခဲ့ပါဘူး ။
ကျွန်မကြုံဆုံခဲ့ရသော အချစ်ကတော့ ရိုးရှင်းပါ၏ ။ ဘာကြောင့် ချစ်ခဲ့ပါသလဲ။ အရိုးရှင်းဆုံး ၀န်ခံရလျှင် အကြောင်းပြချက်မရှိအောင် တန်ဖိုးထား ချစ်မိသွားလို့ပါ ။ ရင်ခုန်ခြင်းတွေကို အချစ်ပင် ပျိုး ၊ကြင်နာခြင်းတွေကို မြေသြဇာချ ၊သံယောဇဉ်ရေစင်တွေကို ပတ်ဖျန်းကာ သစ္စာတရား ဆိုတဲ့ ပိုးသတ်ဆေး သုံးစွဲပြီး အန္တာရယ်အပေါင်းက ကင်းလွတ်အောင် အလှပဆုံး အချစ်ပန်းလေးကို အမျိုးသားအတွက် ဖူးပွင့်စေခဲ့ပါတယ် ။
အထိအတွေ့ဆိုတဲ့ ဆွဲဆောင်မှု့မျိုးနဲ့ ဆွဲဆောင်မှ ရတဲ့အချစ်ဟာ ဘယ်လိုနည်းနဲ့မှ အချစ်စစ်အချစ်မှန်မဟုတ်တဲ့ အတွက် ရေရှည်ခံမှာလည်း မဟုတ်နိုင်ပါ  ။ အချစ်အတွက် ရိုးရှင်းရမယ် ။ ရိုးသားရမယ် ။ ကိုယ်ချစ်သူကို အဆင်တန်ဆာတွေ ဆင်ပြီးပြောတဲ့ ချစ်စကားထက် *  မင်းကို ကိုယ်သိပ်ချစ်တယ် *ဆိုတဲ့စကားတစ်ခွန်းဟာ အကောင်းဆုံး ၊ အလေးနက်ဆုံး နှင့် ကြည်နူးစရာ အကောင်းဆုံး စကားလေးတစ်ခွန်းပါပဲ ။
စစ်မှန်သောချစ်ခြင်းရဲ့ အနှစ်သာရဟာ  နူးညံ့သိမ်မွေ့ခြင်းမှ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမျိုးပါ ။ နားလည်မှု ၊ သည်းခံမှုဆိုတဲ့ အရာတွေဟာ အမှန်တကယ် ချစ်မိသွားသူတွေရဲ့ ရင်ထဲကို အလိုလို ၀င်ရောက် လာတတ်ပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် တဖြည်းဖြည်းချည်နှောင်ထားတတ်ကြတဲ့ မေတ္တာတရားတွေ၊သံယောဇဉ်တွေဟာ အချစ်ရဲ့ အနှစ်သာရတွေပါပဲ။
ကိုယ်ပိုင်ဆိုင်ရရှိထားတဲ့ ချစ်ခြင်းတွေ ကိုယ်ဆီကနေ ပြေးထွက်မသွားဖို့ဆိုတာ အထိတွေ့နဲ့ စွဲဆောင်နေမှာ ခိုင်မြဲနေမှာ မဟုတ်ပါဘူး ။ ကိုယ်ချစ်သူအပေါ် အမှန်တကယ်ချစ်မိပြီဆိုလျှင် ချစ်သူကိုတန်ဖိုးထားတတ်ပါ ။ လေးစားပါ ။ အလေးနက်ရှိပါ ။ သစ္စာတရား လက်ကိုင်ထားပေးပါ ။ အရေးကြီးဆုံးက မေတ္တာနဲ့ နားလည်မှု့တွေ မိမိဆီက မကင်းကွာသွားအောင် ဂရိုစိုက်ဖို့ပါပဲ ။
အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လည်းမဟုတ်သလို ၊  စိတ်ခံစားမှု သက်သက်လည်း မဟုတ်ပါဘူး ။ ကိုယ်ရင်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းတရားကို တန်ဖိုးထားလေးစားရမှာပါ ။သိပ်ကိုပြီးပြည့်စုံတဲ့ ချစ်ခြင်းတရားကို ပိုင်ဆိုင်ထားရသူတွေဟာ အချစ်နဲ့ ပတ်သတ်တဲ့ ကောင်းမွန်တဲ့ အရာတွေကိုချည်း ပိုင်ဆိုင်ထားရတာ မဟုတ်ပါဘူး ။ မိမိခံစားလိုက်ရတဲ့ အချစ်ကို အကောင်းဆုံး ပုံဖော်ဖန်တီးတတ်ကြလို့ပါပဲ ။

ချစ်သူအပေါ်ထားတဲ့ စိတ်ခံစားချက်တိုင်းဟာ စေတနာပါရမယ် ။ ချစ်သူကို ခွင့်လွှတ်နားလည်တတ်ဖို့ လိုအပ်ပေမဲ့ အလိုလိုက်ဖို့တော့ မဟုတ်ပါဘူး ။ ခွင့်လွှတ်တာနဲ့ အလိုလိုက်ခြင်းဟာ မတူညီပါဘူး ။ ချစ်သူကို အားပေးနှစ်သိမ့်တတ်ဖို့လိုအပ်ပေမဲ့ အချိန်တိုင်းမယုံသင်္ကာစစ်ဆေးနေဖို့တော့ မလိုအပ်ပြန်ဘူး ။ ကျွန်မတို့ခံစားတတ်ကြတဲ့ အချစ်ဆိုတဲ့ ခံစားချက်လေး ထာဝစဉ်လှပတည်တံ့နေစေဖို့ ကျွန်မတို့ပေါ်တွင်သာ မူတည်နေပါတယ် ။ မှန်ကန်တဲ့ ဆွဲဆောင်ခြင်းတွေနဲ့ လှပတဲ့ ခံစားချက်လေးကို အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ခြင်းဖြင့်  စစ်မှန်တဲ့ ချစ်ခြင်းတွေကို လက်ကမ်းကြိုဆိုနိုင်ကြပါစေ ။ချစ်သူတိုင်း စစ်မှန်တဲ့ ချစ်ခြင်းတရားတွေကို ပိုင်ဆိုင်ကာ ပျော်ရွင်ချမ်းမြေ့ကြပါစေ။





၇၂ ။ ငှက်ပျောသီး ထိပ်ပိုင်းပုပ်လေး Women's World Journal



၇၂ ။ ငှက်ပျောသီး ထိပ်ပိုင်းပုပ်လေး

Women's World Journal ( ၅ . ၈ . ၂၀၁၄ )
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

10559784_807139652666259_6951706634192030013_n.jpg


10565149_1488326854746534_7363443096874904771_n.jpgWomen's World Journal ( ၅ . ၈ . ၂၀၁၄ )
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

အကြောင်းအရာ တစ်ခုကြောင့်  ကျွန်မစိတ်တွေ အတော်လေးလှုပ်ရှားနေခဲ့သည် ။ စိတ်လှုပ်ရှားခြင်းမှ တစ်ဆင့်တက်ပြန်တော့ ၀မ်းနည်းခြင်းများသည် ရင်ထဲသို့ အလိုလို တိုး၍၀င်လာကြလေသည် ။ ငိုချင်လာသည့် စိတများအား ဖြေသိမ့်ရင်း  ဆိုဖာခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်မပါသည် ။ ထိုင်မိပြီး မကြာခင် ကျွန်မမြင်ကွင်းထဲသို့ ငှက်ပျော်သီးလေးတစ်လုံး ၀င်ရောက်လာပါသည် ။ ထိုငှက်ပျော်သီးအား စိုက်ကြည့်ရင်း  ကျွန်မ အသိတွေ တဖြည်းဖြည်းလင်းလက်လာကြ၏။
ကျွန်မတို့ ဘ၀တွေမှာ နာကျင်စရာ ပျော်ရွင်စရာ ကြည်ကွဲစရာ ကြည်နူးစရာ ၀မ်းနည်းစရာ ၀မ်းသာစရာ အစရှိသော ခံစားချက်ပေါင်းများစွာကို လူတိုင်းခံစားဖူးတတ်ကြပေမည် ။ ပျော်စရာရှိရင် ရေကုန်ရေခမ်းပျော်တတ်ကြမည် ။ တပါးသူကို မျှဝေဖို့ပင် မေ့ချင်မေ့နေတတ်ကြ၏ ။ တစ်စုံတခု ၀မ်းနည်းနာကျင်စရာ ကြုံလာခဲ့လျင်ဖြင့် ဆက်နွယ်မှု့ အားလုံးကို သိမ်းကျုံးနားကြည်းတတ်ကြပြန်သည် ။ ယောကျာင်္းတစ်ယောက်ကို မုန်းမိပြီဆိုပါစို့ ယောကျာင်္းတွေအားလုံး မကောင်းဘူး ဆိုတာမျိုးပေါ့ ။ သက်ရှိ သက်မဲ့တိုင်းမှာ အကောင်း အဆိုးဆိုတာရှိစမြဲပါ ။
ဒီနေ့  မိန်းကလေးတစ်ယောက်၏ စော်ကားမှု့သဘော သက်ရောက်စေသည့် အပြုမှူတို့ကို ကျွန်မလက်ခံလိုက်ရသည် ။ ထို မိန်းကလေး နှင့်ကျွန်မကြား အပေးယူဆိုသည့် အရာနှင့် တွက်ချက်မည်ဆိုလျှင် ကျွန်မအနေနှင့် သူမဆီမှ မည်သည့်အယူမျိုးမှ မရှိခဲ့ဘူးပါ ။ ကျွန်မဘက်ကသာ သူမအား အပေးရှိခဲ့ပါသည် ။ ထိုကဲ့သို့သော သူမျိုးမှ ကျွန်မအပေါ်  ယခုကဲ့သို့ ဆက်ဆံလိုက်ခြင်း အပေါ်အသည်းခိုက်အောင် နာမိပါသည် ။  လုံးဝပတ်သတ် ဆက်ဆံချင်စိတ် မရှိတောပါဘူး ။ သူမနှင့် ပတ်သတ်သော ပတ်ဝန်းကျင် မိသားစုများနှင့်ပါ ခပ်ကင်းကင်းနေချင်သွားမိသည် ။ နေဖို့ကိုလည်း ဆုံးဖြတ်လိုက်မိပါ၏ ။ သို့သော် ဒီလို ကင်းကင်းနေဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အကြောင်းအရာတွေက ရှိနေပြန်သည် ။ သူမကို မဆက်ဆံလို့ရ၏် ။ သူမမိသားစုနှင့် မဆက်ဆံဘဲနေဖို့ကျပြန်တော့ ကျွန်မအတွက် အခက်တွေ့စရာတွေ ရှိနေပြန်သည် ။ဝေခွဲမရသော ထိုရှုပ်ထွေး စိတ်များဖြင့် နောက်ကျိနေရပါ၏ ။
ထိုအချိန်မှာပဲ တိုက်ဆိုင်စွာဖြင့်  ငှက်ပျော်သီးလေး တစ်လုံးမှ ကျွန်မစိတ်တွေအား လမ်းပြပေးခဲ့လေသည် ။ ထိုင်နေသော ကျွန်မမျက်စိရှေ့တည့်တည့် ရှိနေသည်က ငှက်ပျော်သီးလေးတစ်ဖီး ။ ထိုငှက်ပျော်ဖီးထဲ ငှက်ပျော်သီးလေးတစ်လုံး၏ ထိပ်ပိုင်းလေးသည် ပုပ်နေပါ၏ ။ ဘာရယ် မဟုတ်စိုက်ကြည့်နေရင်း ကျွန်မအသိထဲကို အတွေးတွေ တန်းစီလို့ ၀င်ရောက်လာကြသည် ။ ငှက်ပျော်ထိပ်ပိုင်းလေး ပုပ်နေပေမယ့် ကျန်သည့်အစိတ်ပိုင်းများသည် စားလို့ရနေပါသေးသည် ။ပုတ်နေသော ထိပ်ပိုင်းလေးကြောင့် တခြားအစိတ်ပိုင်းတွေကို ပါအဆုံးရှုံးခံကာ လွှတ်ပစ်လိုက်ရမည်လား ။ မဟုတ်တာပဲ ။ မလုပ်သင့်ဘူး ။ ပုပ်တဲ့ အပိုင်းကို ဖြတ်ထုတ်လိုက်ပြီး ကောင်းနေသေးသည့် အပိုင်းကို စားရမည် ။ ထိုအတွေးလေးက ကျွန်မစိတ်တွေအား ကြည်လင်သွားစေခဲ့ပါပြီ ။
ငှက်ပျော်သီးထိပ်ပိုင်းပုပ်လိုပဲ မကောင်းသည့် သူမကိုသာ ကင်းအောင်နေဖို့ ဆူံဖြတ်လိုက်မိသည် ။ သူမ၏မိသားစုများနှင့်ပါ မပတ်သတ်ဘဲနေဖို့ဆိုသည်မှာ ဆိုင်မှမဆိုင်တာ ။ သူမတစ်ယောက်တည်း ကွက်မကောင်းပေမဲ့ ကျန်တဲ့ မိသားစုဝင်တွေ အားလုံးကျွန်မအပေါ် ကောင်းနေခဲ့ပါသည် ။ ငှပ်ပျော်သီထိပ်ပိုင်းပုပ်ကို ဖြတ်ထုတ်လိုက်ပြီး အကောင်းတွေကို စာသုံးနိုင်သကဲ့သို့ သူမကို မေ့ပစ်လိုက်ပြီး ကျန်နေသည့် မိသားစုတွေကို အရင်လိုပင် ဆက်ဆံဖို့ ဆုံးဖြတ်လိုက်မိပါတော့သည် ။
သူတော်ကောင်းဆိုတာ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်နေရမယ်ဆိုသည့် စကားအတိုင်း သူမ ကျွန်မအပေါ် ဆိုးသည်ဖြစ်စေ  ကောင်းသည်ဖြစ်စေ ကျွန်မ မဆိုးမိဖို့ကိုဘဲ သတိထားလိုက်ပါတော့မည် ။ ကျွန်မသည် မိကောင်းဖခင်သားသမီး ဖြစ်သူမို့ မိမိစိတ်ထဲရှိသည့် အတိုင်းပြုမူဆောင်ရွက်ခြင်းကား မိဘကိုပါထိခိုက်နစ်နာစေတတ်ကြောင်းကို သင်ခန်းစာတွေလည်း ရခဲ့ဖူးပေသည် ။ ဒီအတွက် မိမိနှုတ်မှထွက်ဆိုသော စကား  ၊ ကိုယ်ကပြုမူဆောင်ရွက်သော အပြုမူတို့သည် မိဘကို တိုက်ရိုက်အချိုးကျခြင်း မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်ဖို့လည်း ဆင်ခြင်လိုက်မိ၏ ။ မိဘက ဆုံးမသွန်သင်နေပါလျှက် မိမိဗီဇကိုက ဆိုးနေသူတွေလည်း အများပြားတွေ့ခဲ့ဖူးပေ၏။ ထိုထဲတွင် အပါဝင်မဖြစ်စေဖို့ ကိုယ့်ကိုယ်ကို ဆင်ခြင်လိုက်မိသည် ။ အမိယုတ်တော နှုတ်ကြမ်း အဖယုတ်တော့ ကိုယ်အမူအရာကြမ်း ဆိုတဲ့စကားပုံလေးလို မိမိ အပြောဆို အပြုမူ တို့ကြောင့် မိဘတွေကို သိက္ခာချသူ မဖြစ်ရလေအောင် ကျွန်မတို့ သားသမီးတွေ ဆင်ခြင်ရမည်။
စိတ်၏စေရာအတိုင်း တစ်သွေမတိမ်းလိုက်ပါ လုပ်ဆောင်တတ်ကြသူတို့ အနေဖြင့် အထူးသတိထားသင့်ပါ၏် ။ စိတ်ကစေခိုင်းတာ မှန်ပေမယ့် လုပ်သင့် မလုပ်သင့်  ဆိုတာကို ဝေဖန်ပိုင်းခြားသင့်ပေသည် ။ ယခုကျွန်မခံစားလိုက်ရသော ကိစ္စလေး၌ စိတ်ကိုသာ အလိုလိုက်ပြီး စိတ်ထဲ ရှိနေသည့် အတိုင်း လုပ်လိုက်မိပါလျှင် ဖြစ်နေသည့် ပြသနာထက် ပို၍အရုပ်ဆိုးစေသော ဖြစ်ရပ်များအာုး ရင်ဆိုင်ရမည်မှာ အသေချာပင် ဖြစ်သည် ။ မထင်မှတ်ဘဲ ငှက်ပျောသီး ထပ်ပိုင်းပုပ်လေး တစ်လုံး၏ လမ်းပြမှု့ကြောင့် အသိတရားတွေ ပြန်လည်ဝင်ရောက်လာခဲ့သည် ။ ကိစ္စတစ်ခု ဖြစ်တည်လာပြီဆိုလျှင် လိုအပ်သည့်သူ လိုအပ်သော အပိုင်းကိုသာ ဖြတ်ထုတ်ပစ်တတ်ဖို့ ၊ မိမိစိတ်ထင်တိုင်း လုပ်လိုက်သည့် အပြုမူတို့သည် မိမိ၏မိဘများအား တိုက်ရိုက်အချိုးကျတတ်ကြောင်း အစရှိသည့်အချက် ၊စိတ်ခံစားချက်များအား အသိနဲ့ ထိန်းနိုင်ရမယ်ဆိုသည့် သ်ငခန်းစာကောင်းလေးကို ရရှိပိုင်ဆိုင်လိုက်ရပါတော့သည် ။

ခိုင်လေး ( ရွှေတောင် )

၇၁ ။ အစွန်းရောက်စိတ်ထား ( စံတော်ချိန် သတင်းစာ )



၇၁ ။ အစွန်းရောက်စိတ်ထား ( စံတော်ချိန် သတင်းစာ )
ရေးသားသူ - ခိုင်လေး ( ရွှေတောင် )
10553335_10202394518653203_7547754948454521907_n.jpg
အစွန်းရောက်သော စိတ်သည် ကောင်းသလား ၊ မကောင်းဘူးလား လူတိုင်းတွေးစရာမလိုအောင် သိကြမည်ဟု ထင်မြင်မိပါသည်  ။ အစွန်းရောက်ပြီဆိုကတည်း မည်သည့်အစွန်းရောက်ခြင်းမှ ကောင်းကျိုးမပေးနိုင်ပါ ။ လူသားအများစုသည် စိတ်၏ခိုင်းစေရာ ၊ စိတ်၏ဆွဲခေါ်ရာသို့ လိုက်ပါနေကြရပေသည် ။ယနေ့မျက်မှောက်ခေတ်ကာလ၌ အယူသီးဝါဒအမျိုးမျိုးကို ဆွဲကိုင်ကာ တဖြည်းဖြည်း အစွန်းရောက်စိတ်တွေအား မွေးမြူလာကြသည် ။ ယနေ့မြန်မာပြည်၌ လူမျိုးရေး အစွန်းရောက်ခြင်း ၊ ဘာသာရေးအစွန်းရောက်ခြင်း အခြေနေတွေ တစ်စထက် တစ်စကြီးထွားလို့လာနေပါသည် ။ ဗုဒ္ဓဘာသာ အမည်မျှသာခံ၍ အတ္တကို မဏ္ဍိုင်ထားနေခြင်းဟာ ကောင်းသောလက္ခာဏာ မဟုတ်ပေ ။ မြန်မာနိုင်ငံ၌ မွေးဖွားပြီး ဗုဒ္ဓဘာသာကိုးကွယ် ဆည်းကပ်သူတိုင်း  မိမိဘာသာတရားကို အလေးမြတ်ထားတတ်ကြပါသည် ။ ခေတ်၏ ပြောင်းလဲခြင်းပေါ် မူတည်၍ လူငယ်များ ဘာသာရေးလိုက်စားမှု့အားနည်းလာခြင်းသည် မိဘများအပေါ်၌ ရာခိုင်နှုန်းများစွာ မူတည်နေပါသည် ။ မိခင် ဖခင် ကိုယ်တိုင် ဘာသာရေးအားနည်းနေပါလျှုင် မိမိတို့၏သားသမီးများသည်လည်း ဘာသာတရားကိုင်းရှိုင်းမှု့အားနည်းမည်သာ ဖြစ်ပေသည် ။ ဒီအတွက် ဥပဒေတွေ ဘာတွေ ထုတ်တာထက် အဓိက ပြုလုပ်ရမည့် အရာသည် မိဘတိုင်းသည် မိမိတို့၏ရင်သွေးငယ်တွေအား ဘာသာရေး အသိတွေ ကြွယ်ဝလာအောင် ရှေ့ဆောင်လမ်းပြနိုင်ရပါမည် ။ အပြစ်ကျူးလွန်သူအား တုတ်နှင့် ရိုက် ဆုံးမခြင်းထက် နားဝင်အောင်သွန်သင်ခြင်းသည် ရေရှည်ကောင်းဖို့ အတွက် ပို၍သေချာနိုင်ပါသည် ။ မဖြစ်သည့်အဆုံး ရိုက်ဆုံးမ ရသည်မှာ နောက်ဆုံးအဆင့်သာဖြစ်သင့်ပေသည် ။
ယနေ့မျက်မှောက် အခြေနေလေးကို ဆက်ကြည့်ရအောင် ။ ချစ်စရာကောင်းသည့် ယဉ်ကျေးမှု့ ၊ ဖော်ရွေဖွယ်  မြန်မာတို့၏ ချစ်စရာ စရိုက်များအစား လူကြီး လူကြီးမှန်းမသိအောင် အဆဲသန်သော စရိုက်တွေ ကြီးစိုးလာခဲ့လေပြီ ။ သိပ်ကို ရင်နာစရာ ကောင်းလှပါသည် ။ အလွန်ချစ်ခင်ကြသော သူငယ်ချင်းတွေ လမ်းခွဲကြရသည် ။ နောက်ဆုံး ဘာသာရေးမှာပင် နှစ်ခြမ်းကွဲသည့် အဆင့်တိုင်အောင် ဖြစ်နေကြရလေပြီ ။ ဒါတွေဟာ အစွန်းရောက်သော ခံယူချက် စိတ်ထားတွေ၏ ရလာဒ်အဖြေပင် ဖြစ်သည် ။ ယနေ့ မွတ်စလင်တွေကို မုန်းနေကြသည် ။ ဘာကြောင့် မုန်းရသနည်းလို့မေးရင် ထွက်လာမည့်အဖြေမှာ တစ်ခုတည်းပင် ။ အစွန်းရောက်စိတ်တွေကြောင့်လို့ ဖြေကြမှာ မလွဲဧကန်ပါပဲ ။ အစွန်းရောက်စိတ်တွေ ရှိနေလို့ သူတို့ကို မုန်းကြသည် ။ ဟုတ်ပြီ ။ ကိုယ်ကိုတိုင် မုန်းတီးနေသည့် ထိုအစွန်းရောက် စိတ်ကြီးကို မိမိတို့ခန္မာကိုယ်ထဲသို့ အဘယ်ကြောင့် အ၀င်ခံနေကြသနည်း ။ စဉ်းစားဖို့နေပြီ ။ သေသေချာချာ ပြန်စဉ်းစားပါ ။ ကျွန်မတို့ ဗုဒ္မဘာသာမှာ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းအကျင့်ဆိုတာ ရှိပြီးတားပါ ။
အစွန်းရောက်သော စိတ်ထားတွေကြောင့် ယနေ့ကမ္ဘာကြီးမှာ လူသားတွေ ဘယ်လောက်ထိ စိတ်ဆင်းရဲနေကြသလဲ ။ လူသားတွေ သေကျေကြရသည် ။ မိသားစုပေါင်းများစွာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြရသည် ။ အမျိုးသမီးတွေဟာ လူမျိုးတစ်စုအတွက် အရေးကြီးတယ်လို့ သတ်မှတ်တာကိုလည်း မငြင်းဆိုပါဘူး ။ အရေးကြီးတဲ့ အတွက် ထိန်းချုပ်တယ်ဆိုတဲ့ အကြောင်းပြချင်ကဖြင့် သိပ်သဘာဝမကျလှပေ ။ ဒီလိုဆိုလိုက်လို့ အမျိုးကိုမချစ်လို့ နေချင်သလို နေဖို့ ဆိုလိုခြင်းမဟုတ်ပါ ။ ကျွန်မသမီးကို ဘာသာမတူသူတစ်ဦးဖြင့် ပေးစားရလျှင်လို့ အခါခါတွေးမိပါသည် ။ ကျွန်မလုံးဝ မဖြစ်စေချင်ပါ ။ မဖြစ်ဖို့အတွက် ငယ်စဉ်ကတည်းက ဘာသာရေးအသိတွေ သူခေါင်းထဲကို ၀င်အောင် ကြိုးစားပေးမည် ။ နားဝင်အောင် ပြောပြမည် ။ ဒီလိုပြောသည့် နေရာမှာ သမီးရေ သူတို့ဘာသာကဖြင့် ဘယ်လိုတွေ ဆိုးတာဆိုတာတွေကို ပြောမည့်အစား မိမိဘာသာတရား၏ အနှစ်သာရတွေကို နားလည်အောင်ရှုင်းပြမည် ။ ဘာသာမတူသူနှစ်ဦး လက်ထပ်လျှင် ရင်ဆိုင်ရမည့် အခက်ခဲ ပြသနာလေးတွေကို မြင်သာအောင် ချပြပေးမည် ။ အဓိက ဖြစ်ချင်ကြသည်မှာ မိမိဘာသာ ကွယ်ပျောက်မှာကို ဆိုးနေကြခြင်းပါ ။ မိမိဘာသာ မကွယ်ပျောက်ဖို့ မိမိကိုယ့်ကို အရင်ပြုပြင်ရမည်ဆိုသည့်အချက်အား မေ့နေကြလေသည် ။
အိမ်တစ်အိမ်၌ ခြံစည်းရိုး လုံအောင်ထတ်ထားဖို့ လိုအပ်သလို ၊ မိသားစု တစ်စုဆီတိုင်းမှာလည်း ဘာသာရေး အသိတရားတွေ ပြည့်ဝနေဖို့ လိုအပ်ပါသည် ။ အမျိုးဘာသာအတွက်တော့ လုပ်နေပါရဲ့ ။ မိမိ ကိုးကွယ်သည့် ဘာသာရေး အကြောင်းအရာများအား တခြားဘာသာခြားတစ်ယောက်မှ မေးလာသည့်အချိန်၌ ဘာဖြေရမှန်းမသိသူတွေ ဒုနဲ့ဒေးပါ ။ မွတ်စလင်ရောင်းသော ပစ္စည်းကင်းအောင်နေယုံနှင့် ဘာသာတရားကို ကာကွယ်ရာ မရောက်နိုင်ပါဘူး ။ ကိုယ်ဆီကိုယ်ငှ ဘာသာရေး အသိတရားတွေ ရှိနေဖို့ကသာ အဓိက ကြလှပေသည် ။ ကိုယ်တိုင်ကဖြင့် ကိုယ်အမေ ၊ အဖေ ကိုယ်အဘိုး အဘွားလောက်ရှိနေတဲ့ သူတွေကို မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲဆိုနေပြီး အမျိုးဘာသာ သာသနာ့ကို ချစ်ပြနေကြရင်တော့ အင်မတန်လူရယ်စရာ ကောင်းနေပါလိမ့်မည် ။ ကင်းအောင်နေမည်ဆိုလျှင်  အမှန်တကယ် ကင်းမည်လားဆိုသည့်အချက်ကိုလည်း ထည့်တွက်စဉ်းစားရပေမည် ။ မကြာသေးမှီက ကျွန်မရေးသားသော စာလေးထဲမှာ လူတစ်ယောက် ကော်မန့်လာရေးထားပါသည် ။ သူရေးထားသည်က
* ဒို့ကတော့ စားစရာမရှိလို့ လျှာပေါ် မြက်ပေါက်ရင်ပေါက်ပါစေ ကုလားတွေနဲ့ကင်းအောင်နေတယ် ကုလားဆိုတဲ့သတ္တဝါ တွေက အကုန်လုံးစောင့်ကျင့်တွေအတူတူ ဟိုကုလားဒီကုလားမှမဟုတ်ဘူး မလေးရှားနိုင်ငံမှာအကြောင်းကြောင်းကြောင့်နေရပေမဲ့အတတ်နိုင်ဆုံးကုလားနဲ့ကင်းအောင်နေတယ် *
လို့ သူလာရေးထားပါသည် ။ သူရေးသောစာကို သေချာ ဖတ်ကြည့်ပါ ။ လျှာပေါ်မျက်ပေါက်ပါစေ ကုလားနဲ့ ကင်းအောင်နေတယ်ဆိုပြီး လက်ရှိ သူနေထိုင်နေသည်မှာ မလေးရှားနိုင်ငံ ဖြစ်နေသည် ။ စကား နှင့် အလုပ် မညီဘူးဖြစ်နေပါသည် ။ အမှန်တကယ် ကင်းချင်သည်ဆိုပါလျှင် မည်မျှ စီးပွားရေး အဆင်မပြေပါစေ မြန်မာပြည်၌သာ နေသင့်ပေသည် ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်မှာ နိုင်ငံတကာနှင့် ဆက်နွယ်ပတ်သတ်မှု့တွေရှိနေကြရမှာပဲ ။ ဒီလိုတွေသာ အစွန်းရောက်နေမည်ဆို မလေးရှားနိုင်ငံ၌ မြန်မာလူမျိုးဆိုသည်မှာ  ရှိနေစရာပင် အကြောင်းမရှိပေ ။ မလေးရှားနိုင်ငံ၌ နေရာတိုင်းတွင် မြန်မာလူမျိုးရှိသည် ။ ဒီလိုပြောလို့ ကုလားချီးမွန်းခန်းဖွင့်နေသည်ဟု မထင်စေချင်ပါ ။ တွေးတတ်စေချင်တာပါ ။ အရာတိုင်းကို ပုံသေသတ်မှတ်လို့ မရနိုင်ပါဘူး ။ မည်သည့်ဘာသာကို ကိုးကွယ်သူဖြစ်ပါစေ ကောင်းတဲ့သူကို ကောင်းသည်ဟုသတ်မှတ်ရပေမည် ။ ဆိုးနေသည့်သူကိုလည်း ဆိုးသည်ဟုတ် သတ်မှတ်ရမည် ။ တခါတရံ၌ ချစ်ခင်သော စိတ်များ အားကြီးလွန်းလျှင် အစွန်းတစ်ဖက်သို့ ရောက်သွားတတ်ပါသည် ။ တိုင်းသူပြည်သား အားလုံး မြန်မာပြည်ကြီးကို ချစ်ကြသည့်စိတ်တွေ တူညီနေပါလျှက် အစွန်းရောက်နေသော ခံယူချက် စိတ်ထားတွေကြောင့် မဖြစ်သင့်သော အကျိုးရလာဒ်တွေကို လက်ရှိပိုင်ဆိုင်နေကြရသည် ။ လူတစ်စု ပျော်ရွင်ကျေနပ်စေဖို့ လူအများစိတ်ဝမ်းကွဲနေရခြင်းသည် ဖြစ်သင့်သော အလုပ်မဟုတ်ပေ ။
အစွန်းရောက်သော စိတ်တွေကနေ ဒေါသတွေ လွှမ်းမိုးလာမည် ။နောက် မောဟတွေ
လွှမ်းမိုးလာမည် ။ လောဘ လွှမ်းမိုးလာသောအခါ လိုချင်စိတ်တွေများလာပြီး မဖြစ်သင့်သော ကိစ္စ ၊ မလုပ်အပ်သော ကိစ္စတွေများအထိ ကျုးလွန်မိတတ်ကြပေသည် ။ မောဟတွေပါလာပြီမို့  လုပ်သင့်ခြင်း ၊ မလုပ်သင့်ခြင်း ဆိုသောအရာများအား တွေးတော ဆင်ခြင်နိုင်စွမ်းမရှိတော့ပေ ။ အရာရာကို သေချာစွာ ဆက်ခြင်သုံးသပ်ပြီး  စိတ်ကိုတည်ငြိမ်အောင် အစွန်းမရောက်အောင် ထိန်းကြပါ ။ မိမိဘာသာတရားကို အမှန်တကယ် ချစ်မြတ်နိုးလျှင် ဘာသာတရား၏ အဆုံးမတွေအတိုင်း ကျင့်ကြံနေထိုင်ကြပါ ။ သူတော်ကောင်းဆိုသည်မှာ သူများကောင်းခြင်း မကောင်းခြင်းထက် ကိုယ်ကောင်းအောင်နေဖို့သည်သာ အဓိကကြပေသည် ။ 
၁။ သဒ္ဓါ = အမှန်တရားကို သိမြင်နိုင်ပြီး အဲဒီ အပေါ်မှာ သက်ဝင်ယုံကြည်ခြင်း၊(ဘုရား၊ တရား၊ သံဃာ၊ ကံ၊ကံ၏ အကြောင်းအကျိုးအပေါ်၌ သက်ဝင်ယုံကြည်ခြင်း)၊
၂။ သီလ = ကိုယ်၊ နှုတ်၊ စိတ်တို့ကို အစဉ်စောင့်ထိန်းနိုင်ခြင်၊ (ငါးပါးသီလကို အစဉ်စောင့်ထိန်းနိုင်ခြင်း)၊
၃။ သုတ = ကိုယ်သိထားတဲ့ အမှန်တရားအပေါ် ထပ်မံ အသိတိုးအောင်ဆည်းပူး လေ့လာခြင်း (တရားဗဟုသုတ)၊
၎။ စာဂ = စွန့်ကြဲပေးကမ်းခြင်း၊ အလှူဒါန ပြုလုပ်ခြင်း၊(နိဗ္ဗာန်ကိုရည်မှန်း၍)
၅။ ပညာ = မိမိရဲ့ စိတ်ကလေးကို သတိဦးစီးတဲ့ ဥာဏ်ပညာနဲ့ အချိန်တိုင်း စောင့်ရှောက်နေနိုင်ခြင်း၊
၆။ ဟိရီ = မကောင်းမူလုပ်ရမှာကို ရှက်ခြင်း ၊ မြင်ရမှာ ၊ ကြားရမှာ ၊ ကြည့်ရမှာ ၊ သိရမှာကို ရှက်တတ်ခြင်း၊
၇။ သြတ္တပ = မကောင်းမူ့ ပြုရမှာကို ကြောက်ရွံထိတ်လန့်ခြင်း စသည့် သူတော်ကောင်း တရား ခုနှစ်ပါးအား လိုက်နာကျင့်ကြံခြင်းဖြင့် အစွန်းရောက်စိတ်တွေကို ပယ်ဖျောက်နိုင်ပါစေ ။ မှန်ကန်သော ချစ်နည်းမျိုးဖြင့် အမျိုးဘာသာ သာသနာ့ကို ချစ်နိုင်ပါစေ ။  

သူတော်ကောင်းဆိုတာ  သူတော်လာအောင်
ကိုယ်ကကောင်းပေးရတာပဲ ။
သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင်
ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ ။
သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကကောင်းရမယ်၊
ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
 ဆိုသည့် တိပိဋက ယောဆရာတော်ဘုရားကြီး၏  ဆုံးမစကားလေးအတိုင်း ကျင့်ကြံနေထိုင်သွားနိုင်ကြပါစေလို့ ဆုတောင်းရင်း ဆောင်းပါးလေအား အဆုံးသတ်လိုက်ပါရစေ ။


၇၀ ။ အဆိုး အကောင်း Women's World Journal



၇၀ ။ အဆိုး အကောင်း
Women's World Journal
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
70.jpg
70.jpg

25.6.204 - ဒီနေ့ထုတ် Women's World Journal ပါဆောင်းပါးလေးပါ ။

၇၀ ။ အဆိုး အကောင်း
Women's World Journal
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

အကြောင်းအရာတိုင်း၌  အဆိုးအကောင်း ဒွန်တွဲနေခြင်းသည် လောကကြီး၏ ညီမျှခြင်းတစ်ခုဖြစ်ခဲ့လေသလား။ အဆိုးအကောင်း စသည်တို့အား ခံနိုင်ရည်ရှိခြင်းသည်ပင် လူတစ်ယောက်၏ အရည်ချင်းဟု သတ်မှတ်ကြသလားဆိုသည့် အတွေးမေးခွန်းများဖြင့် ချာချာလည်လည်နေမိ၏် ။ ထိုအတွေးတွေအား အစပြုစေခဲ့သော အကြောင်းအရာသည်ကား ကျွန်မ၏ ဆိုက်ကယ်လေးပင်ဖြစ်လေတော့သည် ။မလေးရှားနိုင်ငံသို့ စတင်ရောက်ရှိစဉ် ကာလကတည်းက အမျိုးသားမှ ဆိုက်ကယ်တစ်စီးဝယ်ပေးမည်ဟု ပြောခဲ့ပါသည် ။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် မ၀ယ်ဖြစ်ခဲ့ကြပါဘူး ။ ဒီတော့ဘတ် ( စ် )ကားသည်သာ ကျွန်မအတွက် အားထားစရာဖြစ်လာခဲ့ရသည် ။ နေထိုင်ရာ တိုက်ဝန်းမှ ကားမှတ်တိုင်ရှိရာသို့ တော်တော်လေးလမ်းလျှောက်ရသည် ။ မလေးရှားနိုင်ငံသည်ကား မိုးရွာလျှင် ရွာ ၊ မရွာပြန်လျှင် နေတအားပူသည့်နိုင်ငံဖြစ်သည်မို့ လမ်းလျှောက်ရသည်မှာ မသက်သာလှပေ ။ တိုက်ခန်းလေးသည် တိုက်ဝန်း၏ အစွန် ၌ တည်ရှိသည် ။ အပြင်သို့ ထွက်မည်ဆိုပါလျှင် တော်တော်လေးလမ်းလျှောက်ရလေ၏ ။ လမ်းလျှောက်လျှင် မောတတ်သည်က အစဉ်အလာ ရှိပြီးသား ။ထိုကြောင့် ဘတ်(စ်) ကားမှတ်တိုင်သို့ လမ်းလျှောက်၍  သွားရခြင်းသည် ကျွန်မအတွက် ရုပ်ပိုင်းဆိုင်ရာ မောပမ်းခြင်းအား  ဖြစ်စေသည်ဟု ယူဆမိလေသည် ။
ဒီလိုနှင့် တစ်နေ့တော့ အမျိုးသားဖြစ်သူ၏ မေတ္တာတော်အနန္တဖြင့် ဆိုက်ကယ်လေးတစ်စီး ၀ယ်ဖြစ်ဖို့ အကြောင်းတရား ဖန်လာခဲ့လေသည် ။ အမျိုးသား၏ သူငယ်ချင်းဖြစ်သူမှာ မြန်မာပြည်သို့အပြီး ပြန်တော့မည်ဖြစ်သောကြောင့် သူစီးနေသည့် ဆိုက်ကယ်လေးအား ကျွန်မတို့လင်မယားထံ ပြန်ရောင်းခဲ့လေသည် ။ ၀ယ်ဖို့ အစီစဉ်ရှိနေပြီးတားမို့ ၀ယ်ထားလိုက်သည်။ ဆိုက်ကယ်လေးရောက်လာချိန် လမ်းမလျှောက်ရတော့ဘူး ဆိုသည့်အသိက ကျွန်မကို ပျော်ရွင်ကျေနပ် စေခဲ့သည် ။ အမျိုးသား အလုပ်သွားလျှင် ဆိုက်ကယ်လေးဖြင့် လိုက်ပို့ရသည် ။ နေ့လည် ထမင်းစားချိန်ကို ထင်းချိုင့်လိုက်ပို့ပေးရ၏် ။ တစ်နေ့ကို နှစ်ကြိမ် ဆိုက်ကယ်စီးပြီး အပြင်ထွက် ရသည် ။ ဆိုက်ကယ်ဖြင့် သွားလာရခြင်းကြောင့် ခြေညောင်းခြင်း ၊ နေပူခံရခြင်း ၊ မောပမ်းခြင်းဒုက္ခဘေးတို့မှ ကင်းဝေးရလေ၏ ။ ရုပ်ပိုင်းဆိုင်ရာ မောပမ်းခြင်းတို့မှ ကင်းဝေးခဲ့ရသော်လည်း စိတ်ပင်ပမ်းခြင်းဒုက္ခကိုတော့ ဇနီးမောင်နှံ နှစ်ဦး ခံစားရပြန်သည် ။
အမျိုးသား အလုပ်ရှိရာသို့ လိုက်ပို့ချိန်ကအစပြုလို့ နေ့လည် ထမင်းပို့ပြီးပြန်ချိန်ထိ စိတ်မောရခြင်း ခံစားချက်တို့ကို ခံစားရလေတော့သည် ။ ဆိုက်ကယ်စက်နှိုး မောင်းထွက်သည်နှင့် အနောက်မှထိုင်လိုက်သည့် အမျိုးသား၏ စိုးရိမ်ပူပန်သံ ။ ဆိုက်ကယ်မောင်းတာဖြစ်စေ  ကားမောင်းတာဖြစ်စေ ဘေးကနေတောက်လျှောက်လိုက်ပြောနေလျှင် မောင်းသူအတွက် စိတ်ဖိစီး ပင်ပမ်းခြင်းတွေကို ခံစားရပါ၏ ။ ယဉ်မောင်းသူအတွက် အန္တာရယ်အရမ်းများဆုံးအရာသည်ကား စိတ်ဖိစီးခြင်းပင်ဖြစ်သည် ။  မြန်မာပြည်၏  ညာမောင်းစနစ်ဖြင့် ယဉ်ပါးလာသူ ကျွန်မ မလေးရှားနိုင်ငံ၏ ဘယ်မောင်းစနစ်သို့ ပြောင်းမောင်းကာစပေမို့ သတိကြီးစွာထားရပြန်သည် ။ အဝေးပြေးလမ်းပေါ် မောင်းရသည်မို့ စတန့်ဆိုက်ကယ်သမားများ၏ ပွတ်ဆွဲ ၀ှိုက်ဆွဲ ခြင်းများအား ရှောင်ရသည်မှာလည်း စိတ်ကို များစွာ လေးပင်ရပြန်သည် ။ မနက်ပိုင်း ကားလမ်းများကျပ်ချိန် ပိတ်နေသည့်ကားတွေကြား စတန့်မင်းသမီးတစ်ဦးနှယ် မောင်းနေရသည်မှာသည်း  စိတ်ရှုပ်စရာပင် ။
အမျိုးသားကို ထမင်းပို့ပြီးပြန်လာခဲ့သည် ။  ခါတိုင်းနေ့တွေထက် ပို၍ကျပ်သော ကားများကြား မနည်းသတိထား မောင်းနှင်ခဲ့ရသည်။ အတော်လေး စိတ်မောလက်မော ဖြစ်ခဲ့ရသည် ။ အိမ်ပြန်ရောက်သည်နှင့် လေးပင်လွန်းသော ဆိုက်ကယ်ဦးထုပ်ကြီးအား ချွတ်လိုက်၏ ။ မ၀တ်ချင်ဘဲ ၀တ်ထားရသည့် မိုးကာအကျီင်္ကြီးကိုလည်း ကိုယ်ပေါ်မှ အလျှင်မြန်ခွာထုတ်လိုက်သည် ။ မ၀တ်ချင်ဘဲ ဘာကြောင့် ၀တ်နေရသနည်းဆိုရင် မလေးရှားစတိုင်ဟု ပြောရပေမည်။ ဆိုက်ကယ်စီးသည့်သူတိုင်း မိုးကာအကျီ ၀တ်ဆင်ခြင်းဖြင့် ရင်ဘတ်လေတိုးခြင်းကို ကာကွယ်ကြသည် ။
စိတ်အိုက်ခြင်းကို ပြေပျောက်စေခြင်း အလို့ငှာ ရေခဲသေတ္တာထဲမှ ရေအေးတစ်ဘူးကို ထုတ်ကာ မော့သောက်လိုက်သည် ။ ရေအေးအေးလေးများ စီးဆင်းသွားခြင်းကြောင့် မောပမ်းခြင်းများ အထိုက်လျောက် ပြေပျောက်သွား၏ ။ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချမိရင်း မျက်လုံးအစုံကို မှိတ်ထားလိုက်မိသည် ။ မှိတ်ထားတဲ့ မျက်လုံးတွေက ခဏတာ အနားရသွားကြလေ၏ ။ အတွေးများကြောင့် ကျွန်မဦးနှောက်လေးမှာဖြင့် အလုပ်များ ဆက်လုပ်နေရပြန်၏ ။
တန်းစီဝင်ရောက်လာသော  အတွေးများအား မောင်းထုတ်ပစ်ဖို့မကြိုးစားချင်ပါ ။  ထိုအတွေးများ၏ နောက်ဆုံး အဖြေအား ကျွန်မကိုယ်တိုင်သိချင်နေမိသည်ပင်။ အကြောင်းအရာတိုင်း၌ အဆိုး အကောင်း ဒွန်တွဲ နေခြင်းသည်  လောကကြီး၏ ညီမျှခြင်းတစ်ခုများလား ။ ဖြစ်နိုင်ပေသည်။  အခြေနေ အကြောင်းအရာတိုင်း၌ အကောင်းရှိသလို ၊ အဆိုးလည်း ရှိနေသည် ။ အချစ်ရှိသလို အမုန်းရှိသည် ။ ပျော်ရွင်စရာ ရှိသလို ကြည်ကွဲစရာတွေလည်း ရှိနေနိုင်သည် ။ ဒါနိယာမတစ်ခုလိုပါပဲ ။ လောကကြီးက လူသားတွေအား ပိုပြီးလူပီတစေဖို့ အဆိုးအကောင်းအားလုံး ဒွန်တွဲပေးထားခြင်းဖြစ်နိုင်သည် ။ကျွန်မ လမ်းလျှောက်ပြီး ဘတ်(စ်)ကားစီးခဲ့စဉ်က လူရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပင်ပမ်းစေခဲသည် ။ ဆိုက်ကယ်လေးဝယ်ပြီး လိုရာခရီးကို သွားတဲ့အချိန်ကြတော့ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာကို ပင်ပမ်းစေခဲ့ပြန်သည် ။ ဒါပေမယ့် တခုခုကိုတော့ ကျွန်မ မဖြစ်မနေလုပ်ရပေမည် ။ ဒါမှလည်း လိုရာခရီးကိုရောက်နိုင်ပါလိမ့်မည် မဟုတ်လား ။
နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရသည့် အကြောင်းအရာ တိုင်းတွင် အဆိုးအကောင်းဆိုသည့် မတူညီသော ရလာဒ်တွေ ရှိနေစမြဲပါ ။ ကျွန်မတို့လူသားတွေသည် အကောင်းတွေကိုသာ မျက်ဝါးထင်ထင် ပိုင်ဆိုင်ချင်ကြ၏ ။ အဆိုးတွေထဲက အကောင်းဆုံးသင်ခန်းစာတွေကိုကြ ယူဖို့မေ့နေတတ်ကြသည် ။ အဆိုးထဲက သင်ခန်းစာတွေကို ယူတတ်ကြမယ်ဆိုလျှင် ခံစားနာကျင်ရခြင်းတွေ သက်သာပေလိမ့်မည် ။ အခြေနေ အကြောင်းအရာတို့အား ဘ၀တိုက်ပွဲဟု ခေါင်းစဉ်တပ်မည်ဆိုလျှင် အဆိုးတို့သည် ရန်သူမည်ကာ ၊ အကောင်းတို့သည် မိတ်ဆွေမည်ပေလိမ့်မည် ။ စစ်ပွဲဆိုကတည်းက ရန်သူဆိုသည့်အရာ  ရှိစမြဲပါ ။ အဆိုးတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ သတ္တိမွေးပါ ။ ထို စိတ်လေးရှိနေပြီဆို အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်ပါလိမ့်မည် ။ကိုယ်ဆန္ဒနှင့်ကိုယ် ရွေးချယ်ပြီးသည့် လမ်းတစ်ခုကို ဆုံးအောင် လျှောက်တတ်ဖို့အတွက် ပြတ်သားဖို့လိုပါပေ၏ ။ လူသားတိုင်းမှာ ဖန်တီးနိုင်စွမ်းအားတွေ ရှိကြသည် ။ ထုတ်သုံးတတ်ဖို့ဘဲ လို၏် ။ အဆိုးအကောင်း တွဲနေသည့် လောကကြီးထဲ ဘ၀စစ်ပွဲတွေနှင့် ကြုံဆုံရချိန်တိုင်း မိတ်ဆွေမည်သော အကောင်းတွေကို ပြုံးပြကြိုဆိုနိုင်သလို ၊ ရန်သူမည်သော အဆိုးတွေကိုလည်း တိုက်ထုတ်နိုင်ခြင်းဖြင့် လူပီတသူတွေအဖြစ် သက်သေထူနိုင်ရပေမည် ။ အတွေးတွေက အခြေနေမှန် နှင့် အဖြေမှန် တို့အား ထုတ်ပေးပြီ်းချိန်မှာတော့ စိတ်အစဉ်သည် ပေါ့ပါးသွားသော ၀ါးဂွမ်းစလေး တစပမာ ။ အဆိုး အကောင်း ဒွဲတွဲနေသည့် လောကကြီးထဲ အရာရာကို တည်ငြိမ်စွာ ရင်ဆိုင်သွားမည့် အားအင်တွေပြည့်ဝစွာဖြင့်  မှိတ်ထားသော မျက်လုံးအစုံကို ဖွင့်လိုက်မိပါတော့သည် ။

ခိုင်လေး ( ရွှေတောင် )
စာရေးခြင်း၊ စာဖတ်ခြင်းကို ခုံမင်နှစ်သက်သူ

25.3.2014…..ညနေ ၆ နာရီ ။
မလေးရှားနိုင်ငံ ။