ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း
ဆောင်းပါလေးပါရှင် ။ ဒီဆောင်းပါးလေးရဲ့ အဓိက ရည်ရွယ်ချက်သည် ပိုက်ဆံပြည့်စုံ
သောမိန်းကလေးဖြစ်စေ၊ ပိုက်ဆံ မပြည့်စုံသော မိန်းကလေးဖြစ်ပါစေ အွန်လိုင်းပေါ်
တွင် အိမ်ထောင်ရှိသူများနှင့် ဖောက်ပြန်ခြင်း မှကင်းဝေးစေချင်သော စိတ်စေတနာ
ဖြင့်ရေးသားထားခြင်းပါ ။ ဖောက်ပြန်ခြင်းတွေ ကင်းဝေးကြပါစေ ။
ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း
ဂျီတော့ အကောင့်ထဲမှ တက်လာသည့် စကားလုံးတွေကို ဖတ်နေရင်း ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စာရိုက်ချင်စိတ်မရှိအောင်ဖြစ်သွားခဲ့ပါသည် ။ ကျွန်မအကောင့်ထဲက အသက်18နှစ် အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အပြောဆို အယူဆတွေ ဘာလို့ ဒီလောက်ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိသည် ။
ဖြစ်ပုံလေးကတော့ ဒီလိုပါ ။အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို ကျွန်မစောင့်နေချိန်ပါ ။ အိမ်ဖုန်းလေးဆီမှ ဖုန်းသံလေးမြည်လာခဲ့ပါသည် ။ဖုန်းလေးကို ကိုင်လိုက်ချိန်မှာတော့ သူငယ်ချင်း ဇာဇာ ဆီမှဖြစ်နေသည် ။ ကျွန်မဆီ တပတ်တခါလောက်ဆက်နေကြ ချစ်သူငယ်လေးပါ ။ ခါတိုင်းလိုအထင်နှင့် ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဖြင့် ဇာဇာ ဆီက ငိုချလိုက်သံကို မမျှော်လင့်ဘဲ ကြားလိုက်ရသည် ။ ကျွန်မ စိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားခဲ့သည် ။ အကျိုးကြောင်းကို သေချာ ချော့မေးကြည့်တော့မှ အကြောင်းစုံကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတော့သည် ။
သူအမျိုးသားက ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေသတဲ့ ။ဇာဇာက နယ်မြို့လေးတစ်မြို့မှာ အင်တာနက်ဆိုင် လေးဖွင့်ထားသူပါ။ သူအမျိုးသားက နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အလုပ်လုပ်နေသူတစ်ယောက်ပါ။ နိုင်ငံခြားမှာ အလုပ်ချိန်ပြီးတယ်ဆိုတာနဲ့ အွန်လိုင်းပေါ်ကို တက်နေကြသူတွေ အများသား ။ ဒီမှာဘဲ ချက်တင်ထဲက ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပါသည် ။ ကောင်မလေးက မြန်မာပြည်မှာနေထိုင်ပြီး အသက် ဆယ်ရှစ်နှစ်ခန့်သာ ရှိပါသေးသည် ။ဒီလိုနဲ့ သဲ ဆိုသည့် ကလေးမလေးနှင့် ချစ်ဇာတ်လမ်းတွေ ခင်းခဲ့ကြသည်ပေါ့ ။ ကောင်မလေးက လူပျိုလို့ထင်နေတာလား ၊ အိမ်ထောင်ရှိမှန်းသိနေရက်နဲ့ ပတ်သတ်နေတာလားဆတာကိုတော့ အဲဒီကလေးမသာ သေချာ သိနိုင်မှာပါ။ ဇာဇာမှာတော့ ယောကျာ်းကိုလည်း အတင်းကျပ်မပြောရဲရှာဘူး ။ ကောင်မလေးကို ပြောဖို့လည်း အင်အားတွေ မဲ့နေသည်မို့ နေရာတကာ ပြောတတ်ဆိုတတ်သူ ကျွန်မဆီ သို့ အားကိုးတကြီး အကူညီလှမ်းတောင်း ရင်ဖွင့်ပြောပြခဲ့ပါသည် ။ ဇာဇာပြောတာတွေ နားထောင်ပြီး သူငယ်ချင်းကို သေချာချော့မော့ နှစ်သိမ့်ပြီး ရုံးကိုထွက်ခဲ့ရသည် ။ ရုံးကို ရောက်နေပေမယ့် စိတ်တွေက အဲဒီအကြောင်းအရာပေါ်မှာဘဲ တစ်ဝဲ၀ဲလည်နေမိပါ၏ ။
ညနေရုံးကပြန်လာတာနဲ့ ဇာဇာ ဆီကို ဖုန်းခေါ်လိုက်မိပါသည်။ ကျွန်မတွေးမိတာလေးကို သူကို ပြောပြလိုက်တော့ သူကလည်း လက်ခံခဲ့ပါသည် ။ ဒီနေရာမှာ တစ်ခု ကံကောင်းခဲ့သည်က ဇာဇာက ကွန်ပြူတာနဲ့ ပတ်သတ်လာရင် သူအမျိုးသားထက် အစစပို ကျွမ်းကျင်သူဖြစ်နေတာရယ် ၊ အကောင့်ကိုလည်း သူအမျိုးသား သုံးဖို့အတွက် သူကိုယ်တိုင် ဖွင့်ပေးထားတာမို့ ခုလိုအခြေနေမှာ ကံကောင်းစေခဲ့သည် ။ သူ့အမျိုးသား၏ အကောင့်ကိုလည်း အချိန်မှီ အကောင့်ကို ပြန်ယူနိုင်ခဲ့၏ ။ ဇာဇာဆီက သူအမျိုးသား အကောင့် နဲ့ လျှို့ဝှက်နံပတ် ကျွန်မကို ပေးပါသည် ။
ဇာဇာနဲ့ ဖုန်းပြောပြီးတာနဲ့ ကွန်ပြူတာရှေ့ကို လူက ရောက်နေမိပါပြီ။ အရင်ဆုံး ဇာဇာ အမျိုးသားအကောင့်ကို ဖွင့်လိုက်သည် ။သူချာတိတ်မလေးနဲ့ ပြောထားတဲ့ chat mail တွေကို အရင်ဆုံးဖတ်ကြည့်လိုက်မိပါသည် ။ ကောင်မလေးက မနှစ်က ဆယ်တန်းကျလို့ ဒီနှစ်ထပ်ဖြေထားပြီး အောင်စာရင်းကို စောင့်နေသူဖြစ်တာရယ် ၊ မလေးကို သွားအလုပ်လုပ်ဖို့ အိမ်က ပိုက်ဆံ ထုတ်မပေးတာတွေ၊သိပ်သွားချင်ရင် ကိုယ်ပိုက်ဆံ နဲ့ ကိုယ်သွားလို့ သူ့မိဘတွေက ပြောတာတွေ စုံအောင်ပြောပြထားသည်တို့ကို ဖတ်လိုက်ရပါသည် ။ လိုရင်းကတော့ မလေးလာဖို့ငွေထုတ်ပေးမယ့် စပွန်ဆာရှာနေသည်နှင့် အလားသဏ္ဍန်တူနေပါသည် ။
ကောင်မလေးရဲ့လိုအပ်ချက်တွေကို အသုံးချကာ မိသားစုနဲ့ဝေးနေသူမို့ အထီးကျန်ဆန်နေသည်ဟု အကြောင်းပြချက်တစ်ခုကို လက်ကိုင်ထားပြီးသကာလ ဖောက်ပြန်ခြင်းမည်သော လမ်းကို စလျှောက်သူက ဇာဇာအမျိုးသား။ သဲ ခြင်းမိုးမွှန်အောင် ခေါ်ပြီး ပလီပလာတွေ ပြောထားကြတာတွေကို ဖတ်နေရသည့် ကျွန်မ အတော်လေးကို စိတ်ပျက်မိသွား၏ ။ ကျွန်မသည်ပင်ဒီလောက် ဖြစ်မိလျှင် ဇနီးမယားတစ်ယောက် ဖြစ်သည့် ဇာဇာ ရင်ထဲက အပူမီးတောက်သည်ဆိုဖွယ်ရာ မရှိပေ ။ ချက်မေးတွေ ဖတ်နေရင်းမှာဘဲ သဲဆိုတဲ့ ချာတိတ်မ အကောင့် မီးစိမ်းလာပါသည်။
ကျွန်မလည်း ခပ်တည်တည်နဲ့*သဲ *လို့ ခေါ်လိုက်သည် ။ *ကို* ဆိုတဲ့ ထူးသံက တန်းရောက်လာခဲ့ပါ၏ ။ ပထမတော့ ဇာဇာအမျိုးသားပုံစံမျိုးနဲ့ စကေားပြောကြည့်မလို့ပါ ။ ပြောချင်စိတ်တွေကို ခံပြင်းစိတ်တွေက ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်တည်း ဇာဇာ ပုံစံ ပြောင်းပြောလိုက်မိပါတော့သည် ။ ဒီမှာဘဲ လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲထင်ရလောက်အောင် အတွေးခေါ် တော်တော် ဆင်းရဲလှတဲ့ မိန်းကလေး ငယ်တစ်ယောက်ရဲ့ စကားတွေကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါတော့သည်။
*ကို မဟုတ်ဘူး....ညီမ ကိုလို့ခေါ်နေတာ မမ အမျိုးသားပါ.....အမျိုးသားဆိုတာ ချစ်သူမဟုတ်ဘူးနော်....မမယောကျာ်င်္း*
ပါလို့ ကျွန်မဘက်က စာရိုက်လိုက်ပါသည်။ သူဘက်က ချက်ချင်းစာတက်လာပါတယ် ။ ကျွန်မ မျှော်လင့်ထားသည်က ဒီကလေးမက ဇာဇာအမျိုးသားကို လူလွတ်တစ်ယောက်လို့ထင်လို့သာ ပတ်သတ်ခြင်းလို့ ထင်မိခဲ့သည် ။ ကျွန်မက အခြေနေမှန်ကို ပြောလိုက်ရင်ဖြင့် သူမ အံ့သြတုန်လှုပ်သွားမည် ။ ၀မ်းနည်းရှက် ရွံ့သွားမယ်လို့ ထင်ထားခဲမိသည် ။ တစ်ကယ့်လက်တွေ့ ဂျီတော့ကွက်ထဲက တက်လာတဲ့ စကားလုံးက ကျွန်မထင်ထားသည်နှင့် တစ်ခြားဆီဖြစ်နေခဲ့သည် ။ ဘုရားတောင် တမိအောင်ကို တော်တော်ကိုဆိုးစေပါသည် ။ မတော်တရော် မကောင်းဆိုးဝါးတွေကပ်နေလားလို့တောင် စိုးရိမ်လိုက်မိပါ၏် ။ သူပြန်ရိုက်လိုက်တဲ့ စကားလုံးတွေကတော့
*ဟားဟ........အမမို့ အွန်လိုင်းပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်.......သဲတို့ လိုင်းပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်..........လာကျူလဲ ပြန်ကျူလိုက်တယ်.........ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာ မရှိဘူး။စိတ်လည်း မ၀င်စားဘူး.........တစ်ခါမှလည်း ကို့ ကိုမမေးမိဘူး...လူပျိုလားလို့ပေါ့.........ဟားဟ .....ပြောရရင် အမအမျိုးသားနာမည်ကိုတောင်သဲ သေချာမမှတ်မိဘူး........အမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ*
ကျွန်မ ဘာဆက်ပြောရမှန်းမသိတော့အောင်ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည် ။ နောက်ဆုံးပြနရိုက်လိုက်မိတာလေးကတော့
* ဟုတ်ပါတယ်ကွယ် .....မမ က သူ့ကို နိုင်အောင်ထိန်းဖို့ဆိုတာ သူ့က ကလေးမဟုတ်ဘူးလေ....ခုညီမကို ပြောပြတယ်ဆိုတာလည်း အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိပေးတာပါကွယ်.....ရှိလည်း ကိစ္စမရှိဘူးဆိုရင်တော့ ညီမအပိုင်းပေါ့ *
လို့ရေးပြီးတာနဲ့ အကောင့်ကိုပိတ်ပြီး ဇာဇာဆီသို့ ဖုန်းခေါ်လိုက်ပါတော့သည် ။ အကောင်းဆုံး အကြံတစ်ခုကို ပြောပြလိုက်မိ၏ ။ ဇာဇာ မလေးကို လိုက်သွားချင်သွား ၊ မသွားချင်ရင် နင်အမျိုးသားကို မြန်မာပြည်သာ ပြန်ခေါ်ထားလိုက်တော့လို့ ပြောလိုက်ပါတော့သည် ။ ညဘက်ရောက်သည်အထိ အိပ်မပျော်နိုင်အောင် ကလေးမလေးပြောသွားသည့် အကောင့်ထဲက စကားလုံးတွေကို မျက်လုံးထဲ မြင်ယောင်နေမိပါသည် ။ အင်တာနက် ဆိုတာ ပေါ်ပေါက်လာခြင်းက လူသားထုတွေအတွက် ကောင်ကျိုး ၊ ဆိုးကျိုး တစ်ဝက်ဆီ ပေးနေသလိုပါပဲ။ ယနေ့မျက်မှောက်ခေတ် လူငယ်တွေ လမ်းမှားအယူမှားတွေနဲ့ အင်တာနက်ဆိုတာကို ယောကျာင်္းရှာ ၊ မိန်းမရှာ စရာနေရာတစ်ခုလို စပွန်ဆာရှာစရာ နေရာတစ်ခုလို ဘာလို့ သဘောထားနေကြရပါသလဲ။ အွန်လိုင်းပေါ်မှာ တွေ့ဆုံကာ တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ခင် ၊ စုံဖက် လက်ထပ်သွားကြသူတွေ လည်းအများပြားရှိသလို လိမ်လည်လှည့်ဖြားနေသူတွေလည်း ထုနဲ့ဒေးပါပဲ ။ ကောင်းကျိုး ၊ ဆိုးကျိုး ငါးဆယ် ငါးဆယ် ဖြစ်နေခြင်းမျိုးပေါ့ ။ သဲဆိုတဲ့ခေတ်ပညာတတ် ဆယ်တန်း တန်းကျောင်းသူတစ်ယောက် ရဲ့ အတွေးခေါ် ဆင်ခြင်နိုင်မှုတွေက ဘာလို့ ဒီလောက်ထိ အောက်တန်းကျနေခဲ့ရတာလဲ ။ ဘယ်ခေတ် ဘယ်စနစ်တွေ ဘယ်လိုပြောင်းနေနေ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ *ကိုယ်ကို တန်ဖိုးထားရမယ်ဆိုတဲ့ စံချိန်စံညွှန်း *ကိုတော့ ဘယ်သောအခါမှ ပြောင်းလဲ မေ့ပစ်လို့ မရနိုင်ပါဘူး။ အ၀တ်စားတွေ ခေတ်မှီလာသည်။ ပညာရေးတွေတိုးတက် ပြောင်းလဲလာသည် ။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် အိနြေ္ဒတွေ သိက္ခာတွေကိုတော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ လိုက်ပါပြောင်းလဲဖို့ လုံးဝမလိုအပ်ပါဘူး။ မိမ္မမိုက်စစ်တန်း (၁၇)ချက်မှာတောင် နံပတ် *(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။*အမှုတွေကို ပြုလုပ် နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်ဟု ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ် တွင် ပါရှိပါသည် ။
ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာစေချင်မိပါတယ် ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များများဟာ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို လူတိုင်း သုံးနေကြချိန်မှာ နည်းပညာတွေ တိုးတတ်စေလို ၊ သတင်းအချက်လက်တွေ ချက်ချင်းသိရပါသည် ။ အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ အထီကျန်မှုတွေကို ပြေပျောက်စေသည် ။ ဒီထိတော့ ကောင်းမွန်တဲ့ အနေထားမှာ ရှိနေပါသေးသည် ။ ဒီထက် မထိန်းချုပ်နိုင်တဲ့ အခါမှာ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်သည်တွေ ဖောက်ပြန်ခြင်းခေါင်းစဉ်အောက်ကိုခိုဝင်မိကြ၏ ။ ချက်တင်ထဲက စကားလုံးတွေထဲမှာ သာယာလာတတ်ကြသည် ။ စကားလုံးတွေကို မျှော်တတ်လာ၏် ။ ဒီမှာ ဆိုးကျိုးတွေဘက်ကို အစပြု လာတော့တာပါဘဲ။ နောက် ပေါ့ပျက်ပျက် အတွေးတွေ ဦးနှောက်ထဲကို တဖြေးဖြေးတိုးဝင်လာခဲ့ပါတော့သည် ။ ငါတို့ အဝေးရောက်နေတာ ချက်တင်ထဲမှာ စကားတွေ ပြောရုံနဲ့ ဖောက်ပြန်တယ်လို့ မမည်ပါဘူးဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေကို တွေးမိကြပါတော့၏။ အိမ်က မိန်းမတွေ ၊ အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်သည့် အတွေးတွေ စတင်ဝင်ရောက်လာကြပါသည် ။ ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြပြန်သည် ။ မိန်းကလေးတွေကို အဓိက စေတနာ သတိလေး ပေးချင်မိ၏ ။ ဘယ်သူနစ်နာသွားပါသလဲ သေချာတွေးကြည့်ပါ။ အချိန်တန် ငွေပို့တာ မိမိတို့ မိသားစုတွေဆီကိုပါဘဲ ။ တစ်ကယ်တမ်းကြ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပေသည် ။ ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။ ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ကြပါစေ။ အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသောရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသောဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။တိုင်းပြည်သာယာပါ၏။ ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်....
ခိုင်လေး ( ရွှေတောင် )
မတ် 14, 2012ကရေးသားထားသောဆောင်းပါးအဟောင်းလေးပါ။
ပထမဆုံး ဂျာနယ်မှာဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ ။
Women's World Journal ပါ ဆောင်းပါးလေးပါ။
ခိုင်လေး(ရွှေတောင်)