တစ်နေ့မှာ ဒီနေရာလေးကို ကျွန်မတို့လည်း ရောက်လာကြရအုံးမှာပါ
နေ၀င်ဆည်းဆာကို ခံစားရင်း အတွေးနယ်ချဲ့နေတဲ့ကျွန်မ " အမ စားစရာတွေ
နောက်ကလာပို့လိမ့်မယ် " ဆိုတဲ့ စကားသံလေးကြောင့် အတွေးဆတွေကို
အနားပေးလိုက်ရပါတယ် ။ ကျွန်မ စင်ကာပူနိုင်ငံကို ခဏရောက်နေသူပါ ။
ဒီနေ့တော့ မြန်မာပြည်မှာ အိမ်ဘေးချင်းကပ်နေလာတဲ့ မောင်လေးက
ညနေအလုပ်ဆင်းချိန် တစ်ခုခုသွားစားရအောင်လို့ လာခေါ်တာနဲ့ မောင်လေးနဲ့ ကျွန်မ
ညနေဆည်းဆာအလှကို ခံစားရင်း ကမ်းခြေက စာသောက်ဆိုင်တန်းတွေကို ရှိရာကို
ရောက်လာခဲ့ကြပါတယ် ။ ထိုင်ဖို့နေရာ ရဖို့အတော်လေးရှာပြီး ကျွန်မကို
ထိုင်စောင့်ခိုင်းပြီး မောင်လေးက စားစရာတွေကို သွားမှာပါတယ် ။ ဒီအချိန်မှာ
ပင်လယ်ပြင်ကိုငေးမောရင်း အတွေးတွေကို နယ်ချဲ့နေမိခြင်းပါ
။ အစားသောက်တွေကို စောင့်နေစဉ် မောင်နှမ နှစ်ယောက်
စကားလေးတပြောပြောနဲ့ မောင်လေးက သူစင်ကာပူမလာခင်က အကြောင်း အရာတွေဆီကို
ရောက်ရှိသွားခဲ့တယ် ။
" မကြီးရာ ကျွန်တော် ဒီမလာခင်ကဆို အဒေါ်တွေဆီကတောင်းလိုက် ၊
ဦးလေးတွေဆီက တောင်းလိုက် ၊ မိဘတွေဆီ တောင်းလိုက်သုံးလာခဲ့တာနော် ။
ခုချိန်မှာ ကျွန်တော်ဝင်ငွေလေးနဲ့ အားလုံးကို ပြန်ပြီးပို့နိုင်ခဲ့ပြီလေ။
ယူသူရဲ့ ခံစားချက်နဲ့ ပေးသူတစ်ယောက်ရဲ့ ခံစားချက်တော်တော် ကွာတယ်ဗျာ။
ကိုယ်မိဘ ကိုယ်အဒေါ် ဦးလေး တွေကို ကိုယ်က ပြန်ကန်တော့ရတဲ့ ဖီလင်က
ပိုခံစားလို့ကောင်းတယ် ။ ပေးသူတစ်ယောက်ရဲ့ ပီတိလေးက ပိုကောင်းတယ် မကြီးရယ် "
ရုတ်တရက် ကျွန်မ ဘာပြန်ပြောရမလဲ မသိအောင် ဆွံ့အသွားမိတယ် ။
သိပ်ကိုတန်ဖိုးရှိတဲ့ စကားစုလေး တစ်ခုဆိုတာကိုတော့ ရင်ထဲက ပီတိတွေက
သက်သေခံနေပါတယ် ။ နောက်မောင်လေးက ဆက်ပြောတယ် ။
" ကျွန်တော် ဂျီတီအိုင်တက်နေတဲ့ အချိန်တုန်းကဆို ဆိုက်ကယ်
အရမ်းစီးချင်တယ် ။ အိမ်ကလည်းဝယ်ပေးနိုင်တဲ့ အခြေနေရှိတယ် ။ ဒါပေမယ့်
ဝယ်မပေးခဲ့ဘူး ။ အဲဒီအချိန်တုန်းက စိတ်ထဲက တမင်ဝယ်လို့ရတာကို
ဝယ်မပေးဘူးပေါ့ စိတ်တွေဆိုး မိတယ် ။ခုလေ ကျွန်တော် ညီလေးတွေကို ကျွန်တော်
ဝယ်ပေးနိုင်ပြီ ။ ဒါပေမယ့် မ၀ယ်ပေးချင်ဘူး ။ မူးပြီးများမောင်းခဲ့ရင် ၊
ကလေးချင်းတွေ အပြိုင်စီးတာမျိုးတွေဆိုရင် ဆိုတဲ့ ပူပန်မှုတွေ ရင်ထဲကို
တန်းစီရောက်လာတယ် မကြီးရေ "
သူအမှန်တကယ် မိဘနေရာကို မရောက်သေးတာတောင် မိဘတစ်ယောက်ရဲ့
စိုးရိမ်ပူပန်ခြင်းတွေကို တွေးတတ် ၊ မြင်တတ်နေပါပြီလားဆိုတဲ့
ပီတိအပြုံးလေးနဲ့ နားထောင်နေမိပါတယ် ။ အလုပ်နဲ့အချိန်ဆိုတဲ့သမားတော်က
နားလည်ခံစားတတ်အောင် သေချာတဲ့ သင်ခန်းစာတွေကို လက်တွေ့သင်ပေးလိုက်တယ်ဆို
ပိုမှန်ပါလိမ့်မယ် ။
ကျွန်မတို့ ငယ်ငယ်ကလူကြီးတွေကို အပြစ်မြင်မိတာတွေ ၊ တွေးမိခဲ့တာတွေက
ကျွန်မတို့တစ်နေ့ တွေးတော ပူပန်ရမယ့် ရမယ့် ကိစ္စတွေဆိုတာကို
ကြိုတင်ခံစားသိမြင်ခဲ့ရင် မိဘတွေကို အပြစ်မြင်မိမှာလား လို့
မဆီမဆိုင်တွေးမိ လိုက်ပါသေးတယ် ။ တကယ်တော့ လူကြီးဆိုတဲ့သူတွေရဲ့
အတွေးခေါ်တွေ နောက်ကျ ကျန်ချင်ကျန်ခဲ့ပါမယ် ။ သူတို့ ရခဲ့တဲ့ အတွေ့ကြုံတွေဟာ
ကျွန်မတို့ လူငယ်တွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဆိုတာ
လူငယ်တွေ သဘောပေါက် နားလည် စေချင်မိပါတယ် ။ တစ်နေ့မှာ ဒီနေရာလေးကို
ကျွန်မတို့လည်း ရောက်လာကြရအုံးမှာပါ ။ ကိုယ်တွေ့ကြုံမှ
ပိုသိတယ်ဆိုတာမှန်ပေမယ့် အမှားတွေကို ကိုယ်တွေ့ကြုံမှ ပြင်ဆင်ရတာထက်
သိရှိနားလည် ကြုံခဲ့ဘူးသူတွေက ပြောဆို ထောက်ပြတာမျိုးတွေကို အလေးထား
မှတ်သားဆင်ခြင် ခြင်းအားဖြင့် လူကြီးနဲ့ လူငယ်ကြား ဖြစ်ပွားတတ်တဲ့
နားလည်မှု လွဲချော်ခြင်းတွေကို ဖယ်ရှားနိုင်ပါစေလို့ ဆုမွန်ကောင်းလေး
တောင်းနေမိပါတော့တယ်
No comments:
Post a Comment