Wednesday, May 23, 2012

ရေမရှိဘဲ ရေတိမ်နစ်သူများ မဖြစ်ကြပါစေနဲ့ရှင်


ကျွန်မ တို့ မိန်းမသား ချစ်ခြင်းနဲ့ ယောကျာင်္းတွေရဲ့ ချစ်ခြင်းဆိုတာကို
တွေးမိတာလေးကို အရင်ဆုံး ပြောချင်တယ် ။ ယောကျာင်္းတွေရဲ့ အချစ်ဆိုတာက
သူတို့လိုအပ်ချက်တွေ အတွက်သာ အသုံးချ ချင်တာ များနေကြသလိုပဲ။ ကျွန်မ တို့
မိန်းကလေးတွေ ရဲ့ အချစ်ဆိုတာကြတော့သူတို့ဆီက လိုချင်တာ တစ်ခုတည်းပါ ။
ကျွန်မတို့သိပ်ချစ်တဲ့ ယောကျာင်္းဆီက နှောင်ကြိုးမဲ့တဲ့ ကြင်နာခြင်းမျိုးကိုပါ။
ရမ္မက်တွေ နဲ့ ပြည့်နှက်နေတဲ့ အချိန်မှာ ပေးလာတတ်တဲ့ သူတို့ ကြင်နာချိုသာခြင်းတွေကို ကျွန်မအလွန်တရာ
မုန်းတီပါတယ်။ သူတို့ ဆန္ဒပြည့်ဝလို့ ပျော်နေချိန်မှာ ကျွန်မ ရင်ထဲမှာ အကြိမ်ကြိမ် ငိုကြွေးနေခဲ့တာ
သူမမြင်ခဲ့ပါဘူး။ မြင်အောင် မကြည့်တတ်သူအတွက် မမြင်တာ မဆန်းပြားပါဘူးရှင်။ သူတို့ သတ်မှတ်တဲ့ အချစ်ဆိုတာ
ဘာလဲလို့ အော်မေးလိုက်ချင်တယ်။


********************************


မိန်းမတစ်ယောက် ချစ်ခြင်းဆိုတာ အရမ်းကိုတန်ဖိုးရှိပြီး
အဖိုးတန်သလို နူးညံ့လွန်းပါတယ်။
ကျွန်မ အစားကောင်းလေး စာနေချိန်မှာ ချစ်သူကို လဲ စားစေချင်မိတယ်။ကျွန်မ
အတွက် ကောင်းတာလေးတွေ
ခံစားရချိန်တိုင်း ကျွန်မချစ်သူကိုလည်း ခံစားစေချင်တယ်။

ယောကျာင်္းတွေကျ သူတို့ ပျော်နေရင် ကျွန်မတို့ကို
မေ့နေတတ်ကြပါတယ်။သူတို့ အပေါင်းသင်းတွေ ဆုံကြလို့ အရမ်းကို
ပျော်ရွင်နေချိန်မျိုးတွေမှာ ကျွန်မတို့ကို လုံးဝကို မေ့သွားတတ်ကြပါတယ်။

ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာတောင် စိတ်တွေက
ချစ်သူဆီမှာ တ၀က်လောက်ရောက်နေတတ်ကြသူတွေပါ။ စိတ်ညစ်စရာဆို စဉ်းစားပြီးမှ
ပြောတတ်ကြပေမယ့်သူတို့ စိတ်ညစ် စိတ်ဆင်းရဲနေရပြီဆို အရင်ဆုံးသတိရတတ်တာ
သူတို့ချစ်သူတွေကိုပါပဲ။ မိန်းကလေးတွေမှာ ဒါလေးတွေကိုဘဲ ကြံဖန်ကြည်နူး ပျော်ရွင်ကျေနပ်နေတတ်ကြပါတယ်။


********************************


ကိုယ်ချစ်သူက ကိုယ်ကို အလုံးစုံတိုင်ပင်တယ်ပေါ့။ သူတို့ အရမ်းပျော်နေချိန် သူတို့ဘေးရှိနေတာ သူတို့
အပေါင်းသင်းတွေကိုပါ ။ ကျွန်မတို့အရမ်းပျော်နေချိန်မှာ ဘေးမှာ ရှိနေစေချင်တာ မိမိတို့ချစ်သူတွေကိုပါ။
မိန်းကလေး အချစ်နဲ့ ယောကျာင်္းလေးအချစ်မတူညီတာတွေ ရှိပါသေးတယ်။ မိန်းကလေးတစ်ယောက်က တစ်ကယ်ချစ်ပြီဆို
ဘာကိုမှ မတွေးတတ်ကြပါဘူး။ ကိုယ်ချစ်တဲ့သူက တစ်ခုလပ်ဖြစ်နေပါစေ ၊ မုဆိုးဖို ဖြစ်နေပါစေ
လက်ထပ်ဖို့ သတ္တိတွေ ရှိနေတတ်ကြတယ်။ ယောကျာင်္းတွေကျတော့ အပျိုမဟုတ်တဲ့ တစ်ခုလပ် မုဆိုးမ တွေကို
တကယ်ချစ်မိခဲ့ရင်တောင် လက်ထပ်ဖို့ အတွက်ထိဆိုရင် တော်တော် စဉ်းစားအချိန်ဆွဲတတ်ကြပါတယ်။
ယောကျာင်္းတွေက ပိုတွေးတတ် တယ်ဆိုရင်လဲ မမှားပါဘူး ။ မိန်းကလေးတွေ ချစ်လာရင် သိပ်ကို
သတ္တိရှိတတ်ကြပါတယ်။ အိမ်မှာခိုင်းတဲ့သူကိုလည်း ယူရဲကြတယ်။ ဖြစ်သင့် မသင့်ဆိုတာတွေ မတွေးကြဘူး ။အချစ်က
အရာရာကို ဖုံးလွမ်းသွားတတ်ကြပါတယ်။ ယောကျာင်္းလေးတွေကတော့ မိမိတို့ အလုပ်သမားတစ်ယောက်ကို ပြန်ယူဆိုတာကို
တော်တော်လေးကို မရှိသလောက်ရှားကြပါတယ်။ ခိုင်လေး မေမေ ခဏခဏ ပြောတဲ့ စကားလေးရှိတယ်။
သူဠေးသားတွေက စိတ်ကူမယဉ်ဘူး ၊ မရူးကြဘူးတဲ့ ရူးတဲ့သူရှိတောင် ရှားတယ်တဲ့ ။
သူဠေးသမီးတွေကတော့ကိုယ်အိမ်ကအလုပ်သမား ပြန်ယူဖို့လဲ ၀န်မလေးဘူးတဲ့ စိတ်ကူးတွေ
အယဉ်လွန်နေကြတယ်တဲ့လေ။သတ္တိ အရှိလွန်တယ်ဆိုတာထက် ချစ်တတ်ကြတာပါ။ အမှားမှန်
မခွဲခြားနိုင်လောက်အောက်ကို သိပ်ချစ်တတ်ကြတာ မိန်းကလေးတွေရဲ့ နှလုံးသားက နုနယ်လွန်းတယ်ဆို
ပိုမှန်မယ်ထင်ပါတယ်။


********************************


ခုခေတ်တော်တော် များကို မြင်တွေ့နေရပါတယ် ။ ရေမရှိဘဲ ရေတိမ်နစ်နေကြတဲ့ မိန်းကလေးတော်တော်
များကိုတွေ့နေမိပါတယ်။ အချစ်ဆိုတာကိုအခြေခံကာ ရေတိမ်နစ်နေကြသူတွေ အများပြားဖြစ်နေပါပြီ။ မြန်မာနိုင်ငံလို
ယဉ်ကျေးသိမ်မွေ့ခြင်းတွေကို အစဉ်လာနဲ့ထိန်းသိမ်းစောင့်ရှောက်လာတဲ့ နိုင်ငံမှာ
ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ တိုင်းတပါးက နေကူးစက်ပြန့်နှံ့လာတဲ့ livingtoghter ဆိုတဲ့ အကြောင်းအရာကြီးကလည်း
ကြောက်ခမန်းလိလိ ပြန့်ပွားနေပါပြီ။ တိုးတက်ခြင်းတိုင်းမှာ ဆိုးကျိုးတွေကလည်းကပ်ပါလာတတ်ပါတယ်။
ခေတ်မှီဆေးဝါးတွေ ပေါ်လာခြင်းနဲ့ အတူ ယောကျာင်္းမိန်းမ ဆက်ဆံခြင်းတွေကလည်း အရှိန်ဟုန်မြှင့်တင်ပေးသလို
ဖြစ်နေပါပြီ။ တည်ခိုခန်းတွေ ၀င်ငွေပိုဖြောင့်စေခဲ့တယ်။ ခိုင်လေးတို့ နယ်မြို့လေးမှာတောင်
တက္ကသိုလ်ကျောင်းရှေ့ နေတဲ့ဆေးမှူးဆိုကျောင်းရှေ့ကို ပြောင်းလာတဲ့ တနှစ်အတွင်းမှာ စီးပွားရေးအဟုန်
တိုးတက်သွားလိုက်တာ လက်ဖျားခါရတဲ့ အထိအောင်ပါပဲ။ မိဝေးဖဝေး အဆောင်နေကျောင်းတက်ကြတယ်။
မိဘစေတနာက ငါသမီးလေး ငါသားလေး လူတန်းစေ့ သုံးနိုင်ပါစေ။ မျက်နှာမငယ်အောင် ပံ့ပိုးပေးကြတာတွေက
တည်ခိုခန်း ၊ ဟိုတည်ခတွေ ၊ ဆေးဖိုးတွေဖြစ်ကုန်ကြတာကတော့ ရင်နာဖို့ကောင်းပါတယ်။ တခါဖြစ်လို့ မှားမှန်းမသိ
နောက်ဆင်ခြင်ဖို့မတွေး မထူးဇာတ်ခင်းနေသူတွေ ဒုနဲ့ဒေး ။ နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ (လူတိုင်းကို မဆိုလိုပါ)
သူများနိုင်ငံဘဲ ဘယ်သူမြင်မှာလဲ ဘယ်သူသိမှာဆို နေချင်သလိုတွေ နေကြတယ်။ တစ်ယောက်ကို တစ်ယောက် ထိန်းဖို့
ဆုံးမဖို့ဆိုတာထက် မြှောက်ပေးသူက ပိုများနေ ။ ဒီတော့ ရေမရှိဘဲ ရေတိမ်တွေနစ်ကြရတယ်။ တခါမှားလို့
သင်ခန်းစာ မယူ။ ရှေ့ဆက်လို့တာ မထူးဇာတ်ခင်း ။ နောက်ဆုံး ရလာဒ်က
ဘာဖြစ်လာမလဲ ။ အမှားကိုသိရင် အမှန်ကို ပြင်ရမယ်ဆိုတဲ့ ဆုံးမစားတွေ စာအုပ်တွေထဲမှာ
ကျန်နေခဲ့ပြီထင်ပါတယ်။ ရင်မောစရာ ကောင်းလိုက်ပါဘိ ခေတ်ကာလ သမီးပျိုတွေရယ် ။ ရှေးခေတ်ကာလက ရှိခဲ့ဘူးတဲ့
ယောကျာင်္းလေးတွေလည်း နှမချင်းစာနာစိတ်ဆိုတာတွေ ဘယ်နေရာ
မှာ ဖုန်တပ်ကုန်ပြီလဲရှင်။ သစ္စာတရားဆိုတာတွေ ပျောက်ဆုံး ၊ ဂုဏ်သိက္ခာ
ဆိုတဲ့ စကားကို နောက်ဆို ပြတိုက်တွေမှာ သွားရှာရမလို ဖြစ်ကုန်ပါပြီ။ မိန်းကလေး တစ်ယောက်ရဲ့
တန်ဖိုးဆိုတာကို ပညာတတ်ခြင်း ၊ ရုပ်ချောခြင်း ၊ ပိုက်ဆံရှိခြင်းဆိုတာတွေနဲ့တင် သတ်မှတ်စံထားလို့
မရနိုင်ပါဘူးရှင်။ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နေနိုင်ဖို့ဆိုတာ လည်းအထူးပင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
မိန်းမကောင်းထားသင့် ထားအပ်သော ဂုဏ်သိက္ခာတွေကို တန်ဖိုးထားမြတ်နိုးကြပါ။ အမှားသိလျှင် ချက်ချင်း
အမှန်သို့ပြင်ဆင်ပါ ။ အမှားကို အမှန်ပြင် ခြင်းတွင် နောက်ကျသည်ဟုမရှိပါ။
မိဘ မောင်ဘွားများအနေဖြစ် သမီးမိန်းကလေး ၊ ညီမများကို စောက်ရှောက်
ဆုံးမကြဖို့တော့ လိုအပ်နေပါပြီ။


********************************
တိုင်းပြည်ကြီးနှင့်တကွ အမျိုး ၊ ဘာသာ ၊
သာသနာ ၊ ပညာတရားတွေ ပျက်ပြား ဆုတ်ယုတ်လာခြင်းဟာ ၊ အခြားသောအကြောင်းတို့ အပြင် မိန်းမယုတ်
မိန်းမမိုက်တွေ များလာသည့်အတွက် ပျက်ပြား ဆုတ်ယုတ်လာရတယ်ဆိုတာ စဉ်းစားတိုင်း သိသာထင်ရှားကြမည် ဟု
ကျေးဇူးရှင် သာယာဝတီဆရာတော် ဘုရားကြီးရေးသားတော်မူသော မိမ္မလိမ္မာ စာအုပ်တွင်
ဖတ်မှတ်ဘူးပါတယ်။


********************************

မိန်းမပျိုလေးတွေရေ တန်ဖိုးရှိလှတဲ့ အပျိုစင်ဘ၀လေးတွေကို သူများကဲ့ရဲ့စရာ မေးငေါ့စရာ
မဖြစ်အောင် တန်ဖိုးထား ထိန်းသိမ်းကြပါ ။ မိမိ တစ်ယောက်အတွက် မိမိနိုင်ငံ ၊ မိမိ မိဘ မောင်ဘွား
ဆွေမျိုးများ လူကြားမှာ မျက်နှာမပျက် အရှက်မရ ရလေအောင် အချောဆုံး ၊ အယဉ်ဆုံး ၊ အလှဆုံး ၊တန်ဖိုးအရှိဆုံး
အပျိုစင်ဘ၀လေးတွေကို တန်ဖိုးထား မြတ်နိုးကြပါ။ မိန်းကလေးချင်း ကောင်းမွန်တဲ့ အရည်သွေး အလိမ်မာတွေကို
ပြိုင်ကြပါ ။ အမိုက်တွေ ကိုမပြိုင်ကြစမ်းပါနဲ့ ။ဒီဆောင်းပါးလေးကို ဖတ်ရှုနားလည်ပြီး အမျိုးကောင်းသမီးလေးတွေ
အများပြားပေါ်ပေါက်လာကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါရစေရှင်။


********************************


မည်သူကိုမှ မရည်ရွယ်မထိုက်ခိုက်ပါ ။ဒီဆောင်းပါလေးထဲက ရေးသားချက်များနှင့်
တိုက်ဆိုင်နေသော
သူများဖတ်မိလျှင် အမှားကိုသိပြီး အမှန်ကို ပြုပြင်ပြောင်းလဲစေရန်တာ
ရည်ရွယ်ရေးသားပါသည်။



********************************

အချစ်ကို ကိုးကွယ်သူလေး

ခိုင်လေး(ရွှေတောင်)

ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ အကျမရှိ အတက်သာရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား

ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ အကျမရှိ အတက်သာရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား

ချစ်စရာကောင်းတဲ့ ညချမ်းလေးတွေ ဟိုအဝေးမှာ ကျန်နေခဲ့ပါပြီ။ ဟိုးအတိတ်ဆီက မီးရောင်တွေ
ထိန်ထိန်ညီးခဲ့ တဲ့ညတွေကို ခုချိန်မှာ အမှောင်ထုက ကြီးစိုးဝါးမြိုထားပြီ။
# ကလေးငယ်တွေရဲ့ မီးလာပြီဟေ့ #
ဆိုတဲ့ အော်သံလေးတွေက သာယာတဲ့ ဂီတာသံဇဉ်တစ်ခုလိုပါပဲ။
အတွေးတွေ နယ်ချဲ့နေစဉ် နားထဲ တိုးဝင်လာသော မေမေဧ။် ညဉ်းညူသံကြောင့် အတွေးစတွေ
ကို ခဏအနားပေးလိုက် ရပါသည်။ ကျွန်မတို့ မိသားစု ကို ထမင်းကျွေးနေတဲ့ အင်တာနက်ဆိုင်လေး
တစ်ဆိုင် ဖွင့်ထားပါသည်။ ကျွန်မတို့ အိမ်ရဲ့ ပင်မ စီးပွားရေးဆိုလည်း မမှားပါဘူး ။ အင်တာနက်ဆိုင်
ဆိုသည်မှာ ကွန်နက်ရှင် နဲ့ မီးကို အဓိက အားထားနေရတဲ့ အလုပ်ပါရှင် ။ မီးတွေ မှန်နေတုန်းက ကွန်နက်
ရှင်က ကျတယ်။ မြေအောက်လိုင်းတွေ ပြင်နေလို့ .. ဘယ်က ဘာဖြစ်လို့ စုံနေအောင်ပါပဲ ။လိုင်းကျလို့
ဖုန်းဆက်မေးလိုက်ရင် တစ်ခါမှ သူတို့ဆီက ပျက်တယ်ဆိုတာ မရှိ။ ကျွန်တော်တို့ဆီမှာတော့ အွန်လိုင်း
ဖြစ်ပါတယ်ဆိုတဲ့ စကားက ကြားနေကြ ဓာတ်ပြားဟောင်းတစ်ခုလိုပါပဲ။ လိုင်းကျလို့ ဖုန်းဆက်ရင် ဒီအသံကို
ကြားရမယ်ဆိုတာကို သိနေပေမယ့်လည်း လူစိတ်ဆိုတာလည်း အခက်သားလား ။ သူတို့ဆီဖုန်းဆက်ပြီး
၅မိနစ်လောက်ဆို ပြန်တက်လာတဲ့ ကွန်နက်ရှင်ကြောင့် ကြားနေကြ ဓာတ်ပြားဟောင်းကိုလည်း ကြေညက်
စေဖို့အတွက် လိုင်းကျပြီဆို ဖုန်းခလုတ်တွေကို  လက်ကနှိပ်မိနေပြီးသား ။ သတင်းတွေ ဂျာနယ်တွေထဲက
ဘယ်နေ့ ၊ ဘယ်လ ဆို  ကွန်နက်ရှင်တွေ ကောင်းပါတော့မယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကလည်း ကြားရဖန်များတော့
ဟာသ တစ်ခုလိုဖြစ်နေရပြီ။ TRYA GAIN ဆိုတဲ့ စာတန်းလေးကလည်း ကျွန်မတို့ မြန်မာပြည် ကွန်နက်ရှင်
နဲ့ အတူ အမွှာပူးမွေးဖွားလာသယောင် ။ ဆိုင်ဖွင့်လို့ ဘုရားပန်း ၊ ရေချမ်းတွေ ကပ်ရင် ၃၇ ပါးသောနတ်တွေ
အပြင် အသစ်တိုး ခေတ်မှီနတ်တပါးဖြစ်တဲ့ ကွန်နက်ရှင် နတ်မင်းကို ပူဇော်ဆုတောင်းနေရတာလည်း အလုပ်တစ်ခု
ဖြစ်လာပါသည်။ မနက်တွေဆို ငိုက်မြည်းနေရအောင်ကို လူကပါးပါသည်။ နေ့ခင်းတွေ ဆိုင်ထဲ အဲကွန်းလေး
တွေ က အေးတာမို့ အပြင်မှာ ပူတဲ့အတွက် လူဝင်တတ်ပေမယ့် လိုင်းက မကောင်းတော့ အေးပေမယ့် ထပြန်။
ဂိမ်းဆော့တဲ့ ကလေးတွေကိုပဲ အားကိုးနေရပါတယ်။ ကလေးတွေဆိုတာက  အများစုက ကျောင်းသားတွေမို့
အမြဲတမ်းဆော့ဖို့ကျတော့ အကြွေးကကျ ။ များလာလို့ လိုက်တောင်းတော့ မိဘတွေက ရန်တွေ့ ။ ဒီလိုနဲ့
အကြွေးပေးတဲ့ စနစ်ကို ရပ်ဆိုင်းလက်ငင်းစနစ်ကို ကျင့်သုံးပြန်တော့ လူကပါး ။ ဒီအရှုတ်တော်ပုံတွေနဲ့
ချာလည်ရိုက်နေတဲ့ အချိန်နောက်ထပ် ဒုက္ခတစ်ခုက ထပ်မံတိုးဝင်လာတော့ ကျွန်မအမေဆီက ငြီးငြူသံတွေကို
စိတ်ဆင်းရဲဖွယ် ကြားရပြီပေါ့ ။ ပျက်လိုက်တဲ့ မီးက တစ်နေ့မှ ၆နာရီဘဲ ပေးပါတယ် ။ အင်တာနက်ဆိုင် ဆိုတာ
ညဘက်ကိုသာ လူအ၀င်များကြပါသည်။ အဲဒီညတွေကို မီးကပျက်ပါတယ်။ မီးစက်မောင်းရတယ်။ ညကို
၇နာရီလောက်ကနေ ည ၁၂နာ၇ီ အတွင်းကိုသာ လူဝင်များတတ်ပါသည်။ စက်အပြည့်ဆို ည ၈.၃၀လောက်မှာ
ရှိနေတတ်ပါတယ်။ တနေ့သာကို ပိုက်ဆံရချိန်ဟာ ၃နာရီလောက်တာ ရှိနေချိန်မှာ ကွန်နက်ရှင်က ထပ်ကျနေ
ပြန်တော့ ကျွန်မတို့ ဘယ်အချိန်မှာ အလုပ်လုပ်စားရတော့မလဲရှင်။ ဒီမှာ နောက်ထပ်ပြသနာတစ်ခုက ထပ်ပေါ်
လာပြန်ပါတယ်။ မီးစက်ကို ည ၁၂ နာရီလောက်ထိ မောင်းရတော့ ပတ်ဝန်းကျင်ကို ဆူညံစေတယ်တဲ့လေ။
ကဲ ကျွန်မတို့ ဆိုင်ပိတ်လိုက်ဖို့တာ ရှိပါတော့တယ်။ အချိန်လေးနဲ့ မီးကို ပေးမယ်ဆိုရင်တောင် အမှန်တကယ်
လိုအပ်နေတဲ့ ညဘက်တွေကို ပေးသင့်ပါတယ်။ ညနေ ၆.၃၀ လောက်ကနေ ည ၁၂နာရီလောက်ဆိုတာ အမှန်
တကယ်လိုအပ်ချိန်တွေပါ။  ဓာတ်ငွေ့စက်ရုံဝန်းတွေထဲမှာပေးတဲ့  ည၇နာရီကနေ မနက် ၆ နာရီလောက် ပေးမယ်ဆိုရင်တောင် ပြည်သူတွေ အတွက် အသုံးဝင်ပါသေးတယ်။ တစ်နေ့ကို ၆နာရီဆိုတာကတော့ အင်မ
တန်ကို နည်းလွန်းတယ်လို့ မြင်မိပါဧ။် ။   ကျွန်တို့ အင်တာနက်ဆိုင်တွေလိုဘဲ တခြားလုပ်ငန်းတွေမှာလဲ
အခက်ခဲတွေ အများကြီးကြုံနေကြရတယ်ဆိုတာ ဆန္ဒပြပွဲတွေက သက်သေတည်နေပါတယ် ။ နှစ်စဉ်ကြေးတွေ
လစဉ်ကြေးတွေ ၊ အခွန်ခတွေ မနည်းကို ပေးဆောင်ထားကြတာပါ ။ တနှစ်စာ လိုင်စင်ကြေး ၇သိန်းကျော် ၊
လစဉ်ကြေး ဒေါ်လာ ၁၂၀ ၊ အခွန်ဆိုတာ သက်သက်ဆောင်နေရတဲ့အပြင် ခုမီးစက်မောင်းရတဲ့ အတွက်
ဓာတ်ဆီဖိုး ကဲ ကျွန်မတို့ ဘာလုပ်စားကြရမလဲရှင်။ ဘာအလုပ်မှ မကောင်းနေချိန် ထွက်လိုက်ကြတဲ့ နိုင်ငံ
ခြား ။ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ကုန်နေကြပြီ။ ကျွန်မတို့လည်း ခုဆို တွေးရေပါပြီ။ှ
ဒီဆိုင်လေးနဲ့ ထမင်းစားနေရတဲ့ ကျွန်မတို့ မိသားစုလေး ဘယ်လိုမှ မကိုက်တော့ပါဘူး။ ချမ်းသာလောက်အောင်လဲ
အရင်ထဲက အမြတ်စွန်းမကျန်ပါ ။ ထမင်းစားဖို့ ချောင်လည်ယုံသာကျန်တဲ့ ဒီလုပ်ငန်းလေးက ခုတော့ ထမင်း
အိုးလေးတောင် ခပ်လှုပ်လှုပ် ဖြစ်နေပြီဆို ပိုတယ်လို့ထင်ကြပါလိမ့်မည်။ ဒါတွေက အမှန်ဆိုတာ နယ်မှာ
အင်တာနက်ဆိုင် ဖွင့်သူတိုင်းသိကြမှာပါ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဟင်။ မှောင်မိုက်နေတဲ့
လောကကြီးကိုလား ……..အမြဲလို ကျနေတဲ့ ကွန်နက်ရှင်ကိုလား………..ဒီအင်တာနက်ဆိုင်ဖွင့်ခဲ့တဲ့
မိဘတွေကိုလား………….ပြောကြာပါဦးရှင်………………ဘယ်သူကို အပြစ်တင်ရမလဲ………..
ဘယ်သူကို အပြစ်တင်ရမလဲ……………..ဘယ်သူကို အပြစ်တင်ရမလဲ ………ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆို………ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ
အကျမရှိ အတက်သာ ရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား လို့ ဘုရားမှာ နားညီးအောင်
ဆုတောင်းလိုက်ချင်ပါတော့တယ်ရှင်။
%%%%%%%%%%%%%%%%%%%%%%%%%%%
ဒီဆောင်းပါးလေးကို အားဖြည့်ကူညီရေးသားပေးသော အကို ကွန်ဆူးမား ကဗျာလေးပါရှင်။


သူ့ကိုချစ်တယ်.....

သူရှိနေမှ ဘ၀က အေးချမ်းလှပတယ်လေ....

သူမလာတဲ့ နေ့တွေညတွေမှာ.....

အစာရေစာလဲ ပြတ်လပ်.......

ဘာတစ်ခုမှ လုပ်မရအောင်

သူအားလုံးကို ယူဆောင်သွားခဲ့တယ်.......။

..................................

ပြန်လာခဲ့ပါချစ်သူ.......

မင်းနဲ့အတူ

ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့

ဘ၀ရဲ့ တိုက်ပွဲကို ရဲရဲကြီး နွှဲချင်ပါရဲ့

အောင်မြင်မှုရဲ့ အဓိပ္ပါယ်တွေ

မင်းဆီမှာပဲ ရှိပါတယ်.......ကွယ်

..................................

မင်းရှိနေမှ ဒို့ ဘ၀တွေ အေးချမ်းမယ်.....

မျှော်နေမယ်နော်......

အမြန်ပြန်လာပါ။

သံသရာ ဒီတစ်ကွေ့

နေ့နေ့ ညည မေ့မရတဲ့......

မီးလာမယ့် နေ့..........ပေါ့။

                                                                                    
ဆောင်းပါးရေးသားသူ   .................. အချစ်ကို ကိုးကွယ်သူလေး
ကဗျာ                       .................. ကွန်ဆူးမား