Showing posts with label ကလေးစာပေ. Show all posts
Showing posts with label ကလေးစာပေ. Show all posts

Thursday, October 30, 2014

နည်းမှန် လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ် ဂုဏ်ယူတတ်ကြပါစေ ။




နည်းမှန် လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ် ဂုဏ်ယူတတ်ကြပါစေ ။


ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
အာတာနက်ကမ္ဘာလေးထဲ စာလေးတွေ လိုက်ဖတ်နေစဉ် * တုန် *ဆိုတဲ့အသံတစ်ခု စောင်းဘောက်ဆီကနေ ထွက်ကျလာတယ်  ။ *တုန်*ဆိုသောအသံမှာ တစုံတယောက်ဆီမှ စာရိုက်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသော အသံဖြစပါတယ်  ။ ဖတ်နေသောစာမျက်နှာကနေ ဖွင့်ထားပြီးတား ဖေ့ဘုတ်(စ်) စာမျက်နှာကို ကူးပြောင်းလိုက်၏ ။ ကျွန်မက ကွန်ပြူတာကို အချိန်တိုင်းနီးပါး ဖွင့်ထားတတ်သူပါ ။ အိပ်ယာနိုးချိန်ကနေ အိပ်တဲ့အချိန်ထိ ဖွင့်ထားတယ်ဆို ပိုမှန်ပါလိမ့်မယ် ။ ကွန်ပြူတာ ဖွင့်ပြီဆိုတာနဲ့ ပထမဆုံး ဖေ့ဘုတ်(စ်)ကို စပြီးဖွင့်ပါတယ် ။ သားလေးက အင်တာနက်ကို သူတက်ချင်တဲ့အချိန်တက်ကာ စာရိုက်တတ်တာမို့လေ ။ ကျွန်မဘ၀အတွက် အရေးကြီးဆုံးလူသားတွေဖြစ်တဲ့ သား နဲ့ သမီးစာရိုက်လာလျှင် ချက်ချင်း ပြန်ရိုက်နိုင်ရန်အတွက် ဖေ့ဘုတ်(စ်)ကို အမြဲတစေဖွင့်ထားဖြစ်ပါတယ် ။ အရစ်ရှည်နေတာနဲ့ စကားစပျက်သွားပြီ ။ တုန် ဆိုတဲ့ အသံလာရာ ဖေ့ဘုတ်(စ်) စာမျက်နှာရောက် တော့ ချက်မေးက စာရောက်နေကြောင်းပြနေပါတယ် ။ ဘယ်သူလဲ ကြည့်လိုက်တော့ ထင်တဲ့အတိုင်း သားလေးဆီက ဖြစ်နေ၏ ။ ချက်ချင်း ချက်ကွက်လေးကို ဖော်ကြည့်လိုက်တော့
*မေမေ ရေ သားပြောစရာရှိတယ် ။*
*အေး သားလေး ပြောလေ*
 *ကျောင်းမှာ အက်ဆေး ပြိုင်ပွဲရှိတယ်မေမေ ။ သားဝင်ပြိုင်မလို့ ။ ပြည်ကိုသွားပြိုင်ရမှာ မေမေ *
 *ဟုတ်လား *
 *ဟုတ်တယ် ။ အဲဒါလာပြောတာ သားသွားတော့မယ် ။ ခဏနေ ကားလာခေါ်တော့မှာ ။ ခုအိမ်ရှေ့မှာ ဆရာမတွေနဲ့ ကားစောင့်နေတာ ။ တာတာ့ မေမေ * ဆိုပြီး အင်တာနက်ပိတ်သွားပါတယ် ။
သားက ပိတ်သွားပေမယ့် ကျွန်မကတော့ အတွေးတွေထဲ မျောကျန်နေရစ်ခဲ့တယ် ။ ဟုတ်တယ် ။ ကျွန်မတွေးပြီ ။ ဘာလို့လဲဆိုတော့ ကျွန်မသားလေးက အက်ဆေး ရေးတာကို ၀ါသနာပါတယ်လို့ တခါမှ မသိခဲ့ဘူး ။ သူပန်းချီဆွဲ ၀ါသနာ ပါတာကိုတော့ သိတယ် ။ အက်ဆေး တွေရေးတာကိုတော့ တစ်ကြိမ်တခါမှ မတွေ့ဘူး မမြင်ဘူးပါဘူး ။ စိတ်ထဲ စနိုးစနှောင့်ဖြစ်နေမိတယ် ။ တခုခုတော့ လွဲနေတယ် ။ သားပြန်လာမယ့်အချိန်ကိုစောင့်ဖို့ပဲ ရှိတာမို့ အတွေးတွေကို ရပ်တန့်ကာ ဖတ်လက်စဆောင်းပါးလေးကို ဆက်ပြီး ဖတ်နေလိုက်၏ ။
တစ်နေ့ကုန်လုပ်စရာရှိတာတွေကို လုပ်နေရပေမဲ့ သားဆီကိုပဲ စိတ်ကရောက်နေပါတယ် ။ ညရောက်တဲ့အထိ သားဆီက ဘာစာမှမလာတော့ ကျွန်မနေလို့မရတော့ဘူး ။ ဖုန်းထဲ ပိုက်ဆံထည်ကာ သားဆီ ဖုန်းခေါ်လိုက်တယ် ။ မလေးရှားကနေ မြန်မာပြည်ကို ဖုန်းခေါ်ရတာလည်း ပိုက်ဆံက အရမ်းစားတယ် ။ ဖုန်းဝင်သွားတာနဲ့ သားလေးက တန်းကိုင်ပါတယ် ။ *သားရေ အင်တာနက်ဖွင့်ပြီး ဗိုက်ဘာတက်လာခဲ့ပါအုံး ။ မေမေ့ဖုန်းထဲ ပိုက်ဆံ 10ဖိုးပဲ ထည့်ထားလို့ * လို့ပြောပြီး ဖုန်းကိုချ ။ အင်တာနက်ကိုဖွင့် ဗိုက်ဘာထဲဝင် ကာ သားကို စောင့်နေလိုက်၏ ။ ခဏနေတော့ သားအကောင့်လေး online ဖြစ်လာတယ် ။ ဒါနဲ့ ဖုန်းခေါ်လိုက်ပါ တယ် ။
*သားရေ ဖြေနိုင်လား ။  *
 *ဟုတ်ကဲ့ မေမေ ။ *
* သားကိုမေးစရာရှိတယ် ။*
*ဟုတ် မေးလေ မေမေ *
 *သားက ဘယ်တုန်းက အက်ဆေး ရေးတာ ၀ါသနာပါသွားတာလဲ*
*မပါ ပါဘူးမေမေရာ ။ အက်ဆေး က ဆရာမ ရေးပေးတာ ။ သားက  ဆုရချင်လို့ ၀င်ပြိုင်တာ ။*
*အယ် ။ သား မှားတယ် ။*
 *ဘာလို့လဲ မေမေ။ ဘာကို မှားတာလဲ*
*အေး သားမှားတာကို မေမေပြောပြမယ် ။ မေမေပြောနေတုန်း သားလေးဖြတ်မပြောရဘူးနော် ။ သေချာ နားထောင် ။ လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်ကြိုးစားအားထုတ်မှု့ရှိမှ ရနိုင်တယ်သား ။ ကိုယ်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှူရတာဟာ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူရတာထက် ပိုပြီး အသက်ရှူလို့ဝစေတယ် ။ လောကမှာ သင်ယူ ပျိုးထောင်ယုံနဲ့ ဖြစ်မလာနိုင်တဲ့အရာတွေထဲမှာ စာပေအနုပညာလည်း ပါဝင်တယ် ။ ဆရာဝန်တစ်ယောက်ဖြစ်အောင် မိဘက အတင်းတိုက်တွန်းလို့ ဆရာဆရာမတွေက ကြီးကြပ် ကြပ်မတ်လို့လို့ရနိုင်တယ် ။ စာပေအနုပညာသည်တစ်ယောက် ဖြစ်လာဖို့ကျတော့  ကိုယ်တိုင်ကိုယ်ကျ အရည်ချင်းရှိမှ ၊ ၀ါသနာလည်းလည်းပါမှ ၊ စန်းလည်းရှိအုံးမှ ဖြစ်ထွန်းနိုင် တာမျိုးပါ သား ။ တိုက်တွန်းတိုင်း ၊ သင်ယူတိုင်း စာရေးဆရာ ၊   ကဗျာဆရာ ဖြစ်မလာနိုင်ဘူး ။ ခုကိစ္စကို ဆက်ပြောမယ် ။ ဆရာမရေးတာကို သားဝင်ပြိုင်တယ် ။ တကယ်လို့ ဆုရခဲ့ရင်တောင် မေမေဂုဏ်မယူဘူး ။ ဘာလို့လည်းဆိုတော့ အမေ့သားကိုယ်တိုင်ရေးထားတဲ့ အက်ဆေး မှ မဟုတ်တာ ။ ရှဲဒိုးဆိုတဲ့ စကားလုံးကို မေမေမုန်းတယ်သား ။ မေမေ မုန်းတဲ့ စကားလုံးရဲ့အောက်ကို အမေ့သားနောက်တစ်ကြိမ်မ၀င်မိပါစေနဲ့ ။ မေမေ ငယ်ငယ်က ကဗျာဆုတွေ ခဏခဏရခဲ့ဘူးတယ် ။ အဲဒီတုန်းက မေမေပျော်ခဲ့တယ် ။ ခုအသက်ရွယ်မှာ မေမေ မပျော်တော့ဘူး ။ အဲဒီဆုတံဆိပ်တွေကို မြင်တိုင်းလည်း မေမေရှက်တယ် ။ ဘာလို့လည်းသိလား ။ မေမေမှ ကဗျာမရေးတတ်ခဲ့တာ ။ သားလိုပဲ ဆုရချင်တဲ့ စိတ်နဲ့ ဆရာမရေးပေးတဲ့ကဗျာတွေကို ကျက်ပြီး ၀င်ပြိုင်ခဲ့တာလေ ။ မေမေ ဘယ်တုန်းကမှ ကဗျာမရေးတတ်ဘူးသား ။ ခုလည်း မရေးတတ်ဘူး ။ သားလည်း မေမေလိုအသက်ရွယ် အသိတွေရှိလာမှ ရှက်တတ်လာမှထက် ခုချိန်ကတည်းက ရှဲဒိုးဆိုတဲ့ ခေါင်းစဉ်အောက်ကို မ၀င်မိဖို့လိုတယ် ။ ဆုဆိုတာ ထိုက်တန်သူတွေကို ပေးတဲ့ ဂုဏ်ပြုအမှတ်သားတစ်ခုပါသား ။ တန်ဖိုးရှိတဲ့ အမှတ်သားတစ်ခုကို အတုယောင်တွေနဲ့ မယူချင်ပါနဲ့သားရယ် ။ သားပန်းချီဝါသနာပါတယ်မလား ။ သားဝါသနာပါတဲ့ အရာကိုဘဲ ကြိုးစားပါ ။ ဂုဏ်တစ်ခုကို ရရှိပိုင်ဆိုင်ဖို့ အတုယောင်နည်းတွေနဲ့ ကိုယ့်ကိုယ်ကို မဖျက်ဆီးပါနဲ့ ။ အချုပ်ပြောချင်တာက သားလိုချင်တာကို သားကိုယ်တိုင် နည်းမှန်လမ်းမှန်နဲ့ ကြိုးစားယူပါ ။ အဲဒီနည်းမှန် လမ်းမှန်နဲ့ ရလာတဲ့ အောင်မြင်ခြင်းအပေါ်မှာပဲ ဂုဏ်ယူတတ်ပါ ။ မေမေလည်း စစ်မှန်တဲ့ သားရဲ့ အောင်မြင်ခြင်းအပေါ်မှာပဲ ဂုဏ်ယူချင်တယ် ။ နောက်ကို ဒါမျိုးဘယ်တော့မှ မလုပ်တော့ပါဘူးလို့ မေမေကို ကတိပေးပါ *
*ဟုတ်ကဲ့ မေမေ ။ သားနောက်ကို မလုပ်တော့ပါဘူး ။ ဒါပေမယ့်လေ ဆရာမတွေက သားကို ၀င်ပြိုင်ဖို့ပြောလာရင် သားက မပြိုင်ချင်ဘူးလို့ငြင်းလိုက်ပြန်တော့ သားကိုအမြင်ကတ်မှာပေါ့မေမေ ။ ပန်ချီပြိုင်ပွဲတုန်းကလည်း သားကဒုတိယရတယ်လေ ။ ကိုယ်ဘာကိုဆွဲတာမေမေ ။ ပထမ ဆုရသွားတဲ့သူကလေပန်ချီဆရာဆီမှာ အပ်ပြီး ဆွဲလာတာ ။ *
*သူတို့သမိုင်း သူတို့ရေးတာသား ။ လမ်းနည်းမမှန်တဲ့ နည်းကိုသုံးပြီးရတဲ့ဆုကို သားမမက်မောပါနဲ့ ။ ခုဘဲ သားသူလမ်းစဉ်ကိုလိုက်မိပြီ ။ ဒါလမ်းမှားကြီးပါ သား ။ ဘယ်တော့မှ မလိုက်မိစေနဲ့နော် ။ သားကမပြိုင်ဘူးပြောလို့ ဆရာမက အမြင်ကတ်မယ်ဆိုလည်း ကတ်ပါစေသားရယ် ။ အရေးမကြီးပါဘူး ။ အဓိကအရေးကြီးတာက အချောင်ခိုပြီး သူများအားကိုးချင်တဲ့စိတ်တွေ အမေ့သားဆီမှာ ရှိမနေဖို့ပဲ အရေးကြီးတယ် ။ မေမေကို ပေးထားတဲ့ ကတိကိုတည်ပါစေနော်သား ။*
*ဟုတ်ကဲ့ မေမေ ။*
*ကဲ သားလည်းအိပ်တော့ မေမေ ဖုန်းချတော့မယ် ။ ဘုရားဝတ်ပြုဖို့ မမေ့နဲ့ ။ ဘွားဘွားကြွေကို ကန်တော့ဖို့လည်း မမေ့နဲ့နော် သား ။ မေမေ ဖုန်းချပြီ *
သားနဲ့ ဖုန်းပြောပြီး ကျွန်မရင်ထဲ မောဟိုက်နေတယ် ။ စိတ်တွေလည်း လေးပင်နေတယ် ။ ငယ်ဘ၀တွေဆီကို အလည်သွားမိပြန်ပါတယ် ။ ကျွန်မ ခြောက်တန်း ခုနှစ်တန်း ရှစ်တန်း ကိုးတန်းလောက်မှာ ကျောင်းမှာ ပြုလုပ်တဲ့ ကဗျာပြိုင်ပွဲတွေ တော်တော်များများမှာ ကျွန်မကိုသိပ်ချစ်တဲ့ မြန်မာစာဆရာမတစ်ယောက် ရေးပေးတဲ့ ကဗျာလေးတွေနဲ့ အမြဲတစေ ၀င်ပြိုင်ဖြစ်ခဲ့တယ် ။ အဲဒီအချိန်တုန်းက ပြိုင်ပွဲဝင်ကျောင်းသား အားလုံးလိုလို ဆရာ ဆရာမတွေ ရေးပေးတဲ့ ကဗျာတွေနဲ့ ပြိုင်ခဲ့ကြတာချည်းပါပဲ ။ ဒီတုန်းက ဆုတွေရတော့ သိပ်ပျော်ကြတာပေါ့ ။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း ကျွန်မတွေးတယ် ။ တကယ်တော့ ကဗျာဆိုတာ ကျွန်မလုံးဝ မရေးတတ်သောအရာတစ်ခုပါ။ ကိုယ်မရေးတတ်တဲ့ အရာတစ်ခုကို ကိုယ်ရေးသလို ဟန်ဆောင်ပြီး  ဆုတွေ ယူလာမိတာ ရှက်စရာအတိပါလားဆိုတဲ့ အသိဝင်လာချိန်မှာ ရဖူးထားတဲ့ ဆုတံဆိပ်တွေကို ကျွန်မ မမြင်ချင်တော့ဘူး ။
တကယ်တော့ ငယ်ရွယ်တဲ့ ကျောင်းသားအရွယ်ဆိုတာ ဖယောင်းလေးတွေလိုပါပဲ ။ လိုရာပုံသွင်းလို့ အကောင်းဆုံးအချိန်ခါပေါ့ ။ ဒီလိုအသက်ရွယ်မျိုးမှာ ကလေးတွေကို ပုံသွင်းပေးတဲ့ မိဘ ဆရာသမား တွေအနေနဲ့ ပုံသွင်းမမှားဖို့တော့ အထူးလိုအပ်ပါတယ် ။ မိဘတွေအနေနဲ့လည်း ငါ့သားလေး ငါ့သမီးလေး ဆုတွေရရင် ဂုဏ်ရှိပြီဆိုတဲ့ အတွေးတစ်ခုနဲ့ အလွယ်လမ်းစဉ်တွေကို မရွေးမိပါစေနဲ့ ။ ပိုက်ဆံပေးဖန်တီးမှုတွေဟာ မိမိသားသမီးမှာ ရှိနေပြီးတား အရည်ချင်းတွေကို မှေးမှိန်ပျောက်ကွယ်သွားစေတတ်ပါတယ် ။ ဆရာ ဆရာမတွေအနေနဲ့လည်း အထက်ဖော်ပြခဲ့တဲ့ ကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်းမှ ရှောင်ယှဉ်သင့်ပါတယ် ။ ပြိုင်ပွဲတစ်ခုရှိလာပြီဆို စာတော်တဲ့ ကလေးတိုင်းဟာ တခြားဘက်စုံမှာ အကုန်ဆုရနေရမယ်ဆိုတဲ့ အတွေးမျိုးတွေကို ဆရာ ဆရာမတွေအနေနဲ့ မထားသင့်တော့ပါဘူး ။
အတန်းပညာမှာ တော်ကြပေမယ့် တခြား နေရာတွေမှာ သူတို့ထက် တော်သူတွေရှိနေနိုင်ပါတယ် ။ စာမတော်ပေမယ့် ကဗျာရေးတော်သူတွေ ၊ စာရေးတော်သူတွေ ၊ ပန်းချီတော်သူတွေ အများပြားရှိနေနိုင်ပါတယ် ။ ဥပမာဆိုရရင် ငါးတန်းကလေးတွေရဲ့ ကဗျာပြိုင်ပွဲတစ်ခုမှာ ကလေးတွေ အသီးသီးဝင်ပြိုင်ကြမယ် ။ တကယ်ကဗျာရေးဖို့ ၀ါသနာပါသူတွေ ပါနိုင်တယ် ။ သူအသိဟာ ငါးတန်းကလေးတစ်ယောက်ရဲ့ အသိနဲ့ သူဝါသနာပါရာ ကဗျာလေးတွေကို သီကုံးပြီးပြိုင်ပွဲဝင်တယ် ။ ဒီမှာ ဆရာ ဆရာမက ဆရာ ဆရာမတစ်ယောက်ရဲ့ အသိနဲ့ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို စာတော်တဲ့ ကလေး ကဗျာမရေးတတ်တဲ့ ကလေးတစ်ယောက်ကို ပေးပြီးဝင်ပြိုင်ခိုင်းလိုက်မယ် ။ ဆရာ ဆရာမရေးပေးတဲ့ ကဗျာက ဆုရလာတယ် ။ တကယ် စစ်မှန်တဲ့ ပြိုင်ပွဲဖြစ်သွားရဲ့လား ။ ငါးတန်းကလေးတွေအတွက် ကျင်းပပြုလုပ်တဲ့ ကဗျာပြိုင်ပွဲဟာ ငါးတန်းကလေးတွေရဲ့ နှလုံးသားထဲက အစစ်အမှန်ထွက်ကျလာတဲ့ ကဗျာလေးတွေဘဲ ဖြစ်သင့်ပါတယ် ။ ဒီလိုတွေ ရေးပေးနေတာဟာ နုနယ်တဲ့ကလေးတွေကို လမ်းမှားတစ်ခုပေါ်တွန်းပို့နေတယ်လို့ ထင်မြင်ယူဆမိပါတယ် ။
 ဆရာ ဆရာမတွေအနေနဲ့ ကလေးတွေရဲ့ ရင်ထဲက အနုပညာကို နည်းလမ်းပေးဖို့လိုအပ်ပါတယ် ။ ပုံတူကူးချတတ်အောင် လမ်းမညွှန်သင့်ပါဘူး ။ ကဗျာ အက်ဆေး ဆောင်းပါးတွေကို ရေးချင်တဲ့ ကလေး ၊ ၀ါသနာပါတဲ့ ကလေးတွေကို လမ်းကြောင်းပေး လမ်းညွှန်ဖို့ပဲ လိုအပ်ပါတယ် ။ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ ထင်ချင်လည်းထင်ပါ ။ အနာဂတ်ကျွန်မတို့ တိုင်းပြည်အတွက် ရင်သွေးငယ်တိုင်းဟာ စစ်မှန်တဲ့ကိုယ်ပိုင်အရည်ချင်းတွေနဲ့ မိမိတို့ဘ၀တွေကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ် ။ ဒီလိုတည်ဆောက်နိုင်ဖို့ဆိုတာ လက်ဦးဆရာ မိနဲ့ဘ ဆိုတဲ့အတိုင်း မိဘ ဆရာသမားတွေဟာ အဓိကကျလှပါတယ် ။ မိမိတို့ရင်သွေးငယ်တွေကို နည်းလမ်းမှန်တဲ့ အောင်မြင်ခြင်းတွေဆီကို ခေါ်ဆောင်ပေးကြပါ ။ နည်းမှန် လမ်းမှန်ကြိုးစားအားထုတ်ခြင်းတွေအပေါ် ဂုဏ်ယူတတ်အောင် ပြုစုပျိုးထောင်ပေးကြပါလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတော့၏ ။


Tuesday, August 26, 2014

၅ ။ ရှေ့ဆောင်လမ်းပြကောင်းဖို့ အရေးကြီးသည် ။



၅ ။ ရှေ့ဆောင်လမ်းပြကောင်းဖို့ အရေးကြီးသည် ။

ရေးသားသူ = ခိုင်လေး  ( ရွှေတောင် )
10463875_1480184252227461_5550946171257053986_n.jpg
10463911_1480185898893963_2187707123161443132_n.jpg
ခြံထဲအေးအေးလူလူ ထိုင်နေစဉ် မြင်ကွင်းထဲသို့ ကလေးငယ်တစ်ဦး ၀င်ရောက်လာသည် ။ ကလေးငယ်သည်  အိမ်ရှေ့ရှိ စမ်းချောင်းငယ်လေးဆီသို့ ဦးတည်ရွေ့လျားနေသည် ။ သူဘာလုပ်မည်နည်းဟု ဆက်၍စောင့်ကြည့်နေမိသည် ။ စမ်းချောင်းလေးနားတိုးကပ်ပြီးနောက် ခါး၌ထိုးထားသော ငါးမျှားတံလးအား ထုတ်လိုက်သည်ကို တွေ့လိုက်ရလေ၏ ။ ကလေးငယ်သည်ရှိလှ ဆယ်နှစ်ကျော် သာသာခန့်သာ ရှိပေမည် ။ ကျွန်မတို့  အိမ်ရှေ့၌ စမ်းချောင်းငယ်လေး တစ်ခုရှိနေပါသည် ။ ထိုစမ်းချောင်လေးသို့ လူအများမကြာခဏ လာရောက်၍ ငါးမျှားတတ်ကြပေသည် ။ယခင်လူများလာရောက် ငါးမျှားခြင်းသည် မထူးခြားသော်လည်း ယခုလာသော ကလေးငယ်သည် ငယ်လွန်းနေသည် ။ ထိုကလေးအားကြည့်နေရင်း ကျွန်မမျက်ဝန်းထဲ၌ မျက်ရည်များဝဲသီလာကြလေသည် ။ ကျဆင်းတော့မည့် မျက်ရည်တို့အား ထိန်းလိုက်သည် ။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ ကလေးငယ်ရှိရာသို့ ထွက်လာခဲ့လိုက်တော့သည် ။
ကလေးငယ်အနားသို့ ရောက်လျှင် ဘေးချင်းယှဉ်ထိုင်ချလိုက်သည် ။ ရုတ်တရက် သူ့အနားထိုင်ချလိုက်ခြင်းကြောင့် ကလေးသည် ကျွန်မအားငေးကြည့်နေပါ၏။ ကလေးအား ဦးစွာပထမ ပြုံး၍ နှုတ်ဆက်လိုက်သည် ။ ပြီးနောက် စကားစလိုက်ပါသည် ။
*သားက ငါးလာမျှားတာထင်တယ် *
*ဟုတ်ကဲ့ အန်တီ ။ အကိုတွေ ဒီမှာ လာပြီးမျှားနေကြလေ ။ သူတို့ပြန်လာရင် ငါးတွေ ပါပါလာတတ်လို့ သားပါလာမျှားကြည့်တာပါ *
* သြော် ..သားက ငါးမျှားတတ်လို့လား *
ရှက်ပြုံးလေးပြုံးပြီးနောက်  *သားက မျှားတော့ သေချာ မမျှားတတ်ပါဘူး ။ ခုတောင် အကိုတွေ မသိအောင် ခိုးထွက်လာတာ * ဟုရိုးသားစွာ ပြောပြရှာသည် ။ ကျွန်မလည်း ကလေးပြောပြတာလေးတွေအား ဂရုစိုက်နားထောင်ပေးလိုက်သည် ။ ကလေးစကားဆုံးသည်နှင့်
*သားကို အန်တီ ဇာတ်လမ်းလေး တစ်ခု ပြောပြချင်တယ် ။ သားနားထောင်ကြည့်ပါလား ။ နားထောင်ပြီးမှ ငါးဆက်မျှားပေါ့ *ဟု စကားဆိုလိုက်သည် ။ ကလေးသည် ကျွန်မအားအားနာ၍ထင်သည် ။ ကျွန်မပြောသော စကားအား လက်ခံနားထောင်ပေးခဲ့သည် ။
*လွန်ခဲ့သော ငါးနှစ်လောက်က အန်တီမှာ သိပ်ချစ်စရာကောင်းတဲ့ မောင်လေး တစ်ယောက်ရှိတယ် ။ အဲဒီအချိန်က အန်တီမောင်လေး အသက် ဆယ့်ခြောက်နှစ်ဘဲ ရှိသေးတယ် ။ အန်တီကလည်း မောင်လေး တစ်ယောက်တည်း ရှိတာဆိုတော့ အရမ်းချစ်တာပေါ့ ။ ဒီလိုနဲ့ သင်္ကြန်ဆိုတဲ့ ရာသီပွဲတော်လေး တစ်ခုမှာ မောင်လေးက အန်တီကို အပြီးထားသွားခဲ့တယ် ။ သင်္ကြန်ပွဲတော် နောက်ဆုံးနေ့လေးမှာ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေ သင်္ကြန်လျှောက်လည်ခဲ့ကြတယ် ။ နေ့လည် နားချိန်ကြတော့ မြစ်ကမ်းနားမှာ သွားပြီးနားကြတယ်လေ။ ဒီမှာတင် နားနေရင်း သားလိုဘဲ ငါးမျှားချင်တဲ့စိတ်ကြောင့် မြစ်ထဲမှာ ငါးလိုက်ဖမ်းသတဲ့ ။ အရက်ကလည်း နည်းနည်းမူးနေတာရယ် ၊ သူတပါးအသက်ကို သက်ချင်တဲ့ စိတ်အားကြီးနေတာရယ်ကြောင့် ဆင်းရင်း ဆင်းရင်း ရေနက်တဲ့ နေရာကို ရောက်သွားပြီး နေနစ်ခဲ့တယ် ။ တစ်ယောက်နစ်လို့ တစ်ယောက်ဆယ်တယ် ။ နောက်တစ်ယောက် ထပ်နစ်ပြန်တယ် ။ ဒီလိုနဲ့ သူငယ်ချင်းငါးယောက် သွားကြတာ သုံးယောက်စလုံးနစ်နေကြတော့ ကျန်တဲ့နှစ်ယောက် ဆက်ပြီးမကယ်ရဲကြတော့ဘူးပေါ့ ။ အနီးနားကို အော်ဟစ်အကူညီတောင်းခဲ့ပေမဲ့ နစ်နေတဲ့သူတွေကို အချိန်မှီ မကယ်ဆယ်နိုင်တော့ဘူး ။ နောက်ဆုံး အလောင်းတွေကိုဘဲ ရခဲ့တယ်သား ။ *
ကျွန်မစကားဆုံးသည်နှင့် ကလေးငယ်၏ မျက်နှာအခြေနေကို ကြည့်လိုက်မိသည် ။ ကလေးငယ်သည် လက်ထဲ၌ ကိုင်ထားသော ငါးမျှားတံလေးအား အောက်သို့ လွှတ်ချထားသည်ကို တွေ့လိုက်ရသည် ။ သူ၏မျက်နှာ အမူယာသည်လည်း စိုးရွံ့ကြောက်လန့်နေဟန် အထင်သားပေါ်ပေါက်နေလေ၏ ။ အရှိန်လေးရတုန်း ကလေးအား ဆက်၍ရှင်းပြချင်လာသည်မို့ စကားအား ဆက်လိုက်သည် ။
အန်တီ ဖတ်မှတ်ထားတာလေး သားကို ပြောပြမယ် ။ '၀ဋ် ' ဆိုတာလေ ' ၀ဋ'္ဋ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတာ ။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း လို့ အဓိပ္ပါယ်တွေရှိတယ် ။ ၀ဋ် သုံးမျိုးရှိတယ် သား ။ ဘာတွေလည်းဆိုတော့ -
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေတယ် ။ ဒါကြောင့် '၀ဋ်' နှင့် '၀ိပါက' တို့ဟာ စကားလုံး ကွဲပြားသော်လည်း ဘဘောအဓိပ္ပါယ် မကွဲပြားဘူး ။ ဒီအတွက် တစ်စုံတစ်ယောက်က ဒုက္ခကြီးစွာ ခံစားနေရင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' လို့ဆိုကြတာပေါ့ ။ 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်လို့ လူကြီးသူမတွေက အစဉ်အလာနဲ့ ဆုံးမပြောဆိုလာကြတာပေါ့ကွယ် ။ အန်တီပြောတဲ့ စကားတွေ သားချက်ချင်း နားလည်ဖို့ ခက်ချင်ခက်မယ် ။ ဒါပေမဲ့ သားတဖြည်းဖြည်း ကြီးလာရင် နားလည်လာပါလိမ့်မယ် ။ အရေးကြီးတာက သူတပါးကို တစုံတခု ပြုလုပ်ဖို့ ကြိုးစားနေစဉ် ကိုယ်က အရင် တခုခု ဖြစ်တတ်ဆိုတာကို သားသိဖို့ ပြောပြတာပါ ။ အန်တီမောင်လေး အဖြစ်ကိုဘဲ သားကြည့်လေ ။ သူတပါး အသက်ကို  သတ်ဖို့ကြိုးနေစဉ်မှာ သူအရင်သေခဲ့ရတယ် ။ဒါဟာ ၀ဋ်လည်တာပဲ သား ။
ကလေးသည် ကျွန်မပြောပြသည့် အကြောင်းအရာတို့အား လက်ခံယုံကြည်မည်ဆိုတာ အသေချာပင် ။ အဘယ်ကြောင့်ဆိုသော် ကလေး၏မျက်လုံးများမှ သက်သေခံနေပါ၏ ။ကလေးငယ်သည် ကျွန်မစကားများအား သေချာစွာနားထောင်ပြီးနောက် ငါးမျှားခြင်းအား ဆက်၍မလုပ်တော့ဘဲ ပြန်သွားပါတော့သည် ။ ကျွန်မလည်း ခြံထဲသို့ ပြန်လာပြီး နဂိုထိုင်ရာ ခုံ၌ပြန်ထိုင်ပြီး မိမိလုပ်ရပ်အား ကျေနပ်နေမိသည် ။ ကလေးတွေ၏  အတွေးခေါ် အယူဆ ကျင့်ကြံမှု့တွေ မှန်ကန်စေဖို့ အရေးကြီးဆုံးသူတို့သည် အကို အမ မိခင် ဖခင် ဆရာ ဆရာမ တို့ပင် ဖြစ်သည် ။ ကလေးဆိုသည်မှာ ရှေ့ဆောင်လမ်းပြသူတို့၏ နည်းနာများအား အတုယူတတ်သူတွေပင်။ ထိုအတွက်ကြောင့် ရှေ့ဆောင်လမ်းပြသူတွေ အနေဖြင့် မိမိတို့၏ ရင်သွေးငယ်တွေ နည်းယူမမှားစေဖို့ အထုးဂရုစိုက်ဖို့ လိုအပ်လှပေသည် ။ လူကြီးတွေသည် လူငယ်တွေအား ကောင်းမွန်သော အသိစိတ်များ ၀င်လာစေရန် ၊ စံနမူနာ ယူတတ်စေရန် နေပြကြဖို့ အလွန်အရေးကြီးကြောင်း တွေးမိရင်း ဒီနေ့အတွက် ကျွန်မ၏ တာဝန်ကျေမှု့အပေါ် ကျေနပ်နေမိပါတော့သည် ။

( ဘာသာရေးစာလေးများကို ကိုငယ်ဆိုဒ်မှ လေ့လာသည် )


၎ ။ ၀ဋ် အမြဲ ငရဲ အပ ( ယဉ်ကျေးလိမ္မာ ဂျာနယ်တွင်ပါဝင်သော ဆောင်းပါး )



၎ ။ ၀ဋ် အမြဲ ငရဲ အပ  ( ယဉ်ကျေးလိမ္မာ ဂျာနယ်တွင်ပါဝင်သော ဆောင်းပါး )
ရေးသားသူ  = ခိုင်လေး ( ရွှေတောင် )
4.jpg
 ဦးလေး ဖိုးကျော်တစ်ယောက် ဘုန်းကြီးကျောင်းမှာ စုပေါင်းအလှူလေးရှိတာမို့ အလုပ်တွေရှုပ်နေလိုက်ပုံများ ။ မနက်ထဲက ယားလို့ပင် မကုတ်နိုင်အား ။ ကလေးတွေ ဆော့ကစားနေတဲ့ အသံတွေက ကျောင်းဝန်းထဲမှာ ပွတ်လောရိုက်လို့ ။ စုပေါင်းရှင်ပြုပွဲလေးမို့ တစ်ရပ်ကွက်လုံး ဘယ်သူ့မှ မအားကြပါ ။ ကလေးတွေ အတွက်တော့ လွတ်လပ်ရေးနေ့ပေါ့ ။ ကိုရင်ဝတ်ရမယ့်ကလေးတွေမို့ သူတို့ကိုလည်း လစ်လျု့မထားရဲပြန် ။ မျက်လုံးထောင့်တစ်နေရာကနေ မကြာခဏ သတိထားကြည့်နေရပြန်၏ ။ တော်တော်လေး ဆော့နိုင်ကြတဲ့ ကလေးတွေပါပဲ ။ အလုပ်တွေထဲ ခဏလေး နစ်မျောသွားမိပြန်တယ် ။ သတိရလို့ သူတို့လေးတွေကို ရှာဖွေမိတော့ မြင်ကွင်းထဲတွင် တစ်ယောက်ကိုမှ မတွေ့ရတော့ပါ ။ * ဟ * ဒီကလေးတွေ ဘယ်ရောက်ကုန်ပြီလဲ ။ ခက်တော့တာပဲ ။ ရှာမှပဲ  ဆိုတဲ့အတွေးနဲ့ လုပ်လက်စ အလ်ုပတွေကို ပစ်ချကာ ရှာပုံတော်ဖွင့်ရပြန်ပေါ့ ။ *ဟော * တွေ့ပါပြီ ။ ကျောင်းဝန်းရဲ့ နောက်ဘက်တောစပ်က အပင်တစ်ပင်အောက်မှာ။ အုပ်စုလိုက် စုစုဝေးဝေး ။ ခေါင်းလေးတွေ ကိုယ်ဆီ အပေါ်ကို မော့ကြည့်နေကြ၏ ။ ဘာသံမှ မထွက်ဘဲ ငြိမ်သက်လို့ ။ *အယ် * ဒီကလေးတွေ ဘာတွေ လုပ်နေကြပါလိမ့် ။ အတွေးနဲ့ အနားကို သေချာကပ် ကြည့်တော့လိုက်ရင်ဖြင့် သကောင်သားလေးတွေ ထဲက တစ်ယောက်က အပင်ပေါ်က စာကလေးကို လေးဂွနဲ့သေချာ ချိန်လို့ ။ ငှက်ပစ်ဖို့ လုပ်နေကြလေရဲ့ ။ *ဟဲ့ ကလေးတွေ * ဦးလေး ဖိုးကျော် ခေါ်သံကြားတော့ ကလေးတွေ အားလုံးတစ်ညီတညွတ်ထဲ လှည့်ကြည့်လာကြ၏ ။ လက်ထဲ လေးဂွကိုင်ထားတဲ့ကလေးကလည်း လေးဂွလေးကို သူနောက်ဘက်သို့ ချက်ချင်း ဖွတ်လိုက်ပါတော့တယ် ။ * ဘာတွေလုပ်နေကြတာလဲကွ ။ ဦးလေး ဖိုးကျော် ကမင်းတို့ ပျင်းနေပြီထင်လို့ ပုံပြောပြမယ် ဆိုပြီး လိုက်ရှာနေတာ ။ မင်းတို့က ဒီရောက်နေကြတာကို * ပုံပြောပြမယ်ဆိုတဲ့ စကားသံကို ကြားတာနဲ့ ကလေးတွေအားလုံး ဦးလေး ဖိုးကျော်နားကို ချက်ချင်း စုဝေးရောက်လာကြ၏် ။ *ကဲ လာကြ ။ ဟိုး သစ်ပင်အောက်မှာ သွားထိုင်ကြမယ် * ဦးလေး ဖိုးကျော်နဲ့ ကလေးတွေ အရိပ်ကောင်းတဲ့ ခရေပင်ကြီးအောက်မှာ ထိုင်လိုက်ကြ၏ ။ နေရာယူပြီးသည်ဆိုတာနဲ့ ဦးလေး ဖိုးကျော်ပုံပြင်လေးတစ်ခုကို အစချီပြောလိုက်ပါတော့၏ ။ * လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ငှက်တွေကို လေသေနပ်တစ်လက်နဲ့ လိုက်ပစ်တတ်တဲ့ ကောင်လေး တစ်ယောက်ရှိတယ် ။ သူမိဘတွေက ၀ယ်ပေးထားတဲ့ လေသေနပ်လေးကို သူက သိပ်သဘောကျတာတဲ့လေ ။ ကျောင်းပိတ်ပြီဆိုတာနဲ့ လေသေနပ်တစ်လက် ပုခုံး ပေါ်ထမ်းပြီး ငှက်တွေလိုက်ပစ်နေတော့တာဘဲတဲ့ ။ တစ်နေ့မှာတော့ ငှက်လေးတစ်ကောင် ကို အရှင်ဖမ်းမိလာသတဲ့လေ ။ ပြီးတော့ ငှက်လေးကို ကြိုးချည်သတဲ့ ။ ပြီးတော့ အပင်တစ်ခုမှာ ဇောက်ထိုးဆွဲထားလိုက်သတဲ့လေ ။ ငှက်လေးကိုချည်ထားတဲ့ ရှေ့တည့်တည့်မှာ သူကထိုင်ပြီး ငှက်လေးရဲ့ ခြေထောက် ကို လေသေနပ် နဲ့ မမှန်မချင်းကို ပစ်နေသတဲ့ ။ နောက်ဆုံးမှာတော့ အဲဒီငှက်လေး ခြေထောက်ကို လေသေနပ် ကျည်ဆံ မှန်သွားခဲ့တယ် ။ သူပစ်လိုက်တာ ထိမှန်သွားလို့ သိပ်ကို ပျော်ရွင်နေတာပေါ့ ။ သူ့ လေသေနပ်ကြီး မိုးပေါ်ထောင်ပြီး ကျေနပ်နေတုန်းမှာ သူကို ကောင်းကောင်း "၀ဋ် * လည်တော့တာပဲ။ဘိုးတော်တွေ ထိုင်သလို ထိုင်နေတဲ့သူဖနောင့် ပေါ်လေသေနပ်ကိုတင်ပြီး ကောင်းကင်ကို မော့ကြည့်ပြီး အတွေးနယ်ချဲ့နေတုန်းမှာ သူ့လက်တွေ သေနပ် မောင်းကို အမှတ်မထင် နှိပ်မိသွားခဲ့တယ် ။ သူစိတ်ထဲမှာ သေနပ်ပြောင်းကို အပေါ်ထောင်ထားတယ်လို့ ထင်ခဲ့ပေမယ့် အမှန်တစ်ကယ် က သေနက်ပြောင်းက သူဖနောင့်ကို ချိန်ထားတာဖြစ်နေခဲ့တယ် ။ ဒီမှာဘဲ သေနပ်ကျည်ဆံ“ဟာ သူ့ဖနောင့်ထဲကို တည့်တည့်မတ်မတ်ကြီး ၀င်သွား တော့တာပါပဲ ။ ထူပူပြီး ဖနောင့်ထဲက ကျည်သံကို ထောင့်စူးနဲ့ ဆွဆွထုတ်ကြည့်တယ် ။ မရဘူးတဲ့လေ ။ ကျည်ဆံကို ဆွလေ ကျည်ဆံက အထဲသို့ ပိုဝင်လေဘဲ ။ နောက်ဆုံးမှာတော့ မိဘတွေကို ပြောပြရတော့တာပေါ့ ။ ဒီမှာဘဲ ချက်ချင်းဆေးရုံကို ပြေးရတော့တာပဲ ။ ဆေး၇ုံကိုရောက်တယ်ဆိုရင် ဖနောင့် ထဲက ကျည်သံကို ခွဲထုတ်ခဲ့ရတယ် ။ ဖနောင့်ဆိုတာ အကြောစုံမို့ မေ့ဆေးပေးပြီး သေချာ ထုတ်ခဲ့ရတယ် ။ "၀ဋ် *ဆိုတာ ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်သလဲ ။ နေ့မကူးဘဲ ချက်ချင်းကို "၀ဋ် *လည်စေခဲ့တယ် ကလေးတို့ရေ။ ဒီတော့ သားတို့လည်း ဒီလိုအဖြစ်မျိုးတွေ မကြုံရအောင် သူလိုမျိုးတွေ မလုပ်မိအောင်နေကြရမယ်နော် ။ * စိတ်ဝင်တစ်စားနားထောင်နေတဲ့ ကလေးတွေ ရဲ့ မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတွေက အထင်သားပေါ်လွင်လို့ ။ တညီတညွတ်တည်း ခေါင်းညိတ်ကြရှာ၏။ *ကဲ ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ။ ကျောင်းထဲ သွားကြတော့ ထမင်းစားကြရအောင် * ကလေးတွေ ထွက်သွားပေမယ့် ကျွန်တော်ကတော့ ဆက်ထိုင်နေမိပါသည် ။ ဒီပုံပြင်လေး ထဲက "၀ဋ် *လည်ခဲ့သောသူသည် ကျွန်တော် ကိုယ်တိုင်ပါပဲ ။ သိပ်ကို ကြောက်စရာကောင်း တဲ့ "၀ဋ် *လည်ခြင်းပါပဲ ။ နေ့တောင်မကူးခဲ့ပါဘူး ။ ခုပြန်တွေးရင်တောင် ချက်ချင်းကြက်သီး ထမိအောင် တုန်လှုပ်မိပါတယ် ။ ဒီတုန်းက ကျွန်တော် အဘွားက ဆုံးမခဲ့တာလေးကိုလည်း ကျွန်တော် အသံထဲ စွဲနေအောင် မှတ်မိနေခဲ့တယ် ။ *ဒီမယ် မြေး ။ "၀ဋ် *ဆိုတဲ့ အရာဟာ ချက်ချင်းလည်တတ်တယ် ။ ခု သိကြားသာသနာ့ကို ရောက်နေပြီ ။ "၀ဋ် *ဆိုတာ နောင့်ဘ၀မကူးတော့ဘူး ။ ဒီဘ၀မှာဘဲ လည်တတ်တယ်ဆို တာ ငါ့မြေးကိုယ်တွေ့ဘဲနော် ။ ဘွားဘွားပြောပြမယ် ။ '၀ဋ် ' ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာတယ် ။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိတယ် ။ ၀ဋ် သုံးမျိုးရှိတယ် - (၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊ (၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊ (၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊ ၀ဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေတယ် ။ '၀ဋ်' နှင့် '၀ိပါက' ဆိုတဲ့ စကားလုံး ကွဲပြားပေမယ့် ဘဘောအဓိပ္ပါယ် မကွဲပြားဘူး ။ဒါကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' လို့ ပြောတတ်ကြတယ် ။ 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ ငရဲမှာ အပတဲ့ 'မြေးရေ ။ တစုံတယောက်သည် တစုံတစ်ယောက်အား ပြစ်မှားမိခဲ့လျှင်လည်း ထိုသူဟာ ငရဲ၌ ဆင်းရဲဒုက္ခ ခံစားရတတ်တယ် ။ ငရဲကနေ လွတ်ခဲ့လျှင်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုး ကို ပြုမိခဲ့ သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်တယ် ။ ဒီလို ခံစားရခြင်းကိုပင် ၀ဋ် လို့ ခေါ်ကြတယ် မြေး ။ ဒီ ၀ဋ် ခေါ် မကောင်းမှုအကျိုးကို ဘယ်သူမှ ရှောင်လွဲလို့ မရနိုင်ဘူး ။ မိမိပြုခဲ့ သော အကုသိုလ်ကံကြောင့် ငရဲသို့  ကျရောက်ရုံမျှဖြင့် မပြီးသေးပြန်ဘူး ။ အခွင့်သင့်သော ဘ၀တွင်တွေမှာလည်း ၀ဋ် ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက်ပြီးခံစားကြရသေးတယ် ။ မခံစားရအောင် ဘယ်သူမှ မရှောင်လွှဲနိုင်ကြဘူး မြေး ။ ဒါကြောင့် "၀ဋ်မှာ အမြဲ ငရဲမှာ အပ" လို့ ရှေးလူကြီးတွေက ဆိုခဲ့ကြတာပေါ့ကွယ် * ဘွားဘွားဆုံးမခဲ့တဲ့ "၀ဋ်မှာ အမြဲ ငရဲမှာ အပ"ဆိုတဲ့ စကားသံလေးဟာ မကြာခဏဆိုသလို ကျွန်တော်ရင်ထဲမှာ မြည်ဟိန်းနေတတ်ခဲ့ပါတော့သည် ။

ဘာသာရေးအဆုံးမများကို ကိုငယ်ဆိုဒ်မှ မှတ်သားလေ့လာပါသည် ။

၃ ။ မှန်ကန်သော ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပါစေ



၃ ။ မှန်ကန်သော ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပါစေ
ယဉ်ကျေးလိမ္မာဂျာနယ် ပါစာမူလေးပါ ။
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
3.jpg

မလေးရှားမနက်ခင်း က ဒီနေ့မှာတော့ သာသာယာယာ ရှိနေပါသည် ။ မသာယာသည်က ကျွန်မမြင်နေရသော မြင်ကွင်း ။ ကျွန်မရောက်နေသည်က ဘဏတစ်ခုမှာပါ ။ ဒီနေ့ ကြားရက်ဖြစ်နေတာမို့ ဘဏ်မှာ လူရှင်းနေသည် ထင်ပါရဲ့  ။ ကျွန်မဘဏ်ထဲသို့ဝင်လိုက်စဉ် လူတစ်ယောက် ဘဏ်ထဲကနေ ခပ်တွက်တွက်လေးထွက်သွားပါသည် ။ သူကိုကြည့်ရတာ ပျာယီးပျာယာပုံစံမို့ စိတ်ဝင်စားသွားမိသည် ။ ပိုက်ဆံထုတ်ချိန် password မှားနေသည်မို့ ငွေကထုတ်လို့မရပြန်ဘူး ။ အမျိုးသားရှိနေသည့် အလုပ်ထဲကို ဖုန်းခေါ်ရပြန်သည် ။ ဖုန်းပြောနေရင်း ကျွန်မမျက်လုံးတွေက ဘဏ်ရှေ့မှာ ရှိနေသည့် ဆိုင်ကယ်ပေါ်က လူသားနှစ်ဦးဆီသို့ရောက်ရှိသွားမိသည် ။ ခုနဘဏ်ထဲကနေ ပျာယီးပျာယာထွက်သွားသောသူပါပဲ ။ သူနောက်မှာထိုင်နေသည့် ကလေးကို ဘာတွေ ပြောနေသည်မသိ ။ တတွတ်တွတ် မှာနေပုံပါပဲ ။ ဘဏ်ထဲမှာ ကျွန်မတစ်ယောက်ထဲ ရှိနေတာမို့ မကြာခဏ လှမ်းလှမ်းကြည့်နေပါသေးသည် ။ သူတို့ကို ကြည့်နေရင်း စိတ်ထဲတွင် မရှင်းမလင်းကြီး ခံစားလာမိသည် ။ ကျွန်မဖုန်းချပြီးချိန်လောက်မှာပဲ စောနက ကလေး ဘဏ်ထဲသို့ဝင်လာပါသည် ။ ကျွန်မလည်း မသိချင်ယောင်ဆောင်ကာ ငွေထုတ်ဖို့ လုပ်နေရင်း မျက်လုံးထောင့်စွန်းကလေ ထိုကလေးကို ခိုးကြည့်နေမိခဲ့သည် ။
ကလေးက ဘဏ်ထဲကို တန်းတန်းမတ်မတ်ဝင်လာပြီး စက်တွေနားကို ရောက်မလာခဲ့ပါဘူး ။ အ၀င်ပေါက်နားမှာ ရှိနေသော စားပွဲပုံစံ ခုံရှိရာသို့ ဦးတည်သွားနေသည် ။ စားပွဲနားကိုရောက်ပြီဆိုရင်ဘဲ စားပွဲမှာရှိနေသော အရာကို အလျှင်မြန်ယူကာ ချက်ချင်းဆိုသလို ပြန်လည်ထွက်ခွာသွားပါတော့သည် ။ ထိုအခါမှဘဲ စားပွဲပေါ်တွေ ရှိနေသော အိုင်ပတ်တစ်လုံးကို ကျွန်မမြင်မိပါသည် ။ ကျွန်မ စိတ်မသက်သာစွာဖြင့် ခေါင်းကိုခါယမ်းလိုက်မိတယ် ထင်ပါ့ ။ ဒီလုပ်ရပ်မျိုး ကျူးလွန်ဖို့ ဖခင်တစ်ယောက်က သားသမီးဖြစ်သူကို သင်ပေးသင့်ရဲ့လားဆိုသည့် မေးခွန်းတွေလည်း ကျွန်မခေါင်းထဲသို့ တန်းစီဝင်ရောက်လာမိပါသည် ။
ဘဏ်ဆိုသည်မှာ ကင်မရာပေါင်းများစွာတပ်ဆင်ထားတတ်ပါသည် ။ ကလေးယူသွားသည်မှာ တစ်စုံတစ်ယောက် ကျန်နေရစ်ခဲ့သော အိုင်ပတ်တစ်ခုဖြစ်မည် ။ အိုင်ပတ်ဆိုတာ ပျောက်သွားရင် စင်တာကနေ ပြန်လိုက်ရှာဖို့ အလွန်လွယ်ကူသည့်ပစ္စည်းမျိုးပါ ။ ငယ်ရွယ်နုပျိုသည့် ကလေးငယ်တစ်ဦးကို ဒီလိုအချောင်စိတ်ဓာတ်တွေ ပြုစုပျိုးထောင်ပေးခြင်းဟာ ဖခင်တစ်ယောက်ရဲ့ လုပ်ရပ် ဟုတ်ရဲ့လား ။ဒီလိုမိဘမျိုးဆီမှာ လူဖြစ်ခွင့်ရသည့် ကလေးငယ်ရဲ့ အနာဂတ်ကို တွေးတောပူပန်လိုက်မိ၏ ။ ဒီအဖြစ်ပျက်လေးကို မြင်တော့ ကျွန်မနောက်ထပ်တွေ့ကြုံ့ခဲ့ဖူးသည့် ကလေးတစ်ယောက်၏ အဖြစ်ပျက်လေးကို ပြန်ပြောင်း သတိရမိပြန်သည် ။
လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်မစင်ကာပူနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည် ။ စင်ကာပူကိုရောက်တော့ ဖေဖေမိတ်ဆွေ အိမ်မှာ တည်းဖြစ်ခဲ့သည် ။ ဖေဖေမိတ်ဆွေရဲ့ အိမ်ဆိုပေမယ့် ဒီအိမ်မှာ ကလေးငယ်နှစ်ဦးတည်းသာ နေထိုင်ကြလေသည် ။ little india Singapore မှာနေထိုင်ကြသည့် ကလေးနှစ်ယောက်လုံးဟာ စာလည်းအလွန်တော်ကြသည် ။ အကြီးဆုံးလေးက ၁၃နှစ်သာရှိပါသေးသည် ။ အငယ်လေးကတော့ ၁၀နှစ်ခန့်ဘဲ ရှိသေးသည် ။ သူတို့နှစ်ဦးတည်းနေထိုင်ရာကို ကျွန်မသွားရောက်တည်းခိုခဲ့သည် ။ ကလေးတွေက ချစ်စရာလေးတွေမို့ ကျွန်မနဲ့ အချိန်တိုတွင်းမှာပဲ ခင်မင်သွားခဲ့ကြသည် ။ တစ်နေ့တော့ ကလေးနှစ်ယောက်နဲ့ ကျွန်မ MRTစီးကာ sentosa သို့ ချီတက်ခဲ့သည် ။ MRT ပေါ်ရောက်တယ်ဆိုရင်ဖြင့် သားကြီးက တစ်ယောက်ကျော်မှာထိုင်နေသည့် ကျွန်မကို လက်တို့လာပါသည် ။ ကျွန်မကလည်း ဘာလည်းသားကြီးဆိုသည့် သဘောဖြင့် မျက်စပစ်လိုက်တော့ ပိုက်ဆံအိတ်တစ်ခုကို ထောင်ပြပါသည် ။ ကျွန်မစိတ်ထဲ သားကြီး ဘာလုပ်မလည်းဆိုတာကို သိချင်သည်မို့ အသာကြည့်နေလိုက်သည် ။ ကျွန်မတို့လိုရာကိုရောက်တော့ MRT ပေါ်ကနေဆင်းတယ်ဆိုရင်ဘဲ သားကြီးက လက်မှတ်ရောင်းသော နေရာသို့ ဦးတည်သွားပါသည် ။ ဒီချိန်ထိ သူနောက်ကနေ အသာလိုက်လာခဲ့သည် ။ ဒီမှာဘဲ သူကောက်ရထားသည့် ပိုက်ဆံအိတ်ကို သက်ဆိုင်ရာလူကြီးကို အပ်လိုက်သည် ။ ကျွန်မအရမ်းအံ့သြသွားခဲ့ရသည် ။ ဘာလို့လည်းဆိုတော့ သက်ဆိုင်ရာကိုအပ်ချိန်မှာ လူကြီးက ပိုက်ဆံအိတ်ကိုဖွင့်ကာ စစ်ဆေးသည် ။ ဒီမှာဘဲ အိတ်ထဲပါသော အရာတွေကို ကျွန်မမျက်ဝါးထင်ထင်တွေ့ရှိလိုက်ရပါ၏
။အမေရိကန်ဒေါ်လာအရွက် 50ခန့် နှင့် အတူ စင်ကာပူဒေါ်လာအရွက်တော်တော်များများပါရှိနေသည် ။ သားကြီးက MRTပေါ်မှာထဲက ပိုက်ဆံအိတ်ထဲ ပါတာတွေကို သိရှိနေပြီးသားပါ ။ ပါးစပ်အိတ်ကို အပ်ပြီးချိန်မှာတော့ အနီးနားမှာ ရှိနေကြသည့် လူအများက လက်ခုပ်တွေတပြိုင်တည်းတီးလိုက်သည်မှာ ကြက်သီးထလောက်အောင်ကို ကြည်နူးဂုဏ်ယူစရာကောင်းနေခဲ့သည် ။ 
အိတ်ကိုအပ်ပြီး ထွက်လာတော့ သားကြီးကို ကျွန်မမေးမိသည် ။
*သားဒီလောက်များတဲ့ ငွေတွေကို သားက မလိုချင်ဘူးလား *

*မလိုချင်ပါဘူး အန်တီခိုင်ရာ ။ ဖေဖေက အမြဲပြောတယ် ။ သူတပါးပစ္စည်းကို ဘယ်တော့မှ အချောင်မယူချင်နဲ့တဲ့ ။
အချောင်ရတာကို မက်မောရင် အချောင်သမားစိတ်တဖြေးဖြေးနဲ့ ၀င်လာတတ်တယ်တဲ့ ။နောက်ပြီး နိုင်ငံခြားမှာက နေရာတိုင်း ကင်မရာတွေ ရှိတယ်အန်တီခိုင် ။ ပိုက်ဆံအိတ်ပျောက်သွားတဲ့သူက ဒီလောက်ငွေအများကြီးဆို ပြန်လာရှာမှာပဲလေ။ရှာပြီဆို ကင်မရာတွေကို ပြန်ကြည့်တယ် ။ သားတာ ယူထားမိရင် သားပုံကိုတွေ့ပြီး သားကိုအထင်သေးမှာပေါ့ ။ ဖေဖေပြောသလို သားအချောင်သမားဖြစ်သွားမှာပေါ့ ။ အချောင်သမားဆိုတာကြီး မဖြစ်ချင်ဘူး ။ ဒါကြောင့်ပြန်ပေးလိုက်တာ *

ကျွန်မသဘောကျ ကျေနပ်စွာ သားကြီးခေါင်းကိုဖွဖွလေး အုပ်ခါ လှုပ်ယမ်းလိုက်မိသည် ။သားကြီး ပြုံးနေသည် ။ ထိုအပြုံးသည် အောင်နိုင်သူအပြုံး ၊ ကြည်နူးခြင်းအပြုံး ။ တကယ်တော့ လက်ဦးဆရာ မိ နဲ့ ဖ ဆိုသည့်စကားဟာ သိပ်ကို မှန်ကန်လွန်းလှပါသည် ။ ဒီနေရာမှာ ကလေးနှစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင်ဖြင့် ပထမ အိုင်ပတ်ကို ကောက်ရလို့ ယူသွားသည့် ကလေး နှင့် ပိုက်ဆံအိတ် ကောက်ရပေမယ့် ပြန်ပေးသည့်ကလေးတို့၏ ကပတိဖြူစင်ခြင်းသည် တူတူရှိနေမှာပါ ။ အရောင်ဆိုးသူနှင့်တူသော မိဘ ပတ်ဝန်းကျင်တို့ကြောင့် ကလေးတွေရဲ့ အရည်သွေး တွေးခေါ်ဆင်ခြင်နိုင်မှု့တွေ ကွာခြားသွားကြရခြင်းဖြစ်သည် ။ ကလေးတွေ လူမှန်းသိတတ်စအရွယ်ကတည်းက အစပြုလို့ ကောင်းမွန်သော လုပ်ရပ်တွေ ၊ အပြောဆို ၊ အပြုမူတို့ကိုသာ မိဘတွေနှင့် ပတ်ဝန်းကျင်က သင်ကြားပေးသင့်သည် ။ ငါ့သားလေး ၊ ငါ့သမီးလေး ဆဲနေတာ မပီကလာ ပီကလာနဲ့ ချစ်စရာလေးဆိုတဲ့ အယူဆမှား ၊ အတွေးခေါ်မှားတွေ ရှိနေရင် အဝေးကိုမောင်းထုတ်ပစ်လိုက်ကြပါ ။ကလေးအရွယ်ဆိုတာ အိုးလုပ်တဲ့ ရွံ့လေးတွေလိုပါပဲ ။ မိမိလိုရာ ပုံဖော်ဖန်တီးနိုင်သည့် အရွယ်လေးတွေပါ။ ဒီအရွယ်မှာ သိတဲ့အသိဟာ အရိုးစွဲအောင် မှတ်မိနေတတ်ကြပါသည် ။ ငယ်စဉ်ကတည်းက အသိများ ပညာများ ဗဟုသုတများအောင် ဆောင်ကျဉ်းပေးဖို့က မိဘတာဝန်ပါ ။မိမိရင်သွေးငယ်တွေကို ဖန်တီးသူတွေအဖြစ် တည်ရှိပါစေ ။ အဖန်တီးခံလူစားဖြစ်အောင် ပုံသွင်းမှားသူမိဘတွေ မဖြစ်မိစေဖို့ မိဘတိုင်းသတိရှိစေချင်သည် ။မကောင်းတာကို နည်းနိုင်သမျှနည်းပြီး ကောင်းတာတွေကိုများသထက်များများ လုပ်ဆောင်နိုင်အောင် ငယ်ရွယ်စဉ်ကတည်းက သင်ကြား ဆုံးမရမည် ။ လူရယ်လို့ဖြစ်လာပြီဆို အနိမ့်ဆုံးတာဝန်ဖြစ်သည့် ကိုယ့်ဝန်ကိုယ်ထမ်းတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးပါ။ ဒါမှး ကလေးငယ်တွေရဲ့ ကိုယ်တွင်းသို့ အချောင်သမားစိတ်ဓာတ်တွေ ရောက်မလာနိုင်မှာပါ ။အဓိကအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုစိတ်တွေ အပြည့်ဖြစ်အောင် ၊ အမှား နဲ့ အမှန်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်အောင်  ပြုစုပျိုးထောင်ပေးဖို့ပါပဲ ။ လောကတခွင်ရှိကြကုန်သော မိဘတိုင်း မိမိတို့၏ သားသမီးများအား အလုံးစုံသောအောင်မြင်မှ့ု ၊ သိတတ်လိမ္မာမှု့ ရရှိအောင် ပြုစုပျိုးထောင်နိုင်ကြသူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း…………………။

ခိုင်လေး ( ရွှေတောင် )