Tuesday, January 7, 2014

စကားမပြောသော သွေး


* စကားမပြောသော သွေး *

ဒီခြံလေးရှေ့ကနေ ဖြတ်လျှောက်မိတိုင်း ပုံရိပ်တစ်ချို့ကို ပြန်ပြောင်းလို့မြင်ယောင်မိတတ်ပါသည် ။ လွမ်းတယ်ဆို သည့်ခံစားချက်ကို ချစ်သူရည်းစားတွေတင်မက ခင်မင်သံယောဇဉ်ရှိသူတိုင်း ဖြစ်တည်ခွင့်ရှိသည် ။ သူမဆုံးပါးသွားခဲ့သည်မှာ နှစ်များစွာတိုင်ခဲ့လေပြီ ။သို့သော် ဒီခြံလေးရှေ့ကို ဖြတ်လျှောက်မိတိုင်း အပြုံးချိုချိုများဖြင့် တန်ဆာဆင်ထားတတ်သူ သဘောင်္သားကတော် အန်တီချိုကို ကျွန်မသိပ်လွမ်းသည် ။ ကျွန်မမိဘနှစ်ပါးစလုံးက ၀န်ထမ်းတွေ ဖြစ်တာမို့ မြို့အစုံကို မကြာခဏဆိုသလို ပြောင်းရွေ့ရတတ်သည် ။ဒါကြောင့်မို့ ကျောင်းနေရမည့် အရွယ်ကိုရောက်ကတည်းက နေရာအတည်တကျဖြစ်စေရန် ဘိုးဘိုး ၊ ဘွားဘွားတို့ အိမ်တွင်နေကာ ကျောင်းတက်ခဲ့ရသည် ။ ကျောင်းပိတ်ရက်တွေကို ရောက်မှ မိဘတွေဆီ တစ်လှည့်ပြန်နေခဲ့ရသူပါ ။ ဒီမှာဘဲ အဘိုး အဘွားတွေရဲ့ အိမ်နီးချင်း မိတ်ဆွေ အန်တီချိုနှင့် ခင်မင်ရင်းနှီးခဲ့ရသည် ။  အန်တီချို ရဲ့ အပြုံးတွေကို ကျွန်မ အရမ်းသဘောကျသည်။ ဘယ်လောက်ဘဲ စိတ်ဆင်းရဲနေပါစေ ကျွန်မကို တွေ့တာနှင့် အချိန်မဆိုင်း အပြုံးတွေကို တန်ဆာဆင်တတ်သူတစ်ဦးပါ ။ ခုဆို ကျွန်မ အရွယ်ရောက်လို့ လုပ်ငန်းခွင်တောင် ၀င်နေခဲ့ပြီ ။ အန်တီချို ဆုံးပါးခဲ့သည်မှာလည်း နှစ်အတန်ကြာခဲ့ပြီပေါ့
 ။ သို့သော် အန်တီချို ခြံရှေ့မှ ဖြတ်လျှောက်ကာ ဘိုးဘိုး ဘွားဘွားတို့ဆီကို လာလည်သည့် အချိန်တိုင်း သူမကို အထူးသတိရမိတတ်သည် ။  အန်တီချို ဧ။် ပုံရိပ်လွှာများသည်လည်း ကျွန်မ အာရုံထဲတွင် ပြန်လည်ထင်ဟပ်လာရစမြဲပါပဲ ။

**************************************************************
ကျွန်မ ဘိုဘိုးတို့ အိမ်ကို စပြောင်းလာသည့် နေ့မှာဘဲ အန်တီချို နဲ့ စတင်ခင်မင်
ခဲ့ရလေသည် ။ ခြံထဲ ပြေးလွှားဆော့ကစားနေသူ ကျွန်မကို မီးလေးဆိုသည့် အခေါ်ဝေါ်လေးတစ်ခုနှင့်အတူ ပါးလေးကို ချစ်စနိုး ဖျစ်ကာ ပြုံးပြနှုတ်ဆက်လိုက်ချိန်ကတည်းက သူမကို သိပ်ချစ်ခဲ့မိသည် ။တာဝန်ကျေပွန်သော  ခင်ပွန်းသည် ဦးဦးသဘောင်္သားကြီးနှင့်  အိမ်ထောင်ရှင်မကောင်း ပီသသူ  ဒေါ်လေးချို တို့ဘ၀လေးသည် သိပ်ကိုသာယာခဲ့သည် ။နှစ်အနည်းငယ်ကြာသောအခါ
သားဦးရတနာလေးကို မွေးဖွားခဲ့ခြင်းဖြင့် မိသားသားစုဝင် အသစ်တစ်ယောက် တိုးပွားခဲ့ရပြန်လေသည်   ။ တစ်ဦးတည်းသော သားလေးကို ချစ်လိုက်ပုံများ လူတိုင်းပါးစပ်ဖျားချီးကျူးမဆုံးနိုင်အောင်ဖြစ်ခဲ့ရဘူးသည်ဟု ဘိုးဘိုးက မကြာခဏပြောပြတတ်၏် ။ ကျွန်မပြောင်းလာချိန်မှာ သူမ သားဖြစ်သူ ကိုကိုကျော်သည် ကျွန်မထက်သုံးနှစ်စောကာ ကျောင်းတက်နေခဲ့လေပြီ ။ မီးလေး  ပြောင်းလာပြီး ငါးနှစ်လောက်အကြာမှာ ဒေါ်လေးချို ခင်ပွန်းဖြစ်သူ  ရုတ်တစ်ရက် ဆုံးပါးသွားခဲ့ဧ။် ။

***************************************************
ခင်ပွန်းသည် ရုတ်တစ်ရက် ဆုံးပါးသွားချိန်တွင် ဒေါ်ချိုတစ်ယောက် အတော်
လေး ကသီလင်တ နိုင်ခဲ့လေသည် ။ အိမ်ထောင်ထိန်းသိမ်းမှု့ကလွဲလျှင်ဘာကိုမှ မယ်မယ်ရရမလုပ်တတ်သူမို့ ရှိတာလေးတွေနဲ့ သားမိနှစ်ယောက် ဘ၀ကို ရှေ့ဆက်ခဲ့ကြရသည် ။  မလုပ်တတ် လုပ်တတ်ဖြင့် လုပ်ကြည့်သော စီးပွားရေး လုပ်ငန်းများသည်လည်း အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရလေသည် ။ ရှိတာလေးတွေကို ထုခွဲရောင်းချရင်း ဘ၀ကို ရှေ့ဆက်လာလိုက်ကြတာ ခုဆို ကိုကျော်တောင် ဆယ်တန်းကျောင်းသားကြီး ဖြစ်လို့နေချေပြီ ။ ဖခင် ရှိစဉ်ကပြည့်ပြည့်စုံစုံနေလာခဲ့ရသူ  သားလေးကိုသနားသည့်
စိတ်ဖြင့် အရင်ထက်  နှစ်ဆတိုးကာ  အလိုလိုက်ခဲ့မိသည်မှာ ကျွန်မရဲ့ အမှားတွေပေါ့ ။မနှစ်က နှစ်ကုန်ခံနီးလောက်မှာ သားကားလေးကို ရောင်းလိုက်ရပြန်သည် ။သူ့ကားရောင်းလိုက်သည့်နေ့ကဆို ကျွန်မကို သားက လုံးဝစကားမပြောတော့
။ အိမ်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ ဘယ်တုန်းကမှ စိတ်ဝင်တစား မရှိခဲ့သည့် သား ။ ပိုက်ဆံလိုလျှင် တောင်းမည် ။
မပေးလျှင် အမေကို မျိုးစုံ ပြသနာရှာမည် ။ ဒါသူ့ အလုပ်ပဲ ။ အမေကို သောင်းကျန်းလျှင် ဘေးပတ်ဝန်းကျင်က ကြားလို့မတော်သော
စကားလုံးတွေကို သုံးနှုန်းပြောဆိုတတ်ပြန်သည်  ။တရားလွန် အလိုလိုက်မှု့ရဲ့ ရလာဒ်တွေပေါ့ ။ သားလေးသောင်းကျန်းပြီးလို့ ထွက်ခွာသွားလျှင် အပြေးလွှားလာရောက် နှစ်သိမ့်တတ်သူက ခေါင်းရင်းအိမ်မှ မီးလေးပါပဲ ။ မီးလေးဆိုတာ ကျွန်မ သမီးရင်းလေးတစ်ဦးပမာ ချစ်ခင်ရသူလေးပေါ့  ။ မီးလေးလို သားကိုလည်း လိမ်မာစေချင်လိုက်တာ ဆိုသည့်အတွေး မျိုး မကြာခဏ တွေးမိ၏ ။  တရားလွန်အလိုလိုက်ခဲ့ခြင်းအကျိုးကျေးဇူးကြောင့် သားလေးက ခုချိန်မှာ အရမ်းဆိုးတဲ့ လူငယ်လေး တစ်ဦး အသွင်ကို ဆောင်နေခဲ့ပါပြီ ။မိဘတိုင်း မိမိတို့ရင်သွေးငယ်တွေကို ချစ်ကြသူတွေပါ ။ သားသမီးကို
ကောင်းစေချင်တော်စေချင်တာလည်း  မိဘတိုင်းရဲ့ တူညီတဲ့ ဆန္ဒတစ်ခုဖြစ်နေမှာ မလွဲဧကန်ပါပဲ ။သို့သော် ရတနာကဲ့သို့ အဖိုးအနဂ္ဂ ထိုက်တန်သည့် တန်ဖိုးရှိသော ရင်သွေးငယ်တွေကို ရဖို့ဆိုတာ မိဘမည်သော  လူသားတို့တွင် တာဝန်ရှိပေသည် ။ မိဘဆိုသည်မှာ လက်ဦးဆရာတွေပင်ဖြစ်လေသည် ။ ရတနာလေးတွေကို ရတာ နာတာတွေမဖြစ်စေဖို့ ချစ်တဲ့နေရာမှာ ရေတိုကို မကြည့်ကြဘဲ
ရေရှည်ကိုကြည့်ကာ ချစ်တတ်ဖို့က အဓိက ကျတယ် ဆိုသည့် အချက်ကို အချိန်တော်တော်နောက်ကျပြီးမှ ကျွန်မ သိရှိခဲ့မိသည် ။

သူလိုချင်တာဆို ချက်ချင်းရမှ ကျေနပ်တတ်သူ ကျွန်မသား ။ သူ့ဖေဖေ မရှိကတည်းက ရှိတာလေးတွေကို ထုတ်ရောင်း ထုတ်ရောင်းနဲ့ခုဆို အိမ်တောင် အခွံ့ဘဲ ကျန်တော့သည် ။ ဒီအိမ်လေးကိုတော့ ဘယ်လိုကြောင့်နဲ့မှ ထုတ်ရောင်းလို့မဖြစ်ချေဘူး ။
 နောက်ဆုံးလက်ကျန်ဖြစ်တဲ့ နားမှာ ပန်ထားသည့် နားကပ်လေးနဲ့ လက်ထပ်လက်စွပ်လေးကို ထုခွဲရောင်းချမည် ။ ရသည့်ပိုက်ဆံလေးဖြင့်  ရပ်ကွက်ဈေးထဲ ဆိုင်ခန်းလေးတစ်ခန်း ၀ယ်ယူကာ ဈေးရောင်းမည် ဆိုသည့် စိတ်ကူးလေးတစ်ခု
ကျွန်မ ခေါင်းထဲကို ရောက်နေခဲ့တာ  ကြာပါပြီ  ။ ဒီနေ့တော့ ထိုစိတ်ကူးလေးကို လက်တွေ့ အကောင်ထည်ဖော်ရန်အတွက်  ရွှေဆိုင်သို့သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်။


*****************************************************************

ကျွန်တော်သည် အမေတစ်ခုသားတစ်ခု ဖြစ်၏် ။ ကျွန်တော်အတွက် အမေရှိရင်ထမင်းအိုးရှိပြီပဲ ။ အပူပင် မရှိ ဘ၀လမ်းကို လျှောက်လှမ်းခဲ့ရသည့် ကျွန်တော်ဘ၀တွင်လိုချင်တာမှန်သမျှနှုတ်က ဖွင့်ဟပူဆာလိုက်တာနဲ့ ဖြည့်စည်းပေးတတ်သူ မေမေ
ကြောင့် ရှေ့ဆက်ရမည့် အနာဂတ်ဘ၀ခရီးဆိုတာကို တစ်ခါမှ တွေးမပူခဲ့ပါ ။မေမေရင်ခွင်ဧ။် နွေးထွေး လုံခြုံမှု့ကိုလည်း  တန်ဖိုးထားရကောင်းမှန်းမသိခဲ့သူတစ်ဦးပါ ။တစ်နေ့ တော့ သူငယ်ချင်းတွေ စုကာ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်ကြသည် ။ မောင်
မောင်စီးလာသော ကားကို မောင်းချင်နေသည့် စိတ်တွေ တားမရ ဆီးမရ ဖြစ်နေမိ၏် ။ဖေဖေ ရှိစဉ်က အိမ်မှာ ရှိခဲ့ဘူးသော  ကားလေးကို မနှစ်ကမှ မေမေကရောင်းပစ်လိုက်လေသည် ။ ခုနှစ်တန်းလောက်ထဲက ကားမောင်းနေတတ်သည်မို့ ကားရောင်းလိုက်တဲ့နေ့ကဆို  ကျွန်တော် အတော်လေး ခံစားခဲ့ရသည် ။ မေမေကို စကား မပြောချင်လောက်အောင် စိတ်ဆိုးခဲ့သည် ။  ခုမောင်မောင်ကားကို မြင်တော့ ကားမောင်းချင်တဲ့စိတ်တွေက မရိုးမရွ ဖြစ်နေပြီ  ။ ဖြစ်နေသည့် စိတ်ဆန္ဒကို
တားဆီမရနိုင်တဲ့ အဆုံး မှာတော့

* ဟေ့ကောင် မောင်မောင် ။ ငါကို ကားခဏလေး ပေးမောင်းကွာ *
* ဟ ဖြစ်ပါ့မလား  ကျော်ကျော် ။ တစ်ခုခုဖြစ်ရင် ငါဘိုးတော် အသေပူမှာနော် *
* မင်းကလည်း ဖြစ်ပါတယ် ။ အရင်လည်း ငါအိမ်ကကားကို မောင်းနေကျကို *
* သိတယ်လေ။ခုက မင်းမမောင်းတာ ကြာနေပြီ ။ တခုခု ဖြစ်မှာဆိုးလို့ ပါ။
ဖြစ်ရင်ငါက ဘာမှအရေးမကြီးဘူး ငါဘိုးတော် ဘွားတော်က တော့ရမှာမဟုတ်ဘူး။
ဒါကြောင့်ပြောတာပါကွာ *
* စိတ်ချစမ်းပါ ။ ဘာမှ မဖြစ်စေရဘူး ။ အေးကွာ တကယ်လို့ ဖြစ်တယ်ထား ။
မင်းကားတခုခုသာဖြစ်သွားရင် ငါလျှော်ပေးပါ့မယ် *
* ဒီလောက်တောင် ပြောမရလည်း မောင်းကွာ ။ ရော့ ဒီမှာ ကားသော့ ။ သတိထားမောင်းနော် ဆရာသမား *
* အေးပါကွာ ။ စိတ်ချ ။ ငါလစ်ပြီ ။ *

သိပ်ဖြစ်ချင်နေတဲ့ အာသီတလေးပြည့်သွားပြီမို့ ကားဆီကို လျှောက်နေသည့် ခြေလှမ်းတွေက သွက်လက်မြန်ဆန်နေကြသည် ။  ကားသော့ကို လက်ညှိုးလေးနဲ့လှည့်ကာ လှည့်ကာ ဖြင့်  လေးတောင်ခွန်လိုက်မိသေး ။ ကားပေါ်မတက်မှီ ကားကို
တစ်ပတ် ပတ်ကြည့်လိုက်မိပါသေးသည် ။ ပြီးမှ  ကားပေါ်တက်ကာ မောင်းထွက်လာလိုက်ဧ။် ။ စိတ်ကြိုက်မောင်းပြီး ပြန်ဖို့ အတွက် ကားကိုကွေ့လိုက်မိချိန်တွင်" ဒုံး" ကနဲအသံနှင့်အတူ ကားတစ်စီးလုံးတုန်ခါသွားပါတော့သည်။ အသိတရားမှဖြတ်ခနဲပေါ်
ခြင်းကြောင့် ကားပေါ်မှလျင်မြန်စွာဆင်းလိုက်ပါသည် ။တိုက်မိသောမော်တော်ကားအားအရင်ဆုံး တောင်းပန်လိုက်သည် ။ပြီးတော့  ပျက်စီးသွားသမျှမော်တော်အားကြည့်ရှူပြီး ပျက်စီးသွားတဲ့ တန်ဖိုးတွေကို ပေးလျော်မည့်အကြောင်း ၊ လျှော်ဖို့ငွေကို အိမ်လိုက်ယူ
ရန်ပြောကာ ကျွန်မတော်ကားနောက်ကနေ တပါးတည်းလိုက်ပါစေခဲ့သည် ။သူငယ်ချင်းတွေ ရှိရာကို ပြန်လာပြီး ကားပိုင်ရှင်သူငယ်ချင်းကို အကျိုးကြောင်းပြောပြီးသူကိုပါ တပါတည်းခေါ်ကာ အားကိုးရှိရာ အမေအိမ်သို့ အရောက်ပြေးရပါတော့သည်။

*****************************************************************

ဟူးးးးးးးးးးးးးး !

ဆိုတဲ့လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ရွှေရောင်းလို့ ရလာသည့် ငွေစက္ကူပိုက်ဆံများကို တစ်ကျော့ပြန် ရေတွက်ပြီး  အမောပြေ ထိုင်လိုက်ချိန် အိမ်ရေသို့ ကားရပ်သံ ကြားလိုက်ရသည် ။ ဘယ်သူတွေပါလိမ့် ဆိုတဲ့ မေးခွန်း အတွေးနဲ့ ခေါင်းတစ်ချက်ပြူကြည့်လိုက်မ၏် ။ အူယား ဖားယား အိမ်ထဲကို ပြေးဝင်လာသည့် သားတော်မောင် ။ အော် သားနဲ့ သူ့သူငယ်ချင်းတွေ ပါလာကြတာထင်ပါရဲ့ ဆိုတဲ့ အတွေးလေးမှ မဆုံးခင် အပြေးတစ်ပိုင်းဝင်ရောက်လာသည့် သားက

* အမေ လုပ်ပါအုံးဗျာ ။ကျွန်တော် သူငယ်ချင်းကားကို ယူမောင်းမိတာ အခုလေ တိုက်မိပြီ ။ တိုက်တာမှ တခြားကားကိုပါ တိုက်မိတာ ။*
* အောင်မလေးသားရယ် *


လျော်ရမှာထက် သားဘာဖြစ်သွားသေးလည်းဆိုတဲ့ အသိက ခေါင်းထဲကို ဦးစွာဝင်ရောက်လာသည် ။ မျက်လုံးအစုံက သားတစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်မိဧ။်  ။သားကိုယ်ပေါ်မှာ ဒဏ်ရာ ဒဏ်ချက်တစ်ခုတစ်လေတောင် မတွေ့ရတော့မှ စိတ်ကဒုံးဒုံးချချကာ လျှော်ဖို့အရေးကို ထပ်တွေးရပြန်သည်  ။ ပါလာတဲ့ ဧည့်သည်တွေကလည်း အိမ်ထဲကို ရောက်ပြီမို့ ထိုင်ဖို့ နေရာထိုင်ခင်းပေး ပေးလျှော်ရမည့် ငွေအမောက်ကို မေးကာ လျော်လိုက်ရပါတော့သည်  ။ ခုနလေးတင် ရွှေရောင်းလာခဲ့
သော ပိုက်ဆံများသည် လျော်ကြေးငွေ အဖြစ် ရုတ်ချည်းပြောင်းလဲခဲ့ရလေဧ။်  ။ သောင်းဂဏန်းသာသာ ပိုက်ဆံလေးသာ ကျွန်မလက်ထဲတွင် ကျန်ရစ်ခဲ့ပါတော့သည် ။ သားလေးရဲ့ အသိတွေကို အမိုက်မှောင်တွေဖုံးလွမ်းသွားပြီလားလို့ ထင်မှားမိသည် ။
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် အရွယ်ကတည်းက ဒီနေ့ ဒီအချိန် ဒီအရွယ်ရောက်သည်အထိ မျက်နှာအညိုးမခံကာ လိုတိုင်းဖြည့်ဆီးပေးခဲ့သည့်ကျွန်မရဲ့ ချစ်ခြင်းတွေက သားလေးကို လမ်းမှားပေါ်တွန်းပို့ခဲ့သလိုများဖြစ်နေရော့လား ။ သားလိုချင်တိုင်း ဖြည့်ဆီးပေးဖို့ ကျွန်မမှာအင်အားတွေ မဲ့ခဲ့ရလေပြီ ။ ရှိတဲ့ခြံလေးကို တစ်ဝက်ဖဲ့ကာရောင်းခဲ့ရပြန်သည် ။ ခုဆိုဈေးဗန်းလေး ခေါင်းပေါ်ရွက်ကာ သားမိနှစ်ယောက်ဝမ်းရေးကို ဖြေရှင်းနေရပြီ ။ ဒီလို ဘ၀တစ်ခုမှာ နေရလိမ့်မည်လို့ အတွေးထဲမှာတောင် မရှိခဲ့ဘူးပါ ။  သူလိုချင်တာတွေကိုရဖို့ သူနည်းသူဟန်နဲ့ ငွေကိုရှာဖွေတတ်မှု့က သားကိုဒုက္ခရောက်စေခဲ့ပြန်ပါသည် ။ ဆေးအရောင်းဝယ်လုပ်မှု့ဖြစ် ကျွန်မသိပ်ချစ်ရတဲ့ သားလေး ထောင် ငါးနှစ်ကျသွားခဲ့သည် ။ ဘ၀ဆိုတဲ့ ဇာတ်ခုံကြီးပေါ်မှာ ကျရာ အခန်းကို ပီပြင်အောင် သရုပ်
ဆောင်ခြင်းအတတ်ပညာအား ကျွန်မအတော်လေး အကျွမ်းတ၀င် ရှိနေခဲ့ပါပြီ ။နေသားတကျရှိဖို့ကိုလည်း ပြင်ဆင်တတ်ခဲ့ပြီပေါ့  ။ထောင်ကထွက်လာရင်တော့ငါ့သားလေး လိမ်မာတန်ကောင်းပါရဲ့ ဆိုသည့် မျှော်လင့်ချက်လေးကို မရဲတရဲလေးမျှော်လင့်မိပြန်သည် ။

******************************************************************

* ဗျို့ အမေ ၊ အမေ ။ ကျုပ်ပြန်လာပြီဗျ *

နားထဲကြားမိတဲ့ အသံတစ်ခု ။ အာလေးလျှာလေး အသံဆို ပိုမှန်လိမ့်မည် ။ ငါသားလေးများလားဆိုတဲ့ အတွေးနဲ့ လုပ်လက်စတွေကို ပစ်ချကာ အသံလာရာဆီကို အပြေးတစ်ပိုင်းလေး ထထွက်ခဲ့သည်  ။  တွေ့လိုက်ရသည့် မြင်ကွင်းက မလှပပေ ။  ဇက်ကျိုးကျကာအာလေးလျှာလေးဖြင့် ဘာတွေ ပြောနေမှန်းမသိတဲ့ ကျွန်မရဲ့ သားတော်မောင်ကြီး ဖြစ်နေလေသည်  ။ မရဲတရဲမျှော်လင့်မိတဲ့ မျှော်လင့်ချက်တွေ သွားပြန်ပြီ ပေါ့ ။အို ! ဘာတတ်နိုင်မှာလည်း ။ ငါ့သားလေး ပြန်လာရောက်လာသည်ကိုပဲ ၀မ်းသာရမှာပေါ့ ။  အားတင်းအတွေးလေးဖြင့် သားတော်မောင်ကို တွဲခေါ်ကာ သူ့အခန်းလေးထဲကို သွင်းဖို့ ကြိုးစားရသည် ။ အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်အိပ်ပျော်သွားတဲ့ သားကို ငေးကြည့်ရင်း သွားလေသူ သူ့အဖေသာ ရှိမယ်ဆို သိပ်ကောင်းမှာ ဆိုသည့် အတွေးဖြင့် ခင်ပွန်းသည်ကို တမ်းတမိပြန်သည် ။ ကိုကျော်ရေ ရှင်သာ ရှိနေမယ်ဆို  သားကို ကျွန်မထက်ပိုပြီး ဆုံးမပြုပြင်နိုင်ကောင်းပါရဲ့တော် ။ဒေါ်ချိုမျှော်လင့်ချက်အားလုံး သဲထဲရေသွန်လိုက်သလိုပါပဲ။ ဘာတစ်ခုမှ အရာမထင်ခဲ့ပါ။ထောင်ကထွက်ကာမှ လူဆိုးလက်မှတ်ရလိုက်သည့်အလား  ရပ်ကွက်ထဲမှာကောအိမ်မှာပါမကျန်  အနိုင်ကျင့် ရမ်းကားမှု့တွေက များသထက်များလို့လာခဲ့သည်  ။ ရပ်ကွက်တွင်း ဟိုလူကို လိုက်တောင်းပန်ရ ။ ဒီလူကိုတောင်းပန်ရနှင့် နေ့စဉ်စိတ်ဆင်းရဲနေရသူက ဒေါ်ချိုပင် ။ ဒေါ်ချိုချို မျက်နှာဖြင့် ခွင့်လွတ်ကျေအေးပေးရပေမယ့်လူတကာချဉ်ပတ်ကျော်ကျော်ကိုတော့ အားလုံးက မုန်းကြလေသည် ။ကျော်ကျော်တစ်ယောက်  အိမ်သို့ပြန်လာလျှင် ရပ်ကွင်းရှိကြကုန်သော လူအပေါင်းတို့ဧ။် နား မျက်စိ
တို့ကို စွင့်ထားရလေသည် ။ မိခင်အိုကြီးကို ရန်ရှာရင်း တစ်ခါတစ်ရံ နားမခံတာအောင်ဆဲရေးတိုင်းထွာ မှု့တွေကိုပါ ပြုတတ်သူမို့ ဒီထက်အရိုင်းစိတ်ဝင်ကာ အမေအိုကို ရန်ရှာမည်ဆိုးပါသောကြောင့်ဖြစ်သည် ။ အထူးသဖြင့် မီးလေးမှာ ကိုကိုကျော်အသံကို ကြားပြီ
ဆိုတာနှင့် အမြင် အကြား အာရုံအားလုံးကို ဖွင့်ထားရပါသည် ။ မီးလေး ချစ်ရသောအန်တီချိုကို စိုးရိမ်မှု့ဖြင့် ပျာရာခတ်ခဲ့ရသည့်အကြိမ်ပေါင်းလည်း မနည်းတော့ပါ ။
*******************************************

*  ဒေါ်လေးချို ၊ ဗျို့ ဒေါ်လေးချို *

အိမ်ရှေ့မှ ခေါ်သံကြောင့် ဒေါ်ချို့  အသံလှမ်းပြုလိုက်သည် ။

* ရှိတယ်ဟေ့ ။ ဘယ်သူတုန်း ။ ၀င်ခဲ့လေ ။ ဒီမှာ ထမင်းအိုးတန်းလန်းကြီးမို့လို့ *
*ကျွန်မ မိသူပါ ဒေါ်လေး *
*ဟေ ဟုတ်လား ။ ၀င်လာလေကွယ် *

အနားကို ရောက်လာတဲ့ ခြေသံကြောင့် မော့ကြည့်လိုက်သည် .။

*  မိသူ ဒီနေ့ ဈေးသိမ်းလာတာ စောလှချည်လား *

နှပ်ထားတဲ့ ထမင်းအိုးကို မီးဖိုပေါ်ကနေချလိုက်သည် ။

* ဟုတ်တယ် ဒေါ်လေးချို ။ ကုန်တွေ အစောလေးကုန်လို့လေ ။ နောက်ဒေါ်လေးကိုလည်း ပြောစရာလေးရှိတာနဲ့ ၀င်လာခဲ့တာ *
* ဟေ ။ ဟုတ်လား ။ ဘာတွေ အရေးကြီးလာလည်း ပြောစမ်းပါအုံး *
* ဒီလို ဒေါ်လေးရေ ဒီနေ့ ဈေးထဲမှာ သတင်းတစ်ခု ပျံ့နေတယ် ။ ဒေါ်လေးသားအကြောင်းပေါ့ *
* ဟယ် ။ သားဘာတွေ ဖြစ်ပြန်လည်းကွယ် ။ မထိတ်တာ မလန့်သာရှိလိုက်တာ ။ *
* ဖြစ်ပုံကတော့ ဒီလိုဒေါ်လေး ။ ဟိုဘက်လမ်းထိပ်က သဘောင်္သားကတော် နုနုကို
သိတယ်မလား ။ *
* အေးသိတယ်လေ ။ အဲဒါဘာဖြစ်လည်း *
* အဲဒီမိန်းမက ခု ဒေါ်လေးသားနဲ့ ဖြစ်နေလေရဲ့ ။ *
* ဘုရား ဘုရား ။ သားဘာတွေ လျှောက်လုပ်နေပါလိမ့်ကွယ် ။ မဖြစ်သင့်တာတွေ ။သူတစ်ပါး သားမယားကိုမှ မကြံကောင်းမစည်ရာတွေပါလား *

မိသူဆီက ကြားလိုက်ရသော အကြောင်းအရာတွေကို နားထောင်ရင်း ကျွန်မရင် တွေတုန်ရီလှိုက်မောလာပါသည် ။ လာပြောပြသော မိသူကို ကျေးဇူးလည်းတင် ရှက်လညှ်းရှက်မိ၏် ။ ပြောဆိုပြီး ထပြန်သွားသော မိသူနောက်ကျောကိုကြည့်ရင်း သားရဲ့ မိုက်တွင်းနက်နေပုံတွေကို ဘယ်လိုစကားလုံးတွေနဲ့ ဆုံးမရမည်ကို တွေးတောနေမိသည် ။


****************************************************

* ဟော သားပြန်ရောက်ပြီလား *

ကျော်ကျော်က တစ်နေရာကို သွားဖို့အ၀တ်စားတွေ ထည့်နေပုံပါ ။ နောက်ကို လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြသည် ။

*သားက ဘယ်ကို သွားမလို့ဟင် *
* ကိစ္စလေးရှိလို့ ဟိုဘက်လမ်းထိပ်က မမနုကားကို လိုက်မောင်းပေးရမယ်  ။တစ်ပတ် ဆယ်ရက်တော့ ကြာမယ်ထင်တာပဲ *

* သားကို မေမေ ပြောစရာရှိလို့ စောင့်နေတာ ။ *
* ဘာပြောမှာလဲ ။ ကျွန်တော် အချိန်မရတော့ဘူး ။ ပြောချင်ရင် မြန်မြန်ပြော *
* အေးပါကွယ် ။ ခုလေ အရပ်ထဲမှာ သားနဲ့ နုနုအကြောင်းကို လူပြောသူပြောများနေပြီကွယ် ။ သား ဒီမိန်းကလေးနဲ့ မပတ်သတ်ဘဲ နေပါလားဟင် ။ ခုသွားမယ့်ခရီးကိုလည်း မသွားပါနဲ့ သားရယ် ။ သူတစ်ပါးမိန်းမဆိုတာ မပြစ်မှားကောင်းပါဘူး ။ *
* ဟာဘာတွေ လာပြောနေတာလည်း အမေရာ ။ ခင်ဗျားလေရှည်နေတာနဲ့ ဒီမှာနောက်ကျတော့မယ် ။ တကယ့်ပဲ *

ပြောလည်းပြော ထွက်လည်းထွက်ပါပဲ ။ အိမ်ထဲကနေ ထွက်မယ့် သား ခြေလှမ်းတွေကိုတားဆီဖို့ ဒေါ်ချိုတစ်ယောက် ကြိုးစားလိုက်မိသည် ။ သားလက်ကို ဖမ်းဆွဲကာဆုပ်ကိုင်ထားလိုက်ဧ။် ။ ကျော်ကျော်တစ်ယောက် ဒေါသတွေ တစ်ဟုန်ထိုးထွက်လာပါ
တော့သည် ။

*  ခင်ဗျားဘာလုပ်တာလဲ ။ ကျုပ်သွားစရာရှိတယ်လို့ ပြောနေတယ်လေ *

ပြောလည်းပြော လက်ကိုလည်း အတင်းရုန်းပါတော့သည် ။

*သားရယ် မသွားပါနဲ့နော် ။ အမေတောင်းပန်ပါတယ် ။ သားလေး အပြစ်တွေအရမ်းကြီးတော့မယ် ။ သူ့တစ်ပါးသားမယားဆိုတာ မပြစ်မှားကောင်းပါဘူးသားရယ် ။ မသွားပါနဲ့နော် ။*
* လွတ်လို့ ကျုပ်ပြောနေတာ မရဘူးလား ။ ကျုပ်လက်မပါချင်ဘူးနော် ။ ခုကျုပ်လက်ကို လွတ်ပေး *
* မလွတ်ဘူး သား ။ မသွားပါနဲ့ သားလေးရယ် *

ကျော်ကျော်တစ်ယောက် ချွေးသီးချွေးပေါက်တွေ ကျလာသည် ။ ဒေါသက အထွတ်အထိပ်ကို ရောက်နေပြီ ။ ခေါင်းထဲမှာလည်းထူပူလာကာ သွားချင်နေသည့်စိတ်တွေက ပြင်းပြနေသည် ။ အသက်ရှူသံတွေ မြန်ဆန်လာကာ ထွက်လာသည့် ဒေါသစိတ်ဧ။်စေခိုင်းမှု့ဖြင့်

* ဒီလောက်တောင် ပြောမရတာ ကဲကွာ *

ကျော်ကျော်တစ်ယောက် ဒေါ်ချိုဆွဲထားသော လက်အစုံကို စောက်ရုန်းကာ မိခင်ဖြစ်သူအား ပိတ်တွန်းလိုက်သည် ။

* ၀ုန်း *

လုံးဝမမျှော်လင့်ထားသော အဖြစ်ကြောင့် ဒေါ်ချိုတစ်ယောက် မည်သို့မျှ ထိန်းနိုင်ခြင်းမရှိတော့ဘဲ ကြမ်းခင်းပေါ်သို့ နောက်ပြန်လဲကျသွားလေဧ။် ။

* ဒုတ် *

ဆိုသည့် ထပ်ဆင့်အသံကို ကြားလိုက်ရပြန်သည်မို့ ဦးခေါင်းကို တစ်စုံတစ်ခုဖြင့် ထိခိုက်မိပြီဆိုတာ အသေချာပင် ။ သားဖြစ်သူကတော့ ပက်လက်လန်လဲကျသွားသူ ဒေါ်ချိုအားကျောခိုင်းပြီး သူလိုရာခရသို့ထွက်ခွာသွားလေပြီ ။ ဒေါ်ချိုချို တစ်ယောက်မှာဖြင့် မထင်မှတ်ထားသော အပြုမူ အတွက် အံ့သြမှင်သက်ခြင်းများစွာဖြင့် ပြူးကျယ်ဝိုင်းစက်
နေတဲ့ မျက်ဝန်းအစုံက နာကျင်မှု့ကို ခံစားစေဖို့ မေ့နေသယောင်ပင် ။ ဦးခေါင်းမှ ယိုစီးလာသည့် သွေးစီးကြောင်းများက ကြမ်းပြင်ပေါ်သို့ အတားဆီးမဲ့  ကျဆင်းလို့နေလေပြီ် ။ ကျလာသော သွေးများကို ယောင်ယမ်းစမ်းဖို့ပင် သူမ မေ့လျော့လို့နေခဲ့သည် ။ ပထမဆုံးသူ့မနှုတ်မှထွက်ကျလာသောအသံသည်ကား


* ဘုရား ဘုရား *

ဆိုသည့် အာမေဋိတ်သံ တစ်ချို့ ။နာကျင်နေသည့်ကြားက အို ! ငါ့သားလေး ဒုက္ခရောက်ကုန်ရတော့မည် ဆိုသည့်အသိက စိုးမိုးနေလေသည် ။ ငါသေလို့ မဖြစ်ဘူး ။ ဟုတ်တယ် ငါသေလို့ဘယ်နည်းနဲ့မှ မဖြစ်ချေဘူး ။  သတိပေးအသိတစ်ခုကို ကောင်းကောင်း ဆုပ်ကိုင်ကာ လဲနေရာမှ ပြန်ထိဖို့ ကြိုးစားကြည့်သည် ။ မရပါ ။ ထဖို့ကြိုးစားတိုင်း အကြိမ်ကြိမ်ပြန်လို့
လဲကြနေခဲ့သည် ။ နားဆီမှ အိမ်ပေါ်သို့ တက်လာသော ခြေသံတွေကို ကြားနေရပါပြီ ။ သေချာပါပြီ မီးလေးနဲ့ အိမ်နီးနားချင်းတွေ ။ လူတွေ လာကြပြီ ။ ငါကိုကယ်ကြတော့မည်  ။ ဒါဆို ငါမသေဖို့ သေချာလေပြီ ။ နောက်ဆုံးကျေနပ်ခြင်း
အသိတစ်ခုဖြင့် လောကကြီးနှင့် ခေတ္တခဏ အဆက်သွယ်ပြတ်တောက်သွားလေတော့သည် ။

အခြေတင် စကားများသံတွေ စကြားပြီဆိုတည်းက နားစွင့်နေမိသော မီးလေးတစ်ယောက် ခေါင်းရင်းအိမ်မှ လဲပြိုသံတွေ ကြားလို့ ပြေးလာစဉ်မှာကိုကိုကျော်နှင့် ခြံဝတွင် ဆုံလိုက်ပါသေးသည်  ။ မိခင်ကို ကျောခိုင်းကာ ထွက်ခွာသွားသောကိုကိုကျော်
 နောက်ကျောအား ခံပြင်းစွာ ကြည့်မိရင်း အိမ်ပေါ်သို့ အပြေးတပိုင်းတက်လာလိုက်သည် ။တခြား အိမ်နီးချင်းများလည်းရောက်လာကြလေသည် ။ သွေးအိုင်ထဲတွင်လဲကျနေသည့်အန်တီချိုဧ။် အဖြစ်ကိုမြင်တွေ့ရသူတိုင်း ရင်ထုမနာဖြစ်ကြရသည် ။ ဆေးရုံသို့ ချက်ချင်းပို့ဖို့ စီစဉ်ကြသည် ။ ဆေးရုံရောက်ချိန်မှာသတိတစ်ချက် ပြန်လည်လာလိုက်ပါသေးသည် ။ မပွင့်တစ်ပွင့်လေသံလေးဖြင့်  အားယူကာ ပြောသွားရှာသည့် အန်တီချိုဧ။် စကားကို ကြားရသူတိုင်း မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ကြရလေသည် ။

* ကျွန်မ ..... ကျွန်မ မသေပါရစေနဲ့ ။ ကူညီကြပါနော် ။ ကျွန်မ သာ သေခဲ့ရင် သားလေး ကြီးမားတဲ့ ကံကြီးထိုက်ရှာလိမ့်မယ် ။
ကျွန်မ  ကျွန်မ မသေပါရစေ*


စကားပင်မဆုံးလိုက်ရဘဲ သူမရဲ့ နောက်ဆုံးထွက်သက်ကို ခက်ခဲပင်ပမ်းစွာ အသက်ထွက်သွားခဲ့လေတော့သည် ။ အရပ်ကောင်းလို့ အလောင်းလှခဲ့ရသူ အန်တီချိုရဲ့ဈာပနအခမ်းနားကို သူမရဲ့ ချစ်လှစွာသော သားတော်မောင် ကိုကိုကျော် တစ်ယောက်
ကတော့ ရောက်မလာခဲ့ပါဘူး ။  အမေသေလို့ သေမှန်းလည်း  သိပုံမည့်ပုံ မပေါ်ပါ။သြော် !  သွေးကစကားပြောတယ်ဆိုတဲ့ စကားဟာ အန်တီချို အတွက်တော့ ဟုတ်ခဲ့ဟန်မတူပါလား ။ အန်တီချိုရဲ့သား ကိုကိုကျော် သွေးသားကတော့ စကား
မပြောသော သွေး များဖြစ်ခဲ့လေသလားလို့ အားလုံးက တွေးတောနေကြကုန်
လေတော့သတည်း ။

* သွေးက စကားပြောတယ် *
ဆိုသည့် စကားစုလေးကို ကျွန်မတို့ ပတ်ဝန်းကျင်တွင်
မကြာခဏဆိုသလို ကြားခဲ့ရဘူးပေသည် ။ ဒီထဲကမှ
* စကားမပြောသော သွေး *
ပိုင်ရှင် ကိုကိုကျော်လို လူမျိုးတွေလည်း တခါတရံ ရှိနေတတ်သေးသည်ပင် ။

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment