Thursday, December 27, 2012
အိမ်ထောင်ရှင် အမျိုးသမီးတို့ အတွက် စေတနာ ဆောင်းပါးလေးပါ
အိမ်ထောင်ရှင် အမျိုးသမီးတို့ အတွက် စေတနာ ဆောင်းပါးလေးပါ
လူမှုရေးအဆောက်အုံရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး ဖွဲ့စည်းမှုတစ်ရပ်သည် အိမ်ထောင်ထူထောင်ခြင်းပါပဲ ။ လူဆိုတာ ရှိနေသမျှကာလပတ်လုံး အိမ်ယာထူထောင်ခြင်းဆိုတဲ့ ဝေါဟာရ တစ်ခုကိုလည်း  ခိုင်လေးတို့ ကြားနေကြရအုံးမှာပါ ။ လူတွေ ဘာကြောင့်အိမ်ယာထူထောင် အိမ်ထောင်ပြုကြသနည်း ။ လူတိုင်းမှာ ရည်ရွယ်ချက် အကြောင်းပြချက်တစ်ခုတော့ အခိုင်မာရှိကြမှာပါ  ။ ဘယ်လိုအကြောင်းပြချက် ရည်ရွယ်ချက်ကြောင့်ဖြစ်ပါစေ အိမ်ထောင်ဘ၀ကို တည်ထောင်လိုက်ပြီဆိုတာနဲ့ လူပျို အပျိုဘ၀ နေခဲ့ပြုခဲ့တဲ့ လွပ်လွတ်မှုတွေကို အဆုံးသတ် သင့်တာတွေကို အဆုံးသတ်ပစ်လိုက်ရပါတော့တယ် ။ ဘ၀နှစ်ခုကို ပေါင်းစပ်ကြတဲ့နေရာမှာ နားလည်မှုဆိုတဲ့ စကားလေးက သိပ်ကိုအရေးပါ အရာရောက်စေပါတယ် ။ ဒီစကားလေးက  “ လွယ်မယောင်နဲ့ ခက်ဆိုတဲ့ “ ဆိုတဲ့ စကားလေးလိုပါဘဲ ။
တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဘ၀ထက် ပိုကြင်နာပါ ။ ပိုသစ္စာရှိပါ ။ ဇနီးမယားကောင်းတို့မည်သည်  လင်ယောကျာ်းပင်ဖြစ်ပါစေ မောင်ကြီး မောင်ငယ်ကဲ့သို့သဘောထားကာ ကျင့်ကြံနေထိုင်တတ်ကြပါတယ် ။ မန်လည်ဆရာတော် ရေးသားသော မယဒေ၀လင်္ကာပိုဒ်ရေ (၂၉၆) တွင်
“ မိန်းမဟူသည် ၊ ရုပ်ရည်အဆင်း
အချင်းဇာတိ ၊ ပြည့်စုံရှိလျက်
ဟီရိသြတ္တပ် ၊ ထိန်းကွပ်ကိုယ်မှာ
တည်စပါက ၊ ရတနာတဆူ
မြောက်ကျွန်းသူနှင့် ၊ နတ်တူသမျှ
ဂုဏ်ထွန်းပဧ။် ။  ။ “
ဟုရေးသားထားတာကို ဖတ်မှတ်ခဲ့ဖူးပါတယ် ။ အကြင်လင်မယားဆိုသည်မှာ ဆိုးတူကောင်းဖက် ၊ ဘ၀ခရီးလမ်းကို အတူတကွ လျှောက်လှမ်းကြသော ရဲဖော်ရဲဖက်တွေဆိုရင်လည်း မမှားပါဘူး ။ အတူနေလာတဲ့ ရက်တွေများလာလေ ငြီးငွေ့လာလေဆိုတာမျိုး လုံးဝကို မဖြစ်တန်ကောင်းပါဘူး ။ အတူနေတဲ့ ရက်တွေများလာလေလေ တစ်ယောက်ကို တစ်ယောက်  “ ပိုပြီးနားလည်ခွင့်လွတ် တတ်လာရမယ် “ ။ ခင်ပွန်းဖြစ်သူဟာ အိမ်ထောင်စီးပွားေ၇းကို တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်သလို ၊ ဇနီးသည်အနေနဲ့လည်း လင်ယောကျာ်းကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်ရမယ် ၊ ကိုင်တွယ်တတ်ရမယ် ။ အလုပ်နဲ့ ပတ်သတ်တာတွေကိုလည်း ၀င်ရောက်ချုပ်ကိုင်ချယ်လှယ်တာမျိုးတွေ မလုပ်မိစေဖို့ အထူးသတိပြုသင့်ပါတယ် ။ ယောကျာ်းတစ်ယောက် လုပ်ရမယ့် တာဝန်ကို သူဘာသူ တာဝန်ကျေအောင် လုပ်တတ်ပါစေ ။ နေရာတကာမှာ မိန်းမက ချုပ်ကိုင်ဆရာလုပ်လွန်းပြန်ရင်လည်း မိမိတို့ ခင်ပွန်းလင်ယောကျာ်းတွေမှာ ရှိနေတဲ့  အိမ်ထောင်ဦးစီးဆိုတဲ့ အရည်ချင်းတွေ ပျောက်ကွယ်ပြီး နောက်လိုက်လုံးလုံးဖြစ်သွားတတ်ပါတယ် ။ ဘေးကနေ လမ်းညွှန်အကြံပေးခြင်းမျိုး ၊ ဆွေးနွေးတိုင်ပင် ထောက်ပြခြင်းမျိုးတွေကို ပြုလုပ်ပေးခြင်းက မိမိခင်ပွန်းသည်ကို အမှန်တကယ် ကူညီခြင်းစစ်မှန်စေပါတယ် ။ အိမ်ထောင်ရှင်အမျိုးသမီးများအနေဖြစ်လည်း ပညာတွေ ဘယ်လောက်ဘဲ တတ်နေပါစေ ၊ ဥစ္စာတွေ ဘယ်လောက်ချမ်းသာနေပါစေ မိမိတို့ ချက်ပေးသော ပြင်သောထမင်းဝိုင်းကိုသာ မိမိတို့ ခင်ပွန်းသည်တွေက မက်မောတတ်ကြတယ်ဆိုတာကို မမေ့စေချင်ပါဘူး ။ အိမ်ထောင်ရှင်မတစ်ယောက် တာဝန်တွေကို လိုလေးသေးမရှိအောင် ထိန်းသိမ်းဖို့ကို မမေ့ကြစေချင်ပါဘူး ။ ခုခေတ်မှာ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းကာ စီးပွားရှာနေကြတာမို့ အိမ်ထောင်တာဝန်တွေကို လျစ်လျူရှု နေရတဲ့ အိမ်ထောင်ရှင်မတွေ အများပြားရှိနေကြပါတယ် ။ တူတူ အလုပ်ခွင်မှာ ပင်ပမ်းကြတယ်ဆိုတာပေမယ့် မိမိခင်ပွန်းသည်တာဝန်တွေကိုတော့ မိမိကိုယ်တိုင်လုပ်ပေးပြုစုခြင်းက အိမ်ထောင်ရေးမှာ ဖြစ်ပေါ်စေတတ်တဲ့ ဖောက်ပြန်ခြင်းဆိုတဲ့ ရန်သူကို ကာကွယ်ဖို့ အကောင်းဆုံးလက်နက်တစ်ခုပါပဲ ။
အိမ်ထောင်ရေးမှာ ရှိတတ်တဲ့ ပြသနာလေးတွေ များစွာရှိပါတယ် ။
နံပတ် ( ၁ ) …. အိမ်အသုံးစရိတ်နဲ့ ၀င်ငွေ မမျှတတဲ့အခါမှာ ကြွေးမြီပြသနာတွေ ၀င်လာတတ်ပါတယ် ။ ဒီနေရာမှာ အိမ်ထောင်ရှင်မတွေက ငွေရှိတုန်းဝယ်ထားချင်တတ်ကြတယ် ။ မ၀ယ်လဲ ဖြစ်တာကော အဖက်တင်တာပေါ့ ဆိုတဲ့ စိတ်ကူးမျိုးနဲ့ ၀ယ်ထားတတ်ကြပါတယ် ။ ဒီအတွေးဟာ မှန်သင့်သလောက်မှန်ပေမယ့် ငွေကြေးလက်ထဲရှိနေခြင်းကတာ အရာရာကို ဖလှယ်နိုင်တယ်ဆိုတဲ့ အချက်ကိုမေ့နေတတ်ကြပါတယ် ။ အကြွေးတင်ခံတဲ့အထိ အဖက်တင်အောင် ၀ယ်ထားဖို့တော့ မလိုအပ်ပါဘူး။ ၀င်ငွေ အပေါ်ကို ကြည့်ကာ ထိုက်သင့်အားလျော်စွာ သုံးတတ်ဖို့တာဝန်က အိမ်ထောင်ရှင်မတွေရဲ့ အရေးကြီးဆုံးတာဝန်တစ်ရပ်ပါဘဲ ။ ခင်ပွန်းသည်တွေအနေနဲ့လည်း  အိမ်ထောင်တာဝန်ဆိုတာကို ကျေပွန်အောင် လိုအပ်သည်ကို လောက်ငှအောင် ရှာဖွေပေးရပါမယ် ။အိမ်သူသက်ထားကလည်း ကောင်းမွန်စွာ စီမံပြီး စနစ်တကျ သုံးစွဲတတ်မယ် ။ ယောကျာ်းဖြစ်သူကလည်း ကြိုးစားရှာဖွေမယ် ၊ ဒီကြားထဲကမှ မပြေလည်မှုတွေ ရှိလာမယ်ဆိုရင် တစ်ယောက်အပေါ် တစ်ယောက် အပြစ်မပုံချဘဲ တိုင်တိုင်ပင်ပင် အဖြေရှာဖြေရျင်းတတ်မယ်ဆို အရမ်းကို အဆင်ပြေမယ့် မိသားစုဘ၀လေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် ။
နံပတ် ( ၂ ) ….အိမ်ထောင်တစ်ခု သက်ဆုံးတိုင် လက်တွဲသွားစေဖို့ဆိုတာက နားလည်မှုရှိနေဖို့က အထူးလိုအပ်ပါတယ် ။ အိမ်ထောင်တစ်ခုမှာ  ရင်သွေးရတနာဆိုတာ အရေးကြီးတဲ့ သံယောဇဉ်ကြိုးဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် သားသမီးမရနိုင်တဲ့ အိမ်ထောင်သည်တွေလည်းရှိနေတတ်ပါတယ် ။ ဒီလို အိမ်ထောင်ရေးမျိုးတွေမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ လိုအပ်တာထက် ပိုပြီး စိုးရိမ်စိတ်တွေ မယုံကြည်စိတ်တွေ များတတ်ကြပါတယ် ။ အိမ်ထောင်တစ်ခု ခိုင်မြဲနေဖို့ သာယာနေဖို့ဆိုတာ သားသမီးရခြင်း မရခြင်းက အခြေခံမကြလှပါဘူး ။ သားသမီးမရလို့ ဖောက်ပြန်တယ်ဆိုတဲ့ ဆင်ခြေစကားဟာ သိပ်ကိုစိတ်ဓာတ်ရေးရာ သိမ်ဖျင်းတဲ့ လူတွေ ပြောတတ်တဲ့ မခိုင်လုံမလှပတဲ့ဆင်ခြေတစ်ခုပါ ။ သူတို့ ဖောက်ပြန်ဖို့အတွက် အသုံးချတဲ့ စကားဆိုလည်း မမှားပါဘူး ။ ဒီအတွက် ကလေးမရနိုင်တဲ့ အိမ်ထောင်ရှင်မတွေ အနေနဲ့ မလိုအပ်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ၊ လိုတာထက် ပိုတဲ့ ချုပ်ချယ်မှုတွေက မိမိတို့ ခင်ပွန်းသည်တွေကို မိမိဘေးကနေ တွန်းထုတ်သလို ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်လေးကို သတိပြုမိစေချင်ပါတယ် ။ မိမိခင်ပွန်းသည်ကို မိမိနားမှာ နေစေချင်ကြတာ အိမ်ထောင်ရှင် မိန်းကလေးတိုင်း တူညီတဲ့ ဆန္ဒတစ်ခုပါပဲ ။ နေစေချင်တဲ့ ဆန္ဒကို ပြည့်စေဖို့ ဇွတ်အတင်းချုပ်ချယ်တဲ့နည်းထက် သူကိုယ်တိုင်က ကိုယ်ဘေးမှာ နေချင်လာအောင် လုပ်ဆောင်ခြင်းက ပိုလို့ကောင်းမွန်စေပါတယ် ။ မိမိဆန္ဒတစ်ခုအတွက် သူရဲ့လွတ်လပ်ခွင့်အားလုံးကို ဘောင်ခတ်လိုက်သလို မဖြစ်စေဖို့လည်း အထူးလိုအပ်ပါတယ် ။
နမူနာပေါ့နော်…………….သူက ညဘက်ဆို လက်ဘက်ရည်ဆိုင် သွားချင်မယ် ။ လက်ဘက်ရည်ဆိုင်ဆိုတာ  ယောကျာ်းလေးတိုင်းထိုင်ချင်တတ်ကြပါတယ် ။ ဒါကို စိတ်မချလို့ သူငယ်ချင်းတွေ စုံလာရင် ဘာတွေ မဟုတ်တာလုပ်မလည်းဆိုတဲ့ မရေရာတဲ့ အတွေးတွေနဲ့ ချုပ်ချယ်မယ့်အစား မိမိပါ လိုက်သွားခြင်း ဒါမှမဟုတ် အချိန်လေးတစ်ခု သတ်မှတ်ပြီး ခွင့်ပြုခြင်းတို့ကို ပြုမှုဆောင်ရွက်သင့်ပါတယ် ။ စကားဆိုတာ ပြောတတ်ရင် နားဝင်ချိုစေတဲ့ စကားလုံးတွေ အများကြီးရှိပါတယ် ။ “ အကိုရေ ကျွန်မတော့ မှောင်ရင်မနေရဲဘူးနော်လို့ ၊ အကို ပြန်မလာမချင်း ကျွန်မက စောင့်နေရမှာလေလို့ ၊ မနက်ကို အလုပ်တွေရှိတယ်လေ စောစောလေးတော့ ပြန်လာနော်လို့ “ ဆိုတဲ့ စကားလေးတွေက သူတို့တွေကို ပြန်လာဖို့ နှိုးစက်ပေးတဲ့ စကားလေးတွေပါပဲ ။ မသွားနဲ့ဆို ပိုသွားချင်တယ် ၊ မလုပ်နဲ့ဆို ပိုလုပ်ချင်ကြတာ လူ့သဘာဝလေးပါ ။ မလိုအပ်တဲ့ ချုပ်ချယ်မှုတွေကို ဆိုးကျိုးတွေကို သယ်ဆောင်လာစေတတ်တယ်ဆိုတာကို အိမ်ထောင်ရှင် အမျိုးသမီးတွေ မမေ့ထားစေချင်ပါဘူး ။
နံပတ် ( ၃ ) …….  ကျွန်မတို့ မြန်မာမိန်းကလေး တော်တော်များများဟာ အိမ်ထောင်ကျပြီဆိုတာနဲ့ ဖြစ်ကလက်ဆန်းတော်တော် နေပြစ်လိုက်ကြပါတယ်။ ဒါဟာ တစ်ကယ်တော့ လုံးဝကို မဖြစ်သင့်ပါဘူး။အမှန်ဆို အိမ်ထောင်ကျတဲ့ သူတွေဟာ အပျိုထက်ကို လှလှ ပပ လေး နေရမယ်လို့ ခိုင်လေးကတော့ ယူဆမိပါတယ် ။ဘာလို့လဲဆိုရင် အပျိုမှာအပျိုဆိုတဲ့ဂုဏ်နဲ့တင် တော်တော် လှနေပါပြီ။ အိမ်ထောင်သည်တွေက ကိုယ်ယောကျာင်္းရဲ့ မျက်စိထဲမှာ အမြဲလှနေဖို့ မရိုးသွားဖို့ ပိုအရေးကြီးပါတယ်။ အိမ်ထောင်တာဝန်တွေကို ကျေပွန်ခြင်းဟာ ယောကျာင်္းတစ်ယောက်ကို ဆွဲဆောင် နိုင်စေသလို ၊ လှပသန့်ရှင်း နေစေခြင်းဟာလဲ အကောင်းဆုံးဆွဲဆောင်မှုတစ်မျိုးပါဘဲ။ ခုဆို (နားနဲ့မနာဖ၀ါးနဲ့နာပါနော်) တားဆေးတွေဟာ လူ ၁၀၀ မှာ  ၈၀ ကို အရမ်းဝစေတတ်ပါတယ် ။ အိမ်ထောင်ကျသွားတဲ့မိန်းကလေးတော်တော်များဟာအလွန်မင်းဝလာတတ်ကြပါသည်။ ဒါကိုလဲ သတိထားရပါ့မယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေ စရိုက်တွေကွဲပြားခြားနားတယ်ဆိုပေမယ့် တစ်ထေရာတည်းတူနေတဲ့ အချက်တော့ ရှိကြတယ် ။ အဲဒါဘာလဲ ဆိုတော့ ယောကျာင်္းတိုင်း လိုလို အလှအပကို သဘောကျ ခံစားတတ်ခြင်း နဲ့ နားပူတဲ့ဒဏ်ကို မခံနိုင်ကြတာပါဘဲ ။ ဒီအချက်တွေကို ကျွန်မတို့တွေကလည်း ကောင်းကောင်းကို အသုံးချတတ်ကြပါတယ်။  လိုချင်တာကို နားပူအောင် ပြောတတ်တာလဲ မိန်းကလေးတွေရဲ့ တူညီတဲ့ အချက် ဖြစ်နေပြန်တယ် ။ အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ တစ်ကယ်ကို သေချာပြင်ဆင်ရပါတယ် ။ မတူညီတာတွေ တော်တော် များများကို ယူပြီးမှ သိရတတ်ပါတယ် ။  ဒါပေမယ့် စိတ်ဓာတ်ကျစရာ မလိုပါဘူး ။ တကယ်ဖူးစာပါလို့ ပေါင်းဖက်နေရပြီးမှ  မတူတာကို နားလည်မှုတစ်ခုနဲ့ ရအောင် ညှိုနှိုင်းနိုင်ရမယ် ။ ကိုယ်ယောကျာင်္းအကြိုက် ကိုယ်ယောကျာင်္းစိတ်သဘောထားကို အိမ်သူသက်ထား အမျိုးသမီးများ အသိဆုံးပါ ။ တူတူ နေနေကြတဲ့ အိမ်ထောင်ရှင်တွေ ဆိုရင်လဲ တစ်နေ့လုံး ဘယ်လို ၀တ်နေနေ ကိုယ်အမျိုးသား အလုပ်က ပြန်လာခံနီးအချိန်တွေမှာတော့ ရေချိုးမယ် သပ်သပ်ရပ်ရပ်လေးဝတ်မယ် ။  ကိုယ်ကို မြင်လိုက်လို့ အမောပြေစေမယ့် အနေထားမျိုးလေးတော့ ပြင်ဆင်ထားသင့်ပါတယ် ။  မိန်းကလေးတိုင်း အလှကိုယ်ဆီ ရှိတတ်ကြပါတယ် ။ မလှတဲ့ သူဆိုတာ မရှိဘူးလို့ ခိုင်လေးကတော့ မြင်မိပါတယ် ။ ကိုယ်နဲ့လိုက်ဖက်အောင် ပြင်ဆင်တတ်ဖို့နဲ့ ၀တ်တတ်စားတတ်ဖို့ဘဲ အရေးကြီးပါတယ် ။ အဖိုးတန် အ၀တ်စားတွေကို ၀တ်မှ လှတာ မဟုတ်ပါဘူး ။ ကိုယ်နဲ့ လိုက်ဖက်တာလေးတွေကို ရွေးချယ်ဝတ်မယ်ဆို လှပတဲ့ မိန်းကလေးတွေ အဖြစ် ခင်ပွန်းသည်က အချစ်တိုးစေမှာပါ ။ ပြင်ရမယ်ဆိုလို့ မလိုက်ဖက်တာကို အတင်းပြင်ခိုင်းတာမဟုတ်ဘူးနော် ။ နမူနာပေါ့နော် မိတ်ကပ်နဲ့ မလိုက်တဲ့သူက မိတ်ကပ်တွေ လိမ်းထားမယ်ဆို မလှသလိုမျိုးပေါ့ ၊ ကိုယ်ဘာနဲ့ လိုက်ဖက်တယ်ဆိုတာ ကိုကိုယ်ကို သိနိုင်ပါတယ် ။ အိမ်ထောင်တစ်ခု သာယာပျော်ရွင်ဖို့ဆိုတာက ကျွန်မတို့ အမျိုးသမီးတွေ အပေါ်မှာ အများကြီး မူတည်နေပါတယ် ။ သူတို့အတွက်က ငွေရှာတာနဲ့တင် အရမ်းပင်ပမ်းနေပြီလို့ တွေးတတ်ကြတာပါ။ ဒါကိုနားလည်ပေးလိုက်ပါ ။ သူတို့ အတွက် ဖြည့်စီးပေးဖို့ လို့မှတ်ယူလိုက်တာ အေးချမ်းပါတယ် ။ တရားတာ မတရားတာတွေ ထည့်မတွေးဘဲ စေတနာရောင်ပြန်တယ်ဆိုတာလေးကိုရင်ထဲ ထည့်ထားပြီး  ကိုယ်ဘက်က လုပ်စရာ ရှိတာလေးကို လုပ်ပေးလိုက်ခြင်းက 2ယောက်စလုံးအတွက် အေးချမ်း ပျော်ရွင်စေပါတယ်။ဒီတော့ ကျွန်မတို့အနေနဲ့ ငါတော့ အိမ်ထောင်သည် ဖြစ်သွားပြီ ဖြစ်သလိုနေလိုက်တော့မယ်ဆိုတဲ့ အတွေးတွေကို အဝေးကို မောင်းထုတ်လိုက်ပါ ။ သူတို့အတွက် တင်မကပါဘူး ကိုယ်အတွက်ကို လှဖို့ လိုအပ်ပါတယ် ။ မိုးလင်းတယ်ဆိုတာနဲ့ အရင်ဆုံး ကိုယ်ရဲ့တစ်ကိုယ်ရည် သန့်ရှင်းရေးကို အရင်လုပ်မယ် ။ သနပ်ခါးလိမ်း ပြီးမှ လုပ်စရာရှိတာတွေကို လုပ်လို့ရပါတယ်။ လုပ်စရာရှိတာတွေ အရင်ဆုံး လုပ်နေတာနဲ့ တစ်နေ့တာလုံး ကိုကိုယ်ကို ခေါင်းဖီးဖို့တောင် မေ့သွားတတ်ကြတဲ့ အိမ်ထောင်ရှင် မမတွေ အများကြီးပါ ။ အိပ်ယာကနိုးတာနဲ့ ကိုယ်ကို သပ်ရပ်ဖိုပြင်ဆင်တာ ကြာလှ အများဆုံး မိနစ်20ပေါ့ ။ ဒီလောက်အချိန်တော့ ပေးသင့်ပါတယ် ။ ဒါလေးတွေကို သေးသေးလေးလို့ မထင်လိုက်ပါနဲ့ ၊ တစ်ကယ်လုပ် ကြည့်ပါ ထိရောက် အကျိုးရှိစေ တယ်ဆိုတာကို နားလည်လာကြပါလိမ့်မယ် ။ မိမိခင်ပွန်းသည် အလုပ်ကနေ ပြန်လာတိုင်း ခရီးဦးကြိုပြုတတ်တဲ့ အလေ့ထလေးကို ပြုလုပ်ပေးပါ ။
နောက်ဆုံး အကြံပေးချင်တာလေးကတော့ တတ်နိုင်မယ်ဆိုရင် နေ့တိုင်း တစ်ယောက်လက်ကို တစ်ယောက်တွဲကာ လမ်းလျှောက်တတ်တဲ့ အလေ့ကျင့်လေးကို ကျင့်သုံးပေးပါ ။ အလုပ်ကပြန်လာမယ် ။ ရေချိုးပြီးကာစအချိန်ဆိုတာ စိတ်ကို အင်မတန် လန်းဆန်းနေစေတဲ့ အချိန်မျိုးပါ ။ ဒီလိုအချိန်မျိုးမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း ပြောစရာရှိတာတွေကို ပြောမယ် တိုင်ပင်စရာတွေကို တိုင်ပင်ခြင်းအတွက် အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးအချိန်ပါပဲ ။
မိမိတို့ ခင်ပွန်းသည်တွေ အတွက် ပါရမီဖြည့်ဖက် မိတ်ဆွေကောင်းတွေ အဖြစ် ရပ်တည်နိုင်ကြပါစေ ။ အမိနှင့်တူသော ဇနီးမယား ၊ အမ နှမ နှင့်တူသော ဇနီးမယား ၊ အဆွေခင်ပွန်းနှင့်တူသောဇနီးမယား၊ တွေ ဖြစ်ကြပါစေ ။ ဘ၀ခရီးဖော်တိုင်း ချမ်းမြေ့ပျော်ရွင်သော မိသားစုဘ၀တွေကို အောင်မြင်စွာ တည်ဆောက်နိုင်ကြပါစေ ။ နားလည်မှု လက်တွေကို ခိုင်ခိုင်မာမာတွဲလို့ သက်ဆုံးတိုင် သစ္စာတရားကို လက်ကိုင်ထားပြီး ချစ်ခင်ကြင်နာခြင်းများစွားဖြင့် ဘ၀ခရီးကို အတူတကွ လျှောက်လှမ်းနိုင်ကြပါစေ ။
ခိုင်လေး ( ရွှေတောင် )
Monday, December 24, 2012
တန်ဖိုးရှိတဲ့ ဂယ်ပေါက် လေးတွေ ပြင်ဆင်ဖောက်လုပ် နိုင်ကြပါစေ။ (ဆောင်းပါး)
တန်ဖိုးရှိတဲ့ ဂယ်ပေါက် လေးတွေ
ပြင်ဆင်ဖောက်လုပ် နိုင်ကြပါစေ။
(ဆောင်းပါး)
ခိုင်လေးစာဖတ်ပရိတ်သတ် အားလုံးမင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ပါစေရှင် ။
ခုဆိုရင် ခိုင်လေးတို့ မြို့နယ်လေးမှာ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်နေသူတွေ တော်တော်လေးကို ပေါများပါတယ် ။ ဒီထဲမှာ ခိုင်လေးနဲ့ သိပ်ကိုရင်းနှီးတဲ့ မောင်ငယ်လေးတစ်ယောက်လည်းပါဝင်လေရဲ့။ သူနာမည်က မိုးကျော်သူလို့ခေါ်တယ် ။ သူနိုင်ငံခြားမှာ အလုပ်လုပ်နေတာဆို အတော်လေးကြာပါပြီ ။ 4နှစ်လောက်တော့ ရှိရော့မယ်လေ ။ တခါတလေ အကြောင်းအရာတွေက ပြောင်းပြန်လေးတွေ ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာကို မိုးကျော်သူအဖြစ်က သက်သေထူးနေခဲ့ပါတယ် ။
နိုင်ငံခြားသွားကြတယ် ။တစ်ချို့တွေက ရှိတာလေးတွေကို ရောင်းချသွားကြတယ် ။ တစ်ချို့ကြတော့လည်း ငွေပိုလေးရှိလို့ ပိုကြီးပွားအောင်သွားကြတယ် ။တစ်ချို့ကြတော့ ချေးငှားသွားကြတယ် ။ နိုင်ငံခြားရောက်တော့ ရောက်ကာစတော့ ကြိုးစားကြပါရဲ့ ။ အနေကြာတော့ သုံးတတ်လာတယ် ။ ဒီတော့ အကြွေးတောင်မကျေဖြစ်ကြတဲ့သူတွေလည်းတစ်ပုံတစ်ပင်ပါဘဲ ။ အတိုးတွေတက်နေပြီ ငွေကမလာတော့ ကျန်ရစ်သူမိသားစုတွေ ဖုန်းတွေ တစ်ဂွမ်ဂွမ်ဆက် ။ ဒီတော့ ဖုန်းနံပတ်တွေ ပြောင်းပစ်ကြတယ် ။ အိမ်ကို အဆက်သွယ်တွေ ဖြတ်ပစ်ကြတယ်ဆိုတာတွေတော့ မထပ်အောင် ကြားဖူးနေကြမယ်လို့ ထင်ပါတယ် ။ ခိုင်လေး မောင်လေး မိုးကျော်သူအဖြစ်ကကြတော့ တစ်မျိုးပါရှင် ။ ရသမျှလေးတွေ အိမ်ကို အကုန်ပို့ရှာပါတယ် ။ ကျန်ခဲ့တဲ့ မိခင်ဖြစ်သူတစ်ဦးတည်းပါ ။ သားလေးပို့သမျှကို  မလိုတာတွေ သုံးလိုက် ဖြန်းလိုက်နေလာလိုက်တာ မိုးကျော်သူတစ်ယောက်သာ နိုင်ငံခြားမှာ နှစ်တွေ ကြာညောင်းလာတယ် သူမိခင်ကတော့ ထူးခြားတဲ့ တိုးတက်ပြောင်းလဲ မှုမရှိခဲ့ပါဘူး ။ ပေးလိုက်ရတဲ့ နတ်ပွဲတွေက တခြိမ်းခြိမ်း ။ ပတ်ဝန်းကျင်ကတောင် မျက်စိဆံပင်မွှေး စူးရလောက်အောင်ကို အသုံးအစွဲကြမ်းပါတယ် ။ ဒီလိုနဲ့ မိုးကျော်သူတစ်ယောက် မြန်မာပြည်ကို အလည်တခေါက်ပြန်လို့ရောက်လာခဲ့ပါတယ် ။ အိမ်ဆောက်ဖို့ ပို့လိုက်တဲ့ငွေတွေကလည်း အိမ်ဆောင်တဲ့ထဲ အကုန်မရောက်တော့ တစ်ဝက်တစ်ပျက် ။ ဆောက်တာတော့ အုတ်ပက်ကား ကာထားတာက ထရံဖြစ်နေပါတယ် ။ ရုတ်တစ်ရက်ဆိုသလို သားကပြန်လာမည်ဆိုတော့ ဘာလုပ်ရမှန်းမသိမျက်ရည်စမ်းစမ်းဖြစ်ရရှာလေတော့သည်။ သားက ပို့စဉ်က မလိုအပ်တာတွေ မတရားသုံးခဲ့တဲ့ ဆိုးကျိုးတွေကို ခုချိန်မှ သိမြင်ခဲ့တယ် ။ သားအနေနဲ့ကလည်း ရသမျှလေးကို မဖြစ်ဖြစ်အောင် ကြိုးစားပမ်းစားပို့ခဲ့ရှာတာပါ ။
မျှော်လင့်ချက်တွေ အပြည့်နဲ့ ပြန်လာတဲ့ မိုးကျော်သူတစ်ယောက် ပြန်ရောက်တာနဲ့ ဖြစ်ရပ်မှန်တွေကို သိလိုက်မြင်လိုက်ရတယ်ဆိုရင်ဘဲ အမောစို့စေတော့တာပါဘဲ ။ မိဘမို့ အပြစ်လည်းမဆိုသာပြန် ။ မချိတင်ခဲ သက်ပြင်းကိုတာ အခါခါချလို့  ကျိတ်ကာပူဆွေးယုံမှတပါး ဖြေစရာဘယ်မှာရှိမည်နည်း ။ ဆရာဇော်ဂျီရေးသားတဲ့ ကဗျာလေးထဲကလို
"တော်ပါပြီ ဆက်မလှမ်းချင်ဘူး"
 ဆိုတဲ့ စာသားလေးကိုသာ အော်ဟစ်ကာညဉ်းတွားလိုက်ပါတော့တယ်  ။
တာဝန်ကျေတဲ့ သားသမီးတွေကို ပိုင်ဆိုင်ထားကြပေမယ့် တစ်ချို့တစ်ချို့သော မိဘတွေရဲ့ တွေးခေါ်ဆင်ခြင်နိုင်မှု အင်အားတွေ နည်းပါးလွန်းနေတတ်ကြပါတယ် ။ မိုးကျော်သူ အမေလို မိဘလိုမျိုးတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေတတ်ကြအုံးမှာပါ ။ မိကျောင်းခင်းရေခင်းပြ လုပ်တာ မဟုတ်ပါဘူး ။ အခြေနေဆိုတာ အမြဲပေးမနေတတ်ပါဘူး ။ အခြေနေပေးတုန်းမှာ စုဆောင်းသင့်ပါတယ် ။ လူပျို လူရွယ် ၊ အပျိုတွေဆို ပိုလို့တောင် မိဘတွေ အနေနဲ့ စုပေးထားသင့်ပါတယ် ။ တစ်လကို သားသမီးက 2သိန်းပို့ရင် 5သောင်းလောက်တော့ သူတို့ နောင်ရေးအတွက် စုပေးသင့်တယ်လို့ မှတ်ယူမိပါတယ် ။မိဘ နဲ့ သားသမီးကြား နားလည်မှုလေးတွေ ထားတတ်မယ်ဆို လောကကြီးက ပိုလိုလှပစေမှာပါ ။
လောကကြီးမှာသင်အများဆုံးချစ်ခင်သည့်ပုဂ္ဂိုလ်မှာတခြားလူမဟုတ်ပါ။သင်ကိုယ်တိုင်ပင်ဖြစ်သည်။လူတိုင်းလူတိုင်းမှာပညာတတ်သူဖြစ်စေ၊မတက်သူဖြစ်ပါစေ၊ပြည်စုံသူ(သို့ မဟုတ်)မပြည့်စုံသူဖြစ်ပါစေလူအားလုံးတွင်မိမိအတွက်ဂယ်ပေါက်တစ်ခုတော့ ထားရှိဖို့ လိုအပ်ပါသည်။ ဒီနေရာမှာဂယ်ပေါက်ဆိုတာကိုတော့ခိုင်လေးအနည်းငယ်ရှင်းပြချင်ပါသည်။သိပြီးသားလူတွေရှိနေမှာပါ။မသိသေးတဲ့လူတွေအတွက်ရှင်းပြချင်ပါတယ်။
ပဒကဆိုတဲ့သတ္တ၀ါကိုတော့ကြားဖူးကြမယ်လို့ ထင်ပါသည်။ပဒက် တစ်ကောင်ကိုဖမ်းမိဖို့ အတွက်ဆိုရင် အတွက်ပဒက်တစ်ကောင်ရဲ့ ဂယ်ပေါက်ကိုပိတ်တတ်ဖို့ လိုပါသည်။ပဒက် ကောင်ရဲ့ ဂယ်ပေါက်ကိုမပိတ်နိုင်ဘူးဆိုရင်ပဒက်ဆိုတဲ့သတ္တ၀ါကိုဘယ်လိုမှဖမ်းလို့ မမိနိုင်ပါဘူး။ပဒက်တွင်းနဲ့ ကင်းမြီးကောက်တွင်းလဲမှားတက်ပါသေးတယ်။ပဒက်တွင်းမှာပင်ကူမျှင်လိုအတန်းလေးတွေပါရှိတတ်ပါပြီး ကင်းမြီးကောက်တွင်းမှာတော့ မပါပါဘူး။ အသိဥာဏ်နည်းတဲ့ သတ္တ၀ါဖြစ်တဲ့ ပဒက် ကောင်တွေတောင် အန္တာရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ မိမိတို့ ဆက်လက်အသက်ရှင်ဖို့ အတွက် ဂယ်ပေါက် တွေဖောက်ထားတတ်ကြပါတယ် ။ အန္တာရယ်ကို ရင်ဆိုင်တွေ့တဲ့ အခါ သူတို့ ဖောက်လုပ်ထားတဲ့ ဂယ်ပေါက်လေးတွေကနေ သူတို့ ဆက်လက် အသက်ရှင်ဖို့ ပြေးကြရပါတယ် ။ ဒီလိုဘဲ အသိဥာဏ်ပိုတဲ့ လူသားတွေမှာလည်း မိမိတို့ ဆက်လက်ရှင်သန်ရပ်တည်ဖို့ အတွက် ဂယ်ပေါက်လေးတွေ ဖောက်ထားသင့်တယ်လို့ ခိုင်လေးယူဆမိပါတယ် ။ မိဘကို လုပ်ကျွေးမယ်။ သိပ်ကို ကောင်းပြီး မင်္ဂလာရှိတဲ့ လုပ်ရပ်ပါ ။ ဒီလိုဘဲ မိမိအတွက်လည်း  ဆက်လက်ရှင်သန်ဖို့အတွက်ငွေကြေးတွေကို သီးသန့်စုဆောင်းခြင်းဖြင့် မိမိတို့အတွက် ဂယ်ပေါက်လေးတွေ ဖောက်ထားဖို့ အထူးကိုလိုအပ်ပါတယ် ။
နမူနာအနေနဲ့ ဖြစ်ရပ်မှန်ဇတ်လမ်လေးတစ်ခုကိုထပ်ပြောပြချင်ပါတယ် ။(၁၉၅၄)ခုနှစ်ပတ်ဝန်ကျင်လောက်ကနယ်မြို့ လေးတစ်မြို့ မှာမိသားစုတစ်စုရှိပါသည်။အဲဒီမိသားစုလေးမှာအိမ်ထောင်ဦးစီးဖခင်ကမိခင်ထက်(၁၅)နှစ်ခန့် အသက်ကြီးပါတယ်။အိမ်ထောင်ဦးစီးကအသက်အရွယ်ကြီးရင့် လာတဲ့ အခါမှာမိန်းမလုပ်သူကအိမ်ထောင်တာဝန်တွေကိုဦးဆောင်ပါတယ်။မိန်းမလုပ်သူက ယောက်ကျားကို နေ့တိုင်းဆေးလိပ်ဖိုးပေးသတဲ့လေ ။ အဖိုးအိုက သူ့ မိန်းမပေးတဲ့ ဆေးလိပ်ဖိုးတွေကိုနေ့ တိုင်းဝယ်မသောက်ဘဲ စုထားသတဲ့ ။ဒီလိုနဲ့ စုလာလိုက်တာတစ်နေ့ တော့ အဖိုးရဲ့ ဇနီးကစိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့မှာထိုင်နေတာကိုအဘိုးအိုကတွေ့ ရတယ်လေ။ဒီတော့ သူ့ မိန်းမကိုမေးတာပေါ့ …………..
*မိန်းမမင်းမျက်နှာမကောင်းပါလား။ဘာဖြစ်နေတာလဲ* *ကျွန်မအရင်းတွေလဲမရှိတော့ ဘူးရှင်။ဒီနေ့ ဆိုကျွန်မစားဖို့ တောင်တပြားမှလက်ထဲမရှိတော့ ဘူး။အဲဒါ…….တွေးပြီးစိတ်ညစ်နေတာ။*
အဖိုးအိုကရုတ်တရက်သူ့ မိန်းမဘေးကနေထထွက်သွားတယ်။ခဏအကြာမှာ ငွေတစ်ထပ်ကိုကိုင်ပြီးအဖိုးအိုပြန်ရောက်လာပါတယ်။ဇနီးသည်အားသူ့ လက်ထဲမှငွေများကိုပေးလိုက်တယ်။ ဇနီးသည်မှာအံ့သြစွာနှင့် 
**ရှင်ဒီပိုက်ဆံတွေဘယ်ကရတာလဲ။**
အဖိုးအိုပေးတဲ့ငွေမှာ (၁၀၀)ကျပ်တိတိရှိပါတယ်။အဲဒီခေတ်က ငွေ(၁၀၀)ဆိုတာခုခေါတ်ငွေ(၂)သိန်းလောက်နှင့်တန်ဘိုးညီမျှပါတယ်။
**မိန်းမ !မင်းပေးတဲ့ ဆေးလိပ်ဖိုးငွေထဲကနေငါစုထားတဲ့ ငွေတွေပါ။အရေးကြီးတဲ့ အချိန်ဆိုတာလူတိုင်းရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ဒီလိုရင်ဆိုင်ရတဲ့ အချိန်မှာကိုယ့် ကိုယ်ကိုကယ်နိုင်ဖို့ အတွက်ဂယ်ပေါက်ဆိုတာရှိထားရမယ် ။ အသိဥာဏ်နည်းတဲ့သတ္တ၀ါလေးတွေဖြစ်တဲပဒက် ကောင်တွေတောင်သူတို့ ရှင်သန်ဖို့ အတွက် ဂယ်ပေါက် တွေဖောက်ထားတတ်ရင် အသိဥာဏ်ပိုတဲ့ လူသားတွေကပိုပြီး မိမိဂယ်ပေါက်တွေကိုအဆင်သင့် ပြင်ဆင်စုဆောင်းထားသင့် တယ်လို့ သူဇနီးကိုရှင်းပြလိုက်ပါသတဲ့ လေး ။ ***
ကျွန်မတို့ အသိဥာဏ်ရှိတဲ့ လူသားတိုင်း ကိုယ်အတွက် ကိုယ်ဘ၀ ရှင်သန်အောင်မြင်ရေးအတွက် ဂယ်ပေါက်လေးတွေကို အကောင်းဆုံး ပြင်ဆင်ဖောက်လုပ်နိုင်ကြပါစေလို့ ဒီဆောင်ပါးလေးကနေ လေးနက်စွာ သတိပေးဆုတောင်းပေးလိုက်ပါတယ်ရှင် ။
ခိုင်လေး (ရွှေတောင်)
Friday, December 14, 2012
အမြစ်မတွယ်ခင် နုတ်ပစ်နိုင်ကြပါစေ(ဆောင်းပါး)
အမြစ်မတွယ်ခင် နုတ်ပစ်နိုင်ကြပါစေ(ဆောင်းပါး) 
အလုပ်ပိတ်ပြီဆိုတာနဲ့ လာလိုက်ကြတဲ့ လူတွေ ။ ကျုပ်ဆီကို ၀င်လိုက် ထွက်သွားလိုက်နဲ့ ကျုပ်စိတ်အရှုတ်ဆုံးနေ့ရက်တွေပေါ့ ။ သူတို့တွေ မရှက်ကြတော့ဘူးလားလို့ ကျုပ်တွေးမိတယ် ။ တစ်ခြားလူမျိုးတွေကို ကျုပ်မသိဘူး ။ ကျုပ်ကြားဖူးတဲ့ မြန်မာလူမျိုး ၊ မြန်မာယဉ်ကျေးမှုဆိုတာတွေနဲ့ ဒီလူတွေ ပြုမူနေထိုင်ပုံတွေကတော့ တခြားဆီပါဘဲ ။ ကျုပ်ဆီအများဆုံးလာနေကြတဲ့ လူတွေအကြောင်း ဖောက်သည်ချမယ်နော် ။ များသောအားဖြင့် ကျုပ်ဆီလာတတ်တဲ့သူတွေက အသက်ကြီးကြီး မိန်းမတွေဘဲဗျို့ ။ သူတို့ပြောတာကတော့ အပျိုကြီးတွေတဲ့လေ ။ ဘာနဲ့ ပျို လည်းတော့ သူတို့ကို သူတို့ ပိုသိမှာပေါ့လေ ။ မိန်းကလေးတွေက အသက် ၄၀ ကျော် ၊ အမျိုးသားတွေက ရှိလှ ၂၅ ၊ ၃၀ ။ သူတို့တွေ ချစ်ကြိုက်ကြတယ် ။ ကျုပ်တွေ့သလောက်တော့လေ ယောကျာင်္းတွေက အဲဒီမိန်းကလေးတွေဆီ သွားတယ်ဆိုတာ ရှားမှရှားဘဲ ။ ပိုးပန်းနေချိန်တာ ဟန်ပြသွားမယ် ။ သဘောကြလို့ ချစ်ကြိုက်သွားပြီဆိုတာနဲ့ အဲဒီမိန်းကလေးတွေကသာ တောက်လျှောက် ယောကျာင်္းလေးတွေဆီလာကြတော့တာဘဲဗျို့ ။ လာပြီးဆိုရင်လည်း ချက်ပြုတ်ကြော်လှော်ထားတာတွေကို မမောနိုင် မပန်းနိုင်သယ်လာကြရသေးတယ် ။ အရက်ဝိုင်းအတွက် အမြည်းကအစ လုပ်ပေးရတယ် ။ သူတို့ကိုကြည့်ပြီးမောလိုက်တာ။ ဒီမှာ ကျုပ်နဲ့ ပတ်သတ်လာပြန်တာက သူတို့ ဆက်နွယ်ပတ်သတ်ဖို့ ကျုပ်ကိုအသုံးပြုတာဘဲ ။ အိမ်တအိမ်မှာ ပါလှ အခန်း ၃ ခန်းပေါ့ ။ နေတဲ့သူက ၁၀ယောက်လောက် ။ ပိတ်ရက်ဆို ချစ်သူတွေက လူုတိုင်းလို ရောက်လာကြတော့ ကျုပ်တို့တွေ မအားကြရတော့ဘူးလေ ။ တစ်တွဲကိစ္စပြီးတစ်တွဲထွက် ။ ဟေ့ 15မိနစ်ဘဲနော်။ ပြည့်တာနဲ့ တန်းထွက်ဆိုတဲ့ မကြားဝံ့တဲ့ ပြောဆိုသံတွေက ပါသေးတယ် ။
သိတာသိစေ မမြင်စေနဲ့ဆိုတဲ့ စကားပုံတွေ စာအုပ်ထဲ မှိုတက်ကုန်ပြီထင်ပါတယ် ။ ဒါမျိုးကိစ္စဆိုတာ သိပေမယ့် မြင်နေကြားနေဖို့မှ မလိုအပ်တာ ။ ခုတော့ ပွဲတော်ကြီးတစ်ခုလို ဖြစ်နေတာကို သူတို့မရှက်ကြတော့ဘူးလား ။ သက်မဲ့ပစ္စည်းဖြစ်တဲ့ ကျုပ်တောင်ရှက်မိတယ် ။ ဒီလိုကိစ္စမျိုးဆိုတာ အချိန်တန် အိမ်ထောင်ကြတယ် ဒါမျိုးနဲပတ်သတ်တာဆို လက်ခံနားလည်လို့ရတယ် ။ ကိုယ်ယောကျာင်္းနဲ့ ကိုယ်နေထိုင်တယ် ။ အိမ်ထောင်ပြုလိုက်တာကို ။ ခုတော့ ချစ်သူဘ၀ဘဲရှိသေးတယ် ။ တူတူနေတယ် ။ ကဲခုခေတ်နေနေကြတာဘဲ လို့ပြောလို့ရတယ် ။ ဟုတ်ပြီနေတယ် ။ ဒီလိုနေဖို့ အတွက် မိန်းကလေးတစ်ယောက်က ယောကျာင်္းတစ်ယောက်ဆီကို လာစရာလား။ မလာချင်ဘူးထား တည်းခိုခန်းတွေ ဟိုတည်တွေ မှာတွေ့မယ်ဆိုတော့လည်း အဲဒီယောကျာင်္းတွေ ငွေကုန်မခံနိုင်ဘူးလေ။ တစ်လတစ်လ သူတို့ အရက်ဖိုးနဲ့သူတို့ အံကိုက်ြဖစ်နေကြတာကို မြင်နေသိနေရက်နဲ့များ အသိမှောင်မှောက်ပြီး မိုက်ဇာတ်ခင်းနေကြတယ် ။ ခုတော့ အခန်းလေးတစ်ခန်းကို ဟိုလူဝင်လိုက် ၊ နောက်လူဝင်ဖို့ကို လက်မှတ်တန်းစီသလိုစောင့်နေရတယ် ။ အခန်းထဲက ထွက်လာတဲ့ ခင်ဗျားလေးတို့ မရှက်ကြဘူးလား ။ ဒါဟာရှက်စရာရယ်လို့ကော မတွေးတတ်ကြတော့ဘူးလား ။ သိတာသိစေ မမြင်စေနဲ့ဆိုတဲ့ ရှေးစကားပုံတွေ စာအုပ်ထဲမှာ မှိုတတ်ကုန်ပြီလား မြန်မာအမျိုးသမီးတို့ရေ ။ခေတ်မှီတယ်ဆိုတာ ကောင်းပေမယ့် ခေတ်ပျက်သူတွေ မဖြစ်ကြစေဖို့ ဆင်ခြင်ကြပါ ။ ပုံပြင်လေးတပုဒ်ကို ပြောပြချင်သေးတယ် ။
ဟိုးရှေးရှေားတုန်းကပေါ့ ရွာလေးတစ်ရွာမှာ ပညာရှိကြီးတစ်ယောက်ရှိသတဲ့ ။ အဲဒီပညာရှိကြီးမှာ တပည့်လေးတစ်ယောက်လည်းရှိပြန်တယ် ။ တပည့်လေးက ဆရာဘယ်လောက် ဆုံးမသွန်သင်သင် ပြောမရအောင်ဖြစ်လာတယ်တဲ့ ။ ဒီမှာ ဆရာကြီးက သူ့တပည့်လေးကို ခေါ်ပြီးတောထဲကို ထွက်လာတယ်တဲ့လေ ။ တစ်နေရာကိုရောက်တော့သစ်ပင်သေးသေးလေး မြက်ပင်လေးကို ဆွဲနုတ်ခိုင်းသတဲ့ ။ ဒီတော့ တပည့်ဖြစ်သူက အလွယ်တကူဘဲ နုပစ်လိုက်သတဲ့ ။ နောက်တစ်နေရာကို ရောက်တော့ ခုနက ထက်နည်း2ပိုကြီးတဲ့ အပင်ကို နုတ်ခိုင်းပြန်သတဲ့လေ။ တပည့်ဖြစ်သူကလည်း ခုနကလောက် လွယ်၂ကူ၂ မနုတ်နိုင်ပေမယ့် နည်း၂လေး အားစိုက်နုတ်လိုက်တော့ နုတ်ရသွားပြန်တယ် ။ နောက်တစ်နေရာကို ထပ်ရောက်လာတော့ အပင်ခပ်ကြီးကြီးတစ်ခုကို ထပ်နုတ်ခိုင်းပြန်တယ် ။ တပည့်လုပ်သူက ဒီတခါမှာတော့ ဘယ်လောက်ဘဲ အားစိုက်စေကာမူ အပင်က နုတ်လို့မရခဲ့ဘူးသတဲ့လေ။ ဒီတော့မှ ဆရာကြီးက တပည့်လုပ်သူကို လက်တွေ့ဖြစ်ရပ်ကို အကျိုးကြောင်းပြ ဆုံးမခဲ့တယ် ။ ချစ်သားတပည့် ဒီအပင်တွေလိုဘဲ တပည့်မှာရှိနေတဲ့ မှားယွင်းမှုတွေကိုသစ်ပင်တွေလို အမြစ်တွယ် မကြီးထွားခင်မှာ  နုတ်ပစ်နိုင်အောင်ကြိုးစားပါ။ အမြစ်တွယ်မှဆိုရင် နုတ်ဖို့ အင်မတန်ကို ခက်ခဲပင်ပမ်းပါလိမ့်မယ်လို့ ဆုံးမတော်မူခဲ့သတဲ့လေ။
ပုံပြင်လေးကတော့ ဒါပါဘဲ ။ ဒီပုံပြင်လေးထဲကလို ကျုပ်တို့ မြန်မာမိန်းကလေးတွေ ရင်ထဲမှာ ရှိနေတဲ့ ပေါ့ပျက်သေးသိမ်တဲ့ အတွေးခေါ် အနေထိုင်တွေကို အမြစ်မတွယ်ခင်မှာ အပြီးတိုင်နုတ်ပစ်နိုင်အောင်ကြိုးစားစေလိုပါတယ် ။မြန်မာအမျိုးသားတွေအနေဖြစ်လည်း နှမချင်းစာနာစိတ်လေးတွေကို မွေးမြူပေးကြစေလိုပါတယ် ။ ရေမြေခြားမှာ ရောက်နေတဲ့ ကိုယ်လူမျိုးချင်းချင်း ကာကွယ်စောင့်ရှောက်သင့်ပါတယ် ။ မိမိတို့ အမှန်တစ်ကယ်မြတ်နိုးတယ်ဆို တန်ဖိုးထားပေးကြပါ ။ မြတ်နိုးစွာ အမှန်တကယ်လက်ထပ်ယူပါ ။ ချစ်သူဘ၀ တူတူနေတယ်ဆို ခုခေတ်မှာ အရမ်းခေတ်စားလာပေမယ့် အတုယူလိုက်လုပ်ရမယ့် အရာမဟုတ်ပါဘူး။ ဒါပေမယ့် ပြောလည်း နေနေကြတာဘဲဆိုပေမယ့် နှမချင်းစာနာစိတ်လေးတွေနဲ့ တန်ဖိုးထားပေးကြပါလို့ တောင်းပန်ချင်ပါတယ် ။ လူမိုက်တစ်ယောက်က ပြောတယ်တဲ့ မိန်းကလေးတွေကို တန်ဖိုးမထားတာ မဟုတ်ပါဘူးတဲ့ တန်ဖိုးမဲ့နေသူကိုတာ တန်ဖိုးမထားတာပါတဲ့လေ။ တန်ဖိုးရှိစွာနေထိုင်နေတဲ့ မိန်းကလေးတွေကို စော်ကားဖို့မပြောနဲ့ စေ့စေ့ကြည့်ဖို့တောင်မ၀ံ့ဘူးဆိုဘဲ ။ လူဆိုတာ ကိုယ်ကိုကိုယ် တန်ဖိုးထားမှ တပါးသူကလည်းတန်ဖိုးထားတတ်ကြပါတယ် ။ စာလေးတစ်ခုဖတ်ဖူးသေးတယ် ။ မိန်းကလေးတွေ မပျက်စီးသင့်ဘဲ ပျက်စီးခဲ့ရတဲ့ အကြောင်းချက်လေးတွေပါ ။ ပြန်လည် မျှဝေလိုက်ပါရစေနော်။ သဘောကျလို့ပါ ။
မိန်းမမြတ် ဘ၀ကိုမရဘဲ မိန်းမပျက်ဘ၀ကိုရောက်သွားတဲ့အကြောင်းရင် ( ၁၃ ) ချက် ********* မိန်းကလေးအများစုဟာ မပျက်စီးသင့်ဘဲ ပတ်ဝန်းကျင်နဲ့ မိမိခင်ပွန်းလင်ယောက်ျားများကြောင့်လည်း မိန်းမပျက်ဘ၀ကိုကျရောက်သွား တတ်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းများကတော့
၁*******ယောကျာ်းတစ်ယောက်နဲ့ပျော်ပါးပေါင်းဖော်နေရတယ်လို့အိပ်မက်အတန်တန်မတ်ခြင်း ။
 ၂******* ခင်ပွန်းလင်နဲ့ ကြာမြင့်စွာဝေးကွာကွေးကွင်းနေရခြင်း ။
 ၃******* လင်က အိုနေခြင်း ။
၎******* မိန်းမတန်မဲ့ အရက်သောက်တက်ခြင်း ။
၅******* လင်ကမယားငယ်နေခြင်း ။
၆******* လင်က အိုရွှတ်တွနေခြင်း ။
၇******* ပျက်နေတဲ့မိန်းမတွေနဲ့ရောနှောနေတက်ခြင်း ။
 ၈******* ကောင်းတဲ့အသက်မွေးဝမ်းကျောင်း မကြာခဏပျက်စီးခြင်း ။
 ၉******* အိုးအိမ်အတည်တကျမနေရခြင်း ။
၁၀****** ပွဲကြိုက်ခြင်း အပျော်ကြိုက်ခြင်း ။
၁၁******* ကိုယ့်ကိုထိန်းနေရခြင်း ။
 ၁၂******* ဖခင်ရဲ့အုပ်ထိန်းမူနဲ့ကြာမြင့်စွာနေရခြင်း ။
 ၁၃******* ယောက်ျားတွေကြားထဲ ရောက်နေရခြင်း တို့ဘဲဖြစ်ပါတယ်။
ဒီအချက်တွေ အကုန်လုံးကို မနှစ်သက်ပေမယ့် ဒီထဲက 9ချက်လောက်ကို အရမ်းသဘောကျမိလို့ပါ ။ ဒီစာလေးကို ဆိုဒ်တစ်ခုကနေဖတ်လိုက်ရတာပါ ။ ဒီအချက်တွေထဲက  ၁ ၊ ၂ ၊ ၄ အချက်တွေကတော့ အရမ်းကို မှန်ကန်လွန်းပါတယ် ။ ရှင်တို့ ချစ်သူတွေကိုယ်တိုင်က ကွယ်ရာမှာ တန်ဖိုးမဲ့စေတဲ့ အတင်းစကားတွေကို ဆိုနေတတ်ကြတယ်ဆိုတာကို လည်းသတိထားစေချင်ပါတယ် ။ ရှင်တို့တွေ တွေးကြည့်ပါ ။ သူတို့ လိုချင်တာကို ရဖို့အချိန်လေးခဏလေးဘဲရင်းလိုက်တာပါ ။ နောက်ပိုင်းရှင်တို့ဆီက အချိန်တွေကိုဘဲ ဖဲ့ယူသွားကြတာ ။ သူတို့အပေါင်းသင်းဆိုတာတွေကလည်း ရှင်တို့ရှေ့မှာသာ ဟန်ဆောင်အပြုံးနဲ့ ဖော်ရွေပြနေကြပေမယ့် ရှင်တို့တွေကို ကွယ်ရာမှာ အထင်သေး ဟားတိုက်နေတယ်ဆိုတာကို သိစေချင်မိပါတယ် ။ စကားလေးတစ်ခုရှိတယ် ။ မှတ်ထားစေချင်တယ်
  • မိန်းကလေးတစ်ယောက် အတင်းပြောလို့ ဘ၀ပျက်မသွားနိုင်ဘူးတဲ့
  • ယောကျာင်္းတစ်ယောက် က မိန်းကလေးတစ်ယောက်ကို ကွယ်ရာမှာ အတင်း
  • ပြောလိုက်ရင် အပြောခံရတဲ့ မိန်းကလေးဘ၀ပျက်သွားစေနိုင်တဲ့အထိကို ထိရောက်စေပါတယ်
သတိလက်လွတ်မဖြစ်ရလေအောင် အသိတရားလေးကို အမြဲနှလုံးသွင်းမိပါစေ မြန်မာအမျိုးသမီးတို့ရေ ။ မြန်မာဆိုတာ ကမ္ဘာအလယ်မှာ အရှက်သိက္ခာတရားတွေနဲ့ ပသတ်သတ်လာရင် စံပြုထားရတဲ့ အနေထားပါ ။ ခုတော့ ဒါတွေ အတိတ်ကာလတွေဆီမှာ ကျန်နေခဲ့ပြီလား ။ မဖြစ်သင့်ပါဘူး ။ မကျန်ခဲ့ပါစေနဲ့ ။ လှပတဲ့ အနာဂတ်တွေအထိ မြန်မာမိန်းကလေးတွေရဲ့ အရှက်သိက္ခာတရားတွေကို တန်ဖိုးရှိစွာ ဆက်လက်ထိန်းသိမ်းပေးကြပါ ။ ခေတ်မှီခြင်းနဲ့ ခေတ်ပျက်ခြင်းကို ခွာခြားစွားနားလည်ပေးကြပါ ။ တန်ဖိုးဆိုတဲ့ စကားလေးကို သေချာ နားလည်စွာ သဘောပေါက်အောင် တွေးတောကာ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ်ကမ္ဘာအလယ်မှာ ခေါင်းမော့ ရင်ကော့နေနိုင်ကြပါစေလို့ မှန်ကန်စစ်မှန်သော စေတနာကို အရင်းခံကာ ဆုတောင်းပေးလိုက်ပါရစေ ။
ခိုင်လေး (ရွှေတောင်)
Wednesday, December 12, 2012
ရွှေမြန်မာဥယျာဉ် မိသားစုနှင့် မနောရွှေစင် ပရဟိတတို့မှ မီးလောင်ဗုံးသင့် သံဃာတော်တို့အတွက် အလှူငွေ ပေးအပ်ပြီးစီးခြင်း
ရွှေမြန်မာဥယျာဉ် မိသားစုနှင့် မနောရွှေစင် ပရဟိတတို့မှ မီးလောင်ဗုံးသင့် သံဃာတော်တို့အတွက် အလှူငွေ ပေးအပ်ပြီးစီးခြင်း
 ရွှေမြန်မာဥယျာဉ် မိသားစုနှင့် မနောရွှေစင် ပရဟိတတို့မှ မီးလောင်ဗုံးသင့် သံဃာတော်တို့အတွက် အလှူငွေ ပေးအပ်ပြီးစီးခြင်း
           ဒီကနေ့ ၂၀၁၂ ခုနှစ် ၊ ၁၂ လ ၊ ၁၂ ရက်နေ့ ဖြစ်တဲ့အတွက် ထူးခြားတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါတယ်။ ထို့အတူ ရွှေမြန်မာဥယျာဉ် မိသားသားစုမှလည်း ထူးခြားတဲ့ နေ့ကလေးနဲ့ အညီ လက်ပံတောင်းတောင်  မီးလောင်ဗုံးသင့် သံဃာတော်အရှင်သူမြတ်များအတွက် အလှူဒါန ပြုခဲ့ကြပါတယ်။
           ဒီအလှူပွဲမှာ ရွှေမြန်မာဥယျာဉ် မိသားစုက လှူဒါန်းငွေ စုစုပေါင်း ၃၀၀၀၀၀ိ/- (ကျပ်သုံးသိန်းတိတိ) နှင့် ရွှေမြန်မာဥယျာဉ် မနောရွှေစင် ပရဟိတအသင်းမှ လှူဒါန်းငွေ စုစုပေါင်း ၂၅၀၀၀၀ိ/- (ကျပ်နှစ်သိန်းငါးသောင်းတိတိ) ကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှတဆင့် သွားရောက် လှူဒါန်းခဲ့ကြပါတယ်။
လှူဒါန်းမှု အစုစုအတွက် သာဓုခေါ်နိုင်ရန် အလှူရှင်များစာရင်းနှင့် မှတ်တမ်းဓါတ်ပုံများကို တင်ပြပေးလိုက်ပါတယ်။
အာကာမိုးနိုင်+မသဇင်မာ                         RM 100
ညီလင်းနိုင်                                         RM   50
ဆန်းထက်အောင် နှင့် ကိုဟန်ထွန်း             RM 150
ဒီဇင်ဘာဘွိုင်းလေး နှင့်ဇနီး                      RM 50
ကျော်ဇင်                                          RM  100
-------------------------------------      ၁၂၀၀၀၀ ကျပ်
ခိုင်မာ (khaingmar)                        ၆၀၀၀၀ ကျပ်
တောသူမလေး                               ၂၀၀၀၀ ကျပ်
ကိုဝင်းထွဋ်ဦး+မခိုင်ဇာအောင်              ၂၀၀၀၀ ကျပ်
ကျော်ဇင်ဦး+မနှင်းအေးလွင်                ၁၀၀၀၀ ကျပ်
မိုးတိမ်       + ဇော်ချစ်သူ                  ၁၀၀၀၀ ကျပ်
ဥယျာဉ်မှူးလေး                              ၁၀၀၀၀ ကျပ်
မနှင်းအေးလွင်နှင့် သူငယ်ချင်းများ         ၁၀၀၀၀ ကျပ်
ချောချော                                      ၁၀၀၀၀ ကျပ်
ကြာဖြူနွယ်(ဆုံဆည်းရာ)                    ၁၀၀၀၀ ကျပ်
GOODBYE                                   ၁၀၀၀၀ ကျပ်
မြူနှင်းမှုန်                                    ၁၀၀၀၀ ကျပ်
အလှူငွေ ပေးအပ်နေစဉ်
နာရေးကူညီမှုအသင်းမှ လိုက်လံရှင်းပြသနေစဉ်
ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံ ရယူစဉ်
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် စကားစမြည်
အလှူငွေ ပေးအပ်ပွဲ တက်ရောက်ခဲ့ကြသူများ
ချောချော ၊ မြူနှင်းမှုန် ၊ မိုးတိမ် ၊ အရှင်ခေမာစာရ ၊ ဥယျာဉ်မှူးလေး ၊ ကျော်ဇင်ဦး ၊ goodbye ၊ ရဲဇော်ကို
ဥယျာဉ်မှူးလေး
Monday, December 10, 2012
ပုံတူကူးသူတွေ မဖြစ်ပါစေနဲ့
 ဒီနေ့ထွက်တဲ့ ( 5.1.2013 ) Women's World Journal ပါဆောင်းပါးလေးပါရှင် ။
ပုံတူကူးသူတွေ မဖြစ်ပါစေနဲ့
Like · · Promote ·
ရွာချင်တဲ့အချိန်ရွာချတတ်တဲ့ မလေးရှားနိုင်ငံရဲ့ မိုးရေစက်တွေကို ငေးမောရင်း ရင်ထဲကို ပထမဆုံးဝင်ရောက်လာတာကတော့ လွမ်းမောတမ်းတခြင်းပါ ။
လွမ်းမောခြင်းဆိုတဲ့ ဆွေးမြေ့တဲ့ ခံစားချက်ထဲကို ထဲထဲဝင်ဝင် မရောက်သွားမှီ အသိဆိုတဲ့ သတိပေးခေါင်းလောင်းလေးက အချက်ပေးလာတယ် ။
ဆက်လွမ်းနေရင် နင်ငိုရတော့မယ် ။ ရပ်လိုက်တော့ ။ အဓိပာယ်ရှိတဲ့ အတွေးလေးတွေကို ပြန်ခေါ်စမ်းဆိုတဲ့ သတိပေးမှုကြောင့် တွေးတောမှု ခေါင်းစဉ်လေး
ပြောင်းလဲ သွားရပါတော့တယ် ။ ကျွန်မဖတ်ဖူးတဲ့စာလေးလိုပေါ့ ။ ဘ၀ဆိုတာခဏပါ ။ဒီလိုဘဲ ဝေဒနာဆိုတာလည်း ခဏပါဘဲ ။ခံစားမှုအားလုံးဟာ ဖြစ်ပေါ်လာပြီးရင်
ပျောက်ကွယ်ပြီးဆုံးသွားကြမှာချည်းသာ။ ကျွန်မတို့ မိဝေးဖဝေး ကိုရောက်တယ် ။ အိမ်ကို လွမ်းတိုင်း ငိုနေလို့ ပြန်လို့ရတာလည်းမဟုတ်ပါဘူး ။ လွမ်းတိုင်းငိုမယ့် အစား
အကြိုးရှိစေမယ့် အရာလေးတွေကို လုပ်နေခြင်းဟာ ပိုလို့ အကျိုးသက်ရောက်စေပါတယ် ။
ရင်ဆိုင်နေရတဲ့ အခက်ခဲ စိတ်ဖိစီးမှုတွေကို အရှုံးမပေးဘဲ အံတုရင်ဆိုင်ဖို့ အတွက် မိမိတို့ စိတ်အာရုံတွေကို စိတ်ချမ်းသာအောင် ပျော်ရွင်လာအောင် မိမိတို့ ကိုယ်တိုင်
ဖန်တီးပုံဖော်တတ်ဖို့ လိုအပ်ပါတယ် ။ စိတ်ဖိစီးမှုတွေ အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခါတိုင်း မိမိတို့ အနှစ်သက်ဆုံးလုပ်ဆောင်ချက်လေးတွေနဲ့ မိမိစိတ်ကို
ပျော်ရွင်အောင် ဖန်တီးရပါ့မယ် ။ သီချင်းကြိုက်တဲ့ သူက သီးချင်းအကျယ်ကြီး ဖွင့် လိုက်အော်ဆိုလိုက် ။ စာဖတ်တာ ၀ါသနာပါတဲ့သူက စာကောင်းလေးတွေ ရွေးဖတ်နေမယ်
ဆိုရင် စိတ်ကိုလည်း လန်းဆန်းစေမယ် ။ အသိပညာဗဟုသုတတွေကိုလည်းရရှိစေပါတယ် ။ မိမိတို့ နှစ်သက်ရာလေးတွေက စိတ်ကို ပြန်လည် လန်းဆန်းသွားစေပြီဆိုရင်
တော့ ပုံမှန်လည်ပတ်နေကြအလုပ်တွေကို စိတ်လက်ပေါ့ပါးစွာနဲ့ အောင်မြင်စွာ စွမ်းဆောင်သွားနိုင်မှာဖြစ်ပါတယ် ။
ဘယ်အရာမဆို လိုချင်တာရှိရင် ပေးဆပ်ရငှ်းနီးမှုဆိုတာလည်း ရှိရစမြဲပါ ။ လူ့ဘ၀မှာ အောင်မြင်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူးကွာဆိုတဲ့ အားလျော့တဲ့ ပျော့ညံ့တဲ့
အတွေးခေါ်တွေကို ဘယ်တော့မှ မထည့်ထားပါနဲ့ ။ ဖြစ်ချင်တဲ့ အရာတိုင်းကို  ဒီအလုပ်ကို ငါဖြစ်အောင်ကို လုပ်နိုင်တယ်ဆိုတဲ့ ခိုင်မာရင့်ကျက်တဲ့  ဆုံးဖြတ်ချက်နဲ့ မဖြစ်
ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးကို မွေးမြူပါ ။ မိမိ ကိုယ်ကိုကိုယ် စိတ်ဝင်စားပါ ။ ကျွန်မတို့ဆီမှာ သိထားတာတွေ တတ်ထားတာတွေ အများကြီးရှိနေပါတယ် ။ အသုံးမချလို့
အရာမထင်တာတွေ ဖြစ်နေတတ်ပါတယ် ။ ကျွန်မတို့ဆီမှာ ရှိနေတဲ့ အရည်သွေးတွေကို အရာထင်လာအောင် အသုံးချတတ်ရမယ် ။ သေချာလုပ်မှ သေချာသိလာမယ် ။
အကျိုးရှိတာကို ကိုယ်တိုင်သိမြင်လာတဲ့ အခါမှာ အလုပ်ထဲမှာ လေးနက်စွာ စိတ်ဝင်စားလာပါတယ် ။ စိတ်ဝင်စားမှုက အောင်မြင်ခြင်းတွေကို သယ်ဆောင်ပေးပါတယ် ။ အောင်မြင်မှု
က ပျော်ရွင်စိတ်ချမ်းသာခြင်းတွေဆီကို  ထပ်ဆင့်ခေါ်ဆောင်သွားကြပါတယ် ။
ပျော်ရွင်စရာတွေနဲ့ ပြည့်စုံလာတဲ့ သူဟာ ရည်မှန်းချက်တွေ အထမြောက်စေပါတယ် ။ ရည်မှန်းချက်တွေ ပုံပေါ်လာလို့ ရှေ့ဆက်လို့ အသစ်သစ်သော ရည်ရွယ်ချက်တွေကိုလည်း တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်လာပါတယ် ။ နောက်တစ်ခု သတိထားသင့်တာက တချို့တချိုကသော သူတွေက သူများပြောတာကို သိပ်ကို နားယောင်လွယ်တတ်ကြပါတယ် ။ လူတစ်ယောက် သူအလုပ်က ဘယ်လောက်အောင်မြင်ကြောင်း အဆင်ပြေကြောင်းတွေ ပြောပြလို့ ဖြစ်ဖြစ် ၊ မြင်တွေ့နေရလို့ဘဲ ဖြစ်ဖြစ် အားကျအတုယူကာ လိုက်လုပ်တတ်ပါတယ် ။ ဒီနေရာမှာ ကျွန်မတို့တွေးသင့်တာက လူတစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာတွေ မတူညီကြဘူးဆိုတာရယ် ၊ အကျိုးပေးခြင်းနဲ့ ကွာခြားတတ်ဆိုတဲ့ အချက်ကို မမေ့ထားသင့်ပါဘူး ။ အရေးကြီးဆုံးက မိမိကိုယ်တိုင် ၀ါသနာပါရဲ့လား ၊ ဒီအလုပ် နဲ့ ပတ်တသ်ပြီး ဘာတွေ တတ်ထားလည်း
ဆိုတာကို မိမိကိုယ်ကို စမ်းစစ်တတ်ဖို့ပါဘဲ ။ အဓိက ကတော့ ကိုယ်ကိုကိုယ် သေချာ စမ်းစစ်တတ်ဖို့ပါ ။
။ 
လိုချင်တာကို ရတာကတော့ အောင်မြင်မှုပေါ့ ။
ရတာကိုတော့ ကျေနပ်တတ်မှ ပျော်ရွင်မှုကို ရတယ် ။
                                                  ချစ်နိုင် ( စိတ်ပညာ)
ဘယ်သူကိုမှ ပုံတူကူးမချမိပါစေနဲ့ ။ မိမိဟာ မိမိပါဘဲ ။ ကိုယ်လမ်းကို ကိုယ်ရည်မှန်းချက် မှန်ကုန်စွာနဲ့ လျှောက်လှမ်းတတ်ဖို့ နဲ့ မိမိတို့ ရည်ရွယ်ချက်တွေကို ယုံကြည်စွာနဲ့ ရောက်အောင်လုပ်ဆောင်တတ်ရပါ့မယ် ။ ဘ၀ခရီးတွေကို လျှောက်လှမ်းရင်း လဲကျခဲ့ရင်တောင် ချက်ချင်း ပြန်လည်ထူမတ်နိုင်အောင် ကြိုးစားရပါ့မယ် ။ ကြုံဆုံလာရတဲ့ ပြသနာတွေကိုလည်း မိမိကို စာမေးပွဲ စစ်နေတယ်လို့ သဘောထားကာ အောင်မြင်အောင် အတတ်နိုင်ဆုံးဖြေဆိုသင့်ပါတယ် ။ စိတ်ခေါ်မှု အမျိုးမျိုးကို အံ့တုရင်ဆိုင်သူတွေဟာ နောက်ဆုံးမှာ အောင်မြင်မှုတွေကို လက်ဝယ်ပိုင်ပိုင် ရရှိပိုင်ဆိုင်ကြရစမြဲပါ ။
ဘယ်နေရာ ဘယ်အလုပ်မှာဘဲဖြစ်ဖြစ် စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ မိမိကိုယ်ကို လပ်ပြာသန့်အောင်နေထိုင်တတ်ဖို့က အထူးအရေးကြီးပါတယ် ။ လိပ်ပြာသန့်ဖို့ဆိုရင်တော့ ရိုးသားဖြောင့်မှန်ခြင်းရှိဖို့ အထူးလိုအပ်ပါတယ် ။ သူတစ်ပါးကို စိတ်ဝင်စားလွန်ကဲခြင်းက  မလိုမုန်းတီးခြင်းစိတ်တွေကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါသေးတယ် ။ ဒီတော့ မိမိကိုယ်ကိုကိုယ်ဘဲ စိတ်ဝင်းစားပါ ။ ဒီနေ့ ငါနဲ့ မနက်ဖြန် ငါ မတူစေရဘူးဆိုတဲ့ စိတ်မျိုးကို မွေးမြူတတ်ရပါ့မယ် ။ ဒီနေ့ ငါထက် မနက်ဖြန်ငါဟာ ပိုတော်ရမယ် ။ ပိုတတ်ရပါ့မယ် ။
 အတွေးတွေ ဖြန့်ကျက်နေလိုက်တာ မိုးတောင် တိတ်သွားပြီ ။ စောစောပိုင်းက အိမ်ကိုလွမ်းတတ်တဲ့ စိတ်ကို စိတ်ထဲဆက်ထည့်ထားမိမယ်ဆို ကျွန်မမိုးတိတ်တဲ့ခုချိန်ထိငိုနေမိမှာ အသေချာပါပဲ ။ ငိုမိတော့မယ့် စိတ်ကို အကျိုးရှိစေမယ့် အတွေးတွေဘက်ကို ကူးပြောင်းလိုက်ချိန်မှာတော့ ခုလို စေတနာဆောင်းပါးလေး တစ်ခု အသက်ဝင်လာပါတော့တယ် ။ လူသားတိုင်း ၊ မိဝေး ဖဝေးရောက်နေသူ ညီမငယ် မိန်းကလေးတွေကို လူ့ဘ၀မှာနေရတဲ့ အချိန်လေးမှာ တန်ဖိုးရှိရှိ လူပီတစွာ နေတတ်စေလိုသော  * ဧတေန သစ္စ၀ဇေန  -  မှန်ကန်သော ကျွန်မရင်ထဲက သစ္စာစေတနာကြောင့် နေရတဲ့ လူဘ၀လေးမှာ လူပီတစွာ တန်ဖိုးရှိရှိ နေထိုင်သွားနိုင်ကြပါစေရှင်။
ခိုင်လေး ( ရွှေတောင် )
ဆောင်းပါးလေး ဖြစ်တည်စေဖို့ အစပြုစေခဲ့တဲ့ ဆရာ ချစ်နိုင် ( စိတ်ပညာ ) စာအုပ်လေး နဲ့ တကွ ရေးသားသူ ဆရာ ချစ်နိုင် ( စိတ်ပညာ ) ကိုပါ အထူးကျေးဇူးတင်ရှိပါတယ် ။
Wednesday, December 5, 2012
အနာဂတ်ဘ၀ လှလှလေးတွေကို အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်ကြသော မြန်မာအမျိုးသားကောင်းတွေ ဖြစ်ကြပါစေ
အနာဂတ်ဘ၀ လှလှလေးတွေကို အကောင်းဆုံး
ပုံဖော်ဖန်တီးနိုင်ကြသော မြန်မာအမျိုးသားကောင်းတွေ ဖြစ်ကြပါစေ
ရွှေမြန်မာ ဥယျာဉ်မိသားစုဝင် မန်ဘာဝင်အားလုံး မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေလို့ ဦးစွာပထမ နူတ်ခွန်းဆက်ပါရစေပါရှင် ။
ဒုတိယအကြိမ်မြောက် ရွှေမြန်မာဥယျာဉ် စာပေဟောပြောပွဲလေးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အတွက်လည်း အရမ်းကို ပီတိဖြစ်ရပါတယ် ။
တကယ့်ကို စာရေးကောင်းတဲ့ အကိုတွေ အမတွေနဲ့ အတူတူ ပြောခွင့်ရတဲ့အတွက်လည်း ၀မ်းသာ ကြည်နူး အားတက်မိပါတယ် ။
ဒီနေ့ စာပေဟောပြောပွဲမှာ ခိုင်လေးပြောဖို့ အကြောင်းအရာလေးကို  တော်တော်ကိုရွေးချယ်ခဲ့ရပါတယ် ။
ခုတလော မလေးရှားရောက်နေတဲ့ ယောကျာင်္းလေးတွေရဲ့ လူနေဘ၀ ခံယူချက်တွေကို ခိုင်လေး စိတ်ဝင်တစားလေ့လာမိနေပါတယ် ။
ပထမဆုံး  ခိုင်လေး လေ့လာ သုံးသပ်မိတာလေးကို ဆွေးနွေးပြောပြချင်ပါတယ် ။
ခိုင်လေးခုနေတဲ့ အိမ်မှာ မြန်မာယောကျာင်္းလေး 4ယောက်တိတိရှိတယ်။
နေ့တိုင်းနီးပါး သူတို့ အရက်သောက်ကြတယ်ရှင့် ။
 သူတို့ အရက်သောက်ဖို့ ခေါင်းစဉ်တပ်ကြပုံလေးတွေက တော်တော်လေး ရယ်စရာကောင်းလှပါတယ် ။
ဘယ်သူ့မွေးနေ့ရှိလို့ ၊ ဘယ်က သူငယ်ချင်းလာလည်လို့ ၊ ဘယ်တော့မှ မထပ်စေမယ့် ခေါင်းစဉ်လေးတွေနဲ့ နေ့တိုင်းလိုကို အရက်ဝိုင်းက မပြတ်ပါဘူး ။
မြန်မာပြည်မှာ နေစဉ်ကာလတွေမှာ မွေးနေ့ဆိုတာကို သတိတောင်မရကြတဲ့ ဒီကလေးတွေ မလေးရှားရောက်မှ
ကျင်းပလိုက်ရတဲ့ မွေးနေ့ပွဲတွေဆိုတာ မဆဲနိုင်အောင်ပါပဲ ။
ခိုင်လေးတွေးမိတယ်ရှင့်။
လွတ်လပ်ခြင်းဆိုတဲ့ အရသာကို ဖောဖောသီသီရရှိခံစားလိုက်ရခြင်းက ၊ ခုလိုတွေ ကိစ္စတွေ  ဖြစ်တည်ဖို့အတွက်
အခြေခံစေခဲ့မယ်လို့ ထင်ပါတယ် ။
သောက်ကြမယ်ကွာဆိုတာနဲ့ ၊ မသောက်ပါနဲ့ ဆိုတဲ့ တားမြစ်သံဆိုတာ မရှိသလောက်ရှားတဲ့ ပတ်ဝန်းကျင်မှာ ၊
လွတ်လပ်ခြင်းဆိုတဲ့ ဝေါဟာရကို အကြောင်းပြုလို့ အရက်သမားလေးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတဲ့ အရက်ကြိုက်သူတွေ  ၊
ခိုင်လေးတို့ တစ်အိမ်ထဲတင်လားလို့ လေ့လာကြည့်တော့ ဘယ်ဟုတ်မလဲရှင် ။
မလေးရှားရောက် ယောကျာင်္းလေး 70 ရာခိုင်နူန်းလောက်ကို သောက်နေကြတာပါ ။
မြန်မာတွေ ပိုက်ဆံလေးနည်းနည်း ဆုမိလာရင် ဘာဆိုင်ဖွင့်သလဲဆို အရက်ဆိုင်ပါဘဲ ။
တစ်နေ့ကုန်တစ်နေခန်း အလုပ်လုပ်ရတာမို့ ပင်ပမ်းတယ်ဆိုတဲ့ အကြောင်းပြချက် ၊
အိမ်ကိုလွမ်းလို့ပါဆိုတဲ့ အကြောင်းချက်တွေကို ခေါင်းစဉ်တပ်ကြပါတယ်။
တကယ်တမ်းကျတော့ မရေရာတဲ့ ဆင်ခြေတွေလို့ ခိုင်လေးကတော့ မြင်မိတယ်။
သောက်လိုက် ၊ သုံးလိုက် လကုန်လို့ လခထုတ်ပြီဆိုတာနဲ့ အရက်ကြွေးသမားကိုဆပ်ရတာနဲ့ လခလေးက လက်ထဲ ပြောင်သလင်းခါ ။
အိမ်ပို့ဖို့အချိန်ကျတော့ အတိုးနဲ့ချေး ။
ဒီလိုသံသရာကြောမှာ တစ်ဝဲ၀ဲလည်နေတဲ့ သူတို့တွေ ဘယ်လောက်ဘဲ နှစ်တွေကြာအောင်နေပါစေ ထူးခြားတဲ့ တိုးတက်ပြောင်းလဲခြင်းဆိုတာတွေ
နဲ့ ဝေးလို့သာနေပါတော့တယ် ။
လှပတဲ့ အနာဂတ်ဆိုတာကို ရည်ရွယ်ချက် ၊ ရည်မှန်းချက်တွေနဲ့ တည်ဆောက်ထားတယ်လို့ ခိုင်လေးကတော့ မှတ်ယူမိတယ် ။
အောင်မြင်တဲ့ လူတစ်ယောက်က သူရဲ့ ရေရှည်ရည်မှန်းချက် ပန်းတိုင်အတွက် တစိုက်မတ်မတ် ကြိုးစားသင့်တယ် ။
ငါတို့မလေးရှားကို ဘာလာလုပ်တာလည်း ။ တစ်သက်လုံး ဒီလိုဘ၀မျိုးနဲ့နေကြမလား ။
ဘယ်သူမှ မနေချင်ပါဘူး ။ မိမိတို့လုပ်နေတဲ့ အလုပ်တွေကနေ လခဆိုတဲ့ ငွေကြေးအပြင် အတတ်ပညာတွေကိုလည်း ကြိုးစားလေ့လာသင့်ပါတယ် ။
နမူနာပေါ့ရှင် .....
ကားဆေးမှုတ်စက်ရုံမှာ လုပ်တဲ့ လူတစ်ယောက် ဒါလုပ်ဆို လုပ်မယ် ၊
အချိန်တန်လခယူမယ်ဆို သာမန်စိတ်နဲ့ သာမာန်ဘ၀မှာဘဲ ထာဝရရပ်နေချင်သူလို့ ပြောနိုင်တယ် ။
အားနဲ့မာန်နဲ့ စွမ်းအားပြည့် လုပ်တတ် လေ့လာတတ်သူကျတော့ ကားဆေးမှုတ်တယ် ။
အချိန်ရရင်ရသလို ဆေးစပ်တာတွေ လေ့လာမယ် ။ ဘော်ဒီ ထုတာတွေ လေ့လာ သင်ယူမယ် ။
အချိန်တန် ကိုယ့်တိုင်းပြည် ကိုယ်ပြန်တဲ့အခါ စုဆောင်းမိတဲ့ ငွေကြေးနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို မထူထောင်နိုင်ပေဘူးလား ။
ခုတော့ အလုပ်ကပြန်တာနဲ့ ရေချိုးမယ် ၊ အရက်သောက်မယ် ။ ဟော ညဘက်သောက်တာများတော့ မနက်ကို အလုပ်ကပျက်ပါလေရော ။
ဒီမှာတင်လခတွေက အဖျက်ခံရ ။ အရက် ဘီယာဆိုတာ အလကားရနေတာတွေလည်း မဟုတ်ပါဘူး ။
ဈေးကလည်းကြီးပါပေတယ် ။ အရက်သောက်မှ လူရာဝင်တယ်လို့ ထင်နေကြတဲ့သူတွေလည်း တစ်ပုံတပင်ရှိနေပါသေးတယ် ။
သေချာမတွေးမိကြလို့ပါရှင် ။ ရေရှည်မှာ တူတူသောက်နေတဲ့ သူငယ်ချင်းတောင် လိုတာထက် ပိုလာရင် အချင်းချင်းကို ကွယ်ရာမှာ အတင်းပြောလာပါတယ် ။
ဘယ်သူမှ ငမူးကို အထင်မကြီးတတ်ကြပါဘူး ။
မြန်မာပြည်မှာတုန်းက.... မိဘအရိပ်အောက်မှာနေခဲ့ချိန်က ခုလောက်ထိ ဘယ်သူမှ နေချင်သလို နေခွင့်ရကြမှာမဟုတ်ဘူး ။
မိဘနဲ့ဝေး ၊ အုပ်ထိန်းသူ ၊ သက်ဆိုင်သူတွေနဲ့ ဝေးတဲ့နေရာဒေသတွေမှာ ရောက်နေကြသူတော်တော်များများဟာ
ကိုယ့်ကိုယ်ကို ထိန်းနိုင်တဲ့ အသက်ရွယ်တွေကို ရောက်နေကြတဲ့ သူတွေလို့ ခိုင်လေးယူဆမိပါတယ် ။
အသိဆိုတာကို သတိလေးကပ်ပြီး ကိုယ့်ကိုယ်ကို ဆင်ဆင်ခြင်ခြင် ဘာလို့မနေနိုင်ကြရတာလဲ ။
အဖြေက ရှင်းပါတယ် ။ စိတ်ရဲ့စေညွှန်ရာကို လူက အထိန်းအကွပ်မရှိ လိုက်နေလို့ပါပဲ ။
လူက စိတ်ကိုထိန်းရမယ်လို့ ခိုင်လေးကတော့ တွေးမြင်ယူဆမိပါတယ် ။
စိတ်ကစေရာအတိုင်း လူက တောက်လျှောက်လိုက်လုပ်နေသူတွေဟာ နိဂုံးမလှတဲ့ဘ၀တွေကို ပိုင်ဆိုင်ရဖို့ ရာခိုင်နှုန်းသိပ်များလွန်းပါတယ် ။
လူ့ဘ၀ဆိုတာကို တန်ဖိုးရှိစွာ ပိုင်ဆိုင်ထားပြီးရင် လူပီသအောင် နေတတ်ဖို့လိုပါတယ် ။
လူဖြစ်တိုင်း လူပီသတယ်လို့ မှတ်ယူလို့မရပါဘူး ။
လူပီသသူအဖြစ် တန်ဖိုးရှိလူသားတစ်ဦးအဖြစ် မိမိတို့ပတ်ဝန်းကျင် အသိုင်းဝိုင်းကသတ်မှတ်မှသာ လူပီသသူတစ်ဦးဖြစ်ပါလိမ့်မယ် ။
ဘ၀ဆိုတာ ကိုယ်ဖန်တီးသလို ဖြစ်ချင်မှ ဖြစ်တတ်ပေမယ့် အဆိုးဆုံးမဖြစ်သွားအောင်တော့ မိမိကိုယ်ကို မိမိသာ ထိန်းသိမ်းရပါလိမ့်မယ်  ။
ဘ၀ဆိုတာကို မကျေမနပ်ဖြစ်တိုင်း ပရမ်းပတာ မပေါက်ကွဲသင့်သလို ၊ ဘ၀ကို အရမ်းကာရော တက်ကြွလွန်ပြီး မိုးကိုဒူးနဲ့လည်း မတိုက်သင့်ပါဘူး။
မိမိတို့ ဘာအတွက်လာတယ် ၊ ဘယ်လို ရည်ရွယ်ချက် ဦးတည်ချက်တွေနဲ့ သူများနိုင်ငံကို ရောက်လာတယ်ဆိုတာကို မမေ့ထားသင့်ပါဘူး  ။
အပျော်ပျော်ဆိုတာကနေ အပျက်ပျက်ဆိုတဲ့ ဘ၀တွေဆီကို ဦးတည်မသွားကြဖို့ သိပ်ကိုအရေးကြီးပါတယ် ။
ကိုယ့်ကိုကိုယ် သတ်မှတ်ချက် စည်းကမ်းလေးတွေနဲ့ သိက္ခာရှိရှိ တန်ဖိုးရှိရှိ ရပ်တည်နေထိုင်တတ်ဖို့ သိပ်ကို အရေးတကြီး လိုအပ်ပါပေတယ် ။
ကိုယ့်ကိုကိုယ်တောင် ဦးမဆောင်နိုင်သူတစ်ယောက်က မိမိတို့ မိသားစု ဘ၀တွေကို ဘယ်လိုဦးဆောင်မလဲ ။
မိမိတို့ ရရှိလာမယ့် လက်ရှိ ရှိနေဆဲဖြစ်မယ့် ရင်သွေးငယ်တွေရဲ့ အနာဂတ်တွေကို ဘယ်လိုပုံဖော်ဖန်တီး ကြမလဲဆိုတာတွေ အထိ
လေးလေးနက်နက် တွေးတော ဆင်ခြင်သင့်ပါတယ် ။
မိဝေးဖဝေး  မိသားစုတွေနဲ့ ရေမြေတွေခြားပြီး အလုပ်လာလုပ်ကြတာ အရက်သောက်ဖို့ သက်သက်လာကြတာလား ။
အရက်ဖိုးလာရှာကြတာလား ဆိုတဲ့အချက်လေးတွေကို သုံးသပ်ဆင်ခြင်စေချင်ပါတယ် ။
နောက်ဆုံး အရက်ရောင်းတဲ့သူတွေသာ ချမ်းသာသွားမယ် မိမိတို့ဘ၀တွေကတော့ ဒုံရင်းကဒုံရင်းအဖြစ်နဲ့ ဘ၀နိဂုံးချုပ်ချင်နေကြပါသလား ။
 ဖြစ်ချင်တာဖြစ်ပါစေကွာဆိုတဲ့ သေးသိမ်ညံ့ဖျင်းတဲ့ အတွေးတွေရှိနေမယ်ဆို ဟိုးအဝေးကို မြန်မြန်လေးသာ မောင်းထုတ်လိုက်ကြပါ ။
ဘ၀ဆိုတဲ့ လမ်းခရီးကို လျှောက်လှမ်းတဲ့နေရာမှာ လဲကျသွားခဲ့ရင်တောင် ပြန်လည်ထူမတ်နိုင်အောင် မိမိကိုယ်ကို အားယူထရမှာဖြစ်ပါတယ် ။
ထူမတ်နေပြီးသားဘ၀တွေကို အလဲလဲ အပြိုပြို ဖြစ်အောင် မိမိကိုယ်တိုင် ဖျက်ဆီးသူမဖြစ်စေဖို့ အထူးလိုအပ်ပါတယ်။
ဘ၀တစ်သက်တာ စိတ်ချမ်းသာပျော်ရွှင်ချင်ရင် မိမိလိပ်ပြာ မိမိသန့်ဖို့ လိုအပ်ပါတယ် ။
မိမိလိပ်ပြာ မိမိသန့်ဖို့ဆိုတာ ကိုယ်တိုင်ဖန်တီး ပုံဖော်တဲ့ ဘ၀တွေ တန်ဖိုးရှိစွာ ဖြစ်တည်နေဖို့ အထူးလိုအပ်ပါတယ် ။
မိမိကိုယ်ကို လေးစားနိုင်မှု တည်ဆောက်နိုင်ရပါ့မယ် ။
ကိုယ်လုပ်နေသော လုပ်ရပ်သည် မှန်သလား မှားသလားဆိုတဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အသိလေးတစ်ခုကို မမေ့မလျော့ သတိထားဆင်ခြင်သင့်ပါပေတယ် ။
အခက်ခဲ အတားဆီးတွေကို အရက်သောက်ခြင်းဆိုတဲ့ ထွက်ပေါက်မျိုးမပေးဘဲ ခိုင်မာသော စိတ်ဓာတ်နဲ့ ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လေ့ကျင့်ရမယ် ။
အနာဂတ်မဲ့သော.......  ဖြစ်ချင်တာတွေ ဖြစ်ဆိုတဲ့ ဘ၀မျိုးတွေကို မရောက်ရအောင် ရှောင်ကျဉ်ရပါမယ် ။
အကြောင်းပြချက်ဆင်ခြင်တွေနဲ့ အကြောင်းအမျိုးမျိုးပြ အရက်သောက်နေသူတွေသည် အရှက်မဲ့မာယာသုံးနေသူတွေလို့ မြင်မိပါတယ် ။
လူရယ်လို့ဖြစ်လာပြီး လူ့တန်ဖိုးမှ နားမလည်ဘူးဆိုရင် သွားပြီပေါ့ရှင် ။ ဘ၀တန်ဖိုးကို သေချာ နားလည်စွာဖြင့်
အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်ရှင် ။
ခိုင်လေး စာလေးလည်း တော်တော်လေးရှည်သွားပြီ ။ ဆက်ပြောရမယ်ဆို အများကြီးရှိနေပါသေးတယ်။
သို့သော်လည်း ဖတ်စရာ အကိုတွေ အမတွေ စာတွေရှိနေသေးတာမို့ ခုခိုင်လေးပြောခဲ့သောဆွေးနွေးချက်လေးတွေကို
ဆက်လက်ဆင့်ပွား တွေးတော နားလည်နိုင်ကြပါစေ ။
အားလုံးသော လူသားတွေကို တန်ဖိုးရှိသော လူပီသ သူတွေဖြစ်စေလိုသော * ဧတေနသစ္စ၀ဇ္ဖေန * .. မှန်ကန်သော သစ္စာစကားစေတနာတွေကြောင့် ၊
ဦးတည်ချက် ရည်ရွယ်ချက်ဆိုတာတွေကို မမေ့မလျော့ပဲ မိမိတို့လိုရာပန်းတိုင်တစ်ခုကို မရောက်ရောက်အောင် မဖြစ်မနေ ချီတက်မယ်ဆိုတဲ့ ၊
ခိုင်မာတဲ့ စိတ်ဆန္ဒတွေနဲ့ သိပ်ကိုတန်ဖိုးရှိတဲ့ အနာဂတ်ဘ၀ လှလှလေးတွေကို အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်ကြသော မြန်မာအမျိုးသားကောင်းတွေ ဖြစ်ကြပါစေလို့ ၊
ဒီနေရာ စာပေဟောပြောပွဲဘလော့လေးကနေ လေးနက်စွာဆုတောင်းပေးလိုက်မိပါတယ်ရှင် ။
http://narlalhmumyotaw.blogspot.com/
http://www.facebook.com/khinezar.aung.3
ခိုင်လေး ( ရွှေတောင် )