၁၁ ။ တမ်းတမိတဲ့ ဆူသံလေးတစ်ခု
Women's World
Journalပါဆောင်းပါးလေးပါ
ရေးသားသူ
= ခိုင်လေး ( ရွှေတောင် )

ကျွန်မ အရမ်းလွမ်းနေတယ် ။ လူတစ်ယောက်ကို တမ်းတမ်းတတ ကို
သတိရနေမိတယ်။ ဘ၀ဆိုတဲ့
လမ်းပေါ် ခုမှလမ်းလျှောက်တတ်တဲ့ ကလေးတစ်ယောက်လို စူးစမ်းခြင်းပေါင်းများစွာ နဲ့ စတင် လျှောက်လှမ်းနေရတဲ့ ခုလိုချိန်မှာ အဲဒ်ီလူကို ပိုလွမ်းတယ် ။ လွမ်းလို့ ပြန်ရအောင် ကျွန်မကလေးတစ်ယောက် မဟုတ်တော့ဘူးလေ ။ ကိုယ်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်ရမယ် ။အခက်တွေ ဒုက္ခတွေ
တွေ့လို့ နောက်ဆုတ်လှည့်ပြန်မယ်ဆို လိုရာပန်းတိုင်ဆိုတာ ထာဝရ ဝေးနေတော့မှာဘဲလေ ။ ကျွန်မခံယူဆုံးဖြတ်ထားတယ် ။ ကျွန်မ ခန္ဓာကိုယ် နဲ့ ရင်းပြီး ကျရှုံးမှုမျိုးကိုတော့ ဘယ်တော့မှ အဖြစ်မခံပါ ။ မှန်ကန်သောလမ်းနည်းတစ်ခုနဲ့ လိုရာကို မရောက်ရောက်အောင် ကျွန်မလျှောက်မယ် ။ ကျွန်မသွားမယ့် လမ်းမှာ အခက်ခဲတွေ ၊ အတားဆီးတွေ များစွာကို ရင်ဆိုင်တွေ့ရမယ် ။ လဲကျသွားမယ်ဆိုလည်း ချက်ချင်းပြန်ထနိုင်အောင်အင်အားတွေကို ပြင်ဆင်ထားပါတယ် ။ကျွန်မ အချိန်တိုင်း လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရ
မိနေတာတော့ အားငယ်ခြင်းမဟုတ်ပါဘူး ။ အဲဒီလူရဲ့ ရင်ခွင်ငွေ့ငွေ့လေးကိုပါ ။ သူက ကျွန်မအတွက် ပေးဆပ်မှုတွေကိုဘဲ ပေးစေတယ် ။ ကျွန်မဆီက သူဘယ်တုန်း ရယူလိုမှုဆိုတဲ့ သတ်မှတ်ချက်တွေ မရှိခဲ့ဘူး ။သူကဘဲကျွန်မကို ပေးဆပ်ခဲ့တာချည်းပါဘဲ ။ အချိန်တိုင်း ဘယ်တုန်းကမှ သူနဲ့ ကျွန်မ မတည့်ကြပါဘူး ။ နှစ်နဲ့ချီ စကားမပြောဘဲလဲ နေဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့် ကျွန်မ ကွယ်ရာမှာ ကျွန်မမသိအောင် ကျွန်မအောင်မြင်မှုတွေကိုဂုဏ်ယူနေတတ်သူ ကလည်း အဲဒီလူဘဲဖြစ်နေပြန်တယ် ။ မျက်နှာချင်းဆိုင်တာနဲ့ နှစ်ပြားမတန်အောင် ပြောဆို
ဆူပူကြိမ်းမောင်းတတ်သူ ကလည်း သူပါဘဲ ။ ခုတော့ အဝေးတစ်နေရာကနေ သူကို အရမ်းသတိရနေတယ်ဆိုသူက လူတွေ မသိအောင်ကြိတ်ပြုံးနေမှာလား ။ ခိုးပြီး မျက်ရည်ကျနေမလား ။သူကဘယ်သူလဲ ဆိုတော့ ကျွန်မနဲ့ ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်လို့ကို မရတဲ့ ကျွန်မ ရဲ့ တစ်ဦးတည်းသော ကျွန်မ မသိစိတ်ကအရမ်းချစ်ရတဲ့ ကျွန်မ မေမေ ပါပဲ ။ မေမေ နဲ့ ကျွန်မ တစ်စက်မှ ကို မတည့်ပါ ။ ကျွန်မ နိုင်ငံခြားထွက်လာတော့ မေမေက လေယာဉ်ကွင်းကိုတောင် လိုက်မပို့ရကောင်းလားဆိုပြီး ကျွန်မရင်ထဲ အစိုင်ခဲတစ်ခု ခိုဝင်
လာခဲ့ပါတယ် ။ သို့သော် ယနေ့ ဒီချိန်မှာတော့ ကျွန်မကို လေယာဉ်ကွင်း လိုက်မပို့ပေမယ့် ညနေမှ လေဆိပ်ဆင်းမယ့် ကျွန်မကို မနက်မိုးသည်းထဲ ဗိုလ်ချုပ်ဈေးထဲမှာ ကျွန်မလိုချင်တာတွေကို ထီတစ်ချောင်းဆောင်းထားပေမယ့် တစ်ကိုယ်လုံး မိုးရေတွေ စိုနေခဲ့တာကို နေသာနေသလို တချက်မညိုညင်စွာ လိုက်ဝယ်ပေးရှာတဲ့မေမေကို ပိုချစ်လာမိတယ် ။ လိုက်မပို့တာ သူရင်ထဲ ဘယ်အတိုင်းတာထိ ခံစားနေရမယ်ဆိုတာတွေးတတ်မြင်တတ်လာပါတယ် ။ ခုချိန်မှာ မေမေဆူသံကိုလည်း သာယာတဲ့ ဂီတသံတစ်ခုအဖြစ် တင်စားချင်မိတယ် ။
မေမေ ဆူပူသံတွေမှာ အတ္တတွေကင်းတယ် ၊ လိုချင်မှုဆိုတာတွေ ပါမလာဘူး ။ ပေးဆပ်ခြင်းဆိုတဲ့ ချစ်ခြင်းတရားတွေ ပျော်ဝင်စီးဆင်းနေပါတယ် ။မနက် အိပ်ယာထနောက်ကျတိုင်း အခန်းပြင်ကနေ ရစရာမရှိအောင်ပြောဆိုနေတတ်ပေမယ့် အိပ်ယာထဲက တကယ်ဆွဲမချခဲ့ပါဘူး ။ ခုချိန်မှာတော့ နိုးသူမဲ့နေတဲ့ နေရာမှာ ကိုယ်အသိနဲ့ကို ရအောင်ထတတ်နေပြီ မေမေ ။ အ၀တ်တွေ တစ်နေ့ ၃ခါလောက်လဲလို့ နတ်ထဘီလဲနေသလိုဘဲနော် လျှော်ရတဲ့သူကိုလည်း အားနားပါအုံးဆိုပေမယ့် အ၀တ်ခြင်းထဲ ထည့်လာသမျှကို လျှော်ပေးနေတဲ့ အိမ်အကူလုပ်သူတွေကို မလျှော်ပေးရဘူးဆိုတဲ့ အမိန့်တစ်ချက်မထုတ် မနိုင်လျှင် နောက်ထပ်လူအငှားခေါ်လျှော်ပေးခဲ့တဲ့ မေမေ ။ ခုတော့
အမေသမီး လက်သည်းတွေညှပ် ကိုယ်အ၀တ်ကို လျှော်တတ်နေပါပြီ။ ပိုက်ဆံလိုရင် မေမေ ပိုက်ဆံ အံဆွဲထဲကလိုသလောက် ယူသုံးခဲ့တဲ့ လက်တွေက ကိုယ်ပိုက်ဆံကို ရှာတတ်နေပါပြီ မေမေ ။ ခုချိန်မှာ သိပ်လွမ်းနေတယ်။မေမေ ရဲ့ မေတ္တာ မေမေရဲ့ စေတနာတွေ မြောက်မြားစွာ ပါဝင်နေတဲ့ မေမေဆူသံလေးကို လွမ်းတယ် မေမေ။တစ်အိမ်ထဲနေပြီး စကားမပြောဖြစ်ခဲ့ကြပေမယ့် မျက်ခြေမပျက်သမီးကို စောင့်ကြည့်နေခဲ့တဲ့ သမီး မေမေ
ခုကော သမီးအတွက် ပူပန်နေတုန်းဘဲမလား ။ ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ် အဆိုးဆုံးသမီးကို မေမေ စိုးရိမ်နေမယ်ဆိုတာ သေချာတဲ့ အဖြေတစ်ခုပါပဲ နော် ။သမီး အတွက် စိုးရိမ်ခြင်းတွေနဲ့ မေမေ ညတွေကော အိပ်ပျော်လားမေမေ ။ နောင်တ ရနေတာမဟုတ်ပါ ။ တမ်းတခြင်းမျိုးတာ ဖြစ်ပါတယ် ။ နွေးထွေးတဲ့ ရင်ခွင်တစ်ခုကိုတမ်းတခြင်းတာ ဖြစ်ပါတယ် ။ ဒီဆောင်းပါးလေးကို ဖတ်မိတဲ့ မောင်ငယ် ၊ ညီမငယ်တို့ အားလုံး မိဘရင်ခွင်မှာရှိတုန်း မိဘတန်ဖိုးကို သိနားလည်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ လေးနက်စွာ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

No comments:
Post a Comment