Tuesday, August 26, 2014

၎။ နားလည်မှု့ဆိုတဲ့ အချက်ပေးခေါင်းလောင်းလေး



၎။ နားလည်မှု့ဆိုတဲ့ အချက်ပေးခေါင်းလောင်းလေး
လွန်ခဲ့သော 2012 ခုနှစ်က Women's World Journal ပါ ဆောင်းပါးလေးပါ

 ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
11.jpg
ဘ၀တစ်ခုလုံးအတွက် ရည်ရွယ်ကာ လက်တွဲခဲ့ကြပြီး ချစ်သူဘ၀ကနေ ဇနီးမောင်နှံဘ၀သို့ ရောက်ချိန်ကြမှ သူ့အကြောင်း ကိုယ့်အကြောင်းအများစုကို ပိုလို့သိရှိလာခဲ့ရသူတွေ ဒုနဲ့ဒေးပါပဲ ။ ချစ်သူဘ၀ တွေ့ရချိန်ခဏလေးအတွင်း အကဲခတ်ဖို့ဆိုတာကလည်း ခက်တော့ အခက်သားလား။ ဒါကြောင့် လူကြီးတွေ ခဏခဏ ပြောနေကြတာပေါ့ ။ အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ ကံစမ်းမဲတစ်ခု နှိုက်ရသလိုပဲတဲ့လေ ။ မိန်းမတစ်ယောက်ရဲ့ ကံဆိုးခြင်း ၊ ကံကောင်းခြင်းဆိုတဲ့ အရာအားလုံးဟာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းသည်အပေါ်မှာ အများဆုံးမူတည်နေပါတယ် ။
ကျွန်မ အိမ်ထောင်ကျခြင်းကိုပဲ နမူအနေနဲ့ တင်ပြချင်ပါတယ် ။ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ် ။ သူနဲ့ လက်ထပ်ပြီးမှ ကျွန်မ ပိုသိလိုက်ရတာတွေက သူလိုအပ်တာထက် ပိုပြီးတော့ကို အသန့်ကြိုက်တတ်တာ ၊ စည်းစနစ်ရှိလွန်းတာ ။ ဒီအချက်တွေက သာမာန်အနေထားနဲ့ ကြည့်မယ်ဆို ကောင်းတာပေါ့လို့ တွေးလို့ရပါတယ် ။ တကယ်လည်း သူအကျင့်လေးတွေက ကောင်းပါတယ် ။ ဒါပေမယ့် သာမာန်ထက် လွန်ကဲတာတွေကြတော့ လူဘောင်ပတ်ဝန်းကျင်မှာ ဂွတိုက်သလိုလေးတွေ ဖြစ်လာတတ်ပါတယ် ။ လူတွေနဲ့ တစ်သီးတစ်သန့်ကို နေလာတတ်တယ် ။ ကျွန်မအတွက် အဆိုးဆုံးဖြစ်စေတဲ့ အချက်ကတော့ ဘယ်အရာကိုမဆို တော်ယုံ စိတ်တိုင်းမကျတဲ့ သူအကျင့်လေးပါပဲ ။ ကျွန်မ အိမ်ရှင်မတစ်ယောက်အနေနဲ့ မီးဖိုေးချာင်ကိစ္စ အိမ်သန့်ရှင်းရေး အကုန်လုပ်ဆောင်ပေးပါတယ် ။ မီးဖိုးချောင်မှာ တစ်နေ့တစ်မျိုးမထပ်ရအောင် ချက်ရတာကိုလည်း ကျွန်မပျော်ရွင်ပါတယ် ။ ဒါပေမယ့် ခုတော့ ကျွန်မ မပျော်တော့ဘူးရှင် ။ သူအလုပ်ကပြန်လာလို့ ထမင်းစားတဲ့အခါ ဘာကတော့ ဘယ်လိုလေး လိုနေပြန်ပြီ။ ဘယ်ဟာကတော့ ဘာဖြစ်နေတယ် အစရှိသော သူ၏ပြောဆိုသံများအား ကြားရပါများလာသည့်အခါ ကျွန်မ ကြောက်လာမိတယ် ။ သူများတွေက စားကောင်းတယ် ပြောတဲ့နေ့တွေမှာပင် သူဆီက နည်းနည်းလေးဖြစ်ဖြစ် အသံလေးထွက်လာတတ်တာမို့ ဟင်းချက်ရမှာကို ကျွန်မကြောက်လာမိပါတယ်။ သူပြန်လာရင် ငါကို ဘာများပြောအုံးမလဲ ၊ ငါလုပ်ထားတာတွေကို ဘာများစိတ်တိုင်း မကျ ဖြစ်နေမလည်း ဆိုတဲ့ စိုးတထင့်ထင့်စိတ်တွေ များလာခဲ့တယ် ။  သူအတွက်လုပ်ဆောင်ပေးနေရသော လုပ်ဆောင်ချက်တွေအပေါ် ပျော်ရွင်ခြင်းခံစားချက်များလည်း မရှိတော့ပေ ။ စိတ်ရင်ေးကာင်းပေမဲ့ ပြောလိုက်ရင် တုတ်ထိုးအိုးပေါက် ပြောချတတ်တဲ့သော သူ့အကျင့်တွေကြောင့် ငိုရတာလည်း အကြိမ်ကြိမ်အခါခါပါပဲ။ ဒီလို နေ့ရက်တွေကို စိတ်မောစွာ ဖြတ်ကျော်လာလိုက်မိတာ အေးစက်စက် အိမ်ထောင်ရေးတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတော့၏ ။

ထိုအေးစက်မှုတွေကို အရည်ပျော်စေခဲ့သော နေ့လေးတစ်နေ့ကို ရောက်ရှိလာခဲ့တယ် ။   သူစက်ရုံကို ကျွန်မလိုက်သွားမိတဲ့နေ့လေး မှာပေါ့ ။ ထမင်းစားချိန်ရောက်တော့ မြန်မာအားလုံးစုပြီးစားကြပါတယ် ။ ကျွန်မက တခါတလေမှ သူတို့ဆီလိုက်တာမို့ ကျွန်မနဲ့ဆုံတုန်းဆုံခိုက်  စက်ရုံထဲကလူတွေက ပြောပြကြတဲ့ စကားသံတွေကို နားထောင်ပြီးချိန်မှာတော့ အတော်လေးကို စိတ်မကောင်းဖြစ်လိုက်ရပါ၏ ။

*အမရေ အမယောကျာင်္းကတော့လေ မိန်းမရခင်ကတော့ သုံးချက်ပြောမနေနဲ့ ။အတော်လေးကိုသုံးတယ်ဗျ။ ခုမိန်းမလည်းရကော ထမင်းဘူးထုတ်ပေးလိုက်တာကိုပဲ စားတယ် ။ ပိုရင်ညနေတောင် ချန်ပြီးထပ်စားတယ် အမရယ် ။ အဆိုးဆုံးကတော့ ဆေးလိပ်သောက်တာကိုတောင် မြန်မာပြည်က ဖက်ကြမ်းတွေ သောက်နေတယ် အမရေ ။ သူကိုကြည့်ပြီး ကျွန်တော်တို့တောင် မိန်းမယူဖို့ တော်တော် စဉ်းစားရမလိုဖြစ်နေပြီ  ။ ချွေတာလိုက်ပုံကတော့ ပြောမနေနဲ့ ။ တခုခုဝယ်ဖို့စားဖို့ပြောလည်း  မိန်းမက ဘယ်လောက်ပဲ ပေးလိုက်တယ်ဆိုတာကပါသေးတယ် ။ ဖုန်းထဲဆိုလည်း ပိုက်ဆံထည့်ကို  မထည့်တော့တာ ။။ အံ့ရော အံ့ရောဗျာ ။ ပြောင်းလဲသွားပုံတွေကတော့ တကယ်ကို လက်ဖျားခါတယ် *

သတဲ့လေ ။ ကျွန်မ သူကို စိုက်ကြည့်ရင်း ရင်ထဲ တော်တော်လေး စိတ်မကောင်းဖြစ်မိသွားတယ် ။ ရုတ်တရက်မထင်ထားတာတွေကို သိလိုက်ကြားလိုက်ရတဲ့အခါမှာ နားလည်မှုဆိုတဲ့ အချက်ပေးခေါင်းလောင်းလေးက တွေးခေါ်မှုတွေကို လှုပ်နှိုးလိုက်ပါ၏  ။ အိမ်ထောင်ကျကာစ မသိထားတဲ့ ကိုယ်မနှစ်သက်တဲ့ အကြောင်းအရာတွေကို ရုတ်တရက်တွေ့မြင်ခံစားလိုက်ရချိန်မှာ သူကိုယ့်အပေါ် ကောင်းနေတာလေးတွေကို မမြင်နိုင်ခဲ့ဘူး ။ သည်းမခံနိုင်တဲ့ အကြောင်းအရာတွေကပဲ ခေါင်းထဲ တ၀ဲဝဲလည်နေခဲ့တယ် ။ သူစက်ရုံကသူတွေ ပြောပြမှပဲ သူကျွန်မ အပေါ်ကောင်းတဲ့ အချက်လေးတွေက ဓာတ်ပုံစလိုက်ထိုးပြသလို တန်းစီပေါ်လာခဲ့ပါတော့၏ ။ တစ်လတခါ လခထုတ်ပြီ်ဆိုတာနဲ့ ကျွန်မလိုအပ်တဲ့ အသုံးဆောင် အ၀တ်အထည်  အားလုံးကို မငြိုမငြင် သူကိုယ်တိုင် လိုက်ဝယ်ပေးတတ်တာတွေ ၊ အိမ်အလုပ်တွေ သူရှေ့မှာ ကျွန်မမနိုင်မနင်းလုပ်နေတာတွေ့ရင် ၀င်ကူပေးတတ်တာလေးတွေ ၊ စိတ်တိုလွယ်သလို စိတ်ပြေလွယ်တတ်တာတွေ ပြန်မြင်လာမိတယ်။ ဘယ်လိုဘဲ ပွစိပွစိစကားတွေဖြင့် ပစိပစပ်ပြောနေသော်လည်း နောက်ဆုံး ကျွန်မဖြစ်ချင်တာလေးတွေကို လိုက်လျောပေးတတ်တာ။ သူကျွန်မအပေါ်ထားတဲ့ မေတ္တာတရားတွေကို ကျွန်မမျက်လုံးထဲ မျက်ဝါးဝါးထင်ထင် မြင်တတ်ခဲ့ပါပြီ 

အိမ်ထောင်သည်ဘ၀ကို ရောက်ရှိတဲ့အခါ အချစ်ဆိုတာကို အခြေခံသဘောထားပြီး မေတ္တာတရားကို လက်ကိုင်ပြု ၊ နားလည်မှု တွေကို ထာဝရ မမေ့လျော့ဘဲ စာနာကြင်နာတတ်ခြင်းလက်တွေကို ထာဝရ မြဲမြဲ တွဲထားသင့်ပါတယ် ။ အိမ်ထောင်သည်တိုင်း ကျွန်မတို့လိုပဲ အိမ်ထောင်သည်ဘ၀ကို ရောက်ကာမှ မနှစ်သက်သောအချက်တွေအား  သိခွင့်ရမယ်လို့  ယူဆိမိပါတယ် ။ ဒီလို သိခွင့်ရခဲ့ကြပေမယ့် သူတို့တွေ တွဲလက်တွေဘာကြောင့် ခိုင်မြဲခဲ့ကြသလဲ ။  ခုနပြောခဲ့တဲ့ အချက်လေးတွေကို လက်ကိုင်ထားခဲ့ကြလို့ဟု မှတ်ယူမိပါတယ် ။ သူလည်း ကျွန်မလိုပဲ သူမနှစ်သက်သော အချက်တွေ ရှိနေခဲ့မှာပါ ။ ဒါပေမယ့် သူအပေါ် ကျွန်မကောင်းခဲ့တာလေးတွေအား ဖြည့်တွေးခြင်းဖြင့်  နားလည်မှုတစ်ခုကို လက်ကိုင်ထားခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ အိမ်ထောင်ရှင်တိုင်း မိမိတို့ မနှစ်သက်တာတွေ မိမိအိမ်ထောင်ဖက်မှာ တွေ့မြင်လာလို့ စိတ်ပျက်လာပြီဆို ကောင်းခဲ့တာလေးတွေကို  ပြန်လည်တွေးတော ဆင်ခြင်ပြီး ဘ၀ခရီးလမ်းကို အေးတူ ပူအမျှ လက်တွဲခိုင်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။




No comments:

Post a Comment