Tuesday, July 31, 2012

နေတဲ့နေရာထက် ထားတဲ့ စိတ်ထားလေးက တန်ဖိုးရှိဖို့လိုအပ်ပါတယ်


မရောက်ဘူးသေးတဲ့ ဒေသတစ်ခုကို ခိုင်လေး အလည်ပတ်ရောက်ရှိနေခဲ့ပါတယ် ။ မြင်ကွင်းအသစ် ၊ ဓလေ့ အသစ်တွေနဲ့ လူတွေကို မြင်တွေ့နေရတာ ခိုင်လေးအတွက် သိပ်ကို ထူးဆန်းလွန်းနေသလို ကိုယ်မြေ ကိုယ်ရေကိုလည်း ပိုလို့တောင် လွမ်းဆွတ်မိလာပါတယ် ။ ခိုင်လေး မလေးရှားနိုင်ငံကို ရောက်ရှိနေပါတယ် ။ နေရာဒေသ သစ်တစ်ခုမှာ ဗဟုသုတ အသစ်တွေ လေ့လာခွင့် ရတဲ့အတွက် ကျေနပ်မိပေမယ့် မလေးရှားနိုင်ငံရဲ့ ခံယူချက် ၊ ပုံစံ တော်တော်များကိုတော့ လုံးဝကို မနှစ်သက်မိပါဘူး ။ ခိုင်လေး စိတ်ထဲ သဘောမကျဆုံး အချက် လေးကို ပြောပြချင်တယ် ။
 .......... အသက်ရွယ် အိုမင်းမစွမ်းတော့တဲ့ အဘိုးအို ၊ အဘွားအိုတွေ အလုပ်လုပ်နေရတဲ့ အချက်လေးကတော့ ရင်ထဲတော်တော်လေးကို မကောင်းဖြစ်မိခဲ့ရပါတယ် ။ သူနိုင်ငံ သူဓလေ့နဲ့တော့ ဟုတ်နေကျပေမယ့် ခိုင်လေး တို့ မြန်မာပြည်ဖွား မြန်မာတစ်ယောက်အနေနဲ့တော့ ရင်ထဲ နစ်အောင် ခံစားမိခဲ့ရပါတယ် ။ အမှတ်တရ အဖြစ်ပျက်လေး တစ်ခုကို လက်တွေ့ ကြုံတွေ့ခဲ့ရပါတယ်။KL မြို့ထဲကို လျှောက်လည်ပြီး အပြန်ဟိုတုန်းက ဘတ်(စ်)ကားအသေလေးကို ခိုင်လေးတို့ တက်စီးကြပါတယ် ။ ကားမောင်းတဲ့ အမျိုးသားကြီးက တော်တော်ကို အသက်ကြီးတဲ့ အဘိုးအိုတစ်ယောက်ပါ ။ ကားပေါ်တက်လိုက်ထဲက အဘိုးအိုမြင်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်မိသွားပါတယ် ။ ကားမောင်းလို့ ၁၀ မိနစ်လောက်အကြာမှာတော့ ကားက လမ်းတွေမှားနေပြီလို့ ကားပေါ်က လူအချို့ရဲ့ တီတိုးစကားသံတွေ ထွက်လာပါတော့တယ် ။ မကြာပါဘူး ရဲကားလိုက်လာပြီးကားကိုတားပြီးဖမ်းပါတော့တယ် ။ ကားပေါ်မှာ မြန်မာတွေ တော်တော် များပါသလို အိန္ဒယ ကပ္ပလီတွေလဲများပါတယ် ကားကိုတင်မဟုတ်ဘဲ ကားပေါ်က လူတွေကိုပါ စစ်ပါလေကော။မလေးရောက်ထဲက မိတ်ဆွေတွေ ပြောပြောနေတဲ့ မလေးရဲတွေ တော်တော် ဆိုးတယ်ဆိုတာကို သိထားတဲ့ ခိုင်လေး ခြေဖျား လက်ဖျားတွေ အေးစက်လာပါတော့တယ် ။ တူတူလာတဲ့ သူငယ်ချင်းတွေကို စစ်နေပါပြီ ။ သူတို့က အစောထဲက မှာထားတယ် ။ ရဲတွေ ဘာတွေစစ်ရင် ကိုယ်ဘာကို ရှင်းတတ်အောင်ရှင်းဖို့ .... အလည်လာသူကိုဆို တော်သေးကြောင်း အလုပ်လုပ်နေသူတွေဆို လှည့်ပတ်ရစ်တတ်ဆိုတာကို ကြိုပြောပြထားတဲ့ အတွက် ကိုယ်ကိုကိုယ် ပြင်ဆင်လိုက်ပါတယ် ။မျက်နှာကို ခပ်တည်တည်ထားပြီး မသိသလိုနေလိုက်တယ်။ရဲက တစ်ယောက်ပြီးတစ်ယောက်တာ ကားပေါ်က ဆင်းခေါ်သွားပေမယ့် ခိုင်လေးကိုတော့ ချန်ထားပါတယ် ။ ခိုင်လေး တစ်ယောက်ထဲ မစစ်တာကို အံ့သြနေမိပါတယ် ။ အမှန်တော့ ခိုင်လေးကို မလေး နိုင်ငံသား အိန္ဒိယလူမျိုးလို့ ထင်ပြီး မစစ်ဘဲ ချန်ခဲ့တာပါ ။ ကားထွက်တော့မှ အောက်က သူတွေကို အကုန် ကားပေါ်ပြန်တက်စေတယ် ။ခရီးသည်တွေ ကားပေါ်ပြန်ရောက်တာနဲ့ တစ်ယောက်တစ်ပေါက် ကားမောင်းတဲ့အဘကို မေတ္တာပို့ကြပါတော့တယ်။ ခိုင်လေးလည်း အစစ်ခံရမှာကို ကြောက်မိပေမယ့် လမ်းမှားတဲ့ အဘကိုတော့ အပြစ်တင်ဖို့ထက် စာနာသနားတဲ့ စိတ်က ပိုနေမိပါတယ် ။ ဒီအသက်ရွယ်ဆိုတာ သူငယ်ပြန်တဲ့ အရွယ်တောင် ရောက်နေပြီလေ ။ အဘိုး ခင်ဗျာ မှတ်ဥာဏ်အင်အားတွေလည်း ချို့တဲ့ နေလောက်ပါပြီ။ မှားတော့မှာပေါ့လေ ဆိုတဲ့ အတွေးနဲ့ ဒီအရွယ်အထိ အလုပ်လုပ်နေရတဲ့ အဘကို သနားနေမိပါတယ် ။ ခိုင်လေးတို့ မြန်မာနိုင်ငံမှာဆို တော်တော်များများ အဘိုအို အဘွားအိုတွေ အိမ်မှာ ဘုရားတရားလေး နဲ့ အေးချမ်းစွာနေထိုင် သူတွေ ပိုများမယ်လို့ ခိုင်လေးတွေးမိပါတယ် ။ ဒီနိုင်ငံမှာတော့ ကိုယ်ဝမ်းစာကိုယ်ရှာနေရပါသေးတယ် ။ နေရာတိုင်းမှာဆိုးကျိုး ၊ ကောင်းကျိုးဒွန်တွဲနေတတ်တယ်ဆိုတာ ဒီအချက်လေးကို သာဓက တစ်ခုလိုပါဘဲရှင်။ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးတယ်ဆိုတဲ့ အချက်က မကောင်းပေမယ့် လူသားချင်းနွေးထွေးစွာ ကူညီတတ်တာတော့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေ ခိုင်လေးတို့ မြန်မာတွေရဲ့ စိတ်ဓာတ်လေးတွေ ပါ ။ နိုင်ငံခြားရောက်ကာ နိုင်ငံခြား အကျင့်တွေ အကုန်ဝင်ကုန်သူတွေလည်းအများပြားရှိပါတယ် ။ မြန်မာဆိုတဲ့ စိတ်လေးတွေကို ထိန်းသိမ်းထားတဲ့ သူတွေလည်းအများပြားရှိနေပါသေးတယ် ။ ကားစီးတော့ အထုပ်တွေ အများကြီးသယ်လာတဲ့ ခိုင်လေးကို အမအထုပ်တွေပေးထားလေဆိုတဲ့ မြန်မာစကားသံလေးတစ်ခုက နိုင်ငံခြားမှာ အရမ်းချိုမြိန်တယ်ဆို ပိုတယ်ထင်မယ်နော် ။ အမှန်တကယ် ရင်ထဲကို အေးမြစေတာပါ ။ တစ်ဦးကို တစ်ဦးနားလည် ခြင်း ၊ စာနာခြင်းဆိုတဲ့ စိတ်တွေ ခိုင်လေး မြန်မာ ညီကိုမောင်နှမတွေမှာ ရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုက တကယ်ကို ချိုမြိန်အေးမြစေပါတယ် ။
နေတဲ့နေရာထက် ထားတဲ့ စိတ်ထားလေးက တန်ဖိုးရှိဖို့လိုအပ်ပါတယ် ။
ဘယ်နေရာ ဘယ်ဒေသမှာဘဲ နေပါစေ ။ ကောင်းမွန်ပြီးချစ်စရာကောင်းတဲ့ မြန်မာအကျင့်လေးတွေကို မမေ့လျော့ဘဲ ရင်ထဲအသည်းထဲက တန်ဖိုးထားမြတ်နိုးနိုင်ကြပါစေလို့ လေးနက်စွာ ဆုတောင်းပေးနေမိပါတော့တယ် ရှင် ။
အချစ်ကို ကိုးကွယ်သူလေး

Tuesday, July 24, 2012

ခံစားချက်စာသားလေးတွေပါ

လောကကြီးက တခါခါ ထူးဆန်းလို့နေပြန်တယ် ။
သိပ်ကို အံ့သြစရာကောင်းတဲ့ တစ်ချို့သော ကိစ္စတွေက
ကြည်နူး ပျော်ရွင်စရာ ကောင်းတဲ့ ခံစားချက်တွေကို
ဖြစ်တည်ခံစားရစေပါတယ် ။

ခိုင်လေး ( ရွှေတောင် )


တခါတခါမှာ တစ်ချို့သောအရှုံးတွေက
ကြေကွဲနာကျင်စရာမကောင်းဘဲ ကြည်နူး
အပြုံးလေးတွေနဲ့ ကျေနပ်နေမိတတ်ပါတယ် ။
ဘယ်လိုအရှုံးမျိုးတွေလည်းဆိုရင်
ကိုယ်ချစ်သူက အနိုင်လိုချင်လို့ အရှုံးပေးလိုက်မိတဲ့အချိန်မျိုးမှာပေါ့ ။

ခိုင်လေး ( ရွှေတောင်  


စိတ်ရဲ့ စေရာကို လိုက်နေကြတဲ့ လူသားတွေ ဟာ
မိမိစိတ်ကို ပြန်ဆုံးမကြဖို့တော့ မေ့နေတတ်ကြဧ။် ။
ကိုယ်စိတ်လေးတစ်ခုကိုတောင် ဖမ်းဆုပ် ထိန်းချုပ်ဖို့
မကြိုးစားနိုင်သူတစ်ယောက်ဟာ မလုပ်ဆောင်သင့်
သော ကိစ္စတော်တော်များများကို ဆက်တိုက် ကျူးလွန်မိ
နေအုံးမှာပါပဲ ။

ခိုင်လေး ( ရွှေတောင် )


ဘ၀မှာ နေရာလေး တစ်ခု ရဖို့အတွက် ဘယ်သူ့ကိုမှ ဖားဖို့ မလိုဘူး ။

ကိုယ်တိုင်ကြိုးစားအားထုတ်မှုကသာ နေရာ တစ်ခုကို တည်မြဲစေပါတယ် ။

ဘ၀မှာ နာမည်ကြီးချင်လို့ နာမည်ကြီးသူတွေကို ကပ်ပေါင်းနေဖို့ မလိုပါဘူး ။

နာမည်ကြီးဖို့ ဆိုတာ စစ်မှန်တဲ့ အရည်ချင်းတစ်ခု ကိုယ်ဆီမှာ ရှိဖို့က ပိုအဓိက ကြပါတယ် ။

ယနေ့ အောင်မြင်နေကြသူတိုင်းသည်လည်း အစ ပထမမှာတော့ ကြိုးစားခဲ့ရသူချည်းပါပဲ ။

လိုချင်တာကို ရဖို့ဆိုတာ မိမိကိုယ်ကို အားကိုးမှသာ ရနိုင်ပါတယ် ။ အောင်မြင်သူတွေကို အတုယူ

ဖို့လိုအပ်ပေမယ့် အချိန်တိုင်း အားကိုးမှီတွယ်နေဖို့တော့ မဟုတ်ပါဘူး ။ အရေးကြီးဆုံးအချက်မှာ

မိမိကိုယ်ကို ပြည့်ဝတဲ့ အရည်ချင်းတွေ ရှိနေအောင် ကြိုးစားဖို့သာ အထူး လိုအပ်ပါတယ် ။

ခိုင်လေး ( ရွှေတောင် )