မရောက်ဘူးသေးတဲ့
ဒေသတစ်ခုကို ခိုင်လေး အလည်ပတ်ရောက်ရှိနေခဲ့ပါတယ် ။ မြင်ကွင်းအသစ် ၊ ဓလေ့
အသစ်တွေနဲ့ လူတွေကို မြင်တွေ့နေရတာ ခိုင်လေးအတွက် သိပ်ကို
ထူးဆန်းလွန်းနေသလို ကိုယ်မြေ ကိုယ်ရေကိုလည်း ပိုလို့တောင်
လွမ်းဆွတ်မိလာပါတယ် ။ ခိုင်လေး မလေးရှားနိုင်ငံကို ရောက်ရှိနေပါတယ် ။
နေရာဒေသ သစ်တစ်ခုမှာ ဗဟုသုတ အသစ်တွေ လေ့လာခွင့် ရတဲ့အတွက် ကျေနပ်မိပေမယ့်
မလေးရှားနိုင်ငံရဲ့ ခံယူချက် ၊ ပုံစံ တော်တော်များကိုတော့ လုံးဝကို
မနှစ်သက်မိပါဘူး ။ ခိုင်လေး စိတ်ထဲ သဘောမကျဆုံး အချက် လေးကို ပြောပြချင်တယ်
။
.......... အသက်ရွယ် အိုမင်းမစွမ်းတော့တဲ့ အဘိုးအို ၊ အဘွားအိုတွေ
အလုပ်လုပ်နေရတဲ့ အချက်လေးကတော့ ရင်ထဲတော်တော်လေးကို မကောင်းဖြစ်မိခဲ့ရပါတယ်
။ သူနိုင်ငံ သူဓလေ့နဲ့တော့ ဟုတ်နေကျပေမယ့် ခိုင်လေး တို့ မြန်မာပြည်ဖွား
မြန်မာတစ်ယောက်အနေနဲ့တော့ ရင်ထဲ နစ်အောင် ခံစားမိခဲ့ရပါတယ် ။ အမှတ်တရ
အဖြစ်ပျက်လေး တစ်ခုကို လက်တွေ့ ကြုံတွေ့ခဲ့ရပါတယ်။KL မြို့ထဲကို
လျှောက်လည်ပြီး အပြန်ဟိုတုန်းက ဘတ်(စ်)ကားအသေလေးကို ခိုင်လေးတို့
တက်စီးကြပါတယ် ။ ကားမောင်းတဲ့ အမျိုးသားကြီးက တော်တော်ကို အသက်ကြီးတဲ့
အဘိုးအိုတစ်ယောက်ပါ ။ ကားပေါ်တက်လိုက်ထဲက အဘိုးအိုမြင်ပြီး တော်တော်လေး
စိတ်မကောင်းဖြစ်မိသွားပါတယ် ။ ကားမောင်းလို့ ၁၀ မိနစ်လောက်အကြာမှာတော့ ကားက
လမ်းတွေမှားနေပြီလို့ ကားပေါ်က လူအချို့ရဲ့ တီတိုးစကားသံတွေ
ထွက်လာပါတော့တယ် ။ မကြာပါဘူး ရဲကားလိုက်လာပြီးကားကိုတားပြီးဖမ်းပါတော့တယ် ။
ကားပေါ်မှာ မြန်မာတွေ တော်တော် များပါသလို အိန္ဒယ ကပ္ပလီတွေလဲများပါတယ်
ကားကိုတင်မဟုတ်ဘဲ ကားပေါ်က လူတွေကိုပါ စစ်ပါလေကော။မလေးရောက်ထဲက မိတ်ဆွေတွေ
ပြောပြောနေတဲ့ မလေးရဲတွေ တော်တော် ဆိုးတယ်ဆိုတာကို သိထားတဲ့ ခိုင်လေး
ခြေဖျား လက်ဖျားတွေ အေးစက်လာပါတော့တယ် ။ တူတူလာတဲ့ သူငယ်ချင်းတွေကို
စစ်နေပါပြီ ။ သူတို့က အစောထဲက မှာထားတယ် ။ ရဲတွေ ဘာတွေစစ်ရင် ကိုယ်ဘာကို
ရှင်းတတ်အောင်ရှင်းဖို့ .... အလည်လာသူကိုဆို တော်သေးကြောင်း
အလုပ်လုပ်နေသူတွေဆို လှည့်ပတ်ရစ်တတ်ဆိုတာကို ကြိုပြောပြထားတဲ့ အတွက်
ကိုယ်ကိုကိုယ် ပြင်ဆင်လိုက်ပါတယ် ။မျက်နှာကို ခပ်တည်တည်ထားပြီး
မသိသလိုနေလိုက်တယ်။ရဲက တစ်ယောက်ပြီးတစ်ယောက်တာ ကားပေါ်က ဆင်းခေါ်သွားပေမယ့်
ခိုင်လေးကိုတော့ ချန်ထားပါတယ် ။ ခိုင်လေး တစ်ယောက်ထဲ မစစ်တာကို
အံ့သြနေမိပါတယ် ။ အမှန်တော့ ခိုင်လေးကို မလေး နိုင်ငံသား အိန္ဒိယလူမျိုးလို့
ထင်ပြီး မစစ်ဘဲ ချန်ခဲ့တာပါ ။ ကားထွက်တော့မှ အောက်က သူတွေကို အကုန်
ကားပေါ်ပြန်တက်စေတယ် ။ခရီးသည်တွေ ကားပေါ်ပြန်ရောက်တာနဲ့ တစ်ယောက်တစ်ပေါက်
ကားမောင်းတဲ့အဘကို မေတ္တာပို့ကြပါတော့တယ်။ ခိုင်လေးလည်း အစစ်ခံရမှာကို
ကြောက်မိပေမယ့် လမ်းမှားတဲ့ အဘကိုတော့ အပြစ်တင်ဖို့ထက် စာနာသနားတဲ့ စိတ်က
ပိုနေမိပါတယ် ။ ဒီအသက်ရွယ်ဆိုတာ သူငယ်ပြန်တဲ့ အရွယ်တောင် ရောက်နေပြီလေ ။
အဘိုး ခင်ဗျာ မှတ်ဥာဏ်အင်အားတွေလည်း ချို့တဲ့ နေလောက်ပါပြီ။
မှားတော့မှာပေါ့လေ ဆိုတဲ့ အတွေးနဲ့ ဒီအရွယ်အထိ အလုပ်လုပ်နေရတဲ့ အဘကို
သနားနေမိပါတယ် ။ ခိုင်လေးတို့ မြန်မာနိုင်ငံမှာဆို တော်တော်များများ
အဘိုအို အဘွားအိုတွေ အိမ်မှာ ဘုရားတရားလေး နဲ့ အေးချမ်းစွာနေထိုင် သူတွေ
ပိုများမယ်လို့ ခိုင်လေးတွေးမိပါတယ် ။ ဒီနိုင်ငံမှာတော့
ကိုယ်ဝမ်းစာကိုယ်ရှာနေရပါသေးတယ် ။ နေရာတိုင်းမှာဆိုးကျိုး ၊
ကောင်းကျိုးဒွန်တွဲနေတတ်တယ်ဆိုတာ ဒီအချက်လေးကို သာဓက တစ်ခုလိုပါဘဲရှင်။
မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးတယ်ဆိုတဲ့ အချက်က
မကောင်းပေမယ့် လူသားချင်းနွေးထွေးစွာ ကူညီတတ်တာတော့ ချစ်စရာကောင်းတဲ့
ဓလေ့လေးတွေ ခိုင်လေးတို့ မြန်မာတွေရဲ့ စိတ်ဓာတ်လေးတွေ ပါ ။
နိုင်ငံခြားရောက်ကာ နိုင်ငံခြား အကျင့်တွေ
အကုန်ဝင်ကုန်သူတွေလည်းအများပြားရှိပါတယ် ။ မြန်မာဆိုတဲ့ စိတ်လေးတွေကို
ထိန်းသိမ်းထားတဲ့ သူတွေလည်းအများပြားရှိနေပါသေးတယ် ။ ကားစီးတော့ အထုပ်တွေ
အများကြီးသယ်လာတဲ့ ခိုင်လေးကို အမအထုပ်တွေပေးထားလေဆိုတဲ့
မြန်မာစကားသံလေးတစ်ခုက နိုင်ငံခြားမှာ အရမ်းချိုမြိန်တယ်ဆို
ပိုတယ်ထင်မယ်နော် ။ အမှန်တကယ် ရင်ထဲကို အေးမြစေတာပါ ။ တစ်ဦးကို
တစ်ဦးနားလည် ခြင်း ၊ စာနာခြင်းဆိုတဲ့ စိတ်တွေ ခိုင်လေး မြန်မာ
ညီကိုမောင်နှမတွေမှာ ရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုက တကယ်ကို
ချိုမြိန်အေးမြစေပါတယ် ။
နေတဲ့နေရာထက် ထားတဲ့ စိတ်ထားလေးက တန်ဖိုးရှိဖို့လိုအပ်ပါတယ် ။
ဘယ်နေရာ ဘယ်ဒေသမှာဘဲ နေပါစေ ။ ကောင်းမွန်ပြီးချစ်စရာကောင်းတဲ့
မြန်မာအကျင့်လေးတွေကို မမေ့လျော့ဘဲ ရင်ထဲအသည်းထဲက
တန်ဖိုးထားမြတ်နိုးနိုင်ကြပါစေလို့ လေးနက်စွာ ဆုတောင်းပေးနေမိပါတော့တယ်
ရှင် ။
အချစ်ကို ကိုးကွယ်သူလေး