Tuesday, January 7, 2014

ခိုင်လေးပါဝင် ရေးသားခွင့်ရခဲ့တဲ့ ရင်စူးမြား စာအုပ်လေး

'ရင်စူးမြား' ရသဝတ္ထုတို စာမြည်းများ Like အများကြီး ရရှိသလို ..
စာအုပ်တွေလည်း အများကြီး ရောင်းရချင်ပါတယ်ဗျာ ..
အားပေးကြပါဦး မိတ်ဆွေတို့ ...

တစ်ပြည်လုံးဖြန်ချိရေး -

* စိတ်ကူးသစ်စာပေ
အမှတ်(၄၉) ၊ ပထမထပ်(ယာ) ၊ ဆိပ်ကမ်းသာလမ်း ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့။
အမှတ်(၂၅) အပေါ်ဆုံးလွှာ ၊ ပုသိမ်လမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၅၁၃၉၂၆၄ ၊ ၀၁ ၃၉၁၃၂၂

* ရင်စူးမြားစာပေ
အမှတ် ၂၀(က) ၊ အောင်နိမိတ်လမ်း ၊ အောင်မင်္ဂလာရပ်ကွက် ၊ သန်လျင်မြို့။

ဖုန်း - ၀၉ ၇၃၁၁၃၉၄၈ ၊ ၀၉ ၄၂၀၁၂၆၅၉၈ ၊ ၀၉ ၃၁၆၈၇၆၆၀

အရောင်းကိုယ်စားလှယ်များ အထက်ဖော်ပြပါ လိပ်စာများသို့ မှာယူရရှိနိုင်ပါသည်။

'ရင်စူးမြား'



ရင်စူးမြား' အမှတ်(၁)မှ ရသစာများ
--------------------------------

* သားအတွက် နေရာလေး *
ခိုင်လေး (ရွှေတောင်)

..... ခုဆို သားညီမလေးက နှစ်လသားအရွယ်လေးရောက်နေပြီ သား။ သိပ်ချစ်ဖို့ ကောင်းတယ်သိလားသား ဖြူဖွေး တုတ်ကစ်နေတာပဲ’ ပြန်ပြောဖို့ စကားလုံးတွေ ကျွန်တော့်ဆီမှာ အဆင်သင့် မရှိနေခဲ့ဘူးမေမေ။ ကလေးလေးတောင် နှစ်လရှိနေလေပြီ။ အချိန်အကြာကြီး ကျွန်တော်ကို ဖုံးကွယ်ထားခဲ့ကြတယ်။ ပထမဆုံးရင်ထဲ ရောက်လာတာက သိမ်ငယ်မှု နောက် အားငယ်ခြင်း နောက်ဆုံး အရှိန်ပြင်းပြင်း ၀င်ရောက်လာတာကတော့ မနာလိုခြင်းပါပဲ။ မေမေကို ဘာဆိုဘာမှ ပြန်မပြောနိုင်တော့ပါဘူး။ ဖုန်းကို လွတ်ချပြီး ပြေးထွက်လာခဲ့မိပါတော့တယ်။ ခုတော့ ထွက်ပြေးလို့လည်း မရတော့ဘူး ။ တွေ့ကိုတွေ့ရတော့မယ်။ ရင်ဆိုင်ရတော့မယ်။
နွမ်းလျနေတဲ့ စိတ်ကိုကော လူကိုပါ အရင်ဆုံး ဆယ်မိနစ်လောက် အနားပေးလိုက်ပါတယ်။ ရေမိုးချိုးပြီး လေးလံသောခြေလှမ်းတွေနဲ့ မေမေဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့မိပါတယ်။ မေမေ အခန်းရှေ့ရောက်တော့ ဟ နေတဲ့ တံခါးကို အသာယာတွန်းဖွင့် ၀င်လာခဲ့တယ်။ ဘေးတစ်စောင်းလေး လှဲနေတဲ့ မေမေနားကို ညင်သာစွာ တိုးကပ်သွားလိုက်တော့ မေမေရင်ခွင်ထဲမှာ လှုတ်နေတဲ့ ဖြူုဖြူအထုပ်လေးတစ်ခု။ အနားကိုရောက်မှ သေချာ သဲသဲကွဲကွဲ တွေ့လိုက်ရတာက ဖြူဖွေးဝကစ်နေတဲ့ ကလေးလေး။ မေမေက အိပ်ပျော်နေတာပါ။ ကလေးလေးကတော့ မေမေ့ရင်ခွင်ထဲမှာ။ နိုးနေပေမယ့် မငိုဘဲ လက်ကလေးတွေ ခြေထောက်လေးတွေ ယက်ကန်ယက်ကန်လုပ်နေတယ်။ အနားကို သေချာတိုးကပ်ကြည့်လိုက်တော့ ကျွန်တော့်ကိုတောင် ပြုံးပြနေသယောင်ထင်လိုက်မိပါရဲ့။ သူ့ပါးလေးတွေကို ကျွန်တော် တို့ကိုင် ကြည့်ချင်နေမိတယ်။
ကျွန်တော့်လက်တွေ တဆက်ဆက်တုန်လာလာသလိုပဲ။ ကလေးလေးက သိပ်ကို ချစ်ဖို့ကောင်းနေခဲ့တယ်။ သူကို မြင်တွေ့လိုက်ရချိန်မှာ သူကို မုန်းတဲ့ စိတ်တွေ ဘယ်နားကို သွားပုန်းနေကြသလဲ မသိတော့ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် မှန်ထဲမကြည့်ပေမယ့် အလိုလိုသိနေခဲ့တယ်။ သူကိုကြည့်နေရင်း ကျွန်တော့်မျက်လုံးတွေ တစ်ဖြေးဖြေး ပြုံးယောင်သန်းလာတယ် ဆိုတာကိုပေါ့။ ငါညီမလေးပါလားဆိုတဲ့ အသိတစ်ခုက ကျွန်တော်ရင်ထဲမှာ ဖြတ်ခနဲလင်းသွားစေတယ်။
ကလေးလေးမျက်နှာက ဖွေးဖွေးပြည့်ပြည့်လေး။ သူမကိုကြည့်ရတာ အေးချမ်းလိုက်တာ။ ငါမှာသာ ပူလောင်နေပြီး သူမလေးကတော့ အေးချမ်းစွာ မေမေရင်ခွင်ထဲမှာ နားခိုလို့။
ဖောင်းကားနေတဲ့ သူမ ပါးမို့မို့လေးတွေကို .....

'ရင်စူးမြား' အမှတ်(၁) စာမျက်နှာ ၈၆ တွင် 

ကျွန်မရေးသော စာတိုလေးများ

မိဘတိုင်း တူညီစွာ တမ်းတမိတဲ့ မျှော်လင့်ချက်လေးတစ်ခုရှိတယ် ။
ဒါကတော့ သားသမီးတွေဆီ ပြန်လာမယ့် ယုယ ကြင်နာမှုတွေကိုပါဘဲ ။
ခိုင်လေး ( ရွှေတောင် )



အချစ်ဆိုတာ တခါတရံမှ ထုတ်ယူသုံးစွဲလို့ရတဲ့ ရေမွှေးတစ်ပုလင်းနဲ့ တူတယ်လို့ ရုပ်ရှင်တစ်ကားမှာ ပြောထားတယ် ။ အချစ်ဆိုတာ ရေမွှေးတွေလို လိုအပ်မှ ထုတ်ယူသုံးစွဲရမယ့် အရာမှ မဟုတ်တာရှင် ။ လူတိုင်းရဲ့ နှလုံးသားတွေဆီမှာ ချစ်ခြင်းတစ်မျိုးဆီတော့ ရှိနေတတ်ကြပါတယ် ။ ချစ်ခြင်းတရားကို အခြေခံတဲ့ နားလည်မှုတွေကို တည်ဆောက်ကာ သံယောဇဉ်ကြိုးတွေကို ချည်နှောင်ပြီး သစ္စာတံတိုင်းတွေကို ကာရံမှ မေတ္တာတရားတွေနဲ့ ပြည့်စုံတဲ့ မိသားစုဆိုတဲ့ဘ၀လေးကို အောင်အောင်မြင်မြင်တည်ဆောက်နိုင်မယ်လို့ ထင်မြင်ယူဆမိပါသည် ။ လိုအပ်မှထုတ်သုံးရတဲ့ အရာတွေထဲမှာ အချစ်တော့မပါတာသေချာမယ်လို့ ထင်မြင်မိပါဧ။် ။ ကျွန်မဧ။်အတွေး သက်သက်မျှတာ ဖြစ်ပါသည် ။

ခိုင်လေး ( ရွှေတောင် )



စာအုပ်ထဲက စာကြောင်းလေးတွေကို မှားရေးမိရင် ခဲဖျက်ဆိုတဲ့ အရာက
ဖျက်ပေးသည် ။
လူ့ဘ၀ စာအုပ်ထဲက သင်ခန်းစာလုပ်ဆောင်ချက်တွေကိုတော့ အသိဆိုတဲ့
ခဲဖျက်လေးက ဖျက်ပေးတတ်ပါသည် ။
ဖျက်ရာများသော စာအုပ်သည် မျက်နှာပန်းမလှသလို ၊ အမှားများသောဘဝ
သည်လည်း မတင့်တယ်လှပေ ။

ခိုင်လေး ( ရွှေတောင် )


အိမ်ထောင်တစ်ခု သာယာချမ်းမြေ့ဖို့ ဆိုတာ ဇနီးဖြစ်သူသည် အရေးပါတဲ့ နေရာ မှာရှိနေပါသည်။အကြင်နာဇနီးမယားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ မိမိခင်ပွန်းကို ချစ်နေယုံနဲ့တင် မလုံလောက်ပါဘူး။ တခါတရံမှာ ချစ်သူလို ချစ်ရမည် ။ တခါတရံမှာ အစ်မတစ်ယောက်လိုလဲ ချစ်တတ်ရမည်။ တခါတလေမှာ ချစ်သူဘ၀တုန်းကလိုလဲ ချစ်တတ်ရပါဦးမည် ။ဒါမှလည်း ခင်ပွန်းသည်က စိတ်ချမ်းမြေ့ခြင်းတွေနဲ့ အတူ မိသားစု သာယာ စိုပြည်ရေးကို ရှေးရှုဆောင်ရွက်
လာပေမည် ။ဇနီးကောင်းဆိုတာ မီးဖိုဆောင် ကိစ္စတွေ နိုင်နင်းရုံ နှင့်လဲ မပြည့်စုံသေးပါဘူး ။ ကိုယ်ခင်ပွန်းသည်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း လိုအပ်တဲ့ အကြံဥာဏ် အချက်လက်တွေကို ပေးနိုင်ရပါမည် ။အမှားကိုတွေ့လျှင်လည်း
လက်ခံလာအောင် အကျိုးကြောင်း ထောက်ပြနိုင်ရမည် ။ လူမှု့ရေး ၊ စီးပွားရေးတို့နှင့်ပတ်သတ်လို့ တိုင်ပင်လာခဲ့လျှင် ဆွေးနွေးတိုင်ပင် နိုင်ဖို့ အရည်ချင်းမျိုးတွေ အဆင်သင့် ရှိနေဖို့လည်း လိုအပ်ပေသည် ။ နေရာတကာဝင်ရောက် စွက်ဖက်ခြင်းမျိုးကို ဆိုလိုခြင်း မဟုတ်ပါ ။ဒါမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။ နမူနာပြောပြရမည်ဆိုပါလျှင်

မိမိ ယောကျာင်္း အလုပ်ကိစ္စ စကားပြောနေမယ် ဆိုပါစို့ ။ ဘေးမှာ မိမိ ကိုယ်တိုင် လဲရှိနေမယ်။ ယောကျာ်င်္းပြောတာကို သဘောမကျတာ ရှိခဲ့မည် ဆိုပါတော့ရှင်။ အဲဒီနေရာမှာ ရှင်ပြောနေတာကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ၀င်ရောက်ပြောဆိုခြင်းထက် တိတ်ဆိတ်စွာ နားထောင်ပေးလိုက်ခြင်းက မိမိယောကျာင်္းကို ဂုဏ်တက်စေပါဧ။် ။နှစ်ယောက်ထဲရှိတဲ့ အခါကြမှအကျိုးကြောင်းကို သေချာထောက်ပြပြောဆိုသင့်ပေသည်။

အိမ်ထောင်တစ်ခု ထူထောင်တာ မလွယ်သလို ရေရှည်တည်တံ့ ဖို့တာလဲ ခက်ခဲစေပါသည် ။သစ္စာနဲ့ မေတ္တာကိုအရင်းတည်ကာ အပေယူမျှတစွာနဲ့ တစ်ယောက်အပေါ်တစ်ယောက် ယုံယုံကြည်ကြည် လက်တွဲမှာသာလျှင် ချမ်းမြေ့သာယာမှုရှိတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင် နိုင်ကြမည်သာ ဖြစ်ပေသည် ။

ခိုင်လေး ( ရွှေတောင် )

ဘ၀နဲ့ရင်းခဲ့ရသော အသိလေးတွေကို မျှဝေလိုက်ပါသည် ။


*သမီးပြုလုပ်တဲ့ လုပ်ဆာင်ချက်တိုင်းရဲ့တုံ့ပြန်မှုအားလုံးသည် သမီး မိသားစု ၊ နောင့်လာမယ့် သမီး မျိုးဆက်တွေထိ တာသွားတယ်ဆိုတာကို မမေ့ပါနဲ့ ။*

ဆိုတဲ့ စကားလေးဟာ ကျွန်မရဲ့ အသိထဲမှာ စွဲကျန်စေခဲ့လေပြီ ။ ဒီစကားလေးသည်
ကျွန်မကို အသိတရားတစ်ခု ပေးခဲ့သည် ။ ကျွန်မလျှောက်ခဲ့သော လမ်းမှားကြီးကနေ
လမ်းမှန်တစ်ခုပေါ်ရောက်အောင် လမ်းပြခေါ်ဆောင်ခဲ့လေပြီ ။ခုချိန်မှာ အမှောင်ကမ္ဘာ
ထဲကပြေးထွက်လို့ လမ်းမှန်တစ်ခုကို လျှောက်ဖို့ အဆင်သင့်ဖြစ်လို့နေခဲ့လေပြီ ။

* အမှောင်ကြောက်တဲ့ ကျွန်မ အမှောင်ကမ္ဘာထဲကနေ အပြီးတိုင် ပြေးထွက်ပါတော့မည် *

ဒီနေ့ရေးလိုက်တဲ့ စာလေးထဲက စကားတစ်ချို့
ခိုင်လေး ( ရွှေတောင် )


ကျွန်မဘီစကစ်တစ်ချပ်ကို စားနေရင်း အတွေးတစ်ခုဝင်မိသည် ။
ကျွန်မစားနေတဲ့ ဘီစကစ်လေးက အလယ်မှာခရမ်လေးပါဝင်နေခဲ့သည်။
ဒီခရမ်လေးကို စားမိရင်းအတွေးတစ်ခုဦးနှောက်ထဲကို အလည်ရောက်လာပါသည်။
အပေါ်ကဘီစကစ်လေးနှစ်ချပ်ကို အရသာထူးစေဖို့ ကြားညှပ်ခံအနေထားတစ်ခုနဲ့
အရသာထူးအောင် ပံ့ပိုးပေးရှာတဲ့ ခရမ်လေးကို စားနေရင်း လေးစားမိလာသည် ။
ကျွန်မတို့ လူဘောင်လောကမှာလည်း ခရမ်လေးလို ကြားညှပ်ခံ ဘ၀နဲ့ လောကကို
အလှဆင်နေသူတွေ မနည်းရှိနေကြမှာပါပဲ ။ ထိုလူသားတွေကို ဒီစာလေးနဲ့ လေးလေး
စားစား ဦးညွတ်မိပါသည် ။

ခိုင်လေး ( ရွှေတောင် )


ချန်ရစ် ခဲ့ရမယ့် အတိတ်တွေရှိသလို
တစ်သသ နှင့် အမှတ်တရရှိနေရမည့်
အတိတ်တွေလည်း ရှိပါသည် ။

မလိုအပ်တော့သည့် အတိတ်တွေကို တူးဆွ
နေခဲ့လျှင် ဆုံးရှုံးခြင်းတွေကို နှစ်ကျော့ပြန်
ခံစားစေခြင်းနှင့် တူပေသည် ။

မမေ့အပ်တဲ့ အတိတ်တွေကို မေ့ပစ်ခဲ့လျှင်
တန်ဖိုးရှိသည့်အရာတွေကို လွင့်ပစ်လိုက်ခြင်းနှင့်
တူညီကာ အကျိုးနည်းစေမည်သာ ဖြစ်ပေသည် ။

ခိုင်လေး ( ရွှေတောင် )


ယောကျာင်္းတစ်ယောက် ၊ မိန်းမတစ်ယောက် ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

ယောကျာင်္းလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို

၁။ ကိုယ်အပေါ် ဒီအမျိုးသမီးသည် ဘယ်လို ထိန်းသိမ်းပေးနိုင်မလည်း ။
၂။ မိမိအပေါ် ဘယ်လောက်ထိ စာနာထောက်ထားပေးနိုင်မလဲ ။
၃။ မိမိအပေါ် ထားရှိတဲ့ သစ္စာတရားသည် ဘယ်အတိုင်းတာထိ ရှိမလဲ ။
၎။ ဒီအမျိုးသမီးရဲ့ ကိုယ်ကျင့်တရားသည် ဘယ်ထိ စံထားနိုင်မလဲ ။
၅။ တူညီတဲ့ ကိုးကွယ်မှု့ ဘာသာတရား ။
၆။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်တော်ချစ်သူ ကျွန်တော်မိန်းမပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။

မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို

၁။.ယောကျာင်္းတစ်ယောက် ရဲ့ အရည်ချင်း ။
၂။ မိမိအပေါ် စာနာထောက်ထားတတ်မှု ။
၃။ မိမိအပေါ် သစ္စာရှိမှု ။
၎။ မိမိအပေါ် ဦးဆောင် တာဝန်ယူနိုင်မှု့ ၊
၅။ နှမချင်းစာနာစိတ်ရှိခြင်း ။
၆။ ကိုးကွယ်မည့် ဘာသာတရား တူညီခြင်း ။
၇။ ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
၈။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်မချစ်သူ ကျွန်မ ယောကျာင်္းပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။

ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။

ခိုင်လေး ( ရွှေတောင် )


သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း

အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသည် ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါသည် ။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင်ရေးမပြေလည်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖော်ပြန်တာတော့ သိက္ခာမရှိနိုင်ပါဘူး ။ တရားဝင် ကွာရှင်းပြတ်ဆဲခြင်းမရှိဘဲ ဒီလိုကျူးလွန်မိလိုက်တာဟာ မှန်ခဲ့တယ်ဆိုတဲ့ ကိုယ်အမှန်တရားတွေပါ အလကားဖြစ်ကုန်တာပါပဲ ။ ကိုယ် ဂုဏ်သိက္ခာတွေ ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ရင် ဘယ်ပညာ ၊ ဘယ်ချမ်းသာမှု ကမှ မကယ်နိုင်ပါဘူး။ အဲဒီလို အခါမျိုးတွေမှာ မှန်ရှေ့မှာ ရှင် ရပ်လိုက်ပါ ။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ်ပုံရိပ်က ရှင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်တင်နေသလို ရှင် ခံစားရပါလိမ့်မည် ။ အချိန်မှီနေပါသေးတယ် ရှင် အမြန်ဆုံး သိက္ခာရှိတဲ့ လုပ်ရပ်ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲလိုက်ပါ ။ ရှင်ကို ကံတရားက တစ်ကြိမ်တော့ ပြင်ဆင်ခွင့် ပေးပါလိမ့်မယ်။ ဖောက်ပြန်တယ်လို့ နာမည်တပ်ခံရတာကိုက လူတစ်ယောက်လုံးကို ရစရာမရှိအောင် သိမ်ငယ်သွားစေတတ်ပါသည် ။ မလေးရှားမှာ ပြောနေတတ်ကြလွန်းလို့ပါ ။ မြန်မာပြည်က မိန်းက ဘယ်လိုမကောင်းတာ ၊ မြန်မာပြည်က ယောကျာင်္းက ဘယ်လို ဆိုးတာ စုံနေတာပါပဲ ။ ဟုတ်ပြီ မကောင်းဘူး ၊ ဘယ်လိုမှ ညှိနှိုင်းမရဘူးဆိုရင် ကွာရှင်းလိုက်ပါ ။ ဒီလို မဟုတ်ဘဲ မကောင်းတာတွေ ဆိုးတာတွေကို အကြောင်းပြပြီး လက်ရှိ အိမ်ထောင်အပေါ် ဖောက်ပြန်နေခြင်းကတော့ ရုပ်ဆိုးလွန်းပါသည် ။ ဆင်ခြင်နိုင်ကြပါဝေလို့ ဆုတောင်းမိပါသည် ။

ခိုင်လေး ( ရွှေတောင် )


မည်သည့်ဘာသာတရားကိုကိုးကွယ်သူဖြစ်ပါစေ
မိမိကိုးကွယ်ဆည်းကပ်သည် ဘုရားတရားတော်
အဆုံးမတွေကို တစ်ကယ်လိုက်နာတတ်ဖို့သာ
အရေးကြီးပါသည် ။

ခိုင်လေး ( ရွှေတောင် )


အိမ်ထောင်ပြုတယ်ဆိုတာ လူသားနှစ်ယောက်ရဲ့ ဘ၀နှစ်ခုကို
ပူးတွဲချည်နှောင်လိုက်တာပါပဲ ။ ပူးတွဲချည်နှောင်ထားတာမို့
ထိုလူသားနှစ်ဦးဧ။် ခြေလှမ်းတိုင်းသည် တူညီနေဖို့ လိုအပ်ပါသည် ။
တစ်ယောက်ယောက်က ချန်နေခဲ့လို့မရသလို ၊ ထားခဲ့ဖို့လည်း မဖြစ်နိုင်ပါဘူး။
ဘာလို့လည်းဆိုရင် ပူးတွဲချည်နှောင်ထားတဲ့သူတွေ ဖြစ်နေလို့ပါပဲ ။

ခိုင်လေး ( ရွှေတောင် )


ကျွန်မ အိမ်သန့်ရှင်းရေးလုပ်နေရင်း တွေးမိတယ် ။
လူတွေဟာ ပေးဆပ်ဖို့ထက် ရယူလိုခြင်းတွေသာ
ပိုမိုကြီးစိုးလာကြတယ်လို့ ထင်မြင်မိတယ် ။ ကျွန်မအပါဝင်ပေါ့ ။
ရယူလိုမှု့အားကြီးတဲ့သူတွေသာ တဖြေးဖြေးများပြားလာမယ်ဆို
ကျွန်မတို့ လောကကြီးဟာ ဘယ်လိုမှ သာယာလှပနိုင်မှာ
မဟုတ်တော့ပါဘူး ။ဒါကြောင့် ဒီနေ့ကစပြီး ကျွန်မ ရယူလိုမှု့ထက်
ပေးဆပ်ခြင်းလုပ်ရပ်တွေကိုသာ ပိုမို လုပ်ဆောင်ပါတော့မည် ။

ခိုင်လေး ( ရွှေတောင် )


ကံမကောင်းခြင်းဆိုတာလေ လူတိုင်းမှာ ရှိတတ်ပါတယ် ။ အဆိုးတွေထဲက အကောင်းတွေကိုရှာဖွေယူတတ်ဖို့က အရေးကြီးတယ် ။ နောင်တတွေနဲ့ ပူလောင်ဆွေးမြေ့မနေဖို့လည်း လိုအပ်ပါတယ် ။ အမှားတွေထဲက သင်ခန်းစာ ယူပြီး အမှန်တွေ များလာအောင် လုပ်ဆောင်တတ်ရမယ်လို့ ခိုင်လေးက ခံယူထားတယ်။

ခိုင်လေး ( ရွှေတောင် )


လူတွေသည် ပိုက်ဆံဆိုသော အရာနောက်ကို သည်းကြီးမည်းကြီး
လိုက်ပါနေရင်း ကိုယ်ကျင့်တရားတွေ တဖြေးဖြေး ဆင်းရဲလာကြ
သည်ကို ၀မ်းနည်းစွာတွေ့နေရပါသည် ။ ပိုက်ဆံဆိုသည့်အရာကို
ရှာဖွေဖို့အတွက် မိမိတို့ကိုယ်ကျင့်တရားတွေကို ချနင်းဖို့ ဘာကြောင့်
ဝန်မလေးတတ်ကြပါသလဲဆိုတာကို တွေးမိသည် ။ ကျွန်မ စဉ်းစား
မိသလောက် ရရှိသည့်အဖြေကတော့ လောဘဆိုသည့်အရာကို
အသောမသပ်နိုင်တာကြောင့် လို့ထင်မြင်မိပါသည် ။ လောဘ၊ဒေါသ၊မောဟ
အားကြီးလာတဲ့ အခါမှာ ကိုင်ကျင့်တရားတွေကို တိုက်စားသွားကြလေသည် ။

ခိုင်လေး ( ရွှေတောင် )


မိဘတိုင်း မိမိတို့ရင်သွေးငယ်တွေကို ချစ်ကြသူတွေပါ ။ သားသမီးကို
ကောင်းစေချင် တော်စေချင်တာလည်း မိဘတိုင်းရဲ့ တူညီတဲ့ ဆန္ဒတစ်ခုဖြစ်နေမှာ မလွဲဧကန်ပါပဲ ။သို့သော် ရတနာကဲ့သို့ အဖိုးအနဂ္ဂ ထိုက်တန်သည့် တန်ဖိုးရှိသော ရင်သွေးငယ်တွေကို ရဖို့ဆိုတာ မိဘမည်သော လူသားတို့တွင် တာဝန်ရှိပေသည် ။ မိဘဆိုသည်
မှာ လက်ဦးဆရာတွေပင်ဖြစ်လေသည် ။ ရတနာလေးတွေကို ရတာ နာတာတွေမဖြစ်စေဖို့ ချစ်တဲ့နေရာမှာ ရေတိုကို မကြည့်ကြဘဲ ရေရှည်ကို ကြည့်ကာ ချစ်တတ်ဖို့က အဓိက ကျပေသည် ။

ခိုင်လေး ( ရွှေတောင် )


လူတစ်ယောက်ရဲ့ အပေါ်ယံ အရေပြားပေါ်မှာ ဖြစ်တည်နေသည့်
လှပခြင်း စမတ်ကျခြင်းဆိုသည့် အချက်တွေထက် ပိုအရေးကြီးစေသည်က
လူတစ်ယောက် စိတ်အတွင်းမှာ တည်ရှိနေသည့် စိတ်ထားတွေ လှပဖို့ စမတ်ကျ
ဖို့က ပိုလို့အရေးကြီးပေသည် ။

ခိုင်လေး ( ရွှေတောင် )


ကျွန်မဖုန်းကို မြန်မာပြည်က ဖုန်းနံပတ်တစ်ခု မကြာခဏ
ဝင်ဝင်လာတတ်ပါသည် ။ ခုနလေးတင် အဲဒီနံပတ်လေး ၀င်လာပါသေးသည် ။
တခါတလေ ကျွန်မ မေ့နေတတ်တဲ့ ဖုန်းနံပတ်ပိုင်ရှင်က ကျွန်မကိုတော့ တစ်ရက်မှ
မမေ့ဖူးထင်ပါရဲ့ ။ ဘယ်သူဖုန်းနံပတ်လေးဖြစ်နိုင်မလည်းဆိုတာ သိချင်ကြလားဟင် ။ ဒီကမ္ဘာလောက
ကြီးတစ်ခုလုံးမှာ ကျွန်မအပေါ် တုနှိုင်းမဲ့ ချစ်နိုင်သူ ကျွန်မကို သိပ်ချစ်တဲ့ ဖေဖေ ဖုန်း
နံပတ်လေးပါပဲ ။ ဖေဖေ ဖုန်းသံလေးဝင်လာတိုင်း ကိုင်လိုက်ချင်ပေမယ့် ဖေဖေ ပိုက်ဆံ
ကုန်မှာစိုးလို့ မကိုင်ဖြစ်ပါဘူး ။ ခိုင်လေးက ဖေဖေဆီ ပြန်ခေါ်ရင်လည်း ခိုင်လေး ပိုက်ဆံ
ကုန်မှာကိုဆိုးတတ်သူ ဖေဖေက သမီးနေကောင်းလား ဖေဖေ မှားနှိပ်တာထင်ပါရဲ့ကွာဆိုပြီး မြန်မြန်ပြောမြန်မြန်ဖုန်းချသွားတတ်ပြန်လေသည် ။
တစ်ရက်ခြားလောက် သားနဲ့ သမီးဆီက massage လေး
တစ်ခုခု ( သို့မဟုတ် ) ဖုန်းသံလေး မကြားရရင် အသေလဲ သတိရမိတတ်သူ ကျွန်မ ဖေဖေ
ကိုကြတော့ တခါတရံ မေ့နေတတ်ခဲ့လေသည် ။ သေချာတာတစ်ခုက
ကျွန်မ ကလေးတွေကို တမ်းတသတိရမိသည့်စိတ်မျိုး ဖေဖေမှာလည်း
ကျွန်မနဲ့ ထပ်တူရှိနေမယ်ဆိုတာပါပဲ ။ သားသမီးဆိုတဲ့ လူသား
တွေရဲ့ ရှင်သန်မှု့နေ့ရက်တိုင်းမှာ မိဘဆိုတဲ့ လူသားတွေကို အမြဲအမှတ်ရ ဦးခိုက်
နေသင့်ပေသည် ။

ခိုင်လေး ( ရွှေတောင် )
 
 
 
 
 
 
 
 
 
 
 
 
 
 
 

ဒီနေ့ ထွက်တဲ့ Women's World ဂျာနယ်ပါ ဆောင်းပါးလေးပါ ။ မြန်မာမလေးတွေရဲ့ မူပိုင် သနပ်ခါး

ဒီနေ့ ထွက်တဲ့ Women's World ဂျာနယ်ပါ ဆောင်းပါးလေးပါ ။


မြန်မာမလေးတွေရဲ့ မူပိုင် သနပ်ခါး


ဒီနေ့ ထွက်တဲ့   Women's World ဂျာနယ်ပါ ဆောင်းပါးလေးပါ ။

မြန်မာမလေးတွေရဲ့ မူပိုင် သနပ်ခါး

* ဟဲ့ မျက်နှာပြောင်နဲ့ မိန်းကလေးဖြစ်ပြီး ။ ခု သနပ်ခါးသွားလိမ်း ။ မိန်းကလေးဆိုတာ မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေး ရှိမှ ကျက်သရေ ရှိတာလို့ * အမြဲပြောတတ်တဲ့ မေမေစကားသံလေးကို သတိရမိပါသည် ။ မျက်နှာကို ဘာမှ မလိမ်းချင်တဲ့ ကျွန်မကို မနက်ခင်းတိုင်းမှာ ပြောနေကြ * သနပ်ခါးလိမ်း မှ ကျက်သရေ * ရှိတယ်ဆိုတဲ့စကားလေးကိုခုချိန်မှာ မေမေဘယ်သူ့ကိုများ ပြောနေမလဲလို့ တွေးနေမိသည် ။ သေချာပါသည် ။ မနက်ခင်းတိုင်းမှာ မေမေ ကျွန်မကို သတိရနေမယ်ဆိုတာပေါ့ ။မေမေ ကြိုက်နှစ်သက်တဲ့သနပ်ခါးကို မေမေနဲ့ အစစတူညီတဲ့ ကျွန်မ မမကြီး တစ်ယောက်ကတော့ အလွန်နှစ်သက်သူပါ။မေမေက အမြဲပြောပြတတ်တာတစ်ခုရှိသည် ။ *နင်တို့အမက မွေးတုန်းက တော်တော်လေး အသားမဲတယ် ။ နေ့တိုင်း သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းတတ်တဲ့ သူ့အကျင့်လေးကြောင့် ခုဆို သူ့အသားရေဟာ သနပ်ခါးရောင်ကို ပြောင်းသွားခဲ့တာ* လို့ ပြောပြတတ်ပါသည် ။ အမှန်တကယ်ပါပဲ မမကြီးသည် နေ့စဉ်သနပ်ခါးကို ခြေဆုံး ခေါင်းဆုံး စိတ်ရှည်စွာ လိမ်းတတ်သူတစ်ဦးပါ။ ဒီလိုလိမ်းတဲ့ နေရာမှာလည်း သနပ်ခါး အနှစ်တုံးတွေကိုဘဲ သွေးလိမ်းတတ်ပါသည် ။ ခုဆို သူ့အသားရေဟာ သနပ်ခါးရောင်လို ၀ါဝါ၀င်းဝင်းလေး တစ်ကယ်ဖြစ် လာခဲ့ပါသည် ။ တကယ်တော့ သနပ်ခါးဆိုတာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ကြတဲ့ ရိုးရာ အလှပြင် ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး ။ သနပ်ခါးဟာ အလှအပ အတွက်တင် မကပါဘူး၊ အပူဒဏ်ကို ခံနိုင်တယ်၊အသားအရေကို ချောမွေ့ အေးမြကာ ရနံ့ မွှေးကြိုင် စေတယ်ဆိုတဲ့ ကောင်းချက်လေးတွေကြောင့် သနပ်ခါး အတုံးတွေ၊ အခေါက်တွေက သွေးယူလို့ရတဲ့ အနှစ်ကို မြန်မာအမျိုးသမီးတွေ မြတ်နိုးခုံမင်စွာ သုံးစွဲ ခဲ့ကြခြင်းပါ ။မြန်မာနိုင်ငံက သနပ်ခါး အမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည်ကြီးတွေပါ။ တေးပြုစာဆို နန်းတော်ရှေ့ ဆရာတင် ကတောင် “ရွှေဘို သနပ်ခါးတုံးများ ရန်ကုန် လိမ်းဖို့ယူ” ဆိုပြီးတော့ ရေးဖွဲ့ ခဲ့ပါသေးသည် ။ သနပ်ခါးပင်ကို မြန်မာနိုင်ငံ အထက်ပိုင်း ဒေသမှာ အများဆုံး ပေါက်ရောက်တာ တွေ့ရပြီး ပခုက္ကူ ၊ ရေစကြို၊ မုံရွာ အရာတော် စတဲ့ နယ်တွေမှာ စိုက်ပျိုးကြတာလည်း ရှိတယ်လို့ ဆောင်းပါးတစ်ခုမှာ မှတ်သားခဲ့ဘူးသည် ။ ခုဆိုရင် မြန်မာ့ သနပ်ခါးဟာ အသားအရေကို တကယ်ကောင်းမွန် ထူးခြားတဲ့ အစွမ်းသတ္တိတွေ ကို ပေးစွမ်းတယ်ဆို တာ နိုင်ငံရပ်ခြားတိုင်းပြည် တစ်ချို့ကတောင် အသိမှတ် ပြုလာကြပါပြီ။ သနပ်ခါးသည် နေပူဒဏ် အပြင် နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကို ပင်ကာ ကွယ်နိုင်သည်ဟု အရေပြားဆရာဝန်ကြီးများပြောကြား သည်ကိုလည်း မှတ်သားခဲ့ဘူးသည် ။ သနပ်ခါး လိမ်းသည့် ဓလေ့သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ် တည်းသာရှိမည်ဟု ကျွန်မထင်မြင်မိပါသည် ။ မှတ်မိနေပါသေးသည် ။ ကျွန်မတို့ အဘွားသည် ကလေးငယ်များကို သနပ်ခါးလိမ်းပေးတိုင်း ကလေးငယ်တွေ ပါးစပ် ထဲကို သနပ်ခါးလေးတွေ ခွန့်ပေးတတ်တာကို ခဏခဏ မြင်ဘူးခဲ့သည် ။ကလေးငယ်တွေကို သနပ်ခါးကျွေးတာခြင်းဖြင့် ကျောက်ရောဂါနှင့်ဝက် သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင် ဝမ်းအတွင်းမှ အပူကိုပါ ငြိမ်းစေပါသည် ။ ပါးပြင်က သနပ်ခါးလေးကို မြင်တာနဲ့ မြန်မာအမျိုးသမီးဆိုတာကို တွဲသိတတ်ကြပါဧ။် ။ တကယ်လည်း မြန်မာမလေးတွေ နဲ့ သနပ်ခါးဟာ ခွဲခြားလို့ မရနိုင် ကောင်းပါဘူး ။ ရှေးမြန်မာ အညာကျေးလက်တောသူလေးများရဲ့ ဓလေ့လေးတစ်ခုရှိပါသေးသည် ။ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူကာ နဖူးကိုတင်ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ညာဘက်ပါးပေါ်တင်ကာ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ်တင်ကာ သံဃံ သရဏံ ဂစ္ဆာမိ ဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက်တတ်ကြသည်လို့ ဆရာမ ခင်ခင်ထူးရေးတဲ့ ပါးကွက်ကြား ဆိုတဲ့ ၀ထ္ထုတိုများစာအုပ်လေးမှာ မှတ်သားဖူးခဲ့ပါသည် ။ သနပ်ခါးပါးကွက်ဆိုတာလေးဟာ မြန်မာမိန်းကလေးတွေရဲ့ မူပိုင်လေးပါ ။ နိုင်ငံခြားဖြစ်အလှကုန်တွေ ဘယ်လောက်ကောင်းနေ ပါစေ မြန်မာသနပ်ခါးလေးကိုတော့ မြန်မာ့မိန်းကလေးတိုင်း မြတ်နိုးခုံမင်သင့်ပေသည် ။ ကျွန်မသိပ်သဘောကျတဲ့ ရေးသားမှုလေးတစ်ခုလည်းရှိပါသေးသည် ။ ကာရန်မဲ့ အတွေးစများဆိုတဲ့ ဘလော့လေးမှာ ဖတ်ခဲ့ရတာလေးပါ။ *****ဘယ်သူတွေ ဘာပြောပြော ကျွန်မကတော့ သနပ်ခါး အရမ်းကြိုက်တယ်။ သနပ်ခါး လိမ်းထားလိုက်ရင် စိတ်ကိုအေးချမ်းသွားတယ်။ ဘယ်နေရာ၊ ဘယ်အရပ်ပဲဖြစ်ဖြစ် သနပ်ခါးလိမ်းဖို့ ၀န်မလေးတတ်တာကိုတော့ ကျွန်မကို လူပြောများစေမယ် ထင်တယ်။ ဘာလို့ဆို ဒီမှာ သနပ်ခါးလိမ်းထားရင် အများစုက လှောင်ချင်၊ ပြောင်ချင်ကြသလို၊ ရှုံ့ချချင်သလို ပုံစံမျိုးတွေ တွေ့ရတတ်တယ်။ တချို့ကလည်း ဒီနိုင်ငံသားတွေ အထင်သေး၊ အမြင်သေး ရှိမယ်လို့ ယူဆကြသလား မသိပါဘူး။ ကျွန်မကတော့ တကယ် နားမလည်တာ အမှန်။ ရောမကို ရောက်ရင် ရောမလို ကျင့်ရမယ်ဆိုပေမဲ့ မကောင်းတာ လုပ်ခြင်းမဟုတ်တဲ့ ဒီသနပ်ခါးဟာ ဘယ်လိုကြောင့် လူတွေကို မ၀ံ့မရဲ ဖြစ်စေလဲ မသိပါ။***** သိပ်သဘောကျမိပါသည် ။ နိုင်ငံခြားမှာ သနပ်ခါးမလူးရဘူးလို့ ဘယ်ဥပဒေကမှ ထုတ်မထားပါဘူး ။ ထဘီမ၀တ်ရဘူးလို့လည်း မထုတ်ထားပါဘူး ။ မိမိမှာသာ သူတို့နိုင်ငံ ရဲ့ သတ်မှတ်ချက်တွေကိုသာ ဖောက်ဖျက်ကျူးလွန်ထားတာ မရှိရင် ဘာမှ ဖြစ်လာစရာ မရှိ ပါဘူး ။ သနပ်ခါးဆိုတာ Myanmar Traditional Make-Up ပါပဲ ။ ကဲ ဒီတော့ ဆောင်းပါးလေး ဖတ်ပြီး ကျောက်ပြင် ပေါ်အထက်မှာ သနပ်ခါး အနှစ်တုံးလေးကို မပြစ်ကျဲ အရည်ဖျော်ကာ ဘယ်ဝိုင်းညာဝိုင်း အသာသွေးကာ ပါးပြင်ပေါ် လိမ်းခြယ်သလိုက်ကြရအောင်စို့လားရှင် ။ ခိုင်လေး ( ရွှေတောင် )

ကာမ တဏှာ ရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ ( ဆောင်းပါး)

ဂျာနယ်ပါ ခိုင်လေး ဆောင်းပါးလေးပါ

ကာမ တဏှာ ရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ ( ဆောင်းပါး)
ခိုင်လေး ( ရွှေတောင် )



ကာမ တဏှာ ရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ

ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး တန်ဖိုးရှိတဲ့ ခံစားချက်လေးတစ်ခုလို့
ကျွန်မကတော့ မှတ်ယူမိပါတယ် ။ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေပြီး အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိတွေကိုလည်း မွေးဖွားပေးတတ်ပြန်တယ် ။ ဒီလိုတန်ဖိုးရှိတဲ့
ခံစားချက်လေး တစ်ခုကို ခုခေတ်မှာ ခုတုံးလုပ် အသုံးချနေကြတဲ့ တစ်ချို့တစ်ချို့သော လူ
တစ်စုကြောင့် အချစ် ဆိုတဲ့ အရာဟာ ပေါ့ပေါ့တန်တန်ခံစားချက်တစ်ခု အဖြစ် သမုတ်ခံနေ
ရပါပြီ ။ ခုနောက်ပိုင်း လူငယ်တွေဟာ သိပ်ကိုထက်မြက်လာကြတယ်ဆိုပေမယ့် မကောင်းတဲ့
အရာတွေကိုလည်း လွယ်ကူမြန်ဆန်စွာ အတူယူမှားတတ်ကြတဲ့ နေရာမှာလည်း ပြိုင်စံရှားပါ
ပဲ ။ ခိုင်လေးက အချစ်ကို ပြေးလမ်းတစ်ခုနဲ့ တင်စားချင်တယ် ။ အချစ်သည် ပြေးလမ်းတစ်ခု
ဖြစ်ခဲ့ပါလျှင် လက်ထပ်ခြင်းဟူသည် ပန်းတိုင်ဖြစ်သည် ။ ပန်းတိုင်ဆိုတဲ့ လက်ထပ်ခြင်းကို မရောက်ခင်မှာ အချစ်ဆိုတဲ့ ပြေးလမ်းပေါ် ခြေချော် မလဲမိကြပါစေနှင့် ။ ခြေချော်မလဲဖို့ဆို
တာ ချစ်သူ ဆိုတဲ့ ဝေါဟောရလေးကို တန်ဖိုးထားတတ်ဖို့က အဓိက ကြပါတယ် ။ ချစ်သူ
ဆိုတာ မိမိဘက်က မြတ်နိုးချစ်ခင်စုံမက်ရသူကို ခေါ်ပါတယ် ။ မိမိမြတ်နိုးရတဲ့ ပစ္စည်းလေးတွေကိုတောင် လူတွေ
ဘယ်လောက်ထိ တန်ဖိုးထားကြပါသလဲ ။ ဒီလိုပါပဲ ချစ်သူဆိုတာ ပစ္စည်းဆိုတဲ့ ရုပ်ဝထ္ထု
တွေထက် တန်ဖိုးရှိတဲ့ သက်ရှိတွေပါ ။ သက်ရှိချစ်သူတွေကို အရာဝထ္ထု ဆိုတာတွေထက် ပို
လို့တောင် မြတ်နိုး တန်ဖိုးထားအပ်ပါတယ် ။ ချစ်သူဘ၀မှာ မိမိချစ်သူကို တန်ဖိုးထားခြင်းဖြင့်
ချစ်သူရဲ့ အပျိုစင်ဘ၀လေးတွေကို အလွဲသုံးစားမလုပ်မိကြဖို့က အရေးကြီးပါတယ် ။ ပါးစပ်
ကတော့ ချစ်တယ်ဆိုတဲ့ စကားကို ဖောဖောသီသီ သုံးစွဲပြီး အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်
ကာမ တဏှာ ကိုသာ အာရုံထားနေကြတဲ့ ယနေ့ခေတ်ကာလကြီးရဲ့ မျက်မှောက်အခြေနေ
တစ်ခုဟာ သိပ်ကိုရင်လေးစရာကောင်းလာပါပြီ ။ မိန်းကလေးတွေကလည်း ယောကျာင်္းလေး
တွေကို မိန်းမပီသခြင်း ၊ လိမ်မာယဉ်ကျေးခြင်းဆိုတာတွေနဲ့ မဆွဲဆောင်တော့ဘဲ ဒီအတွေ့
ဆိုတဲ့ ကာမ တဏှာ တွေနဲ့ ချည်နှောင်လာကြတာလည်း သိပ်ကိုရင်ထုမနာ ဖြစ်စရာကောင်း
လာပါတယ် ။ အတွေ့အထိကို တပ်မက်တတ်တဲ့ ဖောဋ္ဌဗ္ဗတဏှာထဲကနေ ရုန်းမထွက်နိုင်ကြ
တဲ့ အခါ မလိုလားအပ်တဲ့ လူမှု့ ပြသနာပေါင်းများစွာကို ရင်ဆိုင်နေကြရတဲ့ လူတွေ ဒုနဲ့
ဒေးဖြစ်လို့နေပါပြီ ။ ဒီထဲက ရင်နာစရာ ဇာတ်လမ်းလေး တစ်ခုကို ပြောပြချင်တယ် ။ ခိုင်လေး
နဲ့ ညီမတွေလို ရင်းနှီးရတဲ့ ညီမငယ်တစ်ယောက်က ရင်ဖွင့်လာပါတယ် ။

*သူ့အမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ် ။ နေ့တိုင်း အွန်လိုင်းတက်ပါတယ်။
သူအမျိုးသမီးလေး မြန်မာပြည်မှာ ကလေးတစ်ယောက်နဲ့ပါ။ သိပ်ချစ်စရာကောင်းတဲ့
သမီးလေး တစ်ယောက် သားလေးတစ်ယောက်ရှိပါတယ် ။ သားလေးက ခုမှ လသား အရွယ်
လေးရှိပါသေးတယ် ။ သူတို့ဇနီးမောင်နှံဟာ သိပ်ကို ပျော်ရွင်စရာ ကောင်းတဲ့ မိသားစုဘဝ
လေးကို အောင်မြင်စွာ တည်ဆောက်ထားကြသူတွေပေါ့ ။ အိမ်ထောင်သက် ဆယ်စုနှစ်တိုင်
ခဲ့လေပြီ ။ ဒီချိန်မှာ သူ့တို့ မိသားစုလေးထဲကို မထင်မှတ်တဲ့ ရှူထောင့်တစ်ခုကနေ မုန်တိုင်း
ဝင်ရောက်ခဲ့တယ် ။ သူ့မအမျိုးသားက အွန်လိုင်းမှာ သူ့အမျိုးသမီး မသိအောင် တစ်ခြား
အကောင့်တစ်ခု ကိုထပ်ဖွင့်ကာ ကဗျာလေးတွေ ရေးတယ် ။ ဒီမှာဘဲ သူလို ကဗျာတို စာတို
လေးတွေ ရေးတတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရင်းနှီးပတ်သတ်ခဲ့ကြတယ် ။ ဒီအမျိုး
သမီး pageမှာ လူငါးထောင်လောက်တောင်ရှိတယ်ဆိုပဲ ။ ဒီလိုနဲ့ သူတို့ ချစ်သူတွေ ဖြစ်သွား
ကြတယ်ပေါ့ ။ အမျိုးသားက မြန်မာပြည် ပြန်တဲ့အချိန်မှာ မိသားစုအိမ်လေးကို အရင်ပြန်မလာ
ဘဲ အွန်လိုင်းကတွေ့တဲ့ ချစ်သူအသစ်လေးဆီကို အရင်သွားတွေ့ခဲ့တယ် ။ အိမ်သူသက်ထား
ဇနီးမယားလေးက ဒီကိစ္စကို သိပေမယ့် မသိချင်ယောင်ဆောင်နေပေးခဲ့တယ် ။ အချိန်တန်
လို့ အိမ်ပြန်လာတော့ ဇနီးသည်သိသွားပြီဆိုတာကို အမျိုးသားက သိသွားခဲ့တယ် ။ ဇနီးက
လည်း အွန်လိုင်းက မမကို ဖုန်းဆက်ပြီး အေးအေးဆေးဆေး ဒီအမျိုးသားမှာ အိမ်ထောင်ရှိ
ကြောင်း ၊ ကလေး နှစ်ယောက်လည်းရှိကြောင်းပြောပြမိတယ် ။ ဇနီးသည်ထင်မှတ်ထားတာက
အိမ်ထောင်ရှိမှန်းမသိလို့ ဒီအမျိုးသမီး ပတ်သတ်တယ်ပေါ့ ။ သူအမျိုးသားက လူပျိုလို့ ပြော
ထားတာမို့ သူမက သိအောင် အသိပေးလိုက်တဲ့ သဘောပါ ။ အွန်လိုင်း ချစ်သူမမက လူပျို
လို့ ထင်လို့ကြိုက်ခဲ့တာမှန်ပေမယ့် ခုလို သူကို ပြောတာ သူကိုဆွနေတာသလားလို့ ဇနီး
သည်ကို ပြန်မေးသတဲ့ ။ ငါက နင်ယောကျာင်္းကို တစ်သက်လုံး ဘာမှ မခိုင်းဘဲ တင်ကျွေးထား
နိုင်တယ် ။ နင်တို့သာ နင်အမျိုးသားမရှိလို့ ဒုက္ခရောက်သွားမယ်လို့ ပြန်ချိန်းခြောက်သွား
သတဲ့ ။ အွန်လိုင်းချစ်သူမမ အသက်က သုံးကျော်ပါပြီ ။ ဒီမှာဘဲ ဇနီးသည်ကောင်မလေးက
သူအမျိုးသားကို ကွာရှင်းခွင့်တောင်းပါတော့တယ် ။ သူ့မ အမျိုးသားက အွန်လိုင်းကမမကို
စာတွေခိုးပို့တယ် ။ ဖုန်းတွေ ခိုးဆက်တယ် ။ ဒါပေမယ့် ဇနီးကိုလည်း ကွာရှင်းခွင့်မပေးဘူး။
အွန်လိုင်းမမဆီက ဖုန်းတွေလာရင် လင်မယားစကားများပြီဆို ကလေးတွေကို ရိုက်လာတဲ့
အထိ အသိတရားတွေ ခေါင်းပါးလာတယ် ။ အရက်တွေ နေ့တိုင်းသောက်လာတယ် ။ *

ဇာတ်လမ်းလေးကတော့ ဒါလေးပါပဲ ။ နားထောင်နေရတဲ့ ခိုင်လေးရင်ထဲ တစ်စက်လေးမှ
မကောင်းပါဘူး ။ ဒီပြသနာကို ခိုင်လေး စိတ်ထဲ တွေးမိတယ် ။ အွန်လိုင်းချစ်သူမမ ကို အရင်
သုံးသပ်မိတယ် ။ သူမကဗျာတို စာတိုတွေ ရေးနေတဲ့သူဆို ဘာဖြစ်လို့သူတစ်ပါး အိမ်ထောင်
ကိုဖျက်ဆီးချင်ရသလဲ ။ သူကိုခင်မင်လေးစားလို့ အပ်ထားတဲ့ သူငယ်ချင်းငါးထောင် အတွက်
သူ့လုပ်ရပ်က ရုပ်ဆိုးအကျည်းသန်လွန်းနေပါတယ် ။ နောက်တစ်ချက်က မသိလို့ ချစ်မိခဲ့
တယ်ထားပါအုံး ။ အွန်လိုင်းမှာ တွေ့ကာချစ်သူ ဖြစ်တဲ့ ယောကျာင်္းတစ်ယောက် အကြောင်းကို
ဘာတစ်ခုမှ မလေ့လာ တော့ဘူးလား ။ ခုခေတ်မှာ အွန်လိုင်းကနေ ချစ်သူဖြစ်ကာ ဘ၀တစ်
သက်တာ လက်တွဲသွားသူတွေ ပေါများလာပါပြီ ။ ခိုင်လေး ကိုယ်တိုင် ခိုင်လေး အမျိုးသားနဲ့
အွန်လိုင်းမှာ ချစ်သူတွေဖြစ်ခဲ့တာပါ ။ ချစ်သူဖြစ်တယ် ။ သူကိုလေ့လာတယ် ။ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူအိမ်ကို သွားလေ့လာတယ် ။ သူ လူပျိုလို့ပြောတာ တစ်ကယ်
ဟုတ်မဟုတ် ၊ လူလွတ်ဆိုတာ သေချာအောင် ခိုင်လေး ကိုယ်တိုင် သူတို့လမ်းထဲကို သွား
လေ့လာခဲ့တယ် ။ သေချာပြီဆိုမှာ လက်ထပ်ဖို့ စီစဉ်ခဲ့ပါတယ် ။ ဒီလိုဘဲ ဖြစ်သင့်တယ်လို့
ထင်မြင်မိတယ် ။ အွန်လိုင်းမှာတွေ့တယ် ။ အကျိုးကြောင်း နောက်ကြောင်း ဘာတစ်ခုမှ လေ့
လာခြင်းမရှိဘဲ တွေ့တာနဲ့ တန်းပြီး တုတူနေလိုက်ကြတဲ့ ယနေ့ခေတ်ကာလ အနေထိုင် အယူဆတွေကို နားမလည်နိုင်အောင် အံ့သြမိတယ် ။ သှူု့တစ်ပါးမိသားစုကို ဖျက်ဆီးပြီးမှ
ရလာမယ့် ကိုယ်ရဲ့ပျော်ရွင်ခြင်းတွေ အတွက် ကိုယ်လိပ်ပြာကိုယ်လုံရဲ့လားလို့ မေးချင်
မိတယ် ။ လူတစ်ယောက်မှာ ပိုက်ဆံတွေ ဘယ်လောက်ရှိနေပါစေ ၊ ပညာတွေ မည်မျှတတ်
နေပါစေ ကိုယ်ကျင့်တရားခေါင်းပါးသူသည် အလကားလူသာ ဖြစ်ပါတယ် ။

*****အရှက်အကြောက်ရှိရမည်

*****ရတနာသုံးပါအတွက်နေ့ညမပျက်ဆောင်ရွက်အားထုတ်ရမည်

*****မိဘ၊မောင်ဘွားကိုအထူးရိုသေလေးစားရမည်

*****မိခင်အလုပ်(အိမ်မှူ့ကိစ္စ)ဟူသမျှကိုတတ်ကျွမ်းကူညီနိုင်ရမည်

*****အတတ်ပညာသင်ကြားခြင်းတို့ကိုပျင်းရီတွန့်တိုသောစိတ်ကိုမထားပဲ ထကြွလုံးလ၀ရိယရှိရ့မည်

*****ဆွေမျိုးမိတ်သင်္ဂဟတို့၏၀တ္တရားကိုနားလည်ရမည်

*****အိနြေ္ဒခြောက်ပါးကိုရိုသေစောင့်ထိန်းရမည်
ဆိုတဲ့ အပျိုမိန်းကလေးများ၏ ကိုယ်ကျင့်တရား(၇)ပါး ကိုမိန်းကလေးတိုင်း
စောင့်ထိန်းကြရင်သိပ်ကောင်းမယ်လို့ တွေးမိတယ် ။ ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော အမျိုးသမီးလေးတွေလည်း အများပြား ပေါ်ပေါက်စေချင်
မိပါတယ် ။

အိမ်ထောင်သည်အမျိုးသားတစ်ယောက်အနေနဲ့လည်း မိမိအိမ်ထောင်ကို တန်ဖိုးထား
သင့်ပါတယ် ။ တွေးကြည့်ရင်တောင် အဖြေကရှင်းနေပါသေးတယ် ။ အိမ်ထောင်ရှိနေ
မှန်းသိနေတာတောင် ကိုယ့်ကို ပြန်လက်ခံတဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ ဘယ်
နေရာမှာဘဲရှိနေမလဲ ။ ခုမှမြင်ဖူးတဲ့ ယောကျာင်္းတစ်ယောက်ကို တွေ့တာနဲ့ လိုက်အိပ်
တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကကော ဘယ်အတိုင်းတာထိ တန်ဖိုး
မဲ့နေပြီလဲ ဆိုတဲ့အချက်တွေကို ထည့်တွေးကြည့်ပါ။ မိမိဇနီးသည် နဲ့ နှိုင်းယှဉ်စရာ
ကြောင်းကို မရှိပါ ။ မိသားစု ဆိုတာ ဒီအဖေ ဒီအမေ ဒီသား ဒီသမီး စုဝေးထားတဲ့ အသိုက်မြုံလေးကို ခေါ်ဆိုခြင်းပါ ။ တန်ဖိုးကြီး မြင့်မြတ်လှတဲ့ မိသားစုအဆောက်အုံလေးတစ်ခုကို
တန်ဖိုးမရှိတဲ့ မိန်းမတစ်ယောက်အတွက် ဖျက်ဆီး ပျက်ဆီးအောင် မလုပ်ဆောင်သင့်ပါဘူး။
အတွေ့အထိကို တပ်မက်တဲ့ ဖောဋ္ဌဗ္ဗတဏှာ ဆိုတာကို မိမိကိုယ်ကနေခွာချနိုင်အောင်ကြိုး
စားသင့်ပါတယ် ။ မိမိတို့ ဆယ်စုနှစ်တိုင်အောင် တည်ဆောက်မိသားစု အသိုက်မြုံလေးကို
ကာကွယ်ပေးပါ။ တစ်ယောက်ရင်ငွေ့ကိုတစ်ယောက်ကခြုံထားကြတဲ့ မိသားလေးမှာ ခြုံစရာ
ရင်ငွေ့လေး မပျောက်ပါစေနဲ့။ လွန်ဆွဲကြစတန်းဆိုရင်တောင် အွန်လိုင်းချစ်သူမမက တစ်ယောက်ထဲ ပါ။ ဒီဘက်မှာက မင်းအသွေးသားတွေနဲ့ ဖွဲ့တည်ဆောက်ထားတဲ့ အပြစ်မဲ့ သမီး နဲ့သား ၊ မရှိအတူ ရှိအတူလက်တွဲ ရင်ဆိုင်ခဲ့တဲ့ ဇနီး လူသားသုံးယောက်ပါ ။။ တစ်ယောက်သောက ကို တစ်ယောက်ကမျှဝေခဲ့ကြတဲ့ မိသားစုလေး
အပေါ် ကရုဏာထားကာ ငါရဲ့ အတွေးခေါ် ၊ ငါလုပ်ဆောင်ချက်တိုင်းသည် ငါမိသားစု အတွက်ဆိုတဲ့ စိတ်ကူးသစ်တွေနဲ့ ကာမ တဏှာ ရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ ။ ငါ့မိသားစုအတွက် ငါသာဖြစ်ရမယ်ဆိုတဲ့ ခံယူချက်တွေကို ချမှတ်ရင်း မိုက်မဲခြင်း အမိုက်မှောင်ထဲကနေ အလင်းထဲကို အမြန်ဆုံး ထွက်လာနိုင်ပါစေ ။
ချစ်ခြင်းမေတ္တာတရားတွေ နဲ့ ပြည့်စုံနေတဲ့ မိသားစု ထမင်းဝိုင်းလေးက သင်ကို အဆင်သင့် စောင့်မျှော် နေလေရဲ့ ။

ခိုင်လေး ( ရွှေတောင် )

ကာမ တဏှာ တွေနဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးကြပါစေ ။
အိမ်ထောင်သည်တိုင်း တစ်ယောက်သောက ကို တစ်ယောက်ကမျှဝေခဲ့ကြတဲ့ မိသားစုလေးအပေါ် သစ္စာတရား လက်ကိုင်ထားနိုင်ကြပါစေ ။
လူသားတိုင်း မိသားစု ဘ၀တွေကို ဖျက်ဆီးသူတွေ အဖြစ်ကနေ ကင်းဝေးကြပါစေ

စကားမပြောသော သွေး


* စကားမပြောသော သွေး *

ဒီခြံလေးရှေ့ကနေ ဖြတ်လျှောက်မိတိုင်း ပုံရိပ်တစ်ချို့ကို ပြန်ပြောင်းလို့မြင်ယောင်မိတတ်ပါသည် ။ လွမ်းတယ်ဆို သည့်ခံစားချက်ကို ချစ်သူရည်းစားတွေတင်မက ခင်မင်သံယောဇဉ်ရှိသူတိုင်း ဖြစ်တည်ခွင့်ရှိသည် ။ သူမဆုံးပါးသွားခဲ့သည်မှာ နှစ်များစွာတိုင်ခဲ့လေပြီ ။သို့သော် ဒီခြံလေးရှေ့ကို ဖြတ်လျှောက်မိတိုင်း အပြုံးချိုချိုများဖြင့် တန်ဆာဆင်ထားတတ်သူ သဘောင်္သားကတော် အန်တီချိုကို ကျွန်မသိပ်လွမ်းသည် ။ ကျွန်မမိဘနှစ်ပါးစလုံးက ၀န်ထမ်းတွေ ဖြစ်တာမို့ မြို့အစုံကို မကြာခဏဆိုသလို ပြောင်းရွေ့ရတတ်သည် ။ဒါကြောင့်မို့ ကျောင်းနေရမည့် အရွယ်ကိုရောက်ကတည်းက နေရာအတည်တကျဖြစ်စေရန် ဘိုးဘိုး ၊ ဘွားဘွားတို့ အိမ်တွင်နေကာ ကျောင်းတက်ခဲ့ရသည် ။ ကျောင်းပိတ်ရက်တွေကို ရောက်မှ မိဘတွေဆီ တစ်လှည့်ပြန်နေခဲ့ရသူပါ ။ ဒီမှာဘဲ အဘိုး အဘွားတွေရဲ့ အိမ်နီးချင်း မိတ်ဆွေ အန်တီချိုနှင့် ခင်မင်ရင်းနှီးခဲ့ရသည် ။  အန်တီချို ရဲ့ အပြုံးတွေကို ကျွန်မ အရမ်းသဘောကျသည်။ ဘယ်လောက်ဘဲ စိတ်ဆင်းရဲနေပါစေ ကျွန်မကို တွေ့တာနှင့် အချိန်မဆိုင်း အပြုံးတွေကို တန်ဆာဆင်တတ်သူတစ်ဦးပါ ။ ခုဆို ကျွန်မ အရွယ်ရောက်လို့ လုပ်ငန်းခွင်တောင် ၀င်နေခဲ့ပြီ ။ အန်တီချို ဆုံးပါးခဲ့သည်မှာလည်း နှစ်အတန်ကြာခဲ့ပြီပေါ့
 ။ သို့သော် အန်တီချို ခြံရှေ့မှ ဖြတ်လျှောက်ကာ ဘိုးဘိုး ဘွားဘွားတို့ဆီကို လာလည်သည့် အချိန်တိုင်း သူမကို အထူးသတိရမိတတ်သည် ။  အန်တီချို ဧ။် ပုံရိပ်လွှာများသည်လည်း ကျွန်မ အာရုံထဲတွင် ပြန်လည်ထင်ဟပ်လာရစမြဲပါပဲ ။

**************************************************************
ကျွန်မ ဘိုဘိုးတို့ အိမ်ကို စပြောင်းလာသည့် နေ့မှာဘဲ အန်တီချို နဲ့ စတင်ခင်မင်
ခဲ့ရလေသည် ။ ခြံထဲ ပြေးလွှားဆော့ကစားနေသူ ကျွန်မကို မီးလေးဆိုသည့် အခေါ်ဝေါ်လေးတစ်ခုနှင့်အတူ ပါးလေးကို ချစ်စနိုး ဖျစ်ကာ ပြုံးပြနှုတ်ဆက်လိုက်ချိန်ကတည်းက သူမကို သိပ်ချစ်ခဲ့မိသည် ။တာဝန်ကျေပွန်သော  ခင်ပွန်းသည် ဦးဦးသဘောင်္သားကြီးနှင့်  အိမ်ထောင်ရှင်မကောင်း ပီသသူ  ဒေါ်လေးချို တို့ဘ၀လေးသည် သိပ်ကိုသာယာခဲ့သည် ။နှစ်အနည်းငယ်ကြာသောအခါ
သားဦးရတနာလေးကို မွေးဖွားခဲ့ခြင်းဖြင့် မိသားသားစုဝင် အသစ်တစ်ယောက် တိုးပွားခဲ့ရပြန်လေသည်   ။ တစ်ဦးတည်းသော သားလေးကို ချစ်လိုက်ပုံများ လူတိုင်းပါးစပ်ဖျားချီးကျူးမဆုံးနိုင်အောင်ဖြစ်ခဲ့ရဘူးသည်ဟု ဘိုးဘိုးက မကြာခဏပြောပြတတ်၏် ။ ကျွန်မပြောင်းလာချိန်မှာ သူမ သားဖြစ်သူ ကိုကိုကျော်သည် ကျွန်မထက်သုံးနှစ်စောကာ ကျောင်းတက်နေခဲ့လေပြီ ။ မီးလေး  ပြောင်းလာပြီး ငါးနှစ်လောက်အကြာမှာ ဒေါ်လေးချို ခင်ပွန်းဖြစ်သူ  ရုတ်တစ်ရက် ဆုံးပါးသွားခဲ့ဧ။် ။

***************************************************
ခင်ပွန်းသည် ရုတ်တစ်ရက် ဆုံးပါးသွားချိန်တွင် ဒေါ်ချိုတစ်ယောက် အတော်
လေး ကသီလင်တ နိုင်ခဲ့လေသည် ။ အိမ်ထောင်ထိန်းသိမ်းမှု့ကလွဲလျှင်ဘာကိုမှ မယ်မယ်ရရမလုပ်တတ်သူမို့ ရှိတာလေးတွေနဲ့ သားမိနှစ်ယောက် ဘ၀ကို ရှေ့ဆက်ခဲ့ကြရသည် ။  မလုပ်တတ် လုပ်တတ်ဖြင့် လုပ်ကြည့်သော စီးပွားရေး လုပ်ငန်းများသည်လည်း အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရလေသည် ။ ရှိတာလေးတွေကို ထုခွဲရောင်းချရင်း ဘ၀ကို ရှေ့ဆက်လာလိုက်ကြတာ ခုဆို ကိုကျော်တောင် ဆယ်တန်းကျောင်းသားကြီး ဖြစ်လို့နေချေပြီ ။ ဖခင် ရှိစဉ်ကပြည့်ပြည့်စုံစုံနေလာခဲ့ရသူ  သားလေးကိုသနားသည့်
စိတ်ဖြင့် အရင်ထက်  နှစ်ဆတိုးကာ  အလိုလိုက်ခဲ့မိသည်မှာ ကျွန်မရဲ့ အမှားတွေပေါ့ ။မနှစ်က နှစ်ကုန်ခံနီးလောက်မှာ သားကားလေးကို ရောင်းလိုက်ရပြန်သည် ။သူ့ကားရောင်းလိုက်သည့်နေ့ကဆို ကျွန်မကို သားက လုံးဝစကားမပြောတော့
။ အိမ်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ ဘယ်တုန်းကမှ စိတ်ဝင်တစား မရှိခဲ့သည့် သား ။ ပိုက်ဆံလိုလျှင် တောင်းမည် ။
မပေးလျှင် အမေကို မျိုးစုံ ပြသနာရှာမည် ။ ဒါသူ့ အလုပ်ပဲ ။ အမေကို သောင်းကျန်းလျှင် ဘေးပတ်ဝန်းကျင်က ကြားလို့မတော်သော
စကားလုံးတွေကို သုံးနှုန်းပြောဆိုတတ်ပြန်သည်  ။တရားလွန် အလိုလိုက်မှု့ရဲ့ ရလာဒ်တွေပေါ့ ။ သားလေးသောင်းကျန်းပြီးလို့ ထွက်ခွာသွားလျှင် အပြေးလွှားလာရောက် နှစ်သိမ့်တတ်သူက ခေါင်းရင်းအိမ်မှ မီးလေးပါပဲ ။ မီးလေးဆိုတာ ကျွန်မ သမီးရင်းလေးတစ်ဦးပမာ ချစ်ခင်ရသူလေးပေါ့  ။ မီးလေးလို သားကိုလည်း လိမ်မာစေချင်လိုက်တာ ဆိုသည့်အတွေး မျိုး မကြာခဏ တွေးမိ၏ ။  တရားလွန်အလိုလိုက်ခဲ့ခြင်းအကျိုးကျေးဇူးကြောင့် သားလေးက ခုချိန်မှာ အရမ်းဆိုးတဲ့ လူငယ်လေး တစ်ဦး အသွင်ကို ဆောင်နေခဲ့ပါပြီ ။မိဘတိုင်း မိမိတို့ရင်သွေးငယ်တွေကို ချစ်ကြသူတွေပါ ။ သားသမီးကို
ကောင်းစေချင်တော်စေချင်တာလည်း  မိဘတိုင်းရဲ့ တူညီတဲ့ ဆန္ဒတစ်ခုဖြစ်နေမှာ မလွဲဧကန်ပါပဲ ။သို့သော် ရတနာကဲ့သို့ အဖိုးအနဂ္ဂ ထိုက်တန်သည့် တန်ဖိုးရှိသော ရင်သွေးငယ်တွေကို ရဖို့ဆိုတာ မိဘမည်သော  လူသားတို့တွင် တာဝန်ရှိပေသည် ။ မိဘဆိုသည်မှာ လက်ဦးဆရာတွေပင်ဖြစ်လေသည် ။ ရတနာလေးတွေကို ရတာ နာတာတွေမဖြစ်စေဖို့ ချစ်တဲ့နေရာမှာ ရေတိုကို မကြည့်ကြဘဲ
ရေရှည်ကိုကြည့်ကာ ချစ်တတ်ဖို့က အဓိက ကျတယ် ဆိုသည့် အချက်ကို အချိန်တော်တော်နောက်ကျပြီးမှ ကျွန်မ သိရှိခဲ့မိသည် ။

သူလိုချင်တာဆို ချက်ချင်းရမှ ကျေနပ်တတ်သူ ကျွန်မသား ။ သူ့ဖေဖေ မရှိကတည်းက ရှိတာလေးတွေကို ထုတ်ရောင်း ထုတ်ရောင်းနဲ့ခုဆို အိမ်တောင် အခွံ့ဘဲ ကျန်တော့သည် ။ ဒီအိမ်လေးကိုတော့ ဘယ်လိုကြောင့်နဲ့မှ ထုတ်ရောင်းလို့မဖြစ်ချေဘူး ။
 နောက်ဆုံးလက်ကျန်ဖြစ်တဲ့ နားမှာ ပန်ထားသည့် နားကပ်လေးနဲ့ လက်ထပ်လက်စွပ်လေးကို ထုခွဲရောင်းချမည် ။ ရသည့်ပိုက်ဆံလေးဖြင့်  ရပ်ကွက်ဈေးထဲ ဆိုင်ခန်းလေးတစ်ခန်း ၀ယ်ယူကာ ဈေးရောင်းမည် ဆိုသည့် စိတ်ကူးလေးတစ်ခု
ကျွန်မ ခေါင်းထဲကို ရောက်နေခဲ့တာ  ကြာပါပြီ  ။ ဒီနေ့တော့ ထိုစိတ်ကူးလေးကို လက်တွေ့ အကောင်ထည်ဖော်ရန်အတွက်  ရွှေဆိုင်သို့သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်။


*****************************************************************

ကျွန်တော်သည် အမေတစ်ခုသားတစ်ခု ဖြစ်၏် ။ ကျွန်တော်အတွက် အမေရှိရင်ထမင်းအိုးရှိပြီပဲ ။ အပူပင် မရှိ ဘ၀လမ်းကို လျှောက်လှမ်းခဲ့ရသည့် ကျွန်တော်ဘ၀တွင်လိုချင်တာမှန်သမျှနှုတ်က ဖွင့်ဟပူဆာလိုက်တာနဲ့ ဖြည့်စည်းပေးတတ်သူ မေမေ
ကြောင့် ရှေ့ဆက်ရမည့် အနာဂတ်ဘ၀ခရီးဆိုတာကို တစ်ခါမှ တွေးမပူခဲ့ပါ ။မေမေရင်ခွင်ဧ။် နွေးထွေး လုံခြုံမှု့ကိုလည်း  တန်ဖိုးထားရကောင်းမှန်းမသိခဲ့သူတစ်ဦးပါ ။တစ်နေ့ တော့ သူငယ်ချင်းတွေ စုကာ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်ကြသည် ။ မောင်
မောင်စီးလာသော ကားကို မောင်းချင်နေသည့် စိတ်တွေ တားမရ ဆီးမရ ဖြစ်နေမိ၏် ။ဖေဖေ ရှိစဉ်က အိမ်မှာ ရှိခဲ့ဘူးသော  ကားလေးကို မနှစ်ကမှ မေမေကရောင်းပစ်လိုက်လေသည် ။ ခုနှစ်တန်းလောက်ထဲက ကားမောင်းနေတတ်သည်မို့ ကားရောင်းလိုက်တဲ့နေ့ကဆို  ကျွန်တော် အတော်လေး ခံစားခဲ့ရသည် ။ မေမေကို စကား မပြောချင်လောက်အောင် စိတ်ဆိုးခဲ့သည် ။  ခုမောင်မောင်ကားကို မြင်တော့ ကားမောင်းချင်တဲ့စိတ်တွေက မရိုးမရွ ဖြစ်နေပြီ  ။ ဖြစ်နေသည့် စိတ်ဆန္ဒကို
တားဆီမရနိုင်တဲ့ အဆုံး မှာတော့

* ဟေ့ကောင် မောင်မောင် ။ ငါကို ကားခဏလေး ပေးမောင်းကွာ *
* ဟ ဖြစ်ပါ့မလား  ကျော်ကျော် ။ တစ်ခုခုဖြစ်ရင် ငါဘိုးတော် အသေပူမှာနော် *
* မင်းကလည်း ဖြစ်ပါတယ် ။ အရင်လည်း ငါအိမ်ကကားကို မောင်းနေကျကို *
* သိတယ်လေ။ခုက မင်းမမောင်းတာ ကြာနေပြီ ။ တခုခု ဖြစ်မှာဆိုးလို့ ပါ။
ဖြစ်ရင်ငါက ဘာမှအရေးမကြီးဘူး ငါဘိုးတော် ဘွားတော်က တော့ရမှာမဟုတ်ဘူး။
ဒါကြောင့်ပြောတာပါကွာ *
* စိတ်ချစမ်းပါ ။ ဘာမှ မဖြစ်စေရဘူး ။ အေးကွာ တကယ်လို့ ဖြစ်တယ်ထား ။
မင်းကားတခုခုသာဖြစ်သွားရင် ငါလျှော်ပေးပါ့မယ် *
* ဒီလောက်တောင် ပြောမရလည်း မောင်းကွာ ။ ရော့ ဒီမှာ ကားသော့ ။ သတိထားမောင်းနော် ဆရာသမား *
* အေးပါကွာ ။ စိတ်ချ ။ ငါလစ်ပြီ ။ *

သိပ်ဖြစ်ချင်နေတဲ့ အာသီတလေးပြည့်သွားပြီမို့ ကားဆီကို လျှောက်နေသည့် ခြေလှမ်းတွေက သွက်လက်မြန်ဆန်နေကြသည် ။  ကားသော့ကို လက်ညှိုးလေးနဲ့လှည့်ကာ လှည့်ကာ ဖြင့်  လေးတောင်ခွန်လိုက်မိသေး ။ ကားပေါ်မတက်မှီ ကားကို
တစ်ပတ် ပတ်ကြည့်လိုက်မိပါသေးသည် ။ ပြီးမှ  ကားပေါ်တက်ကာ မောင်းထွက်လာလိုက်ဧ။် ။ စိတ်ကြိုက်မောင်းပြီး ပြန်ဖို့ အတွက် ကားကိုကွေ့လိုက်မိချိန်တွင်" ဒုံး" ကနဲအသံနှင့်အတူ ကားတစ်စီးလုံးတုန်ခါသွားပါတော့သည်။ အသိတရားမှဖြတ်ခနဲပေါ်
ခြင်းကြောင့် ကားပေါ်မှလျင်မြန်စွာဆင်းလိုက်ပါသည် ။တိုက်မိသောမော်တော်ကားအားအရင်ဆုံး တောင်းပန်လိုက်သည် ။ပြီးတော့  ပျက်စီးသွားသမျှမော်တော်အားကြည့်ရှူပြီး ပျက်စီးသွားတဲ့ တန်ဖိုးတွေကို ပေးလျော်မည့်အကြောင်း ၊ လျှော်ဖို့ငွေကို အိမ်လိုက်ယူ
ရန်ပြောကာ ကျွန်မတော်ကားနောက်ကနေ တပါးတည်းလိုက်ပါစေခဲ့သည် ။သူငယ်ချင်းတွေ ရှိရာကို ပြန်လာပြီး ကားပိုင်ရှင်သူငယ်ချင်းကို အကျိုးကြောင်းပြောပြီးသူကိုပါ တပါတည်းခေါ်ကာ အားကိုးရှိရာ အမေအိမ်သို့ အရောက်ပြေးရပါတော့သည်။

*****************************************************************

ဟူးးးးးးးးးးးးးး !

ဆိုတဲ့လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ရွှေရောင်းလို့ ရလာသည့် ငွေစက္ကူပိုက်ဆံများကို တစ်ကျော့ပြန် ရေတွက်ပြီး  အမောပြေ ထိုင်လိုက်ချိန် အိမ်ရေသို့ ကားရပ်သံ ကြားလိုက်ရသည် ။ ဘယ်သူတွေပါလိမ့် ဆိုတဲ့ မေးခွန်း အတွေးနဲ့ ခေါင်းတစ်ချက်ပြူကြည့်လိုက်မ၏် ။ အူယား ဖားယား အိမ်ထဲကို ပြေးဝင်လာသည့် သားတော်မောင် ။ အော် သားနဲ့ သူ့သူငယ်ချင်းတွေ ပါလာကြတာထင်ပါရဲ့ ဆိုတဲ့ အတွေးလေးမှ မဆုံးခင် အပြေးတစ်ပိုင်းဝင်ရောက်လာသည့် သားက

* အမေ လုပ်ပါအုံးဗျာ ။ကျွန်တော် သူငယ်ချင်းကားကို ယူမောင်းမိတာ အခုလေ တိုက်မိပြီ ။ တိုက်တာမှ တခြားကားကိုပါ တိုက်မိတာ ။*
* အောင်မလေးသားရယ် *


လျော်ရမှာထက် သားဘာဖြစ်သွားသေးလည်းဆိုတဲ့ အသိက ခေါင်းထဲကို ဦးစွာဝင်ရောက်လာသည် ။ မျက်လုံးအစုံက သားတစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်မိဧ။်  ။သားကိုယ်ပေါ်မှာ ဒဏ်ရာ ဒဏ်ချက်တစ်ခုတစ်လေတောင် မတွေ့ရတော့မှ စိတ်ကဒုံးဒုံးချချကာ လျှော်ဖို့အရေးကို ထပ်တွေးရပြန်သည်  ။ ပါလာတဲ့ ဧည့်သည်တွေကလည်း အိမ်ထဲကို ရောက်ပြီမို့ ထိုင်ဖို့ နေရာထိုင်ခင်းပေး ပေးလျှော်ရမည့် ငွေအမောက်ကို မေးကာ လျော်လိုက်ရပါတော့သည်  ။ ခုနလေးတင် ရွှေရောင်းလာခဲ့
သော ပိုက်ဆံများသည် လျော်ကြေးငွေ အဖြစ် ရုတ်ချည်းပြောင်းလဲခဲ့ရလေဧ။်  ။ သောင်းဂဏန်းသာသာ ပိုက်ဆံလေးသာ ကျွန်မလက်ထဲတွင် ကျန်ရစ်ခဲ့ပါတော့သည် ။ သားလေးရဲ့ အသိတွေကို အမိုက်မှောင်တွေဖုံးလွမ်းသွားပြီလားလို့ ထင်မှားမိသည် ။
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် အရွယ်ကတည်းက ဒီနေ့ ဒီအချိန် ဒီအရွယ်ရောက်သည်အထိ မျက်နှာအညိုးမခံကာ လိုတိုင်းဖြည့်ဆီးပေးခဲ့သည့်ကျွန်မရဲ့ ချစ်ခြင်းတွေက သားလေးကို လမ်းမှားပေါ်တွန်းပို့ခဲ့သလိုများဖြစ်နေရော့လား ။ သားလိုချင်တိုင်း ဖြည့်ဆီးပေးဖို့ ကျွန်မမှာအင်အားတွေ မဲ့ခဲ့ရလေပြီ ။ ရှိတဲ့ခြံလေးကို တစ်ဝက်ဖဲ့ကာရောင်းခဲ့ရပြန်သည် ။ ခုဆိုဈေးဗန်းလေး ခေါင်းပေါ်ရွက်ကာ သားမိနှစ်ယောက်ဝမ်းရေးကို ဖြေရှင်းနေရပြီ ။ ဒီလို ဘ၀တစ်ခုမှာ နေရလိမ့်မည်လို့ အတွေးထဲမှာတောင် မရှိခဲ့ဘူးပါ ။  သူလိုချင်တာတွေကိုရဖို့ သူနည်းသူဟန်နဲ့ ငွေကိုရှာဖွေတတ်မှု့က သားကိုဒုက္ခရောက်စေခဲ့ပြန်ပါသည် ။ ဆေးအရောင်းဝယ်လုပ်မှု့ဖြစ် ကျွန်မသိပ်ချစ်ရတဲ့ သားလေး ထောင် ငါးနှစ်ကျသွားခဲ့သည် ။ ဘ၀ဆိုတဲ့ ဇာတ်ခုံကြီးပေါ်မှာ ကျရာ အခန်းကို ပီပြင်အောင် သရုပ်
ဆောင်ခြင်းအတတ်ပညာအား ကျွန်မအတော်လေး အကျွမ်းတ၀င် ရှိနေခဲ့ပါပြီ ။နေသားတကျရှိဖို့ကိုလည်း ပြင်ဆင်တတ်ခဲ့ပြီပေါ့  ။ထောင်ကထွက်လာရင်တော့ငါ့သားလေး လိမ်မာတန်ကောင်းပါရဲ့ ဆိုသည့် မျှော်လင့်ချက်လေးကို မရဲတရဲလေးမျှော်လင့်မိပြန်သည် ။

******************************************************************

* ဗျို့ အမေ ၊ အမေ ။ ကျုပ်ပြန်လာပြီဗျ *

နားထဲကြားမိတဲ့ အသံတစ်ခု ။ အာလေးလျှာလေး အသံဆို ပိုမှန်လိမ့်မည် ။ ငါသားလေးများလားဆိုတဲ့ အတွေးနဲ့ လုပ်လက်စတွေကို ပစ်ချကာ အသံလာရာဆီကို အပြေးတစ်ပိုင်းလေး ထထွက်ခဲ့သည်  ။  တွေ့လိုက်ရသည့် မြင်ကွင်းက မလှပပေ ။  ဇက်ကျိုးကျကာအာလေးလျှာလေးဖြင့် ဘာတွေ ပြောနေမှန်းမသိတဲ့ ကျွန်မရဲ့ သားတော်မောင်ကြီး ဖြစ်နေလေသည်  ။ မရဲတရဲမျှော်လင့်မိတဲ့ မျှော်လင့်ချက်တွေ သွားပြန်ပြီ ပေါ့ ။အို ! ဘာတတ်နိုင်မှာလည်း ။ ငါ့သားလေး ပြန်လာရောက်လာသည်ကိုပဲ ၀မ်းသာရမှာပေါ့ ။  အားတင်းအတွေးလေးဖြင့် သားတော်မောင်ကို တွဲခေါ်ကာ သူ့အခန်းလေးထဲကို သွင်းဖို့ ကြိုးစားရသည် ။ အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်အိပ်ပျော်သွားတဲ့ သားကို ငေးကြည့်ရင်း သွားလေသူ သူ့အဖေသာ ရှိမယ်ဆို သိပ်ကောင်းမှာ ဆိုသည့် အတွေးဖြင့် ခင်ပွန်းသည်ကို တမ်းတမိပြန်သည် ။ ကိုကျော်ရေ ရှင်သာ ရှိနေမယ်ဆို  သားကို ကျွန်မထက်ပိုပြီး ဆုံးမပြုပြင်နိုင်ကောင်းပါရဲ့တော် ။ဒေါ်ချိုမျှော်လင့်ချက်အားလုံး သဲထဲရေသွန်လိုက်သလိုပါပဲ။ ဘာတစ်ခုမှ အရာမထင်ခဲ့ပါ။ထောင်ကထွက်ကာမှ လူဆိုးလက်မှတ်ရလိုက်သည့်အလား  ရပ်ကွက်ထဲမှာကောအိမ်မှာပါမကျန်  အနိုင်ကျင့် ရမ်းကားမှု့တွေက များသထက်များလို့လာခဲ့သည်  ။ ရပ်ကွက်တွင်း ဟိုလူကို လိုက်တောင်းပန်ရ ။ ဒီလူကိုတောင်းပန်ရနှင့် နေ့စဉ်စိတ်ဆင်းရဲနေရသူက ဒေါ်ချိုပင် ။ ဒေါ်ချိုချို မျက်နှာဖြင့် ခွင့်လွတ်ကျေအေးပေးရပေမယ့်လူတကာချဉ်ပတ်ကျော်ကျော်ကိုတော့ အားလုံးက မုန်းကြလေသည် ။ကျော်ကျော်တစ်ယောက်  အိမ်သို့ပြန်လာလျှင် ရပ်ကွင်းရှိကြကုန်သော လူအပေါင်းတို့ဧ။် နား မျက်စိ
တို့ကို စွင့်ထားရလေသည် ။ မိခင်အိုကြီးကို ရန်ရှာရင်း တစ်ခါတစ်ရံ နားမခံတာအောင်ဆဲရေးတိုင်းထွာ မှု့တွေကိုပါ ပြုတတ်သူမို့ ဒီထက်အရိုင်းစိတ်ဝင်ကာ အမေအိုကို ရန်ရှာမည်ဆိုးပါသောကြောင့်ဖြစ်သည် ။ အထူးသဖြင့် မီးလေးမှာ ကိုကိုကျော်အသံကို ကြားပြီ
ဆိုတာနှင့် အမြင် အကြား အာရုံအားလုံးကို ဖွင့်ထားရပါသည် ။ မီးလေး ချစ်ရသောအန်တီချိုကို စိုးရိမ်မှု့ဖြင့် ပျာရာခတ်ခဲ့ရသည့်အကြိမ်ပေါင်းလည်း မနည်းတော့ပါ ။
*******************************************

*  ဒေါ်လေးချို ၊ ဗျို့ ဒေါ်လေးချို *

အိမ်ရှေ့မှ ခေါ်သံကြောင့် ဒေါ်ချို့  အသံလှမ်းပြုလိုက်သည် ။

* ရှိတယ်ဟေ့ ။ ဘယ်သူတုန်း ။ ၀င်ခဲ့လေ ။ ဒီမှာ ထမင်းအိုးတန်းလန်းကြီးမို့လို့ *
*ကျွန်မ မိသူပါ ဒေါ်လေး *
*ဟေ ဟုတ်လား ။ ၀င်လာလေကွယ် *

အနားကို ရောက်လာတဲ့ ခြေသံကြောင့် မော့ကြည့်လိုက်သည် .။

*  မိသူ ဒီနေ့ ဈေးသိမ်းလာတာ စောလှချည်လား *

နှပ်ထားတဲ့ ထမင်းအိုးကို မီးဖိုပေါ်ကနေချလိုက်သည် ။

* ဟုတ်တယ် ဒေါ်လေးချို ။ ကုန်တွေ အစောလေးကုန်လို့လေ ။ နောက်ဒေါ်လေးကိုလည်း ပြောစရာလေးရှိတာနဲ့ ၀င်လာခဲ့တာ *
* ဟေ ။ ဟုတ်လား ။ ဘာတွေ အရေးကြီးလာလည်း ပြောစမ်းပါအုံး *
* ဒီလို ဒေါ်လေးရေ ဒီနေ့ ဈေးထဲမှာ သတင်းတစ်ခု ပျံ့နေတယ် ။ ဒေါ်လေးသားအကြောင်းပေါ့ *
* ဟယ် ။ သားဘာတွေ ဖြစ်ပြန်လည်းကွယ် ။ မထိတ်တာ မလန့်သာရှိလိုက်တာ ။ *
* ဖြစ်ပုံကတော့ ဒီလိုဒေါ်လေး ။ ဟိုဘက်လမ်းထိပ်က သဘောင်္သားကတော် နုနုကို
သိတယ်မလား ။ *
* အေးသိတယ်လေ ။ အဲဒါဘာဖြစ်လည်း *
* အဲဒီမိန်းမက ခု ဒေါ်လေးသားနဲ့ ဖြစ်နေလေရဲ့ ။ *
* ဘုရား ဘုရား ။ သားဘာတွေ လျှောက်လုပ်နေပါလိမ့်ကွယ် ။ မဖြစ်သင့်တာတွေ ။သူတစ်ပါး သားမယားကိုမှ မကြံကောင်းမစည်ရာတွေပါလား *

မိသူဆီက ကြားလိုက်ရသော အကြောင်းအရာတွေကို နားထောင်ရင်း ကျွန်မရင် တွေတုန်ရီလှိုက်မောလာပါသည် ။ လာပြောပြသော မိသူကို ကျေးဇူးလည်းတင် ရှက်လညှ်းရှက်မိ၏် ။ ပြောဆိုပြီး ထပြန်သွားသော မိသူနောက်ကျောကိုကြည့်ရင်း သားရဲ့ မိုက်တွင်းနက်နေပုံတွေကို ဘယ်လိုစကားလုံးတွေနဲ့ ဆုံးမရမည်ကို တွေးတောနေမိသည် ။


****************************************************

* ဟော သားပြန်ရောက်ပြီလား *

ကျော်ကျော်က တစ်နေရာကို သွားဖို့အ၀တ်စားတွေ ထည့်နေပုံပါ ။ နောက်ကို လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြသည် ။

*သားက ဘယ်ကို သွားမလို့ဟင် *
* ကိစ္စလေးရှိလို့ ဟိုဘက်လမ်းထိပ်က မမနုကားကို လိုက်မောင်းပေးရမယ်  ။တစ်ပတ် ဆယ်ရက်တော့ ကြာမယ်ထင်တာပဲ *

* သားကို မေမေ ပြောစရာရှိလို့ စောင့်နေတာ ။ *
* ဘာပြောမှာလဲ ။ ကျွန်တော် အချိန်မရတော့ဘူး ။ ပြောချင်ရင် မြန်မြန်ပြော *
* အေးပါကွယ် ။ ခုလေ အရပ်ထဲမှာ သားနဲ့ နုနုအကြောင်းကို လူပြောသူပြောများနေပြီကွယ် ။ သား ဒီမိန်းကလေးနဲ့ မပတ်သတ်ဘဲ နေပါလားဟင် ။ ခုသွားမယ့်ခရီးကိုလည်း မသွားပါနဲ့ သားရယ် ။ သူတစ်ပါးမိန်းမဆိုတာ မပြစ်မှားကောင်းပါဘူး ။ *
* ဟာဘာတွေ လာပြောနေတာလည်း အမေရာ ။ ခင်ဗျားလေရှည်နေတာနဲ့ ဒီမှာနောက်ကျတော့မယ် ။ တကယ့်ပဲ *

ပြောလည်းပြော ထွက်လည်းထွက်ပါပဲ ။ အိမ်ထဲကနေ ထွက်မယ့် သား ခြေလှမ်းတွေကိုတားဆီဖို့ ဒေါ်ချိုတစ်ယောက် ကြိုးစားလိုက်မိသည် ။ သားလက်ကို ဖမ်းဆွဲကာဆုပ်ကိုင်ထားလိုက်ဧ။် ။ ကျော်ကျော်တစ်ယောက် ဒေါသတွေ တစ်ဟုန်ထိုးထွက်လာပါ
တော့သည် ။

*  ခင်ဗျားဘာလုပ်တာလဲ ။ ကျုပ်သွားစရာရှိတယ်လို့ ပြောနေတယ်လေ *

ပြောလည်းပြော လက်ကိုလည်း အတင်းရုန်းပါတော့သည် ။

*သားရယ် မသွားပါနဲ့နော် ။ အမေတောင်းပန်ပါတယ် ။ သားလေး အပြစ်တွေအရမ်းကြီးတော့မယ် ။ သူ့တစ်ပါးသားမယားဆိုတာ မပြစ်မှားကောင်းပါဘူးသားရယ် ။ မသွားပါနဲ့နော် ။*
* လွတ်လို့ ကျုပ်ပြောနေတာ မရဘူးလား ။ ကျုပ်လက်မပါချင်ဘူးနော် ။ ခုကျုပ်လက်ကို လွတ်ပေး *
* မလွတ်ဘူး သား ။ မသွားပါနဲ့ သားလေးရယ် *

ကျော်ကျော်တစ်ယောက် ချွေးသီးချွေးပေါက်တွေ ကျလာသည် ။ ဒေါသက အထွတ်အထိပ်ကို ရောက်နေပြီ ။ ခေါင်းထဲမှာလည်းထူပူလာကာ သွားချင်နေသည့်စိတ်တွေက ပြင်းပြနေသည် ။ အသက်ရှူသံတွေ မြန်ဆန်လာကာ ထွက်လာသည့် ဒေါသစိတ်ဧ။်စေခိုင်းမှု့ဖြင့်

* ဒီလောက်တောင် ပြောမရတာ ကဲကွာ *

ကျော်ကျော်တစ်ယောက် ဒေါ်ချိုဆွဲထားသော လက်အစုံကို စောက်ရုန်းကာ မိခင်ဖြစ်သူအား ပိတ်တွန်းလိုက်သည် ။

* ၀ုန်း *

လုံးဝမမျှော်လင့်ထားသော အဖြစ်ကြောင့် ဒေါ်ချိုတစ်ယောက် မည်သို့မျှ ထိန်းနိုင်ခြင်းမရှိတော့ဘဲ ကြမ်းခင်းပေါ်သို့ နောက်ပြန်လဲကျသွားလေဧ။် ။

* ဒုတ် *

ဆိုသည့် ထပ်ဆင့်အသံကို ကြားလိုက်ရပြန်သည်မို့ ဦးခေါင်းကို တစ်စုံတစ်ခုဖြင့် ထိခိုက်မိပြီဆိုတာ အသေချာပင် ။ သားဖြစ်သူကတော့ ပက်လက်လန်လဲကျသွားသူ ဒေါ်ချိုအားကျောခိုင်းပြီး သူလိုရာခရသို့ထွက်ခွာသွားလေပြီ ။ ဒေါ်ချိုချို တစ်ယောက်မှာဖြင့် မထင်မှတ်ထားသော အပြုမူ အတွက် အံ့သြမှင်သက်ခြင်းများစွာဖြင့် ပြူးကျယ်ဝိုင်းစက်
နေတဲ့ မျက်ဝန်းအစုံက နာကျင်မှု့ကို ခံစားစေဖို့ မေ့နေသယောင်ပင် ။ ဦးခေါင်းမှ ယိုစီးလာသည့် သွေးစီးကြောင်းများက ကြမ်းပြင်ပေါ်သို့ အတားဆီးမဲ့  ကျဆင်းလို့နေလေပြီ် ။ ကျလာသော သွေးများကို ယောင်ယမ်းစမ်းဖို့ပင် သူမ မေ့လျော့လို့နေခဲ့သည် ။ ပထမဆုံးသူ့မနှုတ်မှထွက်ကျလာသောအသံသည်ကား


* ဘုရား ဘုရား *

ဆိုသည့် အာမေဋိတ်သံ တစ်ချို့ ။နာကျင်နေသည့်ကြားက အို ! ငါ့သားလေး ဒုက္ခရောက်ကုန်ရတော့မည် ဆိုသည့်အသိက စိုးမိုးနေလေသည် ။ ငါသေလို့ မဖြစ်ဘူး ။ ဟုတ်တယ် ငါသေလို့ဘယ်နည်းနဲ့မှ မဖြစ်ချေဘူး ။  သတိပေးအသိတစ်ခုကို ကောင်းကောင်း ဆုပ်ကိုင်ကာ လဲနေရာမှ ပြန်ထိဖို့ ကြိုးစားကြည့်သည် ။ မရပါ ။ ထဖို့ကြိုးစားတိုင်း အကြိမ်ကြိမ်ပြန်လို့
လဲကြနေခဲ့သည် ။ နားဆီမှ အိမ်ပေါ်သို့ တက်လာသော ခြေသံတွေကို ကြားနေရပါပြီ ။ သေချာပါပြီ မီးလေးနဲ့ အိမ်နီးနားချင်းတွေ ။ လူတွေ လာကြပြီ ။ ငါကိုကယ်ကြတော့မည်  ။ ဒါဆို ငါမသေဖို့ သေချာလေပြီ ။ နောက်ဆုံးကျေနပ်ခြင်း
အသိတစ်ခုဖြင့် လောကကြီးနှင့် ခေတ္တခဏ အဆက်သွယ်ပြတ်တောက်သွားလေတော့သည် ။

အခြေတင် စကားများသံတွေ စကြားပြီဆိုတည်းက နားစွင့်နေမိသော မီးလေးတစ်ယောက် ခေါင်းရင်းအိမ်မှ လဲပြိုသံတွေ ကြားလို့ ပြေးလာစဉ်မှာကိုကိုကျော်နှင့် ခြံဝတွင် ဆုံလိုက်ပါသေးသည်  ။ မိခင်ကို ကျောခိုင်းကာ ထွက်ခွာသွားသောကိုကိုကျော်
 နောက်ကျောအား ခံပြင်းစွာ ကြည့်မိရင်း အိမ်ပေါ်သို့ အပြေးတပိုင်းတက်လာလိုက်သည် ။တခြား အိမ်နီးချင်းများလည်းရောက်လာကြလေသည် ။ သွေးအိုင်ထဲတွင်လဲကျနေသည့်အန်တီချိုဧ။် အဖြစ်ကိုမြင်တွေ့ရသူတိုင်း ရင်ထုမနာဖြစ်ကြရသည် ။ ဆေးရုံသို့ ချက်ချင်းပို့ဖို့ စီစဉ်ကြသည် ။ ဆေးရုံရောက်ချိန်မှာသတိတစ်ချက် ပြန်လည်လာလိုက်ပါသေးသည် ။ မပွင့်တစ်ပွင့်လေသံလေးဖြင့်  အားယူကာ ပြောသွားရှာသည့် အန်တီချိုဧ။် စကားကို ကြားရသူတိုင်း မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ကြရလေသည် ။

* ကျွန်မ ..... ကျွန်မ မသေပါရစေနဲ့ ။ ကူညီကြပါနော် ။ ကျွန်မ သာ သေခဲ့ရင် သားလေး ကြီးမားတဲ့ ကံကြီးထိုက်ရှာလိမ့်မယ် ။
ကျွန်မ  ကျွန်မ မသေပါရစေ*


စကားပင်မဆုံးလိုက်ရဘဲ သူမရဲ့ နောက်ဆုံးထွက်သက်ကို ခက်ခဲပင်ပမ်းစွာ အသက်ထွက်သွားခဲ့လေတော့သည် ။ အရပ်ကောင်းလို့ အလောင်းလှခဲ့ရသူ အန်တီချိုရဲ့ဈာပနအခမ်းနားကို သူမရဲ့ ချစ်လှစွာသော သားတော်မောင် ကိုကိုကျော် တစ်ယောက်
ကတော့ ရောက်မလာခဲ့ပါဘူး ။  အမေသေလို့ သေမှန်းလည်း  သိပုံမည့်ပုံ မပေါ်ပါ။သြော် !  သွေးကစကားပြောတယ်ဆိုတဲ့ စကားဟာ အန်တီချို အတွက်တော့ ဟုတ်ခဲ့ဟန်မတူပါလား ။ အန်တီချိုရဲ့သား ကိုကိုကျော် သွေးသားကတော့ စကား
မပြောသော သွေး များဖြစ်ခဲ့လေသလားလို့ အားလုံးက တွေးတောနေကြကုန်
လေတော့သတည်း ။

* သွေးက စကားပြောတယ် *
ဆိုသည့် စကားစုလေးကို ကျွန်မတို့ ပတ်ဝန်းကျင်တွင်
မကြာခဏဆိုသလို ကြားခဲ့ရဘူးပေသည် ။ ဒီထဲကမှ
* စကားမပြောသော သွေး *
ပိုင်ရှင် ကိုကိုကျော်လို လူမျိုးတွေလည်း တခါတရံ ရှိနေတတ်သေးသည်ပင် ။

ခိုင်လေး ( ရွှေတောင် )