Saturday, August 25, 2012

48.***လုံးဝမသက်ဆိုင်တော့ပါ ***(၀ထ္ထုတို)

 ***လုံးဝမသက်ဆိုင်တော့ပါ ***(၀ထ္ထုတို)

*လုံးဝ မသက်ဆိုင်တော့ပါ * ဒီစကားစုလေးကို အရူးတစ်ယောက်လို တစ်တွတ်တွတ် ရေရွတ်နေမိပါတယ် ။ ကျွန်မ နဲ့ တစ်ကယ်
မသက်ဆိုင်တော့ဘူးလား ။ ပတ်သတ်ဆက်နွယ်ခွင့် ဆိုတာ အမှန်တစ်ကယ်မရှိရတော့ဘူးလားး ။ 9လလွယ် 10လဖွားမြင်ခဲ့ရတဲ့ သားလေး
နဲ့ သမီးလေးကို သူများတွေထက် သက်စွန့်ဆံဖျားမွေးဖွားခဲ့ရသူပါ ။ ဒီကိုယ်ဝန်ကို မွေးဖွားရင် ကျွန်မအသက်ပါ ဆုံးရှုံးနိုင်တယ်လို့ ပြော
ထားရက်နဲ့ ရအောင်မွေးဖွားခဲ့ပါတယ် ။ သိပ်ကိုချစ်စရာကောင်းတဲ့ အမွှာပူးလေး သားလေး နဲ့ သမီးလေး ကို ချောချောမောမော မွေးဖွား
နိုင်ခဲ့ပေမယ့် အမောစို့ကာ သတိမေ့သွားတဲ့ ကျွန်မအတွက် တာဝန်ကျဆရာဝန် ဆရာမတွေ ဗျာများခဲ့ရပါတယ် ။
သတိပြန်လည်လာချိန်မှာအနှီးထုတ်ဖွေး2လေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ လူသားလေး နှစ်ဦးက ကျွန်မအမောတွေ
ခံစားနေရတဲ့ ဝေဒနာတွေကို ပိန်းကြာရွက်ပေါ်ရေမတင်တကဲ့သို့ လျောကြသွားစေခဲ့ပါတယ် ။ သားလေး နဲ့ သမီးလေး
အတွက် လောကဒဏ်ဆိုတာ အံ့တုခံရမယ်ဆိုတဲ့ အသိတွေက ပိုမိုခိုင်မာလာခဲ့ပါတယ် ။ သားလေး နဲ့
သမီးလေးကို ထွေးပိုက်ကာ နို့ချိုတိုက်ကျွေးရချိန်တွေက ကျွန်မအတွက် ခွန်အားတွေ ပိုတိုးစေတဲ့ အချိန်
တွေရင် ပိုမှန်ပါတယ် ။
မွေးဖွားပြီး ဆေးရုံက ဆင်းတော့ ကလေးလေး နှစ်ယောက်နဲ့ ကျွန်မ အတော်လေး ဗျာများခဲ့ရပေမယ့် ပတ်ဝန်းကျင်ကောင်းတွေ ကြောင့်
သွေးနု သားနု တလလောက်ကို ကောင်းမွန်စွာဖြတ်သန်းနိုင်ခဲ့ပါတယ် ။ တစ်လပြည့်လို့ အလုပ်လုပ်ဖို့ စီစဉ်ရချိန်မှာတော့ ကျွန်မအတွက်
ဒုက္ခပေါင်းများစွာကို အတော်လေး  ရင်ဆိုင်ရပါတော့တယ် ။ ရပ်ကွက်ထဲက မှိခိုသူ အဘွားအိုအရွယ်မရောက် အဘွားနှစ်ဦးထံ နေ့တွက်
ပေးကာ သားလေးနဲ့ သမီးလေးကို အပ်ခဲ့ရပါတယ် ။ တပါးသူလက်ထဲ အပ်ခဲ့ရတဲ့ အချိန်တိုင်း ကျွန်မရင်တွေ အဆမတန်ကို နာကျင်လွန်း
လှတယ်ဆို ပိုလိုက်တာလို့ ထင်နိုင်ပါတယ် ။ ခက်ထန်လှတဲ့ လောကဒဏ်ရယ် နင်ဘဲ ရိုက်ခတ်နိုင်မလား ငါဘဲ အံ့တုခံနိုင်မလား လို့သာ
ကြိမ်းဝါးမိလိုက်ပါတော့တယ် ။ ကျွန်မ မေ့ပစ်ထားတဲ့ ဘ၀ အစိတ်အပိုင်းတွေကို လူတွေက ခဏခဏ မေးချင်ကြတယ်ရှင် ။ ကလေး
အဖေကော ...........? ၊ ဆွေးမျိုးမိဘတွေ မရှိကြတော့ဘူးလား.............? အို ! စုံလို့ပါဘဲရှင်။ ဒါတွေကို မေ့ထားချင်လို့ ဆေးရုံကဆင်း
တာနဲ့ နယ်မြေသစ်တစ်ခုကို ပြောင်းလာခဲ့လည်း မေးခွန်းတွေကို နောက်ပါးကနေ လိုက်ပါနေဆဲပါလားနော် ။ သားနဲ့ သမီးရေ မေမေကို
မေးနေကြပြီ ။ မေမေ မဖြေချင်တာတွေကို မေးနေကြပြန်ပြီကွယ် ။ သက်ပြင်းမောတွေကို အခါခါ ချရင်း နောက်ကြောင်းဆိုတဲ့ မလှပတဲ့
အတိတ်နေ့ရက်တွေ ဆီကို ပြန်ပြောင်းမြင်ယောင်လိုက်မိပါတော့တယ် ။
လူမှန်းသိတတ်စ အချိန်ထဲက မိဘမဲ့ ဆွေးမျိုးနီးစပ်ဆိုသူတွေထံ ထမင်းစားကျွန်ခံဘ၀နဲ့ ဘွဲ့တစ်ခုရအောင် ကြိုးစားသင်ယူခဲ့ရပါတယ် ။
ဘွဲ့တစ်ခုရချိန် အလုပ်ထဲရောက်ချိန်မှာဘဲ ကိုယ.်လမ်းကို လျှောက်လှမ်းခဲ့ရပါတယ် ။ ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်မှာ ကျရာဇာတ်ရုပ်ကို ပီပြင်
စွာ သရုတ်ဆောင်နေချိန်မှာ အချစ်ဆိုတဲ့ ဇာတ်ဝင်ခန်းလေးကို ကပြဖို့ ဖူးစာရှင်ပေါ်လာခဲ့ပြန်ပါတယ် ။ကျွန်မရဲ့ မလှပတဲ့ နောက်ခံဘက်
ဂရောင်းကြောင့် ချစ်ရသူ မောင်ရဲ့ မိဘတွေက လုံးးဝကို သဘောမတူခဲ့ကြပါဘူး ။ ကျွန်မနဲ့ မောင် လက်ထပ်လိုက်ပြီးချိန်မှာ သူတို့သားကို
အပြီးတိုင် အမွေပြတ်စွန့်လွတ်လိုက်ပါတယ် ။ သူဠေးသားတွေ ထုံးစံအတိုင်း တကယ်ဆင်းရဲခြင်းဆိုတဲ့ ဇာတ်ကွက်တွေကို ရေရှည်
မကပြနိုင်ပါဘူး ။ အကြောင်းပြချက်မဲ့စွာ ကျွန်မဘ၀ထဲကနေ မောင် ရုတ်တစ်ရက် ပျောက်ကွယ်သွားခဲ့ပြန်ပါတယ် ။ မောင်ထွက်သွား
ချိန်မှာ ကျွန်မဗိုက်ထဲမှာ မောင်ရင်သွေလေးတွေ ရှိနေခဲ့ကြပါပြီ။ ဒီအကြောင်းကို မောင် သိတောင် မသိသွားခဲ့ပါဘူး ။ မောင်ကို ပြောပြ
မယ့်နေ့မှာဘဲ မောင် ကျွန်မဘ၀လေးထဲက အပြီးတိုင်ထွက်သွားခဲ့တယ် ။ ကျွန်မ ဘာလုပ်ရမလဲ ၊ ဘာလုပ်သင့်လဲ အရှုံးဆိုတာကြီး
ကို ထိုင်တွေးကာ ငိုနေရမှာလား ... ဟင်အင် ..........အခါခါ အရှုံးမခံနိုင်ဘူး ။ ကျွန်မမှာ လုပ်စရာတွေ အများကြီးရှိသေးတယ် ။ လူမဆန်တဲ့
သူတစ်ယောက်အတွက် ထိုင်ငိုနေရအောင် ကျွန်မ မမိုက်မဲသင့်ဘူး ။ အဲ ! တကယ်တော့ လူမဆန်တာ မဟုတ်ဘူးရှင့် ။ မောင်က သိပ်ကို
လူသားဆန်သွားခဲ့တာပါ ။
ဗိုက်တဖြေးဖြေး ထွက်လာချိန်မှာ မခံရပ်နိုင်လောက်အောင် ခဏခဏ မောတတ်လာတယ် ။ တခါတလေ ရင်တွေ တအားတုန်ကာ
ကတုန်ကရင် တွေ ခဏခဏ ဖြစ်လာပါတော့တယ် ။ ဆေးခန်း ပြကြည့်ချိန်မှာတော့ ဆရာဝန်က နှလုံးခုန်နှုန်းတအားမြန်နေတယ်တဲ့
လေ ။ ကလေးမွေးချိန်မှာ အထူး၈ရုစိုက်ဖို့ လိုကြောင်း အထပ်ထပ် သတိပေးခဲ့ပါတယ် ။  ဒီလိုနဲ့ ကိုးလလွယ် ဆယ်လဖွား အမွှာသားလေး
နဲ့ သမီး လေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ် ။ ဆင်းရဲခြင်း ဆိုတာ ကျွန်မအတွက် မထူးဆန်းတော့ပေမယ့် သားလေးနဲ့
သမီးလေး အတွက်ကြ မဖြစ်စေချင်ဘူး ။ အတတ်နိုင်ဆုံး အကောင်းဆုံးဆိုတာတွေ ကိုဘဲ ဖြစ်စေချင်မိတယ်။ ဘယ်လောက်ဘဲ ခံနိုင်ရည်
ရှိသူပင်ဖြစ်လင့်ကစား လူမမယ် မွေးကာစ အမွှာကလေးနှစ်ယောက်နဲ့ မိန်းမသားတစ်ယောက် ရုန်းကန်ဖို့ဆိုတာ အတော်လေးကို ခက်
ခဲစေပါတယ် ။ မိခင်တစ်ယောက်ရဲ့ ရင်ထဲ အသဲထဲက စီးဆင်းလာတဲ့  မေတ္တာတရားတွေက အားအင်တွေ အဖြစ်ပြောင်းလဲ စီးဆင်း
စေခဲ့တာမို့ ကျွန်မတောင့်ခံနိုင်ခဲ့ပေမယ့် ရက်စက်လှတဲ့ လောကမုန်တိုင်းတွေ ကျရောက်တဲ့ နေ့တစ်နေ့ကို ရင်ဆိုင်လိုက်ရချိန်မှာတော့
ကျွန်မ လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ် ။
နှလုံးခုန်နှုန်းတွေ မတရားမြန်ကာ ဆေးရုံပေါ်သို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြန်ပါတယ် ။ ဒီတခါတော့ 3လသားအ၇ွယ် သားလေး
နဲ့ သမီးလေးပါ အဖော်ပါလာခဲ့ပြီ။ တစ်နေ့ထက်တစ်နေ့ ပိုပိုမောမောလာပြီး ဖြူဖျော့လာခဲ့ပါတယ် ။ ဆေးရုံက အတတ်နိုင်ဆုံး ကူညီ
ကြပေမယ့် ထူးခြားမလာခဲပပါဘူး ။ ကျွန်မမောနေတဲ့ကြားက အသက်ကို မ၀တ၀ရှူနေရပေမယ့် သားလေးနဲ့ သမီးလေး အတွက်အဖြစ်သင့်ဆုံးကို ဆုံးဖြတ်
လိုက်ရပါတော့တယ် ။ ဆေးရုံရောက်ထဲက လူတကာလက်ထဲ တပြုံးပြုံးနဲ့ လက်မရွေးတဲ့ သားလေး နဲ့ သမီးေးလက လူချစ်လူခင် အင်မတန်
ပေါကြပါတယ် ။ အဖေ အမေဆီက လှတာလေးတွေကိုဘဲ ရွေးတူထားတဲ့ အတွက် ချစ်စရာလည်းကောင်းကြတယ် ။ တာဝန်ကြ သူနာ
ပြုဆရာမကြီးရဲ့ အကြံကို ရင်နာစွာနဲ့ လက်ခံလိုက်ရပါတော့တယ် ။ ကျွန်မရင်ခွင်တစ်ခုလုံး မုန်တိုင်းထန်စွာ ကွဲကြေပျက်စီးစေတဲ့နေ့
တစ်နေ့ဆိုလည်း မမှားပါဘူးရှင် ။ အဲဒီနေ့က မိုးတွေတအားရွာနေခဲ့တယ် ။ မိုးသည်းထဲမှာ ကျွန်မရင်တွေကို ကွဲအက်စေမယ့် ဧည့်သည်
တွေ ကျွန်မ ကုတင်ဘေးကို ရောက်လာခဲ့ပါတယ် ။ အပြင်ကမိုးတွေထက် ကျွန်မနှလုံးသာားထဲက မျက်ရည်မိုးတွေက ပိုသည်းနေခဲ့ပါ
တယ် ။ ကြင်နာတတ်တဲ့ ပုံစံအမှန်တစ်ကယ်ပေါက်ကာ သားလေးနဲ့ သမီးလေးကို တူတူမွေးစားကာ သားသမီး အရင်းလို မွေးဖွားမယ်ဆိုတာကို
ရင်ထဲက အလိုလို သိနေခဲ့ပါတယ်  ။ လိုအပ်တဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးပေးရပါတယ် ။ စာချုပ်ထဲကနေရာလေး တစ်နေရာက စာသား
လေးကိုဖတ်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ အသိတွေ ထိန်းချုပ်ဖို့ အင်အားမဲ့ကုန်ပါပြီ ။ ဘာတဲ့ ကျွန်မ နဲ့ သားလေး သမီးတို့သည်
ယနေ့မှစတင်ပြီး

***လုံးဝမသက်ဆိုင်တော့ပါ ***


အချစ်ကို ကိုးကွယ်သူလေး ..ခိုင်လေး  (ရွှေတောင်)

မလုံခြုံသော ဘ၀တွေနဲ့ ရပ်တည်နေရ အဝေးရောက် မြန်မာများ

သန်ခေါင်ယံ ချိန်ကို ကျော်လွန်လို့ နံနက်ချိန်ခါကို ရောက်ရှိနေပါပြီ ။ ခုချိန်ထိ တစ်ရေးမှ အိပ်လို့ မရနိုင်ခဲ့ပါဘူး ။
ညနေက အဖြစ်ပျက်လေးက တဒင်္ဂလေးဆိုပေမယ့် ကျွန်မအတွက် သိပ်ကို ခံပြင်းစရာကောင်းနေပါတယ် ။ ဘယ်သူကို
အပြစ်တင်ရမလဲ အဓိက မှားနေတာ ဘယ်သူတွေလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ချာချာလည်နေပါတော့တယ် ။ ကျွန်မ ခင်ပွန်းသည်
ရှိရာ မလေးရှား နိုင်ငံကို ရောက်ရှိနေပါတယ် ။ မနက်ဆို ခင်ပွန်းသည်က အလုပ်သွားရတာမို့ တနေကုန် ကျွန်မ တစ်ယောက်ထဲ
သာ အိမ်မှာ ကျန်နေခဲ့ရပါတယ် ။အမျိုးသားမပါဘဲလည်း ကျွန်မဘယ်ကိုမှ မသွားတတ်ပါဘူး ။ဒီနေ့တော့ ဗိုက်အရမ်းဆာတာနဲ့
တစ်ယောက်ထဲ တိုက်အောက်ကို ဆင်းလာခဲ့ပါတယ် ။ တိုက်အောက်က မလေး လင်မယားရောင်းတဲ့ ကြက်ကင်ဆိုင်လေးဆီကို
ဦးတည်လျှောက်လှမ်းလာခဲ့ပါတယ် ။ ဆိုင်ကိုရောက်တော့ ကြက်ကင်တစ်ခုပေး ဖို့နဲ့ တစ်ကင်ကို ဘယ်လောက်ကျတယ်ဆိုတာ
အင်္ဂလိပ်လို မေးလိုက်ပါတယ် ။ သူက ကျွန်မကို မလေးလို ပြန်ဖြေတယ် ။ ကျွန်မလည်း * ငါမလေးစကား နားမလည်ဘူး * လို့
အင်္ဂလိပ်လို ပြန်ပြောတော့ မလေးမက ဘယ်နိုင်ငံက လာတာလဲလို့ ပြန်မေးတယ် ။ ကျွန်မလည်း မြန်မာနိုင်ငံက လာတယ်လို့ ပြန်ဖြေ
လိုက်တယ်ဆိုရင်ဘဲ ဘေးမှာရပ်နေတဲ့ ဖိလစ်ပိုင်မတစ်ယောက် လူကို လှောင်စရာလို အထင်သေးစရာတခုလို မြန်မာဆိုတဲ့
နာမည်ကို သူစကားထဲ လေးခါလောက်ပါတယ် ။ သူမလေးလို ပြောလို့ သူပြောတာကို ကျွန်မနားမလည်ပေမယ့် သူအမူယာကို
ကြည့်တာနဲ့ မြန်မာလူမျိုး ဆိုတာကို လှောင်နေတယ်တိုတာ ကျွန်မသိပါတယ် ။ မလေးဆိုင်ရှင်မက ကျွန်မကို မလေးနိုင်ငံ သား
အိန္ဒိယလူမျိုးလို့ထင်နေတာလို့ ပြောပါတယ် ။ စိတ်ထဲမှာ ဆိုင်ရှင် အမျိုးသမီး ပြောတာတွေကို ခေါင်းထဲ ၀င်တချက် မ၀င်တချက်ပါဘဲ ။
ဘေးက ဖိလစ်ပိုင်မကိုဘဲ ဒေါသတွေ အချောင်းချောင်းထွက်နေမိပါတယ် ။ သူကြည့်တော့ အိမ်ဖော် လုပ်နေတဲ့ ပုံစံပါ ။ ဒီလို
မိန်းမက ဘာလို့ မြန်မာဆိုတာ နဲ့ အထင်တစ်သေး လူကို ကြည့်တာလည်း ။ အဓိက ဘာကြောင့်လဲ ။ အိမ်ကို ဘယ်လို ပြန်ရောက်
လာမှန်းကို မသိပါဘူး ။ မလေးရောက်ထဲက စနိုးစနောင့် ကိစ္စတွေပါ ခေါင်းထဲကို ဆက်တိုက် ၀င်ရောက်လာပါတယ် ။ တက္ကဆီ စီး၇င်
ကားပေါ် သိပ်စကားမပြောဖို့ အမျိုးသားမှာတတ်ပါသေးတယ် ။ ဘာလို့လဲမေးတော့ မြန်မာဆိုတာ မသိစေချင်လို့တဲ့ ။ အောင်မလေး
လို့တောင်ရင်ထဲက တလိုက်မိပါတယ် ။ ကျွန်မလို မနေ့တစ်နေ့မှ ရောက်လာသူအဖို့ မြင်တကာ ဆန်းပြားပြီး မေးစရာတွေချည်းမို့
သူမှာပေမယ့် ကျွန်မမေးချင်တာတွေကို မေးမိတာပါပဲ ။ တခါမှာတော့ မြို့ထဲက အပြန် ကျွန်မတို့ ကားငှားစီးလာတယ် ။ ငှားလာတာ
မီတာ ကားပါပဲ ။ လမ်းမှာ ထုံးစံအတိုင်း ကျွန်မသိချင်တာတွေ မေးလိုက်ပြောလိုက်နဲ့ တိုက်ရှေ့ရောက်တော့ ကျသင့်ငွေထက် ပိုတောင်း
ပါလေကော ။ အမျိုးသားနဲ့ စကားများတာပေါ့ ။ ကားလော့တွေပါချထားလိုက်ပါသေးတယ် ။ ကျွန်မ ကြောက်တော့ တော်တော် ကို
ကြောက်သွားမိပါတယ် ။ အမျိုးသား ပြောတဲ့စကားမများဖို့ဆိုတာ ဒါကြောင့်ပြောတယ်ဆိုတာကို လက်တွေ့သိလိုက်ရပါတယ် ။ နောက်
ကြုံဆုံရတာလေးတွေ ရှိပါသေးတယ် ။ အမျိုးသား အလုပ်ကနေ စောစောပြန်ရောက်ချိန် တရုတ်ဆိုင်မှာ ကြက်ဆီထမင်းသွားစားကြတဲ့
နေ့ပေါ့ ။ တရုတ်ဆိုင်ဆိုတာ ဆိုင်ထဲမှာ ဆိုင်ခန်းတွေ အများကြီးရှိကြတယ်။ ကျွန်မတို့ လင်မယား ကြက်ဆီထမင်းမှာလိုက်ကြတယ်။
ရောင်းတဲ့သူက မြန်မာလူမျိုးပါ ။ သိပ်ကို အံ့သြခဲ့ရတယ် ။ ကျွန်မတို့ ရှေ့က မှာတဲ့ တရုတ်တွေ ပန်းကန်ဆီ မျက်လုံးက အော်တိုမစ်တစ် ကြည့်
မိလိုက်ပါတယ် ။ *အားပါး.မိုက်တယ် ကြက်သားတုံးတွေက အကြီးကြီးတွေဘဲ * စိတ်ထဲက ပြောမိလုက်ခြင်းပါ ။ ဟော် ! ကျွန်မတို့
ပုဂံတွေလည်းသယ်လာပါပြီ။ ဟင်! ဆိုတဲ့ အာမေဋိတ်သံက အပြင်ထိ ထွက်ကျသွားတယ် ။
*အမျိုးသားက ..ဘာဖြစ်တာလဲ မိန်းမ *
*ဘာဖြစ်ရမှာလည်း ပိုက်ဆံပေးရတာချင်းတူတူ ငါတို့ကျတော့ ကြည့်ပါအုံးဟာ အရိုးပေါ်အရည်တင်ကြက် ..တရုတ်တွေ ၀ိုင်းကြတော့
ကြည့်လိုက် စူကားနေတာ ..*
*သြော်! မိန်းမရေ ဒီလိုဘဲ လူတွေက ကိုယ်လူမျိုးချင်းဆို မြန်မာမှန်းသိတောင် အဖက်မတန်သလို မခေါ်ချင်သလိုဘဲလေ .. နောက်ဆို မင်းပိုသိလာမှာပါ ..စိတ်လျော့ စားစရာရှိတာ စား*
နောက်တခါ ထပ်ကြုံလိုက်ရတာကတော့ တော်တော်ကို ဆိုးပါတယ် ။ မြန်မာဘုန်းတော်ကြီး ကျောင်းကို ကျွန်မရောက်ခဲ့ပါတယ် ။ ကျောင်း
ထိုင်ဆရာတော်နဲ့ ကျွန်မတော်တော်လေးကို ခင်ပါတယ် ။ဘုန်းဘုန်းဆီ ရောက်တော့ မင်္ဂလာဆောင်တစ်ခု ဆွမ်းကျွေးက ပြန်လာတာ
ဖြစ်ကြောင်းကို ပြောပြတာကို ကျွန်မနားထဲ မှတ်မိနေလိုက်ပါတယ် ။ နှစ်ရက်လောက်အကြာ ဘုန်းကြီးကျောင်းကို ကျွန်မနောက်တစ်
ခေါက်ထပ်ရောက်ခဲ့ပြန်ပါတယ် ။ ဒီမှာဘဲ ဘုန်းဘုန်းက ခိုင်လေးရေ စာရေးဆရာမကို ပြောပြရအုံးမယ် မလေးအရှုပ်တော်ပုံကို ဆိုကာ
တနေ့က ဘုန်းဘုန်းဆွမ်းကျွေးကြွတဲ့ မင်္ဂလာဆောင်က သတို့သမီးက နောက်နေ့မှာဘဲ တစ်ခြားကောင်လေးနောက်ကို လိုက်ပြေးသွား
တယ်တဲ့ ရှင်။ ဘုရား ဘုရား လို့ကို ရင်ထဲက တလိုက်မိတဲ့အထိ အံ့သြထိတ်လန့်ခဲ့ရပြန်ပါတယ် ။ နောက်ဆုံးတစ်ခု ကျွန်မတို့ ရိုးရာ
မြန်မာဝတ်စုံကို လွမ်းလို့ တစ်ခါတစ်ရံလေး ၀တ်ချင်ရင်တောင် မြန်မာဆိုတာ သိမှာဆိုးတာနဲ့ မ၀တ်ရဲကြပါဘူး ။ အိမ်ထဲမှာ ဒါမှမဟုတ်
ဘုန်းကြီးကျောင်းတွေက အလှူတွေမှာ တစ်ခါတစ်ရံမြင်ရပါတော့တယ် ။ မလေးရောက် နိုင်ငံခြားသားချင်းတူတူတောင် ကျွန်မတို့
လူမျိုးတွေ ဘာကြောင့် ပိုအနှိမ်ခံ အထင်သေးခံနေရတာလည်း ။ အိန္ဒယလူမျိုးတွေ တော်တော်များမှာ ဆာလီတွေ ၀တ်နေကြတာပါပဲ။
သူတို့ ဘာတခုမှ တွေးကြောက်မနေပါဘူး ။ ကျွန်မတို့ မြန်မာလူမျိုးတွေကျမှ သူများထက် ပိုကြောက်နေရ ပို အထင်သေးခံနေရ တဲ့
ဖြစ်ရပ်တွေကို ကျွန်မတို့ အမြင်တိုင်းလေး သုံးသပ်ကြည့်ချင်ပါတယ် ။ မည်သူကိုမှ ထိခိုက်ပုတ်ခတ်လိုစိတ်မရှိပါ ။ သုံးသပ်အဖြေရှာ
ကြည့်ယုံလေး သက်သက်ပါ ။ အဓိက ခေါင်မလုံတော့ လေဒဏ် ၊ မိုးဒဏ် ဆိုတဲ့ ပတ်ဝန်းကျင်ရာ ရာသီဥတု ဒဏ်တွေကို ကျွန်မတိှု့
ခံစားရတာပေါ့ ။ ဒုတိယအချက် ကိုယ်ကိုတန်ဖိုးမထားတတ်ခြင်းတွေကို မလေးရောက် တော်တော်များမှာ လက်တွေ့တွေ့မြင်နေရပါ
တယ် ။ ကျွန်မတို့ တူတူနေတဲ့ အိမ်က ကလေးတွေဆို တလကို လခ မလေးငွေ 1500 ၀န်းကျင်လောက်ရရှိကြပါတယ် ။ ဒါပေမယ့်
သူတို့ အိမ်ကို တလ ငါးသောင်းတောင် မပို့နိုင်ကြပါဘူး ။ လွတ်လပ်မှုဆိုတာရယ် ၊ ပင်ပမ်းမှု ဆိုတာကို အကြောင်းပြကာ ရှာလိုက်
ကုန်လိုက်နဲ့ ကို သံတရာကျောလည်မှာ တ၀ဲတ၀ဲလည်နေပါတော့တယ် ။ သူတို့ ဟာနဲ့ သူတို့ကို ချာလပတ်ရမ်းနေပါတော့တယ် ။
အနေကြာလာတော့ အသိများလာတယ် ။ သူငယ်ချင်းတွေ လာလည်လိုက် သူတို့ဆီပြန်လည်လိုက် ။ လည်တယ်ဆိုတာ စကားပြော
ယုံပြောကြတာ မဟုတ်ပြန်ဘူးလေ ။ စကားလေးပြောကောင်းဖို့ဆို သောက်ကြ စားကြ ။ ဒီတော့ ဘယ်မှာလာ ဆု မိပါတော့မလဲ။
အပြစ်တင်နေခြင်းမဟုတ်ပါဘူး ။ သုံးသပ်ကြည့်မိတာလေးပါပဲ ။ အိမ်ထောင်ရှိတဲ့ မိန်းကလေးကိုလည်း စိတ်ဝင်စားလို စိတ်ဝင်စား
တော်တော်ကို ရှုတ်ထွေးပွေလီမှုတွေများပြားလွန်းလှပါတယ် ။ သူများအထင်သေးတာ ခံနေရာ ခြင်းက ပထမအချက် ... ကျွန်မတို့
နိုင်ငံရဲ့ လုံလောက်တဲ့ ကာကွယ်မှု မရှိခြင်း ၊ မလေးရောက် မြန်မာနိုင်ငံသားများရဲ့ ပျက်ယွင်းနေတဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တိတွေ
ပြန်လည် ပြုပြင်ပေးဖို့ အထူးလိုအပ်နေခြင်း ၊ လူမျိုးခြင်းစည်းလုံးမှု အင်အားတွေ အင်မတန်နည်းပါးနေခြင်းတွေက အဓိက ကျနေမယ်
လို့ သုံးသပ်မိပါတယ် ။ မလေး ၊ စင်ကာပူ အကုန်လုံးကို မြန်မာ ပွဲစားနိုင်ငံလို့ တင်စားလို့ရအောင် ပွဲစားတွေ သိပ်ကို ကြောက်ဖို့ကောင်း
ပါတယ် ( အမှန်ကန် လုပ်ပေးနေသော ပွဲစားများကို မဆိုလိုပါ ) ။ စီးပွာရေး လုပ်တယ်ဆိုတာကို လက်ခံပါတယ် ။ စီးပွာရှာ တဲ့နေရာ
မှာ ကိုယ်ချင်းစာ တရားလေးကို လက်ကိုင်ထားမယ်ဆို ပိုပြီးမင်္ဂလာရှိမယ်လို့ ထင်မြင်ယူဆိမိပါတယ် ။ မလေးနဲ့ စင်ကာပူတောင်
ကွာခြားချက် အနည်းငယ်ရှိပါတယ် ။ စင်ကာပူနိုင်မှာအလုပ်လုပ်ဖို့ဆိုတာ ထိုင်သင့်တဲ့ ငွေအရင်းနှီးရှိသူတွေ သွားနိုင်ကြပါတယ် ။အနည်း
ဆုံး သိန်း 30 လောက်ကုန်မှ ရောက်နိုင်ကြတဲ့ အတွက် အလယ် လတ်တန်းစား လူမျိုးတွေ သွားကြခြင်းများပါတယ် ။ မလေးရှားနိုင်ငံ
ဆိုတာတော့ တော်တော်များ အခြေခံလူတန်းစားတွေ တောရွာတွေက ပိုများကြပါတယ် ။ အကြွေးနဲ့ သုံးသိန်းလောက်ပေးရင် မလေးမှာ
အလုပ်လုပ်နိုင်ကြပြီမို့ မရှိ ရှိတာလေးတွေနဲ့ ရောက်လာကြရတယ် ။ ဒီရောက်တော့ ပြောတာတမျိုး ရတာတမျိုးတွေဖြစ် အလုပ်တွေက
အဆင်မပြေ စိတ်တွေဆင်းရဲနေကြရတဲ့သူတွေ တပုံတပင်ပါပဲ ။ အိမ်မှာ ကျန်နေသူတွေကလည်း တ၇ွာထဲ ဘယ်သူကတော့ဘယ်လောက်
ပို့တယ် မင်းကတော့ မပို့နိုင်ဘူးဆို ဖုန်းတွေလာ ။ တကယ်ကို စိတ်ဆင်းရဲစရာတွေပါ ။ ဒီမှာဆိုတာက တစ်စက်၇ုံထဲ ဆိုပေမယ့်
ရတဲ့လခတွေ အများကြီး သွားခြားတတ်ပါတယ် ။ အံ့သြမိတာက ဒီလူ လူမျိုးတွေဆီက ပိုက်ဆံတွေကိုမှ ညာယူရက်တဲ့ ပွဲစားဆိုတဲ့ လူ
မျိုးတွေကိုပါ ။ သူတို့မို့ မရှိဆင်းရဲသား ကိုယ်လူမျိုးချင်းဆီက ငွေကို လိမ်ညာယူရက်တာကို တစ်ကယ်ကို အထင်သေးမိပါတယ် ။
မိမိတို့ လုပ်နေတဲ့ လုပ်ရပ်တွေ မှန်ကန်နေလား လုပ်သင့်နေလား ဆိုတာကို ပွဲစားကိုကို မမတွေ နှာဖူးပေါ် လက်တင်လို့ သေချာလေး
တွေးကြည့်ကြပါအုံး ။ လူမျိုးချင်း ဂုတ်သွေးစုပ်နေကြတာပါပဲ ။ မပတ်ဘဲနေလို့လဲမရ ။ ပတ်သတ်ရပြန်တော့လဲ ကြောက်စရာကောင်း ။
မလေးရဲကိုလည်းကြောက်ရ ။ လူမျိုးတူချင်း ဂုတ်သွေးစုပ် ဘီလူးတွေလဲကြောက်ရ ။ဘယ်မှာ စိတ်ချမ်းသာစရာကောင်းနေပါသနည်း။
ဒါတွေကို ကျွန်မတို့ ဘယ်လို တုံ့ပြန်ရင်ဆိုင်ကြမလဲ ။ ကျွန်မတို့နိုင်ငံသက်ဆိုင်ရာ လူကြီးတွေအနေနဲ့ အဝေးရောက် အလုပ်သမားတွေ
အပေါ် ကာကွယ်စောက်ရှောက်မှုတွေ ဒီထက်ရှိမယ်ဆို အထူးဝမ်းသာစရာဖြစ်မိမှာပါ ။ မြန်မာလူမျိုးချင်း ရိုင်းပင်းကူညီစိတ်လေးတွေ
ဆိုတာ ဒီလိုနေရာတွေမှာ ပိုလိုအပ်နေပါတယ် ။ မလေးရောက် မြန်မာလူမျိုးများအနေနဲ့ ဘယ်နေရာကိုဘဲ ရောက်ရောက် မြန်မာ ဆိုတဲ့
တန်ဖိုးရှိတဲ့ စည်းကမ်း ဘောင်လေးတွေကို မမေ့မလျော့ ထိန်းသိမ်းတန်ဖိုးထားကြခြင်း ဖြင့် မြန်မာဆိုတာ ဘယ်နိုင်ငံ ဘယ်နေရာမှာ
ဖြစ်ဖြစ် ခေါင်းမော့ ရင်ကော့နိုင်သူတွေအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်သူတွေ အဖြစ်ကို ကျွန်မတို့ အမြန်ဆုံးပိုင်ဆိုင်ပါရစေလို့
့နေ့စဉ်ရက်ဆက် ဘုရားရှင်ကိုယ်တော်မြတ်ဆီမှာ ဆုတောင်းမိရင် ကျမကို အမှားလိုများ ဆိုကြလေမလား။

တစ်နေ့မှာ ဒီနေရာလေးကို ကျွန်မတို့လည်း ရောက်လာကြရအုံးမှာပါ

တစ်နေ့မှာ ဒီနေရာလေးကို ကျွန်မတို့လည်း ရောက်လာကြရအုံးမှာပါ

နေ၀င်ဆည်းဆာကို ခံစားရင်း အတွေးနယ်ချဲ့နေတဲ့ကျွန်မ " အမ စားစရာတွေ နောက်ကလာပို့လိမ့်မယ် " ဆိုတဲ့ စကားသံလေးကြောင့် အတွေးဆတွေကို အနားပေးလိုက်ရပါတယ် ။ ကျွန်မ စင်ကာပူနိုင်ငံကို ခဏရောက်နေသူပါ ။
ဒီနေ့တော့ မြန်မာပြည်မှာ အိမ်ဘေးချင်းကပ်နေလာတဲ့ မောင်လေးက ညနေအလုပ်ဆင်းချိန် တစ်ခုခုသွားစားရအောင်လို့ လာခေါ်တာနဲ့ မောင်လေးနဲ့ ကျွန်မ ညနေဆည်းဆာအလှကို ခံစားရင်း ကမ်းခြေက စာသောက်ဆိုင်တန်းတွေကို ရှိရာကို ရောက်လာခဲ့ကြပါတယ် ။ ထိုင်ဖို့နေရာ ရဖို့အတော်လေးရှာပြီး ကျွန်မကို ထိုင်စောင့်ခိုင်းပြီး မောင်လေးက စားစရာတွေကို သွားမှာပါတယ် ။ ဒီအချိန်မှာ ပင်လယ်ပြင်ကိုငေးမောရင်း အတွေးတွေကို နယ်ချဲ့နေမိခြင်းပါ ။  အစားသောက်တွေကို စောင့်နေစဉ် မောင်နှမ နှစ်ယောက် စကားလေးတပြောပြောနဲ့ မောင်လေးက သူစင်ကာပူမလာခင်က အကြောင်း အရာတွေဆီကို ရောက်ရှိသွားခဲ့တယ် ။
" မကြီးရာ ကျွန်တော် ဒီမလာခင်ကဆို အဒေါ်တွေဆီကတောင်းလိုက် ၊ ဦးလေးတွေဆီက တောင်းလိုက် ၊ မိဘတွေဆီ တောင်းလိုက်သုံးလာခဲ့တာနော် ။ ခုချိန်မှာ ကျွန်တော်ဝင်ငွေလေးနဲ့ အားလုံးကို ပြန်ပြီးပို့နိုင်ခဲ့ပြီလေ။ ယူသူရဲ့ ခံစားချက်နဲ့ ပေးသူတစ်ယောက်ရဲ့ ခံစားချက်တော်တော် ကွာတယ်ဗျာ။ ကိုယ်မိဘ ကိုယ်အဒေါ် ဦးလေး တွေကို ကိုယ်က ပြန်ကန်တော့ရတဲ့ ဖီလင်က ပိုခံစားလို့ကောင်းတယ် ။ ပေးသူတစ်ယောက်ရဲ့ ပီတိလေးက ပိုကောင်းတယ် မကြီးရယ် "
ရုတ်တရက် ကျွန်မ ဘာပြန်ပြောရမလဲ မသိအောင် ဆွံ့အသွားမိတယ် ။ သိပ်ကိုတန်ဖိုးရှိတဲ့ စကားစုလေး တစ်ခုဆိုတာကိုတော့ ရင်ထဲက ပီတိတွေက သက်သေခံနေပါတယ် ။ နောက်မောင်လေးက ဆက်ပြောတယ် ။
" ကျွန်တော် ဂျီတီအိုင်တက်နေတဲ့ အချိန်တုန်းကဆို ဆိုက်ကယ် အရမ်းစီးချင်တယ် ။ အိမ်ကလည်းဝယ်ပေးနိုင်တဲ့ အခြေနေရှိတယ် ။ ဒါပေမယ့် ၀ယ်မပေးခဲ့ဘူး ။ အဲဒီအချိန်တုန်းက စိတ်ထဲက တမင်ဝယ်လို့ရတာကို ၀ယ်မပေးဘူးပေါ့ စိတ်တွေဆိုး မိတယ် ။ခုလေ ကျွန်တော် ညီလေးတွေကို ကျွန်တော် ၀ယ်ပေးနိုင်ပြီ ။ ဒါပေမယ့် မ၀ယ်ပေးချင်ဘူး ။ မူးပြီးများမောင်းခဲ့ရင် ၊ ကလေးချင်းတွေ အပြိုင်စီးတာမျိုးတွေဆိုရင် ဆိုတဲ့ ပူပန်မှုတွေ ရင်ထဲကို တန်းစီရောက်လာတယ် မကြီးရေ "
သူအမှန်တကယ် မိဘနေရာကို မရောက်သေးတာတောင် မိဘတစ်ယောက်ရဲ့ စိုးရိမ်ပူပန်ခြင်းတွေကို တွေးတတ် ၊ မြင်တတ်နေပါပြီလားဆိုတဲ့ ပီတိအပြုံးလေးနဲ့ နားထောင်နေမိပါတယ် ။ အလုပ်နဲ့အချိန်ဆိုတဲ့သမားတော်က နားလည်ခံစားတတ်အောင် သေချာတဲ့ သင်ခန်းစာတွေကို လက်တွေ့သင်ပေးလိုက်တယ်ဆို ပိုမှန်ပါလိမ့်မယ် ။
ကျွန်မတို့ ငယ်ငယ်ကလူကြီးတွေကို အပြစ်မြင်မိတာတွေ ၊ တွေးမိခဲ့တာတွေက ကျွန်မတို့တစ်နေ့ တွေးတော ပူပန်ရမယ့် ရမယ့် ကိစ္စတွေဆိုတာကို ကြိုတင်ခံစားသိမြင်ခဲ့ရင် မိဘတွေကို အပြစ်မြင်မိမှာလား လို့ မဆီမဆိုင်တွေးမိ လိုက်ပါသေးတယ် ။ တကယ်တော့ လူကြီးဆိုတဲ့သူတွေရဲ့ အတွေးခေါ်တွေ နောက်ကျ ကျန်ချင်ကျန်ခဲ့ပါမယ် ။ သူတို့ ရခဲ့တဲ့ အတွေ့ကြုံတွေဟာ
ကျွန်မတို့ လူငယ်တွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဆိုတာ လူငယ်တွေ သဘောပေါက် နားလည် စေချင်မိပါတယ် ။ တစ်နေ့မှာ ဒီနေရာလေးကို ကျွန်မတို့လည်း ရောက်လာကြရအုံးမှာပါ ။ ကိုယ်တွေ့ကြုံမှ ပိုသိတယ်ဆိုတာမှန်ပေမယ့် အမှားတွေကို ကိုယ်တွေ့ကြုံမှ ပြင်ဆင်ရတာထက် သိရှိနားလည် ကြုံခဲ့ဘူးသူတွေက ပြောဆို ထောက်ပြတာမျိုးတွေကို အလေးထား မှတ်သားဆင်ခြင် ခြင်းအားဖြင့် လူကြီးနဲ့ လူငယ်ကြား ဖြစ်ပွားတတ်တဲ့ နားလည်မှု လွဲချော်ခြင်းတွေကို ဖယ်ရှားနိုင်ပါစေလို့ ဆုမွန်ကောင်းလေး တောင်းနေမိပါတော့တယ်