*ညဉ်းတို့ကို သူများတွေက ချစ်တယ်ဆိုတာ ငါတို့ မိဘတွေအမြင်ကတ်သလောက်ဘဲ ရှိပါတယ်အေ *
ဒီစကားလေးက အလွန်မှန်တယ်ဆိုတာကို
အပြင်လောကကြီးကို ခြေချမိချိန်မှာတော့ လက်တွေ့ပိုသိလိုက်ရ ပါတော့တယ်။
ဒီနေ့ နေမကောင်းလို့ အိပ်ယာထဲခွေနေရင်းက ပျင်းလာတာနဲ့ ကွန်ပြူတာလေးကို
ဖွင့်မိချိန်မှာ အကိုကွန်ဆူးမား ဘလော့လေးကို ဖတ်လိုက်မိခြင်းက
တွေးစရာလေးတွေ ခေါင်းထဲကို တန်းစီရောက်လာခဲ့သလို အလွမ်းတွေကို
သက်သေတည်စေတဲ့ မျက်ရည်တွေနဲ့ လှိုက်လှိုက်လှဲလှဲ ငိုခဲ့ရပါတယ် ။ မေမေ ကို
လွမ်းတယ် ။ ဖေဖေကို လွမ်းတယ် ။ ခုသမီးတစ်ယောက်ထဲ ။ အဖော်မဲ့ အခန်းထဲမှာ
``သက်သာလား´´ ဆိုတဲ့ အားပေးစကားလေးတစ်လုံးကို အရူးမူး တမ်းတနေမိပါတယ် ဖေဖေ
နဲ့ မေမေရယ် ။ နောင်တ ဆိုတာ တသသ လွမ်းနေရမယ့် အရာမဟုတ်သာကြောင့်
အကောင်းဆုံးဆိုတာကို တွေးတော ဖြစ်သင့်ခြင်းတွေ နဲ့ ရှေ့ဆက်ရမယ်ဆိုတဲ့
ကျွန်မခင်ပွန်းသည်စကားလေးကို နှလုံးသွင်းကာ အနာဂတ်မှာ
သမီးကောင်းတစ်ယောက်ဖြစ်စေဖို့ ကြိုးစားနေပါတယ် ဖေဖေ နဲ့ မေမေ ။ အဝေးက
သမီးအတွက် ပူပန်မှုတွေ နဲ့ အိပ်မှပျော်ရဲ့လား။ အဆိုးဆုံးသမီးလေးမို့
စိုးရိမ်မှုတွေနဲ့ ပူပန်နေမယ်ဆိုတာ သိနေပါတယ် ။ မိဘမေတ္တာဆိုတာကို
နှိုင်းပြစရာ အကောင်းဆုံးစကားလုံးတွေ ဘယ်လောက်ပေါ်လာပါစေ မိဘတွေရင်ထဲက
မေတ္တာတရားကို မှီအောင်တော့ မဖော်ကြူးနိုင်ကြပါဘူးနော် ။
ဘ၀ဆိုတာ တိုတိုလေးပါ ။ တစ်ဘ၀မှာ
တစ်ခါသာ တော်ရတဲ့ သားသမီးတွေကို မိဘတော်ခွင့်ရနေသမျှ ကျွန်မကတော့
ထာဝရခွင့်လွတ်ရင်း မိဘဆိုတဲ့ အတိုင်း မားမားမတ်မတ် ရပ်တည်ဆုံးမပေးနေရမှာဘဲ
ဆိုတဲ့ မေမေစကားလေးတွေကိုလည်း
ကြားယောင်နေမိပါတယ် ။ ဘ၀တိုတိုလေးမှာ ဆိုးလို့ ပစ်ထားလိုက်ရမယ့်
အချိန်တွေကို ကျွန်မမေမေက နှမြောတယ်ဆိုဘဲ ။ အချိန်လွန်ကာမှ ငါ
မဆုံးမလိုက်ရလေခြင်းဆိုတဲ့ အချိန်လွန်နောင်တတွေကို ဘယ်တော့မှ မရချင်တဲ့
မေမေ သမီးကို စိတ်မှန်းတွေနဲ့ လှမ်းဆုံးမနေမယ်ဆိုတာကို ကျွန်မသိနေပါတယ် ။
နေမကောင်းချိန်မှာ မေမေ့ ရင်ခွင်ထဲမှာ ၀င်ခွေနေခဲ့ရတဲ့ အချိန်လေးတွေကို
သတိရမိတယ်။ ခုရက်ပိုင်းအတွေးတွေထဲမှာ ရှိနေတတ်တာ တမ်းတမှုတွေသာ များနေ
ပါတယ် ။ တခါခါ ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိပါတယ် ။ အတိတ်ကို တမ်းတရင်း
နောင်တ တောထဲ တ၀ဲဝဲလည်နေတာလားလို့။ နောင်တ ဆိုတာကို ကျွန်မ မလိုချင်ဘူး ။
တခါခါ ဘ၀ဆိုတာ မလိုချင်တာတွေကိုလည်းပိုင်ဆို
*ငါသမီးကို ချိန်ခွင်ပေါ် တစ်ဖက်ကတင်ပြီး တစ်ဖက်က ပိုက်ဆံတွေနဲ့ ချိန်မယ်ဆိုရင် ပိုက်ဆံတွေက ပိုလေးမယ်ထင်တယ်တဲ့ *
မေမေ ပြောရလောက်အောင်ကို ကျွန်မက
ချူချာလွန်းသူတစ်ဦးပါ။ ဆေးရုံဆိုတာကို ခဏခဏ အလည်ရောက်နေ သူ တစ်ဦးဆိုလည်း
မမှားပါဘူး ။ ဒီလို ချူချာတာတွေက ငယ်စဉ်ကာလမှာတင် မဟုတ်ဘဲ
ခုအရွယ်တိုင်အောင် အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုတစ်စိုက်ထားရသူတစ်ဦးပါ ။
နှလုံးခုန်နှုန်း အရမ်းမြန်တဲ့ ရောဂါက အချိန်မရွေးထထဖြစ်တတ်တာမို့ မိဘတွေက
မျက်ခြေအပျက် မခံရဲဘဲ ထားခဲ့ရသူပါ ။ ခုထိုင်နေတာအကောင်းကနေ ချက်ချင်းကို
ထဖြစ်ချင်ဖြစ်တတတ်တဲ့ ကျွန်မရောဂါကြောင့် မိဘမပါတဲ့ ဘယ် ခရီးကို
မှမသွားခဲ့ဘူးသလို မိဘတွေနဲ့ တစ်ပတ်ကြာအောင်တောင် ခွဲမနေခဲ့ဘူးပါဘူး ။
ခုတော့အမျိုးသားရှိတဲ့ မလေးရှားနိင်ငံကို အ လည်ရောက်လာရင်းကနေ
စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဒီမှာ မပြန်ဖြစ်တော့ဘဲ
ဆက်နေခဲ့တယ်။ ပြန်လာဖို့ ချော့ခေါ်ပေ မယ့် လုံးဝ မပြန်တော့တဲ့ အတွက်
အရမ်းစိတ်ဆိုးပြီး မေမေပြောခဲ့တယ် ။ ဘယ်တော့မှ အိမ်ကိုဖုန်းမဆက်နဲ့ ဆိုတဲ့
စကားလေး က လည်း တစ်ပတ်တောင်မခံပါဘူး ။ အပြုံးမပျက်ခွင့်လွတ်ပေးတတ်တဲ့
မေမေရဲ့ မေတ္တာတွေက ဘယ်တော့မှ မခမ်းခြောက်နိုင်ခဲ့ပါဘူး ။ ဖေဖေ
ရဲ့ချစ်ခြင်းတွေက ကျွန်မဘ၀အခက်ခဲမှန်သမျှကို ဖြေရှင်းပေးစေခဲ့သလို
မေမေချစ်ခြင်းတွေက ကျွန်မဘ၀ရဲ့ ရပ်တည်မှုတွေကို သိက္ခာရှိနေစေဖို့ ထာဝရ
အရိပ်မိုးပေးထားပါတယ် ။ ခုချိန်မှာ ကျွန်မ သိပ်ပြောချင်တဲ့ စကားလေးကတော့
ဖေဖေ နဲ့ မေမေကို ကျွန်မ အရမ်းကို သတိရနေမိပါတယ် ။ ဖေဖေ နဲ့ မေမေ ကို
အရမ်းချစ်ပါတယ် ။ နားနှစ်ဖက်ကို လက်အစုံနဲ့ ပိတ်ကာ ပဲ့တင်ထပ်အောင် အော်
လိုက်မိပါတော့တယ် ။``ဖေဖေ နဲ့ မေမေကို အရမ်း ချစ်တယ် ။ အရမ်းသတိရတယ်´´ လို့....