Monday, May 5, 2014

ပုံသေနည်း မရှိသော အမှန်တရား


ပုံသေနည်း မရှိသော အမှန်တရား
ရင်စူးမြား အမှတ် ( ၂ ) တွင်ပါဝင်သော ၀ထ္ထုတိုလေးပါ ။



* ညီမရယ် တကယ့်ကို မပေးရသေးပါဘူး ။ *
နားထဲသို့ ၀င်လာသည့် အငြင်းပွားသံတွေကြောင့် ဘေးဘီ ၀ဲယာကို ဝှေ့ကြည့်မိသည့် ကျွန်မ ။ ဟော တွေ့ပါပြီ ။ ကျွန်မဈေးဝယ်နေသည့် တစ်ဆိုင်ကျော်တွင် ရောင်းသူနှင့်ဝယ်သူ နှစ်ဦး အငြင်းပွားနေကြခြင်းပါ ။ အနီးပတ်ဝန်းကျင် ရှိလူအားလုံးဧ။် စိတ်အာရုံသည်လည်း အငြင်းပွားသူနှစ်ဦးထံတွင်သာ ရှိနေကြသည် ။ ထိုအဖြစ်ပျက်လေးကို ငေးမော ကြည့်နေမိရင်း ကျွန်မစိတ်တွေသည် လွန်ခဲ့သော ဆယ်နှစ်တာကာလတစ်ခုဆီသို့ မျောလွင့်သွားကြလေသည် ။
**************************
* အလတ်မရေ ဒီနေ့ ဈေးသွားပေးအုံး *
ဟုဆိုလာသည့် မေမေစကားသံကြားသည်နှင့် ပိုက်ဆံအိတ်ထဲ ဈေးဖိုး သုံးထောင် ထည့်ပေးထားရန် ညီမလေးကို လှမ်းအော်လိုက်သည် ။ ထိုနောက် ဈေးသွားရန် အ၀တ်စား လဲလိုက်ဧ။် ။ အဆင်သင့်ဖြစ်ချိန် သွားဖို့ အိမ်ရှေ့အထွက် အခန်းဝတွင် ဆွဲခြင်းနှင့် ပိုက်ဆံအိတ်ကိုအဆင်သင့်တွေ့ရသည် ။ ညီမလေး ပိုက်ဆံထည့်ပြီး လာထားသွားခြင်း ဖြစ်သည်ကို သိနေသဖြင့် ဆွဲခြင်းဆွဲကာဈေးသို့ ထွက်လာလိုက်ပါတော့သည်။ ဈေးထဲ ရောက်တော့ ဘာဝယ်ရမှန်းမသိသေးသည်မို့ ဟိုကြည့်ဒီကြည့်ဖြင့် ငါးတန်း ဘက်သို့ရောက်လာခဲ့သည် ။
* ငါးသလောက်တွေ ကောင်းမှကောင်း လတ်မှ လတ် ။ အကောင်ကြီးတွေ ကြီးမှကြီး *
အညွန်းကောင်းနေသည့် ငါးသည် ဆီသို့ ကျွန်မ ခြေထောက်တွေ ဦးတည် ချဉ်းကပ်သွားမိသည်။ ဟုတ်ပါသည် ။ သူမပြောသည့်အတိုင်း ငါးသလောက်က လတ်ကလည်း လတ် ၊ ကြီးလည်းကြီးပေဧ။် ။ ငါး ဆိုင်မှာ ကျွန်မထက်အလျှင်ရောက်နှင့်နေသူ သုံးလေးဦးခန့် ရှိနေသည် ။ အရင်ရောက်နှင့်သူတို့ ၀ယ်ထားသည်တို့ကို ခုတ်ထစ်ချိန်တွယ်ရင်း ပါးစပ်ကလည်း အော်ကာ ၀ယ်သူကို ခေါ်နေလိုက်သေးသည့် ငါးသည်။ ကျွန်မအလှည့် သို့ရောက်ချိန်မှာ
* အမ ရေ ကျွန်မကို ငါးရာဖိုးလောက် ချိန်ပေးပါ *
ပြောလည်းပြော ပိုက်ဆံ ငါးရာတန်လေးကို ကမ်းပေးလိုက်သည် ။ ဈေးသည်အမျိုးသမီးက
* ချိန်ပေးမယ်ညီမရေ ။ ပိုက်ဆံ ကိုင်ထားအုံး *
ဟုဆိုကာ ကျွန်မအတွက် ချိန်ရင်း နောက်ထပ်ဝင်လာသည့် ၀ယ်သူများကိုပါ ရောင်းချနေ ပြန်သည် ။ ခုတ်ထစ်ပြီးလို့ ကျွန်မ အထုပ်လေး လှမ်းပေးလာချိန်တွင် ငါးထုပ်လေးကို ဆွဲခြင်းထဲ ထည့်လိုက်ပြီး ဆိုင်ပြင်သို့ ထွက်ရန် ခြေလှမ်းပြင်လိုက်ချိန်တွင်
*ညီမလေး အမ ငါးဖိုးမပေးရသေးဘူး ။ မေ့သွားတယ်ထင်တယ် ။ * * အယ် ခုန မှာတုန်းထဲက တပါတည်းပေးလိုက်တယ်လေ အမ။ ခဏ အိတ်ထဲ ပြန်ကြည့်လိုက်အုံးမယ် ။ *
အိတ်ထဲ ကြည့်လိုက်တော့လည်း ပိုက်ဆံက နှစ်ထောင့်ငါးရာ့အတိသာရှိနေပါသည် ။ အိမ်ကထည့်လာတာက သုံးထောင်ဆိုတော့ သေချာပါသည် ။ ငါးဖိုး ငါးရာဆိုတော့ ပေးပြီးနေပြီ ။ မိမိဘက်က ခိုင်မာသည်မို့ ကျွန်မကလည်း ပေးပြီးကြောင်း ထပ်ပြော ပြတာပေါ့ ။ ဈေးသည် လုပ်သူကလည်း မပေးရသေးကြောင်းပြန်ပြောနှင့် ကျွန်မတို့ အချေတင်လေးဖြစ်လာသည် ။ ဈေးသည်အသံကလည်း တဖြေးဖြေး ကျယ်လောင်လာ လို့လာပါသည် ။ ကျွန်မလည်း ပြောရင်းပြောရင်း ဒေါသသံလေးစွတ်လာရလေပြီ ။ ရှက်လည်းရှက်လာသည်မို့ ပိုက်ဆံ ငါးရာကို ထပ်ပေးလိုက်ရင်း ဆိုင်ထဲမှာ လှည့်ထွက်လာခဲ့ လိုက်သည် ။ ဖြစ်ပေါ်နေသည့် ဒေါသစိတ်က ကျွန်မရင်ထဲတွင် ဗလောင်ဆူသည်မို့ ဈေးပင် ဆက်မ၀ယ်ဖြစ်တော့ဘဲ အိမ်သို့တန်းပြန် လာခဲ့လိုက်သည်။ ကျွန်မ ငါးဆိုင် မှ ထွက်ခွာလာသော်လည်း အနီးပတ်ဝန်းကျင်ရှိ ဈေးသည်များနှင့် ဈေးဝယ်သူတို့သည် ဖြစ်ခဲ့သည့် ပြသနာကိုသာ တိုးတိုးတိတ်တိတ် ဝေဖန်ပြောဆိုကျန်ရစ်ခဲ့ကြလေသည်။ အားလုံးရဲ့ အဖြေထုတ်ရလာဒ်က ဒီကိစ္စတွင် ကျွန်မမှန်သည် ။ ငါးသည်အမျိုးသမီးသာလျှင် ငါးဖိုးကျသင့်ငွေကို နောက်တစ်ခါ ထပ်လိုချင်သဖြင့် တောင်းသည်ဟု ယူဆကြလေသည် ။
ဒီလိုမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးသည်မို့ ရှက်လည်းရှက် ဒေါသလည်းဖြစ်မိဧ။်။ ပေး ပြီးသားကို ထပ်တောင်းသည့် ဈေးသည်အမျိုးသမီးကိုလည်းအလွန်တရာ စိတ်တိုနေမိသည် ။ အိမ်ရောက်သည်နှင့် ဆွဲခြင်းတောင်းကို ပစ်ချပြီး ခုံတွင် စောင့်အောင့်ကာ ထိုင်ချလိုက် သည် ။ ထိုင်ပြီးမကြာမှီ ကျွန်မနားသို့ ညီမလုပ်သူနှင့် မေမေ ရောက်လာသည်။ ဘေးတွင် ချထားသော လက်ဆွဲခြင်းကို တချက်ကြည့်ကာ
* အလတ်မ ဈေးသွားတာ ဘာမှလည်း မပါပဲ ပြန်ရောက်လာတယ် ။ ဘာဖြစ်လာတာလည်း *
ဆိုသည့် မေမေ မေးသံအဆုံးတွင် ဖြစ်ကြောင်းကုန်စင်ကို ဇာတ်စုံနှောကာ ပြောပြလိုက်ပါ သည် ။ ပြောရင်း စိတ်တွေက ပိုတို ။ နိမ့်ချီ၊ မြင့်ချီ ရင်အစုံက မည်မျှထိ ဒေါသဖြစ်နေကြောင်း ကို သက်သေတည်နေသည့်အလား ။ ကျွန်မစကားဆုံးသည်နှင့် ညီမဖြစ်သူက သူ့နှာဖူးကို သူ့ရိုက်ကာ
* မမတို့ကတော့ လုပ်ချလိုက်ပြန်ပြီဟေ့ ။ မမပိုက်ဆံ ထည့်ခိုင်းတော့ မေမေ အိတ်ထဲ ကြည့်လိုက်တော့ နှစ်ထောင့်ငါးရာပဲ တွေ့တယ်။ ဒါနဲ့ ငယ်လေးလည်း တွေ့တဲ့ နှစ်ထောင့်ငါးရာဘဲ မမအိတ်ထဲကို ထည့်ပေးလိုက်တာ*
* ဟေ ။ ဟုတ်လား ။ ဒါဆို ငါမှားတာပေါ့ ။ သွားပါပြီဟာ *
* ကဲကဲ ဒီလိုလုပ် ဈေးသိမ်းချိန်လောက်မှ သွားပြီး အကျိုးကြောင်းပြောပြီး တောင်းပန်လိုက်သမီး *
* ဟာ ! မဟုတ်တာဘဲ မေမေကလည်း ။ သမီးက သူကို လုပုံအလည်မှာ ပိုက်ဆံရှင်းပြီးကြောင်းကို အတင်းငြင်း လာခဲ့တာ။ဈေးထဲက လူတော်တော်များကလည်း သမီးမှန်ပြီး သူမှားတယ်လို့ဘဲ ထင်ကျန်နေခဲ့ကြတာ မေမေ ။ ဒီတော့ သမီးခုဘဲ သွားတောင်းပန်မှ ဖြစ်မယ် မေမေ ။ *
ပြောပြောဆိုဆို ဈေးကို ချက်ချင်း ပြန်ရောက်လာခဲ့ပါသည် ။ ငါးဆိုင်သို့ ဦးတည်နေသည့် ကျွန်မ ခြေလှမ်းတွေက သွက်လက်မြန်ဆန်နေကြသည် ။
လူဆိုသည်မှာ အမှားလုပ်မိရင် ပြင်ရဲရမည် ။ သူတပါးကို မဟုတ်တရား စွပ်စွဲမိခဲ့ရင်လည်း တောင်းပန်ရန်အလို့ငှာ ၀န်မလေးတတ်ဖို့အရေးကြီးသည် ။ မိမိ မည်သည့်အခြေနေမှာ ရှိနေပါစေ ၊ မိမိစော်ကားလိုက်မိသူသည် မိမိထက်မည်မျှပင် နိမ့်ကျသူဖြစ်ပါစေ ကိုယ်အမှားကို တာဝန်ယူရဲသည့် စိတ်ရှိရမည် ။ ယခု ကျွန်မ တစ်ဘက်လူ အပေါ် မှားယွင်းစွာ စွပ်စွဲခဲ့မိသည် ။စော်ကားမိသလို ဖြစ်ခဲ့ရပြီ ။ ဒီအမှားအတွက် ကျွန်မတာဝန်ယူရမည် ။ ဒီကိစ္စမှာဘဲကြည့်မယ်ဆိုရင် ပိုက်ဆံရှိသူ ကျွန်မသာမှန်မည်လို့ ယူဆကြပေမယ့် မထင်မှတ်သည့် ပေါ့လျော့မှု့တစ်ခုက ကျွန်မကို အမှားဘက်ကို တွန်းပို့ခဲ့လေသည် ။ဒါကြောင့် ဆင်းရဲခြင်း ၊ ချမ်းသာခြင်းက အမှန် အမှားရဲ့ အဖြေမဟုတ် ပါ ။ဖြစ်လာသည့် ပြသနာရဲ့ ဖြစ်ရပ်မှန်သာလျှင် အဖြေဖြစ်သည်ကို ကျွန်မ ကောင်းကောင်း သဘောပေါက်သွားခဲ့ပါပြီ ။
ဒီစိတ်ဖြင့် ဈေးတွင်းသို့ တစ်ကျော့ပြန် ရောက်လို့လာခဲ့ပါပြီ ။ ငါးဆိုင်နားကို ရောက်ရင်ဘဲ လူအားလုံးရဲ့ အကြည့်တွေက ကျွန်မဆီ စုပြုံလို့ရောက်ရှိလာသည် ။နောက်တစ်ကြိမ် ပြန်ရောက်လာသည့်အတွက် ဘာတွေများ ထပ်ဖြစ်မလဲဆိုသည့် အတွေးကို သူတို့တွေးနေကြမည်မှာ အသေချာပင် ။ငါးဆိုင်ရှေ့ ရောက်ချိန်တွင် ငါးသည်အမျိုးသမီးမှာ ငါးခုတ်နေသည်မို့ ကျွန်မကို ချက်ချင်း သတိမထား မိပါ ။ကျွန်မ အသံပေးလိုက်သည် ။
* အမ *
ကျွန်မခေါ်သံကြောင့် ငါးသည်အမျိုးသမီးမျက်လုံးတွေက ကျွန်မဆီရောက်လာသည် ။ ကျွန်မ ကိုတွေ့လိုက်တော့ သူမလည်း အံ့သြသွားတယ်ဆိုတာ သူမ မျက်လုံးတွေသက်သေ ခံလို့ နေသည်။
* ဟင် ! ညီမ *
ကျွန်မ ခေါ်လိုက်သည့်အသံက လန်းဆန်းတက်ကြွနေသော်လည်း တစ်ဖက်ထူးသံ သည် လေးပင်လွန်းလှသည်ဟု ထင်သည်။
* အမကို လာတောင်းပန်တာပါ ။ ခုန ပိုက်ဆံကိစ္စမှာ ကျွန်မဘက်က မှားသွားတာအမ ။ အိမ်က ညီမလေးကိုကျွန်မ ဈေးဖိုး သုံးထောင် ထည့်ခိုင်းတာကို ညီမက နှစ်ထောင့်ငါးရာဘဲ ထည့်ပေးလိုက်သတဲ့လေ ။ အမနဲ့ ပြသနာတက်တဲ့ အချိန် ပိုက်ဆံအိတ်ထဲကြည့်လိုက်တော့ ငွေက နှစ်ထောင်ငါးရာ့ဘဲရှိနေတယ်လေ။ ဒီတော့ ကျွန်မလည်းပေးပြီးပြီလို့ ထင်လိုက်မိ တာပေါ့အမ ။ အိမ်ရောက်မှ ညီမကပြောပြလို့ အမဆီ ပြန်လာပြီး လာတောင်းပန်တာပါ ။ *
* အေးပါ ညီမရယ် ။ အမ ထပ်တောင်းတာ မဟုတ်ဘူးဆိုတာ ညီမသိသွားပြီဆို အမ၀မ်းသာ ပါတယ် ။ အမ ဖောက်သည်မပျက်တော့ဘူးပေါ့ ။ နောက်လည်း အမဆိုင်မှာ အားပေးပါနော် ညီမ*
အိမ်ပြန်လမ်းမှာ ကျွန်မခြေလှမ်းတွေ ပိုပြီး သွက်လက်ပေါ့ပါးနေခဲ့သည် ။ တကယ်လို့ ကျွန်မသာချက်ချင်းလာ မတောင်းပန်ဖြစ်ခဲ့လျင် စိတ်ထဲ တနုံ့နုံ့ ခံစားနေရမည်မှာ မလွဲပေ ။
ပိုက်ဆံရှိသူ နှင့်ဆင်းရဲသူ ပြသနာတက်တိုင်း ပိုက်ဆံရှိသူဘက်ကသာ အမှန်လို့ ပုံသေကားချပ် တွက်လို့ မရနိုင်ဘူးဆိုသည်ကို ဒီပြသနာလေးက သင်ခန်းစာပေးလိုက်သလိုပါပဲ ။* အမှန် ၊ အမှား * ဆိုသည့် အဖြေအား ပုံသေ သတ်မှတ်လို့ မရနိုင်ပါဘူး ။ဖြစ်လာသည့်ပြသနာပေါ်မူတည်ကာ သေချာစွာဖြင့် လေ့လာဝေဖန်ပြီးမှ မှန်သူ မှားသူကို အဖြေရှာသင့်ကြောင်း ကိုယ်တွေ့ရင်ဆိုင်ခဲ့ရသည့် ပြသနာလေးက သင်ကြားပေးသွားခဲ့လေသည် ။ အတိတ်ကာလက အဖြစ်တွေကို ဋီကာချဲ့ကောင်းနေလိုက်တာ တစ်ဘက်ဆိုင်ကဖြစ်နေတဲ့ ပြသနာတောင်ပြီးသွားကြပြီ တူပါရဲ့။လူတောင်ရှင်းနေပြီ ။ သူများအဖြစ်ကို ငေးလိုက်ပုံက အတိတ်ဋီကာတွေတောင် ပြန်ချဲ့နေလိုက်မိသေး ။ ခုလောက်ဆို အိမ်က ညီမအပျိုကြီး ငါကို မျှော်နေရော့ပေါ့ ။ အိမ်ပြန်ရောက်ရင်ဖြင့် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အဖြစ်ပျက်မျိုး လေးတစ်ခုကို ဈေးထဲတွင် တစ်ကျော့ပြန် တွေ့ခဲ့ရကြောင်းကို မမေ့မလျော့ ဖောက်သည် ချရင်း ဈေးနောက်ကျရသည့် အကြောင်းကို ဆင်ခြင်ပေးလိုက်ပါတော့မည် ။
ခိုင်လေး ( ရွှေတောင် )