Friday, February 28, 2014



ချစ်သူကို စည်းကမ်းတကျ ချစ်တတ်ကြပါစေ



12.2.2014 ထွက်သော Women'sWorld ဂျာနယ်ပါ ဆောင်းပါးလေးပါရှင် ။



အချစ်၏ တန်ဖိုးသည် ချစ်သူအပေါ်မည်မျှ ချစ်နိုင်သည်ကို ယေဘူယျအားဖြင့် တိုင်းတာသတ်မှတ်တတ်ကြပေသည် ။ ထိုသို့ သတ်မှတ်ရာတွင် ချစ်သူအပေါ်ထားရှိသော ချစ်ခြင်းတရားသည် အကျိုးကိုလိုလားသော ချစ်ခြင်းတရား ဖြစ်ဖို့ကား လွန်စွာ အရေးကြီးပေသည် ။မိမိချစ်သူကို အမှန်တယ် တန်ဖိုးရှိရှိ ချစ်တတ်သူတို့သည် မိမိချစ်သူအား လူတစ်ယောက်မှာရှိသင့် ရှိထိုက်သောတန်ဖိုးများ ရှိလာအောင် အရောင်တင်ပေးနိုင်ရမည် ။တန်ဖိုးရှိသောသူ ၊ အသုံးကျသော သူတစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်သင့်သည် ။

အချစ်ဆိုသည်မှာ ချစ်နေယုံလေးနဲ့ မပြီးပါ ။ အချစ်ကို သိက္ခာရှိရှိ ချစ်တတ်ဖို့လည်း
လိုအပ်ပေသည် ။ ချစ်သူကို ချစ်လို့လိုက်လျောတယ် ဆိုသည့်နေရာမှာ မျက်စိစုံမှိတ် လိုက်လျောဖို့ မလိုအပ်ပေ။ မလိုအပ်သည့်သဘောကောင်းခြင်းတွေဟာ ဈေးပေါပေါ ပစ္စည်းတွေလို တန်ဖိုးမဲ့သွားတတ်ပေသည် ။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ဆက်နွယ်နေသည့် နမူနာလေးတစ်ခုကို ပြောပြချင်
ပါသည် ။တစ်နေ့ အိမ်မှာရှိနေသည့် ကောင်လေးတွေ စကားစုပြောနေကြသည်ကို
ဟင်းချက်နေရင်း ကျွန်မကြားနေရသည် ။ သူတို့မိတ်ဆွေဇနီးမောင်နှံအကြောင်းကို
ပြောဆိုနေကြခြင်းပါ ။ ပထမတော့ ဒီလိုဘဲ နားထဲဝင်လာတာမို့ နားထောင်လိုက်
ပေမယ့် သူတို့ပြောနေသည့် အကြောင်းအရာရဲ့ အဓိကအချက်လေးကို စိတ်ဝင်စား
မိသွားတာမို့ သေချာလေး နားစိုက်ထောင်လိုက်မိပါသည် ။ သူတို့မိတ်ဆွေကောင်လေး
က ကံကောင်းသတဲ့ ။ သူအမျိုးသမီးလေးက သူခင်ပွန်းသောက်ဖို့ တစ်လကို အရက်
တစ်ဖာဝယ်ပေးတယ်ဆိုပဲ ။ ဒီအလိုလိုက်မှု့လေးက သူ့မိန်းမက သူ့ယောကျာင်္းကို သိပ်ချစ် တယ်ဆိုသည့် ပြယုဂ်တစ်ခု ဖြစ်သွားပါကောလား ။ နားထဲကြားမိသည့် စကားသံတွေကြောင့် ကျွန်မရင်ထဲ မောဟိုက်သွားမိသည် ။

အတွေးမှား ၊ အယူဆမှားတွေ လောကကြီးထဲကို ဘယ်လောက်ထိတောင် တိုးဝင်နေရာ
ယူနေကြပြီလည်းဆိုသည့် အတွေးက ကျွန်မကို အတော်လေးထိတ်လန့်သွားစေပါသည်။
မိမိခင်ပွန်းသည်အတွက် အရက်ကို ဖာလိုက်ဝယ်ပေးခြင်းဟာ ချစ်ခြင်းမည်သတဲ့လား ။
ဆိုးလိုက်သည့်လုပ်ရပ် ။ မိမိချစ်ခင်မြတ်နိုးသူကို သေတွင်းဆီ အမြန်ဆုံးပို့ဆောင်နေခြင်း
ဟာ ချစ်ခြင်းရဲ့ ပြယုဂ်မဟုတ်ပါ ။ မိမိတို့ချစ်ရသူတွေကို အလိုလိုက်အကြိုက်ဆောင်
ပေးချင်ကြသည်မှာ ချစ်သူတိုင်းဧ။် တူညီသည့် ဆန္ဒတစ်ခု ဖြစ်စေမှာပါ ။ သို့သော် မိမိချစ်သူတို့ တောင်းဆိုသော အရာသည် ဖြစ်သင့်သော တောင်းဆိုခြင်းလား ၊ မဖြစ်သင့်သော တောင်းဆိုခြင်းလားဆိုသည့် အချက်ကိုတော့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပေသည် ။ ချစ်တာတစ်ခုတည်းနှင့် မျက်စိစုံမှိတ် အလိုလိုက်ခြင်းဟာ မိမိချစ်သူ
ကို ချစ်တာမဟုတ် ၊နစ်မွန်းအောင် လုပ်နေခြင်းသာ ဖြစ်သည် ။

ချစ်သူအမျိုးသားများ အနေနဲ့လည်း ချစ်လို့ပါဆိုသည့် စကားကို ခုတုံးလုပ်ကာ မိမိတို့ချစ်သူအမျိုးသမီးများဆီမှ ကာမ တောင်းဆိုကြခြင်းကို ရှောင်ရှားသင့်ပေသည် ။
မိန်းကလေးတွေ အနေနဲ့လည်း မလိုက်လျောအပ်သည်တို့ကို မလိုက်လျောသင့်ပေ။
လက်ထပ်ခြင်းအမှု့ကို မပြုရသေးဘဲ ကာမကိုတောင်းဆိုခြင်းသည် မိမိတို့
ချစ်သူကို ချစ်သည့်သဘောကို မဆောင် ။ တန်ဖိုးမဲ့အောင်လုပ်ဆောင်ခြင်းနှင့်သာ
သဏ္ဍန်တူပါပေသည်။ အချစ်ဆိုသည့်ခံစားမှု့သည်အသွေးသားဆန္ဒတွေကို ဖြည့်ဆီးဖို့
အကြောင်းပြချက်မဟုတ်တန်ပါ ။ သဘာဝတရားကို သဘာအတိုင်း သူအဆင့်နှင့်သူ
သွားမှသာ တန်ဖိုးဆိုသည့်အရာကလည်း နောက်မှထပ်ကြပ်မကွာ လိုက်ပါလာ
ပေလိမ့်မည် ။ အရာရာကို လက်လွတ်စပယ် မလုပ်မိစေဖို့ ချစ်သူစုံတွဲတိုင်း သတိ
ချပ်ရပေမည်။

အချစ်တန်ဖိုး မြှင့်တက်စေဖို့ရာ မိမိချစ်သူကို စေတနာမှန်ကန်စွာ ချစ်တတ်ဖို့ အထူး ဂရုပြုသင့်ပါသည် ။ မိမိချစ်သူကို တန်ဖိုးရှိအောင် မထားသူသည် ဘယ်လိုနည်းနဲ့မှ အချစ်စစ်ဖြင့် ချစ်နိုင်သူ မဟုတ်ပါ ။မိမိက ချစ်သူအလိုကို လိုက်နေယုံဖြင့် ချစ်ခြင်း
ကို သက်သေတည်လို့ မရနိုင်ပါ ။ အလိုလိုက်သည့်နေရာမှာ လိုက်သင့်ခြင်း ၊ မလိုက်
သင့်ခြင်းဆိုသည့် အချက်တွေကို သေသေချာချာ သုံးသပ်ဖို့အရေးကြီးပေသည် ။
အချစ်ကို စည်းကမ်းတကျ ချစ်တတ်ခြင်းသည်သာ အနာဂတ်ဘ၀ခရီးလမ်းအတွက်
စိတ်ချမ်းမြေ့စရာတွေဖြစ်လာနိုင်ပေသည် ။

ကဲ ချစ်သူတို့ရေ မိမိချစ်သူကို စစ်မှန်စွာ ချစ်တတ်ကြပါစေ ။ချစ်သူကို စည်းကမ်းတကျ
ချစ်တတ်ခြင်းဖြင့် ကိုယ်ချစ်ခင်မြတ်နိုးရသူတွေရဲ့ လူ့တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြ
ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း -

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment