အလွမ်းပန်းလေး
ရနံ့လှိုင်လှိုင်
ခိုင်လေး ( ရွှေတောင် )
ခံစားချက်ရောင်စုံဖြင့် အလွမ်းရနံ့တွေ
ဖြာဝေနေ၏ ။ အချစ်ရဲ့ ယှက်ဖြာ မြူးကွန့်ခြင်းတွေက ဖြစ်တည်လာသောမြတ်နိုး တွယ်တာ ။ လွမ်းစွတ်ခြင်းတို့သည်
ကျွန်မနှလုံးထက်၌ဖေးတင်နေခဲ့ကြပြီ * မောင် *။ လွမ်းရသည့်ဝေဒနာကြောင့် ရင်ခုန်သံတို့သည်ပင်
စည်းချက်မညီချင်ပေ ။ တုန်ယင်နေသော လက်အစုံဖြင့်
ကျလာသည့် မျက်ရည်စက်တို့အား ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်၏။ သူထွက်သွားခဲ့သော ယခုလို
ညအချိန်တွေရောက်တိုင်း ကျွန်မစိတ်တို့် ကစဉ့်ကလျားဖြစ်တတ်၏ ။ တဟုန်းဟုန်း တောက်လောင်နေသော
မျှော်လင့်ချက်မီးတောက်ကြီးတစ်ခု ကျွန်မရင်တွင်းထဲ၌ အစဉ်ဖြစ်ထွန်းနေသည်
။
တခါတရံစိုးရိမ်တတ်တာ၊တခါတရံဆူပူတတ်တာ၊တခါတရံချစ်ခင်မြတ်နိုးတတ်တာ၊တခါတရံတဇွတ်ထိုးဆန်
တတ်တာ အစရှိသည့် မောင်၏စိတ်ခံစားများအား ကျွန်မချစ်သည်။ခိုလှုံရာရင်ထွင်တစ်ခု ပျောက်ဆုံးသွားနေသူ
ကျွန်မ ။မောင်အား လွမ်းရလွန်း၍ ရူးချင်နေ၏ ။ မောင်ဖျော်တိုက်နေကြ
ကော်ဖီလေးတစ်ခွက်အား ရူးမူး တမ်းတစွာ မျှော်လင့်နေမိသည် ။ ပျော်စရာအချိန်တစ်ချို့ကို
ပြန်တွေးအမှတ်ရပေးပါမောင် ။ မောင်အား နှစ်တွေအကြာကြီး ကျွန်မစောင့်နေခဲ့၏ ။ကျွန်မဆီသို့
ပြန်လာမည့်မောင့်အား အချိန်တော်တော်ကြာအောင် စောင့်နေခဲ့သူပါ ။ ခုချိန်ထိရောက်မလာသူအတွက်
ပြန် မလာတော့ဘူးလားဆသည့် အတွေးကပင် ကျွန်မရင်အား
ပူလောင်လွန်းလှပေ၏ ။
ညတွေအား
အိပ်စက်ဖို့ပင် ကြောက်နေမိသည် ။ အထီးကျန်သည့်အဖြစ်နှင့် ထိုင်၍ ငိုမိခဲ့သည့်
အကြိမ်ပေါင်းလည်း မနည်းတော့ပေ ။ အိပ်ဖို့ကြိုးစားရင်း အိပ်မပျော်နိုင်ခဲ့သူအဖြစ် ရှိနေခဲ့ရသည်
။ မောင်ဖျော်တိုက်နေကြ ကော်ဖီတစ်ခွက်သည် ကျွန်မအတွက် အိပ်ဆေးဖြစ်ခဲ့သည်ပင် ။ ဒီအကြောင်းတွေအား
မောင်သိပါလေစ ။သိခဲ့လျှင်လည်း ကျွန်မအား ဟားတိုက်ရယ်မောနေုမည်ထင်ပါရဲ့ ။ တကယ်ပါ မောင်
။ အိပ်ခါနီးတိုင်း မောင်ကိုယ်တိုင် ဖျော်တိုက်ခဲ့သော ကော်ဖီတစ်ခွက်ကို မသောက်ရသည့်
နေ့ကအစပြုလို့ ကော်ဖီဆိုသောအရာသည်ကျွန်မနှင့် အဝေးဆုံးသို့ ရောက်ရှိသွားခဲ့သည်
။ ၀ါသနာ ၊ ခံယူချက်တွေ ကွဲပြားနေခဲ့ခြင်းဟာ သိပ်ချစ်ပါတယ်ဆိုသော ခေါင်းစဉ်အောက်မှာရှိသော
ကျွန်မတို့ နှစ်ယောက်အား ဝေးကွာစေခဲ့သော အခြေခံ အချက်တွေများလား ။ မောင် ဘယ်ဆီမှာများ
ရှိနေမလဲ ။ ပြန်လာပါတော့ ။ ပြန်လာခဲ့ပါတော့ မောင်ရယ် ။
ပါးပြင်ပေါ်သို့
စီးကျလာသော မျက်ရည်စတို့အား လက်ဖ၀ါးဖြင့် ဒုတိယအကြိမ် ခပ်ကြမ်းကြိမ်း သုတ်လိုက်မိပြန်၏ ။ ဘာကိစ္စဒီမျက်ရည်တွေ
ခဏခဏ ကျနေရတာလဲ ။ ငိုနေလို့ မောင်က ကျွန်မအနားကို ပြန်ရောက်လာမတဲ့လား ။ ပျော့လိုက်သည့်
စိတ် ။ * နင် ဒီလောက်တောင်ချစ်နေရက်နဲ့ သူ့ကို စကားလုံးလက်နက်တွေနဲ့ ဘာလို့ ထုချေခဲ့တာလဲ
။ သူ့ကို နာကြည်းချက်ဒဏ်ရာတွေ ဘာကြောင့်ဖြစ်တည်စေခဲ့တာလဲ ။ * တဒင်္ဂဒေါသစိတ်ကို ကျွန်မ
မထိန်းနိုင်ခဲ့လို့ပါ ။ ကျွန်မအသွေးသားထဲထိ စိမ့်ယိုနေအောင် ၀ါသနာထုံသည့် စာရေးခြင်းအနုပညာ
နှင့် ပတ်သတ်လာလျှင် သည်းခံစိတ်နည်းခဲ့တာ ကျွန်မအတ္တလား ။ စိတ်ထဲ၌
အမေးအဖြေတွေ မွှန်းကျပ်နေ၏။ ကျန်ရှိနေသည့် ဘ၀၏ အချိန်တွေကို မောင်နဲ့အတူတူ ဖြတ်ကျော်ပါရစေ
။ * ကျွန်မရဲ့ အချိန်တွေကို မောင်အတွက် ဖြစ်စေရမယ်
* ဆိုသည့်ကတိစကားအား ခပ်လှောင်လှောင်အပြုံးတစ်ခုဖြင့် တုံ့ပြန်ရင်း ကျောခိုင်းထွက်ခွာသွားသည်
။ မောင်နောက်သို့ ပြေးလိုက်ရင်း လဲကျကျန်ခဲ့သည်က ကျွန်မ ။ ဒီလို အိမ်မက်မျိုးတွေ
မကြာခဏ မက်နေခဲ့တာ ကြာပြီ ။ အိပ်ပျော်ဖို့ ခဲယဉ်းသော ကျွန်မ အိမ်မက်ထဲမှ လန့်နိုးသည်နှင့်
သည်းထန်စွာ ငိုကျွေးရလေ၏ ။ ငိုလို့မောသောအခါ မောင်နဲ့ အတူရှိခဲ့ဖူးသည့် အတိတ်နေ့ရက်တွေအား
ပြန်ပြောင်း၍ သတိရမိပြန်သည်။
မောင်သည်
ကျွန်မစာရေးခြင်းဝါသနာအပေါ် ကန့်ကွက်ခြင်း မရှိသော်လည်း နှစ်သက်ခြင်းလည်း မရှိခဲ့ပါ
။ သဘောင်္သားတစ်ဦးဖြစ်သည်မို့ ကုန်ပေါ်၌ အနေနည်းသူပေါ့ ။ သဘောင်္မတက်ရ၍ အိမ်မှာရှိချိန်တိုင်း ကျွန်မစာရေးခြင်းအပေါ် ဂျီတိုက်ဗိုလ်ကြပါတော့၏
။အတူရှိနေသည့်အချိန်တိုင်း ဂျီကြခြင်း စိတ်ကောက်ခြင်း ပြန်ချော့ခြင်း အစရှိသည်တို့ဖြင့်သာ
လည်ပတ်နေခဲ့ကြသည် ။ စာရေးခြင်း အနုပညာကို ၀ါသနာပါသူကျွန်မသည် ဖီလင်လာလျှင် လာသလို ချက်ချင်းထ၍ စာရေးတတ်သူမို့ မောင်၏ စိတ်ဆိုး၊ စိတ်ကောက်ခြင်းတွေအား မကြာခဏ
ရင်ဆိုင်ရလေသည် ။ အိမ်ထောင်မကျမှီကတည်းက ၀ထ္ထုတို ၊ ဆောင်းပါးလေးတွေ ရေးသားနေခဲ့ပြီ။
မောင်နှင့် အိမ်ထောင်ကျပြီးချိန်၌ ကျွန်မသည် နာမည်လေးတစ်ခုဖြင့်
စာပေလောက၌ နေသားတကျရှိနေခဲ့ပါပြီ ။ စာဖတ်ပရိတ်၏ အားပေးလက်ခံခြင်းများအား
ထပ်မံပိုင်ဆိုင်ရန်အတွက် ကြိုးစားချင်သည့် တက်ကြွသော စိတ်အစဉ်သည် အင်မတန် ကြီးမားလှသော
ဆွဲငင်အားတစ်ခုအဖြစ် ကျွန်မ၏အချိန်တွေအား သိမ်းနုတ်ဆွဲယူနေကြပါသည် ။ စာရေးခြင်း အမှု့ကိုသာ လုပ်ဆောင်ချင်သူမို့ မောင်အပေါ်
တာဝန် လစ်ဟင်းမှု့တွေလည်းရှိခဲ့၏ ။ မောင်စိတ်ကြည်လင်နေချိန်တွင် သည်းခံတတ်သော်လည်း
စိတ်ဆိုးပြီဆိုလျှင် ကပ်ဖဲ့တိုက် ဂျီကျပါတော့သည် ။ ထိုအချိန်များသည် ကွှန်မအတွက် အင်မတန်စိတ်ပျက်စရာကောင်းသော
အချိန်အခါများပင် ဖြစ်တော့သည် ။ အချစ်ဝထ္ထုတွေကိုမှ ကဗျာဆန်ဆန်ရေးချင်သည့် ကျွန်မ ။
ကိုယ်ပိုင် အချစ်ဇာတ်လမ်းလေးကိုဖြင့် ကဗျာဆန်အောင် ရေးသားနိုင်ခြင်း မရှိခဲ့ပါ ။ ဒီလိုနှင့်
ကျွန်မတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ညှိနှိုင်းခွင့်လွှတ်ဖို့ ကြိုးစားလိုက်
ဝေးကွာလိုက်ဖြင့် အိမ်ထောင်သက်၏ နေ့ရက်တစ်ချို့ကို ဖြတ်ကျော်လာခဲ့ကြသည် ။
ကျွန်မချစ်သော
ဒီစာရေးခြင်းကြောင့်ပဲ မောင်နဲ့ ကျွန်မ ဆုံခဲ့ကြသည်
။ စာပေမိတ်ဆက်ပွဲလေးတစ်ခမှ အစပြုကာ မောင်နဲ့ ကျွန်မ ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်
။ ချစ်သူတွေအဖြစ် တစ်ယောက်ကို တစ်ယောက် မခွဲနိုင်အောင် ချစ်ခဲ့ကြသည် ။ ဒီစာရေးခြင်းကြောင့်ဘဲ
ကျွန်မတို့နှစ်ယောက်ဟာ နီးရက်နဲ့ ဝေးသလို ခံစားနေကြရပြန်၏ ။ ဒီတစ်ခေါက် သဘောင်္ပေါ်က ဆင်းလာချိန်တွင် မောင်အား အရင်ထက်အချိန် ပေးဖို့ ကျွန်မဆုံးဖြတ်ထားခဲ့ပါသည်
။ ဆုံးဖြတ်ထားသည့် အတိုင်းလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့သည် ။ ရေးလက်စ ပြိုင်ပွဲစာမူလေးတစ်ခုသာ
လက်စသက်ဖို့ အတွက် ကျန်ရှိနေ၏ ။ ဒါကလည်း ပြိုင်ပွဲအတွက် နောက်ဆုံးစာမူပို့ရမည့်ရက်က
လိုသေးသည်။ဒါကြောင့် မောင် အပြင်ထွက်သည့် အချိန်တွေကြမှ ရေးမည်ဆိုသော စိတ်ကူးဖြင့်
စာမူလေးအား ကွန်ပြူတာလေးထဲ၌ သိမ်းထားလိုက်သည် ။ စိတ်နာခြင်းဧည့်သည်လေးသည် ကျွန်မတို့ဘ၀လေးထဲ မထင်မှတ်ထားဘဲ ထောင့်ချိုးတစ်နေရာမှ
ဖြုန်းခနဲပေါ်လာခဲ့ပါသည် ။ ထို့အတွက်ကြောင့် ကျွန်မနှင့် မောင်၏ အိမ်ထောင်ရေးအသည် ဖယိုဖရဲ
ဖြစ်ရလေတော့၏ ။
ထိုနေ့ညက မောင်သည် ကျွန်မအတွက် ကော်ဖီတစ်ခွက်အား
စိတ်ပါလက်ပါ ဖျော်ပေးနေခဲ့သည် ။ မောင်ကိုကြည့်ရသည်မှာ စိတ်ကြည်ကြည်လင်လင် ရှိနေသည်။
ထိုကြောင့် မကိုင်တာကြာပြီဖြစ်သော ကျွန်မလက်တော့လေးအား ဖွင့်ကြည့်လိုက်မိသည် ။ ၀င်းဒိုး
7 တက်လာသည်နှင့် သိမ်းထားသော စာမူဖိုင်အား ဖွင့်ရန် ဒက်စတော့ ပေါ်၌
စာမူဖိုင်လေးအား ရှာလိုက်၏ ။ *ဟင် မတွေ့ပါလား*
။ မျက်စိများမှောက်နေသလား ။ နောက်တစ်ကြိမ် ထပ်မံ ရှာဖွေလိုက်ပြန်သည် ။ မတွေ့ပါ ။ နောက်တစ်ကြိမ်
နောက်တကြိမ် နောက်တစ်ကြိမ်ပေါင်းများစွာ ရှာဖွေလိုက်မိ၏ ။ သေချာပါပြီ ။ ကျွန်မစာမူဖိုင်လေးသည်
ဒီလက်တော့လေးထဲတွင် လုံးဝ မရှိတော့ ။ သွားပြီ သွားပါပြီ ဆိုသော ရေရွတ်သံသည် စိတ်ထဲတွင်
ပဲ့တင်ထပ်နေ၏ ။ အပိုသိမ်းထားသည်လည်း မရှိခြင်းကြောင့် ကျွန်မစာမူလေး လုံးဝ ပျောက်ဆုံးသွားခဲ့လေပြီ
။ ဘယ်သူလုပ်လိုက်တာလဲ ။ ဒီတစ်အိမ်လုံးတွင် မောင် ၊ ကျွန်မ နှင့် အိမ်ထိန်းဒေါ်ကြီးမြ
သုံးဦးသာ နေထိုင်ကြသည် ။ ဒီထဲမှ ကွန်ပြူတာ သုံးတတ်သည်မှာ မောင်နှင့် ကျွန်မသာရှိသည်
။ ဒါဆို ကျွန်မစာမူဖိုင်ကို ဖျက်လိုက်သည့် တရားခံသည် မောင်မှ တပါး တခြားသူမဖြစ်နိုင်
။ သေချာသော အဖြေတစ်ခုဖြင့် မောင်အားရင်ဆိုင်လိုက်၏ ။
လက်ရှိအခြေနေသည် ကျွန်မအတွက် အတော်လေး သွေးပျက်ချောက်ချားစေကာ
ယူကျုံးမရဖြစ်စေခဲ့သည် ။ ရူးသွားလောက်အောင်ကို ခံစားနေရ၏ ။ ဒီပြိုင်ပွဲလေးအတွက် ကျွန်မသေချာစွာ
ပြင်ဆင်ခဲ့သည် ။ ဇာတ်လမ်းလေးအတွက် ကြိုးစားအားထုတ်ပေါင်းများစွာကို ပေးဆပ်ခဲ့၏ ။ ခံစားချက်ဖီလင်
အပြည့်ထည့်ကာ ရေးထားခဲ့သည် ။ ပြန်ရေးမယ်ဆိုရင်တောင် သေချာပါသည် ။ ယခုပျက်သွားသော စာမူလေးလောက်
အသက်ဝင်မည် မဟုတ်တော့ပေ ။ ကျွန်မ ထိုပြိုင်ပွဲမှ ဆုလေးအား လွန်စွာမျှော်လင့်ထားခဲ့သည်
။ယခုတော့ သွားချေပြီ ။ ပျက်စီးခဲ့ရပြီ ။ ကျွန်မ စိတ်မကောင်းခြင်းများစွာ ဖြစ်ယုံမှတပါး
ဘာများတတ်နိုင်မည်နည်း ။ ကော်ဖီခွက်ကိုင်ကာ ကျွန်မနားလျှောက်လာနေသည့် မောင်ကား စိုက်ကြည့်နေလိုက်၏
။ ဘာဖြစ်နေမှန်းမသိသော မောင်ကဖြင့် အေးအေးလူလူ ပုံစံဖြင့် ကော်ဖီခွက်အား ကျွန်မဆီသို့
လှမ်းပေးသည် ။ မောင်ဆီက ကော်ဖီခွက်ကို ယူကာ စာပွဲပေါ်သို့ တင်လိုက်၏ ။ထိုနောက် လှည့်ထွက်တော့မည့်
မောင်လက်အား စောင့်ဆွဲလိုက်သည် ။
*အာ
နာလိုက်တာကွာ ။ ဘာလုပ်တာလည်း ။ ဖြေးဖြေးသက်သာ မလုပ်ဘူး*
*မလုပ်နိုင်ဘူးမောင်
။ ကျွန်မရင်ထဲ ရှင်လက်နာတာထက် အစများစွာနာနေတယ် *
*ဟေ
။ ဘာဖြစ်ရပြန်လည်း ။ အကောင်းကြီးကနေ ထဖောက်ပြန်ပြီ*
*မောင်
ကျွန်မလက်တော့ကို ကိုင်တယ်မဟုတ်လား *
*အေး ကိုင်တယ်လေ ။ ဘာဖြစ်လည်း ။ ညက အိပ်မပျော်လို့ ဂိမ်းဆော့တာ
။*
*
ဂိမ်းဆော့တယ်ဆိုလည်း ဂီမ်းဘဲ ဆော့ပါလား ။ မဆိုင်တဲ့ ဖိုင်တွေ ဘာကိစ္စဖျက်ရတာတုန်း*
*အာ
ဖျက်တာ မဟုတ်ဘူး ။ မှားနှိပ်မိတာ ။ ဂီမ်းတစ်ခုကို ဒေါင်းလော့လုပ်တာ ။ လုပ်ပြီးမှ မကြိုက်လို့
ပြန်ဖျက်တာ။ ဂိမ်းဖိုင်မဟုတ်တဲ့ တခြားဖိုင်တစ်ခုကို မှားဖျက်မိသွားတာ ။ ဘာလည်း အဲဒါစာမူဖိုင်လား
။*
*မောင်မှားဖျက်လိုက်မိတဲ့
ဖိုင်က ကျွန်မစာမူဖိုင်မောင် ။ အားလုံးပြီးနေပြီ ။ အချောသတ်ဖို့ဘဲကျန်တော့တာ ။ ဒီထက်ဆိုးတာက
အဲဒီစာမူက ပြိုင်ပွဲတစ်ခုကို ၀င်ဖို့အတွက် ရေးထားတဲ့စာမူ*
*အေးကွာ
။ ဆောရီးဘဲ ။ မတော်တဆ မှားဖျက်မိသွားတာ ။ မင်းရေးထားတဲ့စာဘဲ အသစ်ပြန်ရေးလိုက်ပေါ့ကွာ
။ ဒါကို ရစ်နေတယ် ။ တကယ်ဘဲ စိတ်ပျက်တယ် *
*
ဘာပြောလိုက်တယ် မောင် ။ ကျွန်မရဲ့ မျှော်လင့်ချက်တွေ ပါဝင်စီးမျောပြီး ရေးခဲ့တာ ။ အများကြီး
မျှော်လင့်ထားတဲ့ စာမတစ်ခု ဖျက်စီးခံလိုက်ရတာလေ ။ ဒါကို မတော်တဆမှားဖျက်မိသွားတာပါဆိုတဲ့
မောင်ရဲ့ဆင်ခြင်တစ်ခုနဲ့ကျွန်မက ကျေနပ်လိုက်ရမှာလား ။ ခံစားချက်တွေကို ပြန်ဖမ်းလို့မရဘူး
နားလည်လား ။ အသစ်ပြန်ရေးလည်း အရင်ရေးထားတဲ့ စာမူထဲက ခံစားချက်အတိုင်း ဘယ်လိုမှ ဖြစ်မလာနိုင်တော့ဘူး
။ မောင်ဟာ သူတပါးခံစားချက်တွေကို နည်းနည်းမှ နားလည်ပေးခြင်းမရှိတဲ့ စိတ်ဓာတ်အောက်တန်းကျသူတစ်ဦးပဲ
။*
*
ဘာကွ ။ မင်းဘာပြောလိုက်တယ် ။ ငါကို စိတ်ဓာတ်အောက်တန်းကျသူတစ်ဦး ဟုတ်လား ။ တောက် ! မင်းစကားကို မင်းမြဲမြဲမှတ်ထားလိုက် ။ ဘာမဟုတ်တဲ့
စာလုံးတွေအတွက် မင်းချစ်ပါတယ်ဆိုတဲ့ ငါကို အောက်တန်းကျတယ်လို့ သုံးနှုန်းခဲ့တယ် ။ငါ့မိဘတောင်
ဒီလိုစကားလုံးအသုံးနှုန်းမျိုး တခါမှ မသုံးခဲ့ဘူးဘူး ။ အေး အဲဒီအောင်တန်းကျတဲ့ စိတ်ရှိတဲ့ ငါလို ကောင်ရဲ့
မျက်နှာကို ဘယ်သောအခါမှ မတွေ့ရဘူးမှတ်ပါ *
မောင်သည်
စကားဆုံးသည်နှင့် ကျွန်မအား စိုက်ကြည့်နေသည် ။ ကျွန်မတို့နှစ်ဦးကြား အတန်ကြာ တိတ်ဆိတ်သွားခဲ့၏
။ထိုတိတ်ဆိတ်ခြင်းအား ပထမဆုံး စတင်လှုပ်ရှားသူကတော့ မောင်ပင် ။ ဖြေးဖြေးမှန်မှန် ဖြေလှမ်းအစုံဖြင့်
ကျွန်မအားကျောခိုင်း၍ ထွက်ခွာသွားလေတော့သည် ။ ကျွန်မသည်လည်း
စိတ်တွေအား ထွက်ပေါက်ပေးရန်အလို့ငှာ အိပ်ယာပေါ်သို့ လဲလျောင်းရင်း တသိမ့်သိမ့် ငိုကြွေးလိုက်မိပါတော့၏
။ ထိုညက မိုးလင်းတဲ့အထိ မောင်ပြန်ရောက်မလာခဲ့ပေ ။ စိတ်ဆိုး၍ ခဏထွက်သွားသည်ဟု
ထင်ခဲ့သော ကျွန်မအတွေးများသည် တက်တက်စင်အောင် လွဲချော်သွားခဲ့လေ၏ ။ ထိုညကစ၍ မောင်သည်
ကျွန်မဆသို့ လုံးဝပြန်မလာတော့ချေ ။ စိတ်ဆိုးလွန်း၍ ပြောခဲ့မိသော စကားများအတွက် နောင်တဆိုသည့်
အရာအား ရင်ဝယ်ပိုက်မိလေပြီ် ။ မောင် မရှိသောအခါမှ
တန်ဖိုးမထားမိခဲ့သည့် မောင်၏ အရည်သွေးများအား
သိမြင်ခံစားလာရသည် ။ ပိုဆိုးသည်က တွေးရင်း လွမ်းရင်း မောင့်အား ချစ်စိတ်ဖြိုးဝေ၍
သေမတတ်ခံစားရလေသည် ။ နှလုံးသားမှ တစိမ့်စိမ့်ယိုစီးနေသော အလွမ်းဝေဒနာသည် ကျွန်မနှလုံးအား
ဓားနှင့်မွှန်းနေသည့်နှယ် ။ မောင်ပြန်အလာကို စောင့်နေသူအဖြစ် ကျန်ရှိချိန်တွေကို ဖြတ်သန်းနေမိ၏
။ တစ်နွေပြီးတစ်နွေ သာလဲသွားခဲ့သည် မောင်တစ်ယောက်ကဖြင့် ပြန်ရောက်မလာခဲ့ပေ ။ မောင် မိဘအသိုင်းဝိုင်းများထံ
စုံစမ်းကြည့်ပြန်တော့လည်း သဘောင်္ပေါ်ပြန်တက်သွားပြီးကတည်းက ပြန်ဆင်းလာရင်တောင် အိမ်ကို
ပြန်မလာဘူးတဲ့လေ ။မောင့်မိဘတွေလည်း ကျွန်မနည်းတူ ခံစားနေကြရသည် ။ မောင်နှင့်ပတ်သတ်သော
မည်သည့်သတင်းကိုမှ ကျွန်မ သိခွင့်မရတော့ပါ ။ကျွန်မစကားအပေါ် မောင်ရဲ့နာကြည်းစိတ်တွေ
ပြင်းထန်လိုက်လေခြင်း ။ မောင်ရယ် ခွဲခွာခြင်းဆိုတဲ့ ခံစားမှု့ဟာ သိပ်ကို ဆိုးရွားစေပါတယ်
။ မောင်ထားခဲ့သည့် ဘ၀လေးမှာ ကျွန်မတစ်ယောက်တည်း အချစ်တွေကို ထွေးပိုက်ရင်းပေါ့ ။ မောင်ပြန်လှည့်ကြည့်မဲ့နေ့လေးတစ်နေ့ကို
မရဲတရဲလေးမျှော်လင့်နေသူ ကျွန်မထံပါး အလွမ်းပန်းလေး ရနံ့လှိုင်လှိုင်
မွှေးကြိုင် နေတော့မည်သာ………………။
ခိုင်လေး
( ရွှေတောင် )
မလေးစံတော်ချိန်
နေ့လည် 12 နာရီ
၇
. ၅ . ၂၀၁၄ ( ဗုဒ္ဓဟူးနေ့ )
No comments:
Post a Comment