Monday, November 17, 2014

သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ



သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ
ခိုင်လေး ( ရွှေတောင် )

နေ့လည်ခင်းလေး တစ်ခုရဲ့ အမှတ်မထင် တွေ့ဆုံမှုလေးဟာ ခုချိန်ထိ ကျွန်မအသိထဲ စွဲမြဲစွာ ရှိနေခဲ့ရ၏ ။ ဘာကြောင့် စွဲမြဲနေခဲ့သလည်းဆိုရင် လေးစားမှု တစ်ခုကြောင့်ပေါ့ ။ ဘ၀ခရီးတစ်ဆစ်ချိုးမှာ
အကြောင်းကြောင်း တွေကြောင့် မိမိတို့ ကိုယ်လက်အင်္ဂါတစ်ခုခုကို စွန့်လွှတ်လိုက်ရတဲ့
သူတွေမှာ စိတ်ဓာတ်နှစ်မျိုး ရှိနေတတ်ကြတယ် ။ ပထမတစ်မျိုးက မိမိတို့လဲကျမှုကို အားငယ်စွာ လာထူပေးမယ့် သူတွေကို စောင့်မျှော်ကာ ၀မ်းပန်းတနည်း ငိုနေကြတဲ့ လူမျိုး ။ ဒုတိယတစ်မျိုးကကြတော့ မိမိတို့ လဲကျမှုကို ကုန်းရုန်းထပြီး လိုရာပန်းတိုင်ရောက်အောင်အားတင်းလျှောက်လှမ်းတတ်ကြတဲ့ လူမျိုးရယ်ဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ် ။ ကျွန်မ မြင်တွေ့ခဲ့ရတဲ့ လူသားကတော့ ဒုတိယ လူအမျိုးစားထဲမှာ ပါဝင်တဲ့သူတစ်ဦးပေါ့ ။ ထိုသူနဲ့ တွေ့ဆုံခဲ့ရတဲ့ အဖြစ်ပျက်လေးမှာ ယခုအချိန်ထိ ကျွန်မရင်ထဲတွင် အမှတ်တရရှိနေခဲ့ရတယ် ။ အားအင်မဲ့သွားမိချိန်တိုင်း ထိုဆုံတွေ့မှု့လေးအား ပြန်လည်မြင်ယောင် ကာ အားပြန်မွေးမိ၏  

တစ်သက်လုံး ၀ှီးချဲတစ်ခုပေါ်မှာ ဘ၀ကို ကုန်ဆုံးစေရမယ့် လူတစ်ယောက် ဖြစ်လင့်ကစား ဘ၀ပြေးလမ်းပေါ်မှာ ရတဲ့ နည်းနဲ့ လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ကျွန်မ မထင်မှတ်ဘဲ တွေ့ဆုံခွင့်ရခဲ့တယ် ။အဲဒီနေ့ကရုံးထဲမှာ အလုပ်လုပ်နေရင်း ဗိုက်ဆာလာတာမို့ တစ်ခုခုဝယ်စားရန် ရုံးရှေ့သို့
ထွက်လာခဲ့မိတယ် ။ အဆင်သင့်တယ်ပြောရမှာပဲ ။ ရုံးရှေ့မှာ ရွှေရင်အေးတွန်းလှည်းကို
တွေ့လိုက်ရ၏ ။ ရွှေရင်အေးသောက်ရန် လှည်းနားသို့ ချဉ်းကပ်လိုက်ချိန် ကျွန်မရင်ကိုထိစေ
တဲ့ မြင်ကွင်းလေးတစ်ခုကို မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ရွှေရင်အေး ရောင်းသူမှာ ဦးလေးကြီးနဲ့
အန်တီကြီး နှစ်ယောက်ပါ ။ ထူးဆန်းနေတာက ဦးလေးကြီးက ၀ှီးချဲလေးပေါ်မှာ ထိုင်ကာ
မုန့်တွေကို ပြင်ပေးနေပါ၏ ။ အန်တီကြီးကတော့ ဘေးကနေ လိုတာလေးတွေလုပ်
ပေးနေတယ် ။တကယ့်ကို မောင်တထမ်းမယ်တစ်ရွက်ပါပဲ ။ တစ်ယောက်နဲ့ တစ်ယောက်
စာနာတဲ့ အကြည့်တွေနဲ့ ကြင်နာမှု အပြုံးတွေကို တန်ဆာဆင်ထားပါသေးတယ် ။ ယော
ကျာင်္းဖြစ်သူကလည်း ငါဒုက္ခိတ ဆိုပြီး ရေသာခို မနေပါ ။ တကယ့်ကို အားမာန်အပြည့်နဲ့ဘ၀ကို အရှုံးမပေးသူတစ်ဦးပါပဲ ။
သူတို့ဇနီးမောင်နှံ အသက်ကို ခန့်မှန်းကြည့်ရမယ်ဆို ငါးဆယ်ကျော်လောက်တော့ ရှိပါလိမ့်မယ် ။ ချစ်ဖို့လွယ်သလောက် တည်မြဲဖို့ မလွယ်သူတဲ့ အနေထားကိုသူတို့ဇနီးမောင်နှံက အံ့တုကာ ချစ်စေမြဲစေ ဆိုတာကို လက်တွေ့ သက်သေတည် နေသလိုပါပဲ ။ ရဲရင့်တဲ့စိတ် အားမာန်အပြည့်နဲ့ ဘ၀ကို ချီတက်နေသူပါ။ ကိုယ်က ခြေတစ်ဖက်မသန်သူဆိုပြီး အားငယ် အလိုမကျမှု ဆိုတာမျိုးတွေ အဲဒီဦးလေးဆီမှာ ရေးရေးမျှ မတွေ့ရပါ။ လေးစားမှုတွေနဲ့ ငေးနေမိတဲ့ ကျွန်မကို အန်တီကြီးက

* သမီးလေး ဘာယူမလဲ *
ဆိုတဲ့ မေးသံကိုကြားလိုက်မှ သတိပြန်ဝင်လာမိပါတယ် ။ စားချင်တဲ့ ရွှေရင်အေးကို မှာလိုက်ပါ၏ ။ လက်ထဲကို မုန့်ပွဲလေးရောက်လာပြီး စာပြီးတဲ့အထိ လှည်းလေးနားက မခွာချင်သေးပေ ။ သူတို့ဇနီးမောင်နှံအကြောင်းကိုသိချင်နေမိ၏ ။ ကျွန်မရင်ထဲကို မြင်သွားဟန်တူတဲ့ အန်တီကြီးက အလိုက်သိစွာ စကားဆိုလာပါတယ် ။


* သမီးလေး ကြည့်ရတာ သမီးဦးလေးကို စိတ်ဝင်စားနေပုံရတယ် *

* ဟုတ် ပါတယ် အန်တီ ။ ဦးလေးက ၀ှီးချဲပေါ်ရောက်နေတာတောင် သူစိတ်တွေက ကြံ့ခိုင်
လိုက်တာနော် *

* ဟုတ်တယ် သမီး ။ ဦးက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကားအက်ဆီးဒင့် တစ်ခုကြောင့် သူ့ခြေထောက် တစ်ဖက်ကို ဖြတ်ပစ်လိုက်ရတယ် ။ ဟိုးအရင်ထဲက သူက ဒီအလုပ်ကို လုပ်ပြီး အန်တီကို အိမ်မှာဘဲ နေခိုင်းခဲ့တာ။ အန်တီတို့မှာ သားသမီးလည်း မရှိဘူး ။ သူဒီလိုဖြစ်သွားတော့ အန်တီအတွက် ရွှေတောင်ကြီး ပြိုသွားသလို ခံစားခဲ့ရတယ် ။ ဒါပေမယ့် အန်တီထင်သလို မဟုတ်ဘဲ သူက အန်တီအတွက် ထာဝရ ရွှေတောင်ကြီးအဖြစ် ရပ်တည်ပြခဲ့တယ်လေ ။သူကပြောတယ် ။ ကောင်းကင်က အပ်တစ်ချောင်းနဲ့ လူ့ပြည်က အပ်တစ်ချောင်း လာရောက်ထိသည်ရှိစေဦး လူ့ဘ၀ကိုရဖို့ကျ ထိုထက်ပင်ခက်ခဲစေတယ်တဲ့ ။ ရခဲတဲ့ လူ့ဘ၀မှာ လူဖြစ်တုန်းမှာ ဒီလောက်အခက်ခဲလေးကို ထိုင်ပြီး စိတ်ညစ်နေဖို့ မလိုဘူးတဲ့လေ။ တက်ကျိုးရင် လက်နဲ့လှော်။ ဒီနေရာရောက် ဒီ က ကွက်နဲ့က ဟိုနေရာရောက်တော့ ဟို က ကွက်နဲ့ က ပေါ့လို့ ပြောပြတယ် ။ သမီး ဦးက သိပ်ကို စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်လေ*

သူ့မန်းမပြောပြနေသည်ကို ငေးကြည့်နေသည့် ထိုဦးလေးအကြည့်တွေထဲမှာတင် အားမာန့်အပြည့်ပါနေ၏ ။ အခြေအနေက ပေးတဲ့ အသိကို အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ခဲ့သူတစ်ဦးပါပဲ ။ ကိုယ်ဘ၀ ချော်လဲမှုကို ရပ်နိုင်အောင် အားမွေးနိုင်သူ တစ်ဦးပါ ။ မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက် ကို မိမိရရ ဦးလေးကြီးက အသုံးချတတ်ခဲ့သူတစ်ဦးပေါ့ ။ Courage = သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ ဦးကို လေးစား အတုယူမိပါတယ် ။ အန်တီက လှည်းလေးကို တွန်းပြီး ဦးလေးကနောက်ကနေ ၀ှီးချဲလေး နဲ့ ကိုယ်အားကိုယ်ကိုး ကာလိုက်ပါသွားတဲ့ ဇနီးမောင်နှံရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ် ခိုင်မာမှုတွေကို အကြိမ်ဖန်များစွာ ဦးညွှတ်မိလျက် ရှိပါတော့၏ ။
https://blogger.googleusercontent.com/img/proxy/AVvXsEjgbaAgbTVX0dGxcow-lUNxAtaKBKCJwkVJxqmYJuQApB7YSvnrDAVcKZXnULEIlRcPSZR9G7Cqx-NSZhPzQ30U_MPgibgGC857deSt2CtGtELF4bFiljfp8X3eAwBfm-4c3QTmkG5oLlQMiJUpmM_XzOdV9A=s0-d-e1-ft

၇၇ ။ သားသမီးချင်း ကိုယ်ချင်းစာတတ်ကြပါစေ



သားသမီးချင်း ကိုယ်ချင်းစာတတ်ကြပါစေ
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )



အလုပ်ကနေ ပြန်လာပြီး facebook ဖွင့်လိုက်ချိန်မှာ ကော်မန့်လေးတစ်ခုကို ဖတ်လိုက်ရတယ် ။ သူများတင်ထားတဲ့ status တစ်ခုအောက်မှာ ရေးထားတဲ့ ကော်မန့်လေးတစ်ခုပါ ။ ဒီကော်မန့်လေးကို  ဖတ်မိရာကနေ အတွေးလေးတွေ ခေါင်းထဲကို ၀င်ရောက်လာခဲ့တယ် ။ ရေးထားတဲ့ ကော်မန့်လေးကတော့ * မိဘဆိုတာ ဘာကြီးဖြစ်နေဖြစ်နေ အမေဟာ အမေ အဖေဟာ အဖေပါပဲ *
တဲ့ ။ ဟုတ်ပါတယ် ။ သားသမီးတွေကို ဆုံးမတဲ့နေရာမှာ သုံးရင်တော့ ဒီစကားဟာ မှန်ကန်သင့်လျော်ပါတယ် ။ ဖြစ်လည်း ဖြစ်သင့်ပါတယ် ။ ဒါပေမယ့် မိဘတွေအနေနဲ့ကတော့ ဒီစကားကိုခုတုံးလုပ်အသုံးချသလို မဖြစ်ဖို့ အလွန် အရေးကြီးပါတယ် ။ ကျွန်မ စာကို နားရှုပ်သွားပြီထင်ပါတယ် ။ ဒီလိုပါ ။ ကျွန်မခုပြောပြချင်တဲ့ အကြောင်းအရာတွေအားလုံးက မိဘတွေကိုစော်ကားဖို့ အပြစ်တင်ဖို့ မဟုတ်ပါဘူး ။ သားသမီးတွေအတွက် မိဘတွေ ဆင်ခြင်နေထိုင်သင့်တာလေးတွေကို ပြောပြချင်တာပါ ။
မိဘတွေအနေနဲ့ ငါမိဘပဲ ။ငါဘာတွေလုပ်နေလုပ်နေ ငါ့သားသမီးတွေက ငါကိုရိုသေမှာပါ ။  ချစ်နေမှာပဲဆိုတဲ့ စိတ်နဲ့ ထင်ရာစိုင်းနေမိရင်တော့ မိဘဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ရှိမနေသင့်ဘူးလို့ ထင်မိပါတယ် ။ သားသမီးတွေကို ၀မ်းဝအောင်ကျွေး ၊ ခါးလှအောင်ဆင်နေယုံနဲ့ မိဘလို့ မမည်နိုင်ပါဘူး ။
သားသမီးတွေရဲ့ အနာဂတ် လှပဖို့ ၊ သူတို့လေးတွေ သိက္ခာရှိရှိ ရပ်တည်နိုင်
ဖို့ ကျွန်မတို့မိဘတွေရဲ့ အရိပ်တွေဟာ အေးမြဖို့ လိုအပ်သလို ၊ စင်ကြယ်ဖို့လည်း လိုအပ်ပါတယ် ။ ဘာလို့ ဒီလိုတွေ ပြောနေရတာလဲဆိုရင် ခုလက်ရှိ ကျွန်မနေထိုင်ရာ မလေးရှားနိုင်ငံမှာဆိုရင် အိမ်ထောင်ရှိခြင်း ၊  မရှိခြင်း ၊ အသက်ကြီးခြင်း မကြီးခြင်း ဆိုတာတွေကို ထည့်တွက်မစဉ်းစားတော့ပဲ မိန်းမဖြစ်ရင်ပြီးရော ၊ ယောက်ျားဖြစ်ရင် ပြီးရောဆိုတဲ့ သူတွေအများကြီးအပြား တွေ့မြင်လာရပါတယ် ။ မလေးရှားရောက်နေသူ အားလုံးကို မဆိုးလိုပါဘူး ။ ကျွန်မပြောခဲ့သလို  ဖြစ်နေတဲ့သူတွေကိုတာ ရည်ရွယ်ဆိုလိုပါတယ် ။
မြန်မာပြည်မှာ မိသားစုကျန်နေခဲ့ကြတယ် ။ ဒီရောက်တော့ အပျိုကြီး လူပျိုကြီး ပုံစံနဲ့ ကျန်နေခဲ့တဲ့ မိသားစုတွေကို ခတ္တခဏမေ့ထားကြပါတယ် ။ အဆိုးဆုံးကတော့ အမေအရွယ်လောက်ရှိနေတဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးတွေဟာ ကိုယ့်သားလောက်သာသာ ကောင်လေးတွေနဲ့ စိတ်ပျော်ရွင်ရာကို လိုက်ကာ အတူတူနေထိုင် နေကြတဲ့ မြင်ကွင်းတွေပါပဲ ။ ဒီဖြစ်ရပ်တွေ တကယ်ရှိမရှိဆိုတာ မလေးရှားမှာ လက်ရှိနေထိုင်သူတိုင်း သိနေတဲ့အကြောင်းအရာ အမှန်တရားတစ်ခုပါ ။ ဒီလိုတွဲလို့ တူတူနေလို့ ရှက်ရမှန်းလည်းမသိ ။ ဒါတွေကို ဂုဏ်ယူစွာ ဖော်ထုတ်ကြွားဝါနေတဲ့ သူတွေတောင် ရှိနေပါသေးတယ် ။ ဒီလို စုံတွဲတွေကိုတွေ့တိုင်း ကျွန်မခေါင်းထဲကို အတွေးတစ်ခု အမြဲဝင်ရောက်လာတတ်တယ်  ။ အဲဒါဘာလည်း ဆိုတော့ အသက်ကြီးကြီးအမျိုးသမီးတွေဟာ  သူတို့တွဲနေတဲ့ ကောင်လေးတွေရဲ့ နေရာမှာ သူတို့ရဲ့ ရင်သွေးငယ် သူတို့သားလေးတွေ ဖြစ်နေခဲ့မယ်ဆိုရင် မိဘတစ်ယောက်ရဲ့နေရာကနေ သူတို့ ဘယ်လိုနေကြမလဲ ။  ဘယ်လိုတွေ ခံစားနာကျင်ကြမလဲ ။ သူတို့ တွေးမကြည့်ကြဘူးလား ။
ငါ့သားလေးသာ ငါ့လိုအိမ်ထောင်လည်းရှိနေမယ် ။ငါ့လို အသက်ကလည်းကြီးမယ် ။ အရွယ်ကွာဟမှု တွေလည်း ရှိနေမယ့် အမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်ကာ အတူတကွ နေထိုင်နေကြမယ်ဆိုခဲ့ရင် ဘယ်လိုခံစားကြရမလဲ ။ ကံတရားလို့ သတ်မှတ်တွေးပေးနိုင်ပါ့မလား ။ သေချာပါတယ် ။ အနာပေါ် တုတ်ကျသလို နာကြပါလိမ့်မယ် ။ ဒီတော့ သူများသားသမီးကိုလည်း ကိုယ်သားသမီးလို သဘောထားမျိုး ထားပြီး တွေးပေးသင့်ပါတယ် ။ စာနာပေးသင့်ပါတယ် ။ ငယ်သူတွေက ငယ်ရွယ်တဲ့စိတ်နဲ့ ချဉ်းကပ်လာခဲ့ရင်တောင် ကိုယ်အသက်အရွယ် ၊ ကျန်နေခဲ့တဲ့ မိသားစုတွေရဲ့ မျက်နှာကို ထောက်ထားပြီး စိတ်အလိုကို မလိုက်ဘဲ ဆင်ခြင်သင့်ပါတယ် ။
အမျိုးသမီးက အသက်ကြီးကြီး ၊ အမျိုးသားက အသက်ငယ်ငယ်စုံတွဲတွေကို မလေးရှားမှာ တွေ့တိုင်း ငါသားလေးသာ ဆိုတဲ့ အတွေးက အမြဲရောက်လာတတ်တယ် ။ ငါသားလေးသာဆို ငါရင်ကွဲပြီဆိုတဲ့ အတွေးကလည်း ထပ်ဆင့်ပါလာတတ်ပြန်တယ် ။ နတ်သျှင်ထောင်နဲ့ ဓာတုကလျာ ဆိုတာတွေ ကျွန်မ မသိချင်ဘူး ။ ကျွန်မသိတာ မိခင်တစ်ယောက်ရဲ့ စိတ် ။ ငါသားလေး သာဆိုရင် ဆိုတဲ့အတွေး ။ တော်ယုံ လေး ငါးနှစ်လောက် ကွာနေတာမျိုးဆိုလည်း မပြောလိုပါဘူး ။ နောက်ဆုံး အသက်ကွာတယ်ပဲ ထားပါအုံး အမျိုးသား အမျိုးသမီး နှစ်ဦးစလုံးက လွတ်လပ်သူ အပျို လူပျိုဆိုရင်လည်း မပြောလိုပါဘူး ။ ခုဟာတွေက အသက်အရွယ်တွေက အမေနဲ့သားလောက် ။ လွတ်လွတ်လပ်လပ်တွေလား ဆိုတော့လည်း  မဟုတ်ကြပြန်ဘူး ။ အိမ်ထောင်တွေရှိနေရက်နဲ့ ဖောက်ပြန်နေကြတာမျိုးပါ ။
နောက်တစ်ချက် ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတိုင်းဟာ ကိုယ်သားသမီးတွေပေါ်မှာ တိုက်ရိုက် အချိုးကျရိုက်ခတ်တတ်တယ်ဆိုတာကို မိဘဆိုတဲ့ လုသားတိုင်း သတိရှိစေချင်တယ် ။
ဆရာမကြီး လုပ်နေတာလဲ မဟုတ်ပါဘူး ။ မကြာခဏတွေ့နေရတဲ့ မြင်ကွင်းတွေကိုမတွေ့ချင် မမြင်ချင် မဖြစ်စေချင်တဲ့ စေတနာပါ ။  ငါမိဘ ပဲ ။ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ အတွေးမျိုး ကျွန်မတို့ မိဘတွေရဲ့ခေါင်းထဲမှာ လုံးဝ ရှိမနေသင့်ပါဘူး ။ကျွန်မအတွက်ကတော့ ကျွန်မကလေးတွေ စိတ်အားငယ်မှာ စိတ်ပျက်မှာကို သိပ်ဆိုးတယ် ။ သားနဲ့ သမီးဟာ ကျွန်မဘ၀ပါပဲ ။ သူတို့ရှေ့ဆက်ရမယ့် လမ်းတစ်လျှောက်လုံး အမေဆိုတာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ ရင်ခွင်တစ်ခု ။ လေးစားချစ်ခင်ရမယ့် လူတစ်ယောက် အဖြစ်ပဲ မြင်စေချင်တယ် ။ ဒီလိုမြင်ဖို့အတွက် အမိန့်တွေ အာဏာတွေသုံးပြီး မြင်တာထက် သူတို့စိတ်ထဲက အလိုအလျောက်ဖြစ်တည်လာတဲ့ လေးစားချစ်ခင်ခြင်းကိုပဲ ကျွန်မလိုချင်တယ် ။ ဒီအတွက် လုပ်ရပ်တိုင်းကိုသိက္ခာရှိရှိပဲ ဖြတ်သန်းခဲ့တယ် ။ မိဘတွေအပေါ် ကျွန်မဆိုးချင်ဆိုးခဲ့မယ် ။ ဒါပေမဲ့ သားနဲ့ သမီးအတွက်တော့ မိခင်ဆိုးတစ်ယောက် ဘယ်တော့မှာ အဖြစ်မခံနိုင်ပါဘူး ။
ခုရေးခဲ့တဲ့ အကြောင်းအရာလေးက မလေးရှားရောက် မြန်မာတို့ရဲ့ အခြေအနေ အစိတ်အပိုင်းလေးတစ်ခုပါ ။ ဒီစာလေးရဲ့ ပေးချင်တဲ့ massage က အိမ်ထောင်ရှိသူတွေ ဖောက်ပြန်ခြင်းကင်းစေချင်တယ် ။ အိမ်ထောင်ကျပြီးသူတိုင်းဟာ သားသမီးရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ မိခင်စိတ်ရှိနေကြပါပြီ ။ မိခင်စိတ်ရှိနေသူတွေမို့ သားသမီးချင်း စာနာတွေးတတ်စေချင်တယ် ။ ကိုယ်အခွင့်ရေး ကိုယ်ပျော်ရွင်မှု့အတွက် စိတ်ကြိုက်နေခွင့်လုပ်ခွင့်ရှိတယ်ဆိုသော်လည်း ကိုယ်ရဲ့ ပျော်ရွင်မှု့ဟာ တပါးသူတွေကို အနှောင့်ယှက် မဖြစ်စေဖို့တော့ လိုအပ်ပြန်တယ် ။ လောကမှာ ကိုယ်လုပ်လို့ ကိုယ်တစ်ဦးတည်းခံရတယ်ဆိုတာ မရှိပါဘူး ။ မိသားစုဆိုတာ ရှိနေတဲ့ အတွက် ကိုယ်တစ်မိသားစုလုံး ခံစားနာကျင်ကြရပါတယ် ။ ဒါကြောင့် သားသမီးချင်း ကိုယ်ချင်းစာ ပေးတတ်စေချင်တယ် ။ စီးပွားရေး အခြေနေအရသာ နိုင်ငံခြားရပ်ခြားမှာ  မိမိတို့ရဲ့သားသမီးတွေကို ပို့ထားကြပေမယ့် မိဘတွေရဲ့ ရင်ထဲမှာ အမြဲတမ်းပူပန် စိတ်မချဖြစ်နေကြရတာပါ ။
ဒီတော့သားသမီးချင်း စာနာပေးကြပါ ။ ဖောက်ပြန်ခြင်းတွေ ကင်းစေနိုင်ပါစေ။ မိဘတိုင်း မိဘတိုင်း သားသမီးတွေအတွက် သိက္ခာရှိစွာ ရပ်တည်ပေးနိုင်ကြပါစေ ။ သားသမီးရှိသူတိုင်း သားသမီးချင်း စာနာတတ်ပါစေ လို့ ဆုတောင်းရင်း အဆုံးသတ်ချင်ပါတယ် ။ မည်သူတစ်စုံတစ်ယောက်ကိုမှ ထိခိုက်စော်ကားလိုခြင်းအလျဉ်းမရှိစွာ စေတနာကိုသာ အရင်းခံ၍သာ ရေးသားလိုက်ရပါတော့၏ ။


ခိုင်လေး၏ အမှတ်ရစရာ မှတ်တိုင်လေးတွေပါ ။

လူတိုင်းလူတိုင်းမှာ ဘ၀အတွက် အမှတ်ရစရာ အမှတ်သားလေးတွေ ရှိတတ်ကြပါတယ် ။ ခိုင်လေးမှာလည်း အမှတ်ရနေစရာ မှတ်တိုင်လေးတွေ ရှိတာပေါ့ ။ ခိုင်လေး၏ အမှတ်ရစရာ မှတ်တိုင်လေးတွေပါ ။