ပြိုင်စံရှားသည့်အိုဘယ်မိခင်
ခိုင်လေး ( ရွှေတောင်
)
မိုးလေးတစိမ့်စိမ့်
စွေနေ၏ ။ အေးမြမြရာသီဥတု၏ အောက်တွင် ရှိနေသော အိမ်လေးတစ်လုံး ။ အိမ်ကလေးက သွပ်မိုး
ပျဉ်ကာလေးဖြစ်သည် ။ လူလတတန်းစားမကျ ၊ ဆင်းရဲသားမကသောထိုအိမ်လေးထဲ၌
အသက် လေး ဆယ်ကျော်ခန့်ရှိသော ဒေါ်တင်ရွှေ အမည်ရှိ အမျိုးသမီးတစ်ဦး အလုပ်ရှုတ်နေ၏ ။မနက်ဖြန်ဈေးရောင်းရန်အတွက် ပြင်ဆင်ရေလေသည် ။ ဒေါ်တင်ရွှေက စကော့ဈေးထဲ၌ ခေါပျဉ်၊ ရွှေထမင်း၊ မုန့်လိတ်ပြာ၊ စလူမုန့်၊
သာကူမုန့်ဦးနှောက် မုန့်ဗိုင်းနောက်၊ အုန်နို့နဲ့ဆမ်းစား အစရှိသည့် မြန်မာမုန့်မျိုးစုံကို
ရောင်းချသူတစ်ဦးပါ ။တစ်ချက်ဝှေ့ခနဲ တိုက်ခတ်လာသည့် မိုးစက်လေးတွေ ပါဝင်နေသော လေအေးတချက်ကြောင့်
ဒေါ်တင်ရွှေ၏ ပုခုံးနှစ်ဖက်ကျုံ့သွားလေ၏ ။ မိုးငွေ့ပါလို့ထင်ပါ့ အေးလိုက်တာဟု စိတ်ထဲမှ
ရေရွတ်လိုက်မိသည် ။ မနက်ဖြန်ဈေးထွက်ရင် ခုလို မိုးအုံ့နေရင်တော့ ဒုက္ခပါပဲ ။ ခုရက်
ဒေါ်တင်ရွှေ အတွက် ငွေလိုသည့်ရက်တွေပင် ။ ကလေးတွေ ကျောင်းအပ်ရတော့မည် ။ အကြီးမက ဒီနှစ်
ကိုးတန်းကို ကျသဖြင့် ကျောင်းပြန်အပ်ရမည် ။ အငယ်ယောကျာင်္းလေး လေးယောက်ကိုလည်း ကျောင်အပ်ရမည်
။ ဒီသားသမီး ငါးယောက်တာဝန်ကို ဈေးပန်းခေါင်းရွတ်ကာ မညဉ်းမညူရှာကျွေးခဲ့သည် ။ ဟိုတွေး
ဒီတွေးဖြင့် လက်ကလည်း အလုပ်နှင့် လက်မပြတ်စေရ ။
မနက်ထဲက သတင်းစာထဲက သင်တန်းခေါ်ယူသည့် ဖြတ်ပိုင်းလေးကို
ဖတ်နေမိသည်မှာ ဘယ်နှစ်ကြိမ်မှန်းပင် မသိတော့ပေ ။ ဒီနှစ်ကိုးတန်းကျထားသည်မို့ ကျောင်းလည်း
ဆက်မတက်ချင်တော့ပါ ။ သတင်းစာထဲတွင်ပါလာသော သင်တန်းလေးကို စိတ်ဝင်စားနေမိသည် ။ သင်တန်းက
အဆောင်လည်းပေးသည် ။ ထမင်းလည်းကျွေးမည် ။ စတိုင်ပင်လည်း ပေးမည်ဆိုတာမို့ အထူးစိတ်ဝင်စားနေမိ၏
။ ကျောင်းပြီးလျှင်လည်း အစိုးရချည်မျှင်နှင့် အချောကိုင်စက်ရုံတွေမှာ အလုပ်ဝင်လို့ရသည်
။ ပညာအရည်ချင်းကလည်း ရှစ်တန်းအောင် မို့အားလုံးအဆင်ပြေနေသည် ။ အလွန်လည်း တက်ချင်နေမိသည်
။ အမေအရိပ်ကဲကို စောင့်ကြည့်နေခြင်းပါ ။ မနက်ထဲက အလုပ်နှင့် လက်မပျက်သောကြောင့် အမေနား
မယောင်မလည်လုပ်နေမိသည် ။ ခုတော့ အရဲစွန့်ကာ ပြောမည်ဟုဆုံးဖြတ်ကာ အမေနားကို ကြွေပု ကပ်ရတော့သည်
။
*အမေ *
*သမီး ကြွေပု ……ဘာများပါလိမ့်
…ပြောလေ*
ကြွေပု
အမေကို စိုက်ကြည့်လိုက်သည် ။ သူ့မစိတ်ထဲ အမေ လက်ခံကောင်းပါရဲဟု အားတင်းလိုက်သည် ။ အမေ့ကို
လက်ခံအောင်ပြောရမည် ။ အားတင်းပြီး………
*အမေ့ကို ကြွေပု ခွင့်တောင်းစရာလေး
ရှိလို့ပါ *
*အင်း …ဘာများလည်း ပြောပါအုံး *
*မေမေ သမီး ရက်ကန်းကျောင်း တက်ဖို့လျှောက်မလို့ ပါ အမေ*
သမီးကြွေပုဆီက
သည်လိုပြောလာလိမ့်မည်ဟု ဒေါ်တင်ရွှေ မထင်တာခြင်းကြောင့် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့သည်
။ သမီးကြွေပုက စာမေးပွဲကျလို့ အမေကို ညှာတာထင်ပါရဲ့။ကြွေပုက အမေဆီက ပြန်လာမည့် အဖြေကို
သိချင်စိတ်ဖြင့် စိုက်ကြည့်နေသည် ။ အမေ ဘာဖြေမလည်းဆိုတဲ့ မျှော်လင့်နေသည့်နှယ် ရှိလေ၏
။ ဒေါ်တင်ရွှေ ဘယ်လို ပြန်ဖြေရမည်နည်း ။
*သမီးရယ် တစ်နှစ်တည်း ကျတာဘဲ ။ နောင်နှစ်ထပ်ဖြေပါအုံး*
*ဟင်အင် အမေ ။ သမီး ဒီသင်တန်းကိုဘဲ
စိတ်ဝင်စားနေပြီ ။ သင်တန်းက စာတော်ရင် အဲဒီကျောင်းမှာ ဆရာမလည်း ပြန်လုပ်လို့ရတယ်အမေ
။ အဆောင်လည်းပေးတယ် ။ ထမင်းလည်းကျွေးတယ်အမေ ။ သင်တန်းဆင်းရင်လည်း အလုပ်က အဆင်သင့်လေ
*
အားကျိုးမာန်တက်
ရှင်းပြနေသည့် သမီးမျှော်လင့်ချက်တွေကို ကြည့်ရင်းစိတ်မကောင်းလည်း ဖြစ်နေမိသည် ။ သမီးမျက်နှာရိပ်မျက်နှာကဲကို
ကြည့်ပြီး မေးခွန်းတစ်ခု ပြန်မေးလိုက်မိသည်
။
*သမီးက ဆုံးဖြတ်ပြီးပြီလား...........တစ်ကယ်ကော
ဝါသနာပါလို့လားသမီးရယ်*
*တစ်ကယ် ၀ါသနာပါတယ်မေမေ*
သမီးတောင်းဆိုလိုက်သော စကားလေးက ဒေါ်တင်ရွှေကို ခတ္တခဏငိုင်သွားစေပါသည် ။ ဒေါ်တင်ရွှေ သမီးကြွေပု၏ ခေါင်းကလေးကို ပွတ်သပ်ရင်း
ဆက်ပြောလိုက်သည် ။
*ကြွေပု အရမ်းတက်ချင်နေတယ်ဆိုလည်း
လျှောက်ကြည့်လေ ။ မေမေ သဘောတူပေးရမှာပေါ့ ။ အမေ့သဘောကတော့ ကြွေပုကို ကျောင်းတက်စေချင်တာပါပဲ
။ သမီးက ဒီသင်တန်းကိုမှ စိတ်ဝင်စားနေပြီဆိုတော့လည်း သမီးသဘောပါကွယ် *
*အမေ တကယ်ပြောတာနော်
။ ဟေးးးးးး ပျော်လိုက်တာ ။ သမီး ပြောစရာရှိသေးတယ် အမေ ။ သမီးလေး သင်တန်းမှာ ဆရာမပြန်ဖြစ်အောင်
ကြိုးစားမယ်သိလား ။ တကယ်လို့ သမီးသာ ဆရာမ ဖြစ်ခဲ့ရင် မေမေ သမီးနဲ့ လိုက်နေရမယ်နော်*
သမီးဆီက
ကြားလိုက်ရသော တောင်းဆိုသံလေးကြောင့် ဒေါ်တင်ရွှေ
အံ့သြသွားမိသည် ။ သို့သော် သမီးကြွေပု စိတ်ချမ်းသာစေခြင်းအလို့ငှာ ခေါင်းညိမ့်ပြလိုက်မိ၏
။ အမေ့၏ လက်ခံမှု့ကိုကြွေပုရသည်နှင့် ကျေနပ်သွားလေ၏ ။မျက်နှာလေးတစ်ခုလုံး ၀င်းပသွားလေသည်
။ကျောင်းဆရာမဖြစ်လျှင် အမေ့လိုကနေမည် ဆိုသော ခေါင်းညိမ့်လက်ခံမှု့ကို ကြွေပု မှတ်သားထားလိုက်လေတော့သည်
။
*သမီးလေ ဆရာမဖြစ်ကို
ဖြစ်ရမယ် အမေ *
ကြွေပုသည်
ထိုစကားကို ဆိုပြီးသည်နှင့် ပေါ့ပါးသော ခြေလှမ်းတွေဖြင့် အိမ်ရှေ့သို့ ထွက်သွားပါတော့သည်
။ သားသမီး ငါးဦးထဲတွင် အကြီးဆုံးသမီး ။ မိန်းကလေး တစ်ဦးတည်းပါသူ ။ အနေအေးကာ ပြောရင်ပြောသလို
ဖြစ်အောင် လုပ်တတ်သူ ။ဒေါ်တင်ရွှေတစ်ယောက် ထိုင်နေသည့် နေရာမှာပင် မျက်ရည်တွေ ပါးပြင်ပေါ်သို့
စီးကျလာရ၏ ။ထွက်ခွာသွားသော သမီးလေး နောက်ကျောကိုငေးမောရင်း ဒေါ်တင်ရွှေတစ်ယောက် အတိတ်ကမ္ဘာလေးထဲသို့
အလည်ပတ်ရောက်သွားရပြန်သည် ။ သမီးလေးကြွေပု နှစ်နှစ်သမီးလောက်မှာ သမီးအဖေ လေဖြတ်ပြီး
ဆုံးသပါးသွားခဲ့သည်။ သမီးဖေဖေ့ မရှိတော့ပေမယ့် ထားရစ်ခဲ့သော ပစ္စည်းလေးတွေဖြင့် သားမိနှစ်ယောက်
အခြေနေမပျက်နေနိုင်ခဲ့သည် ။ သမီးဖေဖေ က
ဒေါ်တင်ရွှေထက် ၁၅နှစ်တိတိ ကြီးပြီး ရုပ်ရည်ရူပကာချောမောသူတစ်ဦးပါ ။ ကြွေပုက အဖေနဲ့
အမေဆီက အလှတရားတွေကို ပေါင်းစပ်ထားသူမို့ နန်းဆန်ဆန်လေးနှင့် အင်မတန် ချောသူတစ်ဦးပင်
။ သမီးလေး အသက် ဆယ်နှစ်လောက်မှာ ဒေါ်တင်ရွှေထက်
ငါးနှစ်ခန့်ငယ်သော ကိုထွေးဆိုသည့် လူငယ်တစ်ဦးဖြင့် နောက်အိမ်ထောင်ပြုလခဲ့သည် ။ မည်သည့်အလုပ်ကိုမှ
မယ်မယ်ရရ မလုပ်ချင်သော ကိုထွေးသည် အရက်လေးသောက် ဖဲလေးရိုက်လိုက်ဖြင့်သာ နေချင်သူဖြစ်သည်
။ ဒီလိုဖြင့် သားလေးယောက်ထွန်ကားခဲ့ရသည် ။
ကိုထွေးအား စိတ်ကုန်နေပေမယ့် တည်မိသည့် ဘုရား လဒနားနား ဆိုသကဲ့သို့ သားတွေ မျက်နှာအား
ထောက်ထားပြီး သည်းခံပြီးနေလာခဲ့သည်မှာ ခုဆို သမီးလေးကြွေပုတောင် ပင် အရွယ်လေးရလာခဲ့ပြီ
။ စကော့ဈေးထဲမှာ မုန့်မျိုးစုံကို ဗန်းရွက်ရောင်းပြီး သမီးလေးနဲ့ သားလေးယောက်အတွက်
ခါးချိအောင် ဈေးရောင်းကျွေးခဲ့သည် ။ ဖခင်ကပြည့်ပြည့်စုံစုံထားခဲ့ပါရက် ဒေါ်တင်ရွှေ၏
မှားယွင်းသော ချွေးချယ်မှုကြောင့် သမီးလေးပါရောပြီး ဒုက္ခခံနေခဲ့ရလေသည် ။ နောက်အိမ်ထောင်နဲ့ရသည့်မောင်လေးတွေကိုလည်းသမီးက
မောင် အရင်းတွေ လိုပင် ချစ်ရှာ၏ ။ ဒီလို သိတတ်လိမ်မာတဲ့ သမီး တောင်းတဲ့ ကတိကို မေမေ
တည်အောင် ကြိုးစားပါ့မယ်ကွယ်ဟု ရင်ထဲမှာ တီးတိုးကတိပေးနေမိပါသည် ။
*သမီးလေး ဆရာမ ဖြစ်တဲ့ တစ်နေ့ မေမေ တစ်ကယ်
သမီးတာဝန်ကျတဲ့ဆီ လိုက်နေမယ် သမီး *
ဟု
စိတ်ထဲကမှ ကတိတွေ အထပ်ထပ်ပေးနေမိပါသည် ။
******************************************************
သုံးနှစ်ခန့်အကြာ…………………
ဒီနေ့သမီးလေး သင်တန်းကျောင်းကနေ ဆီကနေ စာတစ်စောင်ရောက်လာခဲ့၏ ။
မေမေ
နေကောင်းတယ်နော်...........မောင်လေးတွေကော နေကောင်းကြတယ်မဟုတ်လား။
အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ သမီးလဲ အစစ အဆင်ပြေပါတယ်။
မေမေကို သမီး အသိပေးခွင့်တောင်းစရာလေး ရှိလို့ စာရေးလိုက်ပါတယ် ။ ခုသမီး နဲ့ တစ်ကျောင်းတည်းဖြစ်၊
သမီး ဆရာလည်းဖြစ်တဲ့ ကိုအောင် နဲ့ သမီး ရည်ငံနေကြပါတယ်
။ သူက သမီးတာဝန်ကျတာနဲ့
လက်ထပ်ချင်တယ်လို့လည်း ခွင့်တောင်းနေပါတယ် မေမေ ။ သမီး တစ်ကိုယ်ကောင်းမဆန်ချင်ပါဘူး။
ကိုအောင်ကို ပြောထားပါတယ် ။ ကြွေပုမေမေနဲ့ မောင်လေးလေးယောက်ကိုပါ တစ်သက်တာ တာဝန်ယူနိုင်မှ
လက်ထပ်မယ်လို့ ပြောထားပါတယ် ။ သူကလည်း တာဝန်ယူပါ့မယလို့ ကတိပေးလာပါတယ် ။ မေမေဆီမှာ
လာပြီးတောင်းရမ်းချင်တဲ့ အကြောင်း သမီးကို ပြောနေပါတယ် ။ ဒါကြောင့် သမီး မေမေကို ခွင့်တောင်းတာပါ
။ မေမေ ဆီကို သူလာပါလိမ့်မယ် ။ မေမေ ဆုံးဖြတ်ချက်ကိုပဲ သမီးအတည်ယူမှာပါ ။ မေမေကို
အရမ်းချစ်တဲ့
သမီးလေး ကြွေပု
သမီးလေး စာက ဆုံးသွားပေမယ့် စာလေးကို စိုက်ကြည့်နေမိသည်။ သမီးလေး တောင် အိမ်ထောင်ပြုရမည့်
အရွယ်ကိုရောက်နေခဲ့ပြီပဲ ။
******************************************************
ဒီလိုနှင့် သမက်တော်ရမယ့်ကိုအောင်ဆိုသည့် ကလေး ဒေါ်တင်ရွှေ ရှေ့မှောကသို့ ရောက်လာခဲ့ပါသည်
။ သမက်လောင်းကို တွေ့လိုက်ရချိန်မှာတော့ ဒေါ်တင်ရွှေတစ်ယောက် အလွန်မင်း တုန်လှုပ်သွားခဲ့သည်
။
*အောင်မလေး ဘုရားဘုရား *
ဘုရားတမိတဲ့အထိကို
တုန်လှုတ်သွားစေခဲ့၏ ။ သမီးလေး ဘယ်လို လူမျိုးကိုများ ရွေးချယ်လိုက်တာပါလိမ့် ။ ဘာသာမတူညီသည့်
ဘာသာခြား တစ်ဦးဖြင့် ဘယ်လိုနည်းနှင့်မှ သဘောမတူနိုင်ပေ ။ ကျွန်မအတွေးတွေကို အကင်းပါးသည့်သမက်လောင်းက
ရိပ်မိဟန်တူပါ၏ ။
* ကျွန်တော်က ဗုဒ္ဓဘာသာ ကိုးကွယ်သူပါ အန်တီ......အဖေက
ဟိန္ဒူလူမျိုးမို့ ကုလားဆင်နေတာပါ ။
အန်တီမယုံကြည်သေးဘူးဆိုရင် ကျွန်တော် သာသနာ့ဘောင်ဝင်ပြီး ရဟန်းခံပြပါမယ် ခင်ဗျာ။ *
အပြောမဟုတ်ဘဲ အမှန်တကယ် ရဟန်းခံခဲ့ပါသည် ။ သမီးလေးကြွေပုကို တစ်သက်တာကြင်နာ့ပါ့မယ်ဆိုသည့်
ကတိတွေကိုလည်း အထပ်ထပ် ပေးရှာ၏ ။
*ကြွေပု ကို ကျွန်တော် တကယ်ချစ်မြတ်နိုးတာပါ
အန်တီ ။ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ်ဗျာ ။ ကြွေပု မေမေနဲ့ မောင်တွေကို ကျွန်တော်
တစ်ကယ် တာဝန်ယူမှာပါ ။*
သမက်လောင်း၏
အပြောဆို အပြုမူတို့သည် ဟန်ဆောင်နေခြင်းမဟုတ်ဘူးဆိုသည်ကို လေ့လာပြီးသည့်နောက် သမီးလေး
ကြွေပုဖြင့် ကြည်ဖြူစွာ လက်ခံသဘောတူပေးခဲ့ပါသည် ။ သမီးလေး အမှန်တစ်ကယ်ကို လူရွေးမှန်ခဲ့တယ်ဟု
ဆိုရပေမည် ။ သမီးကြွေပုအား အမှန်တကယ် ချစ်မြတ်နိုးပြီး
မိသားစု စိတ်အပြည့်ရှိသူ တစ်ဦးဖြစ်နေခဲ့သည် ။
ပညာတတ်ဆရာလေး နှင့် ဘ၀လက်တွဲခွင့်ရလို့ ၀မ်းသာရေပေမယ့် ကိုယ့်သမီးလေးအား နှမြောစိတ်ကလေး
လည်းဖြစ်တည်ခံစားမိ၏ ။
ဒီိလိုနင့် သမီးကြွေပုတစ်ယောက် ကိုယ်လေးလက်ဝန်ရှိလာခဲ့ပြီ
။ မြေးဦးကိုယ်ဝန်ပင် လွယ်ထားရလေပြီ ။ မြေးဦးလေး
မွေါးနီးအချိန်၌ ဒေါ်တင်ရွှေ၏ ဝေခွဲရခက်နေသော စိတ်တံခါးတွေ ပွင့်လာကြတော့စည်
။ ဒေါ်တင်ရွှေတစ်ယောက် အိမ်သားဖြစ်သူအား သမီးကလေးမွေးဖွားတော့မှာမို့ သွားနေလိုက်အုံးမယ်ည်ဟု
ပြောကာ အငယ်ဆုံးသားဖြစ်သူ ကိုထွေးအား လက်ဆွဲ၍ သမီးဆီသို့ အရောက်လာခဲ့သည်
။ ။ ဒေါ်တင်ရွှေ အစီစဉ်တကျ ကြိုတင်ပြင်ဆင်ထားသည်ကိုတော့ မည်သူမှ မရိပ်မိကြပေ ။ သမီးဆရာမ
ဖြစ်ရင် မေမေ လိုက်နေမယ်နော် ဆိုသောကတိစကားကို တည်ဖို့အတွက် ဒေါ်တင်ရွှေ သမီးဆီသို့
အပြီးတိုင်ထွက်လာခဲ့ခြင်းပင် ။ ရှစ်တန်းကျောင်းသား သားငယ်ကိုထွေးအတွက် ကျောင်းထွက်လက်မှတ်တွေကိုပါ
အပြီးတစ်ပါတည်း ယူဆောင်လာခဲ့သည် ။ သမီးကြွေပု ခဗျာ ကတိတောင်းထားသည့်တိုင် အမေကိုဖြစ်သူကို
လိုက်နေဖို့ မခေါ်ခဲ့ပေ ။ ဒေါ်တင်ရွှေတစ်ယောက် ယောကျာင်္းနဖြစ်သူနှင့် ရန်ဖြစ်စကားများခြင်း
မရှိပါဘဲ သမီးဆီသို့ အရောက်လာခဲ့ပါပြီ ။
******************************************************
ခြောက်လခန့်ကြာသော်
……………
မြေးဦးလေးပင်
ငါးလသားရခဲ့လေပြီ။ ကြွေပုမွေးခါနီးကတည်းက ရောက်နေသည့် အမေ့လည်း လပေါင်းများစွာ တိုင်ခဲ့၏
။ ဒီနေ့တော့ဖြင့် အမေကို ပြောရပေမည် ။ ကြည့်ရသည်မှာ ကြွေပုကို အားနာလို့ မပြောသည်ဖြစ်မည်
။ ကြွေပုစပြောမှ ဖြစ်ချေတော့မည် ။ ကလေးနို့တိုက်နေရာသို့ ထာထိုင်သော အမေ့အား ဘယ်ကစပြောရမလည်း
တွေးရင်းဖြင့် အားတင်းကာ ……….
*မေမေ ခုဆိုရင် သမီးလေးလည်း ငါးလရနေပြီ ။ အမေ့
ကို ဦးလေးလည်း မျှော်ရော့မယ် ။ မေမေ ပြန်သင့်ပြီ ။ သမီး အမေကို မနေစေချင်လို့ နှင်တာ
မဟုတ်ပါဘူးနော် ။အမေ အမျိုးသားအနေနဲ့ ပြောစရာ ဖြစ်နေမှာ စိုးလို့ပါ ။ အမေတို့ကိုလည်း
ပြသနာမဖြစ်စေချင်ဘူး အမေ*
*သမီး သေချာနားထောင်နော်....ခု မေမေလာတာ ခဏလာတာ မဟုတ်ဘူး....သမီးနဲ့ အပြီးနေဖို့လာခဲ့တာ
။
ဘယ်တော့မှ မပြန်တော့ဘူး သမီး*
*ရှင် ! မေမေတကယ်ပြောနေတာလား................*
*တစ်ကယ်ပြောတာ ........မေမေ ဆုံးဖြတ်ပြီးရင် မပြင်တတ်တာ သမီးသိပါတယ်.....*
ပြောလဲပြော ကြွေပုရင်ခွင်ထဲက နို့ဝနေသည့် ကလေးအား ချီကာ ထွက်သွားပါတော့သည် သည်တဒင်္ဂအတွင်း
ကြွေပု၏ ခံစားမှု့တွေ မျိုးစုံနေသည် ။။ အံ့သြခြင်း ၊ ၀မ်းသာခြင်း ၊ အားနာခြင်း အစရှိသော
ခံစားချက်တို့ဖြင့် ကျန်ရစ်ခဲ့လေသည် ။
******************************************************
ဒီလိုနဲ့
ရက်ကိုလစား ၊ လကို နှစ်စား လို့မြေးမလေးတစ်ယောက်ကနေ
သုံးယောက်မြောက်သည့် အထိမြေးတွေထိန်းကျောင်းရင်း ဘ၀ကို ကျေနပ်ပျော်ရွင်စွာနေခဲ့လေသည်
။ အမျိုးသား ဘယ်လိုပင်ပြန်ခ်ါခေါ် ဒေါ်တင်ရွှေတစ်ယောကကတော့လုံးဝ
ပြန်မလိုက်တော့ပေ ။ သားလေးယောက်စလုံးကလည်း ဒေါ်တင်ရွှေဖြစ်ပင် လိုက်နေခဲ့ကြသည် ။ အမျိုးသားသေသည်ကိုပင်
မပြန်တဲ့အထိ ပြတ်သားနိုင်ခဲ့၏ ။ သားသမက်လုပ်သူကလည်း ပေးထားသည့်ကတိကို လေးစားတစ်ဦးပင်
။ ဒေါ်တင်ရွှေနှင့်တကွ သားလေးယောက်ကိုပါ အပြုံးမပျက် အားလုံးကို တာဝန်ယူခဲ့လေသည် ။ သမက်လုပ်သူက
ရက်ကန်းကျောင်းမှထွက်ပြီး စီးပွားရေးလောကထဲသို့ခြေစုံပြစ်ဝင်ခဲ့သည် ။ သမီးဖြစ်သူ ကြွေပုကလည်း
တစ်ဖက်တလမ်းမှ ကြိုးစားစုဆောင်းခြင်းတို့ကြောင့် အခြေတကျ နေနိုင်ခဲ့ကြသည် ။သမက်ဖြစ်သူ၏ ဂရုစိုက် ခြင်းကြောင့် ဒေါ်တင်ရွှေ တစ်ယောက်
မြေးမလေး သုံးယောက်ကိုလိုလေးသေးမရှိအောင်ကို ပြုစုစောင်ရှောက်ရင်း ကျေနပ်ပျော်ရွင်နေနိုင်ခဲ့ပါသည်
။
* မေမေတို့များ ဘယ်လောက်ပင်ပမ်းနေပါစေ အမြဲ ပြုံးနေတာဘဲနော် *
လို့ သမီးကြွေပုက အမြဲပြောတတ်သည် ။ ဒီလိုပြောလာချိန်တိုင်း ကျွန်မရင်ထဲကနေ တိတ်တခိုးလေး
ပြန်ပြောမိတဲ့စကားလေး တစ်ခွန်းရှိ၏ ။
* သမီးကြွေပုကို ချစ်တဲ့ မေမေ့ချစ်ခြင်းတရားတွေပေါ့
။ သမီးအပေါ်ထားတဲ့ အမေ့မေတ္တာ ၊ ထုပမာဏကို နှိုင်းယှဉ်စရာ မရှိပါဘူးကွယ် *
******************************************************
နှစ်နှစ်ဆယ်ခန့်အကြာ…………………
ခုဆို မြေးသုံးယောက်တောင် အိမ်ထောင်တွေ ကျကုန်ကြပြီ ။ ဒေါ်တင်ရွှေ အသက်သည်လည်း ရှစ်ဆယ်တိုင်ခဲ့လေပြီ
။ခုချိန်ထိ သမီး သမက် မြေးတွေ နှင့် ပျော်ရွင်စွာ
နေနိုင်နေတုန်းပင်။ ဒီလိုနှင့် တစ်နေ့မှာဖြင့် ဇယာ၏ ဖောက်လွဲဖောက်ပြန်မှုတွေက စတင်နှိုးစက်ပေးလာခဲ့လေသည်
။ ဒေါ်တင်ရွှေတစ်ယောက် ရင်ဘတ်တွေ တအားအောင့်ရာကနေ သတိလစ်သွားခဲ့လေတော့သည် ။ ဆေးရုံပေါ် ၌ ငါးရက်တိတိ ဆေးကုသမှုခံယူခဲ့ရသည်
။ ငါးရက်လုံး သမီးကြွေပုက အနားကနေတစ်ဖွားမှမခွာ ပြုစုပေးရှာသည် ။ သမီးကြွေပု၏ ပြုစုဂရုစိုက်ခြင်းတွေသည်
ဆေးဝါးတွေနည်းတူပင် အစွမ်းထက်စေခဲ့၏။ ဆေးရုံက
ဆင်းရပေမယ့် တစ်လလောက် အနားယူပြီးရင် နှလုံးစက်ထည့်ဖို့ ဆရာဝန်က ညွှန်ကြားလိုက်ပါသည်။
အိမ်ပြန်ရောက်သည်နှင့်
သမက်ဖြစ်သူက နှလုံးစက်ထည့်ရန် ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ်ခဲ့သည် ။ ခွဲစိတ်ရမည့်
ရက်ပါ တခါတည်း ယူထားလိုက်ပါသည် ။ ရန်ကုန်ဆေးရုံကြီး၌ ရက်ယူခဲ့ပြီး
နောက်နေ့မှာပင် မြေးအငယ်ဆုံးလေးက ကလေးမွေးဖို့အတွက် သူအမျိုးသားတပ်ကနေ အိမ်သို့ပြန်ရောက်လာခဲ့ကြလေသည်
။ နှလုံးစက်ထည့်ရန်ဒိတ်ယူထားသည့်နေ့ကို ရောက်ဖို့ နှစ်ရက်ခန့်အလိုတွင် ဒေါ်တင်ရွှေ ရန်ကုန်သို့
ဆင်းရန် စီစဉ်ရပါသည် ။ သမီးကြွေပုနှင့် အတူ သမက်လုပ်သူပါ လိုက်ဖို့ စီစဉ်ကြသည် ။ သွားဖို့
အဆင်သင့်ဖြစ်ချိန်၌ သမက်ဖြစ်သူက အစီစဉ်ပြောင်းပါသည် ။
*ကြွေပု ဒီလိုလုပ်ပါလား သမီးငယ်ကလဲ မွေးဖို့ရက်နီးနေပြီ
မင်းနေခဲ့လိုက်ပါလား အမေခွဲမဲ့နေ့ရောက်မှ ကြွေပု လိုက်လာခဲ့ပါလား ။ တော်ကြာ ဒီကြားထဲ
ကလေး မွေးဟယ်ဖွားဟယ်ဆို အားငယ်နေမယ် *
ကြွေပုတွေသွားမိသည် ။ အမျိုးသားပြောသည်ကလည်း စီလျောနေသည်မို့ စိတ်အိုက်သွာသည် ။ အမေ့ကို
အားနာစွာ ကြည့်လိုက်မိတယ် ဆိုရင်ဖြင့် အပြုံးမပျက်သည့် အမေထုံးစံအတိုင်း နာလည်မှုအပြုံးဖြင့်
*သမီးကြွေပု နေခဲ့လိုက်လေ......မေမေခွဲမယ့်နေ့မှ
လိုက်လာနော် ။ သားပြောတာ ဟုတ်တယ် ။ မြေးက သက်ဦးမွေးမှာလေ ။ အတွေ့ကြုံလည်း မရှိသေးဘူး
*
*မေမေ....သမီး ဆက်ဆက်လိုက်လာမယ်နော်....မကြောက်နဲ့နော်........ဘာမှ မဖြစ်ဘူးသိလား*
*အေးပါသမီးလေးရယ်.....စိတ်ချမယ်...မြေးလေးကို ဂရုစိုက် ကလေးကငယ်သေးတယ်...သက်ဦးလေ*
*ဟုတ်ကဲ့ပါမေမေ*
ဒီလိုနှင့် မေမေ အမျိုးသားတို့ နှစ်ဦးသား ရန်ကုန်သို့ ထွက်ခွာသွားလေသည် ။ အမေ့တို့
ထွက်သွားသည့် ကားလေးအား မျက်စီတဆုံးငေးနေမိစဉ်
*မေမေ*
သမီးငယ်လေး ခေါ်သံကြားမှ
အာရုံတွေကို ဆွဲငင်စုစည်းလိုက်မိ၏ ။ သမီး မျက်နှာလေးက မွေးခါနီးလေ နုဖတ်လာလေပဲ ။ ကြည့်ရတာမိန်းကလေးပဲ
မွေးမယ်ထင်ပါရဲ့ ။ ခြေထောက်လေးတွေ ငုံ့ကြည့်မိတော့ ဖောနေသလိုထင်ရတာမို့ မေမေ အတွက်
ပူပန်မှုများသည် သမီးငယ်လေးဆီသို့ ချက်ချင်းကူးပြောင်းသွားကြပြန်၏။
*ငယ်လေး နေရတာ ကောင်းရဲ့လားသမီးလေး*
*ကောင်းပါတယ် မေမေ ...ခုနေလေ မေမေ လိုက်သွားမယ်ထင်နေတာ....မေမေသွားနေတုန်း
သမီးမွေးရမှာကို ကြောက်တယ်မေမေ *
*သမီးလေးရယ်............*
သမီးလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်မသည် ။ သားသမီးတွေ ဘယ်အရွယ်ကိုရောက်နေနေ မိဘရင်ခွင်ထဲကိုတိုးဝင်လာတိုင်း
မွေးကင်းစ နို့တိုက်ကလေး အရွယ်လေးတွေလို့ပဲ စိတ်ထဲမှာ ခံစားမသည်မှာ မိဘတိုင်း၏ တူညီသော
ခံစားမှု့တစ်ခုပင် ။ သမီးလေးဆံစလေးတွေကိုညင်သာစွာ သတ်ပေးနေမိသည်။ သမီးလေး အဆင်ပြေပြေ
အန္တာရယ်ကင်းကင်းမွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးနေမိသည် ။
******************************************************
ဒီနေ့ကြွေပုစိတ်တွေလေးနေသည်
။ ရင်ထဲ တစ်မျိုးတမည်ခံစားနေရသည် ။ မေမေ နှလုံးစက်ထည့်မည့် နေ့ကို ရောက်ခဲ့ပါပြီ။ ဒီနေ့
ညနေမေမေကိုနှလုံးစက်ထည့်မှာ မို့ ခုမနက် မေမေရှိနေတဲ့ ရန်ကုန်သို့သွားရန် ဒေါ်ကြွေပုတစ်ယောက်
ကားစောင့်နေစဉ်
*မေမေ ရေ............နာတယ် သမီးနာတယ်မေမေ*
ဆိုသည့် သမီးငယ်၏အော်သံသည် နားထဲသို့ တိုးဝင်လာလေ၏ ။ ခြေထောက်တွေ၏ ဦးတည်ရာက သမီးအသံလာရာဆီသို့
အပြေးတစ်ပိုင်း။ သမီးခင်ပွန်း လက်ထဲမှ အော်ဟစ်ညဉ်းညူနေသည့် သမီးငယ်အား မြင်လိုက်ရသည်နှင့်
ဘာလုပ်ရမှန်းမသိအောင် ပူထူသွားမိ၏ ။ သမက်ဖြစ်သူက
*အမေ ကျွန်တော် ကားသွားထုတ်လိုက်အုံးမယ် အမေ ခဏကြည့်ထားနော်*
*အော်....အေး မြန်မြန်လုပ်သားရေ*
ကိုယ်တိုင် ကလေးသုံးယောက်မွေးသည့်တိုင် သမီးငယ်၏ ကာယိကဒုက္ခဝေဒနာအားမြင်တွေ့ရချိနတွင်
ကြွေပု ပြာယာခတ်အောင် စိတ်ပူပန်ရလေသည် ။ ခေါင်းထဲ၌ သမီးငယ် အော်ဟစ်ညည်းသံအား
စိတ်မကောင်းသည်ကလွဲ၍ တခြားနည်သည့် အကြောင်းအရာမှ မရှိတော့ပေ။
ဆေးရုံရောက်သည့်တိုင်အောင် သမီးကတော်တော် နဲ့ မမွေးနိုင်ပြန် ။ ခွဲမွေးရမည်ဟု ဆရာဝန်ကြီးက
ပြောလာပြန်သေည်မို့စိတ်ပူမှုဒီဂရီက မြင့်တက်သွားရလေတော့သည် ။ အစဦးကတည်းက နာမှာကြောက်သဖြင့် ခွဲမွေးရသည်ဆို
တစ်မျိုးပေါ့ ။ အခုက ရိုးရိုးမွေးဖို့ စီစဉ်ထားရာမှ
ခွဲမွေးဖို့ဖြစ်လာ သည်မို့ အရမ်း စိတ်ပူနေမိ၏ ။ သမီးငယ် ခွဲခန်းထဲဝင်သွားချိန်၌ ကျွန်မလက်ကိုင်ဖုန်းလေးဆီမှ အသံမြည်လာခဲ့သည် ။
*ဟဲလို*
*ကြွေပု မင်းမရောက်သေးဘူးလား အမေက ခွဲခန်းထဲကို ၀င်တော့မယ် မင်းကို မေးနေတယ်*
*အကိုရေ ခုမှ မေမေ ကို ခေါင်းထဲ ပြန်ဝင်လာတော့တယ်။ ဒီမှာ သမီးလေးက မွေးနေပြီ....ရိုးရိုးမမွေးနိုင်လို့
ခုဘဲ ခွဲခန်းထဲဝင်သွားတယ်ကိုရယ် ။ ကြွေပု စိုး၇ိမ်လိုက်တာ*
*ဟုတ်လား.........သမီးငယ် တော်တော် နာနေလောက်ပြီ.....တိုက်တိုက်ဆိုင်ဆိုင်ကွာ.....ကဲ
သမီးငယ်ကို ဂရုစိုက်နော် အမေကို ကို သေချာဂရုစိုက်ပါ့မယ်...သမီးငယ်မွေးပြီးတာနဲ့ ကိုဆီ
တန်းဖုန်းဆက်နော်*
*ဟုတ်ကဲ့ ကို ....မေမေ အားငယ်နေလောက်ပြီ ကိုရယ် ။ ..ဖြစ်ပုံကလဲ တိုက်ဆိုင်လွန်းတယ်နော်*
*ဘယ်တတ်နိုင်မလဲ ကိုရှိပါတယ်.....အမေလည်း နားလည်မှာပါ....ကို အမေကို ဂရုစိုက် မယ်နော်
စိတ်ချ ကြွေပု*
ကို ဖုန်းချသွားပါပြီ ။ ရင်ထဲမှာ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ် မေမေ ။ အတွေးစမဆုံးခင်
*မွေးပါပြီရှင် သားလေးပါ 9ပေါင်ခွဲ ရှိပါတယ်*
ဆိုသည့် ဆရာမအသံကိုကြားသည်နှင့် စိတ်အာရုံတွေက ဆရာမလက်ထဲက ကလေးတွန်းလှည်းလေးဆီ ချက်ချင်းရောက်သွားရပြန်တော့သည်
။ အားပါး ချစ်ဖို့ကောင်းလိုက်တာ ။
*ဆရာမ သမီးလေးကော နေကောင်းလား*
*ကောင်းပါတယ် အန်တီ ခဏနေ ထွက်လာပါလိမ့်မယ်*
******************************************************
နာရီဝက်ခန့်အကြာ၌ သမီးကို ကျန်းကျန်းမာမာနဲ့ တွေ့ရပါသည် ။ပြုံးနေသည့်
သမီး နှင့် သမက် ။ ချစ်ဖို့ကောင်းသည့်မြေးလေးတို့နှင့် အတူ ကြည်နူးပီတိတွေ ဖြာဝေနေသည့်
အခန်းလေးထဲမှ ကြွေပု အပြင်သို့ ခဏထွက်ခဲ့လိုက်သည် ။မေမေ ရေ ကြွေပုကို မေမေ နားလည်မှာပါပေးပါနော်
။ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားနဲ့ မေမေ ကြွေပုကိုခွင့်လွတ်နားလည်ပေးမယ်လို့ ကြွေပုယုံကြည်နေပါတယ်မေမေ။
၅၂၈ မေတ္တာ နှစ်ခု လွန်ဆွဲကြတဲ့ အခါမှာ မိခင်တစ်ယောက်ရဲ့ အတ္တ ချစ်ခြင်းမေတ္တာ တွေက သမီးငယ်ဘက်ကို
အားသာသွားခဲ့ရသည် ။ သမီးကို မေမေနားလည်ပေးပါနော်
။ ဖုန်းလေးထုတ်ပြီး အမျိုးသားဆီသို့ ဖုန်းခေါ်လိုက်သည်
။
*ဟဲလို ...ကိုလား...မေမေ ခွဲခန်းက ထွက်ပြီလားဟင်...ဘယ်လိုနေလဲကို*
*ဖြေးဖြေးမေးပါကွာ ဒါနဲ့ သမီးလေးကောသက်သာလား
...ဘာလေးမွေးလဲ မိန်းမ*
*သမီးနေကောင်းတယ် ကို ...သားလေးမွေးတယ် ကိုးပေါင်ခွဲတောင်....ချစ်ဖို့ကောင်းတယ်..မေမေ
ဖုန်းပြောလို့ရလားဟင်*
* မရသေးဘူးလေ ။ ခွဲခန်းထဲက ထွက်မလာသေးဘူး ။ ထွက်လာရင်လည်း မေ့ဆေးအရှိန်နဲ့ဆိုတော့ တန်းပြီး
ဖုန်းပြောလို့ ဘယ်ဖြစ်မလည်း မေမေ့ ဖုန်းပြောလို့ရပြီဆိုတာနဲ့
ကြွေပုဆီ ကိုဖုန်းခေါ်လိုကမယ်နော် *
*ဟုတ်ကဲ့ ကို *
*ကဲဒါဆိုရင် ဖုန်းချတော့မယ်နော် ။ ကိုလဲ
မြေးလေးကို တွေ့ချင်လိုက်တာကွာ ။ သမီးငယ်ကို ဂရိုစိုက်နော် *
ဖုန်းချသွားပေမယ့် လက်ထဲက ဖုန်းလေးကို ကိုင်ထားမိဆဲပါပဲ ။ အမေနဲ့ ဖုန်းပြောရမည့် အချိန်ကိုသာ
စောင့်စားနေမိသည် ။ မျက်လုံးတွေက နာရီကိုသာ ကြည့်နေမိ၏ ။
************************************
*ကလင် ကလင် ကလင် *
ဟော
ဖုန်းလာပြီ ။ မျှော်နေသည်မို့ တန်းကိုင်လိုက်မိသည် ။
*ကိုလား အမေသက်သာလားကို
။*
*သက်သာတယ် ကြွေ့ပု ။
အမေနဲ့ ပြောလိုက်အုံးနော်*
*မေမေ သက်သာလားဟင်...နာနေလားမေမေ
...သမီးတောင်းပန်ပါတယ်မေမေ ....ရင်ထဲမှာ
တစ်ကယ်ကို မကောင်းပါဘူး..... တစ်ဘက်က မွေးမိခင် ၊ တစ်ဘက်က သမီးရင်နဲ့လွယ်မွေးထားရသည့် သမီးလေးကြွေပုတစ်ကယ်ကို
ဝေခွဲရခက်နေစေခဲ့ပါတယ် ။ နောက်ဆုံးတော့ အမေဆိုတဲ့ မိဘအတ္တရဲ့ လွန်ဆွဲတဲ့ဘက်ကို သမီးပါခဲ့ရတယ်....မေမေကိုရှိခိုးတောင်းပန်ပါတယ်နော်*
*သမီးလေးကြွေပု ၀မ်းနည်းမနေပါနဲ့ ကွယ်.....မေမေ သက်သာတယ် သားသမက်တစ်ယောက်လုံး အနားရှိနေပေးတာဘဲကွယ်....မိဘဆိုတာ
ဒီလိုဘဲလေ.....မေမေလဲ သမီးနေရာမှာဆို ဒီတိုင်းဘဲ ရွေးချယ်မိမှာပါ
မိခင်တစ်ယောက်ရဲ့ အနှိုင်းဆမဲ့ မေတ္တာတရားကို မေမေ နားလည်တယ် မြေးမလေးကို ဂရုစိုက်နော်
ကဲ မေမေ နားတော့မယ်.................*
ဖုန်းလေးကို ကိုင်ပြီး စိတ်လက်ပေါ့ပါးစွာ ကျေကျေနပ်နပ် ပြုံးလိုက်မိပါ၏ ။ စိတ်တွေကို ဖြေလျော့လွှင့်ပစ်လိုက်စဉ်မှာ ကျွန်မ အတွက် ပေါ့ပါးခြင်း
လက်ဆောင်တစ်ခုကိုပိုင်ဆိုင်ခွင့်ရရှိလိုက်သည် ။ တစ်နေ့ တစ်ချိန် မေမေနေရာကိုကြွေပုရောက်ခဲ့ရင်လည်း
မေမေလို စာနာနားလည်နိုင်အောင် ကြွေပု ကြိုတင်ပြင်ဆင်ထားပါ့မယ် မေမေ ။ ခုချိန်မှာလည်းမေမေ
အပြုံးမပျက် သမီးကို နားလည်ပေးခဲ့ ပြန်သည် ။ မေမေကို ကြွေပု အရမ်းချစ်သည် ။ မိခင်တိုင်းဟာ
သားသမီးတိုင်းအတွက်ထာဝရ အပြုံးမပျက်တဲ့အမေတွပါပဲ။ ဒီထက် အမေက ကြွေပုအတွက် ပြိုင်စံရှားသည့်မိခင်
တစ်ဦးပင် ။
ခိုင်လေး (ရွှေတောင် )