Tuesday, May 15, 2012

အလှဆုံးအပြုံးတစ်ပွင့်နဲ့ လောကကြီးကို အလှဆင်ပေးလိုက်ကြရအောင်

ပတ်ဝန်းကျင် ရဲ့ ဝေဖန်မှုဆိုတာ နေရာတိုင်းမှာ ရှိတတ်ကြစမြဲပါ။ တစ်ချို့သောဝေဖန်ပြောဆို မှုတွေက
စေတနာကို အရင်းမခံဘဲ ဘောင်ကျော်လွန်တာတွေ ရှိနေတတ်ကြပါတယ်။ ဆရာတော် ရဝေနွယ်ရေးသား
ဖူးတဲ့ စာသားလေးလိုပေါ့ ။
*ပတ်ဝန်းကျင်နဲ့ နေတိုင်း ပတ်ဝန်းကျင်ကို ဂရုစိုက်နေရလို့ ကိုယ်ဘ၀ ရည်မှန်းချက်
တွေကို ဖျက်ဖျက် ပေးနေရမယ်ဆိုရင် နေရာမကျဘူးကွာ ၊ တစ်ခါ တစ်လေ တော့လဲပတ်ဝန်းကျင်ကို
လျစ်လျူရှုသင့်ရင် လျစ်လျူရှုထားတာ အကောင်းဆုံးပါ *
လူတိုင်းမှာ မိမိခံယူချက်ကို လွတ်လပ်စွာ ခံယူပိုင်ခွင့်ရှိပါတယ်။ မိမိကိုယ်ပိုင်ခံယူချက်ဆိုတာ မှန်သာ ရှိနိုင်သလို
အများနဲ့ ကွဲပြားခြားမှုလည်းရှိနေတတ်ပါတယ်။ ဒီလို ကွဲပြားနေခြင်းကို
ဇွတ်အတင်း ငါခံယူချက် ငါပြောတာ မှ အမှန်ဖြစ်ရမယ်ဆို ဒီလူဟာ အတ္တဆိုတဲ့ အမိုက်မှောင် ဖုံးလွမ်းလာပါပြီ။
မိမိဖြစ်ချင်တာတွေကို အမှန်တရား လို့ ငြင်းမယ်။ ထောက်ခံစေလိုမှုတွေနဲ့ အတင်းပြောဆိုမယ်။ သူမှာရှိနေတဲ့
ကောင်းမွန်တဲ့ အရည်အချင်း ၊ အချက်အလက်တွေကိုတောင် ပျောက်ဆုံးသွားစေနိုင်ပါတယ်။ ပူလောင်ခြင်းတွေ သူရင်တွင်းတောက်လောင်နေမယ်ဆိုတာ အသေချာပါဘဲရှင်။လူလောကကြီးမှာ လူဖြစ်ခွင့်ရဖို့ဆိုတာ မလွယ်ကူပါဘူး ။
လူဖြစ်ရတဲ့ အခိုက်တန့်ကာလလေးမှာ အေးချမ်းစွာဘဲ လူဖြစ်ချင်တယ်။

ခုနှစ်အပိုင်းခြားတွေမှာ သံဝေဂရစရာတွေ ၊ လွမ်းစရာ ၊ ကြည်နူးစရာ အစုံလင်ကြားမှာ
သံဝေဂရစရာတွေ ပိုလို့ တွေ့ခဲ့ကြုံခဲ့ရပါတယ်။ ရသစုံလင်လှတဲ့ လူဘ၀ဆိုတာကြီးကိုလည်း အခန်းကဏ္ဍပေါင်း
စုံကနေ ကခဲ့ဘူးနေပါပြီ။ ခိုင်လေး စာရေးတာကို ၀ါသနာပါတယ် ။ စာရေးတယ်ဆိုတာ သူလိုင်းနဲ့ သူရှိကြပါတယ်။
ဆောင်းပါးလိုင်းရေးတဲ့သူ ၊ ၀ထ္ထုတို သမား ၊ ၀ထ္ထုရှည်သမား ၊ကဗျာ သူလိုင်းနဲ့ သူ အစုံပါပဲ ။ ၀ထ္ထုမှာတောင်
အချစ် ၊ စုံထောက်၊ ဟာသ လိုင်းတွေ ထပ်ခွဲကြပါသေးတယ်။ ဒီထဲမှာ ခိုင်လေးဆို အချစ်ဝထ္ထုတွေကို ဘဲ အရေး
များပါတယ် ။ စာပေ ၊ ဂီတ ၊ ရုပ်ရှင်ဆိုတာ ပြည်သူတွေကို စိတ်အပမ်းပြေစေတဲ့ အရာလေးတွေပါဘဲ ။ ဗဟုသု
တစာတွေမှ တန်ဖိုးရှိတယ်လို့ မှတ်ယူလို့ မရပါဘူး ။ ဗဟုသုတရှိတယ် ၊ အကျိုးဖြစ်ထွန်းစေတယ်ဆိုတာက
လည်း စာဖတ်သူအပေါ်တွင်သာ မူတည်စေပါတယ် ။ လူတစ်ဦးတစ်ယောက်ရဲ့ အမြင်နဲ့ ဒီစာတစ်ပုဒ်ဟာ
အကျိုးမရှိဘူးလို့ သတ်မှတ်ဝေဖန်လို့လဲ မရနိုင်ပါဘူး ။

ဟိုးအရင်ကဆို ခိုင်လေး အရမ်းကို စွာပါတယ်။ ခိုင်လေးရေးလိုက်တဲ့ ဘလော့တစ်ခုမှာ ကော်မန့်တစ်ခုခုက ဆိုးလာပြီဆို
ခိုင်လေး မှန်တယ်လို့ ထင်မိရင် ဆက်ဆက်ထိမခံတတ်ပါဘူး ။ ခုနောက်ပိုင်းတွေးမိပါတယ် ။ တစ်ချို့တွေ
မိမိကိုယ်ကို နိုင်တယ်ထင်ပြီး ရှုံးနေကြတဲ့ သူတွေ လောကကြီးမှာ တစ်ပုံတစ်ပင်ကြီးပါ။ ဒီအထဲ ခိုင်လေး
ကိုယ်ခိုင်လေး အပါမခံနိုင်ပါဘူး ။ ဒီအတွက် မလိုလားအပ်သူတွေကို ဖက်ပြိုင်ရန်ပြုခြင်းအမှုကို
ရှောင်ရှားတတ်လာခဲ့ပါသည်။ ရန်ကိုရှောင်ခြင်းသည် ကြောက်ရွံ့ခြင်းလို့ ခိုင်လေး မမြင်မိပါ ။ လောကတွင်
အခက်ခဲဆုံးလို့ ပြောကြတဲ့ သည်းခံ ခြင်းကို လုပ်နိုင်အောင်ကြိုးစားလာနိုင်တဲ့ အတွက် ဂုဏ်တောင်ယူမိပါသည်။
ခိုင်လေး သမိုင်းလေး ကောင်းဖို့ မပတ်သတ်တဲ့သူများကို အေးချမ်းသော ဥပက္ခာပြုခြင်းဖြင့် ရှောက်ရှားပါမည်။
ခိုင်လေးတို့ လေးလေး ဥယျာဉ်မှူး ဆုံးမတဲ့ စကားလေးလိုပါဘဲ ။ မိမိဘက်ကသာ မှန်ပါစေ  မိမိနောက်တွင်
လူအများရှိနေပါလိမ့်မည်တဲ့ ။


ခိုင်လေး တို့ ဘာပဲပြောပြော ဘ၀ဆိုတဲ့ ခရီးရှည်ကြီးထဲက ခရီးသွားတွေပါပဲ ။ အဲဒီခရီးတစ်ခုကို လျှောက်နေသ
မျှ လူမျိုးစုံ နဲ့ နေ့စဉ်ကြုံတွေ့နေကြရမှာပါ ။ ကိုယ့်ကိုနှစ်သက်သူကိုပဲတွေ့တွေ့ ၊ မနှစ်သက်သူကိုဘဲ တွေ့တွေ့
ကိုယ်ကပြုံးပြနိုင်အောင် ကြိုးစားလိုက်စမ်းပါ ။ ပြုံးခြင်းဆိုသည့် အရာကား ခက်ခဲတဲ့ အလုပ်တစ်ခုမဟုတ်ဟု
ခံယူကာ အလှဆုံးအပြုံးတစ်ပွင့်နဲ့ လောကကြီးကို အလှဆင်ပေးလိုက်ကြရအောင်ရှင်။ မလိုမုန်းတီး ခြင်းတွေ
ကင်းဝေးကြပါစေ ။ ပူလောင်ခြင်းတွေ အေးမြကြပါစေ ။

သဗ္ဗေသတ္တာ အဝေယာ ဟောန္တု…သဗ္ဗေ ခပ်သိမ်း
သော သတ္တာ သတ္တ၀ါအပေါင်းတို့ သုခိတာ ကိုယ်စိတ်နှစ်ပါး
ကျန်းမာချမ်းခြင်းဖြင့် အဝေရာ ရန်မာန်တို့သည်
မရှိကုန်ကြသည်  ဟောန္တုဖြစ်ကြပါစေသတည်း………………..။

အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

မျက်ရည်မိုး


မျက်ရည်မိုး

ထားဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပျော်စရာမိသားစုလေးမှာ သူမတို့ ဦးထပ်ထားရသည့် ကျေးဇူးရှင်တစ်ယောက်ရှိနေခဲ့သည် ။ ထားတို့ တစ်မိသားစုလုံးက ထိုသူကို ဘဘလို့ လေးလေးစားစားခေါ်ကြသည် ။ ဘဘက ထားတို့မြို့လေးရဲ့ အစိုးရ ချည်မျှင်နဲ့အထည်စက်ရုံရဲ့ စက်ရုံမှူးတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးပေါ့ ။ ခရစ်ယာန်ဘာသာဝင်  ဘဘမှာ  ချောဆု လို့ခေါ်သည့် သမီးတစ်ယောက် နှင့် ပုတုလို့ခေါ်သည့် သားလေးတစ်ယောက်လည်းရှိသည်။ ဘဘ အမျိုးသမီး အန်တီဆု ကအင်မတန် စိတ်ထားပြည့်သူတစ်ဦးမို့ လူငယ်တွေကို နားလည်ပေးတတ်သူပါ ။ ထားတို့မှာက ညီမ သုံးယောက်ရှိကြသည်။ ဒီထဲက ထားကိုတော့ အန်တီဆုက အရမ်းချစ်ဆုံးပါ ။ ထားက အဲဒီချိန်က 8တန်းတက်ဆဲပေါ့ ။ ထား နာမည်က ထားနှင်းဆီလို့ခေါ်ပါသည် ။  ထားဆိုတဲ့ နာမည်ကို မကြိုက်ပေမယ့် ကိုယ်ကို စကားပြောရင်တော့ ထားလို့ဘဲ သုံးမိတတ်၏ ။ ဘဘ က ထားတို့မြို့လေးမှာ တစ်ယောက်ထဲလာနေသူပါ ။ မိသားစုက ရန်ကုန်မှာနေကြတာမို့ ထား တို့ အိမ်မှာဘဲ ဘဘက အနေများတတ်၏် ။ ဒီနှစ်တော့ ဘဘ သား ပုတု ဆိုသူ ထားတို့မြို့လေးမှာ ဆယ်တန်းစာမေးပွဲ လာဖြေမတဲ့ ။ ဘဘ သားဆိုသူကို နာမည်ပဲ ရင်းနှီးနေခဲ့တာ ။ လူကိုတော့ ခုမှဘဲ မြင်ဘူးရပေတော့မည်။

``ထားလေးရေ``
``ရှင်.........မေမေ``
``ဒီနေ့ ဘဘသားရောက်မှာလေ........မေမေတို့ အိမ်မှာ ထမင်းလာစားမယ်တဲ့..........ထားလေး ကူလိုက်အုံးနော်``

ထားက အချက်အပြုတ်ကို ၀ါသနာကြီးသူပါ ။ မမက ရန်ကုန်မှာ ကျောင်းတက်နေသည် ။ ညီမလေးက 4တန်းဆိုတော့
ထားသည်ပင်  မေမေ လက်ကိုင်တုတ်လေး ဖြစ်မှန်းမသိဖြစ်နေတော့သည် ။ ထား တစ်မနက်လုံးချက်ပြုတ်ပြီးစီးလို့  ရေချိုးနေစဉ် ဘဘတို့ သားဖရောက်လာကြသည် ။ အိမ်ရှေ့မှာ အသံတွေ ကြားနေရပေမယ့် အ၀တ်စားလဲလို့မပြီးတာနှင့်ထွက်မကြည့်နိုင်သေးပါဘူး ။ ကဗျာကသီ သနပ်ခါးရေကျဲလေး မျက်နှာမှာ ပွတ်လိုက်၏ ။ ဆံပင်လေးကို ဒီတိုင်းချထားလိုက်သည်။ ဂါဝန် အပြာရောင်းလေးလဲပြီး ထမင်းစားခန်းဘက်ကို ထွက်လာခဲ့သည် ။ ထမင်းစားခန်းထဲ ၀င်လိုက်သည်နှင့် ဘဘ အသံကိုစကြားနေရပါပြီ ။

``ဒါထားလေး လက်ယာမှ ဟုတ်ရဲ့လား ဒေါ်မြ``

ထမင်းချက်တဲ့ အန်တီကို လှမ်းမေးသံက နားထဲတန်းဝင်လာ၏ ။

``ဟုတ်တယ် ဆရာ....ကလေးက လူတာ ငယ်တာ လက်ဆိတ်ရှိတယ်``
``ဟုတ်တယ်ဗျို့........သားစားလေ...ဒီလက်ယာရှင်ကို တွေ့ရင် ဒယ်ဒီသား တအားအံ့သြမှာကွ``

ဘဘက သူ့သားကိုလဲ ပြောပြနေသေးသည် ။ ထား ၀င်ရကောင်းနိုးတွေးနေစဉ်မှာ  ဖေဖေက ထားကိုမြင်သွားခဲ့ပါပြီ ။

``သမီးလေး လာလေ .........တခါတည်း ၀င်စား``

ဖေဖေ အသံကြားတာနဲ့ ဘဘက

``ဟော လာပါပြီ ဒီနေ့ ထမင်းဝိုင်းရဲ့ လက်ရာရှင်လေး``

ထား ရှက်လိုက်တာ ။ တခါမှ မသိသေးတဲ့ အကိုတယောက်ရှေ့မှာ ခုလိုဘဘက ချီးမွန်းနေတော့ ဘယ်လိုနေရမှန်းကို မသိပါဘူး ။
အသာမျက်လွှာချပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ဖြင့်

``ထားလေး ဒါက ဘဘ သား စည်သူမောင်တဲ့........ပုတုလို့လဲ ခေါ်တယ်..........သမီးကတော့ ကိုကို လို့ခေါ်ပေါ့``

ဘဘက မိတ်ဆက်ပေးတော့ သူကို မကြည့်လို့မရတော့ဘူး  ။ မော့ကြည့် ပြုံးပြတော့......သူကလဲ ပြန်ပြုံးပြပါသည်။ ဒါပေမယ့် ကိုကို အကြည့်တွေက ထားကို ရီစရာတခုကို တွေ့ရသလို ပြုံးစိစိ ။ ကိုကို ဆိုတဲ့လူကို တွေ့လိုက်ရတဲ့ ခဏလေးမှာဘဲ  ငယ်ရွယ်တဲ့ ထားနှလုံးက ခံစားမှုတစ်ခု ဖြစ်ပေါ်သွားမိတာကိုတော့ ထားကိုယ်တိုင်ကို သေချာသတိမထားမိလိုက်ပါဘူး ။ရုပ်ရည်သနားကမားလေးနဲ့ ကိုကိုက စတိုင်ကျတဲ့ ခေတ်လူငယ်လေးတစ်ဦးပါ ။ ကိုကိုဆံပင်တွေက ယောက်ျားဖြစ်ပြီး ပျော့နေတာက မနာလိုချင်စရာပါပဲ  ။ ဂုတ်ပေါ်ဝဲကျနေသည့်သူဆံပင်တွေ ထားအလွန်နှစ်သက်သွားမိသည်။တီရှပ် အပြာဖျော့လေးကို  ဂျင်းဘောင်းဘီ အပြာရောင်ရင့်ရင့်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည် ။လူကြီးတွေရဲ့ စကားသံတွေဖြင့် စိုပြေနေသော ထမင်းဝိုင်းလေးတွင် ကိုကိုနဲ့ ကျွန်မ နှစ်ယောက်သာ နှုတ်ဆိတ်ငြိမ်သက်နေသူတွေအဖြစ် ရှိနေကြလိမ့်မည်သာ ။

*************************************************


ကိုကို တို့ သားဖကို  နေ့တိုင်း ထမင်းပို့ပေးရသည်က ထားတာဝန် ။ တစ်နေ့တော့ အိမ်က ကားမောင်တဲ့ ဘဘအေး နေမကောင်းတာနဲ့ ထားကိုယ်တိုင် ကားမောင်းပြီး ထမင်းသွားပို့ဖြစ်ခဲ့သည်။ ဘဘတို့ အိမ်ရှေ့ရောက်တော့ မည်သူကိုမျှ မတွေ့ရ ။ ဘဲ( လ် )တီးတော့လည်း မည်သူမျှ ထွက်မလာ ။ .ဘဘ ဂျစ်ကားလည်း မတွေ့ဘူးဆိုတော့ အိမ်မှာ တစ်ယောက်မှ မရှိကြဘူးလို့ ထင်လိုက်မိသည် ။ ဘေးဘက်ကို ပတ်ကြည့်မိတော့မှ ကိုကို တစ်ယောက် စကိတ်စီးနေတာကို တွေ့လိုက်ရသည်။

``ဒီမယ် ဒီမယ်``

ထားခေါ်သံကြောင့် ထားရှိရာဘက်သို့  လှည့်ကြည့်လာသူ ကိုကို ။ ထားကိုတွှေုတော့  ပထမ  အံ့သြသွားသည်။ အားနာသွားပုံလည်းရသည် ။ ထားဆီသို့ အပြေးတစ်ပိုင်းရောက်လာ၏ ။

``အော်! ညီမလေး ထမင်းလာပို့တာလား.။ ကိုကို ကားသံကို မကြားလိုက်ဘူး.......အားနာလိုက်တာ.....လာ လာ ညီမလေး``

ဆိုပြီး ထားလက်ထဲက ၈ျိုင့်ကို လက်ပြောင်းယူပြီး ရှေ့က ဦးဆောင်ကာ အိမ်ထဲ ၀င်ခဲ့ကြသည်။ .အိမ်ထဲရောက်တော့ ဟင်းတွေလှယ်ပေးနေသည့်  ကိုကို မျက်နှာက ထားကို အားနာနေသည့်ပုံက အထင်းသား ။ ကိုကို က စကားနည်းသူပါ ။
ခပ်တည်တည်နေတတ်ပြီး လေခြွေတတ်သူက ဒီနေ့တော့ ထားကို အားနာနာနဲ့ စကားတွေ
တော်တော် ပြောနေရသည် ။ ကိုကို ကိုကြည့်ပြီး ရီချင်နေသည့် ထားကိုထား မနည်းထိန်းထားရသည်။ ထားနဲ့ ကိုကို က နှစ်ဘဲကွာကြသူတွေပါ ။ ကိုကိုက သူကိုယ်သူ ဇွတ်လူကြီးပုံဖမ်းနေသူကြီး ။ ပြန်တော့  ထားကို ကားနားထိပြန်လိုက်ပို့ပေးရင်းဖြေးဖြေး မောင်ဖို့လဲ မှာနေသေးသည် ။ ထားစိတ်ထဲ ပျော်နေသလိုလို ၊ ကျေနပ်သလိုလို ခံစားလိုက်မိ၏ ။

*************************************************

ထား အနေအေးတဲ့ ကိုကို နဲ့ ခပ်သွက်သွက်ထား တော်တော် လေးရင်းနှီးခဲ့ကြသည် ။ တွေ့လိုက်ရင် စကားသိပ်မပြောဖြစ်ကြပေမယ့် ထားလက်ရာ ဟင်းတခုခု မပါသည့် နေ့ဆို ကိုကိုကထမင်းစားမကောင်းဘူးဆိုပဲ ။
စာမေးပွဲနီးတော့ ကိုကို အတွက် နေ့တိုင်း စာချင်တာလေးတွေ ချက်ပေးမိသည်။ စာမေးပွဲပြီးတော့ ကိုကိုက ရန်ကုန်သို့ ပြန်သွားသည်။ ပြန်ခါနီး လာနှုတ်ဆက်စဉ် ထား ရင်ထဲ ငိုချင်လိုက်တာ ။ ဘယ်လိုခံစားမှုကြီးမှန်း မသိဘူး။
ဒီလိုနဲ့ ကိုကို နှင့် ထား တစ်နယ်ဆီဝေးသွားခဲ့သည် ။ ကိုကိုက ရန်ကုန်မှာ သင်တန်းတွေ တက်နေတယ်လို့ ဘဘလာတိုင်း ပြောပြတတ်သည်။  ထားဆီကို ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရသည့် ကိုကို့ ကို စိတ်နာမိသလိုပဲ  ။ ထားလဲ ကိုးတန်းရောက်ပြီမို့ စာတွေကလည်း များလာပြီ ။ ဒီကြားထဲက ကိုကို ကိုတော့ သတိရမိတတ်သည်။ ကိုးတန်းစာမေးပွဲ  ဖြေပြီးတော့ ဆယ်တန်းကို ရန်ကုန်မှာ ကျောင်းပြောင်းတက်ဖို့ မေမေတို့စီစဉ်ကြသည် ။ မမကြီးနဲ့အတူရန်ကုန်မှာ ကျောင်းတက်ခဲ့ရသည် ။ တစ်နေ့ ထားဆီကို  လူတစ်ယောက် ဖုန်းဆက် လာသည် ။ ထားလုံးဝ မမျှော်လင့်ထားသူတစ်ယောက်ပါ ။ သူအသံကိုကြားလိုက်ချိန်မှာ အရမ်း အံ့သြသွားမိသည် ။ ထားဆီ ဖုန်းလာစရာ မေမေတို့ဘဲ ရှိတာလေ ။ မေမေတို့လဲမဟုတ်ဘူး ဆိုတော့

``ဟဲလို...............အမိန့်ရှိပါရှင်``
``ကလေးလေး စာတွေ ရပြီလား``

အိုသူပါလား ။ ဟုတ်ရဲ့လား ။ ထားနားကြားများ မှားလေသလား ။ ဟင်အင်မမှားဘူး  ။ သူမှသူအစစ် ပါ ။ ထားကို ကလေးလေးလို့ ခေါ်တတ်သူ ကိုကို တစ်ယောက်ပဲရှိသည် ။

``ရှင်.........ကိုကို မလားဟင် ``
``ဟုတ်တယ်.......ကိုကိုပါ ကလေးလေး ``
``အံ့သြလိုက်တာ............``
``ကိုကို သတိရလို့.........ကလေးလေး ဘာလိုသေးလဲ.........ကိုကို ဘာလုပ်ပေးရမလဲ``
``ပြည့်စုံသွားပါပြီ ကိုကို.........ခုလို မေးတာနဲ့ တင် ပြည့်စုံနေပါပြီ ကိုကို..........ကျေးဇူးတင်ပါတယ်``
``ကလေးလေး ရယ်..........စကားတွေပို တတ်လာတယ်နော်``
``ကိုကို ထင်လို့ပါ ``
``စာတွေသေချာကျက်နော် ကလေးလေး ..........ကိုကို စာမေးပွဲပြီးရင် လာတွေ့မယ်``
``ဟုတ်ကဲ့ပါ ကိုကို``

တာတာ့ ဆိုပြီး ကိုကို ဖုန်းလေးချသွားပေးမယ့် ထားမှာတော့ ဖုန်းလေးကို အဓိပ္ပာယ်မဲ့ငေးကြည့်နေမိသည် ။ ပေါ်လာပြီး......ထပ်ပျောက်သွားအုံးမယ်ထင်ပါတယ်လေ ။
စာမေးပွဲတွေပြီးလို့ နယ်ပြန်တဲ့အထိ ကိုကို ရောက်မလာခဲ့ပါဘူး ။ ဘဘဆီက ကိုကိုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ကြားရတိုင်းနားစွင့်မိရင်း ရင်ထဲက နာကျင်လာနေမိသည် ။ အချစ်ဆိုတာက ဒါကြီးလားကိုကိုရယ်။မသိနာမလည်တဲ့ အရွယ်ထဲက ကိုကိုက ထားနှလုံးသားနန်းတော်ကို သိမ်းပိုက်ထားခဲ့သူပါ ။ ဒီနေ့ သင်္ကြန်အကြိုနေ့လေးပါ ။  သူများတွေ ရေကစားနေကြဖို့ ပြင်ဆင်နေကြချိန် ထားတစ်ယောက်ကတော့ ကောင်းကောင်း အိပ်နေခဲ့သည် ။ အခန်းဝကနေ မေမေ လာနှိုးမှ နှိုးလာခဲ့ပါသည်

သူငယ်ချင်းနှစ်ယောက် စကားတွေ ဖောင်ဖွဲ့ပြီး သီဟက ရေလောင်းမယ်ဆိုတာနှင့် အိမ်ရှေ့ ကိုထွက်လာခဲ့ကြသည် ။ သီဟရေလောင်းနေစဉ်မှာပဲ  ထားမြင်ကွင်းထဲသို့ ကိုကို့ ကိုတွေ့လိုက်ရသည် ။
ထားဆီသို့ လာနေရာကနေ သီဟရေလောင်းနေတာကိုလည်း မြင်ရော ကားပေါ်သို့ ချက်ချင်းပြန်တက်မောင်းသွားလေတော့သည် ။
ကိုကိုရယ်အတော်နေနိုင်တယ်နော်။ကိုကိုရယ်မျှော်လင့်ခဲ့ရတဲ့အချိန်မှာထားခံစားခဲ့ရတာတွေကိုနည်းနည်းလေးမှ တွေးမပေးခဲ့ဘူး ။
ထားတို့ နယ်မှာ ကိုကိုရှိနေပေမယ့် ထားဆီကိုတစ်ရက်မှ ပေါ်မလာခဲ့ဘူး ။ သိပ်နေနိုင်တဲ့ ကိုကို ကို စိတ်ထဲမှာ နာကျည်းလာမိသည်
။ မှန်းဆရခက်သည့် ကိုကို့စိတ်ကိုလည်း ကြောက်လာမိသည် ။

*************************************************

ထား ရင်ထဲက ခံစားချက်ကိုလဲ ဖေဖေတို့ မေမေတို့ သိနေပါတယ်..........ဒါပေမယ့် ထား ဘ၀ဆိုတာ ရေတိုကို မကြည့်ရဘူးနော် ရေရှည်ကို ကြည့်ပါ ခဏတော့ သာယာပေမယ့် တဘ၀စာအတွက်ဆို ထားလေး စိတ်ဆင်းရဲရလိမ့်မယ်............ဒီတော့ ထားလေး ကိုယ်ကို ထိန်းသိမ်းပါနော်...........ခံစားရမယ်ဆိုတာ ကို မေမေတို့သိပါတယ်...........ခံစားမှုကို အသိတစ်ခုနဲ့ ထိန်းပါလို့ မေမေ မှာချင်တယ်သမီးလေး.......ကျေးဇူးတရားတွေကို တခြားနည်းနဲ့ဘဲ ဖေဖေတို့ မေမေတို့ ဆပ်မယ်ထားရယ် …ဘာသာခြားတစ်ယောက်ကိုတော့ ဘယ်လိုနည်းနဲ့မှ သမက်မတော်ချင်ဘူးကွယ် ။ မေမေတို့  စေတနာကို ထားလေး နားလည်ပေးပါနော် ။ ကဲ.. ခရီးသွားဖို့အတွက် ပြင်ဆင်တော့ ထား ။ မေမေ မှာတာတွေကိုလည်း မမေ့ပါနဲ့နော် ။ .သွားတော့..........ထည့်စရာ၇ှိတာတွေ ထည့်ထားနော်............*

ရေခိုးရေငွေ့က ပေါင်းစည်းမိသည့်အခါ တိမ်တိုက်ဖြစ်လာပြီး မိုးရေတွေအဖြစ် ရွာသွန်းစေသလို ခံစားနာကျင်ခြင်းဆိုသည့် ရင်တွင်းဝေဒနာတွေကို စုပေါင်းလိုက်သည့် အခါ မှာတော့ ခံစားချက်သက်သေဖြစ်သည့် မျက်ရည်တို့ ဖြစ်တည်လာရသည် ။ မျက်ရည် ဆိုတာခံစားမှုတစ်ခုရဲ့သက်သေပါ။တူညီသည့် ဖွဲ့တည်မှုတွေရှိနေသော မျက်ရည် နဲ့ မိုး ကိုပေါင်းစည်းလိုက်ချိန်မှာတော့  မျက်ရည်မိုးတွေ ပါးပြင်ပေါ်သို့ သည်းမည်းစွာဖြင့် ရွာသွန်းချလိုက်မိပါတော့သည် ။


အခန်းထဲကို ရောက်လာပေမယ့်  ထားစိတ်တွေ ဆောက်တည်ရာမရအောင် နာကျင်နေခဲ့ပြီ ။ မေမေ ပြောလိုက်သည့် စကားသံတွေပဲ ထားနားထဲမှာ ပဲ့တင်ထပ်နေခဲ့လေတော့သည်
။နောက်ဆုံးတော့ စွန့်လွတ်ရတော့မည် ကိုကို ။ ဒီချိန်မှာ ထားရင်တွေ တစ်စစီကွဲကြေနေရပါပြီ ။ ချစ်လျှက်နဲ့ ခွဲရသည့်ဝေဒနာလောက် နာကျင်ဖွယ်အဖြစ်ဘယ်မှာ ရှိအံ့ ။ တိုတောင်းတဲ့ ဘ၀မှာ ခွဲခြား ၊ ကွဲပြားခြင်းတွေနဲ့ ဘာလို့တွေ့ဆုံခဲ့ရတာလည်း ကိုကို ။ အတားဆီးမဲ့ ကျဆင်းနေသည့်မျက်ရည်မိုးတွေအား သုတ်ပစ်ဖို့ပင် အင်အားမရှိနိုင်တော့ပါ   


*************************************************


နောက်နေ့ မနက်အစောကြီးငပီလီကို ထွက်ခဲ့ကြသည် ။ ကားပေါ်မှာ ကိုကိုနဲ့ အတူ သူ့သူငယ်ချင်းတစ်ယောက်ပါ ပါလာသည် ။ လမ်းတစ်လျှောက် ကိုကိုကော ထားပါ အကြည့်ချင်း မဆုံမိအောင် ရှောင်မိကြသည် ။ ညနေလောက် ငပလီကို ရောက်ပါသည် ။ ဘန်ဂလိုရောက်သည်နှင့်  အန်တီဆုကို လိုအပ်တာတွေ လုပ်ပေးအပြီး. မမချောကို ဘာလုပ်ပေးရမလဲမေးတော့ အရမ်းအာနာနေသည့် မျက်နှာလေးဖြင့်

*ရပါပြီ ထားလေး၇ယ်..........ခုလို လုပ်ပေးနေတာတောင် အားနာလှပါပြီ*
မမချောကတလမ်းလုံး ကားတောင့်တာ ရောက်တော့ ဒေါင်းချင်နေပြီ*
*ထား လမ်းလျှောက်ချင်လို့ မမ.*
*သွားလေ ထား..........ဟဲ့ ပုတု ကလေးနဲ့ အဖော်လိုက်သွား*

ထား ကိုကိုနဲ့ တူတူ မသွားချင်ဘူး ။ ငြင်းဖို့ကြတော့လည်း မတတ်နိုင်တာမို့ အတူတူ ထွက်လာခဲ့ရပါတော့သည် ။တစ်ယောက်နဲ့တစ်ယောက် စကားလဲ မပြောဖြစ်ကြပါဘူး ။ ကိုအတွေးနဲ့ကို တိတ်ဆိတ်နေမိသည်။ တိတ်ဆိတ်ခြင်းကို စတင် အသက်သွင်းလိုက်သူကတော့ကိုကိုပါဘဲ။


*ကလေးလေး.........ဆံပင်တွေ တော်တော် ရှည်နေပြီနော်*
*ဟုတ်ကဲ့ ကိုကို.................*
*ကလေးလေး စကားလဲနည်းသွား*
*ဟုတ်ကဲ့ ကိုကို*
*ကလေးလေး ကိုကို ကို တခုခု စိတ်ခုနေတာလား*
*မရှိပါဘူး ကိုကို*
*ဟာ............*

ဆိုပြီး ရှေ့ကနေအရင် ထွက်သွားသူက ကိုကိုပါ ။ သေချာတယ် ကိုကို စိတ်ဆိုးသွားပြီ ။ ဆိုးပါ ကိုကို နာကျည်းသွားရင် ပိုကောင်းပါတယ်ရှင်။ရှေ့ကနေ သွားနှင့်နေသော်လည်း နောက်မှာ ကျန်ခဲ့သည့် ကလေးလေးကို ကျွန်တော် သောင်ပြင်မှာ ထိုင်စောင့်နေလိုကသည်။ လေထဲမှာ လွင့်မျောနေသည့် ဆံနွယ်များက တင်ပါးနားထိ ရှည်နေပါပြီ ။ လှလိုက်တဲ့ ဆံနွယ်တွေကွာ ။ ဖြူတယ်ဆိုတာထက် သနပ်ခါးရောင် အသားရည်လေးနဲ့ မြင်သူငေးလောက်တဲ့ ကိုယ်ခန္ဒာမှာ ချပ်ရပ်ရပ်လေးမှာ ပါတိတ်ဝမ်းဆက်
ပိတောက်ခြောက်ရောင်းလေးကို ဆင်မြန်းထားသည့် ကိုကို့ကလေးလေး ။ လှချင်တိုင်းလှနေတဲ့ ကလေးလေးကို လွန်ခဲ့တဲ့ သုံးနှစ်ခန့်် ချာတိတ်မလေးဘ၀ထဲက အရူးမူးချစ်ခဲ့မိသူပါ ။ အသိတရားတွေက ထိန်းချုပ်နေသော်လည်း .အချစ်ဆိုတာ ခက်သားသားလေ ။ ကလေးလေး ရယ် သိပ်ချစ်တယ်ကွာ။


*************************************************



ဒီနေ့တော့ အားလုံးရေထဲဆင်းဆော့ဖြစ်သည် ။ ထားက ရေကြောက်သူလေးပါ ။ ရေလည်းမကူးတတ်ဘူး ။ ကမ်းခြေမှာ ကျွန်တော်တို့ ဆော့တာကို ထိုင်ကြည့်နေသည့်ထားကို မမချော က အတင်းခေါ်နေသည် ။ ထားကလည်း အတင်းငြင်းရှာသည် ။ တစ်ယောက်ထဲ ထိုင်နေသည့်ထားကို ပျော်စေချင်သည့် စေတနာဖြင့် မချောကလည်း အတင်းဆွဲခေါ်နေသည် ။ နောက်ဆုံး မချောကို အားနာလာသောကြော့် ထားတစ်ယောက် ရေထဲကို ပါလာပါတော့သည် ။
ရေထဲကို ရောက်ရင်ဖြင့် မောင်နှမနှစ်ယောက်သား ထားကို ပျော်အောင်စကြပါတော့သည် ။ မမချောကော ကိုကိုပါ ရေကူးကျွမ်းသူတွေပါ ။ ထားကို ဘောကွင်းပေါ်တင်ပေးလိုက် ဆွဲချလိုက် ပြန်ဆယ်လိုက်နဲ့ ထားမှာ မောလည်းမော ကြောက်လည်းကြောက်နေပေမယ့် ကိုကို ပျော်နေတာကိုကြည့်ပြီး တားဖို့ စကားလုံးတွေက ပါးစပ်ဖျားကနေ ပျောက်နေခဲ့သည် ။
ကိုကို ဒီလို ပျော်နေတာမျိုး တခါမှ ထား မမြင်ခဲ့ဘူဒပါ ။ ကိုကို ရယ်နေတာ သိပ်ကို ချစ်ဖို့ကောင်းတာပဲ ။
အပျော်တွေ မဆုံးခင်မှာ ကံကြမ္မာဆိုးနဲ့တူသော လှိုင်းတွေ တင်လာတာကို မသိဘဲ မမချောက ဆွဲချလိုက်ချိန် ထား ရေနစ်ပါတော့သည် ။


ခပ်လှမ်းလှမ်းကို ရောက်နေသည့် ကျွန်တော် သိသိချင်း ကူးလာချိန်မှာ မမှီတော့ပါဘူး ။ ကျွန်တော်အသည်းသန်လိုက်ဆယ်ပေမယ့် လှိုင်းကြမ်းနေတဲ့အချိန်ဖြစ်တာမို့ထားကိုဘယ်လိုမှ မကယ်လိုက်နိုင်ဘူး ။ မောင်နှမနှစ်ယောက် စလုံး  ရဲ့ အစသန်မှုက  ကျွန်တော် သိပ်ချစ်ရတဲ့ ကလေးလေးကို သေမင်းဆီကို တွန်းပို့လိုက်လေပြီ ။ဖြေသိမ့်စရာ စကားလုံးမရှိအောင်ပါပဲ ။ရေကူးကျွမ်းပါတယ်ဆိုတဲ့ ကျွန်တော် မမ သူကိုယ်သူ ယုံကြည်မှု လွန်ကဲခဲ့ခြင်းရဲ့ ရလာဒ်က အားလုံးရင်ကျိုးရလေပြီ ။ ကလေးလေး အလောင်းကို ပြန်ရအောင်တောင်မနည်းရှာရခဲ့ရလေသည်။ ကလေးလေး မိဘတွေ ချက်ချင်း ဒယ်ဒီနဲ့ အတူတူ လိုက်လာကြသည် ။
အန်တီရဲ့ ရင်ကွဲပတ်လတ် ငိုသံနှင့်မျက်ရည်စကများ ။ အန်ကယ်ရဲ့ မချိတင်းခဲ ငိုကြွေးမှုကြောင့် စီးဆင်းလာတဲ့ မျက်ရည်စီးကြောင်းများ မမချောရဲ့ သူကိုယ်သူ ဘယ်တော့ မှ ခွင့်မလွတ်နိုင်တဲ့ မချိတင်ခဲဝမ်းနည်းခြင်း မျက်ရည် စက်များ ၊ ဒယ်ဒီနဲ့ မာမီရဲ့ သမီးလေးလိုချစ်ရသည့် ကလေးတစ်ဦးကို ဆုံးရှုံးလိုက်ရသည့် ၀မ်းနည်းပူဆွေးမှု မျက်ရည်တွေ နဲ့ အတူ သိပ်ချစ်ရတဲ့ ကလေးလေးအတွက် ကျွန်တော်နှလုံးထဲက ကျဆင်းလာသည့် နှလုံးသားမျက်ရည်စက်တို့ ပေါင်စည်းလိုက်သည့်အခါမှာတော့  သိပ်ကို လှပသည့် မိန်းမငယ်လေတစ်ယောက်းရဲ့ ဈာပနအခမ်းနား တစ်ခုမှာ  မျက်ရည်မိုး တွေအတားဆီးမဲ့ ရွာသွန်းဖြိုးခဲ့ကြလေတော့သည် ။

*** ခိုင်လေး ( ရွှေတောင် ) ***

စတိုင်ထုတ်ပြီး ဟဲလို လိုက်ရပါတော့သည်

တိုးတက်ဖွံ့ဖြိုးမှုတိုင်းတွင် ကောင်းကျိုးတွေ ရှိသလို ၊ ဆိုးကျိုးတွေလဲ ရှိတတ်စမြဲပါပဲ။ ယနေ့ တိုးတက်
ပြောင်းလဲလာတဲ့ ခေတ်ကာလကြီးထဲမှာ မြန်မာနိုင်ငံရဲ့ လူတိုင်းဖုန်းကိုင်နိုင် ရေးစီမံချက်နဲ့ ခုဆို ကျပ်နှစ်သိန်း
တန် ဖုန်းတွေကို စတင်ရောင်းချပေးပါပြီ။ဖုန်းဆို ငမ်းငမ်းတက်ကိုင်ချင်နေတဲ့ ကျွန်မ နဲ့ ကျွန်မရင့်နှစ်သည်းချာ
သားတော်မောင်တို့ ဖုန်းကတ်အရောင်းဆိုင်သို့ အပြေလွှားလေး ချီတက်ခဲ့ကြတာပေါ့။ ဖုန်းကတ်ဝယ်ရတဲ့
နေရာမှာတော့ အရမ်းကို အဆင်ပြေခဲ့ပါသည်။ မှတ်ပုံတင်မိတ္တူလေး နှစ်စောင် ရယ် ၊ ပတ်စပို့(စ်)ပုံလေး နှစ်ပုံ
ပေးပြီးတာနဲ့ ဇိမ်လေးနဲ့ ထိုင်နေရုံပါဘဲ။ ဖော်ရွေပျူငှာတဲ့ အရောင်စာရေးမလေးတွေက ဖောင်ကအစဖြည့်ပေးပါ
သည်။ လက်မှတ်ထိုးဖို့နေရာမှာ လက်မှတ်လေးထိုးပြီး ငွေနှစ်သိန်းပေးချေလိုက်တာနဲ့ ကျွန်မတို့ သားအမိ
လက်ထဲကို ဖုန်းကတ်လေးတွေ ရောက်ရှိလာပါသည်။ လက်ဆောင်ဖန်ခွက်လေးတောင် အဆစ်ရခဲ့ပါသေး
သည်။ သားမိနှစ်ယောက်သား အဲဒီဆိုင်မှာဘဲ ဟန်းဆက်လေးတစ်ယောက်တစ်လုံးဝယ်ကာပြီးချိန်မှာတော့
ကျွန်မ ပိုက်ဆံအိတ်လေးက သနားစရာ ပိန်ပိန်ကပ်ကပ်မော်ဒယ်လေးလို ပြားချပ်သွားပါတော့သည်။ ပြားချပ်
နေပေမယ့် ငွေကဒ်က ထပ်ဖြည့်လိုက်ရတဲ့အချိန်မှာတောက ခါလီဘ၀ကို ရောက်သွားလေပြီ။ ပိုက်ဆံအိတ်
ကို ပြောတာပါ။ ဒီလိုနဲ့ မျောက်အုံးသီးရသလို ဖုန်းတစ်ယောက်တစ်လုံးဆီနဲ့ အိမ်တော်မင်္ဂလာသို့ သားမိနှစ်
ယောက်လက်ချင်းချိတ်ပြန်လာခဲ့ကြပါသည်။အရာရာတိုင်းမှာ ဆိုးကျိုးကောင်းကျိုး တစ်ဝက်ဆီရှိနေကြတယ်
ဆိုတာကို ခုထွက်ပေါ်လာတဲ့ နှစ်သိန်းတန်ဖုန်းလေးက သက်သေတည်သွားခဲ့ပါသည်။ ကောင်ကျိုးလေးအရင်
ပြောကြည့်ရအောင်နော်။ ကျွှန်မအိမ်ပြန်ရောက်တာနဲ့ အရင်ဆုံး အမေရှေ့မှာ ဖုန်းလေးတစ်ကိုင်ကိုင်ပေါ့။
စိတ်ထဲကလည်း အမေကြိုးဖုန်းကို မထိဘူးဗျို့ လို့တိတ်တဆိတ်ကြွေးကြော်လိုက်ပါသေးသည်။အိပ်ယာပေါ်
ပက်လက်လေးလန်ပြီး သူငယ်ချင်းတွေဆီကို စတိုင်ထုတ် ဖုန်းပြောရတာလဲ တော်တော်အရသာရှိသကို။
နောက်ဆုံး အခန်းထဲကနေ အိမ်ရှေ့ကိုတောင် ဖုန်းလေးနဲ့ ငါဆီဘာလာပို့ပေးပါဟေ့ဆိုသာလေးကလဲ ဇိမ်ပေါ့။
အပြင်ထွက်လို့ ဖုန်းအိတ်လေး ကိုင်ထားရတာကိုက စတိုင်မိနေသလိုလေး။ အိပ်မပျော်လို့ massage လေး
တွေ လိုက်ပို့ရသာကလည်းတမျိုးလေး ဆန်းနေပြန်ပါကော။ ဆိုးကျိုးတွေ စတင်တာကတော့ သားဖုန်းနဲ့ဘေး
ချင်းကပ်ခေါ်ရင်တောင် မ၀င်တဲ့ အခါမျိုးမှာ လွတ်တောင်ပြစ်ချင်လိုက်မိပါသည်။  တမိနစ် ၆၀နီးပါးမို့
ငွေကဒ်တစ်သောင်း ကုန်သွားချိန်မျိုးမှာတော့ ကြိုးဖုန်းလေးကို မျက်စပြစ်ခါ လွမ်းမိပါသည်။ တစ်မနစ် ၂၅ကျပ်
သာပေးဆောင်ရတဲ့အတွက် သိပ်မကုန်သလိုဘဲ ပြောချင်တိုင်းတွေ ပြောခဲ့မိတာတွေကို လွမ်းမိပါတယ် ကြိုးဖုန်းလေးရေလို့ ညဉ်းတွားလိုက်မိသည် ။ အဘွားရဲ့ ကွမ်းဖိုးလေး
ပျောက်ဆုံးသွားရသာလည်း ဆိုးကျိုးထဲကို ပါဝင်အကျုံးဝင်နေပြန်သည်။ အဘွားက ကြိုးဖုန်းလေးတစ်လုံးကို
အိမ်ရှေ့ မှာ ခုံတစ်လုံးနဲ့ ချထားပါသည်။ ရပ်နီး ရပ်ဝေးဖုန်းပြောနိုင်သည်။ နှစ်သိန်းတန်ဖုန်းတွေ ပေါ်လာချိန်မှာ
တော့ လူတိုင်းခါးကြားမှာ ဖုန်းလေးတွေနဲ့ မို့ အဘွားဖုန်းလေးကို တာတာ့ပြနေကြသည်။ အဘွားကွမ်းအစ်
လေးကွဲရှာလေပြီ။ ကျွန်မတွေးလိုက်မိပါသည်။ အော် လူအလိုကို နတ်တောင်မလိုက်နိုင်ဘူးဆိုတာ တယ်မှန်တဲ့
စကားပါလားလို့ တွေးနေချိန်မှာ ဖုန်းသံလေး မြည်လာပါသည်။ ဖုန်းသံကြောင့် အဘွားမျက်စောင်းက ဒိုင်းခနဲ
ကျွန်မဆီရောက်လာ တယ်ဆိုတာကို သိနေပေမယ့် မသိချင်ယောင်ဆောင်ကာ စတိုင်ထုတ်ကာ ဟဲလို လိုက်ရပါတော့သည်။

ခိုင်လေး(ရွှေတောင်)