Tuesday, January 7, 2014

56 . * အမှောင်ကြောက်တဲ့ ကျွန်မ အမှောင်ကမ္ဘာထဲကနေ အပြီးတိုင် ပြေးထွက်ပါတော့မည် *

56 . * အမှောင်ကြောက်တဲ့ ကျွန်မ အမှောင်ကမ္ဘာထဲကနေ အပြီးတိုင် ပြေးထွက်ပါတော့မည် *

 အေးမြတဲ့ ဆောင်လေညင်းရဲ့ အအေးဒဏ်ကို ဥပက္ခာပြုလို့  ပြတင်းဝကနေ ဆောင်း
ရာသီမြင်ကွင်းကို ငေးကြည့်နေမိသည် ။နှင်းမှုံလေးတွေအတူပါလာတဲ့ ဆောင်းရနံ့ကို မက်မောစွာ ရှိုက်ရှူလိုက်မိဧ။် ။ လေပြေနဲ့အတူပတ်ဖြန်းလာတဲ့ နှင်းစက်ပွင့်
လွှာလေးတွေရဲ့ ရိုက်ခတ်မှု့တွေက ကျွန်မဆီမှာ ရှိနေတဲ့ မသန့်ရှင်းမှု့ အစုံကို ဖယ်ရှားပေးနိုင်စွမ်းသာ ရှိခဲ့မယ်ဆို ဘယ်လောက် ကောင်းလိုက်လေမလဲ ။

နက်မှောင်နေတဲ့ မဟူရာညကမ္ဘာထဲမှာ မိန်းကလေးတစ်ယောက် ။ ညနတ်သမီးလား ညဖျက်သူလား ဘယ်လိုတင်စားရမည်မသိ။ဖိတ်ခေါ်မှု့အသွင် တက်ရောက်စေတဲ့
ဆေးဆိုးပန်းရိုက် မျက်နှာပြင်ပေါ်က ချယ်သမှု့ ။ လက်အစုံက ထမင်းချိုင့်ကို ကိုင်စွဲလို့
အမှောင်ထဲမှာ တစ်ရွေ့တစ်ရွေ့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေက မည်သည့်အရပ်ကို ဦးတည်နေပါသနည်း ။ ဦးတည်ရာကို ရောက်သောခြေလှမ်းတွေကအမှောင်တစ်ရာတွင် ခြေစုံရပ်လို့ သွားခဲ့လေပြီ ။ ငယ်ငယ်က အမှောင်ကို သိပ်ကြောက်ခဲ့သူတစ်ဦးဟာ အမှောင်တွေထဲမှာ နေသားတကျ ရှိနေခဲ့ရပုံက တစ်ဆိတ်ရက်စက်လွန်းပေသည်  ။ ကားမီးတစ်စုံရဲ့ အလင်းအားက သူမကိုယ်ပေါ်ဖြာကျသွားချိန်မှာတော့
* မိန်းကလေး လိုက်မလား *
* လိုက်ချင်ပါတယ် ။ ရှင်က ဘယ်လောက် ပေးမှာလည်း *
* မင်းက ဘယ်လောက်လိုချင်သလဲ *
* တစ်သောင်းတန် တစ်ရွက် နဲ့ အပြန်ကားခ *
* အိုခေ ...လာတက် *
ကဲ ဒါကျွန်မလုပ်တဲ့အလုပ် ။ လက်ထဲက ထမင်းချိုင့်လေးက ဒီနေ့အတွက်တော့ အပို
ဖြစ်သွားပြီ  ။ ကားလိုင်းတက်တဲ့ အလုပ်က ကျွန်မ နေ့စဉ်ရှင်သန်ရာ ဘ၀ထမင်းအိုး ။
ခုလိုခေါ်မယ့်သူမရှိတဲ့ ညတွေဆို ကိုယ်ထမင်းချိုင့်လေးကို ဖွင့်စားပြီး အိမ်ပြန် ရတာ
ပေါ့ ။ ခုလိုအလုပ်ရှိပြန်တော့လည်း အူစိုရပြန်တာကော  ။ ဒီအလုပ်က တစ်ခါတစ်ရံကြား
ပေါက်အပိုငွေမျိုးလည်း ရတတ်ပါသေးသည် ။ ကိုယ်လည်ရင် လည်သလိုရတတ်တာမျိုးပေါ့။
အရက် ၊ ဘီယာကို အလွန်ကျွံ့သောက်တတ်သူတွေနဲ့ ဆုံတဲ့နေ့ဟာ ကျွန်မအတွက် ပွဲတော်
ပါပဲ ။ သူတို့ကို မူးအေင်တိုက် ။ ပြီးရင် ကုန်ချခရှင်းထားငွေတွေထဲက လိုချင်သ
လောက် ခိုးနိုင်ပါသည် ။ဒီလိုနည်း ဒီလိုအလုပ်တွေနဲ့ နေသားတကျဖြစ်နေတဲ့ ကျွန်မဘ၀ထဲကို
မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်တည်လာခဲ့လေဧ။် ။
တစ်ရက်မှာ အမှောင်ထဲ အလုပ်စောင့်နေစဉ် ကားတစ်စီးထိုးရပ်လာသည် ။ ဈေး
စကားတွေ ပြောဆိုကြပြီး ကားပေါ်ပါလာခဲ့ဧ။် ။ တစ်နာရီလောက်အကြာမှာတော့
မောင်နေတဲ့ ကားက လမ်းဘေးကို ကားထိုးရပ် သွားပါတော့သည် ။ လုပ်ငန်း
စတော့မယ်ဆိုတဲ့ အသိနဲ့ ကိုယ်ကို့ကိုယ် ပြင်ဆင်လိုက်သည် ။  ကျွန်မမျက်နှာ အနီး တိုးကပ်လာတဲ့ ထိုသူ့မျက်နှာသည် အလွန်ကြောက်စရာကောင်းနေခဲ့ဧ။် ။ ခက်ထန်တဲ့ မျက်နှာပြင်ပေါ်က အကြည့်တွေက တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေသည့်ပုံ ။ သူ့နှုတ်ခမ်းတွေ လှုပ်ရှားလာသည် ။ တစ်ခုတစ်ခုပြောဖို့ အားယူပြီး ပြင်ဆင်ပြီးမှ
နှုတ်ဖျားဆီက စကားသံတစ်ချို့ ထွက်ကျလာခဲ့ပါသည် ။

* ဒီမယ် မိန်းကလေး ။ လွန်ခဲ့တဲ့ တစ်လလောက်က မင်းကို ငါခေါ်ခဲ့ဖူးတယ် ။မင်းမှတ်မိလား။
အဲဒီအချိန်က  ငါမူးနေတုန်း  ကုန်ရှင်းခတွေထဲက ငွေတစ်သိန်းကို မင်းခိုးသွားခဲ့တယ် ။
ဟုတ်တယ် မလား ။ ညာဖို့ လုံးဝ မကြိုးစားပါနဲ့ ။ အသေချာကို သိနေတာ ။ အေး အခုမင်းကို ခုခေါ်လာတယ်ဆိုတာလည်း မင်းတို့လို မိန်းမမျိုးတွေကို  ပညာပေးချင်လို့ကွ ။ဒါမှ
 နောက်ကို ဒါမျိုးတွေ မလုပ်ရဲမှာ ။ ပညာပေးချင်လို့ကို တမင် ခေါ်လာတာ ကွ ...
ဟား  ဟား ဟား ဟား ဟား *
ဆိုတဲ့ ရယ်သံကြီးက မကောင်းဆိုးရွားတစ်ကောင်ဝင်စီးနေသည့်အလား ။ သူ့လုပ်ရပ်တွေ
အောက်မှာ မရုန်းတာ မလူးတာ အခြေနေတစ်ခုဖြင့် ကိုယ်လုပ်တာ ကိုယ်ခံရတယ်ဆိုတဲ့
သဘောကို ပိုက်ကာ အံကိုကျိတ် မာန်အပြည့်နဲ့ “ ငါ ” ပော့ . . . ဆိုပြီး လာသမျှဒဏ် လည်ဆင်းခံလိုက်ရပါတော့သည် ။ ဆုံးမလို့ဝတဲ့ အချိန်မှာ သွေးအလူးလူး ပေကျံနေတဲ့
မိန်းမတစ်ယောက်ကို လမ်းခုလတ်တစ်နေရာမှာ ချထားခဲ့လေသည် ။ ဓားမွန်းရာ
ဘယ်လပွနဲ့ ကျွန်မ ။ ကယ်မယ့်သူကိုသာ မျှော်ကိုးလို့ပေါ့ ။ အချိန်ကာလအတန်ကြာမေ့ထား
ခဲ့တဲ့ ဘုရားဂုဏ်တော်တစ်ခုက အလိုလို စိတ်ထဲရောက်လာပါသည် ။ ပိုက်ဆံပေးရင်တာဝန်ကျေပြီလို့ မှတ်ယူခဲ့ဖူးတဲ့ မေမေကိုလည်း တမ်းတလိုက်မိဧ။် ။  ဘေးအန္တရာယ် မရှိသေးစဉ်အခါက မိဘကျေးဇူးကို သတိမရဘဲ ဘေးဒုက္ခ ကြုံတွေ့သောအခါမှ သတိရမိတဲ့ ကျွန်မ* ခလုတ်ထိမှ အမိတ *မိနေမိပါရောလား ။ မေမေရေ သမီးအဖြစ်ကို မြင်လှည့်ပါအုံး ။ ဒါနောက်ဆုံးသိလိုက်ရတဲ့ အသိပါပဲ ။
အသိတွေအားလုံး အမှောင်ကြသွားခဲ့ပြီး  လောကကြီးနဲ့အဆက်သွယ်ပျက်တောက်သွား
ပါတော့သည် ။
သတိရသောအချိန်တွင် တဲအိမ်လေးတစ်လုံးအတွင်းသို့ ကျွန်မရောက်ရှိနေခဲ့သည် ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည် ။ ဘေးမှီဝဲယာကိုမျက်လုံးကစား
ကြည့်လိုက်မိသည်။ တစ်စုံတစ်ယောက်မျှ မတွေ့ရပါ ။ ကျွန်မ ရေဆာနေဧ။် ။ မည်သူကို
 တောင်းရမည်နည်း ။ ငါကို ဘယ်သူကယ်ထားတာလား ။ အဲဒီလူက ခုဘယ်ကို ရောက်နေသလဲ ။ ငါကကော ခုဘယ်နေရာကို ရောက်နေခဲ့တာလည်း ။
အတွေးမေးခွန်းတွေနဲ့ အတူ ကျွန်မခေါင်းတွေ ချာချာလည်လာပြန်သည် ။
 မေးခွန်းတွေကို ခဏမေ့ကာ မျက်လုံးအစုံ ပြန်မှိတ်ထားလိုက်ဧ။် ။
အဲ ! ခြေသံတစ်ခု ။ ငါနားကို  တစ်ဖြေးဖြေး တိုးကပ်လာနေပြီ ။  လူတစ်ယောက်ရဲ့ ကိုယ်သင်း
နံ့ကို နှာဝက ရှူရှိုက်လိုက်မိသည်  ။ မှိတ်ထားတဲ့ မျက်ဝန်းတစ်စုံကို ဖြေးညင်းစွာ ဖွင့်
ကြည့်လိုက်မိခိုက်တွင် အမြင်အာရုံတွေ တဖြေးဖြေး ရှင်းလင်းမြင်သာစွာ တွေ့မြင်လိုက်ရသည်က ယောဂီရောင် အကျီထဘီဆင်တူဝတ်ဆင်ထားသော အဖွားအိုတစ်ယောက် ။
 ကြင်နာခြင်း ၊ နားလည်ခြင်းအပြုံးတွေကို တန်ဆာဆင်လို့ ပြုံးပြနေလေရဲ့  ။ ပါးရေတွေ တွန့်နေတဲ့လက်အစုံဖြင့် ကျွန်မလက်တွေကို ဆုပ်ကိုင်လိုက်ပုံက ကုန်ခမ်းသွားတဲ့ ကျွန်မရဲ့ အားအင်တွေကို ပြန်ဖြည့်သယောင် ခံစားမိလိုက်သည် ။ ချိနဲ့နေတဲ့ အပြုံးတစ်စုံကို တုံ့ပြန်ဖို့တောင် မနည်းအားယူနေရတဲ့ ကျွန်မအခြေနေကို နားလည်စွာဖြင့်

* သမီး ဘာမှမပြောနဲ့ မမေးနဲ့အုံးနော် ။ ဒဏ်ရာတွေက များတော့ သိပ်ကိုနာကျင်နေလိမ့်
မယ် ။ ဒီတော့ ထပ်ပြီး အနားယူလိုက်ပါအုံး။ မလှုပ်ရှားသေးတာ ပိုကောင်းလိမ့်မယ် ။ သတိ
ရကာစဆိုတော့ ရေသောက်ချင်မယ် ထင်တယ် ။ အဘွားရေတိုက်မယ်နော် ။*

ညင်သာတဲ့ အပြောတွေကို ခေါင်းတစ်ချက်ညိတ်ဖို့တောင် မနည်းအားစိုက်လိုက်ရပါသည် ။
ဂွမ်းစလေးနဲ့ ရေစွတ်ကာ ကျွန်မနှုတ်ခမ်းတွေကို တို့ထိပေးပါသည် ။ ကျေးဇူးတင်ပါတယ်
ဆိုတဲ့ စကားကို ရင်ထဲက အခါခါ ပြောနေမိပါဧ။်  ။ဒဏ်ရာတွေ ပျောက်ကင်းတဲ့
အထိ ဘာဆိုဘာမှ မမေးဘဲ ပြုစုစောက်ရှောက်ပေးခဲ့လေသည်  ။ အချိန်ကာလတစ်ခုတိုင်သောအခါ ကျွန်မ တော်တော်လေး ကျန်းမာလာခဲ့လေပြီ ။
ထိုအခါမှ ပတ်ဝန်းကျင်ကို လေ့လာမိတော့သည် ။တိတ်ဆိတ်နေတဲ့ ခြဲဝန်းလေးထဲက အိမ်လေးတစ်လုံးမှာ ကျွန်မရောက်ရှိနေခဲ့ခြင်းပါ ။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းဖြင့် အင်မတန်အေးမြတဲ့ နေရာလေးတစ်ခုပါပဲ ။ ကြည့်ရသည်မှာ  တောရကျောင်းလေး တစ်ခုထင်ပါရဲ့ ။

* မြေးလေး ဆောင်းလေပြေက အရမ်းအေးတယ်ကွယ့် ။ ပြတင်းပေါက်နားအကြာကြီး
ရပ်မနေနဲ့အုံး ။ ဖျားနေမယ် *

အတွေးတွေထဲ မျောလွင့်နေလိုက်ပုံများ အဖွားအနားရောက်လာတာကိုပင် သတိမထား
လိုက်မိပါဘူး ။

*ဟုတ်ကဲ့ပါ အဖွား *

ပြတင်းတံခါးနားကနေခွာကာ အဘွားထိုင်နေရာလေးနားတွင် အသာယာဝင်ထိုင်လိုက်ပါဧ။်။ အနားရောက်လာတဲ့ ကျွန်မကို အဖွား က သေချာ စိုက်ကြည့်နေပါသည် ။

* အဖွား တစ်ခုခုများ ပြောစရာ ရှိနေလားဟင် *

* အင်း ရှိတယ်လို့ ပြောရမှာပေါ့ ။ ပြောစရာဆိုတာထက် မေးချင်တာပါ ။ တစ်ခုတော့ ရှိတယ် ။သမီး ဖြေချင်မှ ဖြေပါ ။ အဖွား သိချင်တာက ဒီလိုအဖြစ်တွေကို သမီး ဘယ်လို ရင်ဆိုင်
ကြုံတွေ့လာရသလဲဆိုတာလေးပါ ။ ဒီလိုသိချင်တယ်ဆိုတာကလည်း သမီးမှာ အခက်ခဲရှိနေမယ်ဆို အဖွားက ကူညီနိုင်တာဆို ကူညီချင်လို့ မေးရတာပါကွယ်  ။ *

* သမီးဖြေနိုင်ပါတယ် အဖွား ရယ် ။ အဖွား က သမီးရဲ့ ကျေးဇူးရှင်ပဲ ။ သမီး အကြောင်းစုံကို
ပြောပြပါ့မယ် ။ *

ကျွန်မဘ၀ရဲ့ ရှင်သန်ဖြတ်သန်းခဲ့ပုံက အစပြုလို့ အဖွားနဲ့ တွေ့ချိန်အထိ စုံလင်စွာ ပြောပြ
လိုက်မိပါသည် ။ ကျွန်မစကား အဆုံးမှာ သက်ပြင်းမောတစ်ခုကို ချလို့ ကျွန်မကို စိုက်ကြည့်နေတဲ့ အဖွားမျက်လုံးတွေက ကျွန်မကို စကားတွေ အများကြီးပြောနေသယောင်
ပါပဲ  ။

* သမီးကို ကားလမ်းဘေးက ချုံတစ်ခုအကွယ်မှာ အဖွားတွေ့ခဲ့တာ ။ အဖွားကျောင်းလေးကို
ခေါ်ဖို့ကျတော့ တစ်ယောက်ထဲ ဘယ်လိုမှ မနိုင်ဘူးဖြစ်နေတုန်း အနားကဖြတ်သွားတဲ့ ဆိုက်ကားကို အကူညီတောင်းပြီး အဖွားကျောင်းလေးကို ခေါ်လာခဲ့တာပဲ ။ အဖွားက ဒီနေရာ
လေးမှာ တစ်ယောက်ထဲနေလာတာကြာပြီလေ ။ ရွာထိပ်ဆိုပါတော့ ။ ရွာထဲကို သွားချင်ရင်
တော့ နည်းနည်းလှမ်းတာပေါ့ ။ သမီး အဆင်ပြေသလောက် နေချင်သလောက် ဒီမှာ နေလို့
ရပါတယ် ။  စားရေးသောက်ရေး အတွက်လည်း ဘာမှ မပူပါနဲ့ ။ အဖွား တာဝန်ယူနိုင်ပါတယ်။
ဒီလိုပြောလို့ အဖွားက အရမ်းချမ်းသာနေလို့တော့ မဟုပ်ပါဘူး ။ မိဘအမွေ လယ်လေးချောင်း
လေးတွေ ရှိတယ်လေ ။ ဒါတွေက အဖွားအတွက် ဖုံလုံတယ်။ ဒါကြောင့်ပါ ။ *

* ဟုတ်တာပေါ့ ။ အဖွားလည်း တရားဘာဝနာလေးတွေ ပွားများလို့ရတာပေါ့ *

* ဒါပေါ့ သမီး ။ သမီးကို ပြောပြမယ် ။ လူရယ်လို့ ဖြစ်လာရင် လောဘနဲ့ မကင်းတတ်ကြပါဘူးကွယ် ။ ဒါပေမယ့်  လောဘဆိုတာကို လိုအပ်တာထက် ပိုထားမိ
ရင် အဲဒီလောဘက ကိုယ့်ကို ပြန်သတ်တတ်တယ် သမီး ။ လောဘက ပြန်သတ်တာကို သမီးခုခံခဲ့ရတာပဲ ။ ဖြစ်တဲ့ကိစ္စကို ပြန်သုံးသပ်ကြည့်ပါ ။ သမီးလောဘက သမီးကို ဒဏ်ခတ်လိုက်တာပဲ ။ လောဘဆိုတာ သံယောဇဉ်။ သံယောဇဉ် အကြောင်းပြုပြီး သံယောဇဉ်ရှိရတဲ့သူတွေ အတွက် ဥစ္စာစပါး၊ ရွှေငွေ၊ ကျောက်သံပတ္တမြားတွေကို အမြဲတမ်း ရှာဖွေနေရတယ်။ အဲဒီလို ရှာဖွေနေရတဲ့အတွက် ဘယ်လောက်ပဲ ရရ၊ ဘယ်လောက်ပဲ ရှိရှိ၊ တင်းတိမ်မှု ရောင့်ရဲမှုဆိုတာ ဘယ်တော့မှ မရှိကြဘူး။ ရလေ လိုလေ အမြဲတမ်း ဖြစ်နေကြတယ်။ အဲဒီလို တင်းတိမ်ရောင့်ရဲမှု မရှိတဲ့ လောဘမျိုး ဘယ်တော့မှ မရှိစေနဲ့ ၊ မဖြစ်စေနဲ့ သမီး ။ ရှိခဲ့ ၊ ဖြစ်ခဲ့လို့ သမီးခုလိုတွေအကျိုးဆက်တွေကို ပိုင်ဆိုင်လိုက်ရတာပဲ ။*

မှန်လွန်းတဲ့ ဆုံးမစကားတွေကို နာကျင်တဲ့ ရင်အစုံနဲ့ နားထောင်နေမိသည် ။

* လောဘကြောင့်ဘဲ သမီး မလျှောက်သင့်လမ်းမှားတစ်ခုကို ရွေးချယ်မိခဲ့တယ် ။လူရယ်လို့ဖြစ်လာရင် အားကိုးအားထားရာ ကိုယ်စီ နဲ့ရှင်သန်နေထိုင်သင့်တယ် လို့မြတ်စွာဘုရား ရှင် မိန့်ကြားတော်မူထားခဲ့ဘူးတယ် ။ အားကိုအားထားရာ ကိုယ်စီနှင့်နေကြပါ တဲ့လေ ။  ဘာဖြစ်လို့ဒီစကားကိုမြတ်စွာဘုရာ
ရှင် မိန့်တော်မူခဲ့သလဲဆိုရင် ဘ၀မှာ မှီခိုရာ အားထားရာ မရှိသူတွေဟာ ဆင်းရဲကြသတဲ့ လေ ။ ဒါကြောင့် မြတ်စွာ ဘုရားရှင်ကသူတပည့်တကာ၊ မတွေ ဆင်းရဲခြင်းမှ လွတ်ကင်းအောင် ဆင်းရဲမခံရအောင် ဒီတရားစကားကိုမိန့်ကြားတော်မူခဲ့တာပေါ့သမီး ။
အဲဒီတော အဖွားတို့ဘာတွေကိုအားကိုးကြမလဲ ။ အားကိုးအားထားပြုရမည့်တရား
( ၁၀) ချက်ကို မြတ်စွာဘုရားရှင်က ဟောတော်မူထားခဲ့တယ်။ ဒီထဲက တစ်ချက်ဖြစ်တဲ့ သီလ ဆိုတဲ့ ကိုယ်ကျင့်တရား ဟာ ဘ၀မှာ အားကိုအားထားပြုရမည့်တရားတစ်မျိုးလို့ ပါရှိတယ် သမီး ။ ကိုယ် နှုတ် စိတ် ဆိုတဲ့ တရားသုံးမျိုးကို စောင့်ထိမ်း ဖို့ အရေးကြီးတယ် ။
ဒီနေရာမှာ ဆင်ခြင်ပေးလို့ရတာက ဆင်းရဲတဲ့သူတွေ အဆင်မပြေမှု့တွေ များနေတဲ့ကြတဲ့
သူတွေမှာ ဘယ်လို ကိုယ်ကျင့်တရားကို အားကိုးရမလဲလို့ မေးနိုင်တယ် ။ဆင်းရဲတိုင်း အဆင်မပြေတိုင်း ကိုယ်ကျင့်တရားပျက်ကြေးတာဆို အဖွားတို့တိုင်းပြည်မှာ ကိုယ်ကျင့်တရား
ပျက်သူဦးရေတွေ တိုးသထက်တိုးလာကုန်တော့မှာပေါ့ ။ အချုပ်ပြောရရင် လူတွေအမြဲပြော
တတ်တဲ့ စကားရှိတယ် ။ ကိုယ်လုပ်ရင် ကိုယ်ခံရမှာပါ တဲ့ ။မှားတယ် သမီး ။သမီးပြုလုပ်တဲ့ လုပ်ဆာင်ချက်တိုင်းရဲ့တုံ့ပြန်မှုအားလုံးသည်  သမီး မိသားစု ၊ နောင့်လာမယ့် သမီးမျိုးဆက်တွေထိ တာသွားတယ်ဆိုတာကို မမေ့ပါနဲ့ ။။ အဖွားပြောချင်တာလည်း စုံလင်ပါပြီ ။ သမီးလည်းနားတော့နော် ။ ခုနအဖွားပြောသွားတာတွေကိုလည်း ခေါင်းအေးအေး
နဲ့ သေချာပြန်စဉ်းစားကြည့်ပေါ့ ။ ကဲ အဘွားလည်း ရွာထဲ ခဏသွားလိုက်အုံးမယ် ။*

တစ်ရွေ့တစ်ရွေ့ ထွက်ခွာသွားတဲ့ အဖွားရဲ့ ကျောပြင်ကို ငေးကြည့်နေရင်း အဖွားပြောသွားတဲ့
ဆုံးမစကားသံတွေကို ကျွန်မအသိထဲမှာ တစ်ကျော့ပြန် ကြားယောင်နေမိပါသည် ။ အမှောင်ကို
သိပ်ကြောက်ခဲ့တဲ့ ကျွန်မ ဘာလို့ အမှောင်ထဲမှာ ပျော်မွေ့နေခဲ့ရတာလဲ ။ မှောင်မိုက်နေတဲ့
ကျွန်မရဲ့ အတွေးမြင်တွေကို အဖွားရဲ့ ဆုံးမစကားသံတွေက တစ်ဖြေးဖြေး ရှင်းလင်းဖယ်ရှားပေးနေသည် ။ ဟုတ်တယ် ။ ကျွန်မအတွေးတွေ တဖြေးဖြေး လင်းလက်လာပြီ ။ အမှောင်တွေ
နည်းလာသည် ။ ဟော အဖြူရောင် အလင်းတန်းတွေဆီကို တစ်ဖြေးဖြေး ရောက်မှန်း
မသိရောက်လာခဲ့လေပြီ ။ ကျွန်မစိတ်တွေ ပေါ့ပါးလာလိုက်တာ ။ ဟုတ်တယ်  ။ အမှောင်ဆိုတာ တစ်စက်တစ်ပျောက်တာ မကျန်တော့အောင် ကျွန်မအသိတရားတွေ လင်းလက်ဖြူစင် ကုန်ကြပါပြီ ။
*သမီးပြုလုပ်တဲ့ လုပ်ဆာင်ချက်တိုင်းရဲ့တုံ့ပြန်မှုအားလုံးသည်  သမီး မိသားစု ၊ နောင့်လာမယ့် သမီး မျိုးဆက်တွေထိ တာသွားတယ်ဆိုတာကို မမေ့ပါနဲ့ ။*
ဆိုတဲ့ စကားလေးဟာ ကျွန်မရဲ့ အသိထဲမှာ စွဲကျန်စေခဲ့လေပြီ ။ ဒီစကားလေးသည်
ကျွန်မကို အသိတရားတစ်ခု ပေးခဲ့လေပြီ ။ ကျွန်မလျှောက်ခဲ့သော လမ်းမှားကြီးကနေ
 လမ်းမှန်တစ်ခုပေါ်ရောက်အောင် လမ်းပြခေါ်ဆောင်ခဲ့လေသည်  ။ခုချိန်မှာ အမှောင်ကမ္ဘာ
ထဲကပြေးထွက်လို့ လမ်းမှန်တစ်ခုကို လျှောက်ဖို့ အဆင်သင့်ဖြစ်လို့နေခဲ့ပါပြီ ။

* အမှောင်ကြောက်တဲ့ ကျွန်မ အမှောင်ကမ္ဘာထဲကနေ အပြီးတိုင် ပြေးထွက်ပါတော့မည် *

ဆိုတဲ့ စကားလေးကို အဖွားပြန်လာရင် ပြောပြမည် ။ ကျွန်မရဲ့ အသိတရားတွေကို
နောင်လာမယ့် အနာဂတ် လုပ်ဆောင်ချက်တွေနဲ့ သက်သေတည်ပါမည်။ ကျွန်မရင်ဆိုင်
လိုက်ရတဲ့ ဖြစ်ရပ်ဆိုးကြီးထဲကနေ အဖြူရောင်ပြောင်းလဲခြင်းတွေကို ကျွန်မရရှိပိုင်ဆိုင်
လိုက်သည် ။ ဒါဟာ အဆိုးထဲက အကောင်းတွေကို ပြန်ရလိုက်ခြင်း ပါပဲ

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment