Saturday, August 11, 2012

တမ်းတမိတဲ့ ဆူသံလေးတစ်ခု

ကျွန်မ အရမ်းလွမ်းနေတယ် ။ လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရနေမိတယ်။ ဘ၀ဆိုတဲ့
လမ်းပေါ် ခုမှလမ်းလျှောက်တတ်တဲ့ ကလေးတစ်ယောက်လို စူးစမ်းခြင်းပေါင်းများစွာ နဲ့ စတင် လျှောက်လှမ်း
နေရတဲ့ ခုလိုချိန်မှာ အဲဒ်ီလူကို ပိုလွမ်းတယ် ။ လွမ်းလို့ ပြန်ရအောင် ကျွန်မကလေးတစ်ယောက် မဟုတ်တော့
ဘူးလေ ။ ကိုယ်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်ရမယ် ။အခက်တွေ ဒုက္ခတွေ
တွေ့လို့ နောက်ဆုတ်လှည့်ပြန်မယ်ဆို လိုရာပန်းတိုင်ဆိုတာ ထာဝရ ဝေးနေတော့မှာဘဲလေ ။ ကျွန်မခံယူ
ဆုံးဖြတ်ထားတယ် ။ ကျွန်မ ခန္ဓာကိုယ် နဲ့ ရင်းပြီး ကျရှုံးမှုမျိုးကိုတော့ ဘယ်တော့မှ အဖြစ်မခံပါ ။ မှန်ကန်သော
လမ်းနည်းတစ်ခုနဲ့ လိုရာကို မရောက်ရောက်အောင် ကျွန်မလျှောက်မယ် ။ ကျွန်မသွားမယ့် လမ်းမှာ အခက်ခဲ
တွေ ၊ အတားဆီးတွေ များစွာကို ရင်ဆိုင်တွေ့ရမယ် ။ လဲကျသွားမယ်ဆိုလည်း ချက်ချင်းပြန်ထနိုင်အောင်
အင်အားတွေကို ပြင်ဆင်ထားပါတယ် ။ကျွန်မ အချိန်တိုင်း လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရ
မိနေတာတော့ အားငယ်ခြင်းမဟုတ်ပါဘူး ။ အဲဒီလူရဲ့ ရင်ခွင်ငွေ့ငွေ့လေးကိုပါ ။ သူက ကျွန်မအတွက် ပေးဆပ်
မှုတွေကိုဘဲ ပေးစေတယ် ။ ကျွန်မဆီက သူဘယ်တုန်း ရယူလိုမှုဆိုတဲ့ သတ်မှတ်ချက်တွေ မရှိခဲ့ဘူး ။သူကဘဲ
ကျွန်မကို ပေးဆပ်ခဲ့တာချည်းပါဘဲ ။ အချိန်တိုင်း ဘယ်တုန်းကမှ သူနဲ့ ကျွန်မ မတည့်ကြပါဘူး ။ နှစ်နဲ့ချီ စကား
မပြောဘဲလဲ နေဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့် ကျွန်မ ကွယ်ရာမှာ ကျွန်မမသိအောင် ကျွန်မအောင်မြင်မှုတွေကို
ဂုဏ်ယူနေတတ်သူ ကလည်း အဲဒီလူဘဲဖြစ်နေပြန်တယ် ။ မျက်နှာချင်းဆိုင်တာနဲ့ နှစ်ပြားမတန်အောင် ပြောဆို
ဆူပူကြိမ်းမောင်းတတ်သူ ကလည်း သူပါဘဲ ။ ခုတော့ အဝေးတစ်နေရာကိနေ သူကို အရမ်းသတိရနေတယ်ဆို
သူက လူတွေ မသိအောင်ကြိတ်ပြုံးနေမှာလား ။ ခိုးပြီး မျက်ရည်ကျနေမလား ။သူကဘယ်သူလဲ ဆိုတော့
ကျွန်မနဲ့ ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်လို့ကို မရတဲ့ ကျွန်မ ရဲ့ တစ်ဦးတည်းသော ကျွန်မ မသိစိတ်က
အရမ်းချစ်ရတဲ့ ကျွန်မ မေမေ ပါပဲ ။ မေမေ နဲ့ ကျွန်မ တစ်စက်မှ ကို မတည့်ပါ ။ ကျွန်မ နိုင်ငံခြားထွက်လာ
တော့ မေမေက လေယာဉ်ကွင်းကိုတောင် လိုက်မပို့ရကောင်းလားဆိုပြီး ကျွန်မရင်ထဲ အစိုင်ခဲတစ်ခု ခိုဝင်
လာခဲ့ပါတယ် ။ သို့သော် ယနေ့ ဒီချိန်မှာတော့ ကျွန်မကို လေယာဉ်ကွင်း လိုက်မပို့ပေမယ့် ညနေမှ လေဆိပ်
ဆင်းမယ့် ကျွန်မကို မနက်မိုးသည်းထဲ ဗိုလ်ချုပ်ဈေးထဲမှာ ကျွန်မလိုချင်တာတွေကို ထီတစ်ချောင်းဆောင်း
ထားပေမယ့် တစ်ကိုယ်လုံး မိုးရေတွေ စိုနေပေမယ့် နေသာနေသလို တချက်မညိုညင်စွာ လိုက်ဝယ်ပေးရှာတဲ့
မေမေကို ပိုချစ်လာမိတယ် ။ လိုက်မပို့တာ သူရင်ထဲ ဘယ်အတိုင်းတာထိ ခံစားနေရမယ်ဆိုတာ တွေးတတ်
မြင်တတ်လာပါတယ် ။ ခုချိန်မှာ မေမေဆူသံကိုလည်း သာယာတဲ့ ဂီတသံတစ်ခုအဖြစ် တင်စားချင်မိတယ် ။
မေမေ ဆူပူသံတွေမှာ အတ္တတွေကင်းတယ် ၊ လိုချင်မှုဆိုတာတွေ ပါမလာဘူး ။ ပေးဆပ်ခြင်းဆိုတဲ့ ချစ်ခြင်း
တရားတွေ ပျော်ဝင်စီးဆင်းနေပါတယ် ။မနက် အိပ်ယာထနောက်ကျတိုင်း အခန်းပြင်ကနေ ရစရာမရှိအောင်
ပြောဆိုနေတတ်ပေမယ့် အိပ်ယာထဲက တကယ်ဆွဲမချခဲ့ပါဘူး ။ ခုချိန်မှာတော့ နိုးသူမဲ့နေတဲ့ နေရာမှာ ကိုယ်
အသိနဲ့ကို ရအောင်ထတတ်နေပြီ မေမေ ။ အ၀တ်တွေ တစ်နေ့ ၃ခါလောက်လဲလို့ နတ်ထဘီလဲနေသလို
ဘဲနော် လျှော်ရတဲ့သူကိုလည်း အားနားပါအုံးဆိုပေမယ့် အ၀တ်ခြင်းထဲ ထည့်လာသမျှကို လျှော်ပေးနေတဲ့
သူတွေကို မလျှော်ပေးရဘူးဆိုတဲ့ အမိန့်တစ်ချက်မထုတ် မနိုင်လျှင် အငှားခေါ်လျှော်ပေးခဲ့တဲ့ မေမေ ခုတော့
အမေသမီး လက်သည်းတွေညှပ် ကိုယ်အ၀တ်ကို လျှော်တတ်နေပါပြီ။ ပိုက်ဆံလိုရင် မေမေ ပိုက်ဆံ အံဆွဲထဲက
လိုသလောက် ယူသုံးခဲ့တဲ့ လက်တွေက ကိုယ်ပိုက်ဆံကို ရှာတတ်နေပါပြီ မေမေ ။ ခုချိန်မှာ သိပ်လွမ်းနေတယ်။
မေမေ ရဲ့ မေတ္တာ မေမေရဲ့ စေတနာတွေ မြောက်မြားစွာ ပါဝင်နေတဲ့ မေမေဆူသံလေးကို လွမ်းတယ် မေမေ။
တစ်အိမ်ထဲနေပြီး စကားမပြောဖြစ်ခဲ့ကြပေမယ့် မျက်ဖြေမပျက်သမီးကို စောင့်ကြည့်ပေးနေခဲ့တဲ့ သမီး မေမေ
ခုကော သမီးအတွက် ပူပန်နေတုန်းဘဲမလား ။ ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ် အဆိုးဆုံးသမီးကို မေမေ စိုးရိမ်
နေမယ်ဆိုတာ သေချာတဲ့ အဖြေတစ်ခုပါပဲ နော် ။သမီး အတွက် စိုးရိမ်ခြင်းတွေနဲ့ မေမေ ညတွေကော အိပ်ပျော်
လားမေမေ ။ နောင်တ ရနေတာမဟုတ်ပါ ။ တမ်းတခြင်းမျိုးတာ ဖြစ်ပါတယ် ။ နွေးထွေးတဲ့ ရင်ခွင်တစ်ခုကို
တမ်းတခြင်းတာ ဖြစ်ပါတယ် ။ ဒီဆောင်းပါးလေးကို ဖတ်မိတဲ့ မောင်ငယ် ၊ ညီမငယ်တို့ အားလုံး မိဘရင်ခွင်
မှာရှိတုန်း မိဘတန်ဖိုးကို သိနားလည်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ လေးနက်စွာ ဆုတောင်းပေးလိုက်
ပါတယ်ရှင်။

No comments:

Post a Comment