Monday, June 25, 2012

မရိုးနိုင်သော မိဘ မေတ္တာ ပြခန်း

အဖြစ်ပျက်လေးတစ်ခု ။ မင်္ဂလာဆောင်တစ်ခု တက်ဖို့အတွက် ကျွန်မ ရန်ကုန်ရောက်နေခဲ့ပါတယ် ။ ကျွန်မဖခင်ကလည်း ရန်ကုန်မှာ
ရှိနေပါတယ် ။ မေမေကလည်း ကိစ္စတစ်ခုကြောင့် ရန်ကုန်မှာ ရှိနေခဲ့ပါတယ် ။ မင်္ဂလာဆောင်မှာ ညစာ စားပွဲကိုပါ ဖိတ်ကြားထားပါတယ်။
ညစာစားပွဲက ည 8နာရီ တိတိပါ ။ ကျွန်မတို့ နေထိုင်ရာ ကြည်းမြင်တိုင်နားတင် နီးနီးလေးမို့ 7နာ၇ီကျော်တဲ့ အထိ အေးအေးဆေးဆေး
အိပ်နေတဲ့ ကျွန်မကို မေမေက သတိပေးလာပါတယ် ။
* ဟဲ့ သမီး ပြင်တော့လေ ..... မသွားသေးဘူးလား *
ဆိုတဲ့ မေမေ သတိပေးသံကြားမှ သွားဖို့အတွက် ပြင်ဆင် အ၀တ်စားလဲလိုက်ပါတယ်။သွားဖို့ အဆင်သင့်ဖြစ်ချိန်မှာ ပိုက်ဆံအိတ်လေး လွယ်ကာ ထွက်လာတဲ့ ကျွန်မကို ဖေဖေက
* ဖေဖေ လိုက်ပို့ မယ် *
ဆိုတော့ အနည်းငယ်အံ့သြသွားမိတယ် ။ အံ့သြရခြင်းက ကျွန်မ အသက်က 31နှစ် ။ ကျွန်မ သွားမယ့်နေရာက ကား2မှတ်တိုင်လောက် စီးရင်တောင် ရောက်တဲ့နေရာ တစ်ခုဖြစ်နေတယ် ။ ဒါကို ဖေဖေက လိုက်ပို့မယ်ဆိုတော့ အံ့သြမိတာပေါ့ ။ ဒါပေမယ့်  ဖေဖေနဲ့ အတူတူ သားဖနှစ်ယောက်ထွက်လာခဲ့ကြတယ် ။ ညစာ စားပွဲ ရောက်တော့ ကျွန်မ သူငယ်ချင်းဖိတ်ထားတဲ့ အခန်းဝ ထိ ဖေဖေက လိုက်ပို့ပြီး အပြန်ကို တက္ကဆီ ဘယ်လိုငှားဖို့ကို သေချာမှာသွားပြီးမှ ပြန်သွားပါတယ် ။ လူစုံချိန်မှာ အားလုံးဖိတ်ထားတာ လူရင်းတွေ15ယောက်လောက်သာ ရှိတာမို့ သတို့သားသတို့သမီးက တစ်ဦးချင်းကို မိတ်ဆက်ပေးကြပါတယ် ။ ကျွန်မ အလှည့်ရောက် တော့ သတို့သားက
* သူကတော့ နာမည်က........... စာတွေ ရေးပါတယ် *
အားလုံးက အံ့သြသလို ရယ်ချင်သလို ပြုံးစိစိ ဖြစ်ကုန်တာကို ကျွန်မသတိထားလိုက်မိပါတယ် ။ စိတ်ထဲ ဖေဖေ အခန်းထဲထိ လိုက်ပို့တာ
ကို ရယ်ချင်နေကြတယ်ဆိုတာကိုလည်း ချက်ချင်း သိလိုက်တယ် ။ စာရေးနေသူ အသက် 31 အရွယ် ကျွန်မကို ကလေးတစ်ယောက်
မူကြို ပို့သလို လိုက်ပို့တဲ့ အတွက် ရယ်စရာဖြစ်နေကြတယ်ထင်ပါတယ် ။ ကျွန်မစိတ်ထဲလည်း နည်းနည်းတော့ စနိုးစနောင့် ဖြစ်သွား
မိတယ် ။ ဘာကိုဖြစ်တာလည်းဆိုတာ သေချာမသိပေမယ့် စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေတာတော့ အမှန်ဘဲ ။  ဒီလိုနဲ့ ပြန်ဖို့ အချိန်မတိုင်
ခင် ကျွန်မပြန်ချင်လာတယ် ။ သတို့သား ၊ သတို့သမီးကို နှုတ်ဆက်ကာ မမ ပြန်တော့ မယ်လို့ နှုတ်ဆက်လိုက်ချိန်မှာတော့
* မမပြန်တော့မှာ လား ဒါဆို အိမ်က ကားကို လိုက်ပို့ပေးခိုင်းမယ် နော် *
ဆိုပြီး သတို့သား ၊ သတို့သမီးကားလေးနဲ့ စိတ်ချစွာ အိမ်ပြန်ခွင့်ရခဲ့ပါတယ် ။ ကားပေါ်မှာ အတွေးလေးတွေ ကျွန်မခေါင်းထဲကို တန်းစီ
ဝင်ရောက်လာတယ် ။ ကျွန်မ ခုနလေးက စနိုးစနောင့် ဖြစ်ခဲ့တာ လိုက်ပို့တဲ့ ဖေဖေကို ။ ကလေးလို လိုက်ပို့လို့ သူများတွေ ရယ်တာကို
ခံရလေခြင်းဆိုပြီးတော့ ဖြစ်လိုက်တဲ့ စိတ်ကလေးကို မှားသွားတယ်ဆိုတာ ချက်ချင်းခုသိလိုက်ရတယ် ။ မိဘဆိုတဲ့ လူတိုင်းရင်ထဲ
အသည်းထဲ  ၊ နှလုံးသားထဲမှာ သူတို့ရင်နှစ်သည်းချာ သားသမီးတိုင်းကို ဘယ်အသက်ရွယ် ဖြစ်နေပါစေ စိတ်မချတတ်တာ ၊ စိုးရိမ်
တတ်တာ မိဘတွေရဲ့ တုနှိုင်းမဲ့ မေတ္တာတရားဆိုတာကို ကျွန်မဘာလို့ မေ့နေခဲ့ရတာလည်း လို့လည်း ကိုယ်ကိုကိုယ့် အကြိမ်ကြိမ်
အပြစ်တင်မိလိုက်ပါတယ် ။ နောက်တစ်ခု ကျွန်မ မိဘရဲ့ တန်ဖိုးထားမှုက ကျွန်မအတွက် လုံခြုံမှု  ၊ တစ်ပါးသူကပါ ကျွန်မကို
တန်ဖိုးထားပြီးခုလို ဂရုတစ်စိုက် ပြန်လိုက်ပို့ပေးခဲ့တယ်လေ။ဖေဖေတို့ပေးတဲ့ မေတ္တာတရားရဲ့ လုံခြုံမှုက တပါးသူဆီပါ ကူးစက်သွားတယ်
ဆိုတာကို ကျွန်မ လက်တွေ့သိလိုက်ရပါတယ် ။ ညစာ စားပွဲက အပြန်အမှန်ဆို ကျွန်မ ကိုယ်ဘာကို ကားငှားပြန်ရမှာပါ ။ ဖေဖေ
ဂရုတစိုက် လိုက်ပို့ မှုက ဖေဖေတို့ မေမေတို့ ကျွန်မအပေါ် ထားတဲ့ လေးနက် တန်ဖိုးထားမှုတစ်ခုကို ဖွင့်လစ်ပြသလို ဖြစ်စေခဲ့တာမို့
တခြားသူကပါ ဂရုစိုက်တန်ဖိုးထားခြင်းကို ခံခဲ့ရခြင်းမျိုးပါ ။ မိဘတွေ ရဲ့ သားသမီးတွေ အပေါ် ထားတဲ့ မေတ္တာတရား ကြီးမားမှု
တွေက ရေးလို့မကုန်နိုင်အောင် များပြားလှ တယ်ဆိုတာကို  ဒီအကြောင်းအရာလေးက ထပ်မံ သက်သေတည်စေခဲ့ပါ
တယ်ရှင် ။ မိဘတွေရဲ့ အေးမြတဲ့ မေတ္တာတရားရဲ့ တန်ဖိုးကို နားလည်သဘောပေါက် သော သားကောင်း ၊သမီးကောင်း များစွာ
ပေါ်ပေါက်ကြပါစေလို့ ကျွန်မ လေးလေးနက်နက် ဆုတောင်းပေးလိုက်မိပါတော့တယ် ။
 ခိုင်လေး (ရွှေတောင်)
 
 


လောကကြီးမှာ ရှိကြတဲ့ ဖခင်တိုင်း ကျွန်တော်လို အချိန်လွန်နောင်တတွေ က ကင်းဝေးကြပါစေ

ငါမှားခဲ့တာတွေ ...ငါမှားခဲ့တာတွေ
ညည်းညူသံတွေ က ရင်ထဲမှာ ပဲ့တင်ထပ်နေခဲ့ပါတယ် ။ ၀ဋ်လည်တယ် ဆိုတာ အမှန်တစ်ကယ် ရှိနေခဲ့တာပါလား ။
ဘုရား ...ဘုရား  ...နှုတ်မှ ထုတ်ဖော် တလိုက်မိပါသည် ။ ပြုသူတခြား ၊ ခံသူတခြား ဆိုတာများ ဖြစ်နေပြီလား   ။

အိမ်ထောင် ကျပြီး 5နှစ်လောက်မှာ စီးပွားရေးလာဘ်မြင်တဲ့ ကျွန်တော်တို့ မိသားစုလေး ချောင်ချောင်လည်အဆင့်ကနေ တိုးတက်ကာ ကိုယ်ပိုင်တိုက် ကိုယ်ပိုင်ကားလေးနဲ့ အတော်လေး နေရာတကျ ရှိလာခဲ့ပါတယ် ။ မရှိခဲ့စဉ်က ဘဲဥတစ်လုံးကို ညမနက် တစ်ယောက် တစ်စိတ်စီ စား ၊ ထမင်းရည်ကို ဆားခပ်ကာ ဟင်းရည်လုပ် သောက်ကာ ဘ၀ကို ရဲရဲ ရင်ဆိုင်လာခဲ့တဲ့ ကျွန်တော်တို့ လင်မယား တိုက်ပေါ်ရောက်ခဲ့ပါပြီ ။ မောင်ဗမာ စက်ဘီးလေးကို စီးပြီး အထည်တိုက်တွေကို လည်ကာ ပုဆိုးဒီဇိုင်းတွေကို ဆွဲပေးခဲ့ရသူ ကျွန်တော် ခုဆို ဆိုက်ကယ်လေးနဲ့ ပေါ့ ။ လိုင်းကားတိုးစီးကာ လိုရာခရီးကို သွားခဲ့ရသူ ဇနီးသည်လည်း ကိုယ်ပိုင်ကားလေး
ပေါ် အခန့်သားစီးနိုင်နေခဲ့ပါပြီ ။ လူဆိုတာ ပိုက်ဆံ ရှိလာပြီဆို အပျော်ပါးလေးကို မက်လာတတ်ကြတယ် ။ ကျွန်တော် အရက် မသောက်တတ်ဘူး ။ ကျွန်တော် အရမ်းဆိုးတဲ့ ညဉ်လေး ရှိတယ် ။ ဖဲဝိုင်းတွေ့ရင် မနေနိုင်စွာ ထိုင်တတ်တာပါပဲ ။ ပိုက်ဆံ ရှိလာချိန်မှာ ဖဲဝိုင်းကို မျက်စောင်းမထိုးပေမယ့် စီးပွားရေး ကိစ္စအတွက် ခဏခဏ ခရီး ထွက်ရတဲ့ ကျွန်တော် ကောင်မလေးတွေနဲ့ ရှုတ်တတ်လာတယ် ။ ကျွန်တော် ဇနီး မျက်ရည်တွေကို အဖော်ပြုရတာတွေ များလာခဲ့ပါတယ် ။ ကျွန်တော်မှာ သိပ်ကို ချစ်ဖို့ ကောင်းတဲ့
သမီးလေး တစ်ယောက်ရှိပါတယ် ။ ကျွန်တော် သမီးလေးကို ရင်ထဲ အသည်းထဲက လှိုက်ခါနေအောင် ကို ချစ်ပါတယ် ။ မိန်းကလေးကိစ္စတွေနဲ့ ပတ်သတ်တိုင်း ဇနီးသည် ပြောနေကျစကားလေးရှိတယ် ။

* ရှင်မှာလည်း သမီး မိန်းကလေး မွေးထားတာပါ ။ ကိုယ်ချင်းစာပါ ။ ၀ဋ်လည်မှာကို ရှင်မကြောက်ဘူးလားဟင် ။ ကျွန်မ ကျိန်တာ မဟုတ်ဘူးနော် ။ ၀ဋ်ဆိုတာ လည်တတ်တယ် ဆိုတာကို ရှင်ကို သိစေချင်တာ ။
ကျွန်မ သမီးလေးကို ရှင်အတွက် တစာခံ ဖြစ်မှာကို အရမ်းစိုးရိမ်တယ် *

ရန်ဖြစ်တိုင်း အပ်ကြောင်းထပ်အောင် ကြားခဲ့ရပေမယ့် အမှုမဲ့ အမှတ်မဲ့ နေခဲ့တယ် ။ ခုဆို သမီးလေးက အရွယ်ရောက် လို့လှသွေးကြွယ်နေခဲ့ပြီ ။ မထင်မှတ်ဘဲ သမီးလေး အသက် 18နှစ်မှာ စောစီးစွာ အိမ်ထောင်ကျသွားခဲ့တယ်  ။ သမီးလေး ခိုးပြေးသွားတဲ့ နေ့က စပြီး တစ်ညမှ အိပ်မပျော်နိုင်ခဲ့ဘူး။ ကျွန်တော်ဇနီးသည်ထက်တောင် ကျွန်တော် ပိုခံစားခဲ့ရပါတယ် ။ ယောကျာင်္းတန်မဲ့ ရှိုက်ကြီးတစ်ငင် ငိုမိတယ် ။ သဘော မတူနိုင်ပေမယ့်လိုလေသေး မရှိအောင် ကျွန်တော်ဖန်တီးပေးခဲ့ပါတယ် ။ မှတ်မှတ်ရရ သမီးလေး မင်္ဂလာဆောင် အတွက် ဖိတ်စာသွားအပ်တဲ့ နေ့မှာ ရန်ကုန် - ပြည်လမ်းမပေါ်က စင်မင်း
ထမင်းဆိုင်ရှေ့မှာ ရပ်ထားတဲ့ စစ်ကားကို ကျွန်တော် ကားနဲ့ ၀င်တိုက်မိတယ် ။ ကျွန်တော် နဲ့ အတူ မိတ်ဆွေ တစ်ယောက်လည်ပါတယ် ။ လမ်းမှာ သမီးလေးကို အရမ်း နှမြောတာတွေ ပြောရင်း ယောကျာင်္းတန်မဲ့ ကျလာတဲ့ မျက်ရည်တွေက  ရှေ့မြင်ကွင်းကို ဖုံးလွှမ်းသွားကာ ရပ်ထားတဲ့ ကားကို ၀င်တိုက်လိုက်မိပါတယ် ။ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ပေမယ့် နှဖူးကွဲသွားတယ် ။ ကျွန်တော် နားထဲ ဇနီးသည်ရဲ့ စကားတွေ ပဲ့တင်ထပ် ဆူညံနေခဲ့တယ် ။

* ၀ဋ်လည်နေပြီလား .......ဟင်အင် မဖြစ်ရဘူး...........လုံးဝ မဖြစ်ရဘူး ...သမီးလေး ဘ၀ ပြည့်စုံနေစေရမယ် *

အတွေးထဲက အတိုင်း သမီးလေးကို လိုလေသေးမရှိ ဖြည့်စီးပေးခဲ့တယ် ။ ဒါပေမယ့် ၀ဋ်ဆိုတာ လည်တတ်တယ်ဆိုတာကို ကျွန်တော် နှလုံးသားတွေနဲ့ ရင်းပြီး သိခဲ့ရချိန်မှာ အချိန်တွေ တော်တော်နှောင်းသွားခဲ့ပါပြီ ။ လိုအပ်ချက်မရှိအောင် ဖြည့်စီးပေးနေတဲ့ ကြားက မြေးလေး 2ယောက် မွေးပြီးချိန် ကျွန်တော် သမီးလေး အသက် 20ကျော်လေးနဲ့ အိမ်ထောင်ကွဲဘ၀ကို ရောက်ခဲ့ရတယ် ။ ကျွန်တော် နဲ့ မဆိုင်ဘူးဆိုတဲ့ အတွေးမျိုး မတွေးရဲဘူး ။ သေချာတယ် ကျွန်တော် ကောင်းကောင်း ၀ဋ်လည်ပြီ ။ ဘယ်သူမှ မစွပ်စွဲ
ပေမယ့် ကျွန်တော် ကိုယ်ကျွန်တော် သိတယ် ကျွန်တော်ဝဋ်လည်ပြီဆိုတာ သေချာသိလိုက်တယ် ။ ဘယ်လိုမှ မဖြေနိုင်ဘူး ။ ဖြေဖို့ အကြောင်းပြချက် ကျွန်တော်မှာ ရှိမနေဘူး ။ သမီးလေး တွေးနေ ငေးနေရင် ကျွန်တော် နေလို့မရဘူးဗျာ ။ ဖြစ်ဖို့ပါလို့ ဖြစ်တယ်လို့ကို ဖြေမရဘူးဗျာ ။ငယ်သူတစ်ယောက် နှလုံးသားမှာ ဒဏ်ရာတွေ အလွမ်းတွေ တမ်းတခြင်းတွေ ဘယ်လောက်ထိ ပြည့်နှက်စွာ ခံစားနေရမလဲ ။ အရွယ်နဲ့ မမျှတဲ့ ဝေဒနာတွေကို ကျွန်တော် သမီးလေး ခံစားနေရ ကျွန်တော် ရင်ထဲကို မီးစနဲ့ ထိုးနေသလိုပါပဲ ။ သမီးလေး တစ်ယောက်တည်းနေပြီဆိုတာနဲ့ သမီးလေးနားကို ချက်ချင်းရောက်သွားသူကတော့ ကျွန်တော်ပါပဲ ။ တွေးငေး နေတာမျိုး ၊ ခံစားနေရတာမျိုးကို ကျွန်တော် မဖြစ်စေချင်ဘူး ။ ဇနီးကတောင် ပြောယူရပါတယ် ။

* ရှင်ကလည်း ကလေး သူဘာသူနေပါစေ ။ သူလည်းခံစားရရှာမှာပေါ့ရှင် *
* အေး နားလည်တယ် ။မခံစားစေချင်လို့ ငါ တစ်ယောက်ထဲ ပေးမနေတာပေါ့ *
* ရှင်လည်းတော်တော် တရာကျဖို့ ကောင်းတာဘဲ *

ဟုတ်တယ် ကျွန်တော် တော်တော်တရားကျဖို့ ကောင်းတယ်နော် ။ ကျွန်တော် ရင်ကွဲပက်လက်ခံစားနေရတာပါ ။ ဘယ်လိုမှ ဖြေဆည်မရတဲ့ နောင်တ တရားတွေကို  ရင်ဝယ်ပိုက်ပြီး နာနာကျင်ကျင် ခံစားနေရတာပါ ။
လောကကြီးမှာ ရှိကြတဲ့ ဖခင်တိုင်း  ကျွန်တော်လို အချိန်လွန်နောင်တတွေ က ကင်းဝေးကြပါစေ ။
 သမီးလေးလိုမြေစာပင် ၀ဋ်လည်ရခြင်း ဒုက္ခတွေက ကင်းဝေးကြပါစေ။
မြေးလေးတွေလို မိတစ်ကွဲ ၊ ဖတစ်ကွဲ နေရတဲ့ ကလေးတွေ ထပ်မံ ပေါ်ထွက်မလာကြပါစေ
နဲ့ လို့ လေးနက်စွာ တိတ်တခိုး ဆုတောင်းလိုက်မိပါတော့တယ် ။

Wednesday, June 6, 2012

လူသတ်ပွဲတော်ကြီး တစ်ခုကို ကမ္ဘာအလယ်မှာ ခန့်ညားစွာ ကျင်းပကြတော့မလို့လား

ဒီနေ့ မျက်မှောက် ဖြစ်နေတဲ့ ပြသနာတွေကို ကြားနေ မြင်နေရတာ အတော်လေးကို ရင်ထဲမကောင်းဖြစ်မိပါတယ် ။
ကျွန်မ အက်ဒမင် လုပ်နေတဲ့ နိုင်းဆိုဒ်လေးမှာဆို ကော်မန့်တွေကို တောက်လျှောက် စစ်နေရပါတယ် ။ အင်တာနက်
စာမျက်နှာ ဆိုတာ လွတ်လပ်စွာ ရေးသားပြောဆို နိုင်တယ်ဆိုပေမယ့်  မိမိရေးသားလိုက်တဲ့ စာတစ်ကြောင်း က နိုင်ငံ
နဲ့ချီ  အဓိကရုဏ်း တွေဖြစ်စေနိုင်တယ် ဆိုတာ မသိကြတာလား ။ ဒါမှမဟုတ် သိနေရက်နဲ့ တမင် လှုံဆော် ဆူပူ အောင်
လုပ်နေကြတာ လားလို့တွေးမိလာတယ် ။
သတင်းတွေ မှာ ပြန်ရေးလာတဲ့ ကော်မန့်တွေကိုလည် သက်ဆိုင်ရာ ဆိုဒ်အသီးသီးက အက်ဒမင်တွေ အနေနဲ့ ဒီတိုင်း
လွတ်ပေးမထားကြပါနဲ့ ။စီစစ်ပေးကြပါ လို့ မေတ္တာရပ်ခံပါရစေ ။ ကော်မန့်ရေးတဲ့ နေရာလေးက ဆဲခြင်တိုင်းဆဲဖို့ နေရာ
မှ မဟုတ်တာဘဲရှင် ။ ကျွန်မတို့ နိုင်ငံကြီးသား စိတ်ဓာတ်လေးတွေ မွေးမြူကြရအောင် ။ ရေတိုကို မကြည့်ဘဲ ရေရှည်
ကို ကြည့်ပေးကြပါလို့ တောင်းပန်ပါရစေ ။မိမိတို့ လုပ်ရပ်က ဘယ်အတိုင်းတာထိ သက်ရောက် တာသွားစေတယ်
ဆိုသာကို တွေးတောဆင်ခြင်စေချင်ပါတယ်ရှင် ။ မနေ့ကဆို ကျွန်မတို့ ဆိုဒ်ထဲရခိုင် ပြည်နယ် ကသတင်းဘလော့မှာ
ကောင်လေးတစ်ယောက်က ဆဲဆိုရေးသားထားတာ မြင်လို့တောင် မသင့်တော်ပါဘူး ။ဒီလို ကော်မန့်တွေက ဆူပူ
တစ်ခုကို လှုံဆော်နေသလိုပါပဲ ။ ပြောပြန်တော့ ကုလားမိန်းမ ဖြစ်ချင်တာလားဆိုတဲ့ ရိုင်းစိုင်းတဲ့ တုံ့ပြန်မှုတွေ
ထပ်ရေးပြန်တယ် ။ ဒါဟာ ပြသနာတစ်ခုကို ဖြေရှင်းတဲ့ နည်းလမ်းမှန် တစ်ခုလား ဆိုတာကို သေချာ ပြန်လည် သုံးသပ်
သင့်နေကြပါပြီ ။ မိမိစကားလုံး ၊ စာကြောင်းတစ်ကြောင်းဟာ ဆိုးကျိုး ၊ ကောင်းကျိုး ကို ဘယ်အတိုင်းတာထိ တာသွား
တယ်ဆိုတာကို သေချာသုံးသပ် ဝေဖန်စမ်းစစ်ဖို့ လိုအပ်နေပါပြီရှင် ။ ဆရာကြီး လုပ်တာမျိုးလည်း မဟုတ်ရပါ ။ အားလုံး
ကို အေးချမ်းစေချင်တဲ့ စိတ်တစ်ခုသာရှိပါတယ် ။ မနေ့ကဆို ကျွန်မ မေးကို မေးတစ်စောင်ရောက်လာတယ် ။
'မလေးရှားရောက် ရခိုင်လူမျိုးများ နဲ့ မြန်မာလူမျိုးများ သတိရှိကြပါ'
မလေးရှားတွင် အလုပ်လုပ်နေကြတဲ့ ရခိုင်လူမျိုးများနဲ့ မြန်မာလူမျိုးများ တို့ မလေးရှားမူဆလင်ကုလားလူမျိုးများ မှ ရခိုင်လူမျိုး များမှ ကို သူတို့ကုလားလူမျိုးတွေကို သတ်ထားသောကြောင့် မလေးရှာတွင်ရောက်နေကြသော ရခိုင်လူမျိုးများ နဲ့ မြန်မာလူမျိုး များကို အယောက်နှစ်ဆယ် ပြန်ပြီး သတ်မယ် လို့ ကြော်ငြာနေ ပြီး လူစု ဖွဲပြီး လိုက်ရှာကြောင်းသိရပါသည် ဒါကြောင့် သတိဝီရိယ နဲ့နေကြဖို့ တိုက်တွက်လိုက်ပါရပါသည်။ Share လုပ်ပေးပါရန်...

ကျွန်မတို့ ခေါင်းအေးအေး နဲ့ တွေးကြည့်ရအောင်နော် ။ ခုဖြစ်နေတာတွေ နောက်ဆုံး ရလာဒ်က
ဘာဖြစ်လာမလဲ ။တစ်ယောက် တစ်ပြန်လက်စားချေမှုတွေကြားမှာ လူသားတွေ သွေးချောင်းစီးရတော့မယ် ။
လူသတ်ပွဲတော်ကြီး တစ်ခုကို ကမ္ဘာအလယ်မှာ ခန့်ညားစွာ ကျင်းပကြတော့မလို့လား ။ ဘယ်သူအတွက်
အကျိုးဖြစ်ထွန်းစေသလဲ ။ ညီမငယ်လေးသီတာထွေး ကိစ္စက အစပြုလိုက်တဲ့ ပြသနာ တစ်ခု ။ ညီမငယ်လေး
သီတာထွေး အတွက် ခုလုပ်ရပ်တွေက ဘာတွေ အကျိုးဖြစ်ထွန်းစေခဲ့ပါသလဲ ။ ခုဆိုရင်ဘဲ
မလေးရောက် မြန်မာလူမျိုးတွေ ရင်တထိတ်ထိတ်နေနေရပါပြီ။ မဆုံးနိုင်တဲ့ ကလဲ့စားချေပွဲ
တွေကို ဆက်လက် ဖြစ်ပွားနေကြတော့မှာလား ။ လောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ယောကျာင်္း နဲ့ မိန်းမ
လူမျိုး 2ခုဘဲရှိပါတယ်။မိမိနှစ်သက်ရာ ဘာသာ အသီးသီး ကို ကိုးကွယ်ကြတယ် ။ လူတစ်ယောက်မှာ
အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက ကိုယ်ပိုင် ခံယူချက်နဲ့ ကိုယ်ပိုင်အသိတွေ  နည်းလမ်း မှန်ကန်စေဖို့၊
လူသားချင်းစာနာ ထောက်ထားတတ်ဖို့ပါပဲ ။ သစ်ထူးလွင် သတင်းစုစည်းမှု (၆-၆)
မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ တယ် ။
ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့...ကျမတို့ဟာ ပုတုဇဉ်လူသားတွေချည်းပါပဲ၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်...

နောက်တစ်ခုက ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်... အဲ့ဒါတော့ ကျမသတိပေးပါရစေ... ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်... ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမပြောရမယ်... လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်...

ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်... ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်...လုပ်ပေးနိုင်တာကို လုပ်ပေးမယ်... ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်...
(ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)

သိပ်ကို မှတ်သားသင့်တဲ့ စကားလေးပါ ။ အတွေးခေါ်တွေ မြင့်မားပေးကြပါ ရှင်။ သွေးဆူ တယ်ဆိုတာ မည်သူအတွက်မှ
ကောင်းသော ရလာဒ်ဖြစ်လာစေမှာ မဟုတ်ပါဘူး ။တိုင်းတစ်ပါးရောက် ကျွန်မတို့ အကိုတွေ ၊ အမတွေ ၊ မောင်လေး
ညီမလေးတွေ အတွက်ကိုလည်း ရှေးရှူ တွေးပေးကြပါ ။ မိသားစု ၀မ်းရေးအတွက် တိုင်းတစ်ပါးမှာ ကိုယ်ခန္ဓာနဲ့ သူများ
စိတ် အလုပ်လုပ်နေရတဲ့ အပြင်ခုလို ရင်တထိတ်ထိတ် သည်းတဖိုဖို နေနေရတဲ့ ဘ၀တွေကို ကိုယ်ချင်းစာပေးကြပါ ။
စည်းလုံးခြင်း ၊ သွေးစည်းခြင်းဆိုသာ ကောင်းတဲ့ စိတ်ဓာတ်လေးတွေပါ ။ ဒီစိတ်ဓာတ်လေးတွေကို ကောင်းမွန် မှန်ကန်
တဲ့ နည်းလမ်းတွေနဲ့ အသုံးချတတ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နောက်ထပ် သွေးချောင်းစီး စေတဲ့ မြင်ကွင်းတွေ
သတင်းတွေကို မဖတ်ရ ၊ မမြင်ရပါစေနဲ့ လို့ လေးနက်စွာ ဆုတောင်း နေမိပါတော့သည်။
ခိုင်လေး (ရွှေတောင်)


Tuesday, June 5, 2012

စာနာတတ်သူ အမျိုးကောင်းသားတွေ အဖြစ် ဂုဏ်ယူနေပါရစေရှင်။

စာနာတတ်သူ အမျိုးကောင်းသားတွေ အဖြစ် ဂုဏ်ယူနေပါရစေရှင်။
တွေးရင်း ရင်မော ၊ ရင်မောရင်း ပူပန် ၊ ပူပန်ရင်း စိတ်မကောင်းကြီးစွာဖြစ်မိရပါတော့သည်။

ခံစားချက်တွေကို တစ်ဆင့်စီ ဖြစ်တည်စေခဲ့သော အကြောင်းအရာလေး တစ်ခုကို ယနေ့

ကြုံတွေ့ ခံစားလိုက်ရပါတယ် ။ ကျွန်မက အင်တာနက် ကမ္ဘာထဲမှာ ကျင်လည်နေသူတစ်ဦး

ပီပီ မရိုးနိုင်သော အင်တာနက်  ဇာတ်လမ်းတွေကို အမြဲတမ်းလိုလို ကြားနေရတာကတော့

မဆန်းကျယ်ပါဘူး ။မဆန်းကျယ်ပေမယ့် မရိုးသော ဇာတ်လမ်းလေး တစ်ခုကို ကျွန်မ သိရှိ

ခဲ့ရပြန်ပါပြီ။ မိုးလင်းလို့ ဆိုင်ဖွင့်ချိန် စောစော စီးစီး အကောင့်လေးကို ဖွင့်မိတဲ့ လက်တွေကို

ဖြတ်ရိုက်ချင်နေမိပါသည်။ အကောင့်ထဲက ခင်နေတာမကြာသေးတဲ့ မမတစ်ယောက် ကို နှတ်

ဆက်လိုက်မိတာက အစပြုတော့တာပါပဲ ။ မမနဲ့ စကားတွေ ပြောနေရင်းက မမကသူချစ်သူ

အကြောင်းတွေကို ပြောပြလာပါတယ် ။ ဒီအထိတော့ ဟုတ်နေပါသေးတယ် ။

*မမချစ်သူကို ညီမလေး သိလောက်တယ် သိလား*

*ဟုတ်လားမမ …………ဘယ်သူများလဲ ဟင်*

*…………………………….*

မမချစ်သူ နာမည်ကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ရင်ထဲမှာ တုန်ရီမောဟိုက်သွားမိတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရလေ ဆိုတဲ့ အတွေးကလည်း ရင်ထဲမှာ ပဲ့တင်ထပ်နေမိပါသည်။

မမ ကို ပြန်ရိုက်ဖို့ စကားလုံးတွေ အတွက် ကျွန်မလက်တွေက လှုတ်ရှားလို့မရတော့ပါဘူး။
ကီးဘုတ် နဲ့ လက်ကို ကော်ကပ်ထားသလို ရပ်တံ့နေပါသည် ။ မမဆီက ညီမလေးဆိုတဲ့ ခေါ်

စာတွေ အများကြီးတက်လာမှ အသိပြန်လည်ဝင်လာခဲ့သည်။

*မမကို တစ်ခုတော့ ပြောချင်တယ် ….တစ်ကယ်ချစ်တယ်ဆိုပေမယ့်လေ

မျက်စိမှိတ်တော့ မယုံပါနဲ့နော် ။ အပြင်မှာ ပြန်လာပြီး တွေ့ကြည့်ပါအုံး မမ*

*ဟုတ်ကဲ့ပါ ညီမလေး *

ဆက်ပြောဖို့ အင်အားတွေ မဲ့လာသာနဲ့ အကောင့်ကို လိုင်းကျသလို ပိတ်လိုက်ပါတော့သည်။

ကျွန်မ ဘာကြောင့် တုန်လှုပ်သွားရတာလည်းဆိုတာ အကြောင်းအရာပေါင်းများစွာ
ကျွန်မမှာရှိနေပါသည်။ မမချစ်သူဆိုတဲ့ သူက အွန်လိုင်းမှာ ကျွန်မနဲ့လည်း အရမ်းကို
ရင်းနှီးပါသည်။ သူက နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နေပါသည်။ တစ်နေ့မှာ
ကျွန်မဆိုင်ကို အင်တာနက်လာသုံးတဲ့ ညီမငယ်တစ်ယောက်က အကူညီတောင်းပါတယ် ။
သူအင်တာနက် သုံးချင်တယ် ။ အကောင့်တစ်ခုလောက် လုပ်ပေးဖို့ ပြောလာပါသည်။ သူများအကူညီတောင်း

ရင်အားနာတတ်တဲ့ ကျွန်မ အကောင့်တစ်ခု လုပ်ပေးလိုက်မိပါဧ။် ။ ဒီမှာတင် မပြီးသေးဘဲ

သူမှာ ပြောစရာ လူမရှိလို့ တစ်ယောက်လောက် မိတ်ဆက်ပေးပါလို့ ထပ်မံတောင်းဆိုလာ

ပြန်ပါတယ် ။ ကျွန်မ အဲဒီလို အကောင့်တွေ မပေးတတ်ဘူး ။ အကူညီတောင်းနေတဲ့
မိန်းကလေးကို ကြည့်လိုက်ပြန်တော့လည်း တစ်ကယ်ကို ပြောစရာ တစ်ယောက်မှ မရှိတာနဲ့

ကျွန်မ အကောင့်လေး တစ်ခုကို ပေးလိုက်မိပါတယ် ။ ကျွန်မ ပေးလိုက်တယ်ဆိုပေမယ့်

နှစ်ယောက်စလုံးကို သေချာကို ပြောထားပါတယ် ။ အွန်လိုင်းပေါ်က ခင်တာမို့ သူအကြောင်း

ကို သေချာမသိဘူးဆိုတာကို သေသေချာချာ ကို ရှင်းပြထားပါတယ် ။ နောက်တစ်ခုက ကျွန်မ

ဆိုင်ဖောက်သည်တစ်ယောက်တိုးဖို့ အတွက် ဘယ်သူကိုမှ ကျွန်မချက်တင်ထိုင်ဖို့ ဖိတ်ခေါ်တဲ့

အလုပ်ကို မလုပ်တတ်ပါဘူး ။ ချက်တင် ထိုင်တဲ့ အလုပ်ကို ကျွန်မ လုံးဝ အားမပေးသူတစ်

ယောက်ပါ ။ ကျွန်မဆီမှာ အင်တာနင်သုံးနည်း ရက်တိုလာသင်သူတွေ အမြောက်မြားရှိပါတယ်

သင်တန်းပြီးချိန်တိုင်း ချက်တင်ထိုင်လို့ရတဲ့ ဆိုးကျိုးကောင်းကျိုးကို အနည်းဆုံး နာ၇ီဝက်တော့

ကျွန်မ ဟောပြောတတ်သူတစ်ယောက်ပါ ။ ကောင်မလေးနဲ့ ကျွန်မမိတ်ဆက်ပေးတဲ့ ကောင်

လေး ချစ်သူတွေ ဖြစ်သွားတယ်ဆိုတာ သိလိုက်ရချိန်တုန်းကလည်း တော်တော် အံ့သြမိခဲ့ပါ

တယ်။ကောင်မလေးက တကယ်ကို အေးအေးဆေးဆေး နေတတ်သူတစ်ယောက်ပါ ။ သူတို့တွေ
အွန်လိုင်းချစ်သူတွေ ဖြစ်နေကြချိန်မှာ ပျော်တခါ ငိုတလှည့်ပေါ့ရှင် ။ ကျွန်မ ကောင်လေးကို ခဏခဏ
မေးမိတယ် အတည်ချစ်တာလား ၊ တစ်ကယ်လက်ထပ်မှာလားလို့ပေါ့ ။ဘယ်တော့ မေးမေး အတည်ဆိုတာ
ချည်းပါပဲ ။ အမှန်လို့လည်း ယုံကြည်လိုက်မိတယ်လေ။ ကောင်လေး ကိုယ်တိုင်က ပညာပေးကဗျာတွေ
စာတွေ ရေးနေသူဆိုတော့ ပစ်စလက်ခတော့ မဖြစ်တန်ကောင်းဘူးလို့တွေးထင်မိခဲ့တာတွေက နောက်မှာ
နောင်တ ကြီးစွာ ရလိုက်မိပါသည်။ အချိန်ရယ်တန်လာတော့ ကောင်လေး မြန်မာပြည်ကို ပြန်လာတယ်။
ကောင်မလေးဆီကို ရောက်တာနဲ့ တန်းလာတွေ့တယ် ။ သြော်သူ အမှန်တစ်ကယ်ချစ်ရှာသားလို့ တွေးလို့
မဆုံးခင်မှာ ကျွန်မသိလိုက်ရတာက ကောင်မလေးက ကောင်လေး တည်းတဲ့ ဟိုတည်မှာ လိုက်အိပ်တယ်တဲ့
လေ။ ကျွန်မဒီသတင်းကို  ကြားလိုက်ရတာ ခေါင်းကို မြွေပေါက်လိုက်သလိုပါပဲ ။နှစ်ယောက်စလုံးကိုအပြင်မှာ

တွေ့ဖို့ ချိန်းလိုက်တယ်။ သူတို့ နှစ်ယောက်စလုံး ရှေ့တင် ကျွန်မမေးလိုက်တယ် ။ လက်ထပ်ကြမှာလား
ဆိုတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရေရာတဲ့ အဖြေထွက်မလာခဲ့ကြပါဘူး။ ကောင်မလေးကို
ခဏခေါ်ထုတ်ပြီး ပြောသင့်တာတွေကို ပြောပြတော့လည်း *တုဏှီဘာဝေ* နဲ့ခေါင်းတာ ညိတ်နေတယ်။
ကျွန်မသိလိုက်ပါတယ် ။ ကျွန်မ စေတနာက သူတို့ အတွက် အရာမထင်တော့ဘူးဆိုတာကိုပေါ့။
စိတ်မောခြင်း များစွာနဲ့ ကျွန်မပြန်လာခဲ့သည်။ ကောင်လေး ပြန်သွားပြီးနောက်နေ့ မှာ ကောင်မလေး ကျွန်မဆီ ရောက်လာ
တယ်။ ကျွန်မ မေးလိုက်မိတယ်။
*ညီမ သူလိပ်စာတောင် သေချာ မသိပဲ သူခေါ်တာကို လိုက်အိပ်တဲ့အထိ မိုက်မဲရလားကွယ်*
*မမ သမီး သူကို ချစ်တယ်*
*ချစ်တာကို မမ မပြောလိုပါဘူး……..သူတကယ်ချစ်တယ်ဆို ညီမလေးကို တန်ဖိုးထားရမှာပေါ့*
*ဟုတ်ပါတယ် မမ ..ညီမလေး ဘာလုပ်ရမလဲ*
*ခုသူက ဘာတွေ ပြောသွာလည်း*
*ဟင်အင် ဘာမှ အတိကျမပြောခဲ့ဘူးမမ*
* နောက်တစ်ကြိမ် လာမယ်ဆို ဒီလောက် အလွယ်မလိုပါနဲ့ကွယ် … ကိုယ်ကို တန်ဖိုးထားပါနော်*
*ဟုတ်ကဲ့ ………မမ*
ဆိုပြီး ပြန်သွားထဲက ကျွန်မနဲ့ ကောင်မလေး မဆုံကြတော့ပါဘူး။ မထင်မှတ်တဲ့ နေ့တစ်နေ့မှာ
သူတို့နှစ်ယောက်ကို အပြင်မှာ ကျွန်မထပ်တွေ့လိုက်မိဧ။်။။ ကျွန်မ စိတ်မကောင်း တော်တော်
ဖြစ်မိပါတယ် ။ မိန်းကလေးရယ် ကိုယ်ကို ဘာလို့ တန်ဖိုးမထားရသာလဲလို့ ရင်ထဲက ပဲ့တင်ထပ်
အောင်သာ မေးလိုက်မိပါသည်။ ဒီအခြေနေလေးထိ ရင်နာစရာကောင်းနေပေမယ့် သြော်
တစ်နေ့တော့ လက်ထပ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်မိပါတယ်။ ခုတော့ ဒီဆုတောင်းလေးကို
ပြည့်မှ ပြည့်ပါ့မလားဆိုတဲ့ အတွေးတွေနဲ့ ကျွန်မရူးချင်နေပါပြီ။ ကျွန်မအကောင့်ထဲက ခင်နေတဲ့
မမချစ်သူဆိုတဲ့ ကောင်လေးကလည်း ကျွန်မတို့ နယ်ကကလေးမလေး ချစ်သူဘဲ ဖြစ်နေခဲ့တယ်လေ။
ကျွန်မအကောင့်ထဲက မမက ကောင်လေး လိုသမျှငွေကြေးကအစ အစစအရာရာကို ဖြည့်စီးပေးနေသူ
တစ်ယောက်ဖြစ်နေတယ် ။ တွေးကြည့်လိုက်ပါအုံးနော်  ။ မိန်းမသားနှစ်ဦးစလုံး
ကို ရက်ရက်စက်စက် ကစားနေခဲ့သာ။ သူကစားနေတာ အပျော်ရည်းစားထား လှည့်စားနေတာမျိုးမဟုတ်ဘူးလေ။
သိပ်ကို ချစ်တတ်ပြီး ချစ်သူအတွက်ဆို  အရာရာကို အဆင်သင့်ရှိနေတဲ့ မိန်းမသားနှစ်ဦးစလုံးရဲ့
ဘ၀တွေ ၊ နှလုံးသားတွေ ကို ရင်းပြီး သူပျော်ရွင်မှုတွေ ၊ သူ သာယာမှုတွေကို
ဖန်တီး ယူနေတာ လူသားဆန်တဲ့ လုပ်ရပ်တစ်ခုလား ။ နှမ မရှိတောင် ၊ အမေတော့ ရှိဘူးတဲ့ သူတွေချည်းပါပဲ ။
စာနာတတ်ရမှာပေါ့ ။ လုပ်သင့် ၊ လုပ်ထိုက်တယ် ဆိုတာထက် ဘောင်ကျော်နေတယ်လို့ မှတ်ယူ
မိသည်။ အယုံလွယ်ပြီး ၊ သိပ်ချစ်တတ်တဲ့ မိန်းမသားတွေ ရဲ့ အားနည်းချက်ကို သူ ကောင်းကောင်း
အသုံးချသွားတာပဲ ။ ကျွန်မ ဘာလုပ်ရမလဲ ဘာလုပ်သင့်လဲဆိုတာကို တွေးရင်းခေါင်းတွေ ပူလာမိပါ
သည်။ တစ်ဖက်က ညီမလေးလို ခင်နေတဲ့ တမြို့တည်း ညီမငယ် ။ တစ်ဖက်က အမလိုခင်နေရသူ ။
အကြောင်းစုံကို သိနေပြီး ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေ နဲ့ ချာချာလည်နေစဉ်မှာဘဲ ကောင်လေး အကောင့်တက်လာပါသည်။
ကျွန်မ အားလုံး သိသွားပြီဆိုတာကို သူကို ပြောပြတော့ ငြိမ်နေပါတယ်။ ကျွန်မ
ဘယ်သူကိုမှ မပြောရသေးဘူးပြောတော့ ကျေးဇူးတင်ပါတယ်တဲ့လေ ။ အကောင်းဆုံးဖြစ်အောင်
သူဖြေရှင်းပါ့မယ်တဲ့ ။ ဘာကို အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းမှာလည်း ၊ ဘယ်လို ဖြေရှင်းမှာလည်း တစ်ယောက်ကို
ရွေးချယ်ရင် တစ်ယောက်က နစ်နာတော့မယ် ။ သူဘယ်လိုရွေးချယ်မှာလည်း ဘယ်အကြောင်းအရာက အကောင်းဆုံးဆိုတာ ကို
ပေးစွမ်းစေမှာလဲ ကျွန်မ ရင်ထဲ မောဟိုက်လာမိသည် ။ မိန်းကလေးတွေ ရဲ့ အရွေးချယ်ခံ ဘ၀ကိုလည်း
နာကျည်းလာမိသလိုဘဲ။ မြင့်မြတ်ပြီး အခွင့်ရေးများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ယောကျာင်္းတွေ
ဖြစ်နေရက်နဲ့ ဘ၀ကို ဘာလို့ တန်ဖိုးရှိရှိ မနေကြရသာလည်း ။ လူတစ်ယောက်မှာ အရေးကြီးဆုံး ဖြစ်တဲ့ စာနာထောက်ထားတတ်တဲ့
စိတ်တွေ သူဆီမှာ ဘာလို့ ရှိမနေခဲ့သာလည်း ။ အသိပညာပေး ကဗျာတွေ ၊ စာတွေ ရေးနေတဲ့ သူတစ်ယောက်က
ဘာလို့ ခုလိုအတွေးခေါ်တွေ ၊ လုပ်ရပ်တွေက အောက်တန်းကျ စာနာမှု ကင်းမဲ့နေရသာလဲ ။
စိတ်ထဲမှာ မမကိုကော ညီမလေးလိုခင်ရတဲ့ ညီမလေး အတွက် ထိခိုက်နာကျင်နေမိတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်ကြတဲ့ သူချင်းအတူတူ စာနာစိတ်လေး ပိုလို့တောင် မထားသင့်ဘူးလား ။
သူများနိုင်ငံမှာ အလုပ်လုပ်ရတယ်ဆိုတာ သူများစိတ်နဲ့ ကိုယ်ခန္ဓာ  အလုပ်လုပ်နေရတာပါ ။
ပင်ပမ်းချုပ်တီးမှု များစွာနဲ့ ရရှိပိုင်ဆိုင် လာတဲ့ ငွေချင်းတူတူကို သူမို့လိမ်ညာယူရက်တယ် ။ကိုယ်ချင်းစာ
တရားကင်းမဲ့လိုက်တာလို့ အခါခါ မုန်းတီးနေမိချိန်မှာ ဘာကိုမှ မသိတဲ့ မမကော ညီမလေးပါ ချစ်သူအလိမ်ညာ စကားတွေ
အောက်မှာ ပျော်ရွင် နေကြပါလိမ့်မည် ။ သူတို့ နှစ်ယောက်အတွက် ကျွန်မ ဘာလုပ်ပေးသင့်သနည်း ဆိုတဲ့
မေးခွန်းတွေက အခါခါ ပါပဲ။ကျွန်မ ဘာလုပ်ပေးရမလဲရှင် ။ သေချာတဲ့ ဆုံးဖြတ်တစ်ခုနဲ့ ဒီဆောင်းပါးလေးကို
ကျွန်မ ချရေးလိုက်မိပါတယ်။ ဖတ်မိကြပါစေဆိုတဲ့ ဆုတောင်းလေး နဲ့အတူ မှန်ကုန်တဲ့ ဆုံးဖြတ်ချက်တွေကို
ချမှတ်နိုင်ကြပါစေလို့ ကြိတ်ကာဆုတောင်းပေးနေမိပါဧ။်။ ။
မိန်းကလေးတွေ ဘ၀က ပန်းလေးတွေလိုပါပဲ ။ ပင်ယံထက်
ပွင့်လန်းနေချိန်တွေမှာ အစွမ်းကုန် လှပနေပေမယ့် မြေခသွားချိန်မှာတော့ အနင်းခံ ဘ၀လေးတွေကို
ရောက်သွားတတ်ကြပါတယ်။ အနင်းခံ ပန်းဘ၀ကို မည်သူကိုမှ မရောက်စေချင်ဘူး ။ ပန်းခရေလို
မွှေးရနံ့လေးတွေ ကျန်နေစေချင်မိပါတယ်။ခရေပန်းလေးတွေ နောက်ဆုံး ခြောက်သွားသည့်တိုင်အောင် မွှေးရနံ့ထုံသင်းစွာ
လူတွေက သနပ်ခါးထဲ ထည့်လိမ်းတတ်ကြပါသည် ။မိန်းကလေးတိုင်းကို လည်း နောက်ဆုံး အမှုန့် ဖြစ်တဲ့အထိ
အဖိုးတန်မွှေးကြိုင်စေတဲ့ ပန်းခရေလေးတွေလို တင့်တယ်တဲ့ ဘ၀လေးတွေကို ပိုင်ဆိုင်စေချင်မိပါတယ်။

  မေတ္တာ သစ္စာ ဆိုတာကို အခြေခံတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမျိုးတွေ နဲ့ ဆုံစည်းစေချင်မိပါဧ။် ။
ယောကျာင်္လေးဘဲ ဖြစ်ဖြစ် ၊ မိန်းကလေးဘဲ ဖြစ်ဖြစ် တန်ဖိုးရှိအောင် နေမှ ၊ တွေးမှ  လူဘောင်လောက
အလယ်မှာ တင့်တယ်စွာ ရပ်တည်နိုင်မှာ ဖြစ်ပါသည်။ကိုယ်ကိုမှ တန်ဖိုးမထားရင် လူဘ၀ဆိုတာ စိတ်ပျက်စရာချည်း ၊
စိတ်ညစ်စရာချည်း ဖြစ်သွားမှာပေါ့ ။ဘ၀တစ်ခုကို တူတူ လျှောက်လှမ်းဖို့ ချစ်သူရွေးချယ်ကြတဲ့ နေရာမှာ
သတ်မှတ်စံထားအချက်တွေ လူတိုင်းမှာ ရှိနေတတ်ကြပေမယ့် မိန်းမသားတွေ တော်တော်များ အချစ်ဆိုတာကို
နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရပြီဆို သတ်မှတ်ချက်တွေ စံချိန်စံညွှန်းတွေ အားလုံးပျောက်ပျက်ကုန်တတ်ကြပါတယ်။ အချစ်ဆိုတဲ့ ခေါင်းစဉ် တစ်ခုအောက်မှာ အရာရာကို အလျော့ပေး အလိုက်တတ်ကြတဲ့ မိန်းကလေးတွေ ရဲ့
အားနည်းချက်တွေကို အခွင့်ကောင်း ယူကာ ခုလို ဇာတ်လမ်းမျိုးတွေ ကျွန်မတို့လာဘောင်အဖွဲ့အစည်းမှာ အများပြားပေါ်ပေါက်
လာတာတွေက ရင်နာစရာ ကောင်းလှပါပေတယ် ။
အမျိုးကောင်းသားဆိုတဲ့ နာမည်လေးတွေကို တန်ဖိုးထား
ပေးကြပါရှင် ။ နှမချင်းစနာစိတ်လေးတွေ မွေးမြူပေးကြပါ ။ တစ်ချိန်ဒီနေရာမှာ ငါသမီးလေးသာဖြစ်နေမယ်
ဆိုတဲ့မြင့်မြတ်တဲ့ စာနာစိတ်လေးတွေ မွေးပေးကြပါ။ လူရယ်လို့ဖြစ်လာပြီဆိုရင် လူသားချင်း စာနာ
ထောက်ထားတတ်ခြင်းဆိုတဲ့ စိတ်ကလေး က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်ဆိုတာကို မမေ့
လျော့ပဲ စာနာထောက်ထား ပေးနိုင်ကြပါစေ ။ စာနာတတ်သူ အမျိုးကောင်းတွေ အဖြစ်
မြန်မာယောကျာင်္းလေးတွေကို ဂုဏ်ယူနေပါရစေလို့ လေးနက်စွာ ဆုတောင်းလိုက်မိပါတော့သည်။
 
*****************************
 
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

ခိုင်လေးတို့ ချစ်သူ သက်တမ်း နှစ်နှစ်ပြည့် ပွဲလေးပါရှင် ( တက်ရောက် မုန့်သုံးဆောင်ကြပါနော်)

မောင်ရေ
  မောင် က ကေ အတွက် မရှိမဖြစ်တဲ့ အသက်ရှူသံလေး တစ်ခုပါပဲရှင်။
ကျွန်မ နှလုံးခုန်သံလေး ရပ်ဆိုင်းသွားရင် ကေ သေဆုံးသွား နိုင်သလို မောင် မရှိရင် ကေ အမှန်တစ်ကယ်
သေဆုံးသွားရမှာပါပဲရှင် ။ တစ်နေ့တာ 24 နာရီမှာ မိနစ်တိုင်း မဟုတ်သာတိုင်း နာရီတိုင်း မှာ မောင်ကို
လွမ်းတဲ့ စိတ် ၊ သတိရ စိတ်တွေက စိုးမိုးနေပါတယ် မောင်။
မောင် ကို ကေ အရမ်းချစ်တယ် မောင် ။ ဒီနေ့ဆို ကေ တို့ ချစ်သူ ဖြစ်တာ နှစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီနော်။
ဘယ်သူမှ မပေးနိုင်တဲ့ နားလည်မှု ၊ စာနမှုတွေ နဲ့ ကေ လက်ကို မြဲမြဲ ဆုပ်ကိုင်ပေးထားတဲ့
မောင် ကို ကေ အရမ်းကို ကျေးဇူးတင်မိပါတယ် ။ ကျေးဇူးတင်ခြင်းနဲ့ ထပ်တူ ပိုလို့မြတ်နိုး တန်းဖိုးထားရပါတယ်ရှင်။
အချစ်ဆိုတာ တကယ်တော့ သာယာတဲ့ ဂီတသံဇဉ်လေး တစ်ခုပါ......ဒီဂီတသံဇဉ်လေးကို
ခိုင်လေးက ထာဝရ ညဉ်းဆိုရင်း မောင်ကို ချစ်နေရင်း ခိုင်လေးချစ်တဲ့ စာတွေကို ခိုင်လေးချစ်တဲ့
ဆိုဒ်လေးထဲမှာ ထာဝရ ရေးနေအုံးမှာပါရှင်............

မင်္ဂလာရှိသောနေ့ရက်လေးပါရှင် ။ ဒီနေ့ ခိုင်လေး တို့ ချစ်သူ သက်တမ်း နှစ်နှစ်ပြည့် တဲ့ နေ့လေးပါ။
ချစ်သူ သက်တမ်း နှစ်နှစ်ပြည့် အမှတ်တရ ရွှေမြန်မာ မိသားစုဝင်တွေကို ဧည့်ခံပွဲလေး လုပ်ပေးတာပါရှင်။
အားရပါး သုံးဆောင်ကြပါနော် ။


ဒါက ဆန်စီးသုပ်(ရှမ်းခေါက်ဆွဲ)
ကြက်ကြော် အဲ ဟုတ်ဝူးး ငှက်ကြော် ဟီ ဟိ


တောင်ကြီး မြီးရှည်










တောင်ကြီးကောက်ညင်းထုပ်





ဒါက ရေနွေးကြမ်းသောက်ဖို့
စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေရှင်
လက်ဖက်သုပ်ရှယ်နော်






အမောပြေ သရက်သီးလေး စားကြပါဦး
အမောပြေ သရက်သီးလေး စားကြပါဦး


သရက်သီးဖျော်ရည်လေးလဲသောက်ကြနော် အမောပြေ


စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ပြည့်စုံပါစေရှင်
ဒါလေးကတော့  ခိုင်လေးတို့ ချစ်သူ နှစ်ဦးက ပြန်ပေးတဲ့
လက်ဆောင်လေးပါနော်......ခိုင်လေး တို့  ပွဲလေးကို တက်ရောက် ချီးမြှင့်တဲ့
အတွက်ကျေးဇူးတင်ပါတယ်နော့် 

49.မိခင်တစ်ယောက် ရဲ့ တိတ်တခိုး မျှော်လင့်ချက် ( ၀ထ္ထုတို )


49.မိခင်တစ်ယောက် ရဲ့ တိတ်တခိုး မျှော်လင့်ချက် ( ၀ထ္ထုတို )




မိခင်တစ်ယောက် ရဲ့ တိတ်တခိုး မျှော်လင့်ချက် ( ၀ထ္ထုတို )

*ကလင် ကလင် .... ကလင် ကလင် *

ဒိတ်အောက်နေတဲ့ ဖုန်းသံက ကိုင်သူမဲ့စွာ အော်မြည်နေသည်။ ကိုင်မယ့်သူက တော်တော် နဲ့ ပေါ်မလာပေမယ့်

ဖုန်းသံကတော့ ဆက်လက်မြည်နေဆဲပါ ။ နှေးတုံ့လှတဲ့ ခြလှမ်းတွေနဲ့ လျှောက်လှမ်းလာတဲ့ အဘွားအို တစ်ဦး ။

ဆက်တိုက်မြည်နေတဲ့ ဖုန်းနားကို ရောက်လာပေမယ့် ချက်ချင်းမကိုင်သေးပဲ အဓိပ္ပာယ်မဲ့ စွာ စိုက်ကြည့်နေဧ။် ။

ခဏနေမှ ဖုန်းကို မကိုင်ချင်စွာနဲ့ ကိုင်လိုက်ပါသည်။

*ဟဲလို*

*ခေါ်နေတာ ကြာနေပြီ မေမေ ... မကိုင်တော့ စိတ်ပူလို့ ဆက်တိုက်ခေါ်နေတာ *

သြော် ! စိတ်ပူတယ်တဲ့လား ။ စိတ်ပူလို့ ဆက်တိုက်ခေါ်နေမယ့် အစား ကားလေးထုတ်ပြီး ပြေးလာလိုက်ပါလားကွယ်။

အပြင်သို့ ထွက်ကြလာသော စကားသံမဟုတ်ပါ ။ ရင်တွင်း တီးတိုးရေရွတ်လိုက်မိခြင်းသာဖြစ်သည်။

* မေမေ နေမကောင်းဘူးလား ... သမီး ငွေလာပို့မလို့ မေမေ ......သမီးတော့ မအားဘူးမေမေရေ ...သားငယ် စာမေးပွဲ ကလည်းတော်တော် နီးနေပြီလေ ။ သမီး အိမ်က ဒရိုင်ဘာ မောင်မြင့်ကိုဘဲ လွတ်လိုက်မယ်နော် ... မေမေ ဘာမှာ အုံးမလဲ မေမေ*

* မမှာတော့ပါဘူး ........ သမီးကော နေကောင်းတယ်နော် *

*ဟုတ်ကဲ့ ......... ကောင်းပါတယ်မေမေ *

ဒီနေရာမှာတင် ဆက်သွယ်မှုက ပြတ်တောက်သွားပါတော့ဧ။် ။ ဖုန်းလေးကို ညင်သာစွာ ပြန်ချပြီး အနီးရှိ ပက်လက် ကုလားထိုင်ပေါ်၏၊ ။ဖြေးညင်းစွာ ထိုင်ချလိုက်သည် ။ လွန်လေခဲ့သော နှစ် 30က ပုံရိပ်တွေက ဓာတ်ပုံရိုက်သလို ပြန်လည်မြင်ယောင်လာခဲ့သည်။ မိုးတွေ ရွာနေတဲ့ နေ့လေးတစ်နေ့ ကျွန်မတို့ လင်မယား အလုပ်ကိစ္စတစ်ခုနဲ့ ပဲခူးဘက်ကို ရောက်နေခဲ့သည်။ ချစ်လှစွာသော 10နှစ် သမီးလေးကို ကလေးထိန်း မိန်းကလေးနဲ့ အိမ်မှာ ထားခဲ့ရပါသည်။ ပဲခူးရောက်တော့ အိမ်ကို ဖုန်းဆက်ကြည့်တော့ ဖုန်းကိုင်မယ့်သူမရှိ ။ နောက်အကြိမ်ကြိမ် ထပ်ခေါ်ကြည့်သည် ။ မကိုင်တဲ့ ဖုန်းကို ဆက်ခေါ်ဖို့ဆိုတဲ့ အတွေးမရှိ ။ လင်မယားနှစ်ယောက်လုံး ကားပေါ်ချက်ချင်းတက်ကာ ရန်ကုန်သို့ တန်းပြန်ခဲ့ကြသည်။ အလုပ်မပြီးဘဲ သမီးဇောနဲ့ ပြန်လာခဲ့တဲ့အတွက် သိန်းပေါင်းများစွာမြတ်မယ့် လုပ်ငန်းတစ်ခုကို ဆုံးရှုံးမယ်ဆိုတာ သိပေမယ့် ငါ့သမီးလေး တစ်ခုခုဖြစ်နေလို့ ဖုန်းမကိုင်တာဘဲဆိုတဲ့ အသိက လူတကိုယ်လုံးကို ပူလောင်နေမိပါသည်  ။ အိမ်ပြန်ရောက်တော့ သမီးလေးနဲ့ ကလေးထိန်းက အိပ်ပျော်နေကြခြင်း ဖြစ်ဧ။် ။ ဒါပေမယ့်ဆုံးရှုံးလိုက်ရတဲ့ ငွေကြေးတွေကို နှမြောတဲ့ စိတ်ထက် သမီးလေးကို ကောင်းကောင်းမွန်မွန် တွေ့လိုက်ရတဲ့ ပီတိ အပျော်လေးက အရာရာကို အနှေမြောမရှိခဲ့ပါဘူး ။ သမီးလေး ဒုတိယနှစ်တက်နေချိန်မှာ အမျိုးသားက ပျော်ရွင်ဖွယ် မိသားစုဘ၀လေးထဲကလေ မထင်မှတ်ဘဲ ထွက်ခွာသွားခဲ့ပါသည်။ အမျိုးသားဆုံးသွားပေမယ့် သမီးဆိုတဲ့ အားတွေကို ထည့်ကာ ကြိုးစားရပ်တည်ခဲ့ပါဧ။်။ ဘ၀ရဲ့ အမောတွေကို သမီးလေး အပြုံးတစ်ချက်နဲ့ အပမ်းပြေစေခဲ့သည်။ ဘွဲ့ရတော့ သင်တန်းတွေ စုံအောင် ဆက်တက်စေခဲ့သည်။ စင်ကာပူမှာ ကျောင်းနေချင်သည်လို့ ပူဆာလာတော့လည်း တစ်ချက်မညဉ်းသမီးေးလ ဆန္ဒကို ဖြည့်စီးပေးခဲ့ဧ။်။ စာတော်သော သမီးအတွက် ဂုဏ်ယူမဆုံး တပြုံးပြုံးပေါ့ရှင်။ အမျိုးသား ဆုံးပြီးကတည်းက အခြေမပျက်အောင်ရပ်တည်ဖို့ ကြိုးစားလာခဲ့တဲ့ ပွဲရုံလုပ်ငန်းက ခုနှစ်ထဲမှာ ယိုင်နဲ့ လာခဲ့တာကိုတော့ သမီးလေးကို မသိစေခဲ့ပါ။ ပွဲရုံ ပိုင်ရှင်ဆိုတဲ့ နာမည်ပဲ ကျန်တော့သည်။ ဆက်လက် လည်ပတ်နိုင်အောင် ကြိုးစားနေရသည်။ စင်ကာပူမှာ သမီးလေး ကျောင်းပြီးရင်တော့ အသက်ရှူ ချောင်မှာဆိုတဲ့ အတွေးတွေက သမီးဆီဖုန်းတချက်နဲ့တင် ပျက်စီးသွားစေခဲ့ပါသည်။ အိမ်ထောင်ပြုတော့မယ် တဲ့လေ။ မေမေက ဘာလက်ဖွဲ့မှာလဲဆိုတဲ့ မေးသံလေးက ချိုမြနေပေမယ့် ကျွန်မ အာဆေးမိနေခဲ့ပါဧ။် ။ နောက်ဆုံးမှာတော့ သမီး မင်္ဂလာဆောင်မှာ မျက်နှာ မငယ်ရလေအောင် ကားတစ်စီး ဖြစ်အောင် လက်ဖွဲ့လိုက်ရချိန်မှာတော့ ကျွန်မ ဘ၀ကတော့ တိုက်ခန်းကျဉ်းကျဉ်းလေး တစ်ခုသာ ကျန်ရစ်နေခဲ့ ပါတော့သည်။ သမီး မင်္ဂလာဧည့်ခံပွဲပြီးချိန်မှာတော့ အခြေနေ အမှန်ကို သိစေခဲ့ပါသည် ။ သမီး ဘ၀လေး သာယာလှပနေတာကို အထူးကျေနပ် ပီတိဖြစ်မိပါဧ။် ။ လစဉ် ကျွန်မ စာဖို့ အသုံးစရိတ်ကို ထောက်ပံ့ပေးတတ်ပေမယ့် လူကတော့ တမြို့ထဲနေနေပေမယ့် 2 လတစ်ခါလောက်သာ ရောက်လာတတ်ပါတယ် ။ ဖင်ပူအောင်ပင် မထိုင် မေမေ နေကောင်းတယ်နော်......ဘာလိုသေးလဲ ဆိုတာနဲ့ ပြောပြေး ပြေားတာက ပိုများဧ။်။ ဖြစ်နိုင်မယ်ဆို ကျွန်မသေချင်ပါသည်။ သားသမီး ဆိုတာကို အပေးပဲ ရှိချင်သည် ။ သားသမီးဆီကနေ ပြန်ယူနေရတဲ့ ဘ၀ကို ကျွန်မ မနေချင်ပါ ။ သမီးလေး ငယ်စဉ်က ယုယထွေးပွေ့ခဲ့တဲ့ ကြင်နာမှုမျိုးကို ကျွန်မ ခုချိန်မှာ သမီးဆီက မျှော်လင့်နေမိပါဧ။်။ သူငယ်ပြန်နေသလားလို့ ကျွန်မကိုယ် ကျွန်မ အကြိမ်ကြိမ် တွေးတော ဆင်ခြင်မိသည်။
ဟင်အင် .... မဟုတ်ပါဘူး ။ ကျွန်မရင်ထဲက ပြင်းပြင်းပြပြ မျှော်လင့်နေမိခြင်းမျိုးပါ ။ ခုဆို သမီး ကမွေးတဲ့ မြေးမတောင် ပထမနှစ်တက်နေပါပြီ။ သမီးက ယောက္ခမတွေနဲ့ တူတူနေတာမို့ ယောက္ခမတာဝန်တွေလည်း ရှိရှာလို့နေမှာပါလေ လို့ဖြေတွေးရင်း နှစ်တော်တော်များများကို ကျော်ဖြတ်လာခဲ့တာ ခုဆို အဘွားအို တစ်ယောက်အရွယ်သို့ကူးပြောင်းလို့ လာနေပါပြီ ။ သမီး ပြုစုမှုတွေကို ခံယူခွင့်ရတဲ့ ခမည်းခမက်တွေလည်း အားကျမိပါသည်။ ခုရက်တွေမှာ ကျွန်မ ရှိတဲ့ အသက်အရွယ်ထက် ပိုမိုလို့အိုစာ လာသည်လို့ မှတ်ယူမိသည် ။ နေရင်းထိုင်ရင်းနဲ့ကို မောမောနေတတ်ဧ။်။ သမီးကိုတော့ အသိမပေးလိုတော့ပါ ။
သူအလိုလို ရောက်လာမယ့်အချိန်လေးကိုတော့ တိတ်တခိုးလေး မျှော်လင့်နေမိပါသည် ။ ငယ်စဉ်က ကျွန်မရင်ခွင်ထဲမှာ သမီးလေးကို ထွေးပိုက်ထားသလိုလေး ခုချိန်မှာ သမီးက ကျွန်မကို ထွေးပွေ့လာမယ့် နေ့လေးကို တိတ်တခိုးမျှော်လင့်ရင်း လောကကြီးထဲကနေ ညင်သာစွာ ထွက်ခွာသွားသူ အဘွားအိုတစ်ယောက် မျှော်လင့်ချက်အတွေးတွေ နဲ့ ပြုံးပြုံးလေ သေဆုံးသွားခဲ့ပါပြီ။

ခိုင်လေး (ရွှေတောင်)

အချစ်ကို ကိုးကွယ်သူလေး

မြန်မာ စံတော်ချိန် ည..3.40 (31.5.2012)

★★★အချစ်ကို ကိုးကွယ်သူလေး နှင့် စာရေးဆရာမ မြသွေးနီ တို့ရဲ့ အင်တာဗျူး အစီစဉ်★★★

ခိုင်လေး တာဝန်ယူထားတဲ့ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်ဖို့ အလှည့်ကြလို့ လာပြန်ပါပြီရှင် ။ ဘယ်သူကို မေးမြန်းရမလည်းလို့
စီစဉ်တော့ ခိုင်လေးလေးစားအားကျရတဲ့ မမတစ်ယောက်ကို မေးမြန်းဖို့ ရွေးချယ်လိုက်မိပါသည်။ မမကို အဆက်သွယ်လုပ်ဖို့
ကြိုးစားရချိန်မှာ ခိုင်လေး ကမ်းလှမ်းချက်ကို လက်ခံဖို့ဆိုတာ ခိုင်လေး အကောင့်လေးကို လက်ခံမှ ဖြစ်မှာလေ ။ မျှော်လင့်ခြင်းများစွာနဲ့
မမအကောင့်လေးကို အပ်လိုက်မိဧ။်။  မမကပြန်လည် လက်ခံလိုက်ချိန်မှာ အရမ်းကို ပျော်မိတယ်ဆို ပိုတယ်လို့ ထင်ကြပါလိမ့်မယ် ။
မမကိုအင်တာဗျူးလုပ်ချင်တဲ့ အကြောင်းလေး ပြောတော့ သဘောကောင်းဖော်ရွေတဲ့ မမက  ခိုင်လေးမေးတဲ့ မေးခွန်းလေးတွေကို
 စိတ်ရှည်စွာအချိန်ပေး ပြန်ဖြေပေးခဲ့တဲ့ ဆရာမ မြသွေးနီကို  ရွှေမြန်မာဥယျာဉ်မိသားစု ၀င်တွေအတွက်ခုလို မေးမြန်းခဲ့ပါသည်။
မမရေမင်္ဂလာပါရှင်။ခိုင်လေးတို့ရွှေမြန်မာဥယျာဉ်


အတွက်အင်တာဗျူးလေး လုပ်ချင်လို့ပါ ရှင်။

မင်္ဂလာပါ ညီမ





ပထမဆုံး မမ မိသားစုလေးနဲ့ မိတ်ဆက်ပေးပြီး  အခုလောလောဆယ် မမ
ရှင်သန်နေတဲ့ အကြောင်းအရာလေးကို သိပါရစေ။




ကျွန်မက တွယ်တာချစ်ခင်ရတဲ့၊ ကျွန်မကို တွယ်တာချစ်ခင်တဲ့ သာမန် မိသားစုဘ၀လေးကို 
ကျွန်မ တည်ဆောက်ခွင့် ရထားပါတယ်။ ဒီမိသားစုလေးမှာ မိသားစုဝင် သုံးယောက်လုံး
အပြန်အလှန် လေးစားစိတ်မှု၊ တန်ဘိုးထားမှုနဲ့ ရှင်သန်ရပ်တည်နေပါတယ်။



မမ ဘလော့ဂါ စာရေးသူတစ်ယောက် ဖြစ်လာခဲ့ပုံလေးကို ပြောပြပေးပါအုံးနော် ။




အွန်လိုင်းပေါ်စာမရေးခင် ကျွန်မ တက္ကသိုလ်ကျောင်းသူဘ၀ ၁၉၉၀လောက်မှာ
ပေဖူးလွှာမဂ္ဂဇင်းမှာ ကဗျာ၊ ၀တ္တုတိုလေးတွေ သုံးပုဒ်လောက် ဖော်ပြခံခဲ့ရဘူးပါတယ်။
အဲ့ဒီနောက်ပိုင်း မရေးဖြစ်တော့ပဲ စာတွေသာ တွင်တွင်ဖတ်ခဲ့ပါတယ်။ အွန်လိုင်းမှာ စာတွေ
ရေးလို့ရတယ်လို့ သိလာချိန်မှာ စာရေးချင်စိတ်တွေ ပြန်ရုန်းကြွလာပြီး ၂၀၀၉ခုနှစ်
အောက်တိုဘာလမှာ စတင်ရေးဖြစ်ခဲ့တာ အခုအချိန်ထိပါဘဲ။


ဘလော့ဂါ တစ်ယောက်က မဂ္ဂဇင်းစာမျက်နှာတွေပေါ်က စာရေးဆရာတွေထက် 
ပိုပြီးဝေဖန်ခံရတယ်နော်မမ။ကော်မန့်တွေမှာ
တချို့ကော်မန့်တွေက ဝေဖန်တယ်ဆိုတာထက် ပုဂ္ဂိုလ်ရေး
ထိခိုက်ပြီး စာရေးချင်စိတ်တွေ ပျောက်ဆုံးကုန်ထိ ဆိုးတဲ့ ကော်မန့်တွေကို
မကြာခဏဆိုသလို တွေ့နေမြင်နေရပါတယ် မမ ။ မမော ဒါမျိုးတွေကို ကြုံခဲ့ရဘူးလားမမ ။ အဲဒီလို
ကြုံခဲ့စဉ် မမ ဘယ်လို စိတ်မျိုးထားခဲ့တယ်ဆိုတာလေးကို တက်သစ်စ ဘလော့ဂါလေးတွေ
အတုယူရအောင်ပြောပြပေးပါအုံးနော် ။

အစ်မအနေနဲ့ကတော့ အခုအချိန်အထိ ထူးထူးခြားခြား ဝေဖန်ခံရတာမျိုး မရှိသေးပါဘူး။
အပြုသဘောနဲ့ ဝေဖန်တာမျိုးကို စာရေးသူများကလည်း လက်ခံသင့်ပြီး၊
ဝေဖန်သူကိုယ်တိုင်ကလည်း ပုဂ္ဂိုလ်ရေး ဝေဖန်မှုမျိုးထက် ရေးထားတဲ့ စာအပေါ်မှာ
စေတနာနဲ့ ဝေဖန်တာမျိုး ဖြစ်သင့်ပါတယ်။


ဇာတ်လမ်း ကဗျာ၊ ဆောင်းပါးတစ်ခုကို ရေးတော့မယ်ဆို စိတ်ကူးတွေကို ဘယ်လို
အစတည်တယ်ဆိုတာလေးလည်း ပြောပြပေးပါအုံး မမ။




စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးရတာ ကျွန်မအတွက် ခဲယဉ်းပါတယ်။ ကျွန်မရဲ့
ပတ်ဝန်းကျင်က အကြောင်းအရာတွေက ကျွန်မရဲ့ စိတ်နှလုံးကို ရိုက်ခတ်လာပြီဆို၊
၊ဲ့ဒီအပေါ်မှာ အခြေပြုပြီး ကျွန်မစာတွေ ရေးဖြစ်ခဲ့တာ များပါတယ်။ စိတ်ကူးထဲမှာ
သေချာတွေးလို့ ၀သွားပြီဆိုရင် ကွန်ပျူတာနဲ့ လက်တမ်း ချရေးလိုက်တာပါဘဲ။ 
စိတ်ကူးတဲ့အချိန်က ချရေးလိုက်တဲ့ အချိန်ထက် ပိုကြာမြင့် တတ်ပါတယ်။

မမ ဘယ်ချိန်တွေမှာ စာရေးတတ်လဲ ။




စိတ်ကူးထဲမှာတော့ အမြဲ ရေးနေမိတတ်ပါတယ်။ လက်နဲ့ချရေးဖြစ်တာကတော့ လူခြေတိတ်တဲ့
ညပိုင်းတွေ မှာပါ။ တိတ်ဆိတ်နေတဲ့အချိန်မှာ စာရေးရတာ ပိုအရသာ တွေ့တတ်ပါတယ်။




မျှဝေခံစားမှုဆိုတဲ့ စကားလေးက ယနေ့ အင်တာနက်အတွက်
မိတ်ဖိတ်စကားလေးလို့ ဆိုခဲ့မယ်ဆိုရင် မမ လက်ခံနားလည်တဲ့ မျှဝေခံစားခြင်းဆိုတဲ့
အဓိပ္ပာယ်လေးကို သိပါရစေရှင်။



မျှဝေခံစားခြင်းဆိုတာ မိမိရဲ့ (ဒါမှမဟုတ်) မိမိသိရှိလာတဲ့ အကြောင်းအရာတွေကို
တခြားသူများသို့ ပေးသိစေခြင်းလို့ အဓိပ္ပါယ်ဖွင့်ရမယ် ထင်ပါတယ်။ နည်းပညာတွေ
ထွန်းကားလာတဲ့အခါမှာ အွန်လိုင်း အသုံးပြုသူတွေ ပိုမိုများပြားလာပါတယ်။
ကွန်ယက်တွေကလည်း ပိုမို ကျယ်ပြန့်လာပါတယ်။ အခု Facebookမှာ ရေးထားတာတွေဆို
Likeတစ်ခါနှိပ်ယုံ၊ Share တစ်ခါနှိပ်ယုံနဲ့ ဖောဖောသီသီ ပျံ့နှံ့နိုင်ပါတယ်။ အင်တာနက်ကနေ
မိတ်ကောင်းဆွေကောင်းတွေလည်း ရလာနိုင်ပါတယ်။ သုတ၊ ရသ၊ ဗဟုသုတ၊ နိုင်ငံရေး
အကုန်မျှဝေသိရှိနိုင်ပါတယ်။ ပြန်လည်မျှဝေရာမှာလည်း မူရင်း အားထုတ်သူရဲ့ နာမည်၊ လင့်ခ်နဲ့တကွ
ခရက်ဒစ်ပေးပြီး လိပ်ပြာသန့်စွာ မျှဝေပေးသင့်ပါတယ်။

မမ ဘ၀မှာ အဖြစ်ချင်ဆုံး ဆိုတဲ့ အရာကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပြီးပြီလားမမ။




ကျွန်မအဖြစ်ချင်ဆုံး စာရေးသူတစ်ယောက်ဘ၀ကိုတော့ အခုအချိန်မှာ လှမ်းခွင့်နေပြီလို့
ထင်မိပါ တယ်။




မမရင်နစ်သည်းချာလေးအတွက် မမထားရှိတဲ့

မိခင်တစ်ယောက်ရဲ့ မျှော်လင့်ချက်လေးကို သိခွင့်ရမလား မမ။



အများကြီး မမျှော်လင့်ထားပါဘူး။ အခြေခံကျတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ဘ၀ကို

ကိုယ့်ဒူးကိုယ်ချွန်ပြီး ရိုးသားစွာ ကျော်ဖြတ်နိုင်ဖို့ပဲ မှာကြားထားပါတယ်။




မမ ခံယူထားတဲ့ ဘလော့ဂါ တစ်ယောက်ရဲ့ စိတ်ဓာတ်လေးကိုလည်း သိပါရစေ။




ကျွန်မခံယူထားတာကတော့ ဘလော့ဂါမှ မဟုတ်ပါဘူး၊ စာရေးသူတိုင်း မိမိရေးတဲ့စာကို မိမိ
တာဝန်ယူရပါမယ်။ မိမိရေးတဲ့ စာဟာ စာဖတ်သူပေးလိုက်ရတဲ့ အချိန်နဲ့ ထိုက်တန်တဲ့ စာမျိုး
အဆိပ်အတောက် မဖြစ်စေမယ့် စာမျိုးဖြစ်ရပါမယ်။



မဖြစ်နိုင်ဘူးဆိုတာ မကြိုးစားလို့ပါပဲ ဆိုတဲ့ စကားလေးအပေါ် မမ အမြင်လေးကို
သိပါရစေ ။




ခြေတစ်လှမ်း စတင်လှမ်းဖို့ ခြေဖ၀ါးတောင် မကြွပဲနဲ့ ခရီးက ဝေးလိုက်တာလို့
ငြီးငြူနေမယ့်အစား၊ အခုချက်ချင်းပဲ ခြေလှမ်းတစ်လှမ်း စတင်လှမ်းလိုက်ပါ။ ပန်းတိုင်က
သင့်ကို စောင့်နေပါလိမ့်မယ်။



.ပျော်ရွင်မှု ရဲ့ လျှို့ဝှက်ချက်က ဘယ်အရာလို့ မမသတ်မှတ်ထားပါသလားရှင်။




ပျော်ရွှင်မှုရဲ့ လျို့ဝှက်ချက်က စာနာစိတ်ဖြင့် ရိုးသားစွာ နေထိုင်ခြင်းလို့ မြင်ပါတယ်။ မိမိရဲ့
ကောင်းမွန်သော လုပ်ဆောင်ချက်တိုင်းသည်လည်း မိမိရဲ့ပျော်ရွှင်မှုပါဘဲ။ မိမိကိုယ်တိုင်
ပျော်ရွှင်နိုင်မှ အခြားသူတွေကိုလည်း အပျော်တွေ ကူးစက်မျှဝေနိုင်မှာပါ။



ဘ၀မှာ အခက်ခဲဆိုတဲ့ အရာကို လူတိုင်းကြုံတွေ့ ခံစားဖူးမယ်လို့ ထင်ပါတယ်။
အဲဒီလို အခက်ခဲတွေ စိတ်ဓာတ်ကျစရာတွေကို ရင်ဆိုင်ရချိန်မှာ မမဘယ်လို
စိတ်ထားမျိုးတွေနဲ့  ကြံ့ကြံ့ခိုင်လျှောက်လှမ်းခဲ့တယ်
ဆိုတာလေးကိုလည်း ပြောပြပေးပါနော်။

တစ်ကြိမ် လဲကျတိုင်းမှာ လူးလဲထရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု တစ်ကြိမ် ရရပါတယ်။
အကြိမ်ကြိမ် လဲကျတိုင်း ရရှိခဲ့တဲ့ ဒဏ်ရာအမာရွတ်တွေက ဘ၀နဲ့၊ အတွေ့အကြုံများနဲ့
ရင်းပြီး ရခဲ့တဲ့ တစ်သက်စာ ဆုတံဆိပ်များပါဘဲ။ အမာရွတ်တစ်ခုခြင်းစီမှာ ကိုယ်တိုင်
အောင်မြင်စွာ ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်းရင်းတွေ ရှိနေပြီး၊ နောက်ပြန်လှည့်ကြည့်တဲ့
အချိန်တိုင်းမှာ ခွန်အားတွေ ဖြစ်စေရပါတယ်။


အွန်လိုင်းရွှေဝတ္တုတိုဆုလေးကို ပိုင်ဆိုင်ရခဲ့စဉ်က မမရင်တွင်း
အပျော်လေးတွေကို ပြန်လည် မျှဝေးပေးပါအုံးရှင်။



အွန်လိုင်းရွှေဝတ္တုပထမဆု ရရှိခဲ့ချိန်က ပျော်ရွှင်ခဲ့ရပါတယ်။ စာပေနယ်က အစဉ်အလာရှိသူ၊
လေးစားရတဲ့ ဆရာကြီး ဆရာမကြီးများကိုယ်တိုင် ရွေးချယ်ပေးခဲ့တာမို့ ဒီဆုကို
အလွန်တန်ဖိုး ထားမိပါတယ်။



လုံချင်းစာအုပ်လေး တစ်အုပ်အဖြစ် ပထမဆုံးပုံနှိပ်ဝတ္တုလေးဖြစ်တဲ့ 
အိမ်မက်ကောက်ကြောင်း ဆိုတဲ့ စာအုပ်လေးကို မြင်လိုက်ရစဉ် ငါကိုယ်တိုင်ရေးတဲ့
စာပေမှတ်တိုင်လေးဆိုတဲ့ အသိနဲ့ ခံစားရတဲ့ ခံစားချက်လေးကိုလည်း သိပါရစေ
မမ။

အိပ်မက်ကောက်ကြောင်း” စာအုပ်ကို အွန်လိုင်းမှာ ရေးဖြစ်ခဲ့ ရသစာစုများနဲ့
စုစည်းခဲ့ပါတယ်။ ဒီစာအုပ်လေးက ကုန်လွန်ခဲ့တဲ့ ကျွန်မရဲ့ညတွေတိုင်းမှာ အမြဲကြီးစိုးခဲ့တဲ့
အိပ်မက်ကလေးပါ။ ပထမခြေလှမ်းဖြစ်တဲ့ ဒီအိပ်မက်ကလေး သက်ဝင်လာချိန်မှာ
အတိုင်းမသိ ပီတိဖြစ်မိရပါတယ်။


နောက်ထပ် စာပေလှုပ်ရှားမှုများ ရှိဦးမယ်ဆိုရင်လည်း ပြောပြပေးပါဦး။



လက်ရှိ “ teen Magazine - ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း ” မှာ အွန်လိုင်းက
ဘလော့ဂါများရဲ့ လက်ရာမွန်များကို Blog Digest ကဏ္ဍအောက်ကနေ လစဉ်
ဖော်ပြပေးနေဖြစ်ပါတယ်။ ပုံနှိပ်မဂ္ဂဇင်း အချို့မှာလည်း ၀တ္တုတိုလေးတွေ
ကြိုကြားရေးနေဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ကျွန်မရဲ့ဒုတိယခြေလှမ်း ဖြစ်မယ့် “
အသိသစ်တံခါးချပ်များ ” စာအုပ် ထွက်ဖို့ ပြင်ဆင်နေပါတယ်။ တတိခြေလှမ်းအနေနဲ့က
မဂ္ဂဇင်းဝတ္တုတိုများ စုစည်းပြီး ထွက်ဖို့ စီစဉ်ထားပါတယ်။

ခိုင်လေးတို့ လို ၀ါသနာရှင် စာရေးသူတွေ အတွက် မမရဲ့ အားပေးစကား
လက်ဆောင်လေး ကိုလည်း ကြားပါရစေမမ။



ကျွန်မရဲ့ဆရာကြီး လူထု(ဦး)စိန်ဝင်းက “ စာကောင်းကောင်းနိုင်ချင်ရင် စာတွေ
များများဖတ်ကြည့်ပါ။ စာတွေ များများရေးကြည့်ပါ။ ခေတ်ကို မျက်ခြေပြတ်မခံပါနဲ့၊
မိမိပတ်ဝန်းကျင်ကို လျစ်လျူမရှုထားပါနဲ့၊ ရေးစရာတွေက ပတ်ဝန်းကျင်မှာပဲ
ရှိနေတတ်ပါတယ် ” လို့ မှာကြားဘူးပါတယ်။ စာဖတ်နာလေ စာရေးရာမှာ များစွာ
အထောက်အကူ ပြုလေပါဘဲ။ မျက်စိကိုဖွင့် နားကိုစွင့်ထားစေချင်ပါတယ်။ ရပ်တန့်မနေပဲ
ဇွဲရှိရှိနဲ့ အရှိန်မပျက်သွားပါလို့ ကိုယ်တွေ့နဲ့ရင်းပြီး စကားလက်ဆောင် ပါးချင်မိပါတယ်။

ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ်အပေါ် မမအကြံပြုချက်လေး ပြောပြပေးပါအုံးနော်။



အဖွဲ့ဝင်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ ရွှေမြန်မာဥယျာဉ်မှာ လူငယ်တွေအတွက် ရသ၊
သုတ၊ ဗဟုသုတ၊ ပျော်စရာတွေအပြင်၊ စာဖတ်သူတွေအတွက် အသစ်အသစ်တွေ
ဖန်တီးပေးနေတာ သဘောကျမိပါတယ်။ ဆိုက်ရဲ့ Main Pageကို ယခုထက် ရှင်းလင်းတဲ့
နေရာချမှုနဲ့၊ စာဖတ်လို့ ကောင်းမယ့် အရောင်လေးနဲ့ မြင်ရမယ်ဆိုရင် မန်ဘာတွေ
အသုံးပြုရတာ၊ ရှာဖွေရတာ ပိုမိုလွယ်ကူ အဆင်ပြေမယ်လို့ မြင်မိပါတယ်။


ခုလို မအားလပ်တဲ့ ကြားက အချိန်ပေးဖြေကြားပေးတဲ့ မမကို

ခိုင်လေးတို့ ရွှေမြန်မာ ဥယျာဉ်မိသားစုမှ အထူး ကျေးဇူးတင်ပါတယ်ရှင်။



ကျွန်မကလည်း အခုလို အင်တာဗျူးဖို့ဆက်သွယ်လာတဲ့ ညီမခိုင်လေးကိုရော၊ ရွှေမြန်မာဥယျာဉ်က
Site Adminများနဲ့တကွ မန်ဘာအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်




မမ မြသွေးနီရဲ့စာတွေ ဖတ်နိုင်မယ့်၊ မမ ကို ဆက်သွယ်လို့ရနိုင်မယ့် နေရာလေးတွေ





Facebook Fan Page : မြသွေးနီ


အွန်လိုင်းရွှေဝတ္တုပထမဆုရစာမူနှင့်ဒိုင်အဖွဲ့၏မှတ်ချက်များ : သမီးရဲ့မျက်လုံးလေး

ပထမခြေလှမ်း၏မြစ်ဖျားခံရာအစ အိပ်မက်ကောက်ကြောင်း

teen Magazineမှာ ရေးသားဖြစ်နေတဲ့ဘလော့ဂါများ၏လက်ရာများ : Blog Digest




ခိုင်လေး အင်တာဗျူး အစီစဉ်လေးကို


ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်ရှင်။


ရွှေမြန်မာ မိသားစုဝင်များ


စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာကြပါစေ။


ခိုင်လေးတို့ ဥယျာဉ်လေးထဲမှာ ပူလောင်မှုကင်းစွာ


အေးချမ်း ပျော်ရွင် ၊ ချမ်းမြေ့ကြပါစေ ရှင်။


အချစ်ကို ကိုးကွယ်သူလေး