Tuesday, January 7, 2014

54. ကျွန်မအချစ်တွေကို မည်သည့်အရာကမှ အဆုံးမသတ်နိုင်ပါဘူး ( ၀ထ္ထုတို )

Women's World Journal ဒီအပတ်ဂျာယ်ပါ စာမူလေးပါ

54.ကျွန်မအချစ်တွေကို မည်သည့်အရာကမှ အဆုံးမသတ်နိုင်ပါဘူး ( ၀ထ္ထုတို )


ကျွန်မအချစ်တွေကို မည်သည့်အရာကမှ အဆုံးမသတ်နိုင်ပါဘူး ( ၀ထ္ထုတို )


ခြောက်ခြားစရာကောင်းတဲ့ ညတွေမှာ ကျွန်မ တစ်ယောက်ထဲ   ။ အလင်းမဲ့ ညတွေကိုမကြောက်တတ်ခဲ့ပေမယ့်
ကျွန်မဘေးကိုကို မရှိတဲ့အချိန်တွေကိုတော့သိပ်ကြောက်မိသည်  ။  အလင်းမဲ့ညတွေထက် ကိုကို မရှိတဲ့ နေ့ရက်တွေက မှောက်မိုက်ပြီး ခြောက်ခြားစရာကောင်းနေလေရဲ့  ။

ကျွန်မကို ကြိုတင်မပြောဘဲ အနားကနေ ထွင်ခွာသွားသူ။

ကိုကို မရှိဘဲ ကျွန်မ ဘယ်လိုနေရမလဲ ။ ကိုကို့ ကိုတမ်းတတဲ့ စိတ်တွေနဲ့ အခန်းကျဉ်းလေးထဲမှာအရူးတစ်ပိုင်းဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဥပက္ခာ
ပြုရက်လေပြီလား ကိုကိုရယ် ။ ကိုကို မရှိတော့တဲ့ ဒီနေရာလေးမှာ ကျွန်မ ဘယ်လို ရှေ့

ဆက်ရပ်တည်ရမလဲဟင်  ။ တမ်းတစိတ်တွေက အစိုးမရ ကြီးထွားလာလေပြီ။ တမ်းတမှုက
 မြစ်ဖျားခံလာတဲ့ ၀မ်းနည်းဆွေးမြေ့ခြင်းရဲ့ သက်သေမျက်ရည်စတွေက ကျွန်မ မျက်ဝန်း
အိမ်တစ်ခုလုံးပြည့်လျှံနေခဲ့ပြီ ။ ကျီးမနိုးပွဲဘလော့လေးတွေကို ဖတ်ရင်း ကျွန်မတို့ရဲ့ 
အတိတ်ကာလတွေဆီသို့  တမ်းတ လွမ်းမော မိရပြန်လေသည်........... ။


******************************




ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ ရောက်လို့လာပါပြီ။ တစ်နှစ်မှ တစ်ရက်သာ စားရတဲ့ မယ်ဇလီဖူးကို မနက်အစောကတည်းက အဆင်သင့်လုပ်ထားသည် ။ ကိုကို တစ်ယောက်

ကတော့ ညအတွက် ပြင်ဆင်နေလေရဲ့ ။ သူ့သူငယ်ချင်း အပေါင်းသင်းတွေနဲ့ ကျီးမနိုးပွဲ ဆင်နွှဲဖို့ တက်ကြွနေလေသည် ။ ကိုကို့ နဲ့ ကျွန်မ အိမ်ထောင်သက် 3နှစ်တိုင်ခဲ့လေပြီ။
ကျီးမနိုးပွဲ ဆင်နွှဲရသည်ကို ကိုကို က အလွန်နှစ်သက်သူတစ်ဦးပေါ့ ။ ကျွန်မကတော့ အိမ်ရှေ့

တွေမှာ ကလေးလူကြီးမကျန် ပိုက်ဆံကြဲပါဗျို့ ဆိုတဲ့ အော်သံလေးတွေနဲ့ အတူ ပိုက်ဆံ

အလုအယက်ကောက်ကြပုံလေးတွေကို ပျော်မိပါသည် ။ ၀ါသနာတူ ဇနီးမောင်နှံနှစ်ဦး
ဒီလိုရက်တွေကို ရောက်ပြီဆို အလုပ်တွေပိုရှုတ်နေသည်ကလည်း ထုံးစံပါပဲ ။

ကျီးမနိုးပွဲညမှာဆို  ကိုကိုတို့ သူငယ်ချင်းတစ်စု  ဘာလုပ်တယ်ထင်လဲ ။  ဒီဆိုင်က
 ဆိုင်းဘုတ်တွေကို ဖြုတ် ဟိုဆိုင်မှာ  သွားချိတ်၊ အဲလိုတွေလုပ်ချင်လုပ်၊ ဒါမှမဟုတ်ရင်လည်း စိတ်တိုလွယ်တတ်သူတွေရဲ့ အိမ်ရှေ့တွေမှာ မြင်သမျှ အရာတွေကို ဟိုနေရာ လျှောက်ထား ဒီနေရာထား လုပ်တော့တာပါပဲ ။ သူများအိမ်တွေ လာပေးသမျှ စားစရာမှန်သမျှကိုလည်း
လင်မယားနှစ်ယောက်လုံးဗိုက်ကားေ
အာင် စားတတ်ကြပါသေးရဲ့ ။ သိပ်ကို ပျော်ရွင်စရာ

ကောင်းတဲ့ အချိန်လေးတွေပါပဲ ။ ကျွန်မကို ညီမလေးတစ်ယောက်လိုတစ်မျိုး  ဇနီးမယား

တစ်ဦးလို တစ်ဖုံ ချစ်တတ်သူ ခင်ပွန်းသည်ရဲ့ ချစ်ခြင်းတွေအောင်မှာ အကြည်နူးဆုံး အချိန်
တွေပေါ့ ။


မမြင်ရတဲ့  ကြမ္မာဆိုးဆိုတဲ့ မုန်တိုင်း မ၀င်ခင်ထိ သိပ်ကို သာယာနေတဲ့ ကျွန်မတို့ ဘဝ
လေးက လူတကာ အားကျစရာ ချစ်ဗိမာန်လေးတစ်ခုပါပဲ ။ ကိုကိုနဲ့ တူတူ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်နေ့လေးမှာ..ဆေးပေါင်းခတဲ
့ မယ်ဇလီဖူးသုတ်လေးစားပြီး ဆုတောင်းပေးခဲ့ဖူးတာလေးတွေကလည်း ကိုကို နဲ့ ကျွန်မတို့ရဲ့ အမှတ်တရ ကမ္ဘာထဲမှာ

ထာဝရ သမိုင်းဝင်နေတော့မှာပါ ။ ကထိန်သင်္ကန်း တူတူအပ်စဉ်က ကိုကိုရှင်းပြခဲ့တဲ့
ကထိန်အလှူရဲ့ အကျိုးတရားတွေကို သိလိုစိတ်နှင့်နားစွင့်ခဲ့ဘူးေ
လသည် ။ကိုကိုရှင်းပြတဲ့ထဲက မှတ်မိနေသေးတာလေးကတော့


*  ဟိုတုန်းက တန်ဆောင်မုန်းလကို တန်ဆောင်မှုန်းလလို့ ရေးခဲ့တာပေါ့ ။ အင်းဝခေတ်ကျမှ ‘တန်ဆောင်မုန်း’ လို့ ကျောက်စာတွေမှာ ရေးထိုးတာ တွေခဲ့ရတယ် ။  ဆရာကြီး ဦးဖိုးလတ်ရေးတဲ့ ‘မြန်မာလအမည်များ’ ဆိုတဲ့ စာအုပ်မှာ ပါရှိကြောင်း၊ ‘တန်ဆောင်’ ဆိုတာဟာ မီးရှူးမီးတိုင် ဆီမီးတိုင်တွေကို ရှေးကခေါ်ကြတဲ့ အမည်တမျိုးပဲ ။ ဒါကြောင့် မီးရှူးမီးတိုင်တို့ကို ထွန်းလင်းစေသော ‘တန်ဆောင်မုန်း’လလို့ ခေါ်ကြတာ ဖြစ်နိုင်တယ် ။
 မြန်မာလ ဆယ့်နှစ်လထဲမှာ ‘အဋ္ဌမ’မြောက် ဗြိစ္ဆာရာသီလို့ ခေါ်တဲ့တာပေါ့ ။ *


ဆိုတဲ့ ကိုကိုစကားသံတွေနားထဲမှာ ပြန်လည်ကြားယောင်နေမိပြန်သည် ။


****************************************************

ပြူတင်းပေါက်က မြင်နေရတဲ့  အလင်းကြီးလင်းနေတဲ့ လ၀န်းပြည့်ပြည့်ကြီးက ကိုကို
နဲ့ ကျွန်မကို စိန်ခေါ်နေသယောင် ။ ၀န်းစက်တောက်ပနေတဲ့ သူ့အပျော်တွေကို
ကျွန်မတို့က မှီပါ့မလားတဲ့လေ။ ကြက်သားကာလသားချက်  ချက်ဖို့ အိုးတွေ ခွက်တွေ

ခြံထဲကို ရွေ့ကာနေရာချရသည် ။ ခုံတွေချဖို့ကို ကိုကိုတို့ အုပ်စုက တာဝန်ယူလုပ်ဆောင်

နေလေရဲ့ ။ ချက်ပြုတ်ရေးတာဝန်ယူထားတဲ့ ကျွန်မတို့ အုပ်စုလေးက ချက်ရမယ့် ပစ္စည်း
တွေနဲ့ ကိုယ်ဆီကိုယ်ဆီ ရှုတ်နေကြလေသည် ။ လုပ်ဆောင်ချက်တွေက အချိန်တွေကို တိုက်စားလို့ ကျွန်မတို့အားလုံးမျှော်လင့်နေသော အချိန်ခါသို့ ကျရောက်လို့လာလေပြီ ။

လူကြီး ကလေးမကျန်အုပ်စုလိုက်တွေရဲ့ *တစ် နှစ် သုံး ..ပိုက်ဆံ စွန့်ပါဗျို့* ဆိုတဲ့ သံပြိုင်လေးတွေကလည်း တန်ဆောင်မုန်းလပြည့်ညရဲ့ အနှစ်သာရကို ပိုလို့ပြီးပြည့်စုံလေပြီ ။ တဖြေးဖြေး ညဉ့်နက်ချိန်သို့ ရောက်လို့လာလေသည်  ။ ကိုကို တို့ အဖွဲ့ရဲ့ ပျော်ရွင်လှုပ်ရှားမှုတွေလည်း စတင်ကြပါပြီ ။ လမ်းထဲရှိ အိမ်တွေတိုင်းရဲ့ အိမ်ရှေ့

မြင်သမျှ ပစ္စည်းတွေကို ဟိုနေရာ ဒီနေရာသို့ ပြောင်းကြ ။ မောလာပြီဆို ကြက်သားကာလ
သားချက်လေးလာစားလိုက်ဖြင့် ပျော်ရွင်ကြည်နူးခြင်းတွေ ပြည့်နေပါသည် ။

ထွက်သွားလိုက်ကြ ပြန်ဝင်လာလိုက်ကြလုပ်နေတဲ့ ကိုကို့ တို့ အုပ်စုခုချိန်ထိ မမောနိုင်ကြသေးပါဘူး။

* ကိုကို ဒီတခေါက် ဆော့ပြီးရင် နားတော့နော် *


ဆိုတဲ့ ကျွန်မသတိပေးစကားကို ခေါင်းညိတ်အသိမှတ်ပြုရင်း ပြေးထွက်သွားကြပြန်သည် ။

အဲဒီမြင်ကွင်းလေးဟာ ကိုကိုရဲ့ သက်ရှိလှုပ်ရှားမှုကို နောက်ဆုံးမြင်လိုက်ရတဲ့
 မြင်ကွင်းလေးဆိုတာကို ကျွန်မကြိုတင်ကာ သိခွင့်ရခဲ့ပါမည်ဆိုလျှင်........................


ကိုကိုတို့ ထွက်သွားပြီ မကြာလိုက်ပါဘူး  ကိုကို့ သူငယ်ချင်းတစ်ယောက် အသည်းသန် ပြန်
ပြေးလာပါသည် ။ ခြံဝန်းထဲ ၀င်တာနဲ့ ဘာမှ မပြောနိုင်ပဲ ကျွန်မလက်ကို အတင်းဆွဲကာ
ပြန်ပြေးပါတော့သည် ။


*ဟဲ့ ကိုစိုး ဘာဖြစ်တာလည်း ပြောပါအုံး *
*ဟိုရောက်ရင် သိလိမ့်မယ် *

ရောက်ပါပြီ။ လူတွေက အုံလို့ ။ ဘာဖြစ်တာလဲ ။ လူအုပ်ကြားထဲ တိုးဝင်လိုက်တယ်ဆိုရင်ဘဲ



*ဟင် ! ကိုကိုပါလား ။ ကိုကို ဘာဖြစ်တာလည်း ။ ပြောကြပါအုံး ။ ခုနလေးဘဲ ကျွန်မမျက်စိရှေ့

ကနေ ကိုကို ထွက်သွားတာ အကောင်းပါ ။ ဖြေကြပါအုံး *
* ဒါတွေ နောက်မှ ပြောကြဟေ့ ကောင်လေးကို ဆေးရုံပို့ဖို့ အရေးကြီးတယ် *



ဆိုတဲ့ လူကြီးတစ်ယောက်ရဲ့ လှိုးဆော်သံကြားတာနဲ့ ကျွန်မပွေ့ထားတဲ့ ကိုကို့ကို သူငယ်ချင်း
တွေက ဆေးရုံသို့ ခေါ်ဆောင်သွားကြပါတော့သည် ။ ဆေးရုံရောက်မှ ကျွန်မ အကြောင်းစုံ

သိလိုက်ရတာကတော့ ကိုကိုတို့ အဖွဲ့လေးဆော့နေကြတဲ့ အချိန်မှာ  ဘေးခြံကို သဘောင်္သီးတွေ အပျော်ဝင်ခိုးတဲ့ ကလေးတွေ အုပ်စုကို ခြံရှင်က ဂျင်ကလိနဲ့ ပစ်သတဲ့ ။ ကလေးတွေကို မထိဘဲ ကလေးတွေ ထွက်ပြေးတဲ့ ဘက်မှာ ရှိနေတဲ့ ကိုကို့တို့ အုပ်စုထဲက ကိုကို့ ကိုမှ တည့်တည့် ထိမှန်ခဲ့လေသည် ။ ဆေးရုံကို ပို့ခဲ့ပေမယ့် ကိုကို့ အသက်ကို ကျွန်မ ရအောင်မယူနိုင်ခဲ့ပါဘူး ။ ကျွန်မသိပ်ချစ်ရတဲ့ ကိုကို ကျွန်မနဲ့ အတူ သူချစ်တဲ့ပွဲတော်လေးကိုပါအပြီးတိုင်နှုတ်ဆက်လို့ သွားခဲ့လေပြီ ။


ကြိုတင်ပြောဆိုခြင်းမရှိဘဲ ကျွန်မနားကနေ ကိုကို အပြီးတိုင်ထွက်ခွာသွားခဲ့ပြီ။ ရိုးသားပြီး
ချစ်စရာကောင်းသော ကိုကို ချစ်တဲ့ ပွဲတော်လေးက ကိုကိုအသက်ကို နုတ်ယူသွားလေသည်။
ဘယ်သူ့ကို အပြစ်တင်ရမလဲ ကိုကို ။ ထွက်ပြေးလာတဲ့ ကလေးတွေကိုလား ၊ ဂျင်ကလိနဲ့ ပစ်လိုက်တဲ့သူကိုလား ။ ဟင်အင် သူတို့ကို အပြစ်ဖွဲ့စာချီနေလည်း ကျွန်မချစ်တဲ့ ကိုကို ကို ပြန်ရတော့မှာမှ မဟုတ်တာပဲ။ သိပ်ချစ်ဖို့ကောင်းတဲ့ ကျွန်မတို့ ရိုးရာပွဲတော်လေးတွေကို ရိုးသားစွာ ဆင်နွှဲပျော်ရွင်ကြမယ်ဆို သိပ်ကောင်းမှာပဲ ။ အပျော်တမ်း ခိုးကြတဲ့ သူခိုးကြီးနေ့လိုနေ့မျိုးတွေမှာ လူတွေရဲ့ စာရိတ္တတွေ ပျက်ပြားလာကာ  အတည်တကျတွေ  ခိုးလာကြသည် ။ အိမ်ရှင်တွေ အနေနဲ့ အပျော်ကို ခွင့်လွတ်ပေးကြနိုင်ပေမယ့် အတည်ခိုးတာတွေကို ခွင့်လွတ်လို့မရနိုင်တာမို့ ခုလိုမျိုးတွေ စောင့်ဖမ်းကြ

ပြန်သည် ။ အမှန်တကယ်စောင့်ဖမ်းတဲ့ အချိန်မှာ အပျော်ဆော့ကြတဲ့ သူတွေနဲ့ ထိပ်တိုက်
တိုးကြတော့ မလိုလားအပ်တဲ့ ဆိုးကျိုးရလာဒ်တွေကို ပိုင်ဆိုင်လိုက်ရပါတော့သည် ။
သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကို အဝေးဆုံးသို့ ခွဲထုတ်ပစ်လိုက်ပါပြီ ။ ကိုကို့ ကို ကျွန်မ သိပ်ချစ်ဧ။် ။ ကိုကို အပေါ်ကျွန်မ ထားတဲ့ ချစ်ခြင်းတရားတွေကို ဘယ်အရာကမှ အဆုံးသတ်ပေးနိုင်မှာ မဟုတ်ပါဘူး  ။ သေခြင်းတရားက ကိုကို့ ကို အဝေးဆုံး
ဆွဲခေါ်သွားနိုင်ခဲ့ပေမယ့်  ကျွန်မ ကိုကို့အပေါ်ထားတဲ့ ချစ်ခြင်းတွေကိုတော့  အဆုံးမသတ်
 ပေးသွားနိုင်ပါဘူးရှင် ။



ခိုင်လေး ( ရွှေတောင် )

18.11.2013 MONDAY

တန်ဆောင်းမုန်းလဆုတ် ၁ရက် ၊ ၁၃၇၅ ။

မလေးစံတော်ချိန် နေ့လည် 12.40

No comments:

Post a Comment