Friday, May 16, 2014

အပြစ်မဲ့ ချစ်ခြင်းတရား



အပြစ်မဲ့ ချစ်ခြင်းတရား

ခိုင်လေး (ရွှေတောင်)

မိတ္ထီလာကန်ဝယ်.......ဖားကောက်ခဲ့ပါ့ကွယ်......ဗျိုင်းရှေ့ ကပျံကာပျံကာရယ်..... မိုးစုန်းစုန်းချုပ်ပေါ့..သမီးငယ်ရယ်........အိပ်ပါတော့ကွယ်......ကြောင်ကြီးကိုက်လိမ့်မယ်.......အိပ်ယာကနိုးရင်.....ကျောင်းသွားရဦးမယ်......မျက်စိမှိတ်ထားကွယ်......အိပ်မက်လှလှမက်စေဖွယ်........
အမေ့ခြေရာနင်းမယ်..
....အလှကြိုက်တဲ့သမီးငယ်ရယ်.......သမီးကျောင်းသွားချိန်မှာပန်စရာ......ပန်းလှလှလေးခူးပေးမယ်ကွယ်......ပါးကွက်ကွက်ပေးမယ်.....နေတစ်ဖက်လတစ်ဖက်လို........ပါးပေါ်တင်ထားတဲ့ဝလုံးဝိုင်းဝိုင်းလေးလို......သမီးလေးရေးတတ်အောင်......စောစောကျောင်းသွားဖို့အိပ်ပါကွယ်.......
ကြည်ပြာသည်လသားအရွယ်ကလေးလေးအားရင်ခွင်ထဲတွင်ထွေးပိုက်ကာချော့မြူနေသည် ။ ဖြူဖြူကစ်ကစ် ကလေးငယ်လေးမှာရှိလှ ခြောက်လ ၊ ခုနှစ်လအရွယ်ခန့်သာရှိပေမည် ။ ချစ်စဖွယ်ကောင်းလှသည့် သမီးငယ်လေးတစ်ဦးပင် ။ သမီးလေးကိုတေးဆိုချော့မြူနေသော ကြည်ပြာတစ်ယောက် သားချော့တေးအားထပ်ကာထပ်ကာမမောနိုင်အောင် သီဆိုနေမိသည် ။ ရင်ခွင်ထဲမှ သမီးငယ်လေးသည် မှိတ်ရမည့် မျက်လုံးကိုအစွမ်းကုန် ပြူးကျယ်လို့ထားလေ၏ ။ သမီး၏ လက်သေးသေးလေးများက ကြည်ပြာမျက်နှာအားပွတ်သတ်ဆော့ကစားနေကြသည် ။ အိပ်ပါတော့ သမီးလေးရယ်ု စိတ်ထဲမှ အခါခါ ပြောနေမိသည် ။
တေးသီချင်းကိုနားဆင်ရင်းတဖြည်းဖြည်း အိပ်ပျော်သွားသည့် သမီးငယ်အားအိပ်ယာပေါ်သို့ အသာလေးချလိုက်သည် ။ နှစ်ခြိုက်စွာအိပ်မောကျနေသည့် သမီးလေးကိုငုံ့မိုးကြည့်နေရင်း ကြည်ပြာမျက်ဝန်းအစုံ ရီဝေလို့လာရသည် ။ သမီးမျက်နှာဖြင့် ခပ်ဆင်ဆင်တူသောအမျိုးသားတစ်ဦး၏ ပုံရိပ်များသည် ကြည်ပြာမျက်လုံးအိမ်ထဲပုံပေါ် ထင်ဟပ်လာ၏ ။ သမီးလေး ကိုယ်ဝန်ရှိပြီဆိုတာ သိလိုက်ရသည့်အချိန်မှစ ကြည်ပြာဘေးကနေပျောက်ချင်းမလှပျောက်သွားခဲ့လေသူ ။ ရံဖန်ရံခါ ကြည်ပြာအသိစိတ်ထဲသို့ သူရောက်လာတတ်၏ ။ တွေးရင်းငေးရင်းအတိတ်၏ ပုံရိပ်လွှာတို့သည်  ရုပ်ရှင်တကားနှယ် ပြန်လည်၍အစီစဉ်တကျ ပုံပေါ်လာကြလေသည် ။
အိမ်တွင် မည်သူမှ မရှိသောနေ့လည်နေ့ခင်းများတွင် ကြည်ပြာဆီသို့ သူရောက်ရောက်လာတတ်သည် ။ ကြည်ပြာ၏ အထီကျန်ခြင်းအချိန်တွေကိုသူ၏ စကားသံချိုချိုတွေဖြင့် ကုစားပေးတတ်ပါသည်။သူသည လူချောတစ်ယောက်မဟုတ်ပေမယ့် ကြည့်ကောင်းသူတစ်ယောက် ။ စကားလုံးချိုချိုလေးတွေကိုမှ ရွေးချယ်ပြောတတ်သူပင် ။ သူစကားပြောသည်ကိုနားထောင်မိချိန်တိုင်းတအံ့တသြငေးကြည့်နေခဲ့ရတာချည်းပါပဲ ။ကြည်ပြာအနားကိုသူရောက်လာသည်နှင့် အလိုလိုနေရင်းကြည်ပြာနှလုံးသားတွေ ဆူပွက်လာတတ်၏ ။ မည်သူ့ ကိုမှ ချစ်ရကောင်းမှန်းမသိခဲ့သည့်ကြည်ပြာအားချစ်တတ်လာအောင် သူပဲသင်ပေးခဲ့သည် ။ သူနှင့် စကားတွေပြောရင်းအတိုင်းတာတစ်ခုထိတိုင်အောင် ကြည်ပြာတို့ ရင်းနှီးကျွမ်းဝင်မိခဲ့ကြသည် ။ သူရဲ့ လှည့်ကွက်တွေကိုမသိနားမလည်ခဲ့သူတစ်ယောက်အဖြစ် ရိုးသားစွာမြတ်နိုးတွယ်တာမိခဲ့သည့် ကြည်ပြာအပေါ် ရသမျှ အခွင့်ရေးကိုလက်မလွှတ်တမ်း အသုံးချသွားလေ၏  ။သူမျက်လုံးများသည် အပြစ်ကင်းစင်သည့် သမီးငယ်၏ မျက်လုံးများဖြင့် တူညီကာ ၀ိုင်းစက်လျှက်ရှိသည် ။ မတူညီသည်က သူသည် အင်မတန်ကောက်ကျစ်သည်။
သူနှင့်တွေ့ချိန်တိုင်းသူ့ကိုပြူးကြောင်ကြောင်ကြည့်နေတတ်သည့်ကြည်ပြာအားချိုမြိန်သည်ဟု့အဓိပ္ပါယ်သက်ရောက်စေသောစကားပေါင်းများစွာအားသူဆိုခဲ့ဖူး၏။သူအပေါ်၌မျှော်လင့်ချက်ဆိုသောအရာထားရကောင်းမှန်းမသိခဲ့သူတစ်ယောက်ဆီမှ ရနိုင်သမျှအကုန်ယူလို့သွားခဲ့သည် ။ သူဆန္ဒတွေ ပြည့်ဝချိန်သည် ကြည်ပြာ၏ ၀မ်းကြာတိုက်ထဲ၌သမီးလေးဟူသည့် ရင်သွေးငယ်လေးရောက်ရှိနေခဲ့လေပြီ ။ ကြည်ပြာနှလုံးသား၏စင်ကြယ်သောချစ်ခြင်းတေသည် သူလိုအင်ဆန္ဒတစ်ခုအတွက် ခုတုံးလုပ်အသုံးချသွားခြင်းကိုခံခဲ့ရလေသည် ။ ထိုအချိန်ကစ ကြည်ပြာဘ၀ထဲကနေ သူဆိုတဲ့ လူသားတစ်ယောက် ပျောက်ချင်းမလှ ပျေက်သွားခဲ့လေတော့၏ ။ သမီးလေးရဲ့ ဖေဖေဆိုသူသည် ဘယ်ဆီကိုရောက်သွားမှန်းမသိတော့ပေ။အိမ်ရှိလူသားတို့သည်ဘ၀အတွက်လှုပ်ရှားရုန်းကန်နေရသူ တွေမို့ ကြည်ပြာအခြေနေကိုမသိခဲ့ကြပေ ။  တဖြည်းဖြည်း စူတူတူဖြစ်လာသည့် ၀မ်းဗိုက်လေးကို သတိထားမိချိန်မှအဘ ၊ အမ နှင့်မမကြီးတို့ အခြေနေအားလုံးကိုသိရှိခဲ့ကြသည် ။
တခါတရံ၌ထိုသူအားသတိရနေမိသည်။ယခုလည်းသမီးကိုကြည့်နေရင်းသမီးနှင့်ဆင်သောသူ့အားသတိရနေမိပြန်ပြီ ။ သူသည် ကြည်ပြာဘ၀ထဲသို့ခဏလာခဲ့သောဧည့်သည်တစ်ဦးပင် ။ လာခြင်းကောင်းသည့် ဧည့်သည်မျိုးတော့ မဟုတ်တန်ဘူး ။ ကမ္ဘာမြေကြီးရဲ့ တစ်ခုသောနေရာမှာသူရှိနေမည်။နောက်ထပ်အမျိုးကောင်းမိန်းကလေးတွေအားရှာဖွေအသုံးတော်ခံနေအုံးမည်ပေါ့ ။ တွေးရင်းဖြင့် ကြည်ပြာရင်တွေ ပူလောင်လာသည် ။ စိတ်တွေ ရှုပ်ထွေးနောက်ကျိလာ၏ ။ စိတ်သည် လေဟာနယ်တစ်ခုထဲသို့ ရုတ်ချည်းရောက်ရှိသွားပြန်သည် ။ ထိုလေဟာနယ်ထဲတွင် သမီးလေးလည်းရှိနေသည် ။ စိမ်းလန်းစိုပြေနေသည့် စပါးပင်တွေလည်းရှိနေသည် ။ စိမ်းစိုနေသည့် စပါးပင်တွေကြားသမီးလေးကလဲလျောင်းချလိုက်သည် ။ ပြီးနောက် တခစ်ခစ် ရယ်မောနေလေ၏ ။ စပါးပင်တွေကြားသမီးနည်းတူပြေးလွှားနေရင်းမှသမီးအနားတွင်ထိုင်ချလိုက်သည် ။ အပြုံးချိုချိုများဖြင့် အလွန်ချစ်စရာကောင်းနေသောသမီး၏မျက်နှာလေးအားငုံ့မိုးကြည့်နေမိရင်းအနားရှိစပါးပင်လေးတစ်ပင်ကိုဆွဲနုတ်လိုက်သည်။ထိုနောက်လက်ထဲပါလာသောစပါးပင်လေးဖြင့်သမီးမျက်နှာလေးအားကလူကျီဆယ်နေမိပါ၏ ။ တခစ်ခစ်ရယ်မောနေသည့် သမီးလေး၏ ခနာကိုယ်အနှံ့ပြားထိုစပါးပင်လေးဖြင့် တို့ထိကစားနေမိလေသည် ။
*ဟဲ့ ကြည်ပြာကလေးကိုဘာလုပ်နေတာလည်း ။ အောင်မလေးကိုယ်ကျိုးတော့ နည်းပါပြီတော် *
ရုတ်တရက်ထွက်ပေါ်လာသောမမအသံသည်ကြည်ပြာ၏အတွေးအိမ်မက်အားလုံးကိုပုတ်နိုးလိုက်သည့်နှယ် ။ ကြည်ပြာတစ်ယောက်အိပ်မက်နေရာမှာ နိုးလာသည့် သူတစ်ဦးပမာ ဖြစ်နေခဲ့၏ ။ မမသည်  အခန်းပေါက်ဝမှ ကြည်ပြာဆီသို့ လျှပ်စီးလက်သကဲ့သို့သောအမြန်နှုန်းဖြင့်ချက်ချင်းရောက်လာသည် ။အိပ်ယာပေါ်တွင်ရှိနေသောအဖြစ်ပျက်တို့ကိုတွေ့လိုက်ပြီးသကာလ ရင်ဘတ်စည်တီးကာအော်လေ တော့သည် ။
*အောင်မလေးလာကြပါအုံးတော် ။ ကိုယ်ကျိုးတွေ နည်းငယ်ပါပြီ ။ အဘတို့ အမတို့ရေ ။ လာကြပါအုံးတော့ ။ လာကြပါအုံး ။ *
အမအော်သံကြောင့် ကြည်ပြာတို့ အိမ်ဝန်းလေးထဲသို့ လူအများ စုဝေးရောက်ရှိလာကြ၏ ။ လူတွေကိုကြည့်လိုက် အမကိုကြည့်လိုက်ဖြင့် ကြည်ပြာတစ်ယောက် ကြောင်ကြောင်တောင်တောင် ဖြစ်နေသည် ။ ထိုအချိန်တွင် ကြည်ပြာအသိထဲဖျက်ခနဲအလင်းလေးတစ်ချက် ဖြာသွား၏ ။ ထိုအလင်းနဲ့ အတူအသိတွေ ပြန်လည်နိုးထလာကြသည် ။ အသိရဲ့ လှုံဆော်မှု့ကြောင့် ချက်ချင်းသတိဝင်လာသည် ။ ဘာတွေ ဖြစ်နေကြတာလဲ ။ အနားရှိသမီးကိုငုံ့ကြည့်လိုက်မိချိန် အို! ဆိုသည့် အာမေဋိတ်အသံတစ်ခုနဲ့ အတူသူမတစ်ကိုယ်လုံးယိုင်ကြသွားလေသည် ။ သတိပြန်လည်ချိန်ကြည်ပြာနှုတ်ဖျားမှ တစ်တွတ်တွတ်ရေရွတ်နေမိသည်က
* ဟင်အင်းမဟုတ်ဘူး ။ ကြည်ပြာစပါးပင်လေးနဲ့ သမီးကိုစနေတာ ။ ဟုတ်တယ် စပါးပင်လေးနဲ့ စနေခဲ့တာပါ ။ သမီးလေးကတောင် ရယ်မောလို့ ပျော်နေခဲ့တာပါ *

ဒီစကားကိုသာအထပ်ထပ် ရေရွတ်နေပါတော့၏ ။ငြိမ်သက်ကာအသက်ကင်းမဲ့နေပြီဖြစ်သည့် သမီးငယ်၏ ခန္ဓာကိုယ်လေးအားထွေးပိုက်ရင်းရယ်လိုက် ငိုလိုက်ဖြစ်နေသည် ။ ကြည်ပြာလက်တွင်းရှိနေသောကလေး၏ အလောင်းအားမနည်းပြန်တောင်းယူကြရသည် ။ ထိုအချိန်မှစတင်ပြီး ကြည်ပြာတစ်ယောက် အသိလုံးဝမရှိတော့ဘဲ အရူးမလေးလုံးလုံး ဖြစ်သွားပါတော့၏ ။ ကြည်ပြာစိတ်ထဲတွင်ရှိနေသည့်က သားချော့တေးလေးတစ်ပုဒ် ။ အထပ်ထပ်ရှင်းပြနေသည့် စကားစုလေးတစ်စု ။ ဆိုးရွားလာသည့် အခြေနေကြောင့် သမီးနာရေးမပြီးခင်မှာဘဲ  ကြည်ပြာအား မြို့မှာရှိသောစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ထားလိုက်ရပါတော့သည် ။
လူအများ၏ ရင်ထုမနာစကားသံတွေအောက်မှာကျင်းပပြုလုပ်နေသည့် ဈာပနအခမ်းနားတစ်ခု ။ ကလေးတစ်ယောက် ရဲ့ နောက်ဆုံးခရီးတွင် နာရေးလာကြသူတို့၏ နှုတ်ဖျားဆီမှ ပွင့်အံ့ကြလာသည့် ကရုဏာစကားသံတို့သည် ကျန်ရစ်သူအဘိုးအဘွား နှင့် အဒေါ်ဖြစ်သူအားဖြေမဆည်နိုင်အောင် နာကျင်ခံစားကြရလေသည် ။
*ကလေးလေးကသနားပါတယ် ဟယ် ။ အမေလုပ်သူကလည်းနဂိုထဲကမှ ကျပ်ကမပြည့်ရှာဘူး ။ ဒီလိုမိန်းကလေးမျိုးကိုမှ အလစ်ချောင်းအခွင့်ကောင်းယူတဲ့ သူမျိုးကရှိသေးတယ်နော် ။ ကလေးလေးမွေးဖွားပြီးပြန်တော့ အသိကတချက်ချက်လွတ်လွတ်သွားလို့ အိမ်သားတွေ ခမျာအလှည့်နဲ့ စောင့်ကြည့်နေရတာ ။ လက်လှုပ်မှ ပါးစပ်လှုပ် ရတဲ့ ဘ၀တွေဆိုတော့လည်း  အချိန်ပြည့် ဘယ်စောင့်ကြည့်နိုင်မလည်းအေ ။ ခုတော့ စောင့်မကြည့်နိုင်တဲ့ အချိန်ကလေးအတွင်းမှာအဖြစ်ပျက်သွားတာတွေကရင်နာစရာကောင်းလိုက်တာ *
*ဒါနဲ့ ကလေးကဘယ်လိုဖြစ်ပြီးဆုံးတာတုန်း*
* ပြန်ပြောရမှာတောင် ရင်ထဲမကောင်းပါဘူးအေ ။ ဒီလိုအေ့ ။ ကလေးအမေကကလေးကိုချော့သိပ်နေရင်းကစိတ်တွေ လွှတ်ထွက်သွားသတဲ့။ ကြည်ပြာစိတ်ထဲသူ့သမီးလေးကိုစပါးပင်လေးတွေနဲ့ ကလူကျီဆယ်နေတယ်လို့ ထင်ရှာပေမယ့် တကယ်လက်တွေ့မှာသူ့သမီးလေးကို ကြည်ပြာကိုယ်တိုင် ဓားနဲ့မွှန်းနေခဲ့တာ ။ ကလေးနောက်ဆုံးအသက်မရှိချိန်မှ ကြည်ပြာအမက ပြန်ရောက်လာတော့ ဘာမှ လုပ်လို့မရတော့ဘူး ။ ကလေးကလည်းအသက်မရှိရှာတော့ဘူးလေ ။ *
*အို !ကြားရတာရင်ထဲမကောင်းလိုက်တာတော် ဘယ်ဘ၀ ၀ဋ်ကြွေးတွေများပါလည်း ။ ခုကလေးအမေကော*
* ကလေးအမေကခုတော့ သွက်သွက်ခါအောင် ရူးသွားရှာပါပြီ ။ သူ့အမရောက်လာတော့ သူသတိတချက်ပြန်ဝင်လာသေးတယ် ။ သူ့သမီးလေးအဖြစ်ကိုလည်းတွေ့ရောစိတ်တွေ ဘယ်လိုမှ မထိန်းနိုင်ရှာတော့ဘူး ။ လုံးဝကို သွက်သွက်ခါသွားတော့တာပဲ ။ ခုတော့ စိတ်ကျန်းမာရေးဆေးရုံကိုပို့ထားလိုက်ရပြီလေ ။ *
* အော်ဘ၀တွေ ဘ၀တွေ ။ လူဘောင်လောကရဲ့ ဆန်းကျယ်ပုံတွေထဲမှာကိုယ့် သမီးကို ပြန်သတ်မိတဲ့ အဖြစ်ကတော့ ဆန်းကျယ်တယ်ဆိုတာထက် သိပ်ရက်စက်တဲ့ အဖြစ်ကြီးတစ်ခုပါပဲ ။*


မိတ္ထီလာကန်ဝယ်.......ဖားကောက်ခဲ့ပါ့ကွယ်......ဗျိုင်းရှေ့ ကပျံကာပျံကာရယ်..... မိုးစုန်းစုန်းချုပ်ပေါ့..သမီးငယ်ရယ်........အိပ်ပါတော့ကွယ်......ကြောင်ကြီးကိုက်လိမ့်မယ်.......အိပ်ယာကနိုးရင်.....ကျောင်းသွားရဦးမယ်......မျက်စိမှိတ်ထားကွယ်......အိပ်မက်လှလှမက်စေဖွယ်........
အမေ့ခြေရာနင်းမယ်..
....အလှကြိုက်တဲ့သမီးငယ်ရယ်.......သမီးကျောင်းသွားချိန်မှာပန်စရာ......ပန်းလှလှလေးခူးပေးမယ်ကွယ်......ပါးကွက်ကွက်ပေးမယ်.....နေတစ်ဖက်လတစ်ဖက်လို........ပါးပေါ်တင်ထားတဲ့ဝလုံးဝိုင်းဝိုင်းလေးလို......သမီးလေးရေးတတ်အောင်......စောစောကျောင်းသွားဖို့အိပ်ပါကွယ်.......

စိတ်ကျန်းမာရေးဆေးရုံ၏ အခန်းငယ်လေးထဲအရုပ်မလေးတစ်ရုပ်ကိုပိုက်လျှက်သားချော့တေးတစ်ပုဒ်ကိုဟန်ပါပါ သီဆိုနေသူမိန်းကလေးတစ်ဦး ။
* ဟင်အင်း မဟုတ်ဘူး ။ ကြည်ပြာစပါးပင်လေးနဲ့ သမီးကိုစနေတာ ။ ဟုတ်တယ် စပါးပင်လေးနဲ့ စနေခဲ့တာပါ ။ သမီးလေးကတောင် ရယ်မောလို့ ပျော်နေခဲ့တာပါ *
ဟုတစ်တွတ်တွတ် ရှင်းပြနေပြန်သည် ။ ဟောပြောနေရင်းကနေရင်ဘတ်စည်တီးကာငိုပြန်ပြီ ။
* အောင်မလေးသမီလေးရေမေမေဆီကို ပြန်လာခဲ့ပါ ။ သမီးကိုမေမေမသတ်ဘူး ။ သမီးကိုမေမေမသတ်ပါဘူး *
ပြောရင်းငိုရင်းဖြင့် ပါးပြင်ထက်တွက် မျက်ရည်မိုးတွေ သည်းထန်စွာရွာသွန်းနေခဲ့ပါတော့သည် ။ သဘာဝတရားကြီးရဲ့ လည်ပတ်မှု့ ၊ လှည့်စားမှု့  တွေကြားသက်ရှိရှင်သန်နေကြရသောလူသားတွေထက် ဆန်းကျယ်သော ဖြစ်ရပ်ဆိုးကြီးကိုပိုင်ဆိုင်ထားရသည့် ကြည်ပြာဆိုသည့် မိန်းကလေး ။မိခင်တစ်ယောက်၏ လက်အစုံအားလူသတ်လက်တွေအဖြစ် ဖန်တီးစေခဲ့သောကံကြမ္မာ ။ အဖြေကိုရှာနေမိသော ပတ်ဝန်းကျင်လူသားတွေအလယ်မိခင်တစ်ယောက်၏ ရှိက်ငင်သံသည် ကြားရသူအပေါင်းအားရင်ထုမနာဖြစ်စေခဲ့ရသည် ။ မည်သည်ကိုအပြစ်တင်ရမည်နည်း  ။ ဒီဇာတ်လမ်းတွင် အပြစ်အရှိဆုံးလူသားသည် မည်သူဖြစ်မည်နည်းဆိုသောအတွေးပေါင်းစုံဖြင့်……………။

ခိုင်လေး ( ရွှေတောင် )
မလေးစံတော်ချိန် နေ့လည် ၃ နာရီ
၃၀ . ၄. ၂၀၁၄  (ဗုဒ္ဓဟူးနေ့ )
သားကြီးမွေးစဉ်ကခိုင်လေးကိုစောင့်ပေးသောသူနာပြုဆရာမလေးပြောပြသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအားပုံဖော်ဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment