ပန်းပျိုးသော ဥယျာဉ်မှူးတွေနဲ့ သဏ္ဍန်တူတဲ့ ကျွန်မရဲ့ ဥယျာဉ်မှူးဆရာ ၊ ဆရာမများ
ပန်းလေးတစ်ပွင့် ပွင့်လန်းလာဖို့အတွက် ပျိုးထောင်သူ ဥယျာဉ်မှူးဆိုတာ
ရှိခဲ့ကြပါတယ် ။ဒီလိုပါဘဲ ပန်းလေးတွေနဲ့သဏ္ဍန်တူတဲ့
ကျွန်မတို့လိုလူသားတွေအဖူးအငုံအရွယ်ကအစပြုကာ လမ်းညွှန်ပြသခဲ့သူ
ဆရာသမားများစွာ ရှိခဲ့ဖူးကြတယ် ။ တစ်ချို့ဆရာသမားတွေက ပြင်ပလောကမှာ
သင်ကြားပြသပေးခဲ့သူ ဆရာ ၊ဆရာမ များရှိခဲ့သလို ၊ တစ်ချို့သော
ဆရာသမားတွေကတော့ ကြားခံဆက်သွယ်မှု တွေကတဆင့် သင်ကြားဆည်းပူးခဲ့ရပါတယ် ။
ဒီထဲကနေမှ ကျွန်မအတွက် အရင်းနှီးဆုံး နဲ့ အမှတ်တရများစွာ
ရှိခဲ့ဖူးသူဆရာသမားများကို အကြောင်းကို ပြန်ပြောင်းအောက်မေ့မိနေတယ် ။
ပထမဆုံး အမှတ်တရ ရှိခဲ့ဘူးသူဥယျာဉ်မှူးကတော့ ကျွန်မ ကို ဆဌမတန်းမှာ
ပထ၀ီသင်ကြားပေးသော ဆရာမ ဒေါ်မြင့်မြင့်သန်း ပါပဲ ။
ကျွန်မတို့နားမလည်တာတွေကို စိတ်ရှည်စွာ ရှင်းပြတတ်ပြီး သမီးရင်းတစ်ယောက်လို
အင်မတန်ချစ်ခင်သူပါ ။မြေပုံတွေဆွဲရမှာကို သေအောင်ပျင်းတဲ့ ကျွန်မကို
စိတ်ရှည်စွာ လက်ထပ်သင်ပေးခဲ့သူပေါ့ ။ ခုချိန်မှာဆရာမ
ဘယ်ဆီကိုများရောက်နေပြီလဲ ။ မာမီလို့ ခေါ်ခဲ့တဲ့အထိ ဆရာမကို
လွန်စွာချစ်ခင်ခဲ့မိတယ် ။ မဆုံဖြစ်ခဲ့တာ နှစ်နဲ့ချီခဲ့လေပြီ ။
ဖြစ်လာတဲ့ပြသနာတွေကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးတတ်တဲ့
ကျွန်မချစ်ခင် လေးစားရသော ဆရာမ။ သိပ်ကို အလှပနှစ်သက်သူ
ပင်ကိုယ်ရုပ်ရည်လှပပြေပြစ်သူ ကျွန်မသိပ်ချစ်ရတဲ့ ဆရာမကို ရင်ထဲက
မွတ်သိပ်စွာ တမ်းတသတိရနေမိပါတယ် ဆရာမ ။
ကျွန်မဘ၀ရဲ့
နောက်ထပ်အမှတ်တရရှိခဲ့ဘူးသူ ဥယျာဉ်မှူး တစ်ယောက်ကတော့ န၀မတန်းမှာ မြန်မာစာ
သင်ကြားပေးသူ ဆရာမဒေါ်မေသန်းနှင်းဖြစ်ပါတယ် ။ခုလို
စာရေးသူတစ်ယောက်ဖြစ်အောင် အခြေခံစာရေးချင်စိတ်တွေကို
သင်ကြားပေးခဲ့သူဆိုလည်း မမှားပါဘူး ။ ခုချိန်မှာ ကျန်းမာရေး အခြေနေကြောင့်
စာမသင်နိုင်တော့ပေမယ့် ဆရာမရဲ့ စာပေချစ်မြတ်နိုးမှုကတော့ ယနေ့တိုင်
ရှင်သန်နေဆဲပါပဲ ။ သတိရ လွမ်းဆွတ် ဦးခိုက်မိပါတယ် ဆရာမ ။
စာရေးခြင်းအတတ်ပညာကို အခြေခံစတင်သင်ကြားပေးခဲ့သူ
ကျွန်မသိပ်ကိုလေးစားအားကျခဲ့ရဖူးသူတစ်ယောက်ပါ။ခုချိန်မှာ ဆရာမ
ကျန်းမာရေးအခြေနေကြောင့် ဘာမှမလုပ်နိုင်တော့ပေမယ့် စာပေကိုချစ်မြတ်နိုးတဲ့
သူမရဲ့မြတ်နိုးမှုစွဲခန်းမှုတွေကတော့ ထာဝရ လတ်ဆက် နိုးကြားနေဆဲပါပဲရှင် ။
အိမ်ထဲမှာ စာဖတ်ခြင်းနဲ့ သူဘ၀ကို တန်ဖိုးရှိစွာ ဆက်လက်ဖြတ်သန်းနေဆဲပါ
။ထာဝရလေးစားအားကျစွာ ဦးခိုက်မိပါတယ် ချစ်သော ဆရာမ။
နောက်ထပ်
အမှတ်တရများစွာ ရှိခဲ့ဘူးသူ ဥယျာဉ်မှူး နောက်တစ်ဦးကတော့ ကျွန်မကို
အဂ်လိပ်စာသင်ကြားပေးသော ဆရာကြီးဦးလှမြိုင် ဖြစ်ပါတယ် ။ဆရာက
အင်္ဂလိပ်စာတစ်မျိုးတည်းမဟုတ်ဘဲ ဘ၀အတွက် သိသင့်သိထိုက်တာတွေ အားလုံးကို
သင်ကြားပေးခဲ့သူတစ်ဦးပါ ။ နားဝင်အောင်ပြောပြ ပေးတတ်တဲ့ စကားပြောကောင်းသူ
တစ်ဦးဆိုလည်းမမှားပါဘူး ။ ဆရာသည် ဗဟုသုတ ပေါင်းစုံရှိသော
စာအုပ်တစ်အုပ်နှင့်သဏ္ဍန်တူပါဧ။် ။ဆရာနှင့်စကားပြောတိုင်း တန်ဖိုးရှိတဲ့
အကြောင်းအရာပေါင်းစုံကို ကျွန်မရရှိခဲ့ဘူးပါဧ။် ။ တစ်ခါတစ်ရံ စာရေးရန်
စဉ်းစားမရသည့်အကြိမ်တိုင်း ဆရာနဲ့တာ နီးနီးနားနားရှိနေရင် ကောင်းမှာဘဲလို့
မကြာခဏတွေးနေမိပါဧ။် ။မြန်မာပြည်မှာ နေစဉ်အချိန်ကာလတွေတုန်းကဆို
စာရေးဖို့အချက်လက်တွေ လိုအပ်လာပြီဆို ဆရာဆီကို ပြေးမေးခဲ့တာ
အကြိမ်ကြိမ်ပါဘဲ ။ ဆရာပြောပြခဲ့ဖူးတဲ့အချက်လက်တွေကနေ ပရိတ်သတ်လက်ခံတဲ့
ဆောင်းပါးတော်တော်များများကိုလည်း ရေးသားခဲ့ဖူးပါတယ် ။ အမြဲရိုသေ လေးစား
သတိရနေမိပါတယ် ဆရာ ။
ဘ၀မှာ ဆရာများစွာဧ။် ကျေးဇူးတရားတို့ဖြင့်
လူလားမြောက်ကြီးပြင်းခဲ့ရပါတယ် ။ စာရေးခြင်းအနုပညာကို စတင်မိချိန်မျာလည်း
ဆရာသမားလို့ မှတ်ယူကာ လေ့လာဆည်းပူး ခဲ့သူဆရာများစွာလည်းရှိခဲ့ပါတယ် ။ ဒီထဲက
ကျွန်မအမြဲ ဖတ်ဖြစ်ခဲ့သည့် ဆရာချစ်ဦးညို ၊ ဆရာမနုနုရည် (အင်းဝ ) ၊ ဆရာမဝေ
(စီးပွားရေး ) ၊ မဟူရာလွိုင်ကော် ၊ ဆရာမ ခင်ခင်ထူး ၊ ဆရာချစ်နိုင်
(စိတ်ပညာ)၊ အကိုညီလင်းနိုင် ၊ အကိုကွန်ဆူးမား ၊ တို့သည်လည်း ကျွန်မအတွက်
ဆရာသမားတွေပါပဲ ။ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့ မြစိမ်းရောင်
ကမာရွတ်ဆိုတဲ့ ၀ထ္ထုလေးကိုဖတ်ပြီး အိမ်ရှင်မဘ၀ အိမ်ရှင်မတစ်ယောက်ရဲ့
လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရတာကို ပျော်ရွင်ကျေနပ်တတ်ခဲ့ရဖူးပါတယ် ။
စာပေလောကမှာ ရေးသားနေကြသော စာရေးဆရာ တစ်ဦးချင်းဆီကို
လေးလေးစားစားအမြဲရှိနေခဲ့ပါတယ် ။
နောက်ထပ် ကျေးဇူးတင်မိတဲ့ ဆရာသမားတွေ
ရှိနေပါသေးတယ် ။ ကျွန်မရေးသားတဲ့ ဆောင်းပါးလေးတွေကို ထောက်ပြတတ်တဲ့
ကလေးတို့ဆရာမဆိုတဲ့ အန်တီနဲ့ ကိုကြီးမှိုင်းတို့ကိုလည်း ဒီနေရာ
ဒီဆောင်းပါးလေးကနေ လေးလေးစားစား ကျေးဇူးတင်ရှိပါတယ် ။ ကျွန်မ မသိတာတွေကို
သိအောင်ပြောပြသူ ကောင်းမြတ်သော လမ်းကို ညွှန်ပြပေးသူ အားလုံးသည် ကျွန်မရဲ့
ဆရာသမားများပင်ဖြစ်ပါတယ် ။
နောက်ထက်ကျေးဇူးတင်စရာ ဆရာသမားတွေလည်း
ရှိနေပါသေးတယ် ။ ကျွန်မခုချိန်မှာ အမှန်တကယ် အသုံးဝင်သော ပညာရပ်တစ်ခုရဲ့
ဆရာတွေပါပဲ ။ ဒါကတော့ ဟင်းချက်နည်းဘလော့တွေကို ရေးသားသူ အန်တီတင့် ၊
မာမာရဲ့ဝါသနာများ ဘလော့ကို ရေးသားသူ မမ မာမာ ၊ ၀တ်ရည်ဟင်းချက်နည်းဆိုဒ်
ရေးသားသူများသည် ကျွန်မအလွန်အားကိုးလေးစားရသူ ဆရာမများပင်ဖြစ်ကြပါဧ။် ။
သူတို့မသိကြပေမယ့် သူတို့တွေဟာ ကျွန်မရဲ့ ဆရာသမားတွေပါပဲ။ မြန်မာပြည်ကနေ
မလေးရှားကို ရောက်ကာစက စားဖြစ်ရုံတာ ချက်တတ်ခဲ့သူ ကျွန်မ ဆရာမတွေရဲ့
ဘလော့တွေကို အထပ်ထပ်လေ့လာ လိုက်လံချက်ပြုတ်ရင်း ခုဆို
ချက်ပြုတ်စရာတော်တော်များများကို သေချာစွာ ချက်တတ်ခဲ့ပါပြီ ။
အင်တာနက်ခေတ်မှာ အင်တာနက်ဆိုတာကို မေမေအင်တာနက်ဆိုင်မှာ ဖွင့်မှာသေချာစွာ
သုံးတတ်ခဲ့တဲ့ ကျွန်မကို အစစပြောပြ သင်ကြားပေးခဲ့ကြတဲ့ ကိုအာကာမိုးနိုင် ၊
ကိုကြီးစောနောင် ၊ မောင်လေးတွေဖြစ်ကြတဲ့ မောင်မောင် ၊ ကောင်းကင်၊
ဒေးဗစ်ဖြိုး ၊ ဖြူးမြို့သားလေး ကျော်ဇင် ၊ သီဟ (lero )
တို့ကိုလည်းဒီနေရာလေးကလေ လေးလေးစားစား ကျေးဇူးတင်ရှိပါတယ်ရှင် ။
နောက်ဆုံး ကျွန်မရဲ့အထူးဆရာသမားကတော့ ကျွန်မခင်ပွန်းသည်ပါပဲ ။ သူနဲ့
အိမ်ထောင်ကျပြီး မလေးရှားကိုကျွန်မ စရောက်လာချိန်မှာ
အိမ်ထောင်မှုကိစ္စတော်တော်များများကို သေချာစွာ ကျွန်မ မကျွမ်းကျင်ခဲ့ပါဘူး။
သူနဲ့တူတူနေတဲ့အချိန်မှာတော့ သူဖြစ်စေချင်တဲ့ အိမ်ထောင်ရှင်ကောင်းမ
တစ်ဦးဖြစ်အောင် နည်းလမ်းအသွယ်သွယ်နဲ့ ကျွန်မကို
ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း တော်တော်များများကို
ပြောင်းလဲပြုပြင်ပြပါတယ် ။ ကျွန်မကိုယ်လည်း သူဖြစ်စေချင်တဲ့
ပုံစံရောက်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ် ။ မှန်ကန်တဲ့ လမ်းတစ်ခုပေါ်
လျှောက်အောင်သင်ကြားပြောင်းလဲပေးတဲ့ သူ့ပြောင်းလဲပေးမှုတွေ အတွက်
ကျွန်မရင်ထဲမှာ မှတ်မှတ်ရရ ကျေးဇူးတင်နေမိပါတယ် ။ တတ်သင့်တဲ့
အင်္ဂလိပ်စကားပြော ၊ စာရင်းကိုင် စတဲ့ အတတ်ပညာတွေကိုလည်း မသင်ချင်တာတောင်
ချော့မော့ ကာ သင်ကြားပေးခဲ့ပါတယ် ။ နိုင်ငံရပ်ခြားမှာ ဇနီးမယားကို
ဘာအလုပ်မှ မခိုင်းစေဘဲ သင်တန်းတွေ တက်ခိုင်းကာ သူဖြစ်စေချင်တာတွေကို
ပြောင်းလဲပေးခဲ့သူ ကျွန်မခင်ပွန်းသည်ကို အစပထမ အထင်လွှဲမှားမိခဲ့ဖူးပါတယ် ။
သူငါကို ခုလိုတွေ သင်ခိုင်းနေတာ အလုပ်လုပ်ခိုင်းဖို့ဘဲ ဖြစ်မယ်လို့
ထင်မိခဲ့တယ် ။ တကယ်တမ်း ကျွန်မ အားလုံးတတ်မြောက်ခဲ့ပေမယ့် သူကျွန်မကို
ဘာတစ်ခုမှ မခိုင်းခဲ့ပါဘူး။ အိမ်မှာဘဲ စာရေးလိုက် စာဖတ်လိုက်ဖြစ်တာ
နေစေခဲ့ပါတယ် ။ အိမ်ထဲမှာ နေရတာ ပျင်းလာတာမို့ အလုပ်လုပ်ဖို့ပြောပေမယ့်လည်း
ခွင့်မပြုခဲ့ပါဘူး ။ ဒါဆို ဘာလို့ ငါကို သင်တန်းတွေ တက်ခိုင်းခဲ့လို့
မေးတော့ လူအောက်မကျအောင် ၊ တတ်သင့်တာတွေကို တတ်ထားစေချင်လို့တဲ့လေ။ သူဟာ
ကျွန်မဘ၀အတွက်တော့ ကျွန်မမိဘပြီးရင် ကျေးဇူးအရှိဆုံးလူသားတစ်ဦးဖြစ်သလို
ကျွန်မကို နည်းမှန်လမ်းမှန်တွေ သင်ကြားပေးခဲ့သူ ဆရာတစ်ဦးပါပဲ ။
အချုပ်ဆှိုရရင် ကျွန်မတို့ လူငယ်တွေတိုင်း ဘ၀ဆိုတဲ့ လက်တွေ့ဘ၀ထဲကို
မ၀င်မှီအချိန်မှာကော ရင်ဆိုင်ချိန်မှာပါ ကျွန်မတို့ကို လမ်းပြပေးသူ
ဆရာဟူသော ဥယျာဉ်မှူးပေါင်းများစွာကို တွေ့ကြုံခဲ့ရဖူးကြမှာ မလွဲမသွေပါပဲ ။
ဆရာဆိုတာ လမ်းမှန်ကို ညွှန်ပြပေးတတ်သူတွေပါ ။ ကောင်းမွန်သော အသိပညာ
အတတ်ပညာတွေကို ဝေမျှပေးသူတွေပါ ။ ကျွန်မတို့ လျှောက်လှမ်းနေကြတဲ့
လမ်းခရီးမှာ အမှားတွေ နည်းအောင် လမ်းပြပေးတတ်သူ ဆရာသမားတွေရဲ့
အကူအညီအထောက်ပံ့တွေဟာ ကျွန်မတို့အပေါ် သေသည့်တိုင်အောင် ရှိနေတော့မှာပါ ။
ဆရာသမားတွေရဲ့ ငယ်စဉ်ကာလကလေးရွယ်ထဲက စတင်သင်ကြားပေးခဲ့တဲ့ ၀ လုံး ဆှိုတဲ့
အစပြုသင်ကြားပေးမှုကနေ ယနေ့တိုင်ရပ်တည်မှုအားလုံးဟာ ဆရာသမားတွေရဲ့
လမ်းညွှန်မှုတွေကြောင့်ဆိုတာကို မည်သူမျှငြင်းနိုင်မယ်လို့ မထင်ပါဘူး ။မိဘ ၊
ဆရာသမားကို မပြစ်မှားတဲ့ လူတိုင်းဟာ ဘယ်တော့မှ ဒုက္ခမရောက်ပါဘူး ဆိုတဲ့
ဖတ်ဖူးခဲ့တဲ့စာလေးထဲကစကားလေးနဲ့ ဒီခံစားချက်အက်ဆေးလေးကို
အဆုံးသတ်လိုက်ပါရစေ ။
ခိုင်လေး ( ရွှေတောင် )