Thursday, October 30, 2014

၂ ။ မျက်နှာမဲကြီးမှ ဖြူဖွေး နူးညံ့ မျက်နှာလေးဆီသို့




၂ ။ မျက်နှာမဲကြီးမှ ဖြူဖွေး နူးညံ့ မျက်နှာလေးဆီသို့

ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

ခုတစ်လောထွက်လိုက်ရတဲ့ အပြင် ။ စီးလိုက်ရတဲ့ ဆိုက်ကယ် ။ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းနေရာတွေကို ဘောင်းဘီရှည် ၊ အကျီင်္လက်ရှည်တွေ ၀တ်ပြီး ကာကွယ်လို့ရပေမယ့် မျက်နှာအစိတ်ပိုင်းကိုတော့ ဘယ်လိုမှ ကာကွယ်လို့မရနိုင်ဘူး ။ ဆိုက်ကယ်ဦးထုပ်ကို မှန်ကာချထားပေမယ့် အပြည့်ဝတော့ အကာကွယ် မပေးနိုင်ခဲ့ပါဘူး ။ အလိုလိုမှ အညှိရောင်သန်းချင်နေတဲ့ အသားအရေက ခုတော့ မဲချင်နေပါပြီ ။ အပြင်ကပြန်လာတိုင်း မှန်ကြည့်မိပြီဆိုတာနဲ့ မျက်နှာမဲကြီးကိုမြင်ရတာ သိပ်ကို စိတ်ပျက်စရာကောင်းလှပါ တယ် ။ မျက်နှာလိမ်းခရမ်တွေကလည်း ကိုယ်နဲ့တည့်မတည့် အဆင်ပြေ မပြေ စမ်းလိမ်းနေရတာနဲ့ စိတ်မရှည်ချင်ဘူး ။
ဒါဆိုအပြင်မထွက်ဘဲ နေရမလား ။ ဒါလည်း အဆင်မပြေပြန်ဘူး ။ ဘာလို့လဲဆို အမျိုးသားကို နေ့တိုင်းထမင်းပို့ရတာမို့ ဘယ်လိုမှ အပြင်မထွက်ဘဲ နေလို့မရပါဘူး ။ ကိုယ်မျက်နှာကို မြင်တိုင်း စိတ်ဆင်းရဲတာကလည်း အလှမက်သူ ကျွန်မအတွက် စိတ်ဒုက္ခကြီးစွာ ခံစားနေရပါတယ် ။ ဘယ်သူမဆို လူတစ်ယောက်ကို တွေ့ပြီးဆိုတာနဲ့ အရင်ဆုံးကြည့်မိတာက မျက်နှာလေ ။ ကိုယ်မျက်နှာလေးက မွတ်နေအောင် ချောမနေရင်တောင် အနာဆာကင်းကင်းလေးနဲ့ ရှင်းသန့်နေဖို့တော့ လိုအပ်တာပေါ့ရှင် ။ ခုတော့ မျက်နှာမဲကြီး ။
ကိုယ်တိုင်စိတ်ညစ်နေတာကို တစ်ယောက်တည်း မခံစားဘဲ အမျိုးသားကိုပါ နားပူအောင် ပြောပြောနေမိတယ် ။ သူလည်း နားထောင်ယုံမှ တပါး ဘာလုပ်ပေးတတ်မလဲ ။ ဒီလိုနဲ့ ကိုယ်မျက်နှာကို ကြည့်တိုင်းစိတ်ဆင်းရဲနေရတဲ့ ဝေဒနာကို ခံစားရင်းရက်တွေကို ဖြတ်ကျော်လာလိုက်တာ တစ်နေ့မှာတော့ ကွန်ပြုတာသုံးနေတဲ့ အမျိုးသားက ……….
*မိန်းမရေ မင်းအတွက် နည်းလမ်းကောင်းလေး တစ်ခုတွေ့ပြီဟေ့ ။ ငါလည်း နားမပူရတော့ဘူး ။*
*ရှင် ဘာတွေ ပြောနေတာလည်း *
*ခဏလေး မောင်ပြီးအောင်ဖတ်လိုက်အုံးမယ် ။ ပြီးရင် ပြောပြမယ် *
သူစာဖတ်တာကို ဘေးမှာထိုင်စောင့်ရင်း * ဒီလူဘာတွေ ပြောနေပါလိမ့်* ဟုတွေးနေမိတယ် ။ ခဏကြာတော့ ကွန်ပြူကို ပြူးကြည့်နေရာကနေ ကျွန်မထိုင်နေရာဘက်သို့ လှည့်လာပါတယ် ။
*ကဲရပြီ မိန်းမရေ ။ ပြောပြမယ် ။ သေချာနားထောင်နော် ။ မင်းမျက်နှာမဲလေးကို ပြန်ပြီးဖြူချင်နေတယ်မလား *
*အင်း *
*ဟုတ်ပြီ။ နည်းလမ်းရပြီ ။ သေချာ လိုက်မှတ်နော် ။ *
*အင်းပါ ။ စကားပလင်ခံနေတာနဲ့ စိတ်မရှည်တော့ဘူးနော် *
* မိန်းမကလည်း စိတ်ချည်းပဲ ။ ပြောပြမယ် ။ လုပ်ရမှာက လွယ်တယ် ။ သကြားရှိရင် ရတယ်ကွ ။ လုပ်ရမယ့် နည်းလမ်းက နေ့တိုင်း ညမအိပ်ခင် တစ်နာရီလောက်မှာ မင်းမျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်ရမယ် ။ မျက်နှာသစ်တဲ့နေရာ သုံးတဲ့ မျက်နှာသစ်ဆပ်ပြာကို facial foam တစ်ခုခုနဲ့ သစ်ရမယ်နော် ။ မျက်နှာသစ်ပြီးရင် ၁၅မိနစ်လောက် ရေမသုတ်ဘဲနေရမယ် ။မျက်နှာသစ်ပြီးတာနဲ့ လုပ်ရမှာက သကြားလေးတွေကို မျက်နှာပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးရမယ်တဲ့ ။ တစ်ခုရှိတာက အဲဒီသကြားက အပွင့်သေးသေးလေးတွေကို ရွေးရင် ပိုကောင်းတယ် ။ အဲဒီလို သကြားတွေ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်လောက် ညင်ညင်သာသာလေးမျက်နှာ အနှံ့ကို ပွတ်နယ်ပေးနေရမယ် ။ပြီးရင် နာရီဝက်လောက်ထားလိုက် ။ နာရီဝက်ပြည့်ပြီဆိုရင်တော့ ရေနွေးခပ်နွေးနွေးလေးနဲ့ ဆေးလိုက်လို့ရပြီ ။ ပြီးရင် မျက်နှာသုတ်ပုဝါနုနုလေးနဲ့ မျက်နှာကို ဖိဖိပြီး ရေခြောက်အောင် လုပ်ရမယ် ။ အထူးသတိပြုသင့်တာက မျက်နှာကို ရေသုတ်ရင် မျက်နှာသုတ်ပုဝါကြီးနဲ့ အတင်းပွတ်သုပ်တာမျိုး မလုပ်ရဘူးတဲ့ ။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်နိုင်ရင်ပိုကောင်းသတဲ့ ။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပေါ့ ။ သုံးပတ်လောက် ဆက်တိုက်လုပ်ရင် မိန်းမမျက်နှာလေး နူးညံ့ဖြူဝင်းလာလိမ့်မယ် ။ တကယ်တော့ သကြားဆိုတာ ကာဗွန် တမျိုးပဲလေ ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိတယ်လို့ ရေးထားတယ် ။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိတယ်တဲ့ ။ နောက်ပြီး မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များမှာ ရေးထားတယ်လို့  ခု မောင်ဖတ်လိုက်တဲ့ စာထဲမှာ ရေးထားတယ် ။*

အမျိုးသားက စကားအရှည်ကြီးကို ပြောပြသွားရတာ မောသွားဟန်တူတယ် ။ ရေခဲသေတ္တာထဲက ရေယူသောက်နေပါ၏ ။ ကျွန်မလည်း သူပြောပြသွားတာလေးကို လက်တွေ့အကောင်ထည်ဖော်ဖို့အတွက် မီးဖိုခန်းထဲရှိ သကြားဗူးလေးရှိရာဆီသို့ ချီတက်လာရင်း မျက်နှာမဲကြီးမှ ဖြူဖွေး နူးညံ့ မျက်နှာလေး ပိုင်ဆိုင်ရတော့မယ်ဆိုသော အတွေးလေးဖြင့် ကြည်နူးစွာ  ပြုံးလိုက်မိပါတော့၏ ။

၁ ။ ပိန်ချင်နေသူ ကျွန်မ




၁ ။ ပိန်ချင်နေသူ ကျွန်မ
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )


ခုရက်အတွင်း ဘာဝတ်ဝတ် အဆင်ပြေတယ် မရှိလှဘူး ။ ဘယ်ရှိမလဲ ။ နင့်ကန်ပြီး ၀လာတာကို ။ ပုံပျက်ပန်းပျက်ဖြစ်လာသော ကိုယ့်ကိုပြန်ကြည့်ရတာကလည်း တစ်နေ့တခြား စိတ်ပျက်စရာဖြစ်လာခဲ့ပြီ  ။ ၀လာခြင်း နောက်ကွယ်မှာ ဆိုးကျိုးပေါင်းများစွာက အဆင်သင့် ဆီးကြိုနေပါတယ် ။ သွားရလာရခက်စေတယ်။ လမ်းများများလျှောက်ပြီဆိုတာနဲ့ မောချင်လာတယ် ။ နောက်ခြေဖ၀ါးတွေက နာတတ်သေး ။ အပြင်တစ်ခါသွားခါနီးတိုင်း အ၀တ်စားရွေးရသည့် ပြသနာကလည်း တစ်ဒုက္ခပါပဲ ။ ဒီလိုခန္ဓာကိုယ် အဆမတန် ၀ဖြိုးလာခြင်း ပြသနာများစွာကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ပထမဆုံးစဉ်းစားမိတာကတော့ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု မဖြစ်နေ ပြုလုပ်ရန်ပဲ ဖြစ်တယ် ။
စဉ်းစားမိတဲ့ အကြံအတိုင်း လေ့ကျင့်လုပ်ဖို့တက်ကြွစွာ ဆောင်ရွက်မိ၏ ။ လေ့ကျင့်ခန်းလုပ်မယ် စိတ်ကူးပြီး လုပ်မိပြန်တော့လည်း ဒီနေ့လုပ်ပြီးရင် နောက်နေ့ မလုပ်ချင်တော့ ပြန်ဘူး ။ လေ့ကျင့်ခန်းသာ မလုပ်ချင်တာ ခန္ဓာကိုယ် အတွက် မဖြစ်မနေ အဆီချဖို့လိုအပ်နေပြီဆိုတာကိုတော့ အသိစိတ်က အချက်ပေးနေပြီ  ။ အဆီတာ ချချင်တယ် ။ အပင်ပမ်းကလည်း မခံချင်ပြန် ။ အချိန်ကျတော့ မပေးချင်မိ ။ ဒီတော့ ဘယ်လိုလုပ်ပိန်မလဲ ။နောက်ဆုံးအကုန်မပိန်ရင်လည်း နေပါစေ ။ ဗိုက်ကလေးကျရင်တောင် တော်ပါပြီဆိုတဲ့ ဈေးဆစ်အတွေးလေး ၀င်လာမိ၏ ။
ဒီလိုနဲ့ စိတ်ပျက် လက်ပျက်ဖြစ်နေချိန် သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင် ဆုံဖြစ်ခဲ့ပါတယ် ။ သူငယ်ချင်းက အရင်ကဆို တော်တော်လေး ၀လွန်းသူတစ်ယောက်ပေါ့ ။ ကျွန်မနဲ့ ခုပြန်တွေ့ချိန်မှာ သူမ၏ ခန္မာကိုယ်အချိုးစားမှာ အလွန်ကြည့်ကောင်းနေပါတော့၏ ။ သူမကိုတွေ့တွေ့ချင်း ကျွန်မမျက်စိ ကျွန်မပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည် ။ ကျွန်မအတွက်တော့ သူမနဲ့ ပြန်ဆုံရခြင်းမှာ ရေငတ်တုန်း ရေတွင်းကျဆိုသလို အတော်လေး အဆင်ပြေသွားခဲ့တယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မကလည်း ပိန်ချင်နေတာကို ။သူမကလည်း ကျွန်မကိုတွေ့တော့ တအံ့တသြ ဖြစ်နေပါတယ် ။အရင်က ခပ်သွယ်သွယ် ခန္မာကိုယ်ကနေ ခုချိန်မှာတော့ တရားလွန်ကြီး ဆူဖြိုးနေပြီကို ။ ဒီတော့ သူမလည်း အံ့သြမည်ပေါ့ ။သူငယ်ချင်းနှစ်ယောက် တွေ့တာနဲ့ တခြားအကြောင်းအရာတွေ စကားမဆိုကြပဲ * ဟယ် နင်ဝလာတယ်နော် * *နင်တော်တော် ပိန်သွားတယ်နော် * ဆိုတဲ့ မေးခွန်းနှစ်ခုကိုသာ ပြိုင်တူဆိုသလို မေးလိုက်မိကြတယ် ။
ငမ်းငမ်းတက် ပိန်ချင်နေသူဆိုတော့ ဟန်မဆောင်နိုင်စွာ သူငယ်ချင်း နင်ဘယ်လိုပိန်သွားသလဲဟု အစောတလျှင် မေးမိပါတော့၏ ။ လေ့ကျင့်ခန်းလုပ်ကာ ပိန်သည်ဆိုလျှင်တော့ ကျွန်မလိုက်လုပ်နိုင်မယ်မထင်ပါ ။ သူငယ်ချင်းက သူမ ပိန်သွားပုံကို သေချာ ရှင်းပြခဲ့ပါတယ် ။
*ဒီလို သူငယ်ချင်းရ ငါလည်း ၀တော့ ပိန်ချင်ခဲ့တာလေ။ တစ်နေ့တော့ အင်တာနက်သုံးနေရင်း နည်းလမ်းလေး တစ်ခုကို ရခဲ့တယ်ဟ ။ အဲဒါဘာလဲဆိုတော့ အရသာ မကောင်းပေမယ့်လည်း ပိန်ချင်သူများ အနေနဲ့ သရက်သီးစားတဲ့ အခါ အခွံပါ တပါတည်းစားရမယ့် နည်းလေးပဲ *
*ဟေ သရက်သီးကို အခွံ့ပါစားရမယ် ဟုတ်လား*
*အေး ဟုတ်တယ် ။ ဒီလိုဟ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့က အဆီကလာပ်စည်း ဖြစ် ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်တယ်လေ ။သရက်သီးအခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်းဖြစ်ပေါ်နေသော လုပ်ငန်းစဉ်ဖြစ်သည့် Adipogenesis ကို နှိမ်နင်းပေးတယ်လို့လည်း စာထဲမှာ ဖတ်ရတယ်ဟ ။သရက်သီးအခွံစားခြင်းကြောင့် တခြားဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတစ်ခုတော့ရှိတယ် ။ အဲဒါဘာလေးဆိုတော့ အဆီကလာပ်စည်းများဖြစ်ပေါ် အဆီကလာပ်စည်းများက ပိုကြီးလာပြီး အဲဒီလို ကလာပ်စည်းမျိုးဟာ ဆီးချိုသွေးချို ရောဂါ တွေကိုတော့ ဖြစ်စေနိုင်တယ်လို့ ဆိုထားတယ် ။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကိုတော့ ကာကွယ်တယ် ။ ငါလည်း သိပ်ပိန်ချင်တော့ စားကြည့်လိုက်တာ ။ မဆိုးဘူး ။ ငါနဲ့ ဓာတ်တည့်တယ်ထင်တယ် ။ ပိန်သွားတယ်လေ ။ ဆိုးကျိုးရောဂါဖြစ်တဲ့ ဆီးချိုသွေးချိုတော့ ငါမဖြစ်ဘူး ။ နင်လည်း သဘောကျရင် လုပ်ကြည့်ပေါ့ ။*
*အေးငါလည်း စမ်းသပ်မယ် *
*နောက် တစ်နည်းလေးရှိသေးတယ် ။ အဲဒါကတော့ ငါအသိတစ်ယောက် လုပ်တာလေ ။  စွန်တန်ဟင်းရည် လုပ်တဲ့ အခါမှာ အသုံးပြုတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့ စိမ်ပြီး မနက်တိုင်း သောက်ရတာ ။ သောက်လို့ အရမ်းချဉ်ရင် သကြားလေးနည်းနည်းထည့်ပြီး သောက်ရတယ်တဲ့ ။ နင်မြန်မြန်ပိန်ချင်ရင်တော့ တစ်နေ့ကို သုံးခွက် သောက်လို့ရတယ် ။ အစားလည်း ရှောင်စရာ မလိုဘူးဆိုပဲ ။
ဟင်းရည်တောင် လုပ်တာဆိုတော့ ဘေးထွက် ဆိုးကျိုး မရှိနိုင်ဘူးပေါ့ ။ တစ်လအတွင်း(၁၅)ပေါင်တောင် ကျသွားတယ်တဲ့နော် ။ နင်ကြိုက်တဲ့ နည်းလမ်းကို စမ်းကြည့်ပေါ့ဟာ *
သူငယ်ချင်းနဲ့ တွေ့ပြီး အိမ်ပြန်ရောက်တော့ ကျွန်မရလာသော ပိန်းနည်းလေးတွေကို အမျိုးသားကို ပြန်ပြောမိတယ် ။ အမျိုးသားက * မင်းလုပ်ကြည့်ချင်လည်း လုပ်ပေါ့။ နည်းစနစ်တိုင်း မှာ အားသာချက် ၊ အားနည်းချက် ၊ ကောင်းကျိုး ၊ ဆိုးကျိုး ဆိုတာ အနည်းနှင့် အများတော့ရှိတာပေါ့ ။ တစ်ခုတော့ရှိတယ်ကွ ။ လူတစ်ဦး နှင့် တစ်ဦး ခန္ဓာကိုယ် သဘောတရားတွေ ၊ အသားအရည် သဘောတရားတွေ ၊ ကိုယ်ခံစွမ်းအားဆိုတာတွေ မတူကြဘူးနော် ။ ဒီလိုနည်းနဲ့ အဆီချနေစဉ်အတွင်း ကျန်းမာရေး ပြသနာ တစုံတရာ ရှိလာခဲ့မယ်ဆို  ဘယ်လို ဖြေရှင်းရမလဲဆိုတာကိုလည်း လေ့လာအုံး * * အင်းပါ ။*
ဟုတ်တယ် ။ အမျိုးသားပြောတာလည်း မှန်ပါတယ် ။ ဘယ်နေရာဖြစ်ဖြစ် အကောင်းဆိုး ဒွဲတွဲနေတာမို့ အကောင်းရှိသလို အဆိုးလည်း ရှိနေနိုင်တယ် ။ ဒီထက်အ၀လွန်လာရင်လည်း ရောဂါတွေက ၀င်လာအုံးမှာပဲ ။ ဒီတော့ စမ်းကြည့်မယ် ။ အဆီချနေစဉ်အတွင်း လက်သည်ကြီး အားကိုးနေလို့ မဖြစ်သေးဘူး ။ ငါကိုယ်တိုင်ကလည်း အစာကို သင့်တင့်မျှတရုံ စားရမယ် ။ အလွယ်တကူ စားနိုင်တဲ့ Ready Made အစားစာတွေကိုလည်း အဆီချနေစဉ်အတွင်း ရှောင်ရမယ် ။ တစ်ယောက်တည်း တွေးရင်း စိတ်ကူးထဲ အဆီချနေလိုက်တာ အတော်လေးပင် ပိန်သွားပါပြီ ။ အတွေးထဲမှာ မြင်နေရသော ကိုယ့်ပုံလေးမှာ  အလွန်ပြေပြစ်လှပနေလေ၏ ။ ခပ်သွယ်သွယ် ခန္ဒာကိုယ်လေးနဲ့ အလှကြီးလှနေသော ကျွန်မကိုကျွန်မ ပြန်မြင်ရသည်ကိုက ကြည်နူးစရာ ကောင်းလိုက်လေခြင်း ။

၇၆ ။ ချစ်သူတိုင်း လက်ထပ်ခြင်းပန်းတိုင်ဆီသို့ ပန်းဝင်နိုင်ကြပါစေ ။




၇၆ ။ ချစ်သူတိုင်း လက်ထပ်ခြင်းပန်းတိုင်ဆီသို့ ပန်းဝင်နိုင်ကြပါစေ ။
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
တကယ်ချစ်ကြတဲ့ ချစ်သူတိုင်းရဲ့ ပန်းတိုင်ဟာ လက်ထပ်ခြင်းပါပဲ ။ လက်ထပ်ခြင်းပန်းတိုင်ကို မရောက်ခင် လမ်းခွဲသွားကြရတဲ့ ချစ်သူစုံတွဲပေါင်းများစွာလည်း ရှိနေပါတယ် ။ တကယ်ချစ်ကြရဲ့နဲ့ ဘာကြောင့် လမ်းခွဲခြင်းပန်းတိုင်ဆီကို ပန်းဝင်သွားခဲ့ကြရသလဲ ။ ပြသနာလေးတွေ ရှိနေလို့ပေါ့ ။ ပြသနာဆိုတာ ချစ်သူတိုင်း လူတိုင်းမှာ ရှိနေနိုင်တဲ့ အရာမျိုးပါ ။ မတူညီတာကတော့ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေပါပဲ ။
ရင်ခုန်သံတွေ ထပ်တူညီခဲ့ကြတဲ့ ချစ်သူစုံတွဲဟာ နားလည်ခြင်းတွေ ထပ်တူညီဖို့ ကြိုးစားရမယ် ။ အချစ်က အရာရာကို ဖန်ဆင်းစေခိုင်းနိုင်တယ်လို့ ချစ်သူတိုင်း ဆိုတတ်ကြတယ်လေ ။ ဒီတော့ မရှိသေးတဲ့ နားလည်မှု့တွေကိုလည်း အချစ်ရဲ့ စေခိုင်းချက်အရ ရှိအောင်လုပ်နိုင်ရမယ် ။ တစ်ဦးနဲ့ တစ်ဦး နားလည်မှု့တွေ ပွေ့ဖက်ထားသင့်တယ် ။
ကျွန်မအမျိုးသားနဲ့ ချစ်သူတွေဘ၀တုန်းက အတော်လေး စိတ်ပင်ပမ်းခဲ့ရဘူးတယ် ။ အမျိုးသားနဲ့ ချစ်သူတွေဖြစ်တဲ့ အချိန်က အွန်လိုင်းချက်တင်ဆိုတဲ့အရာကြီး ခေတ်စားခါစပေါ့ ။ ကျွန်မနဲ့ ချက်နေသလို တခြားဘယ်သူတွေနဲ့ကော ချက်တင်ထိုင်နေမလဲ ။ ကျွန်မမသိတဲ့ တခြားအကောင့်တွေ ဘယ်နှစ်ခုတောင် ရှိနေမလဲ ဆိုတဲ့ ပူပန်သောကတွေနဲ့ နပန်းလုံးခဲ့ရတယ် ။ ကျွန်မပူပန်စိုးရိမ်ခဲ့သလို သူကလည်း တကယ်ကြီးဖြစ်နေခဲ့တယ် ။ ဒါတွေကို သိလိုက်ရတဲ့ အချိန်မှာပြောမပြတတ်အောင် ထိခိုက်နာကျင်ခံစားခဲ့ရတယ် ။ သူကိုလည်း ဂျီကျအပြစ်ဆိုပေါ့ ။ နေ့တိုင်း ကျွန်မတို့တွေ့ဆုံ ချက်တင်ထိုင်ခြင်းမှာ ကြည်နူးစရာတွေအစား ရန်ပွဲတွေတာ ဖြစ်လာခဲ့တယ် ။ ဒီတော့ ကျွန်မနဲ့ စကားပြောရခြင်းမှာ သူမပျော်ရွင်တော့ဘူး ။ ကျွန်မအပေါ် သွေးအေးလာတယ် ။
ဒီအချိန်မှာ ကျွန်မစဉ်းစားတယ် ။ နောက်ဆုတ်မလား ။ ရှေ့တိုးမလားပေါ့ ။ တွေးစရာတွေ ရှိတယ် ။ ကိုယ်မနှစ်သက်တာတွေ သူလုပ်နေတယ် ။ ဒီတော့ နောက်ဆုတ်ကျောခိုင်းလိုက်မလား ။ ဒါမှမဟုတ် မစွန့်လွှတ်နိုင်အောင်ချစ်နေတယ်ဆို သူကို ကျွန်မလိုချင်တဲ့ ပုံစံမျိုးဖြစ်လာအောင် ပြုပြင်ကြည့်မလား ။ ကျွန်မကို ကျွန်မသေချာအောင်အဖြေရှာပြီးချိန်မှာတော့ တိကျတဲ့အဖြေတစ်ခု ရလိုက်ပါတယ် ။ ဒီအဖြေဟာ မှန်တယ်လို့ တထစ်ချမပြောလိုပါဘူး ။ ဒါဟာ ကျွန်မရွေးချယ်မှု့သက်သက်ပါ ။ ကျွန်မ သူ့ကို သိပ်ချစ်တယ် ။ ဒါကြောင့် သူကိုပြုပြင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒီအတိုင်းကြီး လက်တွဲဖြုတ်လိုက်တာထက် ပြုပြင်ပြောင်းလဲကြည့်ချင်တယ် ။ နောက်ဆုံးမရရင်တော့ ကျောခိုင်းနှုတ်ဆက်ရမှာပေါ့ ။
ဒီလိုနဲ့ သူကို ပြုပြင်ဖို့အတွက် ကျွန်မကို ကျွန်မအရင်ဆုံးပြင်ဆင်ရပါတယ် ။ စိတ်တည်ငြိမ်အောင် လေ့ကျင့်တယ် ။ ပထမဆုံး သူရဲ့အကောင့်တွေကို password သိတာတောင် လုံးဝ ဖွင့်မကြည့်မိအောင်ကြိုးစားတယ် ။ ကျွန်မအတွက် စိတ်ဆင်းရဲစရာတွေ ရှိနေမယ့်အရပ်ကို ဘာလို့သွားမလဲနော် ။နောက် သူအကြောင်းတွေ ပြောပြလာမယ့်သူတွေပါ မတွေ့အောင်နေလိုက်တယ် ။ သူကို စိတ်တိုလို့ ပြောချင်လာရင် သူဓာတ်ပုံလေးကို ထုတ်ကြည့်ရင်း မေတ္တာသုတ်လေး ရွတ်နေလိုက်တယ် ။ ဒီလိုနည်းတွေနဲ့ ကျွန်မစိတ်တွေကို တည်ငြိမ်အောင် အရင်ဆုံးထိန်းလိုက်ပါတယ် ။ ကျွန်မစိတ်တွေ တည်ငြိမ်လာတာနဲ့အမျှ သူကို ဂျီတိုက်ဆူပူတာတွေ မရှိတော့ဘူး ။ ဒီတော့ ကျွန်မတို့ကြားရန်ပွဲတွေ မရှိသလောက်ဖြစ်လာတာပေါ့ ။ သူလည်း ကျွန်မနဲ့စကားပြောရတာကို ပြန်ပြီးပျော်ရွင်လာတယ် ။ ဒီတော့မှ သူကို ပြုပြင်ဖို့ကို စတင်ပါတယ် ။
အရင်ဆုံးပြုပြင်မိတာက ကျွန်မတို့ကိုးကွယ်ဆည်းကပ်ရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အမှန်တကယ် ကိုးကွယ်တတ်အောင်ပါ ။ သူကို ဘုရားရှိခိုးလားမေးရင်  ဘုရားက သူ့ရင်ထဲရှိတယ်လို့ဖြေတတ်တယ်  ။ ဒါဆို ဘုရားကောနေ့တိုင်း ၀တ်ပြုလားဆိုတော့ မရှိခိုးဖြစ်ဘူးတဲ့ ။ ဒီတော့ ကျွန်မသူကို ရှင်းပြတယ် ။ ဗုဒ္မဘာသာမှန်ရင် ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ဘာသာတရားကို အမှန်တကယ် နှစ်လိုဖွယ်ရှိအောင် ကိုးကွယ်ရမယ် ။ ၂၄နာရီလုံးကိုယ်လုပ်ချင်တာတွေ လုပ်နေခဲ့ကြတာလေ ။ တစ်နေ့တာလုံးရဲ့ ၅မိနစ်လောက်လေးကို ဘုရားဝတ်ပြုဖို့ အချိန်မပေးနိုင်ရင်တော့ မဟုတ်သေးဘူးလို့ သူ့ကိုရှင်းပြဖြစ်တယ် ။ သိသင့်တာတွေ ရှင်းပြရင်း နေ့စဉ်ဘုရားဝတ်ပြုခြင်းရှိလာအောင် ပြောပြခဲ့တယ် ။ ဘုရားဝတ်ပြုခါနီးရင် ကိုယ်လက်သန့်စင်ဖို့ ဘာဝတ်ထားဝတ်ထား ပုဆိုးလေးလဲဖို့ကအစ သေချာပြေပြမိတယ် ။ဒီတော့ သူမှာ ပုဆိုးမရှိဘူးလို့ဆိုလာတယ် ။ လူကြုံရှိတာနဲ့ မြန်မာပြည်ကနေ သူ့အတွက် ပုဆိုးလေးတွေ ထည့်ပေးခဲ့တယ် ။ သူ့အလုပ်ကပြန်လာလို့ ကျွန်မနဲ့ချက်တင်ထိုင်ပြီးလို့ အိပ်ခါနီးပြီဆိုတာနဲ့ ခြေလက်သန့်စင်ပြီး ပုဆိုးလေးလဲဝတ်ကာ ဘုရားဝတ်ပြုနေတာကို vzoထဲကနေ ပြီးတဲ့အထိကြည့်ပြီးမှ အမြဲပိတ်ဖြစ်ပါတယ် ။ဒီလိုနည်းလေးနဲ့ သူနေ့စဉ်ဘုရားဝတ်ပြုတတ်သွားခဲ့ပါတယ် ။ နောက်ပိုင်းလက်ထပ်ပြီးတော့ ကျွန်မဘုရားမရှိခိုးဖြစ်ရင်တောင် သူက ပြန်သတိပေးရတဲ့ အနေထားကို  ရောက်သွားခဲ့တယ် ။
နောက်တဆင့်အနေနဲ့ သူကိုမေးဖြစ်တယ် ။ မလေးရှားမှာ မြန်မာဘုန်းကြီးကျောင်းတွေဘာတွေ ကောရှိလားလို့ ။ဒီတော့ရှိတယ်လို့ ဖြေတယ် ။ ဒါဆို ဘယ်နှစ်ခေါက်ရောက်ဖူးလည်းဆိုတော့ သုံးနှစ်နေမှ တစ်ခေါက်လောက် ရောက်ဖူးသတဲ့ ။ ဘာလို့ မသွားတာလည်းဆိုတော့ မသိဘူးတဲ့ ။ သွားရမှာ မရဲတာကော မခင်တော့ သွားရမှာ တစ်မျိုးကြီးတဲ့လေ ။ ဒီတော့ ပြောပြရပြန်တယ် ။ မဟုတ်သေးဘူး ။ ကိုယ်ရေမြေနဲ့ ကင်းကွာနေချိန်မှာ ဘာသာတရားက ပိုဝေးတတ်တယ် ။ ဘုန်းကြီးကျောင်းတွေမှာ နှစ်စဉ်လုပ်ဖြစ်တဲ့ ၀ါဆိုသင်္ကန်းကပ်တာတွေ ကထိန်တွေ သွားသင့်တယ်လို့ သူကိုရှင်းပြတယ် ။ ရှင်းပြယုံတင်မဟုတ်ဘဲ သွားဖြစ်အောင်ပါ လုပ်ပေးခဲ့တယ် ။ သူနဲ့ ကျွန်မ ချစ်သူသက်တမ်း ခြောက်လပြည့် ၊ တစ်နှစ်ပြည့် အစရှိတဲ့နေ့တွေ သူမွေးနေ့ ၊ ကျွန်မမွေးနေ့တွေမှာ သူကို မလေးရှားမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပိုက်ဆံလှူခိုင်းတယ် ။ ကျွန်မလည်းမြန်မာပြည်မှာ ဆွမ်းကပ်တယ် ။ ဒီတော့သူလည်း ဘုန်းကြီးကျောင်းဆိုတာကို မရဲတာတွေ ဘာတွေ မဖြစ်တော့ဘဲ သွားရဲသွားတယ် ။ ဒီပြောင်းလဲခြင်းတွေနောက်ကနေ ကျွန်မပြောင်းလဲပေးစရာမလိုဘဲ ပြောင်းလဲသွားတဲ့အရာကတော့ သူဘယ်ကောင်မလေးနဲ့မှ ချက်တင်မထိုင်တော့တာပါပဲ ။ လူဆိုတာ မကောင်းတာတွေချည်း လုပ်နေရင် မကောင်းတဲ့နေရာမှာချည်း မွေ့လျော်လာတတ်ပါတယ် ။ ကောင်းတာတွေများများလုပ်မိရင်လည်း ကောင်းတဲ့ဘက်မှာ မွေ့လျောလာတတ်ပါတယ် ။
သူနဲ့ ကျွန်မ အသက်သုံးနှစ်ခွဲနီးပါး ကွာပါတယ် ။ကျွန်မက သူထက် သုံးနှစ်ခွဲတိတိကြီးတယ်လေ ။ ဒီတော့ သူက ကျွန်မကို *မ*လို့ခေါ်ခဲ့တယ် ။ ကျွန်မတွေးတာပေါ့ ။ *မ*ဆိုတဲ့ အခေါ်ဝေါ်တစ်ခုက သူကို ကလေးဆန်စေမယ် ။ အရာရာကို သူဦးဆောင်ချင်စိတ်ပျောက်သွားနိုင်တဲ့ ဆိုတဲ့ အတွေးနဲ့ *ကေ* ဆိုတဲ့ နာမ်စားတစ်ခုကို ပြောင်းလဲခေါ်စေခဲ့တယ် ။ ဒီအတွက်ရလာဒ်ကတော့ သူအရင်နဲ့မတူအောင် လူကြီးဆန်သွားတယ် ။ ကျွန်မကို ဦးဆောင်နိုင်လာတယ် ။ အရာရာကို သူကပဲ ဦးဆောင် ဆောင်ရွက်တတ်လာတယ် ။ အမည်နာမတွေ အရေးမကြီးလို့ တွေးမရဘူးဆိုတာ သက်သေတစ်ခုပေါ့ ။
နောက်ဆုံးပြုပြင်ခဲ့ရတဲ့အရာကတော့ အရက် ဘီယာသောက်သုံးခြင်းပါပဲ ။ နိုင်ငံခြားမှာနေကြသူတွေဆိုတော့ လွှတ်လပ်ကြတယ် ။ အလုပ်ပြန်တာနဲ့ ပျင်းလည်းသောက် ပျော်လည်းသောက် နေကြတာကို ။ ဒီလိုလူတစ်ယောက်ကို တဖြည်းဖြည်းနဲ့ ပြုပြင်ကြည့်တယ် ။ ပထမဆုံး တစ်ပတ်တစ်ခါလောက်ပဲ သောက်အောင် ပြောပြတယ် ။ နောက် တစ်ပတ်ကနေ နှစ်ပတ်တခါ ၊ နှစ်ပတ်ကနေ တစ်လတခါ ၊ တစ်လကနေ နှစ်လတခါမျိုးထိ ပြုပြင်ခဲ့တယ် ။ ခုဆို နှစ်လတခါလောက်တာ သောက်ဖြစ်တော့တယ် ။ ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တဲ့နေရာမှာ ကိုယ်ချစ်သူရဲ့ အနေထားကိုလည်းလေ့လာတယ် ။ သူဘယ်လို ကြိုက်တတ်လည်းပေါ့ ။ ချော့ပြောမှ ရမယ့်သူလား ။ ပြုပြင်လို့ရမယ့်သူလား ။ ပတ်ဝန်းကျင်အခြေနေကြောင့် ဖြစ်နေတဲ့သူလားဆိုတဲ့ အချက်တွေကို လေ့လာပြီးမှ ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့တာပါ ။
သူကကော ကျွန်မပြုပြင်ခြင်းပေါ် ဘာလို့လိုက်ပါပြောင်းလဲခဲ့လဲ ။ အဖြေကရှင်းပါတယ် ။ ကျွန်မရဲ့သည်းခံခြင်း ၊ သူအပေါ်ထားတဲ့ စေတနာနဲ့ နားလည်မှု့ချစ်ခြင်းတွေကို မြင်သွားခဲ့လို့ပါ ။ အဲဒီအရာတွေကို သူကျွန်မကို တန်ဖိုးထားတတ်လာတယ် ။ အဲဒီတန်ဖိုးထားခြင်းမှာ ချစ်ခြင်းတွေပါပါဝင်စီးမျောလာချိန်မှာတော့ ကျွန်မတို့ နှစ်ယောက်ကြားမှာ သံယောဇဉ်ကြိုးတွေ ခိုင်မာလာခဲ့ရတယ် ။ ကျွန်မတို့နှစ်ယောက်ကြား
မှာ ပိုပြီးယုံကြည်ရင်းနှီးလာတယ် ။ နီးစပ်လာကြတယ် ။ လက်ထပ်ခြင်းပန်းတိုင်ရောက်အောင် ပန်းဝင်နိုင်ခဲ့ကြတယ် ။
ကိုယ်ချစ်သူကို ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ သိမ်မွေ့နူးညံ့ခြင်းကပိုပြီးထိရောက်စေတယ်လို့ ကျွန်မကတော့ မှတ်ယူမိတယ် ။တခါတလေ ချစ်သူစုံတွဲတွေကြား အက်ကြောင်းထပ် ပြသနာတွေကို ပူညံပူညံ ဖြေရှင်းနည်းထက် သိမ်မွေ့နူးညံ့တဲ့ ဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းပေးတတ်ကြမယ်ဆို ပိုပြီးအဆင်ပြေသွားတတ်တယ်ဆိုတာလေးကို ပြောချင်တာပါ ။ ဒီလိုနည်းလေးတွေကို ကျွန်မကတော့ ဘ၀နဲ့ရင်းပြီးမှ ရခဲ့ရသူပါ ။ ဒါပေမယ့် ကျွန်မရဲ့ စာဖတ်သူတွေကိုတော့ ဘ၀နဲ့ရင်းစရာမလိုပဲ သိအောင်လို့ မျှဝေပေးလိုက်ရခြင်းပါ ။ ချစ်သူစုံတွဲတိုင်း လက်ထပ်ခြင်းပန်းတိုင်ကို ပျော်ရွင်စွာဖြင့် ပန်းဝင်နိုင်ကြပါစေ ။

နည်းမှန် လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ် ဂုဏ်ယူတတ်ကြပါစေ ။




နည်းမှန် လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ် ဂုဏ်ယူတတ်ကြပါစေ ။


ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
အာတာနက်ကမ္ဘာလေးထဲ စာလေးတွေ လိုက်ဖတ်နေစဉ် * တုန် *ဆိုတဲ့အသံတစ်ခု စောင်းဘောက်ဆီကနေ ထွက်ကျလာတယ်  ။ *တုန်*ဆိုသောအသံမှာ တစုံတယောက်ဆီမှ စာရိုက်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသော အသံဖြစပါတယ်  ။ ဖတ်နေသောစာမျက်နှာကနေ ဖွင့်ထားပြီးတား ဖေ့ဘုတ်(စ်) စာမျက်နှာကို ကူးပြောင်းလိုက်၏ ။ ကျွန်မက ကွန်ပြူတာကို အချိန်တိုင်းနီးပါး ဖွင့်ထားတတ်သူပါ ။ အိပ်ယာနိုးချိန်ကနေ အိပ်တဲ့အချိန်ထိ ဖွင့်ထားတယ်ဆို ပိုမှန်ပါလိမ့်မယ် ။ ကွန်ပြူတာ ဖွင့်ပြီဆိုတာနဲ့ ပထမဆုံး ဖေ့ဘုတ်(စ်)ကို စပြီးဖွင့်ပါတယ် ။ သားလေးက အင်တာနက်ကို သူတက်ချင်တဲ့အချိန်တက်ကာ စာရိုက်တတ်တာမို့လေ ။ ကျွန်မဘ၀အတွက် အရေးကြီးဆုံးလူသားတွေဖြစ်တဲ့ သား နဲ့ သမီးစာရိုက်လာလျှင် ချက်ချင်း ပြန်ရိုက်နိုင်ရန်အတွက် ဖေ့ဘုတ်(စ်)ကို အမြဲတစေဖွင့်ထားဖြစ်ပါတယ် ။ အရစ်ရှည်နေတာနဲ့ စကားစပျက်သွားပြီ ။ တုန် ဆိုတဲ့ အသံလာရာ ဖေ့ဘုတ်(စ်) စာမျက်နှာရောက် တော့ ချက်မေးက စာရောက်နေကြောင်းပြနေပါတယ် ။ ဘယ်သူလဲ ကြည့်လိုက်တော့ ထင်တဲ့အတိုင်း သားလေးဆီက ဖြစ်နေ၏ ။ ချက်ချင်း ချက်ကွက်လေးကို ဖော်ကြည့်လိုက်တော့
*မေမေ ရေ သားပြောစရာရှိတယ် ။*
*အေး သားလေး ပြောလေ*
 *ကျောင်းမှာ အက်ဆေး ပြိုင်ပွဲရှိတယ်မေမေ ။ သားဝင်ပြိုင်မလို့ ။ ပြည်ကိုသွားပြိုင်ရမှာ မေမေ *
 *ဟုတ်လား *
 *ဟုတ်တယ် ။ အဲဒါလာပြောတာ သားသွားတော့မယ် ။ ခဏနေ ကားလာခေါ်တော့မှာ ။ ခုအိမ်ရှေ့မှာ ဆရာမတွေနဲ့ ကားစောင့်နေတာ ။ တာတာ့ မေမေ * ဆိုပြီး အင်တာနက်ပိတ်သွားပါတယ် ။
သားက ပိတ်သွားပေမယ့် ကျွန်မကတော့ အတွေးတွေထဲ မျောကျန်နေရစ်ခဲ့တယ် ။ ဟုတ်တယ် ။ ကျွန်မတွေးပြီ ။ ဘာလို့လဲဆိုတော့ ကျွန်မသားလေးက အက်ဆေး ရေးတာကို ၀ါသနာပါတယ်လို့ တခါမှ မသိခဲ့ဘူး ။ သူပန်းချီဆွဲ ၀ါသနာ ပါတာကိုတော့ သိတယ် ။ အက်ဆေး တွေရေးတာကိုတော့ တစ်ကြိမ်တခါမှ မတွေ့ဘူး မမြင်ဘူးပါဘူး ။ စိတ်ထဲ စနိုးစနှောင့်ဖြစ်နေမိတယ် ။ တခုခုတော့ လွဲနေတယ် ။ သားပြန်လာမယ့်အချိန်ကိုစောင့်ဖို့ပဲ ရှိတာမို့ အတွေးတွေကို ရပ်တန့်ကာ ဖတ်လက်စဆောင်းပါးလေးကို ဆက်ပြီး ဖတ်နေလိုက်၏ ။
တစ်နေ့ကုန်လုပ်စရာရှိတာတွေကို လုပ်နေရပေမဲ့ သားဆီကိုပဲ စိတ်ကရောက်နေပါတယ် ။ ညရောက်တဲ့အထိ သားဆီက ဘာစာမှမလာတော့ ကျွန်မနေလို့မရတော့ဘူး ။ ဖုန်းထဲ ပိုက်ဆံထည်ကာ သားဆီ ဖုန်းခေါ်လိုက်တယ် ။ မလေးရှားကနေ မြန်မာပြည်ကို ဖုန်းခေါ်ရတာလည်း ပိုက်ဆံက အရမ်းစားတယ် ။ ဖုန်းဝင်သွားတာနဲ့ သားလေးက တန်းကိုင်ပါတယ် ။ *သားရေ အင်တာနက်ဖွင့်ပြီး ဗိုက်ဘာတက်လာခဲ့ပါအုံး ။ မေမေ့ဖုန်းထဲ ပိုက်ဆံ 10ဖိုးပဲ ထည့်ထားလို့ * လို့ပြောပြီး ဖုန်းကိုချ ။ အင်တာနက်ကိုဖွင့် ဗိုက်ဘာထဲဝင် ကာ သားကို စောင့်နေလိုက်၏ ။ ခဏနေတော့ သားအကောင့်လေး online ဖြစ်လာတယ် ။ ဒါနဲ့ ဖုန်းခေါ်လိုက်ပါ တယ် ။
*သားရေ ဖြေနိုင်လား ။  *
 *ဟုတ်ကဲ့ မေမေ ။ *
* သားကိုမေးစရာရှိတယ် ။*
*ဟုတ် မေးလေ မေမေ *
 *သားက ဘယ်တုန်းက အက်ဆေး ရေးတာ ၀ါသနာပါသွားတာလဲ*
*မပါ ပါဘူးမေမေရာ ။ အက်ဆေး က ဆရာမ ရေးပေးတာ ။ သားက  ဆုရချင်လို့ ၀င်ပြိုင်တာ ။*
*အယ် ။ သား မှားတယ် ။*
 *ဘာလို့လဲ မေမေ။ ဘာကို မှားတာလဲ*
*အေး သားမှားတာကို မေမေပြောပြမယ် ။ မေမေပြောနေတုန်း သားလေးဖြတ်မပြောရဘူးနော် ။ သေချာ နားထောင် ။ လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်ကြိုးစားအားထုတ်မှု့ရှိမှ ရနိုင်တယ်သား ။ ကိုယ်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှူရတာဟာ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူရတာထက် ပိုပြီး အသက်ရှူလို့ဝစေတယ် ။ လောကမှာ သင်ယူ ပျိုးထောင်ယုံနဲ့ ဖြစ်မလာနိုင်တဲ့အရာတွေထဲမှာ စာပေအနုပညာလည်း ပါဝင်တယ် ။ ဆရာဝန်တစ်ယောက်ဖြစ်အောင် မိဘက အတင်းတိုက်တွန်းလို့ ဆရာဆရာမတွေက ကြီးကြပ် ကြပ်မတ်လို့လို့ရနိုင်တယ် ။ စာပေအနုပညာသည်တစ်ယောက် ဖြစ်လာဖို့ကျတော့  ကိုယ်တိုင်ကိုယ်ကျ အရည်ချင်းရှိမှ ၊ ၀ါသနာလည်းလည်းပါမှ ၊ စန်းလည်းရှိအုံးမှ ဖြစ်ထွန်းနိုင် တာမျိုးပါ သား ။ တိုက်တွန်းတိုင်း ၊ သင်ယူတိုင်း စာရေးဆရာ ၊   ကဗျာဆရာ ဖြစ်မလာနိုင်ဘူး ။ ခုကိစ္စကို ဆက်ပြောမယ် ။ ဆရာမရေးတာကို သားဝင်ပြိုင်တယ် ။ တကယ်လို့ ဆုရခဲ့ရင်တောင် မေမေဂုဏ်မယူဘူး ။ ဘာလို့လည်းဆိုတော့ အမေ့သားကိုယ်တိုင်ရေးထားတဲ့ အက်ဆေး မှ မဟုတ်တာ ။ ရှဲဒိုးဆိုတဲ့ စကားလုံးကို မေမေမုန်းတယ်သား ။ မေမေ မုန်းတဲ့ စကားလုံးရဲ့အောက်ကို အမေ့သားနောက်တစ်ကြိမ်မ၀င်မိပါစေနဲ့ ။ မေမေ ငယ်ငယ်က ကဗျာဆုတွေ ခဏခဏရခဲ့ဘူးတယ် ။ အဲဒီတုန်းက မေမေပျော်ခဲ့တယ် ။ ခုအသက်ရွယ်မှာ မေမေ မပျော်တော့ဘူး ။ အဲဒီဆုတံဆိပ်တွေကို မြင်တိုင်းလည်း မေမေရှက်တယ် ။ ဘာလို့လည်းသိလား ။ မေမေမှ ကဗျာမရေးတတ်ခဲ့တာ ။ သားလိုပဲ ဆုရချင်တဲ့ စိတ်နဲ့ ဆရာမရေးပေးတဲ့ကဗျာတွေကို ကျက်ပြီး ၀င်ပြိုင်ခဲ့တာလေ ။ မေမေ ဘယ်တုန်းကမှ ကဗျာမရေးတတ်ဘူးသား ။ ခုလည်း မရေးတတ်ဘူး ။ သားလည်း မေမေလိုအသက်ရွယ် အသိတွေရှိလာမှ ရှက်တတ်လာမှထက် ခုချိန်ကတည်းက ရှဲဒိုးဆိုတဲ့ ခေါင်းစဉ်အောက်ကို မ၀င်မိဖို့လိုတယ် ။ ဆုဆိုတာ ထိုက်တန်သူတွေကို ပေးတဲ့ ဂုဏ်ပြုအမှတ်သားတစ်ခုပါသား ။ တန်ဖိုးရှိတဲ့ အမှတ်သားတစ်ခုကို အတုယောင်တွေနဲ့ မယူချင်ပါနဲ့သားရယ် ။ သားပန်းချီဝါသနာပါတယ်မလား ။ သားဝါသနာပါတဲ့ အရာကိုဘဲ ကြိုးစားပါ ။ ဂုဏ်တစ်ခုကို ရရှိပိုင်ဆိုင်ဖို့ အတုယောင်နည်းတွေနဲ့ ကိုယ့်ကိုယ်ကို မဖျက်ဆီးပါနဲ့ ။ အချုပ်ပြောချင်တာက သားလိုချင်တာကို သားကိုယ်တိုင် နည်းမှန်လမ်းမှန်နဲ့ ကြိုးစားယူပါ ။ အဲဒီနည်းမှန် လမ်းမှန်နဲ့ ရလာတဲ့ အောင်မြင်ခြင်းအပေါ်မှာပဲ ဂုဏ်ယူတတ်ပါ ။ မေမေလည်း စစ်မှန်တဲ့ သားရဲ့ အောင်မြင်ခြင်းအပေါ်မှာပဲ ဂုဏ်ယူချင်တယ် ။ နောက်ကို ဒါမျိုးဘယ်တော့မှ မလုပ်တော့ပါဘူးလို့ မေမေကို ကတိပေးပါ *
*ဟုတ်ကဲ့ မေမေ ။ သားနောက်ကို မလုပ်တော့ပါဘူး ။ ဒါပေမယ့်လေ ဆရာမတွေက သားကို ၀င်ပြိုင်ဖို့ပြောလာရင် သားက မပြိုင်ချင်ဘူးလို့ငြင်းလိုက်ပြန်တော့ သားကိုအမြင်ကတ်မှာပေါ့မေမေ ။ ပန်ချီပြိုင်ပွဲတုန်းကလည်း သားကဒုတိယရတယ်လေ ။ ကိုယ်ဘာကိုဆွဲတာမေမေ ။ ပထမ ဆုရသွားတဲ့သူကလေပန်ချီဆရာဆီမှာ အပ်ပြီး ဆွဲလာတာ ။ *
*သူတို့သမိုင်း သူတို့ရေးတာသား ။ လမ်းနည်းမမှန်တဲ့ နည်းကိုသုံးပြီးရတဲ့ဆုကို သားမမက်မောပါနဲ့ ။ ခုဘဲ သားသူလမ်းစဉ်ကိုလိုက်မိပြီ ။ ဒါလမ်းမှားကြီးပါ သား ။ ဘယ်တော့မှ မလိုက်မိစေနဲ့နော် ။ သားကမပြိုင်ဘူးပြောလို့ ဆရာမက အမြင်ကတ်မယ်ဆိုလည်း ကတ်ပါစေသားရယ် ။ အရေးမကြီးပါဘူး ။ အဓိကအရေးကြီးတာက အချောင်ခိုပြီး သူများအားကိုးချင်တဲ့စိတ်တွေ အမေ့သားဆီမှာ ရှိမနေဖို့ပဲ အရေးကြီးတယ် ။ မေမေကို ပေးထားတဲ့ ကတိကိုတည်ပါစေနော်သား ။*
*ဟုတ်ကဲ့ မေမေ ။*
*ကဲ သားလည်းအိပ်တော့ မေမေ ဖုန်းချတော့မယ် ။ ဘုရားဝတ်ပြုဖို့ မမေ့နဲ့ ။ ဘွားဘွားကြွေကို ကန်တော့ဖို့လည်း မမေ့နဲ့နော် သား ။ မေမေ ဖုန်းချပြီ *
သားနဲ့ ဖုန်းပြောပြီး ကျွန်မရင်ထဲ မောဟိုက်နေတယ် ။ စိတ်တွေလည်း လေးပင်နေတယ် ။ ငယ်ဘ၀တွေဆီကို အလည်သွားမိပြန်ပါတယ် ။ ကျွန်မ ခြောက်တန်း ခုနှစ်တန်း ရှစ်တန်း ကိုးတန်းလောက်မှာ ကျောင်းမှာ ပြုလုပ်တဲ့ ကဗျာပြိုင်ပွဲတွေ တော်တော်များများမှာ ကျွန်မကိုသိပ်ချစ်တဲ့ မြန်မာစာဆရာမတစ်ယောက် ရေးပေးတဲ့ ကဗျာလေးတွေနဲ့ အမြဲတစေ ၀င်ပြိုင်ဖြစ်ခဲ့တယ် ။ အဲဒီအချိန်တုန်းက ပြိုင်ပွဲဝင်ကျောင်းသား အားလုံးလိုလို ဆရာ ဆရာမတွေ ရေးပေးတဲ့ ကဗျာတွေနဲ့ ပြိုင်ခဲ့ကြတာချည်းပါပဲ ။ ဒီတုန်းက ဆုတွေရတော့ သိပ်ပျော်ကြတာပေါ့ ။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း ကျွန်မတွေးတယ် ။ တကယ်တော့ ကဗျာဆိုတာ ကျွန်မလုံးဝ မရေးတတ်သောအရာတစ်ခုပါ။ ကိုယ်မရေးတတ်တဲ့ အရာတစ်ခုကို ကိုယ်ရေးသလို ဟန်ဆောင်ပြီး  ဆုတွေ ယူလာမိတာ ရှက်စရာအတိပါလားဆိုတဲ့ အသိဝင်လာချိန်မှာ ရဖူးထားတဲ့ ဆုတံဆိပ်တွေကို ကျွန်မ မမြင်ချင်တော့ဘူး ။
တကယ်တော့ ငယ်ရွယ်တဲ့ ကျောင်းသားအရွယ်ဆိုတာ ဖယောင်းလေးတွေလိုပါပဲ ။ လိုရာပုံသွင်းလို့ အကောင်းဆုံးအချိန်ခါပေါ့ ။ ဒီလိုအသက်ရွယ်မျိုးမှာ ကလေးတွေကို ပုံသွင်းပေးတဲ့ မိဘ ဆရာသမား တွေအနေနဲ့ ပုံသွင်းမမှားဖို့တော့ အထူးလိုအပ်ပါတယ် ။ မိဘတွေအနေနဲ့လည်း ငါ့သားလေး ငါ့သမီးလေး ဆုတွေရရင် ဂုဏ်ရှိပြီဆိုတဲ့ အတွေးတစ်ခုနဲ့ အလွယ်လမ်းစဉ်တွေကို မရွေးမိပါစေနဲ့ ။ ပိုက်ဆံပေးဖန်တီးမှုတွေဟာ မိမိသားသမီးမှာ ရှိနေပြီးတား အရည်ချင်းတွေကို မှေးမှိန်ပျောက်ကွယ်သွားစေတတ်ပါတယ် ။ ဆရာ ဆရာမတွေအနေနဲ့လည်း အထက်ဖော်ပြခဲ့တဲ့ ကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်းမှ ရှောင်ယှဉ်သင့်ပါတယ် ။ ပြိုင်ပွဲတစ်ခုရှိလာပြီဆို စာတော်တဲ့ ကလေးတိုင်းဟာ တခြားဘက်စုံမှာ အကုန်ဆုရနေရမယ်ဆိုတဲ့ အတွေးမျိုးတွေကို ဆရာ ဆရာမတွေအနေနဲ့ မထားသင့်တော့ပါဘူး ။
အတန်းပညာမှာ တော်ကြပေမယ့် တခြား နေရာတွေမှာ သူတို့ထက် တော်သူတွေရှိနေနိုင်ပါတယ် ။ စာမတော်ပေမယ့် ကဗျာရေးတော်သူတွေ ၊ စာရေးတော်သူတွေ ၊ ပန်းချီတော်သူတွေ အများပြားရှိနေနိုင်ပါတယ် ။ ဥပမာဆိုရရင် ငါးတန်းကလေးတွေရဲ့ ကဗျာပြိုင်ပွဲတစ်ခုမှာ ကလေးတွေ အသီးသီးဝင်ပြိုင်ကြမယ် ။ တကယ်ကဗျာရေးဖို့ ၀ါသနာပါသူတွေ ပါနိုင်တယ် ။ သူအသိဟာ ငါးတန်းကလေးတစ်ယောက်ရဲ့ အသိနဲ့ သူဝါသနာပါရာ ကဗျာလေးတွေကို သီကုံးပြီးပြိုင်ပွဲဝင်တယ် ။ ဒီမှာ ဆရာ ဆရာမက ဆရာ ဆရာမတစ်ယောက်ရဲ့ အသိနဲ့ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို စာတော်တဲ့ ကလေး ကဗျာမရေးတတ်တဲ့ ကလေးတစ်ယောက်ကို ပေးပြီးဝင်ပြိုင်ခိုင်းလိုက်မယ် ။ ဆရာ ဆရာမရေးပေးတဲ့ ကဗျာက ဆုရလာတယ် ။ တကယ် စစ်မှန်တဲ့ ပြိုင်ပွဲဖြစ်သွားရဲ့လား ။ ငါးတန်းကလေးတွေအတွက် ကျင်းပပြုလုပ်တဲ့ ကဗျာပြိုင်ပွဲဟာ ငါးတန်းကလေးတွေရဲ့ နှလုံးသားထဲက အစစ်အမှန်ထွက်ကျလာတဲ့ ကဗျာလေးတွေဘဲ ဖြစ်သင့်ပါတယ် ။ ဒီလိုတွေ ရေးပေးနေတာဟာ နုနယ်တဲ့ကလေးတွေကို လမ်းမှားတစ်ခုပေါ်တွန်းပို့နေတယ်လို့ ထင်မြင်ယူဆမိပါတယ် ။
 ဆရာ ဆရာမတွေအနေနဲ့ ကလေးတွေရဲ့ ရင်ထဲက အနုပညာကို နည်းလမ်းပေးဖို့လိုအပ်ပါတယ် ။ ပုံတူကူးချတတ်အောင် လမ်းမညွှန်သင့်ပါဘူး ။ ကဗျာ အက်ဆေး ဆောင်းပါးတွေကို ရေးချင်တဲ့ ကလေး ၊ ၀ါသနာပါတဲ့ ကလေးတွေကို လမ်းကြောင်းပေး လမ်းညွှန်ဖို့ပဲ လိုအပ်ပါတယ် ။ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ ထင်ချင်လည်းထင်ပါ ။ အနာဂတ်ကျွန်မတို့ တိုင်းပြည်အတွက် ရင်သွေးငယ်တိုင်းဟာ စစ်မှန်တဲ့ကိုယ်ပိုင်အရည်ချင်းတွေနဲ့ မိမိတို့ဘ၀တွေကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ် ။ ဒီလိုတည်ဆောက်နိုင်ဖို့ဆိုတာ လက်ဦးဆရာ မိနဲ့ဘ ဆိုတဲ့အတိုင်း မိဘ ဆရာသမားတွေဟာ အဓိကကျလှပါတယ် ။ မိမိတို့ရင်သွေးငယ်တွေကို နည်းလမ်းမှန်တဲ့ အောင်မြင်ခြင်းတွေဆီကို ခေါ်ဆောင်ပေးကြပါ ။ နည်းမှန် လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ် ဂုဏ်ယူတတ်အောင် ပြုစုပျိုးထောင်ပေးကြပါလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတော့၏ ။